Monday, July 30, 2012

ပေတံ (မောင်ရင့်မာ၊ ကျောင်းကုန်း)

0 comments
ပေတံ (မောင်ရင့်မာ၊ ကျောင်းကုန်း)
ဆယ်နှစ်ခန့် ကြာခဲ့ပြီ ဖြစ်ပါသည်။လူတစ်ယောက်ဟာ လေးဆယ်ရာနှုန်းကောင်းတယ်ဆိုရင် လူကောင်းလို့ ကျွန်တော် သတ်မှတ်နိုင်တယ်ဟု ကျွန်တော်အုပ်ချုပ်ရမည့်ဝန်ထမ်းများကို အတိအလင်းကြေညာခဲ့ဖူးပါသည်။
ကျွန်တော်၏ နှမသဖွယ်ဖြစ်သော တစ်ပတ်စဉ်တည်းသူငယ်ချင်း ဒေါ်နွဲ့နွဲ့စန်းကဦးစီးသတ်မှတ်တဲ့ပေတံကလည်း မတိုလွန်းဘူးလားဟု ပြုံး၍ စောဒကတက်ခဲ့ပါသည်။

 သူမသည် အလွန်လူကြီးသူမဆန်၍ ပြဿနာအရပ်ရပ်ကို သွေးအေးအေးနှင့်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသဖြင့် ကျွန်တော့်အတွက်မူ လေးစားအပ်သောနှမတစ်ဦး ဖြစ်ခဲ့ပါသည်။

 ကျွန်တော်တို့ ဖောင်ကြီးသင်တန်းတက်စဉ်က သင်တန်းသားအသစ်စက်စက်ကို တစ်ဦးလျှင်အမှတ် ၁၀၀ စီ ပေးထားခဲ့လျက် သင်တန်းကာလအတွင်းကစ်မညီညာခြင်း၊ အမှိုက်ကျခြင်း၊ အိပ်ငိုက်ခြင်း၊ ပီတီ၊ နိုက်စတာဒီနောက်ကျခြင်း သည့်ချွတ်ယွင်းပျက်ကွက်မှုများအတွက် တဖြည်းဖြည်း အမှတ်တွေကိုလျှော့သွားမည်ဟု သင်တန်းဆရာတစ်ဦး၏ရှင်းပြချက်ကို သူမ သတိရစေရန် ကျွန်တော်က ပြန်လည်အစဖော်ပေးပါသည်။တချို့ဆို သင်တန်းဆင်းတဲ့အခါ အမှတ် ၄၀ တောင် ကျန်ပါတော့မလားလို့ထင်တာမဟုတ်လား ဒေါ်နွဲ့နွဲ့စန်းရဲ့ဟု ရှင်းပြခဲ့ပါသည်။ ကျွန်တော်၏ရှင်းပြချက်ကို ကျေနပ်ဖွယ်ရှိ၊ မရှိ အတိအကျမသိရသော်လည်းအတွေ့အကြုံတွေရလာတဲ့အခါ လူတွေကိုသိပ်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ရဲတော့ပါဘူးဗျာဟူသောစကားကိုမူ ကမ္ဘာလောကအားအကောင်းမြင်ဖို့ကြိုးစားလေ့ရှိသော သူမကို မပြောဖြစ်ခဲ့တော့ပါ။

 တစ်နေ့ပြီးတစ်နေ့ ရုန်းကန်ဖြတ်သန်းရမည့်လောကပြင်ကျယ်ကြီးထဲသို့  စတင်ခြေချရန်အတွက် အမိ၏၀မ်းကြာတိုက်မှမွေးဖွားလာသည့်ဘ၀၏အစ၌ ကျွန်တော်တို့အားလုံးသည် အပြစ်ကင်းစင်ခဲ့ကြသူချည်းသာဖြစ်သည်ဆိုတာကို အငြင်းပွားစရာရှိမည် မထင်ပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀၊ ပညာသင်ကြားရသည့်ကျောင်းသားဘ၀၊ ထို့နောက် အလုပ်ခွင်ဝင်ကြ အိုးအိမ်ထူကြ အသက်မွေးမှုအမျိုးမျိုး၌ကျင်လည်ရုန်းကန်ကြနှင့် ကျွန်တော်တို့သည် အမိဝမ်းမှကျွတ်စဉ်ကထက် ပို၍ ဖြူဖွေးစင်ကြယ်လာသလား သို့မဟုတ် အပြစ်တွေအညစ်အကြေးတွေ စွန်းထင်းပေကျံလာလေသလားဆိုသည်ကို မေးခွန်းထုတ်ကြည့်ဖို့မလိုတော့ပါပြီ။ လိမ်ညာမှု၊ ဟန်ဆောင် ပလွှားမှု၊ ဂုဏ်တုဂုဏ်ပြိုင်ပြမှု၊ မနာလိုဝန်တိုမှု၊ မုန်းတီးမှု၊ ထိမ်ချန်မှု၊ စဉ်းလဲကောက်ကျစ်မှု၊ ချိုးဖောက်ကျူးလွန်မှု စသည် စသည်တို့ဖြင့် မစင်ကြယ်နိုင်ကြတော့ပြီ ဖြစ်ပါသည်။ တဖြည်းဖြည်းချင်းမှာကိုပဲ မူလအစက ၁၀၀ ရခဲ့သောအမှတ်တွေ လျော့နည်းခဲ့ပြီဖြစ်ပါသည်။သို့ရာတွင် ကမ္ဘာလောကသည် နည်းနည်းဆန်းကြယ်ပါသည်။

 လအပြစ်မကင်းစင်သောသူတို့သည် အခြားသော အပြစ်မကင်းစင်သည့်သူများကို ခပ်တည်တည်နှင့်အကဲဖြတ်လေ့ရှိပါသည်။ အမှတ်တွေပေးနေ၊ လျှော့နေ ကြတုန်းပဲဖြစ်ပါသည်။ ဥပဒေဖြင့် အတိအလင်းသတ်မှတ်ပြဋ္ဌာန်းထားသော အပြစ်မကင်းမှုမျိုးမဟုတ်လျှင် လူဆိုသည်မှာကိုယ်နှင့် နှိုင်းတတ်သောသဘောတော့ဖြင့် ရှိပါသည်။ ကိုယ်ကျူးလွန်ဖူးသောအပြစ်မျိုးကို စာစာနာနာစဉ်းစားနားလည်ပေးတတ်ပါသည်။ ကိုယ်မကျူးလွန်ဖူးသော၊ ကိုယ်မကျူးလွန်ဖူးသေးသောအပြစ်မျိုးကို မစာမနာအပြစ်ပြောတတ်ပါသည်။ မညှာမတာ အပြစ်တင်တတ်ပါသည်။


ကျွန်တော့် အဖေနှင့်စပ်လျဉ်း၍ ပြန်တွေးမိတိုင်းစိတ်မကောင်းဖြစ်ခဲ့ရသော အချက်တစ်ချက်ကို ပြန်ပြောပြပါမည်။ ပညာလည်းမတတ်၍ လူရည်လည်းကောင်းကောင်းမလည်ခဲ့သောဖေဖေသည် ဘ၀ တစ်လျှောက်လုံး ပင်ပင်ပန်းပန်းရုန်းကန်အသက်မွေးလျက် မိသားစုကို ရှာဖွေကျွေးမွေးခဲ့ရှာသူဖြစ်ကြောင်း ကျွန်တော်ရေးခဲ့ဖူးပါသည်။ ကျွန်တော် ခုနစ်တန်းကျောင်းသားအရွယ်ခန့်က ဖေဖေသည် သူ့နှမဒေါ်တင်ပုရှိရာ ခြောက်အိမ်တန်းရွာသို့ မြေပဲသွားစိုက်ရင်း နည်းနည်းသောက်တတ်လာပါသည်။ ညနေညနေတို့၌ တစ်ခါတစ်ရံ ရီရီဝေေ၀နှင့်ပြန်လာသောဖေဖေ့ကို အရက်သမားကြီးဖြစ်တော့မလို ကျွန်တော်တို့ အမေက မြည်တွန်တောက်တီးသည့်အခါငါးမူးဖိုးတည်း(ထဲ)ပါဟာဟု ဖေဖေက လျှောက်လဲချက်ပေးတတ်ပါသည်။ တစ်သက်လုံးအရက်မသောက်ဖူးခဲ့သောဖေဖေ့ကို ကျွန်တော်တို့ကလည်း ဧရာမပြစ်မှုကြီးကိုကျူးလွန်လာခဲ့တော့သလို ရှက်စရာဟုအပြစ်မြင်ခဲ့ပါသည်။ အပြစ်မြင်သော်လည်း ကျွန်တော်မပြောခဲ့ပါ။ငါးမူးဖိုးဟူသောစကားလုံးသည် ကျွန်တော်တို့ဦးလေး၏ ပါးစပ်ထဲသို့ရောက်မသွားခင်အချိန်အထိ ဖေဖေ့ကို မပြောခဲ့ပါ။

 
ဦးလေးသည် အမေ့ညီမ၏ခင်ပွန်းဖြစ်သဖြင့် ဖေဖေ၏မယားညီအစ်ကိုတော်ပါသည်။ ကျွန်တော်တို့ကို သူ့မိန်းမနှင့်စပ်မှတော်ရသည့်တူများဖြစ်သော်လည်း တော်တော်ဂရုစိုက် ရှာပါသည်။ တော်တော် ချစ်ရှာပါသည်။ ပုသိမ်မှ ကျောင်းပိတ်၍ ကျွန်တော်တို့ပြန်လာသည့်အခါတိုင်း (၇တန်း၊ တန်းလောက်ကို)-“ငါ့တူက ပညာတတ်မယ့်ကောင်ကွ-” ဟုဆိုကာ ဟင်းကောင်းကျွေးကောင်းတို့ကို ကိုယ်တိုင်ချက်ပြုတ်၍ ကျွေးမွေးတတ်ပါသည်။တစ်နေ့တွင် ဟိုတယ်မှာတည်ခင်းဧည့်ခံသလိုမျိုး ငါးကြင်းကောင်လုံးကြော်နှပ်ပုစွန်တုပ်ကြီးဆီပြန် စသည်တို့ဖြင့် ကျွန်တော့်ကိုကျွေးမွေးနေစဉ် (အစအနောက်သန်သော) ဦးလေးကဘယ့်နှယ်လဲ မင်းအဖေ ညနေပြန်လာရင် ငါးမူးဖိုးလုပ်တုန်းပဲလားပြုံး၍ ကျီစယ်ပါသည်။ ကျွန်တော်သည် အရှက်ခွဲရပါမည်လားဟု အကြီးအကျယ်စိတ်ဆိုးလျက် ဦးလေးတည်ခင်းသောထမင်းဝိုင်းမှ ချက်ချင်းထ၍ပြန်ခဲ့ပါသည်။ ညနေတိုင်၍ ခြောက်အိမ်တန်းရွာမှ ဖေဖေပြန်လာသောအခါဖေဖေ၏ ငါးမူးဖိုးကြောင့် ကျွန်တော်တို့မှာ အကြီးအကျယ်အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရကြောင်း ငိုယို၍ ဖေဖေ့ကိုပြောခဲ့ပါသည်။ မည်သို့ပြောဆိုသည်ကို မမှတ်မိသော်လည်း ဖေဖေ့ကို တော်တော်ကြီးကိုပဲ အပြစ်တင်ပြောဆိုခဲ့သည် ထင်ပါသည်။ ဖေဖေလည်း ကွယ်လွန်သည်အထိ အရက်သေစာပြတ်တောက်သွားခဲ့ပါသည်။
ဦးလေး ဖဲရိုက်သည့်အကြောင်းကိုလည်း ပြောပါဦးမည်။

 ဦးလေးသည် ပုလိပ်လူထွက်တစ်ဦးဖြစ်၍ ကျွန်တော့်အဖေထက် ပို၍ လူရည်လည်ပါသည်။ ပျဉ်ခရိုင် ဟိုင်းကြီး ကျိုက်လတ်တို့၌ တာဝန်ထမ်းခဲ့ဖူးပြီး ကျွန်တော့်ဒေါ်လေးနှင့် အိမ်ထောင်သက်အတန်ရလာသောအခါ ဘာ့ကြောင့်မှန်းမသိ အလုပ်မှထွက်ခဲ့ပါသည်။ ကျွန်တော်တို့ရွာမှာပင်အခြေချလျက် ဒေါ်လေးက သူ့ကို ကုန်စုံရောင်း၍ ကျွေးရပါသည်။ ဦးလေးသည် အရက်ကိုတစ်စက်မျှမသောက်တတ်သော်လည်း ဖဲတော့တော်တော်ရိုက်ပါသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားအရွယ်တစ်လျှောက်လုံး ဦးလေးဖဲနိုင်၍ ကျွန်တော်တို့ ခေါက်ဆွဲကြော်စားရသည်များ ရှိသကဲ့သို့ ဦးလေးဖဲရှုံး၍ အမေ့ထံ ဒေါ်လေးမသိအောင် မျက်နှာငယ်ငယ်နှင့် ပိုက်ဆံလာချေး၊ လက်ကောက် လာငှားသည်များလည်း ရှိခဲ့ပါသည်။ ကျွန်တော်တို့အမေသည် ဖဲရှုံး၍လာသောဦးလေးကို ငွေချေးလိုက်သည်ကနည်းပြီး ဆိုဆုံးမ၍လွှတ်လိုက်သည်ကများလေရာ ကျွန်တော်သည် ရှုံးနိမ့်သူတစ်ဦးအဖြစ် ညှိုးချုံးသိမ်ငယ်နေသောဦးလေးကို သနားမိသော်လည်း ဖဲရိုက်ခြင်းအမှုကိုကျူးလွန်ခဲ့သောကိစ္စကြီးအတွက် ဦးလေးကိုအပြစ်ကြီးကြီးမြင်ခဲ့ပါသည်။ သို့ရာတွင် ဦးလေးသည်လည်း သူ့သားအကြီးကောင် (ကျွန်တော့်ညီဝမ်းကွဲ) လူမှန်းသိစအရွယ်တွင် သူ့သားရှက်မှာစိုးလို့ဟုဆိုကာ ဖဲကို ရာသက်ပန်စွန့်ခဲ့ပါသည်။ ဒေါ်လေးက အစီးအပွားရှာလျက် ဦးလေးက သူ ၀ါသနာပါသော အချက်အပြုတ်အလုပ်ကိုလုပ်ရင်းသာပဲ ခေါက်ဆွဲကြော်နှင့်လက်ဖက်ရည်ရောင်းပြီး ကွယ်လွန်ခဲ့ပါသည်။

 ကျွန်တော်၏အဖေနှင့် ကျွန်တော်၏ ဦးလေးတို့သည် ကျွန်တော်တို့ရွာမှာပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ခဲ့ပါသည်။ အနှစ်နှစ်ဆယ်နီးပါးပင်ရှိရော့မည် ဖြစ်ပါသည်။


ကုန်လွန်ခဲ့သောနှစ်ကာလများက ကျွန်တော်သည် ပြည်နယ်အစွန်အဖျားမြို့တစ်မြို့တွင် သွားရောက်နေထိုင်ခဲ့ရာမှ အရက်ကို လူရာဝင်ရုံမျှ သောက်တတ်ခဲ့ပါသည်။ ဖဲဆိုလျှင်လည်း ရှိုးကဲ့သို့ တစ်ဦးနှင့်တစ်ဦး အသေအကျေရိုက်ရသောကစားနည်းမျိုးမှအပ ပိုကာတို့၊ ဟောလီးဝုဒ်တို့ကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ခဲ့ပြီဖြစ်ပါသည်။

 ကျွန်တော် အရက်မကြိုက်ပါ။ ဖဲကိုလည်း စွဲမြဲရိုက်သည် မဟုတ်ပါ။ သို့ရာတွင် ယခုလိုအခါ ဘလက်လေဘယ်လ်ကဲ့သို့ အတော်အတန်ကောင်းမွန်သည့် အရက်ပုလင်းကလေးတွေ လက်ဆောင်ရသည့်အခါမျိုးတွင် ချစ်ခင်သောရေးဖော်မိတ်ဆွေတို့နှင့် ၀ိုင်းဖွဲ့ဖြစ်ပါသည်။ ရိုသေချစ်ခင်သော အရက်သမားတချို့ကိုလည်းပြည်သူ့ထံမှ ပြည်သူ့ထံသို့ဟူ၍ ဂါရ၀ပြုဖြစ်ပါသည်။

 ခုနေ၊ ဖေဖေနှင့်ဦးလေးကို အသက်ထင်ရှား ရှိစေချင်သည်။ဒီလိုအရက်မျိုးကို ဒီလိုအမြည်းကောင်းကောင်းနဲ့တွယ်မှ အရသာရှိတာ ဖေဖေရဲ့ဟူ၍ ဖေဖေ့ကို အိမ်ဦးခန်းမှာ ထည်ထည်ဝါ၀ါပြုစုလိုပါသည်။တူသား နောင်မယ်တွေနဲ့ တစ်ဆက်ရှင်လောက်ဝင်ပြီး လက်ရည်စမ်းပါလား ဦးလေးရဲ့ဟူ၍လည်း နွေးထွေးစွာဖိတ်ခေါ်လိုပါသည်။ သူတို့အကြိုက် ၀ါသနာကလေးများနှင့် ဦးလေးနှင့်ဖေဖေတို့ အဘယ်မျှ ကျေနပ်ပျော်ရွင်ကြလေမလဲဟု မြင်ယောင်ကြည့်မိပါသည်။ သူတို့ ကျေနပ်ပျော်ရွှင်ကြသည်ကိုကြည့်ငေးလျက် ကျွန်တော်တို့လည်း ကောင်းမှုတစ်ခုပြု၍ရအပ်သောဝမ်းမြောက်ခြင်းမျိုးဖြင့် အဘယ်မျှ ကြည်နူးပီတိဖြစ်ရမည်ကို အခုပင်တွေး၍ မျက်ရည်လည်မိပါသည်။


ကျွန်တော်၏ပေတံ တိုသွားပြီလော။ငါးမူးဖိုး တည်း(ထဲ)ပါဆိုသောဖေဖေ့အား တစ်သက်လုံး ပြတ်တောက်သွားသည်အထိ ငိုယိုပြစ်တင်ခဲ့စဉ်ကနှယ် ကျွန်တော်လည်း မစင်ကြယ်နိုင်တော့ပြီကို လှိုက်လှိုက်လှဲလှဲဝန်ခံရမည်ပဲဖြစ်ပါသည်။ အကလေးဘ၀က ၁၀၀ ရခဲ့သောအမှတ်တွေ လျော့၍ လျော့၍လာခဲ့သည်မှာလည်း သေချာလှပါသည်။သူငယ်ချင်း ဆရာဝန်တစ်ဦးက ပြောဖူးပါသည်။ ရောဂါဗေဒကိုသင်ခဲ့ရစဉ်က ဟိုရောဂါလက္ခဏာကပဲ ကိုယ့်မှာရှိနေတော့သလိုလို ဒီရောဂါလက္ခဏာပဲ ကိုယ့်မှာဖြစ်နေတော့သလိုလို အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ ကျွန်တော်တို့ ဥပဒေသင်စဉ်ကလည်း ဟိုပြစ်မှုအင်္ဂါရပ်ကပဲ ကိုယ်နှင့်ငြိစွန်းနေတော့သလိုလို သည်ပြစ်မှုအင်္ဂါရပ်ကပဲ ကိုယ်နှင့်ငြိစွန်းနေတော့သလိုလို စိုးထိတ်ခဲ့ဖူးပါသည်။ လူကြီးလူကောင်း ၁၀၀ ၉၁ ဦး ပြစ်မှုကျူးလွန်ဖူးကြောင်းပြစ်မှုဗေဒပညာရှင်တို့၏တွေ့ရှိချက်ကို ဖတ်မိသည်မှပင် ကောင်းစွာအိပ်ပျော်နိုင်ခဲ့ပါသည်။ မည်သို့ဆိုစေကာမူ အဆိုပါတွေ့ရှိချက်မှာ ခွင့်လွှတ်မှုကိုမပြုနိုင်သော်လည်း စာနာမှုကိုပြုနိုင်ခဲ့သည်ထင်ပါသည်။

 သို့သော် အရာရာတိုင်းတော့ဖြင့် ကိုယ်နှင့်နှိုင်းပြီးမှ စာနာနိုင်သည်ဟုမဆိုသာပါ။ ဉာဏ်ပညာအားဖြင့် စာနာနိုင်သည်တို့လည်း ရှိပါသည်။
“ကိုယ့်အဖေ ရဲအရာရှိလည်း အရက်ကိုစွဲစွဲမြဲမြဲသောက်ခဲ့တာပါပဲ။ ကိုယ်အရာရှိဖြစ်လာပြီးတဲ့အခါ ဆွေမျိုးတွေထဲ ကိုယ်က ဂုဏ်ယူစရာဖြစ်လာတာရယ်။ သူ့ကြောင့် ကိုယ့်ရဲ့ဂုဏ်သိက္ခာထိခိုက်မှာ စိုးတာရယ်ကြောင့် ကိုယ့်အဖေဟာ တစ်သက်လုံးသောက်လာတဲ့အရက်ကို တိခနဲဖြတ်ချလိုက်တယ်။ အရက်နဲ့ပတ်သက်လို့ ကိုယ်က တင်းမာတာလည်း ပါမှာပေါ့။ အဲဒါနဲ့ သူ့ခြေထောက်နှစ်ဖက်စလုံး ဆာတာတာဖြစ်သွားတော့ ကိုယ်တော်တော် စိတ်ထိခိုက်သွားတယ်”

ယခုအခါ လွိုင်ကော်၌ ဦးစီးအရာရှိလုပ်နေသော ကျွန်တော့်သူငယ်ချင်းကြီးသည် အရက်ကို တစ်စက်မျှ မကြိုက်ပါ။ လူရာဝင်ရုံမျှပင်လျှင် မတို့ မထိခဲ့ပါ။ အရက်သောက်ခြင်းကို ထာဝစဉ်အပြစ်မြင်သူတစ်ဦး ဖြစ်ပါသည်။ သို့သော် သူ့ဖခင်၏နောက်ဆုံးနေ့ရက်တို့၌ သူစိုးစဉ်းမျှမကြိုက်မနှစ်သက်သော ယမကာအကောင်းစားကို သူ့ဖခင်အား ကိုယ်တိုင်ဝယ်တိုက်ခဲ့ပါသည်။နေပါစေတော့ သားရယ်။ အဖေ မသောက်ပါရစေနဲ့တော့ဟု ငြင်းဆန်ရင်း ကွယ်လွန်ခဲ့သည်ဟု ဆိုပါသည်။


ကျွန်တော်စဉ်းစားကြည့်သည်မှာ အချို့သောအခါတို့၌ ဉာဏ်ပညာဖြင့် စာနာ နားလည်ပေးမှုကြောင့်လည်း ပေတံတို့ တိုသွားနိုင်သည်ဆိုသောအချက်ပဲ ဖြစ်ပါသည်။ယခုအခါ အငြိမ်းစားယူသွားခဲ့ပြီဖြစ်သောဆရာတစ်ဦးက ဆိုဆုံးမဖူးပါသည်။
 “မင်းတို့ကို ခြောက်ပစ်ကင်းရမယ်လို့ ဆရာ မတောင်းဆိုဘူး။ မျှော်လည်း မမျှော်လင့်ဘူး။ ဒါပေမဲ့ ခြောက်ပြစ်မကင်းရင် ငါးပြစ်လောက်တော့ ကင်းစေချင်တယ်။ ငါးပြစ်မကင်းတောင်မှ လေးပြစ်တော့ကင်းစေချင်တယ်”

 ပေတံ တိုပါသည်။ သို့သော် ပကတိအခြေအနေနှင့် တော်တော်ဟပ်မိပါသည်။ ပကတိအခြေအနေကို မျက်ကွယ်မပြု၊ စိတ်ကူးမယဉ်ဘဲတိုင်းခဲ့သော ပေတံတစ်ချောင်းဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။ အချိန်အခါ နေရာဒေသအလျောက် ပေတံတို့ အတိုအရှည်မညီမညာဖြစ်တတ်သည်ကို သတိချပ်မိပါသည်။ မိမိကိုယ်ကိုတိုင်းသည့် ပေတံတို့ တိုလေ့ရှိပြီး အခြားသူတစ်ပါးတို့ကိုတိုင်းသည့်ပေတံတို့ ရှည်လေ့ရှိသည်ကိုလည်း ဆင်ခြင်မိပါသည်။ စာနာနားလည်မှုပေတံတို့သည် တိုသော်လည်း လက်တွေ့ဆန်သည်ကို တွေ့ရပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် ကမ္ဘာလောကအား ပိုမိုကောင်းမွန် ပိုမိုသန့်စင်ဖို့ကိုပဲမျှော်မှန်းရမည်မှာ ယေဘုယျဥပဒေသ ဖြစ်ပါသည်။ သို့ဆိုပါက ကျွန်တော်တို့၏ပေတံများ ရှည်နိုင်သမျှရှည်လာရန်နှင့် အသုံးဝင်တန်ဖိုးကင်းမဲ့ဆဲ စိတ်ကူးယဉ်ပေတံတို့ကိုသာ ယာယီသိမ်းမြှုပ်ထားဖို့လိုမည် ထင်ပါသည်။

 ကျွန်တော်ကတော့ဖြင့် ဟိုယခင် သင်တန်းတက်ခဲ့စဉ်က အမှတ်ပေးစနစ်နှင့်ပေတံတစ်ချောင်းကိုသာ တွေဝေယုံမှားဖွယ်ရာသောအ၀ိဇ္ဇာခရီးသည်များအတွက် သင့်မြတ်သည်ဟုထင်မြင်မိဆဲ ဖြစ်ပါသည်။
မောင်ရင့်မာ၊ကျောင်းကုန်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
(ယူတာကဒီနေရာကပါ) http://www.shweamyutay.com/index.php?option=com_content&view=article&id=3820:2012-02-11-03-44-51&catid=95:2008-06-08-19-57-38&Itemid=687

0 comments:

Post a Comment