Wednesday, October 31, 2012

စန္ဒီဟာရီကိန်း၊ စွပ်စရာနှင့်တင်စရာကျေးဇူး (မျိုးမြင့်ချို)

0 comments
မနေ့က  Sandy မုန်တိုင်းမွှေနေချိန်မှာ အဝေးကမိတ်ဆွေတစ်ဦးက သတင်းလှမ်းမေးပါတယ်။ သူ့အမေးကိုပြန်ဖြေရင်း ကျနော်က ”သမ္မတတော့ မုန်တိုင်းမိနေတဲ့ဘက်တွေကို သွားချည်ပြန်ချည်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြပ်နေလေရဲ့”လို့ပြောမိတယ်။ မိတ်ဆွေက ”ကောင်းတာပေါ့ဗျာ၊ ဆောင်းပါးတပုဒ်လောက် ရေးပါလား” လို့ဆိုပါတယ်။ ရေးတော့ရေးချင်သား။ ကျနော်တို့ဆီ နာဂစ်ဝင်တုန်း ကနဲ့ နှိုင်းပြီးတော့ပေါ့လေ။ ရေးချင်တဲ့နာက်အကြောင်းက သမ္မတရွေးကောက်ပွဲနဲ့မုန်တိုင်းတိုးမိတာနဲ့၊ စီးပွားရေး ဗူးလေးရာဖရုံဆင့်ဖြစ်မယ့်ဟာကို သွားတွေးမိတာလည်းပါပါတယ်။ မုန်တိုင်းပြီးမှ ပြန်လည် ထူထောင်ရေးက စရမှာလေ။ ထူထောင်ရေးကအလကားမှမရတာကိုးနော။ နောက် တချက်က ရွေးကောက်ပွဲ။ ဒီ ရွေးကောက်ပွဲက အမေရိန်အတွက်တင်မက ကမ္ဘာ့နိုင်ငံတွေအတွက်ပါ အရေးကြီးတာမဟုတ်လား။ အိုဘားမားကတော့ မဲဆွယ်ခရီးတွေဖျက်ပြီး မုန်တိုင်းရေးနဲ့နပမ်းလုံးနေတာပါ။ လူကိုယ်တိုင်လည်း မိုးထဲလေထဲ ကူးကလန်ခတ်နေတာ မြင်ရပါတယ်။ ဒါပေမယ့် မရေးဖြစ်ဘူး။ စိတ်ထဲလည်းတမျိုးပဲ။ ဝန်လည်းလေးနေသလိုပဲ။ မုန်တိုင်းအကြောင်းပြုပြီး နှစ်ပါတီလုံးက ဘာနိုင်ငံရေးအမြတ်များ ထုတ်ကြဦးမလဲဆိုပြီး တွေးလည်းနေမိပါတယ်။  လက်တွေ့မှာလည်း လူမှုဒုက္ခတွေကနေ ထုတ်အယူခံလိုက်ရတဲ့ နိုင်ငံရေးအမြတ်တွေက နည်းမှမနည်းခဲ့တာကိုး။

ဘာပဲဖြစ်ဖြစ် သူ အခု လုပ်နေတာတွေက တို့ဆီ နာဂစ်ဝင်တုန်းက စစ်ခေါင်းဆောင်တွေလုပ်ခဲ့တာနဲ့ ယှဉ်တော့ ဆီနဲ့ရေ၊ မိုးနဲ့မြေလိုပါလား..။ သာဓုခေါ်ထိုက်ပါတယ်လေလို့တွေးပြီး အိပ်ယာဝင်ခဲ့တာပါ။ အဲ... ဒီမနက်နိုးတော့ ဒေါသစိတ်နဲ့ဗျ။ နှိုးစက်နှိုးလို့ နိုးတော့ ရေဒီယိုကထုံးစံအတိုင်း သတင်းပလင်း ”အတင်းအဖျင်းတွေနဲ့နံနက်ချိန်ခါတေးသံသာ”လာနေတယ်။ နောက်တော့ နိုင်ငံရေးတော်ကီပွားကြတဲ့ အခန်းဗျာ။ ကျနော် အဲ့လို ပွားခန်းတွေကို စိတ်လိုလက်ရနားထောင်ပေမယ့်  အရေမရအဖတ်မရတွေဆို  ထပိတ်လိုက်တာများပါတယ်။ ဒီနေ့တော့ မပိတ်ပဲဆက်နားထောင်မိတယ်ဗျ။ စကားနိုင်လုတာတွေဆို ရီရတယ်လည်းပါတယ်လေ။ အလယ်ထိုင်လုပ်ပေးသူက လှတောသားဆိုရင် ပြောမနေနဲ့။ ပိုတောင်ဆိုးသေး။ ဒီမနက်တော့ ရီပတ်ဘလီကင်န်ငနဲက ”မုန်တိုင်းထဲမှာ မဲဆွယ်နေပါရောလား… တို့ပိုက်ဆံနဲ့ မဲဝယ်နေပါရောလား..”လို့ ထေ့တေ့တေ့လေးလုပ်တာဗျ။ ကျနော့်စိတ်ထဲ ဒီမှတ်ချက်ကြောင့် မျက်ကနဲဖြစ်သွားတယ်။ ဒီလူ့နှယ်ကွာ ဆိုပြီး။

ဒီတင်မပြီးဘူး ထပ်ပြောသေးတာဗျ။ ”သူ့အပူကို သူများအပူလိုလို ပူချင်ယောင်ဆောင်နေတာပါ။ တကယ်ဆိုလည်း သမ္မတပဲဟာ ပူရမှာပေါ့။ မပူလို့ရမလား။ သူ မပူလို့ ဘယ်သူပူရမလဲ။ မပူချင်ရင် သမ္မတလုပ်မနေနဲ့ပေါ့”တဲ့။ ကျနော့်စိတ်ထဲ ပိုတောင် ဒေါမနဿဖြစ်မိပါရဲ့။ ဆက် နားထောင်ချင်စိတ်ပျောက်ပြီး ရေဒီယိုထပိတ်မိတော့မလို ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ မနေ့ကပဲသမ္မတက မီဒီယာတွေကိုပြောတာကို တွေ့လိုက်တယ်လေ။ ”လူတွေအတွက် ပူတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအချိန်မီလုပ်ဖို့ ပူတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် ပူတယ်။ ဒီမုန်တိုင်းကြောင့်ထိခိုက်လာမယ့် တိုင်းပြည်စီးပွားရေးအတွက် ပူတယ်။ ရွေးကောက်ပွဲကတော့ သူ့သဘောသူဆောင်ပြီး အဆင်ပြေသွားမှာပါ။ မပူပါဘူး” ဘာညာပေါ့ဗျာ အဲ့လိုသဘောလေးပြောရှာ တယ်။ ပြောတဲ့အချိန်သူ့မျက်နှာမှာလည်းကြာင့်ကြရိပ်တွေ မြင်နေရတာကိုး။

ရေဒီယိုနားထောင်ရင်း စိတ်တွေပူလောင်တင်းကျပ်နေတာကို ဖျတ်ကနဲသိလိုက်တော့မှ ”ငါ့နှယ် ဖြစ်မှဖြစ်ရလေ”ဆိုတဲ့ သတိလေးဝင်လိုက်လို့ ဆုံးတဲ့အထိနားထောင်ဖြစ်တာပါ။ ပြီးတော့မှ ”အဲသလို ငါ ဘာလို့ဖြစ်ရသလဲ”လို့ ဆက်တွေးခဲ့ပါတယ်။ တကယ်တော့ ကျနော့်စိတ်အခံက ရီပတ်ဘလီကင်န်တွေကိုမှ မကြိုက်တာကိုး။ မကြိုက်တဲ့စိတ်အခံက ရှိနှင့်နေပြီးသားကိုး၊ ရှိနှင့်ပြီးစိတ်အခံ အထိုင်ပေါ်ကနေ အကဲဖြတ်တာကိုး။ ဒီတင် ထွက်လာတဲ့အဖြေနဲ့ခံစားချက်ကလည်း ”ဒီလူ့နှယ်ကွာ”တို့ ”ဒေါမနဿ”တို့ဖြစ်လာတာကိုး။ ရီပတ်ဘလီကင်န်သမ္မတက အဲသလိုလုပ်နေတာကို ဒီမိုကရက်တယောက်က ခုလိုပြောခဲ့ရင်ရောလို့တွေးမိပါတယ်။ သူလည်း ခု ဒီမောင် ပြောသလိုပြောမှာပါပဲ။ သိတ်တော့လည်း မဆန်းပါဘူး။ တကယ်က သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေတာမဟုတ်လား။ ကိုယ်ကသာ ကိုယ့်စိတ်အခံအတိုင်း လိုက်ခံစား၊ လိုက်တုန့်ပြန်နေမိတာကိုး။ ပြောမယ့်ဟာက ဒီလောက်ပါပဲ။

အဲဒါလေးရေးပြီးတင်ခါနီးဆဲဆဲကျမှ ဗမာပြည်ထဲနေတဲ့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေလေးတယောက်က အိုဘားမားကို ကျေးဇူးရှင်ကြီးသဖွယ်၊ တိုင်းသူပြည်သားတွေရဲ့ မိဘကြီးသဖွယ် ထိုင်ဦးချချင်စိတ်ပါက်မတတ်ပြောတော့တာပါ။ သူ့ဘာသာ ပြောတာကအရေးမကြီးဘူး ကျနော့်ပါပြောခိုင်းတော့ ခက်သားလားဗျာ။ အဲသလိုကြီးတော့ မယူဆစေချင်ကြောင်း ပြန်ပြောပြတော့ သူစိတ်ဆိုးပုံပါပဲ။ ဘာမှဆက်မပြောတော့ဘူး။ ခု သူ ဆက်မပြောတာနဲ့ ကျနော် ဆက်ရေးဖြစ်သွားပါတယ်။

ဒီမှာက စစ်တပ်ကို ဘယ်သူကမှ အမိအဖလို့သဘောမထားသလို စစ်တပ်ကလည်းမထားခိုင်းပါဘူး။ ထားခိုင်းရင်တော့ ဘယ်လိုနေမယ်မပြောတတ်ဘူးပေါ့ဗျာ။ ဒီမှာက လူတွေက စစ်တပ်ကို “ငါတို့ ပေးတာကိုစား၊ ကိုယ့်အတတ် ကိုယ်ကျွမ်းအောင်လုပ်၊ အစိုးရပြောတာ နားထောင်၊ နိုင်ငံရေးထဲ ဝင်မရှုပ်နဲ့၊ ကိုယ့်နေရာကိုယ်သိ” ကျနော့်စကား နည်းနည်းရိုင်းရင်ရိုင်းလိမ့်မယ်။ ဒါပေမယ့် သဘောကတော့ ဒါပါပဲ။ တကယ်လည်း စစ်တပ်က အမြင်အရရော လက်တွေ့အရရော အဲ့အတိုင်းနေနေတာလို့ ပြောလို့ရမယ်ထင်ပါတယ်။ အတွင်းသဘောတွေကို သေချာစောကြောကည့်ရင်တော့ တချို့နေရာတွေမှာ ပြောစရာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ထားလိုက်ပါ။ ဒီနေရာမှာ အဲဒါအကြောင်း ပြောမှမှမဟုတ်တာကိုး။ ခု ကျနော်ပြောသလိုနေတဲ့တပ်ကို နေနေရတဲ့တပ် ကို ကြေးစားလို့ပြောပြော Professional လို့ဆိုဆို ဆိုနိုင်ပါတယ်။

နောက်တခုက အစိုးရဗျာ။ အစိုးရကိုလည်း ဘယ်သူကမှ ဒီမှာ မိဘလို့သဘောမထားပါဘူး။ အစိုးရကလည်း မထားခိုင်းပါဘူး။ ထားခိုင်းရင် ဘယ်လိုနေမလဲ မပြောတတ်ဘူးဗျ။ အစိုးရကလည်း သူ့ကိုယ်သူ မိဘတို့ဘာတို့မပြောပါဘူး။ ပြည်သူပြည်သားကိုလည်း “ရင်ဝယ်သား”တို့ ဘာတို့ မပြောပါဘူး။ “ဘယ်လက်နဲ့ဘာပေးမယ်” “ညာလက်နဲ့ ဘာပေးမယ်”တို့လည်းမပြောပါဘူး။ ပြောလည်း လူတွေက ခံမယ်မထင်ပါဘူး။ လူတွေကအစိုးရကို “တို့ ရွေးထားတာမို့.. တို့ လခပေးမယ်၊ သေချာလုပ်၊ ကောင်းအောင်လုပ်၊ မလုပ်နိုင်ရင်ထွက်၊ မထွက်ရင် နောက်တကြိမ် မရွေးဘူး၊ လူတွေစကားကိုနားထောင်၊ တဦးချင်းဆိုင်ရာအရေးတွေထဲဝင်မပါနဲ့ ကိုယ့်ဘာသာအေးဆေးနေ” ဒီလောက်ပဲဗျ။ ဘယ် သမ္မတကမှလည်း သူ့ကိုယ်သူ “နိုင်ငံတော်”တို့ “နိုင်ငံအကြီးအကဲ” တို့၊ “အာဏာပိုင်” တို့ဆိုပြီးမပြောပါဘူး။ လက်တွေ့မှတော့ အဲဒါတွေအကုန် ပိုင်တာပါ။ ကျင့်သုံးတာပါ။ သိမ်မွေ့တာနဲ့ ကြမ်းတမ်းတာတော့ ကွာမှာပေါ့လေ။ ဘယ်အစိုးရအဖွဲ့ကမှလည်း ပဒေသရာဇ်တွေပြောတဲ့ မင်းကျင့်တရားဆိုတာကို မပြောတာ၊ မသုံးတာပဲဗျ။ ပြောရသုံးရအောင်လည်း မင်းမှ မဟုတ်တာကိုး။ အမေရိကန်ရဲ့ထူးခြားချက်က တိုင်းပြည်တချို့ကလူတချို့ ခုချိန်ထိ အမွန်အမြတ်ပြုကြရာ၊ စံထားရာ၊ ဦးညွှတ်ရာ၊ အထွဋ်တင်ရာအမျိုးသားရေးလက္ခဏာလို့ဆိုဆို၊ ပဒေသရာဇ်စိုးမိုးမှုပဲပြောပြော၊ လူတွေရဲ့ အသက်ကို၊ ဦးခေါင်းကို၊ ဆံပင်ကိုပိုင်တယ်ဆိုတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ် မထွန်းကားခဲ့တာပဲ၊ မရှိခဲ့တာပဲ၊ ခေါ်စရာဘုရင် မပေါ်ခဲ့တာပဲဗျာ။ ဆိုတော့ဗျာ ခုချိန် မျက်မှောက်ခေတ်မှာ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငန်းတို့ အမျိုးဘာသာသာသနာတို့ဆိုပြီး ထအော်စရာမရှိဘူးပေါ့။ အဲလိုတွေမရှိတော့ အဲဒါတွေကြောင့် ဖြစ်ရတဲ့ပြဿနာမရှိဘူးပေါ့ဗျာ။ သဘောကဗျာ မင်းကြောင့်ဖြစ်ရတဲ့ပြဿနာ မရှိဘူးဗျာ။ မင်းကျင့်တရားကြောင့်ဖြစ်ရတဲ့ပြဿနာ မရှိဘူးဗျာ။ အခြားပြဿနာတွေတော့ ရှိတာပေါ့။ လူတွေကလည်း အစိုးရကို မင်းလို့ သဘောမထားကြဘူးဗျာ။ ပြောရရင် အစိုးရကလည်း အစိုးရလို့သာပြောတာပါ။ တကယ်က ဘယ်မှာလာ အစိုးရလိမ့်မတုန်း။  လူထုမကြိုက်ရင် သက်ဇိုးက ရှည်မှမရှည်တာကိုး။

အစကနေပြန်ကောက်ရရင် ခု မုန်တိုင်းအရေးမှာ အိုဘားမားလုပ်နေတာတွေ ကောင်းပါတယ်။ လူတွေလည်း ကြိုက်ပါတယ်။ သူလည်း သူ့အလုပ်ကိုတာဝန်ကြေကြေ လုပ်နေပါတယ်။ တဘက်ကလည်း သူကောင်းကောင်းလုပ်ပေးရင် ရွေးကောက်ပွဲကျ သူ့အတွက်မဲတွေလည်း ဒလဟောဝင်လာမှာပါပဲ။ နောက်တကြိမ် သမ္မတဆက်လုပ်ရမှာပါပဲ။ ဘာပဲပြောပြော သူ ခုလိုလုပ်နေတော့ အနည်းဆုံး အပြောတော့လွတ်တာပေါ့။ ဗမာပြည်မှာက အဲသလိုမဟုတ်တော့ နည်းနည်းလေး ထလုပ်ပြလိုက်ရင်ကိုပဲ နေရင်းထိုင်ရင်းကျေးဇူးရှင်ကြီးဖြစ်သွားတာကိုး။ ဒီမှာက လုပ်လို့ ကျေးဇူးရှင်ကြီးဖြစ်မယ် မထင်နဲ့။ မလုပ်မှသာ အတုတ်ခံရမှာလေနော။ ခု သမ္မတလည်း ဒါကို သိတာပေါ့။ သိလို့လည်း လုပ်တာပေါ့။ မလုပ်ပဲနေကြည့်ပါလား အတွယ်ခံရမှာပေါ့။ ဒီမှာက လူတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်ကြရတာပါ။ လုပ်ဖို့လည်း တန်ရာတန်ကြေး ပေးထားပြီးသားပဲဟာ။ သူ့အလုပ်ကိုယ့်အလုပ် သွားစွက်ဖက်လို့လည်း မရပါဘူး။ စွက်လို့မရအောင်လည်း သူ့နည်းနဲ့သူ့စည်းရှိတယ်၊ ထားတယ်၊ ကျင့်သုံးတယ်ဆိုပါတော့ဗျာ။ စစ်တပ်က စစ်တပ်အလုပ်၊ အစိုးရက အစိုးရအလုပ်၊ ကွန်ဂရက်စ်က ကွန်ဂရက်စ်အလုပ်၊ တရားရုံးတွေက တရားရုံးအလုပ်၊ လူတွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ပေါ့ဗျာ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာမို့ ဘယ်သူ့ဘယ်သူမှ ကျေးဇူးတင်နေစရာ အကြောင်းမရှိပါဘူး။ တင်စရာလည်း မလိုပါဘူး။ လုပ်တဲ့အလုပ်ကို ကြေကြေပွန်ပွန်လုပ်ရင်တော့ Thank you very much ဘာညာပြောမှာပါပဲ။ လုပ်တဲ့အတွက်လည်း Appreciation တွေဘာတွေတော့ လုပ်တာပါပဲ။ လုပ်ကြတာပါပဲ။ အကြေပွန်ဆုံးဆို ထိုက်ထိုက်တန်တန်တောင် ဂုဏ်ပြုပေးတာပါပဲ။ ဂုဏ်ပြုခံရတာနဲ့ ကျေးဇူးရှင်ကြီးနေရာပေးတာ ယူတာမှာကွာပါတယ်။ ဒီနေရာမှာ အခမဲ့စေတနာ့ဝန်ထမ်းလုပ်တာတွေ ကိုယ်ကျိုးစွန့်အနစ်နာခံတာတွေတော့ မပါဘူးပေါ့။ သူက သတ်သတ်ပြောရမှာပါ။  

ဗမာပြည်ကျတော့ စစ်တပ်ကလည်း အမိအဖဖြစ်လိုဖြစ်။ အစိုးရလည်း မိဘနေရာယူလိုယူ။ တိုင်းသူပြည်သားလည်း သားသမီးဖြစ်လိုဖြစ်။ စစ်ဗိုလ်ကလည်း ကျေးဇူးရှင်ကြီးလုပ်လို လုပ်၊ နိုင်ငံတော်အကြီးအကဲလို့ ပြောလိုပြော၊ အမျိုးသားရေးဆိုပြီး လူမျိုးစုတစုခြင်းအလိုက် ကိုယ့်အလံကိုယ်ထောင်၊ မင်းကျင့်တရားဆိုတာ ဘယ်သို့ဘယ်ချမ်းသာ၊ အမျိုးဘာသာသာသနာဆိုတာ ဘာညာဆိုပြီး အော်သူကလည်းအော် ပြောရရင်အများကြီးဗျာ။ အဲသလို အနေအထိုင် အတွေးအခေါ် အကျင့်အကြံတွေနဲ့ အသားတကျရှိနေသူတချို့ထဲမှာ ခု ကျနော်ပြောတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က မိတ်ဆွေလေးလည်း ပါမယ်ထင်တာပါပဲ။ သူ့ ကျေးဇူးရှင်ကြီးကို ခုလိုပြောရကောင်းလားဆိုပြီး ကျနော့်ကို ဒေါကန်ရင်လည်း ခွင့်လွှတ်စိတ်ကလေးနဲ့ အခမဲ့ ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ကြောင်းပြောပါရစေ။
မျိုးမြင့်ချို အောက်တိုဘာ ၃၁ ရက် ၂ဝ၁၂ ရက်။

Tuesday, October 30, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂၅ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၂၅ (မျိုးမြင့်ချို) အောက်တိုဘာ ၂၉ ရက် ၂ဝ၁၂ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး...သောတရှင်များခင်ဗျား.. ဗမာပြည်စစ်အာဏာ ရှင်တွေရဲ့သမိုင်းနဲ့သူတို့နိုင်ငံရေးကိုပြောရမယ်ဆိုရင် ဘိန်းရာဇာကြီးတဦးဖြစ်တဲ့ ခွန်ဆာလည်းပါမှ ပြည့်စုံမယ်လို့ဆိုရမှာပါ။ စစ်အာဏာတည်ဆောက်ချိန်က စလို့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးလုပ်ချိန်အထိ ခွန်ဆာဟာလည်း စစ်အာဏာရှင် တို့ရဲ့နိုင်ငံရေးမှာ တစုံတရာအရေးပါခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် ခွန်ဆာခေါ် ချန်ရှီဖူးနဲ့ သူ့လက်နက်ကိုင်တပ်ဖွဲ့အကြောင်း အကျဉ်းချုပ်တင်ပြလိုပါတယ်။ မိခင်ရှမ်းအမျိုးသမီး နဲ့ဖခင်တရုတ်အမျိုးသားတို့က ခွန်ဆာ့ကို ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်က ဖာဖင့်ဆိုတဲ့ရွာမှာမွေးခဲ့ပြီး ငယ်စဉ်က ချန်ကေရှိတ်ရဲ့ကူမင်တန်တရုပ်ဖြူတပ်မှာ အမှုထမ်းခဲ့ဖူးတယ်လို့ဆိုပါတယ်။ တရုတ်ဖြူတွေစစ်ရှူံးတော့ နောက်လိုက်အချို့နဲ့ ဗမာပြည်ထဲဝင်လာပြီး ကိုယ်ပိုင်တပ်တခုထူထောင်ခဲ့ပါတယ်။ (၆၃) ခုနှစ်ထဲရောက်တော့ ရှမ်းပြည်နယ်က ဗကပနဲ့အခြား လက်နက်ကိုင်အင်အားစုတွေကိုတိုက်ဖို့ ဗိုလ်ချုပ်နေဝင်းတို့နဲ့ခွန်ဆာ ပေါင်းမိသွားပါတယ်။  ဒီမှာတင် သူ့တပ်ကို ကာကွယ်ရေးတပ်လို့အမည်ပြောင်းပြီး ပြည်သူ့စစ်သဏ္ဍန်ဖွဲ့စည်းကာ စစ်အစိုးရဆီက ငွေကြေးလက်နက်နဲ့ အခြားအကူအညီတွေ ယူခဲ့ပါတယ်။ တဘက်မှာလည်း ဘိန်းလုပ်ငန်းနဲ့ဝင်ငွေဖြောင့်လာတဲ့အလျှောက် တဖြည်းဖြည်းအင်အားတောင့်တင်း လာတဲ့ခွန်ဆာဟာ ဗိုလ်နေဝင်းနဲ့အဆက်ဖြတ်ပြီး ရှမ်းပြည်နယ်မှာ တဗိုလ်တမင်းလုပ်လာနိုင်ခဲ့ပါတယ်။


၁၉၆၉ ခုနှစ်ထဲမှာ စစ်တပ်က ခွန်ဆာ့ကိုဖမ်းပြီး ထောင်ထဲထည့်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က အစိုးရနဲ့လာရောက်အလုပ်လုပ်နေတဲ့ ရုရှားလူမျိုး (၂)ယောက်ကို  ခွန်ဆာ့လူတွေကပြန်ပေးဆွဲပြီး အလဲလှယ်လုပ်ခဲ့လို့ (၁၉၇၃) ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ခွန်ဆာဟာ ရှမ်းအမျိုးသားရေးလို့ကြွေးကြော်ပြီး ထိုင်းဗမာနယ်စပ်မှာ ညီညွတ်သောရှမ်းပြည်တပ်မတော် SUA ကို ဖွဲ့စည်းပြီး ကမ္ဘာနဲ့ချီ ကြီးကျယ်တဲ့ဘိန်းလုပ်ငန်းကြီးကို ထိုင်းနိုင်ငံဘက်ခြမ်းမှာ စပြီးထူထောင်ပါတော့တယ်။ (၁၉၈၂) ခုနှစ်မှာ ထိုင်းဘက်က တိုက်ထုတ်လိုက်လို့ ဗမာပြည်ဘက်ကိုပြန်ရောက်လာပြီး ဟိုမိန်းဒေသမှာအခြေချခဲ့ပါတယ်။ အဲဒီကမှတဆင့် ရွှေတြိဂံဒေသလို့ဆိုတဲ့ ထိုင်း၊ ဗမာ၊ လာအိုသုံးနိုင် ထိစပ်နေတဲ့အရပ်ကို သူ့စားကျက်အဖြစ် သိမ်းပိုက်လိုက်ပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ စဝ်မိုးဟိန်းလို့ခေါ်တဲ့ မိုးဟိန်းအဖွဲ့နဲ့ပေါင်းပြီး MTA ခေါ် မော်ထိုင်းအာမီကို ထူထောင်ခဲ့ပြန်ပါတယ်။ တပ်ဖွဲ့ဝင်အင်အားတသောင်းကျော်ရှိတဲ့ကိုယ်ပိုင်တပ်နဲ့ နယ်မြေတော်တော်များများကိုထိန်းထားပြီး တော်လှန်ရေးသမားအမည်ခံနေပေမယ့် ကမ္ဘာကတော့ သူ့ကို မူးယစ်ရာဇာကြီးအဖြစ်ပဲ သဘောထားကြပါတယ်။ သူ့ကို ဘိန်းဘုရင်မှန်းသိပေမယ့် မဆလနဲ့စစ်အာဏာရှင်တွေအတွက် ကွန်မြူနစ်ဆန့်ကျင်ရေးမှာ အသုံးတည့်လှတဲ့ သူ့လိုလူအတွက် အနေရောအသေပါ သိတ်မကျပ်ခဲ့လှဘူးလို့ပဲဆိုရမှာပါ။

ဒီလိုနဲ့ (၁၉၈၉) ခုနှစ်မှာ ဘိန်းလုပ်ငန်းကြောင့် အမေရိကန်က ခွန်ဆာ့ကို ဒေါ်လာနှစ်သန်းတန်ဆုငွေ ထုတ်ခဲ့ပါတယ်။ ခွန်ဆာဟာ ဘိန်းလုပ်ငန်းကိုစွန့်ပြီး ရှမ်းပြည်နယ်အတွက်နိုင်ငံရေးလုပ်တော့မယ်လို့ လေသံပြောင်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဘိန်းလုပ်ငန်းဟာ ဆက်ပြီးကြီးထွားနေတာဖြစ်ပါတယ်။ (၁၉၉၃) ခုနှစ်ထဲရောက်လာတော့ ခွန်ဆာဟာ သူ့မော်ထိုင်းအာမီနဲ့ဒေသတွင်း ခေါင်းဆောင်တချို့ရဲ့ထောက်ခံမှုကိုယူပြီး (၃၅)ဦးပါ ပါလီမန်ကိုဖွဲ့၊ ရှမ်းပြည်နယ်ကို သီးခြားလွတ်လပ်သော ရှမ်းသမ္မတနိုင်ငံတော်အဖြစ်ကြေညာ၊ သူကိုယ်တိုင်သမ္မတဆိုပြီး ထုတ်ပြန်ခဲ့ပြန်ပါတယ်။ အဲသလိုကြေညာခဲ့ပြီးလို့မှ (၃)နှစ်မပြည့်ခင်မှာပဲ ခွန်ဆာဟာ စစ်အစိုးဆီမှာအကြွင်းမဲ့လက်နက်ချတယ်ဆိုပြီး တပ်ပါ ဖျက်ပေးခဲ့ပါတယ်။

ခွန်ဆာ့လက်နက်ချတဲ့ကိစ္စမှာ အဓိကဇာတ်ကောင်ကတော့ ဗိုလ်ချုပ်ခင်ညွန့်ဖြစ်ပါတယ်။ အမေရိကန်က ဆုငွေနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ခွန်ဆာ့ကို အမေရိကန်လက်ထဲမအပ်ပါဘူးဆိုတဲ့ကတိနဲ့ စစ်အစိုးရက ရန်ကုန်ထိခေါ်ပြီး ကာကွယ်ပေးခဲ့ပါတယ်။ အမေရိကန်ဘက်က အပ်ဖို့ပြောလာတဲ့အခါတိုင်းမှာ အမေရိကန်နဲ့ဗမာပြည်ကြားမှာ အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက် လက်မှတ်ထိုးထားတာမရှိဘူးလို့ပြောပြီး အပြတ်ငြင်းခဲ့တာဖြစ်ပါတယ်။ တပ်ဖျက် လက်နက်ချခဲ့တဲ့ခွန်ဆာ့ဆီကနေ လက်နက်တွေအပြင်၊ သန်းပေါင်းရာထောင်ချီတဲ့ ဒေါ်လာငွေမည်းတွေလည်း သူတို့အိတ်ထဲရောက်သွားခဲ့ပါတယ်။ အမြတ်တကာ့အမြတ်ဆုံးကတော့ “ဘိန်းဘုရင်ကြီးနဲ့သူ့တပ်ကို ငါတို့ ရလိုက်ပြီ၊ ငါတို့စစ်အစိုးရဟာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စွမ်းစွမ်းတမံလုပ်နေပါတယ်”ဆိုတဲ့ ပုံရိပ်ကိုအမိဖမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ခွန်ဆာ့ဘက်ကကြည့်ပြန်တော့လည်း စစ်ဗိုလ်တွေနဲ့ပေါင်းပြီး မူးယစ်ရာဇာကြီးခွန်ဆာကနေ လုပ်ငန်းရှင်ကြီးဦးခွန်ဆာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ်လို့ သူ ကွယ်လွန်ချိန်ထိ လူမြင်ကွင်းမှာဘယ်တော့မှတော့ မတွေ့ခဲ့ရပါဘူး။ ခွန်ဆာနဲ့သူ့လူအချို့ လက်နက်ချချိန်မှာ အဖွဲ့ထဲကသဘောမတူတဲ့အင်အား ၃ ပုံ နှစ်ပုံလောက်ကို ဗိုလ်မှူးကြီးရွက်ဆစ်ကဦးဆောင်ပြီး ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA-South ကို စုဖွဲ့ခဲ့ပါတယ်။

သောတရှင်များခင်ဗျား..
ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်အဖွဲ့)အကြောင်းလည်း နည်းနည်းတင်ပြပါရစေ။ ဒီအဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်ပါတီခွဲတခု ဖြစ်ပါတယ်။ လှုပ်ရှားရာနယ်မြေဒေသကတော့ ဘင်္ဂလားဒေ့ရှ်-ဗမာနယ်စပ်ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ချိန်မှာ အဖွဲ့ခေါင်းဆောင်ဟာ ဦးစောထွန်းဦးဖြစ်ပြီး (၁၉၉၆)ခုနှစ်မှာ စစ်အစိုးရထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရခိုင်ပြည်နယ်မောင်းတောမြို့မှာ ပထမအကြိမ်တွေ့ဆုံခဲ့ပါတယ်။ တခါ(၁၉၉၇)ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီးတဲ့နောက် ဧပြီလထဲလည်းရောက်ရော အစိုးရထံအကြွင်းမဲ့လက်နက်ချခဲ့တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..ကျနော် အခုတင်ပြလာခဲ့တဲ့အဖွဲ့(၁၇)ဖွဲ့ဟာ နဝတ၊ နအဖနဲ့လက်ရှိဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရတွေအထိ ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ နိုင်ငံတကာကိုသူတို့လက်ထက်မှာ ဘာတွေလုပ်နိုင်ကြောင်းဝံ့ကြွားဖို့လိုတိုင်းလိုတိုင်းမှာ တရားဝင်ထုတ်ထုတ် အပြခံရတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေနည်းတူ မူလမိခင်အဖွဲ့အစည်းတွေကနေ ထပ်ခွဲထွက်လာပြီး အစိုးရဆီ လက်နက်ချ သွားတာတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းသွားတာတွေအပြင် အမည်သစ်နဲ့ဆက်လက်လှုပ်ရှားနေကြတာတွေလည်းရှိနေကြပါတယ်။ အဖွဲ့တွေများတာ၊ ကွဲထွက်တာ၊ ပေါင်းစည်းတာနဲ့စုဖွဲ့မှုသစ်တွေဖြစ်ထွန်းနေတာအပြင် ရလိုက်ပျက်လိုက်ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေး အနေအထားကြောင့်မို့ အပြီးသတ်ခြုံငုံကောက်ချက်ဆွဲဖို့ ဖြစ်နိုင်ချေမရှိသေးပါဘူး။

ဒါ့ကြောင့်မို့ နောက်အပတ်တွေမှာ အပစ်ရပ်စဉ်ကစစ်အစိုးရနဲ့ဘာတွေသဘောတူခဲ့တယ်၊ ဘယ်ပုံသဘောတူခဲ့ရတယ်ဆိုတာတွေကို လက်လှမ်းမီသလောက်စုစည်းပြီး ဆက်လက်တင်ပြပေးသွားပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

Monday, October 29, 2012

မြန်မာစာ၊ မြန်မာဖေါင့် (မျိုးမြင့်ချို)

0 comments
ကျနော် တခါတလေ အွန်လိုင်းမှာ မသိသေးသူတချို့နဲ့ဆုံပါတယ်။ တဦးကိုတဦးမိတ်ဆက်ချိန်မှာ “ယူ့” နာမည်က ဘယ်လိုခေါ်သလဲ၊ “ယူ”ကဘယ်မှာနေတာလဲတို့ စသည်ဖြင့်ပေါ့ဗျာ အမေးခံရပါတယ်။ အင်္ဂလိပ်စကားပြောချင်စိတ်ရှိတာကိုပြတာလို့ထင်မိပြီး လူကြီးတွေပြော ဖူးတဲ့ စစ်ကြိုခေတ် စစ်ပြီးခေတ်တွေတုန်းက “ယူ” တို့ “အိုင်” တို့ဆိုတဲ့ အသုံးတွေများ ခေတ်တခါပြန်စားလာလေ သလားလို့လည်းတွးမိပါ တယ်။ ပြောချင်စိတ်ရှိတာဆို အလွန်ကောင်းပါတယ်ဗျာ။ ကြိုးစားပါ။ အားပေးပါးတယ်။ ဘာသာစကားများများတတ်တာဟာ ကိုယ့်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ အကျိုးများအောင်သုံးရင် အကျိုးအလွန်များပါတယ်။ နောက်တခုက အင်္ဂလိပ်လိုလည်းမရိုက် မြန်မာဖေါင့်နဲ့ လည်းမရိုက်ပဲ nay kaung ler တို့ bae hmar nay lel တို့ စသည်ဖြင့်ပေါ့ဗျာ အဲသလိုတွေ ရိုက်တော့၊ ရေးတော့၊ မေးတာတော့ ခွကျတယ်ဗျာ။ တခါတလေ သူမေးတာပြန်ဖြေဖို့နေနေသာသာ သူ့အမေးကိုနားမလည် ဘာသာမပြန်တတ်လို့ သူ့ပြန်ပြန်မေးနေရတာနဲ့တင် ခရီးကမတွင်တော့ဘူးပေါ့ဗျာ။ ကျနော့်သဘောကတော့ဗျာ အင်္ဂလိပ်လိုပြောရတာမှာ ဘာသာစကားအခက်အခဲရှိလို့ မရိုက်ချင်လည်းနေပါ။ အပြစ်လည်းမဆိုပါဘူး။ မတတ်ရကောင်းလားပြောရအောင် ကျနော်လည်း ဘာမှတတ်တာမဟုတ်ပါဘူး။ (တတ်သားပဲ မရိုက်ချင်လို့ဆိုသူတွေကိုတော့ ဘာမှမပြောလိုပါဘူး) မတတ်တဲ့ဘာသာစကားနဲ့ဆို မရိုက်နဲ့ဗျာ။ ပင်ပန်းတယ်။ တချို့လည်း တတ်တော့နည်းနည်းတတ်တယ် ဒါပေမယ့် အလှောင်များခံရမလားဆိုပြီး ရှက်ရွံ့နေတတ်တယ်လေ။ ဖြစ်တတ်ပါတယ်။ (ဘာသာခြားစကား ကို မပီ့တပီနဲ့ပြောရမှာ ရှက်တတ်တာလည်း သဘာဝပါ)။ မရှက်နဲ့ဗျ။ ဒါ ရှက်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ခင်ဗျားပြောလို့ အသံထွက် အဓိပ္ပါယ် အနက် အကောက်အယူ သဒ္ဒါအထားအသို အသုံးအနှုန်းလွဲရင် တတ်သူကပြင်ပေးမှာပါ။ လှောင်သူလည်း ရှိမှာပါပဲ။ အလှောင်ခံရမှာ မရှက်နဲ့ဗျာ။ တကယ်ရှက်ရမှာက လှောင်သူဗျ။။ အဲဒီလူဟာ သူ့မိခင်စကားမဟုတ်တာကိုလေ့လာတဲ့အခါ ဒီလိုပဲကြုံရမယ်ဆိုတာ ကိုယ်တိုင်မတွေးမိလို့နေမှာပါ။ ထားပါတော့ဗျာ။ ဒါဆိုလည်း မြန်မာဖေါင့်လေးတွေနဲ့ မြန်မာလိုရိုက်တတ်အောင်လေး အားထုတ်ကြပါလားဗျာ။ အားလည်းထုတ်ကြစေချင်ပါတယ်။

လူ့လက်ချောင်းလေးတွေက နှစ်ဘက်ပေါင်းရင် ၁ဝ ချောင်း၊ အဆစ်ကလေးတွေအနေနဲ့ဆို  အဆစ် ၃ဝ ပါ။ ကျနော့်မှာ လက်ကတစ်ဘက်ပဲ ရှိတယ်လေ။ ရှိနေတဲ့လက်တစ်ဘက်က အဆစ်ကလေးတွေ အားလုံးပေါင်းကြည့်တော့  ၅ ဆစ်ကို နည်းနည်းလေးကျော်တယ်ဗျ။ လက်သူကြွယ်လေးက အဆစ်ဝက် မပြည့်တပြည့်လေး ကပ်ပြီးကျန်တယ်လေ။ ဆိုတော့ဗျာ အားလုံးပေါင်းမှ လက်ချောင်းလေး နှစ်ချောင်းစာ မပြည့်ဘူးဗျ။ အဲဒါလေးနဲ့ ကျနော်ကြိုးစားရိုက်နေတာဗျ။ ကျနော် ၂၀၀၅ ခုနှစ်မှာမှ ကွန်ပြူတာဆိုတာ စမြင်ဖူးတာပါ။ စလေ့ကျင့်တော့ သူငယ်ချင်းတစ်ယောက်က သူတို့အခေါ် ကီးခြောက်လို့ခေါ်တဲ့ ကီးဘုတ် အဟောင်းကြီးတခု လာပေးတယ်။ ကီးဘုတ်ကြီးသက်သက်ပဲ ဘာမှမပါဘူး။ အဲဒါကြီးနဲ့ အချိန်ရှိသရွေ့ တဗျောက်ဗျောက်ထိုင်ပြီး နှိပ်နေတာဗျ။ လက်ထိပ်ကလေးတွေလည်း နာသလားမမေးနဲ့။ ညညဆို လိမ်းဆေးလေး ပွတ်ပွတ်ပေးရတာ။ ခလုပ်ကလေးတွေပေါ်မှာ အင်္ဂလိပ်လိုပါတော့ အင်္ဂလိပ်လိုကပဿနာ သိတ်မရှိဘူးလေနော။ ဗမာဖေါင့်နဲ့ကျတော့ ပြဿနာကတက်ရော။ သူငယ်ချင်းက ဗမာဖေါင့် (အဲ့တုန်းက ဇော်ဂျီမဟုတ်ဘူး။ ဝင်းဘားမီးစ်နဲ့ပေါ့) လက်ကွက် ပုံနှိပ်စာရွက်ကလေးတော့ ပေးထား တာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က ကီးဘုတ်ပေါ်မှာသာ ခတ်တည်တည်နဲ့ရိုက်နေတာလေ မော်နီတာမှ မပါတော့ ရိုက်တဲ့စာက မှန်သလားမှားသလားဘယ့်နှယ်လို့ သိမှာလဲနော်။ နောက်တော့ ကွန်ပြူတာသုံးခွင့်လေးရလာတော့မှ တဖြည်းဖြည်း အဆင်ပြေလာတာဗျ။ ခုဆို အတော်ဟုတ်နေပြီဗျ။ သူများတွေ(လက်ဆယ်ချောင်းရှိသူတွေ) တစ်နာရီ ကြိုးစားရတာကို ကျနော်က ၇ နာရီလောက် ကြိုးစားခဲ့ရတာဗျ။ ဒါပေမယ့် တန်ပါတယ်။ ကြိုးစားရကျိုးနပ်ပါတယ်။ ခု ကျနော် အဲဒီလက်ဆယ်ချောင်းရှိတဲ့သူငယ်ချင်းတချို့ထက်တောင် မြန်မာဖေါင့်တွေကို ပိုမြန်မြန်ရိုက်နေနိုင်ပြီလေ။

အဲတော့ဗျာ ချုပ်ရရင် အင်္ဂလိပ်လိုပြောရမှာလည်းမရှက်နဲ့ဗျာ။ ပြောသာပြော။ မြန်မာလိုရိုက်တတ်အောင်လည်း လေ့ကျင့်ဗျာ။ လုပ်သာလုပ်။ ခနလေးပါဗျ။ တစ်ပတ်လောက်ဆို ဘယ်နေရာ ဘာစာလုံးဆိုတာ မှတ်မိသွားမှာပါ။ ကျနော် ကူညီနိုင်တာရှိလည်း ပြောဗျာ။ အားမနာနဲ့။ ကူညီမယ်။ မရှက်နဲ့ဗျာ။ “ကျနော်/ကျမ မြန်မာစာမရိုက် တတ်ဘူး၊ မြန်မာဖေါင့်တွေမရိုက်တတ်ဘူး” ဆိုတဲ့နေရာမှာ “ကျနော်/ကျမ မြန်မာလိုကောင်းကောင်း ရိုက်တတ်တာပေါ့”ဆိုတာလေးနဲ့ အစထားထိုးကြရအောင်ဗျာနော။
မျိုးမြင့်ချို အောက်တိုဘာ ၂၉-၂ဝ၁၂

Sunday, October 28, 2012

ငါးခုံးမတွေ လှော်တဲ့ လှေ (ညံလင်း)

0 comments
ငါး ခုံး မ တွေ လှော် တဲ့ လှေ (ညံလင်း)



အားလုံး ကျွန်
အားလုံး သခင်
အားလုံး အဖြူ
အားလုံး အမည်း
အားလုံး ကျူးကျော်
အားလုံး ခေါင်းဆောင်
အားလုံး နောက်လိုက်
အားလုံး ဆရာ
တပည့်တစ်ယောက်တစ်လေတောင် မပါဘူး

အေးပါကွာ မျက်စိမှိတ်ပေးထားပါတယ်
နေမထွက်တဲ့ အရပ်ကိုမျက်နှာမူ

ငါးမူးတစ်ပဲ အိပ်ကပ်ထဲထည့်
တစ်ထွာ တစ်မိုက်စာ ပကျွတ်လေးကိုပဲ
ကျစ်ကျစ်ပါအောင် ဆုပ် (နယ်)
ပယ်ပယ်နယ်နယ် ဆွဲထား
နယ်နယ်ရရ မဟုတ်ဘူးနော်

အသွာအပြန်မှ တစ်မတ်တည်း
ငုံထားတဲ့ ကူးတို့ခ
လန့်ပြီး မျိုချမိပါပကော

ဘယ့်နှယ့် ပြန်လှည့်ရပါ့
ရွက်ကို အားကုန်လွှင့်ပြီးကာမှ
တိုက်ခတ်နေတဲ့လေက ပြောင်းပြန်ကြီး
ပင်မစီးကြောင်းကိုရှာပြန်တော့
မြစ်ကြောင်းအရမ်းကျဉ်း
ကပ်လျှက်က အရာပေးထားတဲ့တူးမြောင်းကိုပဲ
မျက်စတွေပစ် မျက်စောင်းတွေထိုး
ဟိုဘက်ကို ကူးလိုက်ရင်ကောင်းမလား

ဒီ ပင်မစီးကြောင်းထဲမှာပဲ
ကလန်ကဆန် ဆက်စီးနေရင်ကောင်းမလား

ရေစီးနှုန်း မြန်မမြန်တော့မသိ
အားလုံး ငါးခုံးမတွေချည်း
ဟိုတစ်စ ဒီတစ်စ သောင်ထွန်းနေပြီ
ဟိုတစ်စ ဒီတစ်စ အနံ့က စထွက်နေပြီ

အားလုံး အနည်တွေ
အားလုံး နုံးမြေ
အားလုံး ရေတိမ်
အားလုံး တစ်ဖြောင့်တည်းမြစ် ဟာ

လှေ မသန့်တော့ ဟာ တာတာနဲ့
လမသာတဲ့အရပ်ကို လေချွန်

ဖာသိဖာသာ ဆေးပြင်းလိပ်ကိုမီးမညှိပဲ ခဲ
ပဒိုင်းပင် တစ်ပင်အောက် ဇိမ်ခံ
ဖီး… ဖီး… ဖီးပဲ ဟေ
ပင်လယ်အနား ရောက်ခါနီးလေးပဲ
မြစ်အဝကို မြင်ကာစလေးပဲ
ညှစ်ထား
သားတို့သမီးတို့ရေ ညှစ်ထား

ဒီတစ်ခေါက် ကုန် ပလုံပြီးရင်
သပ်သပ်ရပ်ရပ် ပြန်ချုပ်ရင်တောင်
ရောင်းတန်း မဝင်လောက်တော့ဘူး

နောက်ဆုံး အခေါက်ဆိုတော့
အားကုန်သာ ညှစ်
အမေတို့တုန်းက ဒီလောက်တောင် မညှစ်တတ်သေးဘူး
ခေတ်က ခေတ်ပျက်ကြီးလေ
ခုလို အစစအရာရာ အပွင့်တွေချည်း ပွင့်လွန်းနေတဲ့ခေတ်မှာဆို
သမီးတို့ သားတို့က အမေ့ထက်
ပိုတောင် ညှစ်တတ်ရမှာပေါ့
နော့။
ညံလင်း ( maybetomorrows.blogspot.com )