မာ့က်စ်ဝါဒဘာကြောင့်ပြန်လည်စခန်းထလာသလဲ(မောင်မောင်သန်း မြန်မာပြန်သည်) Why Marxism is on the rise again (Stuart Jeffries)
(ကိုသောင်းပုလဲမြေစာမျက်နှာမှ)
အရင်းရှင်စနစ်သည် ကမ္ဘာတ၀ှမ်းမှာ ကပ်ဆိုက်နေချေသည်။ (ဘယ်သောင်ဘယ်ကမ်းသို့ တက်လှမ်းရမည်ပ။ ၁၉ ရာစုနှစ် ဂျာမန်အတွေးအခေါ်ရှင်ကြီးတစ်ဦး၏ တွေးခေါ်မှုများကကော။ မှန်ပါသည်။ ကားလ်မာ့က်စ်ကို အလေးထားကြတော့မည်။ လက်ရှိ စီးပွားပျက်ကပ်သည် ဘယ်သောင်ဘယ်ကမ်းမှာဆိုက်မည်ကို ဘုရားသခင်သာသိတော်မူလိမ့်မည်တည်း။
လူတန်းစားပဋိပက္ခသည် တချိန်သောအခါက အလွန်သိသာမြင်သာခဲ့ပုံ ပေါ်ခဲ့သည်။ ခေတ်အဆက်ဆက် ဒုတိယရောင်းအကောင်းဆုံးစာအုပ်ဖြစ်နေသော ကွန်မြူနစ်ကြေငြာစာတမ်း၌ “ထို့ကြောင့်ပင် ဓနရှင်လူတန်းစားသည် အဓိကအားဖြင့် မိမိအတွက်သေတွင်းတူးပေးမည့်သူများကို မွေးထုတ်ပေးလိုက်သည်။ ၄င်း၏ကျဆုံးမှုနှင့် ပစ္စည်းမဲ့လူတန်းစား၏အောင်ပွဲသည် မုချမသွေဖြစ်ချေသည်” ဟု မာ့က်စ်နှင့်အိန်ဂယ်တို့က ရေးသားခဲ့သည်။ (ပထမရောင်းအကောင်းဆုံးစာအုပ်သည် သမ္မာကျမ်းစာအုပ်ဖြစ်သည်)
သေတွင်းတူးပေးမည့်သူများအကြောင်းကို မာ့က်စ်နှင့်အိန်ဂျယ်တို့ရေးသားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း (၁၆၄) နှစ်အကြာ ယနေ့ခေတ်တွင် တကယ့်ဖြစ်ရပ်မှန်က လုံးဝဆန့်ကျင်ဘက်နီးပါးဖြစ်နေသည်။ ပစ္စည်းမဲ့လူတန်းစားသည် အရင်းရှင်လူတန်းစားကို မြေမြှုပ်သဂြိုဟ်ပစ်ဖို့ နေနေသာသာ။ ဘ၀ရပ်တည်ရေးအတွက် အားထားနေရလျက်ရှိသည်။ သမိုင်းမှာ အကြီးမားဆုံးသောတော်လှန်ရေးကြီး (တရုတ်တော်လှန်ရေး) ကြောင့် လွတ်မြောက်လာခဲ့ပြီး၊ မတန်တဆလည်း အလုပ်လုပ်ရ၊ လုပ်ခလည်း တူတူတန်တန်မရသော အလုပ်သမားများသည် iPads နှင့်မွေ့နေသော အနောက်တိုင်းသားများကို သေလုမတတ် အားကျနေကြသည်။ တရုတ်ပြည်၏အရင်းအနှီးသာမရှိလျှင် အမေရိကသည် စီးပွားရေး ချွတ်ခြုံ ကျသွားလောက်သည်။
ဤအမြီးအမောက်မတည့်မှုသည် ရှေ့တန်းရောက် မာ့က်စ်ဝါဒီကြီးများအဖို့ မျက်နှာပျက်စရာကိစ္စ မဟုတ်ချေ။ “အရင်းရှင်စနစ်ရဲ့ ကမ္ဘာလုံးအနှံ့လွှမ်းမိုးမှုဟာ နယ်မြေမရွေးတဲ့ အရင်းရှင်စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်အားကိုဈေးပေါပေါနဲ့ ပေးပြီး၊ အလုပ်သမားတွေရဲ့လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းခွင့်ကိုပိတ်ပင်ထားတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီလိုပါတီမျိုးအပေါ်မှာ တည်နေပါတယ်။ ဒီနေ့လို မတော်မတရားတာတွေ မရှိတော့ဘဲ၊ တရားမျှတမှုပိုရှိလာမယ့်လောကတခုကို မျှော်လင့်လို့ရနိုင်ပါတယ်” ဟု ပြင်သစ် မာ့က်စ်ဝါဒီ တွေးခေါ်ရှင်တဦးလည်းဖြစ်၊ ပဲရစ်တက္ကသိုလ် (VIII) ၏ အဘိဓမ္မာဘာသာရပ် (Philosophy) ပါမောက္ခလည်းဖြစ်သူ ဇတ်ရန်းဆာရဲ (Jacques Rancière) က ဆိုပါသည်။
ဤမျှော်လင့်ချက်ကြောင့်ပင် စီးပွားရေး ကပ်ဘေးသင့်နေသော ကျွန်ုပ်တို့ခေတ်၏ မှန်သလား၊ မှားသလားမသိနိုင်သော နောက်ထပ်အချက်တချက် (မာ့က်စ်နှင့် မာ့က်စ်ဝါဒအတွေးအခေါ်ကို ပြန်လည် စိတ်ဝင်စားလာကြခြင်း) ဖြစ်ပွားနေသည်လား မဆိုနိုင်ပေ။ မာ့က်စ်၏ အကောင်းဆုံး နိုင်ငံရေးဘောဂဗေဒကျမ်းဖြစ်သော အရင်းကျမ်း(Das Kapital) နှင့် နိုင်ငံရေးဘောဂဗေဒဝေဖန်ချက် (Outlines of the Critique of Political Economy) စာအုပ်များသည် ကွန်မြူနစ်ကြေငြာစာတမ်း ကဲ့သို့ပင် (၂၀၀၈) ခုနှစ်က စ၍ ရောင်းကောင်းလာခဲ့သည်။ ဗြိတိသျှအလုပ်သမားများက ယိုယွင်းနေသော ဘဏ်စနစ်ကို ဆက်လက်စခန်းသွားနိုင်အောင်နှင့် လူချမ်းသာများအသက်ရှူပေါက်ရအောင် ကယ်တင် ပေးပြီး၊ ကျန်သူ ကျွန်ုပ်တို့အဖို့ ကြွေးပတ်လည်ဝိုင်းခြင်း (သို့မဟုတ်) အလုပ်အကိုင် မသေချာမရေရာခြင်း (သို့မဟုတ်) သည့်ထက်ပင်ဆိုးသောအခြေအနေများနှင့် ရင်ဆိုင်ရခြင်းတို့ကြောင့် အကျပ်တွေ့နေချိန်မှာ ဤ စာအုပ်များ ရောင်းကောင်းလာခဲ့ခြင်းဖြစ်သည်။ ဟီနီယန်းဆိုသူ တရုတ် ပြဇာတ်ဒါရိုက်တာတယောက်က အရင်းကျမ်းတခေတ်ဆန်းလာခြင်းကို အကြောင်းပြု၍ “အားလုံး ဆိုကြ၊ အားလုံး ကကြခြင်း” ဟူသော ပြဇာတ်တပုဒ်ကို ရေးထုတ်ခဲ့သည်။
သားသားနားနား မုတ်ဆိတ်မွေးနှင့်ဖြစ်သူ တော်လှန်ရေးသဘောတရားဆရာကြီး ကားလ်မာ့က်စ် ပြန်လည် စန်းထလာသည်လား မဆိုနိုင်။ အသစ်ထုတ်မည့် မာစတာကဒ် (MasterCard) ပေါ်မှာ ရုပ်ပုံဖေါ်ပြရန် ပဏမ ရွေးချယ်ခံထားရသူ (၁၀) ဦးအနက် သူ့ကို မကြာသေးမီကပင် ချင်းမစ်မြို့၊ စပါ့ကစီ (Sparkasse) ဂျာမန်ဘဏ်၏ဖေါက်သည်များက ရွေးချယ်ခဲ့သည်။ (၁၉၅၃) ခုနှစ်မှ (၁၉၉၀) ခုနှစ်အတွင်းကာလ၊ ကွန်မြူနစ် အရှေ့ဂျာမဏီတွင် ချင်းမစ်မြို့ကို ကားလ်မာ့က်စ်မြို့ဟု ခေါ်ခဲ့ကြသည်။ ဘာလင်တံတိုင်ဖြိုချခံပြီးနောက်ပိုင်း ဆယ်စုနှစ် နှစ်စုကျော်ကာလမှာကား ယခင် အရှေ့ဂျာမဏီက ၄င်း၏ မာ့က်စ်နှင့်ပတ်သက်ခဲ့သောအတိတ်ကို အမွှန်းတင်ခဲ့ခြင်းမရှိခဲ့သည်မှာ ရှင်းနေပါသည်။ (၂၀၀၈) ခုနှစ်က အရှေ့ဂျာမဏီတွင်ကောက်ယူခဲ့သော စစ်တမ်းလေ့လာချက်မှာ လူဦးရေ ၅၂% က လွတ်လပ်သောဈေးကွက်စီးပွားရေးသည် “မသင့်တော်ကြောင်း” နှင့် ၄၃% က ဆိုရှယ်လစ်စနစ်ကို ပြန်လိုချင်ကြောင်းဖေါ်ပြကြသည်ဟု ရိုက်တာသတင်းဌာန၏ သတင်းများ အရ သိရသည်။
ကားလ်မာ့က်စ်ကွယ်လွန်သွားပြီး၊ သူ့ကို ဟိုင်းဂိတ်သင်းချိုင်းမှာ မြှုပ်နှံထားခဲ့သည်ဟု ဆိုနိုင်မည်လား မသိသော်လည်း ချေးငွေတောင့်တနေကြသောဂျာမန်တို့အကြားတွင် သူ အသက်ဆက်ရှင်၊ ကျန်းမာလျက် ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဂျာမန်များ အကြွေးထဲနစ်သည်ထက်နစ်သွားအောင် အကြွေးကဒ်မှာ သူ့ရုပ်ပုံဖေါ်ပြခြင်းခံရသည့် အမြီးအမောက်မတည့်မှုကို မာ့က်စ်တယောက် အလိုကျပါမည်လား။ သင်တို့သာ စဉ်းစားကြည့်ပေရော့။
ယခုသီတင်းပတ် လန်ဒန်မှာ ဆိုရှယ်လစ်အလုပ်သမားပါတီက ကျင်းပမည့် (၅) ရက်တာ “မာ့က်စ်ဝါဒ ၂၀၁၂” (Marxism 2012) ပွဲတော်သို့ လူ ထောင်ပေါင်းများစွာ တက်ရောက်ကြလိမ့်မည်။ ဤပွဲတော်သည် နှစ်စဉ် ကျင်းပမြဲပွဲတော်ဖြစ်ပါ၏။ သို့ရာတွင် ပွဲတော်ကိုဦးစီးကျင်းပသူ ဂျိုးဆက်ချွန်းနာရာ (Joseph Choonara) အဖို့ အံ့သြရသည်ကား ခုတလောနှစ်များအတွင်း ပွဲတော်လာပရိသတ်ထဲမှာ လူငယ်များ ပို၍ပို၍များလာခြင်း ပင်ဖြစ်သည်။ “မာ့က်စ်ဝါဒကို (အထူးသဖြင့် လူငယ်တွေ) စိတ်ဝင်စားမှု ပြန်လည်ပေါ်လာနေတယ်။ ဒါ ဘာကြောင့်လည်းဆိုတော့ အရင်းရှင်စနစ်နဲ့၊ အထူးသဖြင့် ခု ကျနော်တို့ကြုံတွေ့နေရတဲ့ အရင်းရှင်စနစ်ကပ် မျိုးတွေကို ပိုင်းခြားသုံးသပ်နိုင်ရေးအတွက် မာ့က်စ်ဝါဒက နည်းပေးလမ်းပြ ပြုထားလို့ပဲဖြစ်ပါတယ်” ဟု သူက ဆိုပါသည်။
မာ့က်စ်ဝါဒ၏အရေးပါမှုနှင့်ပတ်သက်၍ ဟစ်ကြွေးထားသော စာအုပ်စာတမ်းများ အလျှံပယ်ရှိနေခဲ့သည်။ လွန်ခဲ့သောနှစ်မှာ အင်္ဂလိပ်စာပေပါမောက္ခ တဲရီအီဂယ်တန်(Terry Eagleton)က “မာ့က်စ် ဘာကြောင့် မှန်ကန်သလဲ” (Why Marx Was Right) အမည်ရှိစာအုပ်ကို ထုတ်ဝေခဲ့သည်။ ပြင်သစ် မော်ဝါဒီ အတွေး အခေါ်ရှင် အလိန်းဘက်ဒယူးကလည်း အဖုံးမှာ ကြယ်နီတပွင့် (အလွန် “မော်” ဆန်လှပြီး၊ ယခုကာလနှင့် အလွန်ကိုက်ညီ လိုက်ဖက်သည်) ဟုပါသော “ကွန်မြူနစ်အမြင်” (The Communist Hypothesis) ဟူသောစာအုပ်ကို ထုတ်ဝေခဲ့သည်။ ဤစာအုပ်ထဲ၌ စာရေးသူက ကွန်မြူနစ်ဝါဒီများအား ကွန်မြူနစ်ဝါဒ တတိယခေတ်ကို ရှေ့ဆောင်ရန် စည်းရုံးလှုံ့ဆော်ထားသည်။ (လွန်လေပြီးသော ခေတ် နှစ်ခေတ်ကား ၁၇၉၂ ခုနှစ် ပြင်သစ်သမ္မတနိုင်ငံတည်ထောင်ခြင်းမှ ၁၈၇၁ ခုနှစ် ပဲရစ်ကွန်မြူးန်းအဖွဲ့ဝင်များ အစုလိုပ်အပြုံလိုက် အသတ်ခံရမှုအထိ တခေတ်နှင့် ၁၉၁၇ ခုနှစ်မှ မော်၏ ယဉ်ကျေးမှုတော်လှန်ရေးပြိုကွဲခဲ့သော ၁၉၇၆ ခုနှစ် အထိ တခေတ် ဖြစ်သည်)။ ဤစာအုပ်များအားလုံးသည် မှိုင်းတိုက်ခြင်းပေလား။
လက်ယက်ကန်းက အက်ပယ် (Apple) ကုမ္ပဏီ၏ မွမ်းမံတီထွင်မှုကို အထောက်အကူပြုပေးသည့်နည်းတူ မာ့က်စ်၏ တန်ဖိုးထားလေးစားဖွယ် အယူအဆများကကော ကျွန်ုပ်တို့အဖို့ အသုံးမ၀င်ပေဘူးလား။ ဆိုရှယ်လစ်တော်လှန်ရေးနှင့် ကွန်မြူနစ်လူ့ဘောင်တို့ကကော (၂၀၁၂) ခုနှစ်မှာ အရေးပါအရာမရောက် ပေဘူးလား။ ဓနရှင်လူတန်းစားသည် မိမိအတွက် သေတွင်းတူးပေးမည့်သူများကို မွေးထုတ်ပေးခဲ့သည်မဟုတ်ဟု ကျနော်က ရန်းဆာရဲ (Rancière) ကို ပြောစမ်းကြည့်မိပါသည်။ ရန်းဆာရဲက ငြိမ်ခံ မနေချေ။ “ဓနရှင်လူတန်းစားဟာ သူ့ရဲ ကပ်ဘေးသင့်မှုအတွက် သွေးစုပ်ခံလူတန်းစားတွေကို ဘယ်လို ပေးဆပ်စေရမလဲ၊ သူတို့ရဲ့ရန်သူရှေ့မှာ ဘယ်လို ဒူးထောက်စေရမလဲဆိုတာနဲ့ပတ်သက်လို့ ကျွမ်းနေပြီးပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ သမိုင်းလိုအပ်ချက်ဆိုတဲ့အယူအဆကို ပြောင်းပြန်လှန်ပစ်လို့ မဖြစ်ဘူး။ လက်ရှိ အခြေအနေဟာ အစဉ်ထာဝရမပြောင်းလဲနိုင်တဲ့အခြေအနေအဖြစ် ကောက်ချက်ချလို့ မဖြစ်ဘူးလေ။ အရှေ့ဖျားဒေသက တရားလွန်တရားမဲ့ သွေးစုပ်ခံနေရတဲ့ စက်ရုံအလုပ်သမားတွေလိုမျိုး ဘ၀ရပ်တည်ရေး မရေမရာဖြစ်နေကြတဲ့အလုပ်သမားတွေအဖြစ် သေတွင်းတူးသူဟာ ရှိမြဲ ရှိနေဆဲပဲဖြစ်တယ်။ ဒီကနေ့ လူထုလှုပ်ရှားမှုတွေ (ဂရိနိုင်ငံရဲ့လှုပ်ရှားမှုတွေပဲဖြစ်ဖြစ်၊ တခြားတိုင်းပြည်တွေက လှုပ်ရှားမှုတွေပဲဖြစ်ဖြစ်) ကလည်း ပြည်သူလူထုအပေါ် အစိုးရနဲ့ဘဏ်သူဌေးကြီးတွေရဲ့အကျပ်အတည်းတွေ ပုံချတာကို သည်းမခံ တော့ကြောင်း ညွှန်ပြနေပါတယ်။”
ဤကား seventy something မာ့က်စ်ဝါဒီ ပါမောက္ခတဦး၏ အမြင်ဖြစ်သည်။ မာ့က်စ်ဝါဒီစိတ်ဓါတ်ရှိသူ လူငယ်များကကော အဘယ်သို့ ရှိပါသနည်း။ လန်ဒန်၊ ဂိုးလ်စမစ် ကောလိပ်မှ အသက် (၂၂) နှစ် အရွယ်၊ အင်္ဂလိပ်ဘာသာနှင့် ပြဇာတ်ဘာသာရပ်ကျောင်းသူ ဂျတ်စ် ၀င်ဒါ ဘလက်ဝဲလ်-ပက်လ်ကို ကျနော် မေးကြည့်မိပါသည်။ သူမသည် အင်္ဂလိပ်ဘာသာနှင့်ပြဇာတ်ဘာသာရပ် ၀ိဇ္ဇာဘွဲ့သင်တန်းပြီးရုံ ရှိသေးသည်။ မာ့က်စ်ဝါဒအတွေးအခေါ်သည် အရေးပါအရာရောက်နေပါသေးသလားဟု ကျနော်မေးကြည့်ရာ သူမက ဤသို့ ဖြေပါသည်။ “အရေးကြီးတဲ့အချက်ကတော့ လူငယ်တွေဟာ သက်ချာ(ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ) အာဏာရှိတဲ့ခေတ်၊ မာ့က်စ်ဝါဒက ဆိုဗီယက်ယူနီယံနဲ့ပတ်သက်ခဲ့တဲ့ခေတ်တွေကို မသိ၊ မမီခဲ့ဘူးဆိုတာပဲ ဖြစ်ပါတယ်။ မာ့က်စ်ဝါဒဟာ ကျမတို့ ခု ဖြတ်သန်းနေရတဲ့ဘ၀ကိုနားလည်စေတဲ့ နည်းလမ်း တရပ်ဖြစ်တယ်ဆိုတာကို ကျမတို့ လူငယ်တွေက ပိုနားလည်တတ်ပါတယ်။ အီဂျစ်မှာဖြစ်ပွားနေတာတွေကို စဉ်းစားကြည့်ပါ။ အဲဒီလှုပ်ရှားမှုက အရိုးစွဲအမြင်တွေ အတော်များများ (မူဆလင်ကမ္ဘာမှာ ဒီမိုကရေစီဆိုတာ ဟာ ပြည်သူလူထုတိုက်ယူစရာကိစ္စမဟုတ်ဘူးဆိုတဲ့ ယူဆချက်မျိုးပေါ့) ကို ကြေပြုန်းသွားစေခဲ့ပါတယ်။ ဒီ လှုပ်ရှားမှုက တော်လှန်ရေးဆိုတာဖြစ်ရပ်တခု မဟုတ်ဘူး၊ ဖြစ်စဉ်တရပ်ဖြစ်တယ် ဆိုတဲ့အမြင်ကို ပေးခဲ့ပါ တယ်။ ဒီလှုပ်ရှားမှုဆီကနေ ကျမတို့ရလိုက်တဲ့သင်ခန်းစာကတော့ စည်းရုံးဖွဲ့စည်းမှုရဲ့အရေးပါမှုပါပဲ။”
သူမ၏ပြောပြချက်သည် အနောက်တိုင်းမှာ မာ့က်စ်ဝါဒတခေတ်ဆန်းလာခြင်းကို နားလည်ရေးအတွက် သော့ချက်ဖြစ်နေသည်ကတော့ အမှန်ပင်။ လူငယ်များအဖို့ မာ့က်စ်ဝါဒကိုနားလည်ရာ၌ စတာလင်ခေတ် အလုပ်အကျဉ်းစခန်းများနှင့်ပတ်သက်မှု ကင်းသည်။ ထို့ပြင် (၁၉၉၂) ခုနှစ်က ဖရန်စစ်ဖူကူယာမ၏ “သမိုင်း၏နိဂုံး (The End of History)” စာအုပ်ထဲမှ ဖူကူယာမ၏ အောင်ပွဲခံအူမြူးမှု (ထိုစာအုပ်ထဲ၌ အရှင်းရှင်စနစ်သည် အငြင်းပွားစရာ မရှိပုံ၊ အရင်းရှင်စနစ်ကို တွန်းလှန်ပစ်ရေးသည် စဉ်းစားကြည့်ရန်ပင် မဖြစ်နိုင်ပုံတို့ကို ရေးသားထားသည်) ကလည်း လူငယ်များ၏ စိတ်ကူးမျှော်မှန်းချက်များအပေါ် လူကြီးများ အပေါ်မှာလောက် မဖိစီးနိုင်ခဲ့ချေ။
မာ့က်စ်ဝါဒပွဲတော်၏ကြာသပတေးနေ့မှာ ဘလက်ဝဲပက်လ်က ချီဂွေဗားရားနှင့် ကျူဘားတော်လှန်ရေးအကြောင်း ဟောပြောရမည်ဖြစ်သည်။ “ကျမအဖို့ မာ့က္စ၀ါဒအကြောင်းပြောရမှာ ဒီအကြိမ်က ပထမဦးဆုံးအကြိမ်ပါဘဲ”ဟု သူမက စိတ်လှုပ်ရှားစွာပြောပြပါသည်။ "သည်နေ့၊ သည်ခေတ်တွင် ဂွေဗားရားနှင့်ကက်စထရိုတို့အကြောင်း စဉ်းစားမိခြင်းသည် ဘာကြောင့်ပါလဲ၊ အကြမ်းဖက် ဆိုရှယ်လစ် တော်လှန်ရေးသည် ကနေ့ အလုပ်သမားတိုက်ပွဲနှင့် လားလားမျှမဆိုင်သည်မဟုတ်ပါလား" ဟု ကျနော်က မေးလိုက်ရာ သူမက “လုံးဝ မဆိုင်တာတော့မဟုတ်ပါဘူး။ ဗြိတိန်မှာဖြစ်ပျက်နေတာတွေက တကယ် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီက အစိုးရဟာ အတွင်းမှာအချင်ချင်းတိုက်နေရလို့ တော်တော့်ကို အားပျော့နေပါတယ်။ ကျမတို့တတွေ တကယ်တမ်းစည်းလုံးညီညွတ်ကြမယ်ဆိုရင် ဒီအစိုးရကို ဖြုတ်ချပစ် နိုင်ပါတယ်” ဗြိတန်မှာ တာရီယာရင်ပြင်နှင့် ကက်စထရို၏ ဇူလိုင်(၂၆) ရက်လှုပ်ရှားမှုကဲ့သို့သော အလားတူ အရာများရှိနိုင်ပါသလား။ သည်မိန်းကလေး သူ့ဟာသူ စိတ်ကူးယဉ် ကြည့်နေပါစေ။ လွန်ခဲ့သောနှစ်က အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး၊ ဗြိတိန်ပြည်သူအများစုက အစိုးရ၀န်ကြီးအဖွဲ့ထဲရှိ လူချမ်းသာများနှင့် အိုးစားကွဲသွားပြီးနောက်ပိုင်းမှာ ကျနော်ပြောသောအချက်ကို ထည့်မတွက်သူဟူ၍ ရူးရူးနှမ်းနှမ်း လူတယောက်တလေသာ ရှိချိမ့်မည်။
လက်ဝဲသစ်အင်အားစုထဲမှဖြစ်ပြီး၊ (၂၀၁၂) ခုနှစ်၏ ရောင်းအကောင်းဆုံး နိုင်ငံရေးစာအုပ်ဖြစ်သော “အလုပ်သမားလူတန်းစားကို နံမည်ဖျက်ခြင်း (Chavs: the Demonization of the Working Class)” စာအုပ်ကိုရေးသားခဲ့သူ အိုဝင်ဂျုံး (အသက်၂၇နှစ်) ဆီမှ မတူခြားနားသောအမြင်တခုကို ကျနော် ကြားခဲ့ရ သည်။ သူသည် ညီညွတ်ရေးညီလာခံမှာမိန့်ခွန်းပြောရန် ဘရိုက်တန်မြို့သို့ ရထားစီး၍သွားနေခြင်းဖြစ်သည်။ “ဗြိတိန်မှာ သွေးမြေကျတော်လှန်ရေးတော့ ဖြစ်မှာမဟုတ်ပါဘူး။ လုပ်သားပြည်သူတွေက လုပ်သားပြည်သူ တွေအကျိုးအတွက် အုပ်စိုးတဲ့လူ့အဖွဲ့အစည်းတရပ်ဖြစ်လာဖို့တော့ မျှော်လင့်ချက်ရှိပါတယ်”ဟု သူက ဆိုပါသည်။
တကယ်တော့၊ (၁၈၆၀) ခုလွန် နှစ်များနှင့်၊ သည့်နောက်ပိုင်တွင် မာ့က်စ်က အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်းသို့ အကြမ်းဖက်တော်လှန်ရေးနည်းဖြင့်မဟုတ်ဘဲ၊ အခြားနည်းဖြင့် အရောက်လှမ်းနိုင်လိမ့် မည်ဟုစဉ်းစားခဲ့ခြင်း ဖြစ်သည်။ “ဆိုရှယ်လစ်လူ့ဘောင် ပေါ်ထွန်းလာရေးအတွက် သူက မဲပေးခွင့် တိုးချဲ့ခြင်း နည်းလမ်းနဲ့ ငြိမ်းချမ်းတဲ့တခြားနည်းလမ်းတွေကို သူရှာကြည့်ခဲ့တာတော့ အမှန်ဘဲ။ ဒီနေ့ခေတ်မှာဆိုရင် ထရော့စကီဝါဒီ လက်ဝဲအင်အားစုကတောင် လက်နက်ကိုင်တော်လှန်ရေးကို တောင်းဆိုတာမဟုတ်ပါဘူး။ အရင်းရှင်စနစ်ဖျက်သိမ်းရေးကို ဒီမိုကရေစီနည်းနဲ့သာလုပ်နိုင်မှာဖြစ်ပြီး၊ အလုပ်သမားလူတန်းစားရဲ့အဖွဲ့အစည်းက တရားမျှတတဲ့လူ့အဖွဲ့အစည်းကိုတည်ထောင်ပြီးနောက်မှာ အဖျက်ရန်မှကာကွယ်ကြလိမ့်မယ်လို့ ပြောကြမှာဘဲ”
ဂျုံးက သူ့ဖခင်အကြောင်းကို ပြောပြသည်။ (၁၉၇၀) ခုလွန် နှစ်များတုန်းက တိုက်ခိုက်ရေးအင်အားစု၏ ဘက်တော်သားဖြစ်ခဲ့သောသူ့ဖခင်သည် လေဘာပါတီအစိုးရတက်၊ လုပ်သားပြည်သူကိုစည်းရုံး၊ လုပ်သား ပြည်သူများအတွက်ဆောင်ရွက်ပေးရေးတည်းဟူသော "ပါတီတွင်းသို့ဝင်ရောက်ပြုပြင် ပြောင်းလဲရေးအယူ အဆ (entryist idea)" ကို ကိုင်စွဲသူဖြစ်သည်။ “ဒီနည်းလမ်းဟာ အများစံနမူနာထားတဲ့နည်းလမ်းလို့ ကျနော် ထင်တယ်။ လေဘာပါတီက အရင်အတိုင်းပဲရှိနေသေးတယ်လေ။ ဘာမှ မပြောင်းလဲသေးဘူး” ဤသို့ ပြောပြီးနောက်ပိုင်းမှာ ဂျုံးက သူသည် တိုက်ခိုက်ရေးအင်အားစု၏ဘက်တော်သား (၀ါ) ထရော်စကီဝါဒီ မဟုတ်ရပါကြောင်း ကျနော့်ကိုပြောပြပါသည်။ “အာဏာနှင့်ဥစ္စာဓနတို့၏ချိန်ခွင်လျှာကို လုပ်သား ပြည်သူတို့ ဘက်သို့ အခြေခံကျကျနှင့် နောက်ပြန်မလှည်စတမ်းပြောင်းပစ်ရန်” ရည်ရွယ်ကြောင်းဖေါ်ပြထားသည့် လေဘာပါတီ၏ ‘၁၉၇၄ ခုနှစ် ရွေးကောက်ပွဲကြေငြာစာတမ်း’ ကို သူ့ခေါင်းထဲမှာ စွဲမှတ်ထားသည်။ သည်လူငယ် သူ့ဟာသူ စိတ်ကူးယဉ်ကြည့်နေပါစေ။
ဂျုံး၏စာအုပ်ကို အောင်မြင်စေသောအကြောင်းအချက်ကား (အရင်းရှင်လူ့အဖွဲ့အစည်းကို မာ့က်စ်နှင့် အိန်ဂျဲယ် (Engels) တို့ ပိုင်းခြားသုံးသပ်ရာ၌ အခြေခံခဲ့သော) လူတန်းစားနိုင်ငံရေးမှာ လူအများပြန်လည် စိတ်ဝင်စားလာသောအခြေအနေ၊ အချိန်အခါထဲမှာ ရေးသားထုတ်ဝေခဲ့ခြင်းကြောင့်ဖြစ်သည်။ “ဒီစာအုပ်ကို လွန်ခဲ့တဲ့ (၄) နှစ် လောက်ကသာရေးခဲ့မယ်ဆိုရင် ကျနော့်ကို (၁၉၆၀) ခုလွန်ကာလက "လူတန်းစားအယူအဆရှိသူ" ဆိုပြီး၊ ဘယ်သူမှလက်ခံကြမှာ မဟုတ်ဘူး၊ ခုတော့ လူတန်းစားအရေးက ရှောင်လွှဲလို့မရတဲ့အခြေအနေကို ပြန်ရောက်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတော့၊ စီးပွားရေးကပ်ရဲ့ လူတွေအပေါ်ထိခိုက်ပုံက အမျိုးမျိုးဖြစ်နေပြီး၊ ညွန့်ပေါင်းအစိုးရရဲ့ ‘ကျနော်တို့အားလုံး ဒီထဲမှာ အတူတူကျရောက်နေတာပဲ’ ဆိုတဲ့ ဂါထာမန္တရားဟာ စော်ကားရာကျတဲ့အပြင်၊ ရယ်စရာလည်း ကောင်းနေလို့ပဲ။
(၁၉၉၀) ခုလွန် နှစ်တွေတုန်းကပြောခဲ့တဲ့ "ကျနော်တို့အားလုံးဟာ လူလတ်တန်းစားတွေပဲ"ဆိုတဲ့ ပြောလုံးမျိုးကို ခုပြောလို့ မရတော့ဘူးလေ။ ဒီအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေဟာ လူတန်းစားအခြေခံရှိတယ်။ VAT (တန်ဖိုးတိုး အခွန် - စားသုံးခွန် တမျိုးဖြစ်သည်- မြန်မာပြန်သူ) ရဲ့လုပ်သားပြည်သူတွေအပေါ် ထိခိုက်မှုတွေက တဘက်စောင်းနင်း ပိုကျလာနေတယ်” ဟု သူက ဆိုပါသည်။
“ဒါဟာ အတိအလင်းဖြစ်ပွားတဲ့ လူတန်းစား စစ်ပွဲပဲ။ အလုပ်သမားလူတန်းစားပြည်သူတွေအဖို့ (၂၀၁၆) ခုနှစ် ကျရင် ဒီရာစု နှစ်ဆန်းမှာထက် အခြေအနေပိုဆိုးရွား သွားတော့မယ်။ ဒီဒုက္ခတွေခံစားရတဲ့ လူဦးရေ ၃၀% အတွက် ရပ်တည်တယ်ဆိုရင်ပဲ လူတန်းစားတိုက်ပွဲစစ်သည်လို့ စွပ်စွဲခံရတော့တာပဲ။”
သူ့လေသံက ကျနော့်ကို ရန်းဆာရဲ ပြောပြခဲ့သောလေသံနှင့် ဆင်ဆင်တူနေသည်။ ပါမောက္ခ ရန်းဆာရဲက ဤသို့ ပြောပြခဲ့သည်။ “ဒီနေ့အထိ ခိုင်မာနေသေးတဲ့ မာ့က်စ်ရဲ့အတွေးအခေါ်တခုကတော့ "လူတန်းစားတိုက်ပွဲ"ပဲ ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်က စက်ရုံအလုပ်ရုံတွေပျောက်ကွယ်သွားတာ (ဆိုလိုတာက ကျနော်တို့တိုင်းပြည်ထဲက စက်ရုံအလုပ်ရုံတွေကိုပိတ်ပစ်ပြီး၊ လုပ်ခလည်းပိုသက်သာ၊ အလုပ်သမားတွေကလည်း ပိုပြီးကျိုးနွံတဲ့တိုင်းပြည်တွေဆီ ရွှေ့ပြောင်းလုပ်တာတွေ) ဟာ လူတန်းစားတိုက်ပွဲမှာ အုပ်စိုးသူဓနရှင်လူတန်းစားရဲ့လုပ်ရပ်ကလွဲလို့ တခြားဘာလုပ်ရပ်များ ဖြစ်ဦးမှာလဲ”
ကျနော်တို့တတွေ စီးပွားရေးဒုက္ခထဲ အလူးအလဲဖြစ်နေချိန်မှာ လူတန်းစားတိုက်ပွဲပိုင်းခြားသုံးသပ်ချက်အပြင် မာ့က်စ်ဝါဒဆီက ကျနော်တို့ ပညာ ရ ရခြင်း၏ နောက်အကြောင်းရင်းတစ်ခု ရှိသေးသည်။ ဤသည်ကား စီးပွားရေးကပ်ကို ပိုင်းခြားသုံးသပ်ချက်ပင်ဖြစ်သည်။ သူ၏ ခြောက်ခြားစရာစာအုပ်ဖြစ်သော Less Than Nothing: Hegel and the Shadow of Dialectical Materialism) ထဲ၌ ဆလိုဗော့ဇစ်ဇက် (Slavoj Žižek) က ကျနော်တို့ ယခု လက်ငင်းခံစားနေရသောစီးပွားရေးကပ်ကို မာ့က်စ်ဝါဒအမြင်ဖြင့် ပိုင်းခြားသုံးသပ်ပြထားသည်။ အခြေအမြစ်ကျသော လူတန်းစားရန်ဖက်ပဋိပက္ခသည် “အသုံးဝင်မှုတန်ဖိုး” နှင့် “ဖလှယ်မှုတန်ဖိုး” တို့၏ပဋိပက္ခဖြစ်သည်ဟု ဇစ်ဇက်က ရှုမြင်သည်။
ဤနှစ်ခု၏ မတူခြားနားချက်ကား အဘယ်နည်း။ ရောင်းကုန်ပစ္စည်းတိုင်းမှာ ၄င်း၏ အသုံးဝင်မှုတန်ဖိုးရှိ သည်ဖြစ်ပြီး၊ "လိုအပ်ချက်နှင့်လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သောအသုံးဝင်မှုဖြင့် ဤတန်ဖိုးကို တိုင်းတာ"သည်ဟု သူက ရှင်းပြသည်။ "ဖလှယ်မှုတန်ဖိုးကိုကား ရောင်းကုန်ပစ္စည်းထုတ်လုပ်ရာ၌ သုံးစွဲရသောအလုပ်ပမာဏဖြင့်တိုင်းတာ" လေ့ရှိသည်။ လက်ရှိ အရင်းစနစ်တွင် ဖလှယ်မှုတန်ဖိုးသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိလာသည်ဟု ဇစ်ဇက်က ဆိုပါသည်။ “သက်ရှိလူတွေရဲ့ ထုတ်လုပ်ရေးစွမ်းအင်တွေနဲ့ လိုအပ်ချက်တွေကို ယာယီသုံးအနေနဲ့သာအသုံးပြုတဲ့ အရင်းရဲ့တစ္ဆေကြီးတကောင်အဖြစ် ပြောင်းလဲလာခဲ့ တယ်။ မာ့က်စ်ဟာ စီးပွားရေးကပ်နဲ့ပတ်သက်တဲ့အမြင်ကို ဒီ ကွာဟချက်ကနေ ရရှိခဲ့တာဖြစ်တယ်”
ဤကဲ့သို့သော ဘေးကျပ်နံကျပ်ခေတ်မှာ လူ့သမိုင်း၏အကြီးမားဆုံးသော တော်လှန်ရေးသဘောတရားဆရာကြီးကားလ်မာ့က်စ်ထက် ပိုနားလည်သူဟူ၍ ဘယ်သူရှိပါသနည်း။ သို့ဖြစ်သည့်တိုင် မာ့ကစ်ဝါဒ စိတ်ဝင်စားမှု ပြန်လည်ပေါ်ပေါက်လာခြင်းကို စတာလင်ဝါဒီ တပါတီအာဏာရှင်စနစ်အတွက် လျှောက်လဲချက်တရပ်အဖြစ် သတ်မှတ်သူလည်းရှိသည်။ ကမ္ဘာ့ရေးရာအမည်ရှိ ဂျာနယ် (the journal World Affairs) ၏ “ကွန်မြူနစ်ဝါဒသစ်”နှင့်ပတ်သက်သော ထင်မြင်ချက်အခန်း (blog) တွင် လန်ကက်ရှိုင်းယားပြည်နယ်၊ အက်ဟီးလ်တက္ကသိုလ် (Edge Hill University) မှ ဒီမိုကရေစီသဘောတရားနှင့်လက်တွေ့ဘာသာရပ်ပါမောက္ခ အလန်ဂျွန်ဆင်က ဤသို့ ရေးသားထားသည်။ “များမကြာခင်ကပင် အတိဒုက္ခများအကြီးအကျယ်ဖြစ်စေခဲ့သည့်အပြင်၊ ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒတို့ထက်ပင် လူ အသေအပျောက်များစေသော ကမ္ဘာ့အမြင်တရပ်သည် တကျော့ပြန်လာနေလျက် ရှိသည်။ လက်ဝဲ တပါတီအာဏာရှင်ဝါဒပုံစံတမျိုးဖြစ်သော ၄င်းအမြင်သည် ဥာဏ်ပညာအဖြစ်ကျော်ကြားနေ သည်။ သို့ရာတွင် နိုင်ငံရေးအာဏာအတွက် ပြင်းပြသော ဆန္ဒရှိသည်” ဟူ၍။
“ကွန်မြူနစ်ဝါဒသစ်အရေးပါလာခြင်းသည် ၄င်း၏ ဥာဏ်ပညာအရည်အသွေးကြောင့် မဟုတ်ချေ။ ဆိုရှယ်ဒီမိုကရေစီ အားအင်ကုန်ခမ်းနေခြင်း၊ ခြိုးခြံချွေတာရခြင်း ပညာတတ်လောကမှာ "မိမိကိုယ်မိမိအလိုမကျသောယဉ်ကျေးမှု" ဖြစ်ပွားနေခြင်းတည်းဟူသောအခြေအနေမှာ ဥရောပလူငယ်အသိုင်းအ၀ိုင်းအပေါ် ၄င်း၏သြဇာလွှမ်းမိုးနေနိုင်သေးသောကြောင့် ဖြစ်သည်။ ၄င်းသည် ဆွဲဆောင်မှုရှိနေသဖြင့် ကျွန်ုပ်တို့အဖို့ ခေါင်းခါရုံ ခါပြီး၊ လှည့်ထွက်သွားနိုင်စွမ်း မရှိချေ” ဟု ဂျွန်ဆင်က ရေးသားထားသည်။
ဤသည်ကား "ဇစ်ဇက်၊ ဘက်ဒယူး (Badiou)၊ ရန်းဆာရဲနှင့် အီဂယ်လ်တန်ကဲ့သို့သော လက်ဝဲလူ့အန္ဓကြီးများသည် အပြစ်ကင်းစင်သောလူငယ်တို့၏စိတ်ဓါတ်ကို ဖျက်ဆီးပစ်လိမ့်မည်"ဟူသော ကြောက်စိတ်ဖြစ်သည်။ ကွန်မြူနစ်ကြေငြာစာတမ်းကြောင့် အလုပ်အကျဉ်းစခန်းဖြစ်လာမည် မဟုတ်ကြောင်းနှင့် လက်ဝဲလူငယ်များက ဘက်ဒယူး၏ ကြက်သီးမွေးညင်းထစရာအကောင်းဆုံးသော အတွေးအခေါ်များကို ဝေခွဲစဉ်းစားမှုမဲ့စွာလက်ခံစရာအကြောင်း မရှိသည်ကတော့ သေချာပါသည်။ “ပြောင်ကျတဲ့ ကိုယ်ကျိုးစီးပွားနဲ့ သွေးအေးစွာလက်ငင်းငွေချေမှု"တို့ကလွဲလို့ တခြား ဘယ် လူလူချင်းဆက်ဆံရေးအပေါ်မှာမှ အခြေမခံဘဲ၊ "အမြတ်ထုတ်သွေးစုတ်မှုနဲ့ အဆုံးမရှိအရင်းစုဆောင်းမှု" တို့အပေါ်အခြေခံထားတဲ့ ဈေးကွက်စနစ်တရပ်ရဲ့ပဋိပက္ခတွေဟာ ကျော်လွှားလို့ရတာ မဟုတ်ဘူး၊ ဒီ တကယ့်ကို မတည်ငြိမ်တဲ့စနစ်ရဲ့ဖြစ်ပေါ်တိုးပွားမှုကို ပြုပြင်ပြောင်းလဲခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်း စခန်းဆင့် တဆင့်ဆင့်ကိုရောက်တဲ့အခါမှာ ဒီစနစ်ဟာ အရင်းစနစ်ရယ်လို့ ပြောလို့မရလောက်တဲ့ အခြေအနေတရပ်ဆီကို ရောက်သွားလိမ့်မယ်” ဟု မာ့က်စ်ပြောခဲ့သည်မှာမှန်ကန်ကြောင်း ကွန်မြူနစ်ကြေငြာစာတမ်းအသစ် ထုတ်ဝေခြင်းအတွက် သူ ရေးသားခဲ့သောနိဒါန်းတွင် ပါမောက္ခ အားရစ် ဟော့စဘွန်း(Eric Hobsbawm) က ဆိုပါသည်။
ဤသည်ကား မာ့က်စ်ဝါဒီတို့အိပ်မက်မက်သော "အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်း" ဖြစ်သည်။ သို့ရာတွင် မည်သို့သော "အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်းမျိုး" ဖြစ်ပါသနည်း။ ဤကဲ့သို့သော "အရင်းရှင်ခေတ်လွန် လူ့အဖွဲ့အစည်း" တရပ်သည် အစဉ်အလာဆိုရှယ်လစ်စနစ်ပုံစံမျိုးနောက်သို့ လိုက်မည့်အလားအလာ လုံးဝ မရှိချေ။ "တကယ် တည်ရှိခဲ့သော" ဆိုဗီယက်ခေတ် ဆိုရှယ်လစ်စနစ်မျိုးနောက်သို့ လိုက်မည့်အလား အလာကား ပို၍ပင် မရှိလိုက် ချေသေးသည်” ဟု ဟော့စဘွန်းက ဆိုပြီးနောက်၊ "သို့ရာတွင် ဤစနစ်တွင် ပုဂ္ဂလိကအပိုင်စီးထားမှုမှနေ၍ လူ့အဖွဲ့အစည်း၏စီမံအုပ်ချုပ်မှုသို့ ပြောင်းလဲမှုသည် တကမ္ဘာလုံးအတိုင်းအတာအရ မုချ ရှိလိမ့်မည်ဟု" လည်း ဆိုလိုက်သေးသည်။ “ဤစနစ်က မည်သို့သော ပုံစံမျိုးဆောင်မည်၊ မာ့က်စ်နှင့် အိန်းဂျဲယ်တို့မျှော်မှန်းသည့် "ကွန်မြူနစ်စနစ်၏ လူသားဆန်သောတန်ဖိုးထားမှုများ" မည်မျှပါရှိမည်ဆိုသည်တို့သည် ပြောင်းလဲမှုကိုဖေါ်ဆောင်မည့် နိုင်ငံရေးလုပ်ဆောင်ချက်အပေါ် တည်ပေလိမ့်မည်”
ကျနော်တို့၏အနာဂတ်များသည် ကျနော်တို့နှင့် ကျနော်တို့၏တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေမှုအပေါ်မှာ တည်နေကြောင်း မာ့က်စ်ဝါဒက ၄င်း အရှင်သန်ဆုံးအချိန်မှာ ညွန်ပြခဲ့သည်ကား သေချာပါသည်။ တနည်းဆိုရသော် ကွန်မြူနစ်ကြေငြာစာတမ်း၏အဆုံးမှာ မာ့က်စ်နှင့်အိန်းဂျဲယ်တို့ ရေးသားခဲ့သည့်အတိုင်းပင် “ကွန်မြူနစ်တော်လှန်ရေးကို အုပ်စိုးသူလူတန်းစားများက ထိတ်လန့်ပြီး ကြောက်ဒူးတုန်နေကြပါစေ၊ ပစ္စည်းမဲ့များအတွက်ကား သူတို့ကိုတုပ်နှောင်ထားသောနှောင်ကြိုးများမှအပ ဆုံးရှုံးစရာဟူ၍ မရှိ၊ သူတို့စိုးပိုင်ရမည်ကား တကမ္ဘာလုံးပင်တည်း”
မောင်မောင်သန်း မြန်မာပြန်သည်။
(ယူတာကဒီနေရာကပါ။ ကိုသောင်းပုလဲမြေ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ) http://www.facebook.com/profile.php?id=100003830034541
(မူရင်းဆောင်းပါးကို ဘိုလိုဖတ်ဖို့က) http://www.guardian.co.uk/world/2012/jul/04/the-return-of-marxism
(မူရင်းဆောင်းပါးရှင်အကြောင်းကိုသိရဖို့က) http://blogs.guardian.co.uk/arts/author/stuart_jeffries/profile.html
Why Marxism is on the rise again (Stuart Jeffries) guardian.co.uk
0 comments:
Post a Comment