Saturday, July 28, 2012

ဟုတ်တယ် မဟုတ်လား (မောင်ယုပိုင်)

0 comments

ဘယ်သူ့ကိုပြောနေတာလဲ ဟုတ်လား၊ ဘာတွေပြောချင်နေတာလဲ ဟုတ်လား၊ ဘယ်သူ့ကိုပြောရမလဲ၊ ဘယ်သူရှိရမှာလဲ၊ မင်းအသိဆုံးပါကွာ။ မဟုတ်လား။
နေပူလိုက် မိုးရွာလိုက် မီးလောင်လိုက် ရေကြီးလိုက် သူပုန်စီးလိုက် အဲဒါပဲ ဟုတ်တယ် မဟုတ်လား

ခွင့်ပြုလိုက်ပြီတဲ့၊ ခွင့်မပြုတော့ဘူးတဲ့၊ ပြန်ခွင့်ပြုလိုက်ပြီတဲ့၊ ပြန်ခွင့်မပြုတော့ဘူးတဲ့
Change ပြီးတော့ Change ပြီးတော့ ထပ် Change လား Change တွေကိုပဲ Update လို့ 
ကိုယ် နားလည်/ယောင်/ထောင် ပေးရမလား။
ဟုတ်တယ် မဟုတ်လား
စာပေကင်ပေတိုင်အဖွဲ့ဖျက်သိမ်းခြင်းလော ကင်ပေတိုင်သို့ အိပ်ဖွင့်ဆဲစာများပေးပို့ခြင်းလော
အနှစ်ငါးဆယ်စာအတွင်းကြေများ ရင်ဖွင့်ခွင့်ရခြင်းလော သို့မဟုတ် ကလောင်ပုပ်-ကိုယ်-ရေး တိုက်ပွဲပြန်လည်ဆင်နွဲခွင့်များလော၊
ကျားထက်ဆိုးတဲ့ရှင်ကြီး စာပေစီစစ်ရေးသမားတွေအတွက် အခွင့်အလမ်းလော
အဲဒါပဲမဟုတ်လား၊ ကိုယ်လည်းမပြောတတ်သေးပါဘူး
ဟုတ်တယ် မဟုတ်လား

၁၅သိန်းတန်ဖုန်းတဲ့၊ ၂သိန်းတန်ဖုန်းတဲ့၊ လာလတ္တံ ရှစ်သောင်းတန်ဖုန်းတဲ့၊
မကြာမီလာမည် မျှော်ကြ ငါးထောင်တန်ဖုန်းတဲ့
အင်တာနက်ချိပ်လို့ရပြီတဲ့၊ မရဘူးတဲ့၊ လိုင်းမမိလို့တဲ့၊ လိုင်းမကောင်းလို့တဲ့၊ မြေအောက်ကြိုးပြတ်လို့တဲ့၊ ရာသီဥတုမကောင်းလို့တဲ့၊ အထိုင်ဖုန်း မကောင်းလို့တဲ့၊ ဟောင်ကောင်နဲ့တရုတ်လုပ် မတူလို့တဲ့၊ ကဒ်ပျက်သွားလို့တဲ့၊ ကုဒ်ယွင်းသွားလို့တဲ့၊
ဟုတ်တယ် မဟုတ်လား

မသိဘူးနော် သေချာလား မသေချာလား လွယ်သလား ခက်သလား(ရာမ)
ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ အဲလိုပစ်နိုင်မှ
ရှားရှားပါးပါး Clean ဖြစ်တယ်ဆိုတဲ့သမ္မတကြီးနဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ပစ်မိန့်ဟာ
စစ်တပ်အမိန့်ပေးမှုအဆင့်အဆင့်ကွင်းဆက်အရ သူ့ဆီကတဆင့်ဖြတ် အဲလိုပစ်နိုင်မှဗိုလ်လုပ်လို့ရမှာ ဟုတ်တယ် မဟုတ်လား မသိပါဘူး သူ့ကိုအပြောသမားသက်သက်ဖြစ်အောင် 
စီမံကိန်းအားလုံးငွေချမပေးဘဲ ညစ်ခဲ့တဲ့နည်းနဲ့ စနစ်တကျအကွက်ချနှိပ်ကွပ်ခဲ့တာလား မသိပါဘူး သူများထက်နာမည် ၆ လုံးပိုနေတဲ့သူကြောင့်လား သူ့အကြောင်းလား သီဟဘွဲ့ကိုသူရထားတဲ့စစ်တပ်ရဲ့တဦးတည်းကိုယ်စားလှယ်ကြီးလား ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ 
အဲလို(မဲမဲမြင်သမျှ)ပစ်နိုင်မှ အဲသလိုပဲလားဆိုတော့ ဟုတ်တယ်မဟုတ်လား

ကိုယ်က မင်းဆရာလိုလို၊ ကိုယ်က ဂိုက်လိုင်းချပေးနေရသလိုလို၊ ကိုယ်က ဆရာ/ဆရာမကြီးလိုလို၊
ကိုယ်မတီးရင် မမြည်သလိုလို၊ ကိုယ်မတော်ရင် မိုးမလင်းသလိုလို၊ ကိုယ်မခုန်ရင် ဖုန်မထသလိုလို
ဘ၀ထဲက ဆိုရှယ်နက်ဝတွေနုတ်လိုက်ရင် ဘာကောင်မှမဟုတ်တဲ့ကောင်တွေဖြစ်သွားမယ့် Social Network တွေပေါ်က နပိုလီယန်များ၊ ပရော်ဖက်ဆာဒေါက်တာဆွမ်းကြီးလောင်းတို့၏ ၀ဲ့ဘ်ဆိုက်များ ၊ စတုတ္တမဏ္ဍိုင်စိုက်ထူရုံမက မဏ္ဍပ်တိုင်ပါတက်ပြနေသူများ၊
ခေတ်ကျန် ခေတ်ဟောင်း ခေတ်ပေါ် ခေတ်လွန် ခေတ်လှော် ခေတ်ပြိုင် ခေတ်ပြောင်ကဗျာဆရာများ၊ ဘယ်လိုပြောရမလဲ။
ဟုတ်တယ် မဟုတ်လား

ခိုးကူးတော့ အားမပေးစေချင်ဘူးပေါ့နော်၊ သီချင်းတွေက အုန်းကျူးတစ်ပုဒ်နှစ်ပုဒ်ပါတာပေါ့နော်၊ သံစဉ်လေးတွေ ဘယ်လိုပြောမလဲ ဖလိုးလောက်ပဲယူတယ်ပေါ့နော်၊ ကိုးရီးယားစတိုင်လေးတွေပေါ့နော်၊ အာအမ်ဘီလေးတွေပေါ့နော်၊ ကိုယ့်အသံနဲ့လိုက်ဖက်မယ်ထင်တဲ့ သီချင်းလေးတွေပေါ့နော်၊ မော်ဒန်ရော့ခ်လေးတစ်ပုဒ်နှစ်ပုဒ်လည်း ပါတာပေါ့နော်၊ အားအရဆုံးက တိုင်တယ်သီချင်းဖြစ်တဲ့ ပေါ့ပ်သီချင်းချိုချိုလေးပေါ့နော်၊ တေးရေးတွေက နံမယ်ကြီးတွေချည်းပဲပေါ့နော်၊ ဖြူးချားရီးတွေကလည်း အခုပေါက်နေတဲ့သူတွေပါမှာပေါ့နော်၊ လက်တွဲခေါ်တယ်ပေါ့နော်၊ ရဲ့ပ်ပုံစံလည်း ထည့်ထားသေးတာပေါ့နော်၊ သရုပ်ဆောင်အင်အားကောင်းကောင်း၊ နံမယ်ကြီးဒါရိုက်တာငါးယောက်လောက်နဲ့ရိုက်ထားတာပေါ့နော်၊ ပြည်ပမှာ ရိုက်ထားတာလည်းပါမှာပေါ့နော်၊ လူငယ်စတိုင်ပေါ့နော်၊ ဖရီးစတိုင်ပေါ့နော်၊ အီမိုစတိုင်ပေါ့နော်၊ မြန်မာသံပေါ့နော်၊ အချစ်သီချင်းလေးပေါ့နော်၊ ပေါ့ပေါ့ပါးပါးပေါ့နော်၊ အတွေးအခေါ်ဒဿနဘ၀အကြောင်းလည်းပါတာပေါ့နော်၊ ခိုးကူးကူးမကူးကူး တိတ် စီဒီ ဒီဗီဒီတပြိုင်တည်းထွက်ရှိမည်ပေါ့နော်၊ လက်မှတ်ရေးထိုးရောင်းချမည်ပေါ့နော်၊ ဘီလ်ဘုဒ်တွေအများကြီးထောင်မှာပေါ့နော်၊ ပရိသတ်ကြီးအတွက်ပေါ့နော်၊ အားပေးပါလို့ပေါ့နော်၊ ကျေးဇူးတင်ပါတယ်ပေါ့နော်၊ အချစ်ရေးကပြောဖို့စောပါသေးတယ်ပေါ့နော်၊ အွန်လိုင်းထဲမှာပျံ့သွားတယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးက ကိုယ်နဲ့မဆိုင်ဘူးပေါ့နော်၊ ဟိုဂျာနယ်မှာပါတဲ့ဟိုသတင်းက ကိုယ်နဲ့ဘာမှမပတ်သက်ဘူးပေါ့နော်၊ စာဖတ်တာ ၀ါသနာပါတယ်ပေါ့နော်၊ စိတ်ငြိမ်းချမ်းမှုရအောင်တရားထိုင်ဖြစ်တယ်ပေါ့နော်၊ ကြေငြာရိုက်ဖို့ကမ်းလှမ်းလာရင်လက်ခံတယ်ပေါ့နော်၊ နံမယ်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတယ်ပေါ့နော်၊ အကယ်ဒမီတော့မမှန်းရဲသေးဘူးပေါ့နော်၊ ဒါပဲပေါ့နော်
ဟုတ်တယ် မဟုတ်လား
မသိလို့မေးတာပါ
မြေးတော်လေးမရောက်သေးလို့ လေယာဉ်တော် မထွက်တော်မူနိုင်သေးတာလား
ဟိုခေတ်ပျက်သူဌေးကြီးရဲ့သားနဲ့ ဟိုအဆိုတော်လေးရဲ့ရည်းစားနဲ့က ရည်းစားတွေလား
ယူနီဖေါင်းမ၀တ် ရုံးခန်းမှာမထိုင်တော့ပေမယ့် ဂေါ့ဖားသားကြီးက ကန့်လန်ကာနောက်ကွယ် ကြိုးကိုင်ဆဲလား
ရှေ့က စစ်အာဏာရှင်ကြီးများအတိုင်း နိဂုံးမလှအဆုံးသတ်ရမည့် !@#ကြီးလား၊
အရပ်ဝတ်လဲပြီးနောက် ဥပဒေအတိုင်း ဥစ္စာပစ္စည်းပိုင်ဆိုင်မှုကို ကြေငြာရဲပါသလား
အငြိမ်းစားယူသွားတာလား၊ နှုတ်ထွက်သွားတာလား၊ ပြုတ်သွားတာလား၊
တာဝန်မှရပ်စဲသွားတာလား၊ ရာထူးတိုးမြင့်သွားတာလား၊ သမ္မတရဲ့သမ္မတလား၊ နာယကရဲ့နာယကလား
ပျောက်သွားပြီလား၊ လေဖြတ်သွားပြီလား၊ သေသွားပြီလား၊ ပြေးသွားပြီလား၊ ခေတ္တအနားယူနေတာလား၊ ရန်ကုန်မှာလား၊ နေပြည်တော်မှာလား၊ မြေအောက်လှိုဏ်ဂူထဲမှာလား၊ 
ကုဋေရှစ်ဆယ်(x 80)တန်နေအိမ်ကြီးထဲမှာလား၊ မင်းတို့ရပ်ကွက်ထဲမှာလား၊ ကိုယ့်ဆံပင်ကိုယ်ညပ်နေရတာလား၊
နောက်ဆုံး၌ တရားရေအေးနဲ့ဖြေဆေးတွေ့သွားလေသတည်းလား
ဟုတ်တယ် မဟုတ်လား

အော် ခုတော့လည်း ဗိုလ်ချုပ်တို့သားအဖကို ကိုယ်တို့ထက်တောင် ချစ်ကြတဲ့သူတွေများပေါ့
အော် အစက အဘ-အဘ-အဘနဲ့ အခု အမေ အမေ အမေဖြစ်ရပြန်ပေါ့
အော် ဒေါင်းယောင်ဆောင်သော ဖွံ့များပေါ့
အော် ဒလန်တွေ အလံရှူးတွေ သာကူးတွေပေါ့
အော် “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့" ခသုံးလုံး ကျင့်သုံးတုန်းပေါ့
အော် "မလုပ်၊ မရှုပ်၊ မပြုတ်" မသုံးလုံး ဆောင်ထားတုန်းပေါ့
အော် `ဗောင်းတော်ညိမ့် စိတ်တော်သိ ထားရာနေစေရာသွား´တုန်းပေါ့
အော် မိုးကျရွှေကိုယ်တွေပေါ့
အော် ခုကျတော့ ဥက္ကဌအတွက် သက်တော်စောင့်တွေအသက်နဲ့ရင်းပြီး လမ်းကြောင်းနှိမ်နင်းရှင်းလင်းပေးရပြန်တဲ့ ခေတ်သစ်ဗီအိုင်ပီတွေပေါ့။
အော် ခုတော့ ပြည်သူ့မျက်နှာမှမထောက် လွှတ်တော်ထဲမ၀င်ဘူးပေါ့၊
အော် ခုတော့ စစ်ပဒေသရာဇ်စနစ်ကို ညီညာဖျဖျတန်းစီရပ်ပြီး ကျမ်းသစ္စာကျန်ဆိုနေပြီပေါ့
အော် အရင် ရာဇ၀င်အတ္တုပတိထဲမတော့ သေနပ်ပြောင်းဝနဲ့တည့်တည့်တိုးခဲ့၊ သွေးသားရင်းမိသားစုကို မြန်မာပြည်မိသားစုကြီးနဲ့လဲခဲ့၊ အစာငတ်ခံဆန္ဒပြခဲ့၊ အာရှရဲ့နယ်ဆင်မန်ဒဲလားဖြစ်ခဲ့
အော် ခုတော့ တောရောမြို့ပါမကျန် အောင်မြင်ကျော်ကြား the Lady ထဲက သရုပ်ဆောင်နေရတဲ့ နာမည်ကြီးစယ်လီဘရက်တီ မင်းသမီးကြီးပေါ့
ဟုတ်တယ် မဟုတ်လား

မသိလို့ပါနော်၊ နားမလည်လို့ပါနော်၊ အမိုက်အမဲလေးမို့ပါနော်
တယ် ..ဒီရိုဟင်ဂျာတွေ အကုန်သတ်ပစ်ကွာ၊
သယ်…ဒီရှေးရခိုင်လူကြီးတွေရော နှောင်းရခိုင်လူငယ်တွေရော တစ်ယောက်မှမကောင်းဘူးကွာ
မင်းတို့က ပိုက်ဆံအတွက်လုပ်တာ ငါတို့က နိုင်ငံရေးကို ထောင်ကျခံလုပ်နေတာကွ
မင်းတို့က ထောင်ထွက်ပညာမဲ့တွေ ငါတို့က တိုင်းပြည်ကိုနားမျက်စိဖွင့်ပေးနေတဲ့
စတုတ္ထမဏ္ဍိုင်မီဒီယာသမားတွေကွ
အဲလိုကြီးလား
ဟုတ်တယ် မဟုတ်လား

အဲဒါပဲမဟုတ်လား၊ အဲဒါ မဟုတ်ဘူးလား၊ ဘယ်သူ့ကိုပြောရမှာလဲ၊ ဘာတွေပြောချင်ရမှာလဲ၊
မြန်မာနိုင်ငံမှ ရစရာရှိသောအကြွေး အာရှဘဏ် (သန်း ၄၉၀ ဒေါ်လာ) နဲ့  ကမ္ဘာ့ဘဏ် (သန်း ၃၉၃ ဒေါ်လာ) တခြား - ၆-၇ဘီလျှံ။
ဟုတ်တယ် မဟုတ်လား
သိပါဘူး
ယနေ့ ယခု သမ္မတအစိုးရလက်ထက်ကို ပြောနေတာ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(၀ါ) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နှစ်(၂) မည်ရ အစိုးရလက်ထက် အနှစ်(၂၀)ကျော်ကာလကို ပြောနေတာ
မဆလခေတ်ကြီးကို ပြောနေတာ၊ သက်ဦးဆံပိုင်ဘုရင်လက်ထက်ကိုပြောနေတာ၊
ဟုတ်တယ် မဟုတ်လား
ဘယ်သူ့ကိုပြောနေတာလဲ ဟုတ်လား၊ ဘာတွေပြောချင်နေတာလဲ ဟုတ်လား၊

ဘယ်သူ့ကိုပြောရမလဲ၊ ဘယ်သူရှိရမှာလဲ၊ မင်းအသိဆုံးပါကွာ။ မြန်မာလိုပြောနေတာပဲကွာ ဟုတ်လား။
ရာသီဥတုကောင်းတော့ လေကလေးချွန်လိုက် ခေါင်းကလေးမော့ရင်ကလေးကော့လိုက် ရွှေပြည်အေးတရားလေးဟောလိုက်
နှမ်းထွက်မကိုက်တော့ ရေရွတ်ကျိန်ဆဲလိုက် မီးခိုးတွေအူထွက် ခေါင်းငိုက်စိုက်မှိုင်တွေငေးမောလိုက်
ဟုတ်တယ် မဟုတ်လား

သံစဉ်စာသား စိုင်းခမ်းလိတ်တွေနားထောင်လိုက် The Arcade Fire တွေနားထောင်လိုက်
mc လွမ်းပိုင်ရဲ့ twistတွေ နားထောင်လိုက် ပြီးတော့ သံစဉ်စာသား စိုင်းခမ်းလိတ်တွေနားထောင်လိုက်
ဟုတ်တယ် မဟုတ်လား
အင်နီမေးရှင်းတွေကြည့်လိုက် အထူးပြုလုပ်ချက်တွေကြည့်လိုက် သရီးဒီတွေကြည့်လိုက် အဖြူအမည်းအသံတိတ်တွေကြည့်လိုက်
ဟုတ်တယ် မဟုတ်လား

ဒေါင်းလော့လေးလုပ်လိုက် မင်မိုရီစတစ်ထဲထည့်လိုက် ဟဒစ်ထဲသိမ်းလိုက် နောက်ထပ်ပြင်ပဟဒစ်ထဲ ထပ်သိမ်းလိုက် ဖိုင်ပြောင်းလိုက် ဖုန်းထဲထည့်လိုက် ဘလူးတုသ်ပို့လိုက် အီးမေးလ်နဲ့ပို့လိုက် အွန်လိုင်းပေါ်တင်လိုက် ကော်မန့်လေးပေးလိုက် ရှယ်ယာလေးလုပ်လိုက် ပြီးတော့ ဒေါင်းလော့လေးလုပ်လိုက် မင်မိုရီစတစ်ထဲထည့်လိုက်…
ဟုတ်တယ် မဟုတ်လား

စီမံကိန်းတွေဆွဲလိုက် ပလန်တွေချလိုက် ဗျူဟာတွေခင်းလိုက် ရင်းနှီးကြည့်လိုက် စွန့်စားကြည့်လိုက် စိတ်ကူးတွေယဉ်လိုက် အိပ်မက်တွေမက်လိုက်
ပြီးတော့ နေ့စဉ်ဘ၀ဇာတ်လမ်းဟာ
အလိုမတူဘဲ ပြီးဆုံးခဲ့ပြီးသော အတိတ်ဇာတ်ထုပ်များအတိုင်း
အခန်းဆက်လျက်နေ့စဉ်ဖြတ်ကျော် ဘ၀သရုပ်ဖေါ်သွားလိုက်
ဟုတ်တယ် မဟုတ်လား

လျှောက်လွာလေးတင်ထားလိုက်၊ သင်တန်းလေးတက်ထားလိုက်၊ လိပ်စာလေးယူထားလိုက်၊ အဆက်အသွယ်လေးလုပ်ထားလိုက်၊ မျက်စိဖွင့်နားစွင့်ထားလိုက်၊ အခြေအနေလေးစောင့်ကြည့်လိုက်၊ မယုတ်မလွန်လေးပြောထားလိုက်၊ ရေလိုက်ငါးလိုက်လေးပြောထားလိုက်၊ မတင်မကျလေးလုပ်ထားလိုက်၊ မြွေမသေတုတ်မကျိုးလေးလုပ်ထားလိုက်၊ ဟာသလေးနည်းနည်းသုံးထားလိုက်၊ အမောက်လေးနည်းနည်းထောင်ပြလိုက်၊ ပါဝါလေးနည်းနည်းထုတ်သုံးလိုက်၊ မြောက်လုံးပင့်လုံးလေးသုံးလိုက်၊ နည်းနည်းပါးပါးအကုန်ခံလိုက်၊ ကျေးဇူးလေးဆပ်ထားလိုက်၊ ရင်းနှီးကျွမ်းဝင်သိတတ်လိမ္မာပြလိုက်၊ ကိစ္စပြတ်သွားရင် ရူးချင်ယောင်ဆောင်လိုက်၊ Busy လုပ်ထားလိုက်
ဟုတ်တယ် မဟုတ်လား

(၁) လာမယ်ပြင်လိုက် ပျက်သွားလိုက်၊ လာမယ်ပြင်လိုက် ပျက်သွားလိုက်နဲ့။
မလာဖြစ်သည့်အကြောင်းတွေ ဤမျှစီကာပတ်ကုံး ပြောနေရခြင်းမှာ လေရှည်ချင်၍ မဟုတ်ပါ။
လောကကြီးဆိုတာ ဒီလိုပဲဆိုတာပေါ်လွင်စေချင်၍သာ ပြောပြနေရခြင်းဖြစ်ပါသည်။
ဘ၀ဆိုတာ အဲလိုပဲ။
(၂) တစ်လဆိုတာ ဟိုလှည့်ဒီလှည့် ဟိုလုပ်ဒီလုပ်နဲ့ ကုန်မှန်းမသိ ကုန်သွားလိုက်သည်မှာ မြန်လှသည်။ ထိုတစ်လလုံးလုံး ကျွန်တော်ဘာများ ထိထိရောက်ရောက်လုပ်ဖြစ်ခဲ့လဲ ပြန်စဉ်းစားတော့
ဘာတစ်ခုမှ မယ်မယ်ရရမလုပ်ဖြစ်ခဲ့ကြောင်း တွေ့ရပြန်သည်။ ဟိုလို ဒီလိုနဲ့ပင် ကုန်ချေသည်။ တစ်ခါတစ်လေကျတော့လည်း ငါ တယ်ဟုတ်ပါလားဆို ကိုယ့်ကိုယ်ကိုကျေနပ်နေရသည်လည်း ရှိသလို၊ တစ်ခါတစ်လေကျတော့လည်း ငါ တယ်နုတ်ပါလားဆို ကိုယ့်ကိုယ်ကို မကျေနပ်ရသည်လည်း ရှိပြန်သည်။ လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်းနဲ့ တစ်နေ့တစ်နေ့ ကုန်သွားလိုက်သည်မှာ
တစ်လပြည့်လို့ပြည့်မှန်းပင် သတိမထားမိလိုက်ဘဲ
သတင်းစာပို့သမားလေးက လကုန်ပြီ သတင်းစာဖိုးပေးတော့လို့ လာတောင်းတော့မှ တစ်လတောင်ကုန်ပြီကောလို့ လန့်ဖျန့်ညည်းမိသည်လည်း မနည်းတော့။
ဒါဟာ ဘ၀ပါလား။
((၁) (၂) A Perfect day for Kangaroos- Haruki Murakami သန်းထိုက်စိုးဘာသာပြန် မှ)
ဟုတ်တယ် မဟုတ်လား။ ။

ကိုယ်စား
မောင်ယုပိုင် (ဟုတ်တယ် မဟုတ်လား)
2012 may
(ယူတာကဒီကပါ)http://www.kaungkin.com/index.php?option=com_content&view=article&id=820:poem&catid=48:2009-04-21-17-32-48&Itemid=78

0 comments:

Post a Comment