ချစ်ခင်လေးစားရသူများအကြောင်း အမှတ်တရရုပ်ပုံလွှာ - ညွန့်သစ်
" ကဗျာ ၊ သို့မဟုတ်
သတင်းစာဆရာ မောင်လေးအောင် "
အချစ်ဦးရေ
မျက်ရည်တစ်စ
ကြွေမကျနဲ့
ဘဝတခြမ်း
ကိုယ် လွမ်းစရာ ကဗျာပဲ ။
မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ
အားမာန်ခဲသည့်
တိုက်ပွဲထဲက ပြည်သူတွေ ။
မောင်လေးအောင်
ကဗျာဆရာ မောင်လေးအောင်သည် ၁၉၇၇ ခုနှစ် ၊ မေလ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည် ။ သူ့ကို ကဗျာဆရာနှင့် ကဗျာချစ်သူများက အမြဲ အမှတ်ရ တမ်းတ နေကြရသည် ။ အချင်းချင်း ဆုံကြသည့်အခါတိုင်း ၊ ကဗျာအကြောင်း ပြောကြတိုင်း သူ့အကြောင်း မပါမပြီး ပါလာတတ်သည် ။
ကဗျာဆရာ မောင်လေးအောင်ကား သေသွားသည့်အချိန်အထိ ကဗျာတွေ ရေးခဲ့သည် ။ ရေးသည့် ကဗျာတိုင်းလို လှပတည်ငြိမ်စွာ ဖန်တီး ရေးဖွဲ့နိုင်သည် ။
မောင်လေးအောင်သည် ကဗျာအနုပညာအရရော ၊ လူပုဂ္ဂိုလ်ဆိုင်ရာ ရိုးသားဖြူစင်ကာ အပြစ်ကင်းနိုင်သမျှ ကင်းသည့် ကဗျာဆရာ တစ်ယောက်ဟု ပြောမည်ဆိုလျှင် ပြောနိုင်ပေသည် ။
ကဗျာရေးစက သူသည် အရက်ရော ဆေးလိပ်ပါ ကင်းရှင်းခဲ့သည် ။ သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်အောင် ပြုမူနေထိုင်ခဲ့သည် ။ ဆံပင်ကိုလည်း တစ်မတ်တန် ‘ ပန်းတစ်ပွင့် ' တံဆိပ် ဗယ်စလင်လိမ်းကာ ကြော့မော့နေအောင် ဖြီးတတ်သည် ။
ပုဇွန်တောင် ၊ ဘုရားဖြူကျောင်းတိုက် ဘကြီးဘုန်းကြီး၏အထောက်အပံ့ဖြင့် ပုဇွန်တောင် အစိုးရအထက်တန်းကျောင်းတွင် နေစဉ်က စာတော်သူတစ်ယောက် ၊ အားကစားဘက်တွင်လည်း ထူးချွန်သည် ။ မောင်လေးအောင်၏ မွေးဖွားရာဇာတိမှာ ညောင်ဦးမြို့နယ် ၊ ငသရောက်ကျေးရွာ အပိုင် ၊ အိုရင်းရွာ ဖြစ်သည် ။
သူသည် စည်သူ အလွတ်ပညာသင်ကျောင်းတွင် နောက်ဆုံး တက်ရောက်ခဲ့ပြီး တန်းမြင့်ကျောင်းထွက် စာမေးပွဲ (၁ဝ တန်း - ခ)ကို ဖြေဆို အောင်မြင်ခဲ့သည် ။
မီးရထားဌာနတွင် အလုပ်လုပ်သော ဖခင်၏ လစာကလေးနှင့် မလောက်မင ဖြစ်နေရင်း သူ့ဖခင် ကျန်းမာရေးချို့တဲ့လာသဖြင့် မောင်လေးအောင်တစ်ယောက် ကျောင်းပညာကို ဆက်မသင်တော့ဘဲ ကျောင်းထွက်လိုက်သည် ။
မောင်လေးအောင်၏ ငယ်သူငယ်ချင်းဖြစ်သူ ကဗျာဆရာ မောင်ကျော်ထင်က " မောင်လေးအောင်က ကဗျာဆရာသာမက ၊ သတင်းစာ ဆရာလည်း လုပ်ခဲ့ဖူးတယ် ” ဟု ပြောပြသည် ။
ဖဆပလ နှစ်ခြမ်းကွဲပြီးစ ၊ အကြောင်းအမျိုးမျိုးကြောင့် မောင်လေးအောင် တစ်ယောက် ကျောင်းပညာကို စွန့်လွှတ်လိုက်ရချိန် ဖြစ်သည် ။
အထောက်တော် သတင်းစာ၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ၊ သူတို့မိတ်ဆွေ ကိုမောင်မောင်ခင်က သတင်းစာတွင် မောင်လေးအောင် ကို ညအယ်ဒီတာ ဝင်လုပ်ရန် လာခေါ်သည် ။
အလုပ်ဝင်ရေး ၊ မဝင်ရေးကို သူငယ်ချင်းဖြစ်သူ မောင်ကျော်ထင် ကို တိုင်ပင်သည် ။ ကဗျာစာမူခ ရတစ်ချက် ၊ မရတစ်ချက်နှင့် ဘကြီး ဘုန်းကြီးဆီ မှီခိုရင်း ဖခင်၏ လစာလေးကို မှေးနေရသော မောင်လေးအောင်ကို မောင်ကျော်ထင်က သတင်းစာတွင် ဝင်လုပ်ရန် တိုက်တွန်းသည် ။
၁၉၅၈ ခုနှစ်တွင် မောင်လေးအောင်တစ်ယောက် သတင်းစာတိုက်တွင် အလုပ်စဝင်သည် ။ လစာ ၁၂၆ ကျပ်ဖြင့် ညအယ်ဒီတာ ဖြစ်လာသည် ။ အလုပ်ချိန်မှာ ညနေ ၆ နာရီမှ ည ၁၀ နာရီ ဖြစ်သည် ။ သတင်းစာ စီစဉ်ပေး ၊ ပရုဇ်ဖတ် (စာပြင်) ၊ လုပ်စရာရှိတာ ဝိုင်းလုပ် ၊ သတင်းဖောင်ပိတ်ပြီးလျှင် ပြန်ရုံပဲ ဖြစ်သည် ။
ည ၁ဝ နာရီ အလုပ်ပြီးချိန်တွင် စာပေအပေါင်းအသင်းများ ဆုံကြပြီး ရေကျော်မောင်အေး လက်ဖက်ရည်သောက်ရင်း စာပေအကြောင်း ပြောကြ ၊ သောင်းပြောင်းထွေလာ စကားဆိုကြရင်း လက်ဖက်ရည်ဆိုင် ပိတ်မှ ပြန်ကြသည် ။
မောင်လေးအောင်သည် ညအယ်ဒီတာ အလုပ်ဝင်ချိန်တွင် ဖဆပလ အကွဲအပြဲ ဂယက်လှိုင်းကြီးချိန်ဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ထိုးနှက်နေချိန် ဖြစ်သည် ။
သူတို့သတင်းစာမှာ ဖဆပလ တစ်ဖက်ခြမ်းမှဖြစ်၍ အခြား တစ်ဖက်ကို သတင်းဆောင်းပါးများဖြင့် ဖွင့်ချနေသည် ။ မောင်လေးအောင် သည် သူ ရေးချင်သည့်အခါ သတင်းစာတွင် သတင်းဆောင်းပါးများ တစ်ခါတစ်ရံ ရေးတတ်သည် ။
နောက်ပိုင်းတွင် သတင်းဆောင်းပါးတချို့ မောင်လေးအောင် မရေးဘဲနှင့် သူ့နာမည်တပ်ကာ သတင်းစာမှာ အသုံးပြုနေသည် ။
နိုင်ငံရေး အကွဲအပြဲကြားတွင် သူ့သဘောထား မပါသည့် ဆောင်းပါးများကို သူ့နာမည်သုံးသည်ကို မခံနိုင်သည့်အဆုံး အလုပ်ဝင်ပြီး လပိုင်းမှာပင် သတင်းစာတိုက်မှ ထွက်လိုက်သည် ။
မောင်လေးအောင်သည် ကဗျာ ဆက်လက်ရေးသားခြင်းဖြင့် ဘဝကို ရပ်တည်ခဲ့သည် ။ ကြိုးကြားကြိုကြား ဆောင်းပါးနှင့် ဝတ္ထုတိုများကို ရေးသေးသည် ။
၁၉၇၀ ပြည့်နှစ် မတိုင်မီလောက်မှာ မောင်လေးအောင်တစ်ယောက် အရက်ကို တစိုက်မတ်မတ် သောက်တတ်လာသည် ။ သူငယ်ချင်းတွေ တကွဲတပြားဖြစ် ၊ ဦးတည်ချက် မဲ့လာပြီး အထီးကျန်နေရာ သူသည် အရက်ကိုသာ ဖက်တွယ်တော့သည် ။ ပုဇွန်တောင် အမေ့ဆိုင်ထိုင်ရင်း ကိုနေသွေးနီ ရည်စားစာ ရေးပေးခဲ့ဖူးသည့် ကုလားလေးနှင့် သွားဆုံသည် ။ ကုလားလေးက ကိုလေးအောင်ကိုလည်း ရည်းစားစာ သူ့အတွက် ရေးပေးဖို့ တောင်းဆိုသည် ။ ' ရေးခ ဘယ်လောက်ပေးမလဲ ' လို့ မေးတော့ ကုလားလေးက ကိုနေသွေးကို ၅ ကျပ်ပေးရသည်ဟု ပြောသည် ။ မောင်လေးအောင် က ဒါဆို နေသွေး ဈေးပေါ့ကွာ ။ ဖိုက်ကေ ၊ ဖိုက်ကေဟု ပြောလိုက်လေသည် ။
ဘုရားဖြူ ကျောင်းတိုက်သည်သာ မောင်လေးအောင်၏ မှီခိုရာ ဖြစ်ခဲ့သည် ။ တစ်ခါတစ်ရံ ရေးဖော်အပေါင်းအသင်းများကို ဘုန်းကြီးကျောင်း ခေါ်သွားပြီး ဆွမ်းကျန်ဟင်းကျန်များနှင့် ပြုစုတတ်သည် ။ အပေါင်းအသင်းများက အရက်ကောင်းများကို အလျှံပယ် သူ့အား ပြုစုသော်လည်း အပြီးသတ်တွင် သူသည် ပုဇွန်တောင် အမေ့ဆိုင်မှာ ဘီအီး တစ်ကျပ်ဖိုး ဝင်ပိတ်ပြီးမှ ကျောင်းသို့ပြန်လေ့ ရှိသည် ။
၁၉၆၃ ခုနှစ်တွင် ကဗျာဆရာသမဂ္ဂ ဖွဲ့ရာတွင် မောင်လေးအောင်က တွဲဖက်အတွင်းရေးမှူး ဝင်လုပ်သည် ။ ဥက္ကဋ္ဌမှာ ဒဂုန်တာရာဖြစ်ပြီး နေသွေးနီက အတွင်းရေးမှူး ၊ အမှုဆောင်များမှာ ကြည်ညို ၊ မောင်သင်းခိုင် (ပျဉ်းမနား) ၊ နုသဇင် (သင်းရိပ်သာ) နှင့် မောင်ကျော်ထင်တို့ ဖြစ်ကြသည် ။ ကဗျာဆရာသမဂ္ဂမှ ရေအယဉ်နှင့် အရှေ့လေ စုပေါင်းကဗျာ စာအုပ်နှစ်အုပ် ထုတ်ခဲ့သည် ။
သူ့ရေးဖော် မောင်ကျော်ထင်က ' မောင်လေးအောင် အိပ်ရာအောက် က ခံစားချက် ကဗျာလေးတစ်ပုဒ်ကို မသိအောင် ခိုးဖတ်ဖူးတယ် ’ ဟု ပြောရင်း ကဗျာလေးကို ရွတ်ပြသည် ။
ဆံမဖြီးသ
ခေါင်းရှုပ်ပွနှင့် ရုပ်ကရှုသိုး
ကြည့်ရဆိုးသူ ၊ ငါလိုလူက
မတူမတန် အယူခံ၍
ဆူညံဟစ်ဆို ၊ ရှိုက်ရင်းငိုကာ
ငွေလိုအဆင်း ၊ ဖိုးလမင်းကို
ရင်တွင်းပွေ့ငင် ၊ စုံမက်ချင်သော်
ညစဉ် အိပ်ရေးပျက်လိမ့်တကား ။
မောင်လေးအောင်တစ်ယောက် နှလုံးသားဒဏ်ရာလည်း ရခဲ့သည် ။ သူ ချစ်ဖူးသည် နီနီဖူးဖူး အချစ်ဦးအား မဝံ့မရဲ ချစ်ရင်း ၊ အခြေအနေချင်း ကွာဟမှုအပေါ်မှာ ဘဝချင်းလည်း ခြားခဲ့ကြသည် ။
သူသည် သူ ချစ်သော ကဗျာကိုကား အရေးမပျက် ။ တစိုက်မတ်မတ် ရေးမြဲဖြစ်သည် ။ ဖန်တီးအားကောင်းသည် ကဗျာများ ထုတ်လုပ်ဆဲ ။ သူသည် နီနီဟိန်း ကလောင်အမည်ဖြင့်လည်း ကဗျာတွေ ရေးခဲ့သည် ။
မောင်လေးအောင်တစ်ယောက် သူ့ယုံကြည်ချက်နှင့် အနုပညာ တာဝန်ယူမှုအပေါ် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်ခဲ့လေသလား မသိ ။ သူ့ဘဝကို ဖြစ်သလို ပစ်ထားလိုက်ပြီး အရက်ကို သောက်စပြုလာသည် ။ ဆံပင်ဖုတ်သိုက် အဝတ်အစား ဖိုသီဖတ်သီနှင့် ဖြစ်သလို နေထိုင်တတ်လာသည် ။
သူသည် သီချင်းရေးဆရာလည်း ဖြစ်လေသည် ။ သူ၏ ပထမဦးဆုံး သီချင်းဖြစ်သော ' လောင်းရိပ်မိသော ပန်းကလေး ' ကို ရေးပြီး ကေသီပန် တူရိယာအဖွဲ့မှ စန္ဒရားချစ်ဆွေလက်ထဲ ထည့်လိုက်သည် ။ ကိုချစ်ဆွေ က အသံသွင်းပြီး သန်းဖေလေးကို ဆိုခိုင်းသည် ။ သန်းဖေလေးသည် ၎င်းသီချင်းဖြင့် ကျော်ကြားလာခဲ့သည် ။
မောင်လေးအောင်သည် ပြားခြောက်ဆယ် ၊ တစ်ကျပ်တန် ဝတ္ထုခေတ်က ဝတ္ထုတွေလည်း ရေးခဲ့သည် ။ ငွေကြေးအခက်အခဲကြောင့် အခြားနာမည် (ရှဲဒိုး)ဖြင့်လည်း ဝတ္ထုတွေ လက်ခံရေးပေးသည် ။ ကဗျာဆရာ တစ်ယောက်အဖြစ် ဘဝရပ်တည်ရေး မလွယ်ကူသောအခါ မိမိ မလုပ်ချင်သော အရာများကို မလွှဲမရှောင်သာ လုပ်ရလေသည် ။
စာပေတိုက်တစ်ခုက အကူအညီတောင်းသဖြင့် အနုပညာသည် တို့၏ အတ္ထုပ္ပတ္တိ စာအုပ်များကို ‘ စာတည်းအဖွဲ့ဝင်တစ်ဦး ' အမည်ဖြင့် စာမူတွေ ရေးပေးသည် ။ စာမူခကို ထုတ်ဝေသူထံ အခေါက်ခေါက် အခါခါ သွားတောင်းပါမှ အလီလီ ခွဲနေသဖြင့် မောင်လေးအောင် စိတ်မော လူမော ဖြစ်ရပေါင်း မနည်းတော့ ။ တစ်ခါတစ်ရံ ထုတ်ဝေသူက မောင် လေးအောင်ကို စက္ကူရိုက်ပျက်နှင့် ဇင့်ဘလောက်တုံးတွေ ပေးလိုက်သဖြင့် ပခုံးနဲ့ထမ်းပြီး ကုလားထံ ရောင်းရတာ ရှိသည် ။ လူပျိုကြီးဖြစ်သော မောင်လေးအောင်သည် ' ဦးလေးမောင် ' နာမည်ဖြင့် အိမ်ထောင်ရေးကျမ်းများ ရေးခဲ့သေးသည် ။
ကဗျာဆရာ မောင်ယဉ်မွန်နှင့် တွဲကာ ၁၉၆၁-၆၂ ခုနှစ်တွင် ‘ လကွယ်ည ကဗျာများ ' ကဗျာစာအုပ် ထွက်ခဲ့သည် ။ မဂ္ဂဇင်းများတွင် ကဗျာပေါင်းများစွာ ရေးသားခဲ့သည် ။
၁၉၇ဝ ပြည့်နှစ် မိုးဝေ စာပေမဂ္ဂဇင်းတွင် စာရေးဆရာ နတ်နွယ် အယ်ဒီတာချုပ်လုပ်ပြီး အယ်ဒီတာအဖွဲ့ဝင် မောင်သင်းခိုင် ၊ သခွပ်နီ ၊ အောင်ချိမ့်တို့နဲ့အတူ မောင်လေးအောင် ပါဝင်လုပ်ဆောင်ခဲ့သည် ။
မောင်လေးအောင် ကဗျာရေးပြီးလျှင် မဂ္ဂဇင်းတိုက်များဆီ ကုန်း ကြောင်းလျှောက်ပြီး ကဗျာတွေ လိုက်ပို့သည် ။ ကဗျာ ပေးပြီးတာနှင့် စာမူခကို ကြိုတင်တောင်းသည် ။ သူ့ကို မိတ်ဆွေ အယ်ဒီတာများကလည်း ကြိုတင်ငွေ ပေးကြသည် ။ ( စာမူခကို ကြိုတင်တောင်းသည့် အလေ့မှာ ကိုလေးအောင်က စသည် ဆိုရမည် )
စာမူခ ရလာလျှင် ကဗျာရေးဖော်များကို ခေါ်ကာ ပုဇွန်တောင် အမေ့ အရက်ဆိုင်ကို အရောက်သွားသည် ။ ပုဇွန်တောင် အရက်ဆိုင်မှ သူ့အဖော်များကလည်း သူ့ကို လည်တဆန့်ဆန့်နှင့် ။ မောင်လေးအောင် အရက်ဖိုးမရှိသည့်အခါ သူ တွဲသောက်နေကျ အဖော်များက မရှိရှိတာ ရှာကြံ တိုက်တတ်ကြသည် ။ သူကလည်း စာမူခရလာလျှင် သူ့အဖော်များကို မမေ့ ။
မောင်လေးအောင်တစ်ယောက် စာမူခတွေ ကုန်ပြီး ဘယ်ကမှ ရစရာမရှိတော့လျှင် မြို့ထဲပတ်ပြီး ရေးဖော်အပေါင်းအသင်းများကို လိုက်ရှာသည် ။ တချို့ကလည်း သူ အရက်သောက်မှာစိုးပြီး ငွေမပေးဘဲ ထမင်း အတင်းလိုက်ကျွေးသည် ။ သူ့အခြေအနေကား အစာ အာဟာရထက် အရက်ကိုသာ ပိုအားပြုနေရသည့်အနေအထား ရောက်နေပေပြီ ။
တစ်ရက်မှာတော့ မောင်လေးအောင်ဟာ မိတ်ဆွေ ကဗျာဆရာကို ခေါ်ပြီး ဆူးလေက ဘိုင်အိုမင်းသစ် ကျူရှင်ကို ချီတက်သွားသည် ။ မိတ်ဆွေကို အောက်မှာထားခဲ့ပြီး သူက မင်းသစ်ဆီ တက်သွားသည် ။ အပြန်မှာတော့ သူ့လက်ထဲမှာ ငွေအစိတ် ပါလာ၏ ။ ဒီမှာတင် သူ့မိတ်ဆွေက ' ခင်ဗျားကို ပေးလိုက်တာ နည်းတာပေါ့ဗျာ ။ သူ့အနေနဲ့ ဒီ့ထက်မက နိုင်တာပဲ။ ဘာလို့ ယူလာသလဲ ' ပြောတဲ့အခါ မောင်လေးအောင်က ' ကိုယ်တို့ သူ့ဆီက ကြွေးရစရာရှိတာမှ မဟုတ်ဘဲ ။ သူ ပေးသလောက်ပေါ့ ' လို့ ပြန်ပြီး ပြောလိုက်တော့၏ ။
နောက်ပိုင်းတွင်ကား မောင်လေးအောင်သည် လမ်းလျှောက်နေရင်း ခြေထောက်မှာ ဖိနပ်ပါသလား ၊ မပါသလား မသိတော့ ။ လမ်းသွားရင်း ဖိနပ်ကျွတ် ကျန်ခဲ့တာလည်း သိချင်မှ သိတော့သည် ။ ခြေထောက်တွေ ထုံကျဉ်နေတတ်ပြီး ဖိနပ်စီးလို့ စီးမှန်းမသိအောင် သူ့ကျန်းမာရေးကား ဆိုးလာနေပေသည် ။
စိတ္တဇဆေးရုံတွင် အရက်တက်ဖြတ်လိုက် ၊ ပြန်ဆင်းလာပြီး ပြန်သောက်လိုက်နှင့် သံသရာလည်နေသည် ။
မောင်လေးအောင် မသေမီ ၁၉၇၇ ခုနှစ် အစပိုင်း ၊ သူ့အား အရှေ့ ပိုင်းဆေးရုံ တင်ထားရသည်ကြား၍ သတင်းသွားမေးသေးသည် ။ သူသည် အစာသိပ်မဝင်တော့ဘဲ ဘီစကွတ်မုန့်နည်းနည်းနှင့် ဘာလီရည်လောက်သာ သောက်နိုင်တော့သည် ။ နောက် ဆေးရုံက သူ့ဘာသာ ပြန်ဆင်းလာသည်ဟု ကြားလိုက်ရသည် ။
၁၉၇၇ ခုနှစ် ၊ မေလ ၁၉ ရက်နေ့တွင် မောင်လေးအောင် ဆုံးပြီဟု ရုတ်တရက် ကြားလိုက်ရသည် ။ သူ သေဆုံးချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည် ။
အနုပညာ ဖန်တီးထုတ်လုပ်မှု အားကောင်းနေချိန်တွင် သေဆုံးသွားသဖြင့် နှမြောတသ ယူကျုံးမရ ဖြစ်မိသည် ။ သူ ဆုံးပါးသွားခြင်းကား စာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဟု ခံစားလိုက်ရသည် ။
မောင်လေးအောင်၏ ကဗျာများကား ကဗျာမွေ့သူတို့၏ ရင်ထဲ တွင် အမြဲထာဝရ ကိန်းအောင်း ရှင်သန်နေပေတော့သည် ။
ညွန့်သစ်
ဆရာညွန့်သစ်ရဲ့ " ချစ်ခင်လေးစားရသူများအကြောင်း အမှတ်တရရုပ်ပုံလွှာ " စာအုပ် ၊ စာနှာ ၁၆၆ - ၁၇၂ မှ တဆင့်ကူးယူ ပြန်လည်မျှဝေပါသည် #မောင်ချမ်း ( ခရမ်းပြာ )