ကွန်မြူနစ်ကတော်များ..၁ ။ သခင်ဗဟိန်း၏ဇနီး မခင်ကြီး။
(ယူတာကဒီနေရာကပါ) http://www.mingalarpar.org/2011/05/blog-post_08.html
ကျွန်တော်သည် ကိုဗဟိန်းအကြောင်းကို ဟိုစာမှသည်စာမှဖတ်ခဲ့မိတိုင်း သူ့အနောက်မှအရိပ်လေးကို အမြဲမြင်နေရသည်။ ကျွန်တော်တို့ ကိုဗဟိန်းကို လေးစားတန်ဘိုးထားသလို၊ ကိုဗဟိန်းမြတ်နိုးခဲ့သည့် သူ့ အရိပ်လေးကိုလည်း ကျွန်တော်တို့ ခင်မင်သိထားသင့်ပါသည်။ ဤသို့ဖြင့် ကျွန်တော်သည် ဖတ်ခဲ့ဖူးသည့် စာအုပ်များထဲမှ ကိုဗဟိန်း၏အရိပ်လေးကိုဖမ်းနိုင်မည့်စာများကို တေးမှတ်ထားခဲ့သည်။ ကိုဗဟိန်း၏ အရိပ်လေးမှာ သူ၏ဇနီး မခင်ကြီး ဖြစ်ပါသည်။
အဖိုးထိုက်တန်လှပသည့် ကျောက်မျက်ရတနာများသည် တောတောင်အနှံ့ ပြန့်ကျဲနေသည်။ ဟိုတော သည်တောင်အနှံ့ပြန့်ကျဲနေသည့်ကျောက်မျက်ရတနာများကို ကောက်ယူပြီး ကြိုးဖြင့်သီကုံးနိုင်ပါသည်။ ကျွန်တော်သည် ဟိုစာသည်စာများမှာပြန့်ကျဲနေသည့် မခင်ကြီးအကြောင်းကို ဆိုင်ရာတွဲချိတ်ယူပြီး မခင်ကြီး၏ ပုံရိပ်လွှာပေါ်အောင်သီကုံးထားပါသည်။ သီကုံးထားသည့် ကျောက်မျက်ရတနာတွဲ မလှပခဲ့လျှင် သီကုံးသူအပြစ်သာဖြစ်သည်။ ကျောက်မျက်တို့၏ မူရင်းတန်ဘိုးကိုအပြစ်မဆိုနိုင်ပါ။ သီကုံးသူညံ့သဖြင့်သာ ဟု ဆိုရပါတော့မည်။
မခင်ကြီး၏ရုပ်ပုံလွှာကို ကိုဗဟိန်းနှင့်မခင်ကြီးတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကြပုံမှ စတင်ပါသည်။ သက်ဆိုင်ရာ အခန်းများတွင် မူရင်းစာအုပ်များကိုညွန်းထားပါသည်။ တခန်းနှင့်တခန်း အဆင်ပြေပြေချိတ်မိစေရန် ရည်ရွယ်သည့်အနေဖြင့် သီကုံးသည့်ကြိုးသဖွယ် ကျွန်တော်၏မှတ်စုများကို စာလုံးအစောင်းဖြင့် ပြထားပါသည်။ ထိုစာလုံးအစောင်းများမှအပ ကျန်စာများသည် စာအုပ်များမှထုတ်နှုတ်ထားသည်များသာ ဖြစ်ပါသည်။
ကျွန်တော်သည် မခင်ကြီး၏ပုံရိပ်လွှာကို အောက်ပါစာအုပ်များမှ ထုတ်နှုတ်သီကုံးထားပါသည်။ အချက်အလက်များ၊ ဓါတ်ပုံများ၊ အကြောင်းအရာများကို သုံးစွဲခွင့်ပြုပါရန် မူရင်းစာအုပ်ရေးသားသူများအား ပန်ကြားအပ်ပါသည်။
၁။ ဒဂုန်တာရာ၊ ရုပ်ပုံလွှာ၊ ပုဂံစာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၁၉၆၃ အောက်တိုဘာ။
၂။ ဒဂုန်တာရာ၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ၊ ရာပြည့်စာအုပ်တိုက်၊ ပထမအကြိမ်၊ ၁၉၉၇ ဒီဇင်ဘာ။
၃။ သခင်တင်မြ၊ ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ သီဟရတနာ စာအုပ်တိုက် ၊ ပထမအကြိမ်၊ ၂၀၀၇ မတ်လ။
၎။ သိန်းဖေမြင့်၊ သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်၊ စာအုပ်ဈေး ၊ ပထမအကြိမ် ၊ ၂၀၀၀ ခုနှစ် ဇွန်လ။
၅။ ပြုစုသူအများ၊ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ - ဒုတိယတွဲ၊ မြရာပင်စာပေ၊ ပထမအကြိမ်၊ ၁၉၆၉ စက်တင်ဘာ။
စောသက်လင်း
* * * * * * * * * * * * * * * * * * * * * *
ဒေါ်ခင်ကြီး (လေထီးဦးအုန်းမောင်၏ နှစ်ပေါင်းငါးဆယ် ကြာသောအခါ စာအုပ်မှ)
(အပိုင်း ၁ - အချစ်ဇာတ်လမ်း)
(...........ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ- ၈၉ - ၉၀...............။ မခင်ကြီးက သူနဲ့ကိုဗဟိန်းတို့ ဘတ်စ်ကားပေါ်မှာ အမှတ်မထင်စတွေ့ကြပုံကို ပြောပြပါတယ်။
မခင်ကြီးက ၁၉၃၉ ခုနှစ်စာသင်နှစ်မှာ ပြည်လမ်းက ဆရာအတတ်သင်ကောလိပ် (TTC) မှာတက်နေတုန်း၊ တစ်နေ့ နံနက်စောစော စမ်းချောင်းမြေနုလမ်းကနေ ကျောင်းသို့ဘတ်စ်ကားစီးလာခဲ့ပါတယ်။ ကားပေါ်မှာ သိမ်ကြီးဈေး နို့ဈေးပြန်ကုလားတွေရဲ နို့ပုံးတွေနဲ့ပြည့်နေတဲ့ ကား တက်စီးမိရက်သား ဖြစ်နေတယ်တဲ့။ ထိုင်စရာနေရာက တစ်ကွက်ပဲရှိတယ်။ ထိုင်ဖို့ အဲဒီနေရာအသွား နို့ပုံးနဲ့တိုက်မိရော။ လူကမဟန်နိုင်လို့ လဲမလိုဖြစ်တော့ ကွက်လပ်ဘေးကထိုင်နေသူရဲ့ပခုံးကို ကိုင်လိုက်မိတယ်။ ရှက်လိုက်တာလဲ လွန်ရော၊ လူက မွှန်ထူပြီး လက်ကကိုင်လာတဲ့စာအုပ်တွေ ကြမ်းပေါ်ပြုတ်ကျ။ လူကလည်း ဟိုလူ့ဘေးမှာ ၀င်ထိုင်လိုက်ရတယ်။ ပါးစပ်က "ဆောရီး ဆောရီးနော်" လို့ အလိုလို ထွက်သွားတယ်။ ထိုင်နေသူက ကျသွားတဲ့ စာအုပ်တွေကို ကောက်ပေးတယ်။ သူ့ကို "ကျေးဇူးပဲ"လို့ပြောပြီး သူ့ဆီ အသာမျက်လုံးဝှေ့ကြည့်လိုက်မိတယ်။ စူးစူးဝါးဝါးစိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ကို ဆုံမိတယ်။ ဒိန်းခနဲ ခုန်လိုက်တဲ့ရင်၊ မျက်စေ့ကို ချက်ချင်း လွှဲလိုက်ရတယ်။ ကျွန်မ ခေါင်းမဖော်ရဲတော့ဘူး။ ကျောင်းရှေ့မှတ်တိုင်ရောက်တာနဲ့ ကားပေါ်က ကမန်းကတန်းဆင်းလိုက်ရတယ်။ ကျောင်းရောက်တဲ့အထိ ခုန်နေတဲ့ရင်က မရပ်ချင်သေးဘူး။
ကျွန်မမျက်စေ့ထဲမှာ ပြုံးနေတဲ့နှုတ်ခမ်းနဲ့ သူ့ဆံပင်ကောက်ကောက်လေးတွေကို မေ့မရဖျောက်မရ ဖြစ်နေ ရတယ်။ ဘယ်ကသူမှန်းလဲမသိ၊ ကားပေါ် အမှတ်မထင်ဖျတ်ခနဲတွေ့လိုက်ရတဲ့ သူ့မျက်နှာအပြုံးပန်းကို လွမ်းနေမိတဲ့ကိုယ့်ကိုလည်း ဒေါသဖြစ်မိတယ်။ ကျောင်းက အိမ်ပြန်ရောက်လည်း သူ့မျက်နှာက အိမ်အထိ ပါလာတယ်။ အဲဒီညမှာလည်း အိပ်ယာဝင်တော့ အဲဒီအပြုံးက တော်တော်နဲ့ထွက်မသွားဘူး။ အတွေးထဲ စေ့စေ့ပေါ်နေတာနဲ့ မျက်စိကိုအတင်းမှိတ်ပြီး ဇွတ်အိပ်လိုက်ရတယ်။
နောက်တစ်နေ့မှာ ကျောင်းအားလပ်ရက်ဖြစ်တော့ အိမ်မှုကိစ္စလုပ်နေတာနဲ့ သူ့အပြုံးကိုမေ့မေ့ပျောက်ပျောက် ဖြစ်နေတယ်။ အိမ်ရှေ့အိမ်ကလည်း ကျွန်မတို့ပိုင်တဲ့အိမ်ပဲ။ အောက်ထပ်ကလွတ်နေတော့ အိမ်ငှားရန် ဆိုင်းဘုတ်ချိတ်ထားပါတယ်။ အိမ်ငှားချင်သူတွေက မကြာခဏစုံစမ်းလေ့ရှိပါတယ်။
နံနက် ၉ နာရီလောက်မှာ ဧည့်ခန်းက လူစိမ်းအသံကြားတာနဲ့ ဖတ်နေတဲ့စာအုပ်ကိုအောက်ချပြီး အခန်းထဲက ထွက်ကြည့်လိုက်တယ်။ လား လား...။ ကိုရွှေအပြုံးရှင်နဲ့ အဖော်တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူကတော့ ကျွန်မကို ပြုံးလို့ကြည့်နေပါတယ်။ ကျွန်မမှာ ပူထူပြီး အခန်းထဲပြန်ဝင်ရမလို၊ ထွက်လာရမလို နဝေတိမ်တောင်ဖြစ်ပြီး ရပ်နေမိတယ်။ သူတို့ကိုဧည့်ခံနေတဲ့ အဒေါ်က "ဟဲ့ ခင်ကြီး လာထိုင်လေ" ဆိုတော့မှ သတိရပြီး ကုလားထိုင်တစ်လုံးမှာ အသာဝင်ထိုင်လိုက်မိတယ်။ ကျွန်မတော့ ဣနြေ္ဒပျက်လောက်အောင်ကို ခေါင်းငုံ့ထိုင်နေမိတယ်။ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်၊ ရင်ကလည်းတဒိန်းဒိန်းနဲ့၊ အဒေါ်နဲ့သူ စကားပြောနေ ကြတာလဲ မကြားတစ်ချက် ကြားတစ်ချက်နဲ့။ သူတို့နှစ်ယောက်က အခန်းလာငှားတာ။ အသားညိုညို သူနဲ့ပါတဲ့သူကတော့ ကျောင်းပြီးသွားပြီတဲ့၊ နှစ်ယောက်အတူ နေကြမှာ။ အဒေါ်နဲ့သူတို့ အပေးအယူတည့် သွားပြီး နောက်နေ့မှာ အိမ်စဘော်လာပေးမယ်။ သူတို့ တစ်ခါတည်းပြောင်းလာကြမယ်လို့ပြောဆိုပြီး နှုတ်ဆက်ပြန်သွားကြကာမှ ကျွန်မလည်း သတိပြန်ဝင်လာတယ်။ ဒီတစ်ခါ ခုန်ရတဲ့ရင်က အရှက်ရင်မဟုတ်၊ အပျော်ရင်ပါ။
သူ ကျွန်မတို့အိမ် လာငှားတာဟာ တိုက်ဆိုင်တာလား၊ တမင်သက်သက်လာငှားတာလား။ ကျွန်မကတော့ တိုက်ဆိုင်တာဘဲဖြစ်မယ်လို့ ထင်ခဲ့တယ်။ သူနဲ့ ကျွန်မ သမီးရီးစားဖြစ်ပြီး မေးကြည့်တော့မှ သူက Love at first sight (မြင်တာနဲ့ကြိုက်) ဆိုတာ အလွန်မှန်တယ်တဲ့။ ဘတ်စ်ကားပေါ်မှာ ကျွန်မကို စတွေ့လိုက်ကတည်း က သူ့အသဲ စွဲသွားတာတဲ့။ ကားပေါ်မှာ လွတ်ကျသွားတဲ့ ကျွန်မရဲ့ဗလာစာအုပ်ကို ကောက်ပြီးအပေး တဒင်္ဂ ကြည့်လိုက်တာနဲ့ စာအုပ်မျက်နှာဖုံးအပေါ်ရေးထားတဲ့ လိပ်စာကို မှတ်ထားလိုက်တာတဲ့။ နောက်နေ့ ကိုထွန်းရှိန် (နောင် ဗိုလ်ရန်နိုင်) ကိုခေါ်ပြီး လိပ်စာအတိုင်းလိုက်လာတာ အခန့်သင့်ချင်တော့ မျက်နှာချင်းဆိုင် အိမ်မှာ အခန်းငှားရန်ရှိသည်ဆိုတဲ့ဆိုင်းဘုတ်ကြောင့် ကျွန်မတို့အိမ် ၀င်မေးပြီး အခန်းငှားလိုက်ကြတာ တဲ့။.....................)
(.............ရုပ်ပုံလွှာ၊ ဘဟိန်း သို့မဟုတ် ကဗျာ။ စာ ၄၉ - ၅၀.....................ကိုဘဟိန်းသည်လည်း ချစ်စိတ်ကြိုက်စိတ်ရှိသည်။ တက္ကသိုလ်တွင်ရှိစဉ်က လှပသောကျောင်းသူတဦးကို ကော်ရစ်ဒါအကွေ့တွင် လိုက်၍ချစ်စကား ပြောဖူးသည်။ သူလိုကျောင်းသားခေါင်းဆောင်က ကျောင်းသူကလေးကို ကော်ရစ်ဒါအကွေ့ တွင် စကားလိုက်ပြောသည်ဆိုသောသတင်းထူးသည် တက္ကသိုလ်တွင် ပျံ့နှံ့၍သွား၏။................။
ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင်မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ချိုးဝင်ရသော မြေနုလမ်းတွင်နေကာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏသွားလည်လေ့ရှိသည်။ သူ၏ အိမ်တွင် ဓါတ်စက်တလုံးရှိ၏။
ကိုဘဟိန်းတွင် လူတွေကိုချစ်ခင်တတ်သော မေတ္တာဓါတ်ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးကိုအင်မတန်ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းရှိအိမ်သို့သွားလည်ရာ သူသည် ၄ နှစ် သားအရွယ်ကလေးလေးကို ဒူးနှစ်ဘက်ကြားတွင်ပွေ့ဖက်ကာ "သည်ဆောင်းဟေမန်" ဓါတ်ပြားဖွင့်လျက်ရှိသည်ကိုတွေ့ရသည်။ ကလေး၏ နှပ်ချေးများကို သူကိုယ်တိုင်လက်ဖြင့် သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန်အလိုလိုက်သည်။
ကျွန်တော်ကမသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ "ဘယ့်နဲ့လဲ ဖိုးထွန်းရှိန်၊ သူ့မှာ အစ်မချောချော၊ အဒေါ် ချောချောမှ ရှိရဲ့လား" ဟု ကလေးကိုမေးငေါ့ပြယင်း ရယ်မောကာမေးလိုက်၏။ ကိုဘဟိန်းကား ဓါတ်စက်မှ သော့ကိုသာ အတွင်လှည့်နေသည်။
ကိုထွန်းရှိန်သည် အိမ်ရှေ့ဘက်လမ်းဆီသို့ငေးကြည့်ကာ "မသိတော့လားဗျာ" ဟု ခပ်ပြုံးပြုံးဖြေလေသည်။
သူ၏အိမ်ရှေ့တွင်ကား ဆရာဖြစ်သင်ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။
ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ကတည်းကပင် အတော်စွဲ၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်းက သူနှင့်ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှဖြတ်၍သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ်သင်္ဘောဖြင့်ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ်ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့တစောင်ကျ စာထည့်၏။ သင်္ဘောဆိပ်ကမ်းမြို့တမြို့သို့ ဆိုက်ကပ်လျှင် ကျွန်တော်စာတက်၍ ထည့်ရ၏။ ကျွန်တော်အမေ့ထံသို့စာထည့်ရန် ရန်ကုန်က ၀ယ်လာခဲ့ သော ဒစ်ကင်ဆန် စာရေးစက္ကူကပ်အပြာနုမှာ သူ့မခင်ကြီးထံသို့စာရေးသဖြင့် ရှမ်းပြည် နမ်းမတူရောက် အောင်ပင်မခံဘဲ အကုန်ချောတော့၏။....................။)
(.......ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ..၊စာ ၉၁.။...........................။ မခင်ကြီးက ကိုဗဟိန်းအကြောင်း ဆက်ပြောပါတယ်။ "ကျွန်မနဲ့သူ ခုမြင်ခုကြိုက်ပြီး ညားကြတယ်။ သူ့မှာ ကျွန်မအရင် သူစွဲစွဲလန်းလန်းချစ်ခဲ့တဲ့ ချစ်ဦးသူရှိခဲ့တယ်။ သူ တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌလုပ်နေတုန်းက သမဂ္ဂအသင်းဝင် အင်းယားဟောသူ ထားဝယ်က မသန်းတဲ့။ နဂါးနီ ကိုထွန်းအေးရဲ့ ညီမပါ။ သူတို့နှစ်ယောက်အကြောင်းကို တက္ကသိုလ်မှာအားလုံးသိကြတယ်။ ၁၉၃၈ ခုနှစ် သူတို့နှစ်ယောက်လုံး ဘီအေအောင်၊ ကျောင်းပြီးသွားတော့ မသန်းက ထားဝယ်ပြန်၊ ကိုဗဟိန်းက ရန်ကုန် ကျန်ရစ်၊ တဖြည်းဖြည်း အဆက်ပြတ်သွားကြတာတဲ့။ အဲဒီအချိန်မှာ ကျွန်မ သူနဲ့တွေ့ပြီး သမီးရည်းစားဖြစ်ခဲ့ကြတာပါ။
၁၉၄၀ ခုနှစ်စမှာ ကျွန်မတို့ ရုံးတက်လက်မှတ်ထိုးပြီး လက်ထပ်လိုက်ကြတယ်။ ကျွန်မတို့လက်ထပ်တာ သူ့ အိမ်ကိုလည်း သူအသိမပေး၊ ကျွန်မကလဲ ကျွန်မ မိဘတွေဆီခွင့်မတောင်းဘဲ တိုးတိုးတိတ်တိတ် လက်ထပ် လိုက်ကြတာ။ ဒီသတင်း ဘယ်လိုကဘယ်လို ပေါက်ကြားသွားတယ်မသိဘူး။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုဗဟိန်းနဲ့ တီတီစီကျောင်းသူမခင်ကြီးတို့ နှစ်ဦးသဘောတူ တရားသူကြီးရှေ့မှောက်တွင် လက်ထပ်ပြီးစီးကြောင်းသတင်း မြန်မာ့အလင်းမှာပါလာတာပေါ့။
ပခုက္ကူမှာရှိတဲ့ ကျွန်မမိဘများကတော့ ဒေါပွတာပေါ့၊ ကိုဗဟိန်းရဲ့မိဘတွေကတော့ ကိုဗဟိန်းကို အလွန်ချစ် ကြတော့ သူတို့ တင့်တောင့်တင့်တယ် ခမ်းခမ်းနားနားလက်ထပ်မပေးရတဲ့အတွက် စိတ်မကောင်းကြောင်း၊ ကျွန်မတို့နှစ်ယောက်ကို မန္တလေးပြန်လာဖို့၊ တခမ်းတနားပြန်လက်ထပ်ပေးမယ်လို့ အကြောင်းကြားလိုက်ပါ တယ်။ ကိုဗဟိန်းက စာမပြန်ဘူး။
ကျွန်မ မိဘများကတော့ ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းစရိတ်ဆက်မပို့တော့ဘူး။ ကိုဗဟိန်းကိုတော့ သူ့ မိဘများက လစဉ်ပို့နေကြထက်တောင် ပိုက်ဆံ ပို ပို့ပေးတယ်။ အံမယ် ကိုဗဟိန်းကလဲ မာနနဲ့ရှင့်။ ပို့တဲ့ငွေကို မယူဘူး၊ ပြန်ပို့ပေးလိုက်တယ်။
ကျွန်မတို့ မင်္ဂလာဆောင်တဲ့သတင်းနဲ့ ကိုဗဟိန်းအလုပ်မရှိသေးတာသိတဲ့ မြန်မာ့အလင်းဦးတင်က ကိုဗဟိန်းကို မြန်မာ့အလင်းမှာ ဘာသာပြန်အယ်ဒီတာအလုပ် ခန့်ပေးလိုက်ပါတယ်။ ဦးတင်ရဲ့ကျေးဇူးကြောင့် မင်္ဂလာဦးမှာ အဆင်ပြေသွားခဲ့ပါတယ်"
(အပိုင်း ၂ - အိမ်ထောင်သည်ဘ၀နေ့ရက်များ)
(ကိုဗဟိန်းသည် ၁၂၇၉ ခုနှစ် ၀ါဆိုလဆန်း ၁၀ ရက် (၂၈-၆-၁၉၁၇) နံနက် ၇ နာရီတွင် မွေးဖွားခဲ့သဖြင့် သူအိမ်ထောင်ပြုသည့် ၁၉၄၀ ခုနှစ်တွင် သူ၏ အသက်မှာ ၂၃ နှစ် ဖြစ်ပါသည်။ မခင်ကြီးသည် ၂၈-၁၂-၁၉၁၇ တွင် မွေးဖွားခဲ့သဖြင့် အိမ်ထောင်ပြုချိန်မှာလည်း ၂၃ နှစ်ဝန်းကျင်ဖြစ်သည်။ ကိုဗဟိန်း၏ မွေးနေ့နှင့် မွေးရက် ကွဲလွဲမှုများ ရှိနေသည်။ စောသက်လင်း)
(၂၈-၆-၁၉၁၇ - ၂၀-၁၁-၁၉၄၆) အသက် ၂၉ နှစ်တွင် ကွယ်လွန်သည်။ ဓါတ်ပုံ - ဖျတ်ခနဲ ....စာအုပ်မှ
(....ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ....၊ စာ ၁၀၅ - ၁၀၆...........။ ၁၉၄၁ ခုနှစ် မိုးအကုန်၊ မကုန်ခင် လပိုင်းဖြစ်မည်ထင်သည်။ ကျွန်တော်၏ မေဝတ္ထုထွက်သည့်လပိုင်းလောက်တွင် ကိုဗဟိန်း အဖမ်းခံရသည်။ ထိုအခါက ရွှေဂုံတိုင်ရှိ ခြင်္သေ့ရုပ်လှေကားအထက်နားရှိ ဇရပ်တစ်ဆောင် (ထိုအခါက အင်္ဂလိပ်တော်လှန်ရေး မြေအောက်လျှို့ဝှက်စခန်း) မှ အပြန် ညဘက်အဖမ်းခံရခြင်းဖြစ်သည်။ ဗဟန်း (လျှို့ဝှက်စခန်း)တွင်ရှိနေစဉ် ထိုညက "မခင်ကြီးကို လွမ်းတယ်ဗျာ" ဟုပြောပြီး မြေနုလမ်းအိမ်သို့ အပြန် အဖမ်းခံရခြင်းဖြစ်သည်ဟု ကြားရဖူးသည်။...........။..............။ လျှို့ဝှက်စခန်းတွင်ပုန်းအောင်းနေစဉ် ကိုဗဟိန်းက ရခါစဇနီးသည်အားလွမ်းသည်ကို ကျွန်တော်က သဘောကျသည်။..............။ .............။.............။ ကိုဗဟိန်းက "ချစ်သူဆိုတာ အချစ်ဆုံးအဖော်ပဲဗျ။ အထူးသဖြင့် ဒုက္ခကို ဝေငှခံနိုင်တယ်".....)
(........ ရုပ်ပုံလွှာ၊ ဘဟိန်း သို့မဟုတ် ကဗျာ၊ စာ ၅၄ -၅၅........။ သူသည် (ကိုဗဟိန်း)သည် အက်ဂါစနိုး ရေးသော တရုတ်ပြည်ပေါ်ကကြယ်နီစာအုပ်ကို ဖတ်လျက်ရှိသည်။ ကျွန်တော်မှာ ရန်ကုန်သို့ ၂ ရက် ၃ ရက် ဆိုပြီး တောမှအလာ ၃ လ ခန့်ကြာပြီး သောင်တင်လျက်ရှိရာ၊ လဲစရာလုံချီပိုမရှိ၊ ဘန်ကောက်လုံချည်အပြာ တထည်ကိုသာ မချွတ်တန်းဝတ်နေရ၏။ သို့ဖြစ်ရာ ကိုဘဟိန်းဝတ်ထားသော မန္တလေးလုံချီအစိမ်းနှင့်လဲရန် အတင်းပူဆာ၏။
ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဌာန အတွင်းဝန်ရုံးခန်း တံခါးကိုပိတ်ကာ ဘောင်းဘီတိုကလေးတွေနှင့် တယောက်လုံချည် တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ်ရယ်မောလျက် ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအားပြောပြသောအခါ "ရှင်တို့ဟာ ခလေးတွေလိုဘဲနော်၊ အရှက်လဲမရှိဘူး" ဟု ရယ်ကာကြိမ်း၏။....................။)
(........ ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ ၈၈ - ၈၉..............။ ကိုဗဟိန်းကို ဂျပန်ခေတ်ကဆေးရုံကြီး (ရန်ကုန် စစ်ရုံးချုပ်ဟောင်း) မှာ သူ့ဇနီး မခင်ကြီးနှင့်အတူ စတင်တွေ့လိုက်ပါတယ်။ အရပ်က ပုပြတ်ပြတ်၊ မခင်ကြီးက သူ့ထက်တောင် အရပ်ရှည်သေး။ ကိုဗဟိန်းက အသားဖြူဖြူ ဆံပင်ကခွေလိပ်လိပ်နဲ့ အတော် ကြည့်ကောင်းတဲ့ မျက်နှာပေါက်ပါ။ သူနဲ့ယှဉ်လိုက်တော့ မခင်ကြီးက အကျည်းတန်တယ်လို့ထင်ရပါတယ်။ အမှန်က မခင်ကြီးလည်း အရုပ်မဆိုးပါ။ မခင်ကြီးကို ဒေါက်တာလှရွှေ (၁၃၀၀ပြည့်အရေးတော်ပုံကျောင်းသား ခေါင်းဆောင်) ဆီမှာလာပြတာပါ။.........။ ဒေါက်တာလှရွှေနဲ့က သူတို့လင်မယားနှစ်ယောက်လုံးနဲ့ အတော်ရင်းနှီးပုံရပါတယ်။...........။ သူတို့စကားနားထောင်ရင်း ကိုဗဟိန်းနဲ့မခင်ကြီးကို ကျမ ကောင်းကောင်းအကဲခတ်နိုင်ခဲ့တာပါ။..............။)
(အပိုင်း ၃ - ဖက်ဆစ်တော်လှန်ရေးအလွန် ကာလများ)
(..........ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ ၈၉ - ၉၀.................။ နောက်တကြိမ် သူတို့လင်မယားနဲ့ ပြန်တွေ့တာကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးစ ၁၉၄၅ ခုနှစ် ဇွန်လ မြေနီကုန်း မြေနုလမ်းက သူတို့အိမ် အပေါ်ထပ်မှာပါ။ ကိုဗဟိန်းက မမာရှာပါ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း တောင်ငူပြောက်ကျားတပ်ကိုခေါင်းဆောင်ပြီး မအိပ်မနေမရပ်မနားအပင်ပန်းခံ တိုက်ပွဲတွေကိုဦးစီးခဲ့လို့ရခဲ့တဲ့ ပဲခူးရိုးမငှက်ဖျားရောဂါကြောင့် အိပ်ယာထဲ လဲနေရတဲ့အချိန်ပေါ့၊ အနားကတော့ မခင်ကြီးက သူ့ကို အရိပ်တကြည့်ကြည့်နဲ့ပါ။ ...........။ သူ့အနားမှာ နေ့ညမဟူပြုစုနေတဲ့ မခင်ကြီးကတော့ မျက်နှာပေါ်ကစိုးရိမ်စိတ်ကို မဖုံးကွယ် နိုင်ရှာပါ။........။............။ (ကိုဗဟိန်းက ရောဂါသည်းထန်နေလျက်မှ ပါတီအလုပ်များကို ဇွတ်လုပ်နေသဖြင့်) မခင်ကြီးက ကလေးဆိုးကြီးလိုပြောမရတဲ့သူ့ယောင်္ကျားအလစ်မှာ သခင်သန်းထွန်းနဲ့ကိုသိန်းဖေတို့ကို သွားသွားတိုင်တယ်။ အဲဒါလည်း ကိုဗဟိန်းက မမှု၊ လုပ်မြဲလုပ်နေတာပဲ။...........။)
(....ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ စာ ၁၁၂........။ (ကိုဗဟိန်းသည် မန္တလေးဆေးရုံကြီး တွင် တက်ရောက်ကုသနေရင်း ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်) ကိုဗဟိန်း ကွယ်လွန်သောအခါ သူသည် ဗမာပြည်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ၊ ပြည်သူ့အာဏာဂျာနယ်အယ်ဒီတာ ဖြစ်သည်။.........)
(အပိုင်း ၄ - ပဲခူးရိုးမ)
(မခင်ကြီးသည် ၁၉၄၆ ခုနှစ် အသက် ၂၉ နှစ်အရွယ်တွင် မုဆိုးမဖြစ်ခဲ့ရပါသည်။ စောသက်လင်း)
(..........ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ၊ စာ ၈၉ - ၉၁.............။ ၁၉၅၂ ခုနှစ် တောတွင်း ပျဉ်းမနား အနောက် တောင်ညိုဒေသ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဌာနချုပ် ရွှေဝါစခန်းရောက်တော့ မခင်ကြီးနှင့် ပြန်တွေ့ရပြန်ပါတယ်။ မခင်ကြီးဟာ သခင်သန်းမြိုင်နဲ့အိမ်ထောင်ကျနေပါပြီ။ သခင်သန်းမြိုင်ဟာ ၁၉၄၆ ခုနှစ် အကုန်လောက်မှာ သူတို့ပါတီဌာနချုပ်က အမျိုးသမီးကေဒါ မကြည်ညွန့်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၄၉ ခု နှစ်လောက်မှာ သူတို့လင်မယားကွဲသွားကြတော့ တစ်ခုလပ်ဖြစ်သွားပါတယ်။ သခင်သန်းမြိုင်နဲ့မခင်ကြီးတို့ကို သခင်သန်းထွန်း၊ သခင်သိန်းတင်၊ ဆရာချစ်တို့က ကမကထလုပ်ပြီး ပေးစားလိုက်ကြတယ်လို့ သိရပါတယ်။ ပထမ မခင်ကြီးက လက်မခံဘူး၊ နောက်မှ လူကြီးတွေကို အားနာပါးနာနဲ့လက်ခံလိုက်တာတဲ့။
မခင်ကြီးကို အကဲခတ်ရတာ သူ့ယောင်္ကျားသခင်သန်းမြိုင်ကို သံယောဇဉ်ရှိပုံမရပါ။ နေ့လယ်နေ့ခင်း ကျွန်မတို့နဲ့ စကားလက်ဆုံကျရင် ကွယ်လွန်သူ သူ့ယောင်္ကျားဟောင်း ကိုဗဟိန်းအကြောင်းကိုပဲ အမှတ်တရ ပြောလေ့ရှိပါတယ်။..............။ သူ့ယောင်္ကျားသခင်သန်းမြိုင်ကိုရှေ့ထားပြီးပြောနေတာကြောင့် သူ့အစား သခင်သန်းမြိုင်ကို အားနာလှပါတယ်။......)
(.......သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ - ဒုတိယတွဲ၊ စာ ၆၅၇ - ၆၅၈............။ ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုအဖွဲ့ဝင်သခင်သန်းမြိုင်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော သခင်ပု၊ ဗိုလ်ဇေယျတို့ခေါင်းဆောင်သောအဖွဲ့သည်လည်း ဗမာပြည်မြောက်ပိုင်း မြစ်ကြီးနားနှင့်ဗန်းမော်ကြား ကချင်အမျိုးသားဒေသမှ နယ်စပ်ကိုဖြတ်ကျော်၍ တရုပ်ပြည်အတွင်းသို့ အထူး လျှို့ဝှက်စွာပင် ထွက်ခွာခဲ့ကြ၏။.........။ ။.............။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဝေးရောက် ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သောသခင်သန်းမြိုင်ကလည်း တရုပ်အမျိုးသမီးတစ်ဦးနှင့်လက်ထပ်ရန်အတွက် တရုပ်ကွန်မြူနစ်ပါတီနှင့် လျှို့ဝှက်စွာပင်အစီအစဉ်ပြုလုပ်လေသည်။
သခင်သန်းမြိုင်နှင့်အိမ်ထောင်ပြုခွင့်ရသည့် တရုပ်အမျိုးသမီးမှာ ရှဲ့ကျွယ်ဆိုက် ဆိုသူဖြစ်၏။ ရှဲ့ကျွယ်ဆိုက် သည် တရုတ်ပြည်သူ့အစိုးရ ဇီချွမ်ပြည်နယ် ချင်တူးမြို့ရှိ ပြည်နယ်ယဉ်ကျေးမှုဌာနမှ အကနည်းပြဆရာမ ကလေးဖြစ်၏။ တရုပ်ပြည်ကွန်မြူနစ်ပါတီမှ လေ့ကျင့်ထားသည် ကေဒါတဦးဖြစ်သည်။
ထို့ကြောင့် တရုပ်ပြည်ကွန်မြူနစ်ပါတီသည် သခင်သန်းမြိုင် (၀မ်ကျန်း) နှင့် ရှဲ့ကျွယ်ဆိုက်တို့အား အထူး တည်ခင်းကျွေးမွေးသောဟိုတယ်ကြီးတွင်ပင်စီစဉ်၍ လက်ထပ်မင်္ဂလာပွဲကြီးကို တခမ်းတနားပင် ကျင်းပ ပေးလေသည်။ မှတ်ချက်....သခင်သန်းမြိုင်၏ဇနီးဖြစ်သော တရုပ်အမျိုးသမီး အကနည်းပြဆရာမကလေး ရှဲ့ကျွယ်ဆိုက်သည် ၁၉၆၄ ခုနှစ်ဦးတွင် ဗမာပြည်သို့လာသော တရုပ်ယဉ်ကျေးမှုအဖွဲ့နှင့်အတူ လိုက်ပါခဲ့ ပါသည်။.........................)
(အပိုင်း ၅ - ခြေရာခံမိသမျှ မခင်ကြီး၏ နောက်ဆုံးပုံရိပ်)
(၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နေ့ထုတ် ဗိုလ်တထောင်သတင်းစာ ပွင့်ပွင့်လင်းလင်းပြောပါရစေတွင် ဦးသိန်းဖေမြင့်ရေးသားခဲ့သည့် မခင်ကြီး၏သတင်းသည် ကျွန်တော် ခြေရာခံမိသမျှတွင် နောက်ဆုံးဖြစ် ပါသည်။ သခင်တင်မြနှင် တွေ့ဆုံခြင်း စာအုပ်အရ၊ ဗိုလ်ချုပ်နေ၀င်းက ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဖိတ်ခေါ်သည့်အချိန်တွင် သခင်သန်းမြိုင်သည် ရုရှနိုင်ငံ မော်စကိုမြို့တွင် ရှိနေပါသည်။ ထိုအချိန် ၁၉၆၃ ခုနှစ်တွင် မခင်ကြီးသည် ရန်ကုန် (သို့) ထောင်ထဲတွင် ရှိနေမည်ဟု ယူဆရပါသည်။ သခင်သန်းမြိုင်သည် ၁၉၅၃ ခုနှစ်တွင် မြန်မာပြည်မှထွက်ခွာသွားသဖြင့် မခင်ကြီးနှင့်ပေါင်းသင်းခဲ့သည်မှာ နှစ်အနည်းငယ်သ ဖြစ်လိမ့်မည်ဟု မှန်းဆနိုင်ပါသည်။ နောက်ပိုင်း သူတို့နှစ်ယောက် ပြန်တွေ့ မတွေ့ကိုမသိသေးပါ။ ၁၉၆၄ ခုနှစ်တွင် မခင်ကြီးသည် အသက် ၄၇ နှစ်ခန့် ရှိပါပြီ။ မခင်ကြီး ကွယ်လွန်သည့်နေ့ရက်ကို မတွေ့မိသေးပါ။ စောသက်လင်း)
(......သူတို့ခေတ်၊ သူတို့အတိတ်၊ သူတို့အရိပ်၊ စာ ၁၂၇ - ၁၃၀။...........။ မြင်းပြိုင်ကွင်းကြီးထဲ ခဏတဖြုတ်ဝင်ကြည့်ပြီးတဲ့နောက် ခင်ကြည်ကြည်က မြင်းပြိုင်ကွင်းနားမှာနေကြတဲ့ သူ့ရဲဘော်မဟောင်း ကြီးများဖြစ်ကြသူ မခင်ကြီးနှင့်မခင်ရီတို့ထံ သွားချင်တယ်ဆိုလို့ သွားကြတယ်ဗျ။
မခင်ကြီးဟာ ကွယ်လွန်သူ ရဲဘော်သခင်ဗဟိန်းရဲ့ဇနီးဖြစ်တယ်။ နောက်အိမ်ထောင်ကျသော်လည်း ကွန်မြူနစ်ပေါလစ်ဗြူရိုလူကြီး သခင်သန်းမြိုင်က နိုင်ငံခြားရောက်နေတယ်။ မခင်ရီကတော့ ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ဖြစ်သူ သခင်တင်ဖေရဲ့ဇနီးဖြစ်တယ်။ နှစ်ယောက်စလုံး တောခိုနေရာမှ အဖမ်းခံခဲ့ကြရပြီး ထောင်ကလွတ်လာတဲ့အတွက် ရန်ကုန်မြို့မြင်းပြိုင်ကွင်းအနီး ၁၆၈ လမ်းမှာ နေနေကြတယ်။
သူတို့ နှစ်ယောက်စလုံးဟာ တစ်ခါတုန်းက ကျွန်တော့်ဇနီးနှင့်အတူ ကွန်မြူနစ်မကြီးတွေဖြစ်ခဲ့တယ်။ သူတို့ နှစ်ယောက်ကတော့ တောခိုသွားကြသည်အထိ နိုင်ငံရေးလုပ်ခဲ့ကြတယ်။ ခုတော့ ဘာနိုင်ငံရေးမျှ မလုပ်တော့ဘဲ အေးအေးဆေးဆေး အသက်မွေးဝမ်းကျောင်းမှုပြုနေကြတယ်။
သူတို့နေထိုင်ကြတဲ့လမ်းဟာ တကယ့်မြန်မာဆင်းရဲသား ရပ်ကွက်တစ်ခုဖြစ်တယ်။ ညပ်ညပ်သပ်သပ် ဆင်းဆင်းရဲရဲနေကြရတဲ့ လုပ်သားပြည်သူတွေကို တွေ့မြင်ရတယ်ဗျ။
မခင်ကြီးတို့ မခင်ရီတို့တတွေဟာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်လုပ်နေကြတယ်ဆိုတာ ကြားကတည်းက ချီးကျူးနေတာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်မြူနစ်ဖြစ်ပြီး တောမှပြန်လာသူ၊ သို့မဟုတ် ထောင်မှလွတ်လာသူအများအပြားနှင့် အခြားနိုင်ငံရေးသမားဟောင်းများစွာဟာ ဘ၀င်က တော်တော်နှင့်မကျကြဘဲ မြေကြီးထဲဆင်း အလုပ်မလုပ်ချင်ကြဘူး။ ယခင်နိုင်ငံရေးအစိုးရခေတ်ဆီတုန်းက တောပြန် ထောင်ထွက် ကွန်မြူနစ်အချို့ဟာ အရင်းရှင်အဖြစ်ခံယူရန် ကုမ္ပဏီထောင်သူထောင်၊ လိုင်စင်ပွဲစား လုပ်သူလုပ်၊ အသေးစား မှောင်ခိုဈေးသည်လုပ်သူလုပ်၊ ဖြစ်ကုန်ကြတယ်။
အချို့လည်း ဖြစ်သလိုအလုပ်လုပ်စားဖို့ထက် အပေါင်းအသင်းနှင့်ဆွေမျိုးသားချင်းများထံမှ တောင်းရမ်းစား နေတတ်ကြတယ်။
မခင်ကြီးနှင့်မခင်ရီတို့ကတော့ သူတို့နှင့်လုံးဝမတူဘူး။ စစချင်း အပ်ချုပ်စက်ထောင်၊ ကိုယ်တိုင်ချုပ်၊ ကိုယ်တိုင်ရောင်း လုပ်ခဲ့ကြတယ်။ ရဲရဲဝံ့ဝံ့ လုပ်သားပြည်သူ့ဘ၀ကို ခံယူလိုက်ကြတယ်။ ခုတော့ သူတို့နေတဲ့ ၁၆၈ လမ်း၊ အိမ်အမှတ် ၆၄ ရှေ့မှာ "ခေတ်" အပ်ချုပ်စက်ကျောင်းဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့နေရတယ်။
အစကတော့ ကျောင်းဆိုပေမယ့် တော်၏ လျော်၏လုပ်နေကြတာပဲလို့သာ ထင်ခဲ့တယ်။ သူတို့အိမ်ထဲဝင်၊ သူတို့နှင့်တွေ့ပြီးမေးမြန်းကြည့်တော့မှ တကယ့်အပ်ချုပ်စက်ကျောင်း ဖြစ်နေကြောင်း သဘောပေါက် သွားတယ်။
အပ်ချုပ်သည်နှင့်ဆရာမ ပေါင်းတော့ အပ်ချုပ်စက်ကျောင်း ။ အိမ်ရှေ့မျက်နှာစာကျဉ်းပြီး နောက်ဘက်သို့ရှည်ထွက်သွားတဲ့သူတို့အိမ်ဟာ တစ်ထပ်အိမ် ဓနိမိုးဖြစ်သော်လည်း အတွင်းမှာ သပ်ယပ်သန့်ရှင်းတယ်။ အလင်းရောင်လည်းရှိတယ်။ အိမ်ထဲမှာ အပ်ချုပ်စက် (၁၄) လုံးရှိနေတာ တွေ့ရတယ်ဗျ။ တချို့ကို ၀ယ်၊ တချို့ကိုငှားပြီးထားရခြင်းဖြစ်တယ်။ မခင်ကြီး အလုပ်စခါစတုန်းက ကျွန်တော် တစ်ခေါက်ရောက်ဖူးတယ်။ အဲဒီတုန်းက စက် (၃) လုံးလားပဲ တွေ့ခဲ့တယ်။ ခုတော့ ကျောင်းအဖြစ်ဖြင့် ဖွင့်လိုက်တဲ့အတွက် စက်တွေပိုပြီးလိုနေတယ်။ ယခု ကျောင်းသား (၃၀) လောက်သာ လက်ခံနိုင်တယ်။ အပ်ချုပ်စက်ပိုထားနိုင်ရင် ကျောင်းသားပိုပြီး လက်ခံနိုင်မှာတဲ့ဗျ။
တစ်နေ့ ၅ နာရီ သင်တန်းတက်ရပြီး သုံးလကြာမှ အပ်ချုပ်စက်အတတ်ပညာ စာမေးပွဲအောင်နိုင်တယ်။ သင်တန်းပေးရာမှာ သဘောတရားနှင့်လက်တွေ့ ခွဲထားတယ်။
ကျောက်သင်ပုန်းကြီးနှင့် ဂဏန်းတွေရေးထားတာတွေ့လို့ မေးကြည့်လိုက်တော့ အပ်ချုပ်အတတ်ပညာဆိုင်ရာ ဂဏန်းသင်ပေးရကြောင်း ရှင်းပြကြတယ်ဗျ။ အတိုင်းအထွာများကို ပေတံနှင့်သာမက ကွန်ပါတို့ တြိဂံတို့နှင့် လည်း တိုင်းတတ်အောင် သင်ပေးတယ်။
သူတို့ သင်တန်းများကို အဆင့်တွေလည်းစနစ်တကျခွဲထားသဗျ။ အပ်ချုပ်အတတ်ပညာသင်ကျောင်းအဖြစ် မခင်ကြီးနှင့်မခင်ရီတို့ဟာ ခုလို စနစ်တကျစီမံနိုင်တာဟာ သူတို့ကိုယ်တိုင်က ဆရာမများဖြစ်ခဲ့ဖူးလို့ပါပဲ။ မခင်ရီက မူလတန်းနှင့်အလယ်တန်းဆရာမ လုပ်ခဲ့ဖူးတယ်။ မခင်ကြီးကတော့ ရန်ကုန်တက္ကသိုလ် ဆရာအတတ်သင်ကောလိပ်မှာ တီတီစီအောင်ခဲ့သူဖြစ်တယ်။ မခင်ကြီးနှင့်စကားပြောနေတုန်း ၁၉၃၉ ခုနှစ် လောက်မှာ သခင်ဗဟိန်း မြေနုလမ်းအိမ် ငှားနေစဉ် မျက်နှာချင်းဆိုင်အိမ်ကြီးပေါ်မှ တီတီစီကျောင်းသူ မခင်ကြီးနှင့်သမီးရည်းစားဖြစ်ကြပုံကို ကျွန်တော်ပြေးပြီး သတိရမိတယ်။
သူတို့ကျောင်းမှာ ဆရာမ ၃ ယောက်ရှိတယ်ဗျ။ မခင်ကြီး၊ မခင်ရီနှင့် အခြားဆရာမကလေး တစ်ယောက်ဖြစ် တယ်။ ကျောင်းလခရတာတွေထဲမှ ကျောင်းစရိတ်စခနှင့် ဘုံစားသောက်စရိတ်ကိုနုတ်ပြီး ကျန်တာ အချိုးကျ ခွဲဝေယူကြတယ်။ လုပ်သားသမ၀ါယမစနစ် သဘောဖြစ်နေတာတွေ့ရတယ်။
ကျွန်တော်က ကွန်မြူနစ်မကြီးတွေ လုပ်သားပြည်သူ့ဘ၀ခံယူနေပုံ ဆောင်းပါးရေးဦးမယ်လို့ သူတို့ကိုပြော လိုက်တော့ သိပ်မရေးပါနှင့်အစ်ကိုကြီးရယ်၊ အရင်းရှင်လုပ်ငန်းတွေထင်ပြီး အမြတ်တော်ကြေးတွေများ လာကောက်နေပါဦးမယ်လို့ စိုးရိမ်တကြီး ပြောကြတယ်ဗျ။............။
(သိန်းဖေမြင့်၊ ၁၂ စက်တင်ဘာ ၁၉၆၄၊ ပွင့်ပွင့်လင်းလင်းပြောပါရစေ၊ ဗိုလ်တထောင်သတင်းစာ၊ ၁၂ စက်တင်ဘာ ၁၉၆၄)
(စာရေးဆရာ ဘိုဘိုလန်းစင် ပြောပြသည့် ဒေါ်ခင်ကြီး၏ သတင်းအချို့အား နောက်ဆက်တွဲအဖြစ် ဖော်ပြအပ်ပါသည်။ ကိုဘိုဘိုအား ကျေးဇူးတင်ပါသည်။ http://bobolansin.wordpress.com/
ဘို Bo ရွက်နုဝေမှာ ဒေါ်ခင်ကြီးဟိန်းရေးတဲ့ သူ့ဘဝအကြောင်း အခန်းဆက်ပါဘူးတယ်။ ဂျာနယ်ကျော်မမလေးက ပြန်လည်တွေ့ဆုံကြရာဝယ်ဆိုပီး ရှုမဝမှာ အာဏာမသိမ်းခင်လက ရေးဘူးတယ်။ တောထဲမှာ ရိုးရိုး တောတောတို့နဲ့အတူ ဘယ်လိုဒုက္ခရောက်ခဲ့တယ်ဆိုတာတွေ။ သခင်သန်းမြိုင်နဲ့ ထပ် အိမ်ထောင်ပြုတယ်။ သခင်သန်းမြိုင်က တရုတ်ပြည်မှာဆုံး။
ဘို Bo တောထဲမှာ ဒေါ်ခင်တင့်တို့နဲ့အတူ )
0 comments:
Post a Comment