Thursday, July 5, 2012

နိုင်ငံအမည် Burma နှင့် Myanmar ဟူသော စကားလုံးများနောက်ကွယ်မှဥပဒေနှင့်နိုင်ငံရေးပြဿနာ အောင်ထူး (တရားရုံးချုပ်ရှေ့နေ)

0 comments

နိုင်ငံအမည် Burma နှင့် Myanmar ဟူသော စကားလုံးများနောက်ကွယ်မှ ဥပဒေနှင့်နိုင်ငံရေးပြဿနာ
အောင်ထူး (တရားရုံးချုပ်ရှေ့ နေ)
(ယူတာကဒီနေရာကပါ)http://www.facebook.com/ahtoo1

နိုင်ငံအမည် Burma နှင့် Myanmar ဟူသော အသုံးအနှုံးအပေါ်တွင် ရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ရှင်းလင်းချက်များကိုလေ့လာပြီးနောက် ယင်းစကားလုံးများနောက်ကွယ်မှ ဥပဒေနှင့်နိုင်ငံရေးပြသနာကို လူထုအများစဉ်းစားခွင့်ရစေရန် ဤဆောင်းပါးကိုရေးသားပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ခေါ်ဝေါ်လေ့ရှိကြသော အင်္ဂလန်နှင့်ပြင်သစ်နိုင်ငံတို့၏ အမည်များအားကိုးကားလျှက် နိုင်ငံအမည်အားအလျှဉ်းသင့်သလိုခေါ်ဝေါ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေးအခြေခံအရ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကိုကျင့်သုံးလျှက် မိမိနှစ်သက်သလိုခေါ်ဝေါ်ခြင်း စသည်များကို ရှင်းလင်းခဲ့ကြောင်းလေ့လာရသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နှင့်အင်္ဂလန်နိုင်ငံအမည်များကို မိမိတို့မြန်မာနိုင်ငံသားများက မိမိတို့နားလည်သလိုခေါ်ဝေါ်ကြပုံကို သာဓကပြုရှင်းလင်းသွားခဲ့သည်။ ဤသည်မှာ မမှားပါ။ သို့ရာတွင် ရွေးကောက်ပွဲကော်မရှင်ကထောက်ပြခြင်းမှာ နိုင်ငံအမည်ကို ယင်းနိုင်ငံ၏သက်ဆိုင်ရာနိုင်ငံသားတဦးက သုံးနှုံးမူအပေါ်ရည်ညွှန်းသည်ဟု နားလည်ပါသည်။ ရွေးကောက်ပွဲကော်မရှင်ဘက်ကထောက်ခံနေခြင်းမဟုတ်၊ ထောက်ခံစရာလည်း အကြောင်းမရှိပါ။ ဥပဒေစိုးမိုးရေးအခြေခံမှသာ တည့်တည့်သုံးသပ်ပါမည်။

မင်းတို့နိုင်ငံနံမည်ကို တရားဝင်ဘယ်လိုခေါ်သလဲ ဟူ၍ အင်္ဂလိပ်ဘာသာဖြင့်မေးလာလျှင် အင်္ဂလိပ်ဘာသာဖြင့်ပင် Burma လား Myanmar လား တခုခုကို အတိအကျပြောရပါတော့မည်။ ဤတွင် သက်ဆိုင်ရာနိုင်ငံ၏ဥပဒေအရ မည်သို့ပြဌာန်းထားသည်ဟူသောအချက်မှာ အကြုံးဝင်လာပါတော့သည်။ အင်္ဂလန်နိုင်ငံဟူ၍ မိမိတို့ခေါ်ဝေါ်လေ့ရှိကြသောနိုင်ငံ၏တရားဝင်အမည်မှာ United Kingdom ဖြစ်သဖြင့် အင်္ဂလန်နိုင်ငံသားတဦးက အင်္ဂလိပ်ဘာသာဖြင့် ပြန်ဖြေမည်ဆိုပါက United Kingdom ဟူ၍သာ ဖြေရပါမည်။ ပြင်သစ်ဘာသာဖြင့်မူ Royaume-Uni ဟူ၍ ခေါ်တွင်ကြောင်းဖြင့် နိုင်ငံအမည်များကို အင်္ဂလိပ်၊ ပြင်သစ်နှင့် ဒေသဆိုင်ရာအမည်များသုံးကာဖေါ်ပြထားသော website တခုတွင်တွေ့ရပါသည်။ ပြင်သစ်နိုင်ငံ၏တရားဝင်အမည်မှာ အင်္ဂလိပ်ဘာသာဖြင့်ရော၊ ပြင်သစ်ဘာသာဖြင့်ပါ France ဟူ၍ တွေ့ရပါသည်။ အသံထွက်ကွာခြားမူတော့ ရှိပါသည်။ ပြင်သစ်နိုင်ငံသားတဦးအား အခြားနိုင်ငံခြားသားတဦးဦးက မင်းတို့နိုင်ငံနံမည်ကိုတရားဝင်ဘယ်လိုခေါ်သလဲဟူ၍မေးမြန်းလာပါက France ဟှူု၍ပင်ဖြေရမည်ဟု နားလည်ပါသည်။ ဒီမိုကရေစီအခွင့်အရေးအရ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကိုကိုင်စွဲကာကိုယ့်နိုင်ငံ၏ တရားဝင်နံမည်ကို ကိုယ်နှစ်သက်သလိုပြောင်းလဲပြီးဖြေလို့မရနိုင်ဟု ယူဆပါသည်။

အဆိုပါ website တွင်ပင် မိမိတို့နိုင်ငံ၏အမည်ကို အင်္ဂလိပ်ဘာသာဖြင့် Burma ရော Myanmar ပါ နှစ်ခုလုံးဖေါ်ပြထားကြောင်းတွေ့ရသည်။ Burma ကို Barmine ဟူ၍ ပြင်သစ်ဘာသာဖြင့်ခေါ်ကြောင်း ဖေါ်ပြထားသည်။ Myanmar ကိုမူ Myanmar ဟူ၍ပင် ပြင်သစ်ဘာသာအောက်တွင် ဖေါ်ပြထားပြန်သည်။ သိ့ဖြစ်၍ နိုင်ငံတကာတွင် မိမိတို့နိုင်ငံအမည်ကို Burma လား Myanmar လား မရှင်းလင်းသေးကြောင်း ပေါ်လွင်သည်။ ဂျီနီဗာတွင်ကျင်းပခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတခုတွင် အမေရိကန်အစိုးရကိုယ်စားလှယ်က မိမိတို့နိုင်ငံအမည်ကို Burma ဟူ၍ သုံးနူံးသွားသောအခါ ဒေါက်တာထွန်းရှင်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က အားလုံးရှေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး Myanmar ဟူ၍သာသုံးစွဲရန် အထင်အရှားကန့်ကွက်သောအခါ အမေရိကန်အစိုးရကိုယ်စားလှယ် နှုတ်ဆိတ်သွားခဲ့သည်ကို မိမိကိုယ်တိုင်တွေ့ကြုံခဲ့ဘူးပါသည်။ နောင်တွင်ပရိသတ်ဗိုလ်ပုံအလယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဤအဖြစ်မျိုးနှင့်ကြုံမည်ကို စိုးရိမ်မိသည်။ သို့ဖြစ်၍ နိုင်ငံအမည် Burma လား Myanmar လား ဟူသည်ကို တခုခု အသေအချာကိုင်စွဲနိုင်ရန် ယခုအချိန်တွင် အပြတ်ရှင်းသင့်ပြီဟု ယူဆပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဤပြသနာကို အရင်းအမြစ်မှစပြီးမရှင်းလင်းလျှင် အပြစ်ရှာကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရပ်ဆိုင်းသည်အထိ အရေးယူခံရနိုင်ဘွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များ တည်ထောင်ထားသောလွှတ်တော်ဟူ၍ သတ်မှတ်ထားသူများအနေဖြင့်မူ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရပ်ဆိုင်းခံရခြင်းမှာ ဘာမှမပြောပလောက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှတ်တော်တက်ရောက်ရန်ဆုံးဖြတ်ထားပါလျှက် တက်ရောက်ခွင့်ကိုပိတ်ပင်ခံလိုက်ရသောအခါ တမျိုးအမြင်ခံရနိုင်ဘွယ်ရှိပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကမ္ဘာသိကျော်ကြားသောခေါင်းဆောင်တဦးဖြစ်သဖြင့်တကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ဆက်လက်တက်ရောက်ခွင့် ပြုထားလျှင် ၄င်းတို့လွှတ်တော်၏တရားဝင်မှုကို ဆက်လက်ခိုင်မာစေမည်ဖြစ်သဖြင့်တကြောင်း ဒေါ်အောင်ဆန်းစုကြည်တဦးတည်းအနေဖြင့် နိုင်ငံအမည်ကို အင်္ဂလိပ်ဘာသာဖြင့် Burma ဟူ၍ ဆက်လက်သုံးစွဲစေဦးတော့ စစ်ခေါင်းဆောင်များက ယင်းသို့ ပိတ်ပင်ကောင်းမှလည်း ပိတ်ပင်ပါမည်။

ပို၍ အရေးကြီးသောအချက်မှာ မင်းတို့နိုင်ငံနံမည်ကိုတရားဝင်ဘယ်လိုခေါ်သလဲဟူ၍ နိုင်ငံခြားသားတဦးက မိမိတို့နိုင်ငံသားတဦးအား တိတိကျကျမေးလာလျှင် ဒီမိုကရေစီအခွင့်အရေးအရ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကိုကိုင်စွဲလျှက် မိမိနှစ်သက်သလိုဖြေမည်ဆိုလျှင် သင့်တော်ပါ့မလား စဉ်းစားဘွယ်ရှိပါသည်။ ဥပဒေကြောင်းအရဖြေလျှင် အဖြေနှစ်မျိုးရှိနိုင်ပါမည်။ ပထမ တမျိုးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆက်စပ်ဖြေဆိုခြင်းဖြစ်သည်။ ဤတွင် ဖြေကြားသူမှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့အရလက်ခံခြင်းမခံခြင်းနှင့် စပ်ဆိုင်သည်။ လက်ခံပါက နိုင်ငံအမည်ကို Myanmar ဟုသာ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ဒုတိယတမျိုးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြတ်ပြတ်သားသားဆန့်ကျင်သွားလိုပါက(၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ နိုင်ငံအမည်ကို Myanmar လို့ဆိုထားပါရဲ့။ ဒါပေမယ့် တရားဝင်ရထားခဲ့တဲ့ Burma ဆိုတဲ့နိုင်ငံအမည်ကို Myanmar လို ပြောင်းရာမှာ နိုင်ငံသားတွေရဲ့သဘောဆန္ဒကိုမယူခဲ့ဘဲ ပြောင်းခဲ့တာကြောင့် အသိအမှတ်မပြုနိုင်ဘူး။ မိမိအနေနဲ့တော့ Burma ကိုဘဲ လက်ခံတယ်။ Burma လို့ဘဲဆက် လက်ခေါ်ဝေါ်သုံးစွဲပါတယ်) ဟူ၍ ဖြေကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ကမ္ဘာသိကျော်ကြားသောခေါင်းဆောင်တဦးဖြစ်သဖြင့် စစ်အာဏာရှင်များက လက်တွေ့အရထိထိရောက်ရောက်အရေးယူရန် ခက်ခဲကောင်း ခက်ခဲမည်ဖြစ်သော်လည်း အခြားသာမန် နိုင်ငံသားများအနေဖြင့်မေးမြန်းခံရလျှင် Burma ဟူ၍ဖြေကြားပါက မည်သို့ဖြစ်မည်နည်းဟု စိုးရိမ်ဘွယ်ရှိပါသည်။ သို့ဖြစ်၍ နိုင်ငံသားအားလုံး၏အကျိုးအတွက် နိုင်ငံအမည်နှင့်စပ်လျှဉ်း၍ မည်သို့သဘောထား ကိုင်တွယ်လုပ်ဆောင်သွားသင့်ကြောင်း အသေအချာလေ့လာစဉ်းစား ဆောင်ရွက်သင့်သည့်အချိန်ရောက်ပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရည်ညွှန်းစရာမလိုဘဲ ဥပဒေကြောင်းအရ ဒုတိယအဖြေတမျိုးကို သမိုင်းကြောင်းနောက်ခံနှင့် စဉ်းစားသင့်ပါသည်။

သမိုင်းတွင် မြစေတီကျောက်စာ၌ စတင်ဖေါ်ပြထားခြင်းခံရသဖြင့် မြန်မာဟူသည်မှာ လူမျိုးကိုရည်ညွှန်း၍ မြန်မာစာမှာ အဆိုပါလူမျိုးကသုံးစွဲသောစာဖြစ်ကြောင်း မည်သူကမျှအငြင်းမပွားကြပါ။ ကြေးညိုရောင် အဆင်းရှိ၍ မြန်လည်းမြန်၊ မာလည်းမာသောလူမျိုးကို မြန်မာဟုခေါ်ကြောင်းဖွင့်ဆိုသည်ကို မှတ်သားမိဖူးပါသည်။ မြန်မာသည် အခြားတိုင်းရင်းသားများဖြစ်သော ကရင်၊ မွန်၊ ရှမ်း၊ စသူတို့နှင့် သီးခြားစီဖြစ်သော လူမျိုးတမျိုးဟူသည်မှာ အထင်အရှားပင်။

သမိုင်းတွင် အင်္ဂလိပ်ခေတ်မှစတင်ကာ Burma ဟူသောအမည်အား လူမျိုးကိုမရည်ညွှန်းဘဲ ပထ၀ီကို အခြေခံကာ တိုင်းပြည်နှင့်ယှဉ်တွဲ၍ ဥပဒေနှင့်အညီသုံးစွဲခဲ့ကြောင်းတွေ့ရသည်။ Burma Code အတွဲ() ၁၈၉၈ ခုနှစ်တွင်ပြဌာန်းသော အထွေထွေစကားရပ်များဥပဒေ The Burma General Clauses Act ပုဒ်မ () အပုဒ် () တွင် အောက်ပါအတိုင်းဖေါ်ပြထားသည်။

Burma includes all territories which were immediately before the commencement of the Government of Burma Act, 1935, comprised in India, being territories lying to the east of Bengal, the State of Manipur and Assam and any tribal territories connected with Assam.

တို့ဗမာအစည်းအရုံးခေတ်တွင် လွတ်လပ်ရေးကြိုးပမ်းရာ၌ မြန်မာလူမျိုးသာမက အခြားတိုင်းရင်းသား လူမျိုးများပါ ပါစေခြင်သောကြောင့် ဗမာဟူ၍သုံးနှုံးခဲ့ကြောင်းရှင်းလင်းချက်ကိုလေ့လာလျှင် ဗမာသည် နိုင်ငံအမည် Burma နှင့်ဆက်စပ်နေကြောင်း စဉ်းစားနိုင်သည်။ လွတ်လပ်ရေးရခဲ့သည့်အချိန်တွင်လည်း နိုင်ငံ၏အင်္ဂလိပ်ဘာသာအမည်မှာ Burma သာဖြစ်ခဲ့သည်။ အင်္ဂလိပ်ခေတ်ကထဲက စတင်ပြဌာန်းအသုံးပြုခဲ့ပြီး ယခုအချိန်အထိ တည်ဆဲဥပဒေမြောက်များလှစွာပါရှိသော Burma Code သည် အတွဲ() မှ (၁၂) အထိရှိသည်။ ၄င်းတွင် Burma အားနိုင်ငံအမည်နှင့်ယှဉ်တွဲထားသည့်ဥပဒေပေါင်း အမြောက်အများတရားဝင်တည်ရှိဆဲဖြစ်သည်။ Burma Code အား Myanmar Code ဟူ၍ပြောင်းလဲခေါ်ဝေါ်ခြင်းမရှိသေးသလို Burma နိုင်ငံအမည်နှင့်ယှဉ်တွဲ၍ ခေါ်ဝေါ်သုံးစွဲထားသောဥပဒေများကိုလည်း ဘယ်တုံးကမျှ ပြောင်းလဲခဲ့သေးခြင်းမရှိ။ သို့ဖြစ်၍ ဥပဒေပါစကားလုံးအသုံးအနူံးတခုကို ဒေါ်အောင်ဆန်းစုကြည်သုံးစွဲသည်ဖြစ်စေ၊ မည်သူတဦးတယောက်သုံးစွဲသည်ဖြစ်စေ ဥပဒေနှင့်ဆန့်ကျင်နေပါသည်ဟူ၍ မည်သို့ပြောနိုင်ပါအံ့နည်း။

နိုင်ငံအမညနှင့်စပ်လျှဉ်း၍ Burma နှင့် Myanmar ဝေါဟာရပြသနာကို ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမှချည်းကပ်ရန်အရေးအကြီးဆုံးဟု ယူဆပါသည်။ မြန်မာသည် လူမျိုးကိုသာရည်ညွှန်းကြောင်း အထက်၌ဆိုခဲ့ပြီ။ သို့ဖြစ်၍ မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသား လူမျိုးပေါင်းမြောက်များစွာပါဝင်ဖွဲ့စည်းထားသည့်ပြည်ထောင်စုကြီးတွင် လူမျိုးကြီးတမျိုး၏အမည်ကိုသာ နိုင်ငံအမည်တွင် ဇွတ်အတင်းသုံးစွဲလျှင် အခြားမြန်မာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် ဤပြည်ထောင်စုကြီးကို ၄င်းတို့ပိုင်ဆိုင်ပါသည်ဟူ၍ခံစားရခက်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက အကြိမ်ပေါင်းများစွာထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

၁၉၈၉-၁၉၉၄ ခုနှစ်များတ၀ိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းများ အဓိကကြီးစိုးခဲ့သည့်မာနယ်ပလောလွတ်မြောက်နယ်မြေ (ကရင်ပြည်နယ်) ပြည်ထောင်စုနိုင်ငံ၏အမည်ကို မည်သည့်လူမျိုးတမျိုးမျိုးနှင့်ဆက်စပ်သည့်အမည်ကိုမျှအသုံးမပြုဘဲ အမည်သစ်တခုရှာဖွေရွေးချယ်အသုံးပြုရန် လူပ်ရှားမူတခုရှိခဲ့ဘူးပါသည်။

စင်စစ်အားဖြင့်မူ သမိုင်းကြောင်းအရ ရရှိလာခဲ့သော အင်္ဂလိပ်ဘာသာဖြင့် Burma အမည်ကို တို့ဗမာအစည်းအရုံးခေတ်ကရှင်းလင်းချက်အားလက်ခံပြီး ဗမာနိုင်ငံဟူ၍ မြန်မာဘာသာပြန်ဆိုခဲ့ပါက နိုင်ငံအမည်နှင့်လူမျိုးအမည်ကို တစုံတရာခွဲ၍ ရနိုင်စရာအကြောင်းရှိခဲ့ပါသည်။ ယင်းသိုမဟုတ်ဘဲ အင်္ဂလိပ်ဘာသာဖြင့် Burma မြန်မာဘာသာဖြင့် မြန်မာနိုင်ငံဟူ၍သုံးစွဲလာခဲ့သောအခါ ဤနှစ်ခုလုံးမှာ အတူတူသဖွယ်ဖြစ်လာခဲ့သည်။ မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများက အတူတူပါဘဲကွာဟု ထင်မြင်လာခဲ့ကြသည်။ နအဖ စစ်အစိုးရခေတ်တွင် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်Burma ကိုပါ Myanmar သို့ဇွတ်အတင်းပြောင်းခဲ့ရုံသာမက ယင်းကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းပြီး မသုံးမနေရ ဖိအားပေးလာခဲ့သည်။ ယင်းသို့ပြုခြင်းမှာ ပြည်ထောင်စုအသွင်လက္ခဏာကိုကိုယ်စားပြုသည့်နိုင်ငံအမည်ပျောက်ဆုံးစေခြင်းဖြစ်သည်။ လူမျိုးတမျိုး၏နိုင်ငံတော်တခုအဖြစ် အတင်းအကြပ်လုံးဝသွတ်သွင်းလိုက်ခြင်းဖြစ်သည်။ နိုင်ငံရေးအရ မလုပ်ကောင်းသောအရာပင်။ ဤသည်ကို နိုင်ငံရေးအရရော ဥပဒေအရပါ တပြိုင်တည်းရှင်းမှသာ ရနိုင်ဘွယ်ရှိပါသည်။ သို့မှသာ ရေရှည်ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါမည်။

လောလောဆယ်တွင်မူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဥပဒေစိုးမိုးရေးဆိတ်သုဉ်းခဲ့ပြီဟု သုံးသပ်ရမှာဖြစ်သည်။ စစ်အာဏာရှင်များက နိုင်ငံအမည်ကို Myanmar ဟု သုံးစွဲခြင်းအပါအ၀င် ပြည်သူလူထုအများစုကြီးလက်မခံသောပြဌာန်းချက်ပေါင်းများစွာကိုစုစည်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ဖန်တည်းလိုက်သောကြောင့်ဖြစ်သည်။ ထို့အပြင် "ဥပဒေစိုးမိုးရေးကို ခင်ဗျားတို့ တောင်းဆိုနေကြတယ်မဟုတ်လား၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဌာန်းချက်တွေကို လိုက်နာရမှာပေါ့" ဟူ၍ ယူနီဖေါင်းဝတ်၊ ယူနီဖေါင်းချွတ်စစ်ခေါင်းဆောင်များက အတင်းအကြပ်ပြုလာခဲ့ပြီ။ ဥပဒေစိုးမိုးရေး၏အခြေခံသဘောကို ရှင်းရှင်းလင်းလင်းလေ့လာခွင့်မရကြသော ပြည်သူလူထုအများစုကြီးမှာ ကြာလာသောအခါတွင် ဥပဒေစိုးမိုးရေးဟူသည်ကိုပင် ရွံမုန်းလာတော့မည့်အနေအထားဖြစ်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ ပြည်သူလူထု၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပြီး အစိုးရ၏လုပ်ပိုင်ခွင့်များကို ကန့်သတ်ရသည့်သဘောရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသည့် အခွင့်အရေးများကိုရည်ညွှန်းကာ ပြည်သူလူထုက မိမိတို့၏ရပိုင်ခွင့်များတိုးတက်ရရှိအောင် လူပ်ရှားဆောင်ရွက်ကြရစမြဲသာဖြစ်သည်။ ယခုမူပြောင်းပြန်ဖြစ်နေသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏အခွင့်အရေးများကို ကြီးမားစွာကန့်သတ်ပြဌာန်းထားသည့်အပြင် အာဏာပိုင်များက ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖိနှိပ်ရေးကိရိယာသဘွယ်အသုံးချလာနေကြကြောင်းတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာကျော်ခေါင်းဆောင်သည်ပင်လျှင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေပြုလျှက် ပြဿနာအရှာခံရလျှင် သာမန်နိုင်ငံသားများအတွက် အဘယ်မှာ ဆိုဘွယ်ရှိပါတော့အံ့နည်း။ ဦးဥာဏ်ဝင်းကဲ့သို့နိုင်ငံကျော်ရှေ့နေကြီးတဦးဖြစ်ရုံသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ကြီး တဦးက ရွေးကောက်ပွဲမသမာမူအပေါ် တိုင်တန်းသည်ကိုပင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအရ တည်ဆောက်ထားသောအာဏာပိုင်အဖွဲ့အစည်းတခု၏ တရားစွဲအရေးယူမူခံရလျှင် အခြားသာမန်နိုင်ငံသားတဦးသည် ရွေးကောက်ပွဲမသမာမူများကို မည်ကဲ့သို့ ဖေါ်ထုတ်ရဲပါတော့အံ့နည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် စစ်မှန်သောဥပဒေစိုးမိုးမူကိုအခြေခံသည့် တိုင်းပြည်တည်ငြိမ်မူ၊ ငြိမ်းချမ်းမူ၊ တိုးတက်ဖွံ့ဖြိုးမူ ရနိုင်စရာအကြောင်းမရှိပါ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ကြောရိုးများကိုပြင်ရန် ၂၀၁၅ ခုနှစ်အထိစောင့်နေလျှင် စစ်အာဏာရှင်စနစ်သာ ရေရှည် ခိုင်သွားဘွယ်ရှိပါသည်။ နိုင်ငံတကာဖိအား၊ ပြည်တွင်းလူထု၏လူပ်ရှားမူများဖြင့် အမြန်ဆုံးပြင်ရန် ကြိုးပမ်းဘို့လိုပါမည်။ သို့မဟုတ်ပါက ၄င်းကို 
လုံးဝဖျက်သိမ်းကာ ပြည်သူလူထုအများ၏ နိုင်ငံသားလွတ်လပ်မူအခွင့်အရေး၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအား အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ်ပေါ်ပေါက်လာမှသာ အရင်းခံပြသနာများကိုဖြေရှင်းနိုင်မည်ဟု တင်ပြလိုက်ပါသည်။

အောင်ထူး (တရားရုံးချုပ်ရှေ့နေ) နေစွဲ။ ဇူလိုင်လ () ရက် ၂၀၁၂ ခုနှစ်

0 comments:

Post a Comment