
ဗမာပြည်တွင်းက နိုင်ငံရေးနိုးကြား တက်ကြွကြသူတွေကြားထဲမှာ civil society ဆိုတဲ့စကားလုံး ရင်းနှီးသုံးစွဲလာတဲ့ ပမာဏများလာတာကို ဒီဘက်နှစ်ပိုင်းကာလများမှာ အထူးသတိထားမိတယ်။ civil society ကို လူမှုအခြေပြုလူထုအဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း စသဖြင့် အလျဉ်းသင့်သလိုဘာသာပြန် သုံးစွဲနေကြတယ်။ စစ်အာဏာရှင်အရိပ်မည်းအောက် စစ်အလိုကျနိုင်ငံရေးသာ ခပ်ယဲ့ယဲ့တည်ရှိရတဲ့ဝန်းကျင်မျိုးဖြစ်လို့ နိုင်ငံရေးဆိုတဲ့ဝေါဟာရကို အနှစ်အသားအဓိပ္ပာယ် အပြည့်အ၀ပေါ်လွင်အောင် ကိုယ်ရောင်ထင်ရှားမပြနိုင်ရတဲ့ကာလမှာ နိုင်ငံရေးရည်မှန်းချက်ရှိသူတွေကိုယ်တိုင် လူမှုရေး အရပ်ဘက်စတဲ့ ဗမာစကားလုံးများရဲ့အကာအကွယ်နဲ့
လူ့အဖွဲ့အစည်းအခြေပြောင်းရေး တက်ကြွလှုပ်ရှားမှုတွေဟာ ကြက်ခြေနီသဖွယ်ရေဘေးမီးဘေး ကယ်ဆယ်ရေး ပရဟိတ လူမှုရေးအလုပ်များအသွင်ယူနေကြရတယ်။
Civil society ကို လူမှုတွေ အရပ်ဘက်တွေဆိုပြီး တိုက်ရိုက်ဖလှယ်ရင်းသားက နိုင်ငံရေးကင်းရှင်းပါတယ်ဆိုတဲ့ စစ်ခေါက်ရိုးကျအဖိနှိပ်ခံရှင်သန်ရပ်တည်နိုင်မှုနဲ့သာ တကယ့်ကို လူမှုရေးအလုပ် ပရဟိတအလုပ်များ လှုပ်ရှားလည်ပတ်နေတဲ့အ၀န်းအ၀ိုင်းကို civil society လို့ အနက်ပေး စွဲထင်မှတ်ယူကြမှာကို စိုးရိမ်တယ်။ ဒီတော့ civil society ကို နိုင်ငံရေးအဓိပ္ပာယ်နည်းပြီး လူမှုရေးအဓိပ္ပာယ်ပိုများစေနိုင်တဲ့ ဘာသာပြန်ဖလှယ်မှုမျိုးတွေမလုပ်ပဲ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ လစ်ဘရယ် စတဲ့ ဝေါဟာရများလိုပဲ တိုက်ရိုက်ခေါ်ဝေါ်သုံးနှုံးမယ်၊ ဘာ့ကြောင့်လဲဆို လူ့အဖွဲ့အစည်း အခြေတင့်အနေမြင့် တိုးတက်ထွန်းကားပြောင်းလဲဖို့ဆိုတာ လူမှုရေးပြဿနာမဟုတ်ပဲ နိုင်ငံရေးပြဿနာသာ ဖြစ်နေတာကြောင့် civil society ဆိုတာကို စီးပွား လူမှု ဒဿနတို့ အားလုံးပေါင်းစုစည်းရာ နိုင်ငံရေးဝေါဟာရအဖြစ် ရဲရဲကိုင်တွယ်သဘောထားသင့်တယ်လို့ ယူဆပါတယ်။
Civil society အပေါ် အဓိပ္ပာယ်ဖွင့် ချည်းကပ်မှု ရှူ့ထောင့်တချို့အကြောင်းမသွားခင် "ဒီမိုကရေစီနဲ့ထိုက်တန်တဲ့လူထုကြီးဖြစ်လာဖို့ ပျိုးထောင်လေ့ကျင့်ရမယ်" ဆိုတဲ့ ဖောက်ပြန်တဲ့အယူကို အရင်စမ်းစစ်ကြည့်ကြရအောင်။ "စည်းကမ်းရှိတဲ့သူတွေ ပညာရည်ပြည့်ဝနေတဲ့သူတွေဖြစ်လာမှ ဒီမိုကရေစီနဲ့ ထိုက်တန်လာမယ် ဒီမိုကရေစီကိုကျင့်သုံးလာနိုင်မယ်" ဆိုတဲ့အတွေးအမြင်ဟာ အရင်းရှင်စံနစ်အဆင့်တောင်မရှိတဲ့ "စောင့်ရှောက်သူနဲ့ အစောင့်ရှောက်ခံရှိမှု" ပဒေသရာဇ်အယူကို နားလှည့်ပါးရိုက်လုပ်သွပ်သွင်းမှု အဓိပ္ပာယ်ဖွင့်မှုမျိုးပဲ။
ဘာလို့ နားလှည့်ပါးရိုက်လုပ် ဆိုပြီးသုံးစွဲရသလဲဆို စည်းကမ်းရှိဖို့၊ ပညာရည်ပြည့်ဝဖို့ဆိုတာ လိုလားအပ်ကြောင်း အငြင်းပွားဖွယ်မရှိ၊ သို့ပေသိ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိလာတဲ့လူသူတွေ ပညာရည်ပြည့်ဝလာတဲ့သူတွေကို စည်းကမ်းရှိနှင့်ပြီး ပညာရည်ပြည့်နှင့်ပြီးလူတစ်စုက အကဲဖြတ်သုံးသပ်အမှတ်ပေးပြီး အပိုဆုကြေးသဘောမျိုး ချီးမြှင့်ရတာမျိုးမဟုတ်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး တစ်ယောက်အခွင့်အရေးတစ်ယောက်အသိမှတ်ပြုလို့ တပြေးညီအတူတကွကျင့်ကြံကြရမယ့်အကျင့်တရားကြီး မဟုတ်လား။
နိုင်ငံတော်နဲ့နိုင်ငံသားခွဲခြားမှုအမြင် civil society အစား လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတဲ့ တကယ့်အနှစ်သာရရှိတဲ့ဝေါဟာရကို အသားပေးဖို့ရာထိုက်တယ်။ လွှတ်တော်ပြင်ပနိုင်ငံရေးလို့တော့ ကြွေးကြော်ပါရဲ့၊ တကယ်လုပ်တော့ အပြောင်းအလဲဖြစ်ထွန်းမှုဆိုတာ လွှတ်တော်ကိုဗဟိုပြုကြောင်းရယ်လို့ လွှတ်တော်နိုင်ငံရေးကို လွှတ်တော်အပြင်မှာပါလိုက်အကာအကွယ်ပေးတဲ့ စစ်ကျွန်ဝါဒဖြန့် ဖြစ်မနေဖို့လည်းလိုတယ်။
0 comments:
Post a Comment