အာရှ-ပစဖိတ်ဒေသအတွင်း အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာခြေလှမ်းများ
(လင်းအေးထင်)
ခေတ်မောင်းအတွဲ-၂
အာရှ-ပစဖိတ်ဒေသအတွင်း စစ်ရေးဆိုင်ရာမဟာဗျူဟာမြောက် ခြေလှမ်းတွေကိုရိပ်စားမိနိုင်ဖို့ဆို (၂၀၀၂) ခုနှစ်က စတင်လို့ စင်္ကာပူနိုင်ငံမှာနှစ်စဉ်လုပ်လာခဲ့တဲ့ ရှန်ဂရီလာဒိုင်ယာလော့ဂ်အမည်တွင် နိုင်ငံတကာအစိုးရများအကြား လုံခြုံရေးဆိုင်ရာစကားပြောပွဲတွေ အတွင်း ပါဝင်ဆွေးနွေးတဲ့နိုင်ငံများရဲ့သဘောထားအာဘော်များကို အာရုံစိုက်သင့်တယ်။ ဒီဆွေးနွေးပွဲတွေကို International Institute for Strategic Studies (IISS) လို့ခေါ်တဲ့ ဗြိတိန်အခြေစိုက် နိုင်ငံတကာရေးရာ နိုင်ငံရေး-စစ်ရေးပဋိပက္ခမူဝါဒများအပေါ် သုတေသနလုပ်တဲ့ think tank အဖွဲ့က ဦးဆောင်ကျင်းပပေးတာဖြစ်ပေမယ့်၊ တက်ရောက်သူနိုင်ငံများဟာ ကာကွယ်ရေးဝန်ကြီးများအပါအ၀င် ၀န်ကြီးဌာနအဆင့်အရာရှိများကိုစေလွှတ်ပြီး ပါဝင်ဆွေးနွေးစေတာ ဖြစ်တယ်။
IISS က မွေးထုတ်ထားတဲ့ဆွေးနွေးပွဲတွေဆိုတော့ အမေရိကန်နဲ့ဗြိတိန်တို့ဦးဆောင်တဲ့ မဟာဗျူဟာမြောက်လှုပ်ရှားမှုတွေထဲကတစ်ခုလို့ နားလည်နိုင်တယ်။ IISS ဆိုတာ စစ်အေးခေတ်ကာလ အနုမြူအပါအ၀င် လက်နက်အင်အားအပြိုင်ချဲ့ထွင်မှုအပေါ်ထိန်းချူပ်ဖို့ရာဆိုပြီး စတင်ဖွဲ့စည်းခဲ့တဲ့ အနောက်အုပ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာအကြံပေးသုခမိန်အဖွဲ့။ ဗြိတိန်မှာ ပုဂ္ဂလိကကုမ္ပဏီလိမိတက်အနေနဲ့ရော၊ မှတ်ပုံတင်ထားတဲ့ ချရတီ (Charity) အလှုရှင်အဖွဲ့အနေနဲ့ပါ ရပ်တည်အခြေစိုက်ထားတယ်။ အစိုးရများအကြား လုံခြုံရေးနဲ့စစ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးဖို့ရာ အရှေ့တောင်အာရှဒေသ ဗမာပြည်အပါအ၀င် အာရှ-ပစဖိတ်ဒေသကြီးအတွက် စင်္ကာပူရှန်ဂရီလာဟိုတယ်မှာ၊ ပါးရှန်းပင်လယ်ကွေ့ဒေသအတွက် ဘာရိန်းမှာ Manama Dialogue အမည်တွင်တဲ့စကားပြောပွဲတွေကို ကျင်းပပေးနေတယ်။
တရုတ်အနေနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုကာ ရှန်ဂရီလာဆွေးနွေးပွဲတွေအတွင်း စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိတွေကိုစေလွှတ်ခဲ့တာမှာ မနှစ် ၂၀၁၁ ဂျွန် မှာတော့ ကာကွယ်ရေးဝန်ကြီး Liang Guanglie ကိုယ်တိုင် ပထမဆုံး ၀န်ကြီးအဆင့်ကိုယ်စားလှယ်အဖြစ် တက်ခဲ့တယ်။ ရှန်ဂရီလာကို တရုတ်ရဲ့ထိပ်တန်းအဆင့် ရာထူးကြီးကိုယ်စားလှယ်တွေစေလွှတ်ခြင်းဟာ အပြည်ပြည်ဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ရာ တရုတ်အနေနဲ့ အင်မတန်လိုလားစိတ်ထက်သန်မှုရှိကြောင်းပြသခြင်းအားဖြင့် အင်မတန်အကဲဆတ်ရန်လိုတတ်တယ်လို့ အိမ်နီးချင်းနိုင်ငံများက အစဉ်အဆက်ရှုမြင်ခြင်းခံရတတ်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ပုံရိပ်ကို ပျော့ပြောင်းစေကာ၊ ဒေသတွင်း သံတမန်ရေးရာတင်းမာမှုတွေကိုလျှော့ချနိုင်တယ်ဆိုပြီး IISS ကလည်း ရှူမြင်တယ်။
ဒီနှစ် ဂျွန်မှာတော့ တရုတ်က ကာကွယ်ရေးဝန်ကြီး မလွှတ်ပြန်ပါဘူး၊ ဘာအခြေအနေတွေများ ရှန်ဂရီလာအကြို ထူးကဲပြောင်းလဲနေခဲ့သလဲ။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၀ မူဝါဒရေးရာလမ်းညွှန် စက္ကူဖြူစာတမ်းမှာလည်း ရှန်ဂရီလာဒိုင်ယာလော့ဂ်တွေကို ထိပ်တန်းကိုယ်စားလှယ်တွေစေလွှတ်ခြင်းဟာ ဒေသတွင်းလုံခြုံရေးအတွက် အပြည်ပြည်ဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ရပ်အဖြစ် အတိအလင်းထည့်သွင်းရေးသားထားတာပဲ။
တကယ်တော့ ထားရှိမယ့်မူဝါဒရေးရာသဘောထားတွေကို ဖွင့်ထုတ်ကြေညာခြင်းအားဖြင့် အာရှ-ပစဖိတ်ဒေသအတွင်း စစ်ရေးမဟာဗျူဟာ လတ်တလော သွေးတိုးစမ်းလာတာ အမေရိကန်ပဲ။ အရင်နှစ် ၂၀၁၁ နိုဝင်ဘာကတည်းက အာရှတိုက်နဲ့စပ်လျဉ်းတဲ့ နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်လည်ချိန်ခွင်လျှာညှိမယ်လို့ လေသံစပစ်လာတာမှာ တရုတ်ကလည်း သူတို့ရဲ့အာရှတိုက်အတွင်း တိုးမြင့်လာတဲ့သြဇာကို အမေရိကန်က ဘရိတ်အုပ်ဖို့ကြိုးစားတဲ့တိုက်ရိုက်စိန်ခေါ်မှုနှယ် မှတ်ယူခဲ့တယ်။
အခုဂျွန် ဒီနှစ်ရှန်ဂရီလာဆွေးနွေးပွဲမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က တရုတ်ရဲ့စိုးရိမ်မှု စွပ်စွဲမှုတွေကိုပယ်ချပြီး၊ အာရှတိုက်မှာ အမေရိကန်ရဲ့ကာကွယ်ရေးဆိုင်ရာပါဝင်ပတ်သက်မှု မူဝါဒတွေ ပြင်ဆင်တာတိုးချဲ့တာမှန်သမျှ တိုးတက်ဖွံ့ဖြိုးကြီးထွားလာတဲ့တရုတ်ပြည်နဲ့ သဟဇာတဖြစ်ဖြစ် ဟန်ချက်ညီအပ်စပ်ဖို့သာပဲလို့ တရုတ်အပေါ် ရန်ဘက်သဖွယ်မယူဆတဲ့သဘော ရွှေပြည်အေးတရား ဟောခဲ့တယ်။ လက်တွေ့မှာ ဘာတွေ စလုပ်နေနှင့်ပြီးသလဲ။ ဒီနှစ်ဧပြီလကတည်းက သြစထြေးလျားမြောက်ပိုင်းမှာ မရိန်းတပ်တွေ နေရာချခဲ့တယ်၊ ကမ်းရိုးတန်းသွားစစ်သင်္ဘောအခြေစိုက်စခန်းတည်ဖို့ စင်္ကာပူနဲ့သဘောတူညီမှုရပြီးကြောင်း အခုဂျွန် (၂) ရက်မှာ စင်္ကာပူရောက်နေတဲ့ Leon Panetta က ကြေညာတယ်။ တစ်ခါတည်းပဲ လေယာဉ်တင်စစ်သင်္ဘော (၆) စင်းအပါအ၀င် အမေရိကန်ရဲ့တိုက်ရေယာဉ် (၆၀) ရာခိုင်နှုန်းကို အာရှတိုက်မှာ ၂၀၂၀ မတိုင်မှီ အပြီးနေရာချမယ်လို့ ဖွင့်ဟတယ်။
ရှန်ဂရီလာဆွေးနွေးပွဲပြီးတော့ အဲဒီ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ စင်္ကာပူကနေ ဗီယက်နမ်ဆိပ်ကမ်း Cam Ranh Bay ကို သွားပြန်တယ်။ အဲဒီ့ဆိပ်ကမ်းဟာ ဗီယက်နမ်စစ်တုန်းက အတော်ကြီးမားတဲ့အမေရိကန်စစ်အခြေစိုက်စခန်း။ အခုလည်း ပဲန်တဂွန်က တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းမယ့်အမေရိကန်ရေတပ်သင်္ဘောတွေ ရပ်နားနိုင်တဲ့ကြားစခန်းအဖြစ် အသုံးပြုလိုတယ်။ ဒီလို အမေရိကန်ရဲ့ခြေလှမ်းတွေကို တရုတ်က သူတို့အပေါ် ခြိမ်းချောက်မှုအနေနဲ့မှတ်ယူတာ ဘယ်ဆန်းပါ့မလဲ။
အမေရိကန်ဟာ အီရတ်ကနေလည်း ခွာခဲ့အပြီး၊ အာဖဂန်စစ်အရှိန်လည်း သေသလောက်ဖြစ်နေပြီးတဲ့အခုအချိန်မှာ counter-insurgency campaigns လို့ခေါ်တဲ့ ပြည်တွင်းသူပုန်အဆင့်နှိမ်ရေးကိုအဓိကထားရတဲ့ ကျန်ခဲ့တဲ့ (၁၀) စုနှစ်အတွင်း စစ်ရေးလိုအပ်ချက်ကနေ၊ နောက်ရင်ဆိုင်ရမယ့်ရန်သူဟာ နည်းပညာအဆင့်မြင့်ဗျူဟာမြောက်ရန်သူအဖြစ် ပဲန်တဂွန်က တင်ကြိုသဘောထားလာတယ်။ အဲဒီ့ နောက်ရန်သူဟာ တရုတ်လို့နာမည်တပ် မပြောပေသိ၊ နည်းပညာအဆင့်မြင့်ဗျူဟာမြောက်တဲ့စစ်အင်အားကို အရှိန်အဟုန်အကောင်းဆုံးတိုးချဲ့နေနိုင်တာကတော့ တရုတ်ပါပဲ။ ဘာဗျူဟာမြောက်တာလဲဆို anti-access/area denial (A2/AD) လုပ်နိုင်စွမ်း ဗျူဟာပါပဲ။ Anti-access ဆိုတာ တစ်ဖက်ကရန်သူ့အင်အား ကိုယ်ထိန်းချူပ်ရာဂွင်ထဲဝင်ရောက်မလာအောင် ဟန့်တားနိုင်စွမ်း၊ area denial ဆိုတာ ကိုယ့်ဂွင်ထဲ ၀င်ရောက်လာခဲ့ရင်လည်း ရန်သူလှုပ်ရှားနိုင်မှုနယ်ပယ် ကျဉ်းနိုင်သမျှကျဉ်းအောင်ပြုလုပ်နိုင်စွမ်းကို ဆိုလိုပါတယ်။ ဒီလို A2/AD စစ်ရေးဗျူဟာမြောက်ဖို့ရာ လိုအပ်တဲ့ဖျက်သင်္ဘော၊ ဒုံးကျည်၊ ဗုံးကြဲတိုက်လေယာဉ်၊ တော်ပီဒိုတပ်ရေငုပ်သင်္ဘောများလို အဆင့်မြင့် နည်းပညာများအပေါ် ငွေပုံအောသုံးတိုးချဲ့နေနိုင်သူမများလှတဲ့နိုင်ငံတွေထဲမှာမှ တရုတ်က ဗိုလ်စွဲနေတော့ နည်းပညာအဆင့်မြင့်ဗျူဟာမြောက်ရန်သူလို့ဆိုရင် ဆိုခဲ့သလိုပဲ၊ တရုတ်လို့နာမည်တပ်ပြောစရာ မလို၊ တရုတ်ကို အဓိကထားသည့်နှယ် နားလည်ကြရတယ်။
အဲဒီ့ A2/AD ခြိမ်းချောက်မှုကိုချေမှုန်းဖို့ရာ ပဲန်တဂွန်က Joint Operational Access Concept (JOAC) ဆိုပြီး ဦးတည်နေပါတယ်။ စစ်အေးခေတ် ဆိုဗီယက်နဲ့ရင်ဆိုင်ဖို့ရာ လေတပ် ရေတပ်ပူးပေါင်းစစ်ဆင်ရေးနည်းနာဗျူဟာ AirSea Battle ကို မွမ်းမံထား တာပါပဲ။ JOAC အရ အမေရိကန်ရဲ့ ဒီနှစ်အပိုင်းအခြားမှာ ထူးကဲသိသာစွာပြင်ဆင်လာတဲ့ စစ်ရေးမဟာဗျူဟာခြေလှမ်းများဟာ အာရှ-ပစဖိတ်ဒေသအတွင်းရည်စူးကြောင်း ရှန်ဂရီလာဒိုင်ယာလော့ဂ်မှာ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်ထုတ်ဖော်တဲ့နောက် အာရှ-ပစဖိတ်ဒေသတလွှား အထူးသဖြင့် အရှေ့တောင်အာရှတစ်ခွင်မှာ အမေရိကန်နဲ့တရုတ်တို့ရဲ့ စီးပွားရေးစားကျက်လုမှု၊ အင်အားပြိုင်ဆိုင်မှု၊ သြဇာတည်ထောင်မှုတို့ဟာ အရှိန်အမြင့်ဆုံးကိုရောက်လာပြီလို့ တွက်ဆနိုင်ပါတယ်။
အမေရိကန်နဲ့တရုတ်ဟာ သူတို့အချင်းချင်းတော့ ကုန်သွယ်ဖက်စီးပွားဖက်နိုင်ငံများဖြစ်နေကြတာကို ဌာနေဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံငယ်များ သတိချပ်စရာပါ။ အမေရိကန်နဲ့တရုတ်တို့ရဲ့ပြိုင်ဆိုင်မှုအရှိန်ဟာ အဲဒီ့ဖွံ့ဖြိုးဆဲနိုင်ငံငယ်များရဲ့ ပြည်တွင်းစီးပွားရေး နိုင်ငံရေးများအပေါ် မလွဲမသွေသက်ရောက်ပါလိမ့်မယ်။ အာရှ-ပစဖိတ်ဒေသအတွင်း Gold Cobra ခေါ်တဲ့ အမေရိကန်ဦးဆောင်တဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဗမာစစ်တပ် ၀င်ပါချင်ကြောင်း ဒီနှစ်ဆန်းပိုင်းမှာ ထိုင်းကတဆင့်ပူဆာခဲ့တာကို အခုဂျွန်လဆန်း ရှန်ဂရီလာဒိုင်ယာလော့ဂ်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဗမာစစ်တပ်ကို မီးစိမ်းပြတယ်။ လူကြားကောင်းအောင် လူ့အခွင့်အရေး ဒီမိုကရေစီရေး ဆက်ပြီးပြောင်းလဲဖော်ဆောင်ဖို့တိုက်တွန်းခြင်း သကာအုပ်ထားပေသိ၊ လိုရင်းကတော့ နိုင်ငံရေးရဲ့လက်အောက်ခံမဟုတ်ရုံမက နိုင်ငံရေးကိုချယ်လှယ်ကြိုးကိုင်နေတဲ့ ပြည်တွင်းစစ်ဆက်လက်တိုက်ခိုက်နေတဲ့ဗမာစစ်တပ်အပေါ် အမေရိကန်က စစ်ရေးမဟာမိတ်အဖြစ် လက်တွဲနိုင်တယ်ဆိုတဲ့အခြေအနေပါပဲ။
လင်းအေးထင်
Ref:
Military strategy: The China syndrome
Military diplomacy: Not so warm and fuzzy
The Economist June 9th-15th 2012
0 comments:
Post a Comment