Saturday, July 14, 2012

မြန်မာနိုင်ငံ၏တစ်ဦးတည်းသောသူရဘွဲ့ရရှိသူ အမျိုးသမီးသူရဲကောင်း ထားဝယ်သူ သူရမချစ်ပို (အောင်ဆန်းကျော်)

0 comments
မြန်မာနိုင်ငံ၏တစ်ဦးတည်းသော သူရဘွဲ့ရရှိသူ အမျိုးသမီးသူရဲကောင်း ထားဝယ်သူ သူရမချစ်ပို (အောင်ဆန်းကျော်)
(ယူတာက) http://www.ex-absdf.net/2012/07/blog-post_9995.html
၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ"သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦးရှိခဲ့ပါသည်။ မြန်မာ့တပ်မတော်နှင့်မြန်မာနိုင်ငံတွင် တစ်ဦးတည်းသောအမျိုးသမီး "သူရ"ဘွဲ့ရှင်ဖြစ်ပါသည်။
၎င်းမှာ ထားဝယ်သူ "သူရ မချစ်ပို" ဖြစ်ပါသည်။

မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့တွင်မွေးဖွား၍ ထားဝယ်မြို့တွင်ပင် ကြီးပြင်းခဲ့ပါသည်။ မချစ်ပိုသည် အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲဝင်သွားသောမောင်ဖြစ်သူအား ရှာဖွေရန် ထားဝယ်မှပြင်ဦးလွင်သို့ တစ်ဦးတည်းထွက်ခွာသွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ် ဒေါ်ပုတို့၏ မွေးစား သမီးကဲ့သို့ချစ်ခြင်းကိုရရှိကာ ၄င်းအိမ်တွင် ဆက်လက်နေထိုင်ဖြစ်သွားလေ သည်။ ထို့နောက် ဦကြွယ်ဒေါ်ပုတို့နှင့်ရင်းနှီးသူ BE တပ်မှ တပ်ကြပ် လှမောင်နှင့် လူငယ်သဘာဝချစ်ကျွမ်းဝင်ကာ အိမ်ထောင်ကျသွားလေတော့သည်။

မချစ်ပို BE တပ်မှစစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် KNDO တပ်ဖွဲ့များသည် မေမြို့(ယခုပြင်ဦးလွင်မြို့)အား အလစ်အငိုက် စီးနင်းသိမ်းပိုက်လိုက်လေသည်။ ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူဦးစီးသော အမှတ် () BEတပ်ခွဲနှင့် အမှတ်()BE တပ်ခွဲတို့သည် ရရာလက်နက်ခဲယမ်းများသိမ်းဆည်းကာ လားရှိုဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသောတပ်များသည် လားရှိုးတွင်ပြန်လည်စုဖွဲ့ကာ မေမြို့သို့ ပြန်လည်ချီတက်ခဲ့ကြလေသည်။

မေမြို့ ရေချမ်းအိုးရွာဘက်တွင်တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက် တပ်ပေါင်းစုအင်အားဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ BE တပ်ကုန်း (ယခု မေမြို့ အင်ဂျင်နီယာတပ်) နေရာကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများကိုပါ ရရှိလိုက်လေသည်။ ထို့အပြင် မြို့တွင်းတိုက်ပွဲအဖြစ် ဆက်လက်တိုက်ခိုက်သောတပ်ဖွဲ့ဝင်များသည်လည်း မေမြို့-လားရှိုးလမ်းတစ်လျှောက် မြို့မရုပ်ရှင်ရုံထိ သိမ်းပိုက်လိုက်နိုင်ခဲ့လေသည်။

အင်ဂျင်နီယာတပ်မှဦးဆောင်ကာ မေမြို့ကိုပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ (၂၄) ရက် နေ့အား BE တပ်ဖွဲ့ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။

ထိုသို့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ဘက်နှင့်တစ်ဘက် ခြေကုတ်စခန်းများကိုအားပြုကာ အဖွဲ့ငယ်များစေလွှတ်၍ အပြန်အလှန်သတင်းထောက်လှမ်း တိုက်ခိုက်နေကြလေသည်။ မြို့ပေါ်တွင်လည်း လေ့ကျင့်မှုမရှိသောအရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။ ဤအခြေအနေတွင် ခက်ခဲသောကိစ္စရပ်တစ်ခုမှာ ရန်သူ့သတင်းထောက်လှမ်းရရှိရေးပင် ဖြစ်လေသည်။

ထိုစဉ်က BEDT ကုန်းမှထွက်လိုက်သည်နှင့် ရန်သူသည် ယောင်္ကျားမှန်သမျှအား ဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး မိန်းမများမှာ ဈေးရောင်းခြင်း နွားကျောင်းခြင်းများဖြင့် ၀င်ထွက်လျှက် ရှိလေသည်။

BE တပ်ဦးစီးသော တပ်ပေါင်းစုအတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်းရရှိရေး အတွက် မိမိဆန္ဒအလျောက်တာဝန်ယူလိုက်သူမှာ ထားဝယ်သူလေး "မချစ်ပို"ပင်ဖြစ်ပါသည်။

မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင်အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့် စပ်စပ်၊ အရပ် ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိလျှင် ပြတ်ပြတ်သားသားလုပ်မည့်သဘောကို ဆောင်လေသည်။

မချစ်ပို၏ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင်အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ်မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။

မချစ်ပိုသည် ဓါးတိုတစ်လက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိပ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့်ဝင်ရောက်ကာ ရန်သူ၏လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံးတည်နေရာနှင့် အခြားထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။

မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီးပစ်ကူနေရာများ၊ စက်သေနတ်ကြီးများချထားသည့်နေရာများအား တပ်ဖွဲ့ထံ သတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်ဖြင့်ဆုံတွေ့စဉ် အခွင့်သာပါက လက်ပစ်ဗုံးဖြင့်တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင်အထိနာခဲ့လေသည်။

စစ်ဆင်ရေးတွင်ကျင်လည်လာသော မချစ်ပိုသည် လက်ရှိလုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစား ဘောင်းဘီဝတ်လိုကြောင်း နေရာတိုင်းသုံးမရသောလက်ပစ်ဗုံးအစား သေနတ်တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သောနေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့်တူလိုက်ပါ တိုက်ခိုက်လိုကြောင်းတင်ပြခဲ့လေသည်။

မချစ်ပို၏တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှသဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့် မချစ်ပိုအားခြောက်လုံးပြူး ထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင် ညတိုက်ပွဲများဆက်လက် ဆင်နွှဲကြလေသည်။ မချစ်ပိုပါဝင်သောတပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာအထိနာခဲ့လေသည်။

ထို့နောက် ထောက်ပံ့ရေးကုန်းသို့ဝင်စီးသောညတွင်ကား မချစ်ပိုကိုထိမှန်လေတော့သည်။ နေ့ခင်းဘက်က မချစ်ပို ၀င်ရောက်ထောက်လှမ်းရရှိခဲ့သည့်လက်နက်ကြီးနေရာအား တပ်ဖွဲ့မှ နောက်ပိုင်းမှ မော်တာဖြင့် ဦးနှိမ်ပစ်ခတ်ထားပြီး မချစ်ပိုပါဝင်သောအဖွဲ့က ရန်သူ၏ခံစစ်စည်းထဲသို့ အတင်းထိုးဖောက် ၀င်ရောက်သွားကြလေသည်။ ရန်သူများခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင် စစ်သည်များက လှံစွပ်ဖြင့်တက်ထိုးရန်ပြင်ဆင်ကြလေရာ မချစ်ပိုက လက်မခံပဲ လက်ပစ်ဗုံးဖြင့်ပစ်မည်ဟုဆိုကာ လှိမ့်၍ချဉ်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးရင်း ယောင်ပြလှုပ်ရှားမှုများ ပြုလုပ်ပေးကြလေသည်။ ရန်သူ့သေနတ်သံများ ရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကား ထပ်မံ လက်စွမ်းပြခဲ့ပြန်လေသည်။

ချဉ်းကပ်မျဉ်းမှပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန်ပြောသော်လည်း ရန်သူအား အထင်သေးမိကာ မတ်တတ်ပြန်လာခဲ့ခြင်းကြောင့် ရန်သူ့သေနတ်သံတစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကိုလက်နှင့်ဖိကာ လဲကျသွားခဲ့ရလေသည်။
မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကိုအ၀တ်ဖြင့်ပတ်ပြီး ဖိထားလေသည်။ ရဲဘော်များမချစ်ပိုကိုပွေ့ကာ မြို့ထဲဘက်သို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက် မေမြို့ နယူးဆေးတိုက်မှဆရာဝန် ဒေါက်တာဘရှင်ရောက်ရှိလာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေးလေသည်။

ထိုသို့ ခွဲစိတ်ကုသပြီးသောအချိန်တွင် KNDO အဖွဲ့များက မသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက် စစ်ဆေးကြကြောင်း ဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် ပြန်သွားကြကြောင်း သိရှိရလေသည်။

ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့်အောက်လင်းမီးမရှိခြင်းကြောင့် မချစ်ပို၏ ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ မချစ်ပိုသည် ထိုဆေးတိုက်မှာပင် တစ်ပတ်ခန့်ပုန်းအောင်းကာ ဆေးကုသခံနေခဲ့ရကြောင်း အနာမကျက်သေးမီ မချစ်ပိုကပြန်ချင်လှပြီဆိုကာ မွေးစားဖခင်ဦးကြွယ်၏နေအိမ်သို့ ပြန်ခဲ့လေသည်။

KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိသော စောဘစံဆိုသူမှာ ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူအမျိုးသမီးနှင့် ပတ်သက်လျှက်ရှိကြောင်း။ မချစ်ပုနှင့်စောဘစံ၏ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြားမိန်းကလေးများမှာလည်း ဖျက်ဆီးခံခဲ့ရသည်များလည်း ရှိခဲ့ကြောင်း။

စောဘစံ၏အမျှောင်မယားမချစ်ပု၏ လက်ထောက်ချမှုကြောင့် စောဘစံအဖွဲ့သည် မချစ်ပိုအား သိရှိသွားလေတော့သည်။ မချစ်ပို၏ လှုပ်ရှားမှုများအားစောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏အိမ်တွင် ပုန်းခိုနေထိုင်နေသောမချစ်ပိုအား စောဘစံခေါင်းဆောင်ပြီး လက်နက်ကိုင်လေးငါးဦးခန့်ဖြင့် မချစ်ပိုအား လာရောက်ဖမ်းဆီး ခေါ်ဆောင်ကြလေတော့သည်။

မချစ်ပိုသည် ထွက်ပြေးရန်မကြိုးစား ဓားတိုတစ်ချောင်းကိုဝှက်ယူကာ လိုက်ပါသွားလေသည်။ ထိုရက်များတွင်မေမြို့ရှိ BE တပ်များမှာ မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည်ဆုတ်ခွာသွားကြလေရာ တပ်ဖွဲ့ဝင်များ၏ဇနီးနှင့် သားသမီးများကို ကြည့်ရှူစောင့်ရှောက်ထားနိုင်ခြင်းမရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည်ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။

မချစ်ပိုမှာလည်း ဒဏ်ရာမပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။ KNDO အဖွဲ့များသည် သာမန်စစ်သည်မိသားစုဝင်များကို စိတ်မ၀င်စားခြင်းမရှိဘဲ ၄င်းတို့အား နည်းအမျိုးမျိုးဖြင့်တိုက်ခိုက်ကာ ဒုက္ခပေးခဲ့သောမချစ်ပိုကိုသာ သဲကြီးမဲကြီး လိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။ မချစ်ပိုကို စောဘစံက သူ၏အမြှောင်မယားမချစ်ပု၏အိမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားလေသည်။

ထိုအချိန်က မချစ်ပိုတွင် အံပွားရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်ကလိုက်ပါကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်းမရှိဟု ယုံကြည်နေကြသည်။

စောဘစံ၏မယား မချစ်ပု၏အိမ်သို့ရောက်သည်နှင့် မချစ်ပိုကိုဖမ်းချုပ်ကာသူမ၏ အံသွားများကို ဓားဖြင့် ကလန့်ထုတ်ကြလေသည်။ မချစ်ပိုသည် အံသွားအပို (အံပွား) ပါသူတစ်ဦးဖြစ်သည်။ မချစ်ပိုသည် ၀ှက်ယူလာသောဓါးတိုဖြင့် သွားနှုတ်နေသူအားထိုးလေရာ နှစ်ဦး ဓါးထိုးခံရကာ သေဆုံးလေတော့သည်။

မချစ်ပို၏လုပ်ဆောင်ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ်ပစ်ခတ်လေရာ မချစ်ပိုမှာ လဲကျသွားလေတော့သည်။ မချစ်ပိုသည် ဒဏ်ရာပြင်းထန်စွာရနေသော်လည်း အတန်ကြာသည်အထိ သေဆုံးခြင်းမရှိသဖြင့်အသက်ပြင်းသည်ဟု ပြောစမှတ်ပြုကြလေသည်။ ထို့နောက် စောဘစံသည် မချစ်ပို၏အလောင်းအား ရေတွင်းထဲသို့ ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။

ဤသို့ဖြင့် အမျိုးသမီးသူရဲကောင်း မချစ်ပိုသည် ( --၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာလေသည်။

မချစ်ပိုကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များက မန္တလေးမြို့အား ပြန်လည်သိမ်းပိုက်သောနေ့ ဖြစ်လေသည်။ ထို့နောက် မချစ်ပိုသေဆုံးပြီး ()ရက်ခန့်အကြာတွင် တပ်များ ပြန်လည်ရောက်ရှိလာပြီး မချစ်ပို၏အလောင်းအား ပြန်လည်ဆယ်ယူကြလေသည်။
(၁၆--၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေး-မေမြို့ကားလမ်းအား စစ်ဆေးရန်ရာက်ရှိလာသော ဗိုလ်မှူးကြင်နှင့်စစ်သည်များသည် မချစ်ပို၏အလောင်းကို စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာသင်္ဂြိုလ်ခဲ့ကြသည်။ မချစ်ပိုအတွက်အမိန့်စာအား ဦးထွန်းအုံကဖတ်ကြားကြောင်း သိရှိရလေသည်။

နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားပဲ သူရသတ္တိပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့စွန့်စားစွာတိုက်ပွဲဝင်ခဲ့သော "မချစ်ပို"အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ "သူရ"ဘွဲ့တံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့လေသည်။
မေမြို့ရှိ မချစ်ပို၏အုတ်ဂူလေးကို အစဉ်အဆက်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြလေသည်.၁၉၆၀ ပြည့်နှစ်တွင် မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင် (သိပ္ပံမှူးတင်) တပ်မှူးဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည်မွမ်းမံခဲ့ကြောင်း သိရှိရလေသည်။
အမိမြေကိုချစ်သောအာဇာနည်အမျိုးသမီးသူရမချစ်ပို အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘိုရပ်တွင် ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူအချို့က အုတ်ဂူသင်္ချိုင်းမှာ မြို့ထဲရောက်နေသဖြင့် ရွှေ့ပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။

"သူရ မချစ်ပို" အုတ်ဂူသည် သင်္ချိုင်းမဟုတ်ပါ။ မေမြို့(ပြင်ဦးလွင်)ကိုချစ်သော၊ မေမြို့တိုက်ပွဲတွင် မြန်မာအမျိုးသမီးများ၏စိတ်ဓါတ်ကိုပြဆိုနေသော၊ ဂုဏ်ရောင်ကိုထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပါသည်။
"သူရ မချစ်ပို"သည် ရုပ်ခန္ဓာသေဆုံးသွားသော်လည်း စွမ်းရည်သတ္တိမသေဆုံးသေးသော ထာဝရရှင်သန်နေမည့် မြန်မာအမျိုးသမီးတစ်ဦးသည် အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်သည်ဟု မှတ်ယူနားလည်မိပါသည်။
အမိမြေကိုချစ်သော သားကောင်းသမီးကောင်းများအကြောင်းပြောဆိုရာတွင် မချစ်ပိုက မြန်မာအမျိုးသမီးများ၏အကြောင်းကို အသံမဲ့ ၀င်ရောက်ပြောဆိုနေဦးမည်.... ထာဝရပြောပြနေဦးမည်သာဖြစ်ပါကြောင်း ဂုဏ်ပြုရင်း.........
( အပြုံးပန်းဈေးခင်းအား ပြန်လည်မှီငြမ်းပါသည်....)

0 comments:

Post a Comment