ကိုဆိုးပေ
(ဘာသာပြန်သူ - ကျော်အောင်) အပိုင်း ၂
မျက်စိနှစ်လုံးပွင့်၍ အိပ်ရာကနိုးလာသည့်အခါတွင်ကား မိုးစင်စင်လင်းနေပြီ။
မှေးနေရာမှ မောမောနှင့်အိပ်ပျော်သွားခြင်း ဖြစ်ရမည်။ စိတ် ပင်ပန်းလွန်းရကား
မိုးလင်းသည်အထိ အိပ်မောကျသွားသည်။ ထို့ကြောင့်ပင် မစ္စဂျုန်းသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
အိပ်ရာက လူးလွန့် အထတွင် ခြေထောက်၌ တစ်စုံတစ်ရာငြိတွယ်နေသည်ကိုတွေ့ရသည်။ ယင်းမှာ
သူ့ခြေနှစ်ချောင်းကိုဖုံးထားသည့် အုန်းသီးဆန်ခြောက်အိတ် အလွတ်နှစ်ခုဖြစ်သည်။ ညတုန်းက
တစ်စုံတစ်ယောက် လာ၍ ဖုံးလွှမ်းပေးသွားဟန် တူသည်။ ဂျင်ဂျာတက်လား။ ဘုရား ဘုရား။
တိုးတိုးပင် အထိတ်တလန့် ဘုရားတ မိသည်။ သူ အိပ်ပျော်နေစဉ် လူယုတ်မာက ဗလက္ကာရများလုပ်လေပြီလား။
မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျင်ဂျာတက် သနားမှ မစ္စဂျုန်း ချမ်းသာရာရမည့်ဘဝ
မဟုတ်လား။ အခုအခံ မရှိ၊ အရုန်းအကန် မရှိ။ သို့ငြားလည်း ဂျင်ဂျာတက်သည် သူ့ကို ချမ်းသာပေးသွားသည်။
သူ့မျက်နှာတွင် ရှက်သွေးများ ဖြန်းခနဲထလာသည်။ မတ်တပ်ရပ်ကာ ဖရိုဖရဲဖြစ်နေသော အဝတ်အစားတို့ကို
ပြင်ဆင်ဝတ်သည်။ သူ့တစ်ကိုယ်လုံးကား တောင့်တင်းနေပါသည်။ လက်က ဓား လွတ်ကျနေသည်ကို
ကောက်ယူလိုက်သည်။ ထို့နောက် အိတ်လွတ်နှစ်ခုကိုယူကာ ပုန်းနေရာမှ ထလာခဲ့သည်။
ရေစပ်တွင်ရှိနေသော မော်တော်ဆီသို့ သူ ထွက်လာခဲ့သည်။
“လာဗျို့
မစ္စ ဂျုန်း၊ ကျွန်တော်တို့ ပြင်ဆင်ပြီးနေပြီ၊ ခင်ဗျားကို လာနှိုးတော့မလို့ပဲ”
ဂျင်ဂျာတက်က ဆီး၍ ခေါ်ငင်နှုတ်ဆက်သည်။ မစ္စဂျုန်း သည် သူ့မျက်နှာကို မကြည့်ရဲပါ။
မစ္စဂျုန်း၏မျက်နှာသည် ကြက်ဆင်ထီးကြီးကဲ့သို့ နီမြန်းနေသည်။
“ငှက်ပျောသီး
စားပါလား” ဂျင်ဂျာတက်က မေးသည်။
စကားတစ်ခွန်းမျှမပြောဘဲ
မစ္စဂျုန်းသည် ငှက်ပျောသီးကို လှမ်းယူလိုက်သည်။ ဗိုက်ထဲတွင်အစာမရှိသဖြင့်ဆာနေပြီဖြစ်ရာ
အရသာတွေ့သည်။
“ကျောက်တုံးလေးပေါ်က
တစ်ဆင့် တက်ခဲ့ဗျို့။ ဒါမှ ခင်ဗျားခြေထောက် ရေမစိုမှာ”
မစ္စဂျုန်းကာ
သေလုအောင်ပင် အရှက်ကြီးရှက်မိသည်။ သို့ရာတွင် သူ ညွှန်ပြလိုက်သည့်အတိုင်း
ကျောက်တုံးကတစ်ဆင့် လှမ်းတက်လိုက် သည်။ ဂျင်ဂျာတက်က သူ့လက်မောင်းကို ဖမ်း၍ဆွဲကာ
မော်တော်ပေါ်သို့ရောက်အောင် ဖေးကူသည်။ အမယ်လေး။ သူ့လက်ကြီးကလည်း သံညှပ်ကြီးးလို
တင်းတင်းကျပ်ကျပ်ကြီးပါလား။ မစ္စဂျုန်းသည် နည်းနည်းလေးမျှ လူးလွန့်လှုပ်ရှားကာ
ရုန်းကန်ခြင်းမပြုမိပါ။ သူရောက်လျှင် မော်တော်စက်ဆရာက မော်တော်စက်ကို နှိုးလေသည်။
သို့နှင့် သုံးနာရီခန့်ကြာလျှင် သူတို့ ဗာရူကျွန်းသို့ရောက်လာကြသည်။
ထိုညနေတွင်
တရားဝင် ထောင်မှ လွတ်လာပြီဖြစ်ရကား ဂျင်ဂျာတက်သည် အရေးပိုင်အိမ်သို့ သွားသည်။
သူ့မှာ ထောင်အဝတ်နှင့် မဟုတ်တော့။ အဖမ်းခံရစဉ်ကဝတ်သော အင်္ကျီနှင့် ကာကီရောင်ဘောင်းဘီတို့ကို
ဝတ်ထားသည်။ ဆံပင်ကိုလည်း ညှပ်ထားသည်။ အနည်းငယ် ငယ်သွားသည်ဟု ထင်ရသည်။
မစ္စတာဂရိုင်တာသည် ရွှင်ပျစွာ ဆီးကြိုနှုတ်ဆက်ပြီးနောက် နေရာထိုင်ခင်းပေးသည်။
ထိုအခိုက်တွင် စားပွဲထိုးက ဘီယာနှစ်ပုလင်း ယူလာသည်။
“ကျွန်တော်ဖိတ်ထားတာကို
ခင်ဗျားမမေ့တာ ဝမ်းသာတယ် ဂျင်ဂျာ” အရေးပိုင်မင်းက ဆိုသည်။
“ဘယ်မေ့မလဲဗျ၊
ဒီအချိန် ရောက်အောင် ခြောက်လလုံးလုံး စောင့်ရတာပဲ”
“ကဲဗျို့၊ ဘုရားသခင်ကျေးဇူးပဲ ဂျင်ဂျာတက်ရေ”
“ဘုရားသခင် ကျေးဇူးပါပဲ အရေးပိုင်မင်း”
သူတို့သည်
ဘီယာခွက်များကို မော့လိုက်ကြသည်။ ထို့နောက် အရေးပိုင်မင်းက လက်ခုပ်တီးလိုက်လျှင်
စားပွဲထိုးသည် နောက်ထပ် နှစ်ပုလင်း ယူလာပြန်သည်။
“ကျွန်တော့်ကိုတော့
ဘယ်လိုမှအာဃာတမရှိဘူးလို့ မျှော်လင့်တာပဲ”
“အိုဗျာ၊ ဒါများ အလကား စိုးရိမ်နေ၊ အဲဒီတုန်းက ကျွန်တော်မှားသွားလို့ ခင်ဗျ၊
ဒါပေမဲ့ ခုတော့ နောင်တရပါပြီဗျာ၊ ကျွန်တော့်မှာ တစ်ချိန်လုံး သောက်စားရမ်းကား
နေခဲ့တာပဲ၊ လူကောင်းဖြစ်တယ်လို့ ဘယ်ရှိခဲ့လို့လဲ။ အရေးပိုင်မင်းလည်း အသိသားပဲ။
ဒါပေမဲ့ ဒီကျွန်းက ကောင်မလေးတွေက အနိပ်ကလေးတွေချည့်ပဲ ခင်ဗျ၊ အရေးပိုင်မင်းလည်း
သူတို့ကို စောင်းငဲ့ ကြည့်ဦးမှပေါ့”
“ခင်ဗျား သိပ်ဆိုးတဲ့လူပဲဗျာ”
“အလွန်ဆိုးပေါ့ ခင်ဗျာ”
“ဘယ့်နှယ်လဲဗျို့၊ ဘီယာက ကောင်းတယ်နော်”
“ကောင်းပါ့ ခင်ဗျာ”
“ထပ်သောက်ကြဦးစို့ ဗျို့”
ဂျင်ဂျာတက်
ထံသို့ လစဉ်မှန်မှန် ရောက်နေကျငွေများရောက်ခဲ့ရာ ယခုအခါ အရေးပိုင်မင်းလက်ထဲတွင်
ပေါင်ငါးဆယ် ရှိနေပြီ။ တရုတ်ဆိုင် ဝင်ဖျက်သည့်အတွက် လျော်ကြေးပေးလိုက်ရသည်ကိုနှုတ်သော်
ပေါင်သုံးဆယ်ကျော်ကျော် သူ့အတွက် ရှိနေသည်။
“ပေါင်သုံးဆယ်ဆိုတာ
နည်းတာမဟုတ်ဘူး ဂျင်ဂျာရေ့၊ တစ်ခုခုတော့ ကောင်းကောင်းအသုံးချဖို့ ကောင်းတာပဲ”
“ကျွန်တော်တော့ သုံးဖို့စိတ်ကူးတာပဲ ခင်ဗျ”
အရေးပိုင်မင်းသည်
သက်ပြင်းချလိုက်သည်။
“ပိုက်ဆံဆိုတာ
သုံးဖို့မဟုတ်လား ခင်ဗျ၊ ကျွန်တော်တော့ ဒီအတိုင်း သဘောထားတာပဲ”
အရေးပိုင်မင်းသည်
ဂျင်ဂျာအား သတင်းမျိုးစုံဖောက်သည်ချရသည်။ လွန်ခဲ့သည့်ခြောက်လအတွင်း ထူးထူးထွေထွေ
ဘာမျှ မဖြစ်ပါ။ အလတ်ကျွန်းတွင် လည်းကောင်း၊ ကျန်ပြင်ပကမ္ဘာတွင် လည်းကောင်း ဘာမျှထူးထူးခြားခြား
မဖြစ်လိုက်ပါ။
“တစ်နေရာရာမှာ
စစ်ဖြစ်သေးသလားဗျ”
“မဖြစ်ပါဘူး။ ကျွန်တော်တော့ သတိမထားလိုက်မိဘူး၊ ဟယ်ရီဂျားဗစ် တစ်ယောက်တော့
ပုလဲကြီးတစ်လုံး ရတယ်ဗျို့၊ တစ်သောင်းရမှ ရောင်းမယ် ပြောတာပဲ”
“ရနိုင်မှာပဲဗျ”
“ပြီးတော့ ချာလီမက်ကောမက် တစ်ယောက်လည်း မိန်းမရသွားပြီ”
“သူကတော့ အမြဲ အေးအေး နေတတ်တဲ့ လူပဲ”
ထိုအခါ
စားပွဲထိုးရောက်လာကာ မစ္စတာ ဂျုန်း ရောက်နေကြောင်း၊ ဝင်ခွင့်ရှိပါသလားဟု
အမေးခိုင်းကြောင်း ပြောသည်။ အရေးပိုင်မင်းက ခွင့်မပြုမီပင် မစ္စတာဂျုန်း
ရောက်လာသည်။
“သိပ်မကြာပါဘူး
ခင်ဗျာ၊ ကျွန်တော်ဖြင့် တစ်နေ့လုံး ဟောဒီက လူသူတော်ကောင်းကြီးကို လိုက်ရှာလိုက်ရတာအမောပါပဲ
ခင်ဗျာ၊ ဒီမှာ ရောက်နေတယ် ကြားတော့မှပဲ ကျွန်တော်လာရင်
ကိစ္စမရှိဘူးလို့အောက်မေ့တာနဲ့ လာခဲ့တာပါပဲ”ဟု ခင်ကြီး ဂျုန်းက ဆိုသည်။
“မစ္စဂျုန်းရော
ဘယ်လိုလဲ၊ နေကောင်းတယ်နော်၊ တစ်ညလုံး အပြင်ဘက်မှာအိပ်ရလို့ ဘာမှ
မဖြစ်တန်ကောင်းဘူးထင်ပါရဲ့” အရေးပိုင်မင်းက ယဉ်ကျေးသိမ်မွေ့စွာ မေးမြန်းသည်။
“နည်းနည်းတော့
နေထိုင်မကောင်းရှိတာပေါ့ ခင်ဗျာ၊ အဖျားနည်းနည်း ရှိတယ်။ ဒါနဲ့ အိပ်ရာထဲ
လှဲနေခိုင်းခဲ့ရတယ်၊ စိုးရိမ်စရာ မရှိလှပါဘူး”
ခင်ကြီး
ဂျုန်း ဝင်လာသည့်အခါ သူတို့နှစ်ယောက်သည် မတ်တတ်ရပ်လိုက်ကြသည်။ ခင်ကြီးသည်
ဂျင်ဂျာတက်ဆီသို့ သွားကာ လက်ဆွဲ နှုတ်ဆက်ပြီးနောက် လက်ကို ဆုပ်ကိုင်ထားသည်။
“ခင်ဗျားကို
ကျေးဇူးစကား ပြောချင်လို့ပဲဗျာ၊ ခင်ဗျား သိပ်ပြီးတော်တဲ့လူပဲ၊ သိပ်မြင့်မြတ်တဲ့
လူပဲ။ ကျွန်တော့်နှမပြောတာ မှန်တယ်ခင်ဗျ၊ လူတွေမှာ ကောင်းတာတစ်ခုတော့ ရှိတာပဲတဲ့။
ကျွန်တော်လေ ခင်ဗျားကို ဟိုတုန်းကအထင်မှားခဲ့မိတယ်၊ တောင်းပန်ပါတယ်ဗျာ”
ခင်ကြီးသည်
ထိုစကားတို့ကို တည်ငြိမ်စွာ ဣနြေ္ဒနှင့်ပြောလေသည်။ ဂျင်ဂျာတက်သည် သူ့ကို
အံ့အားသင့်ကာ စိုက်ကြည့်သည်။ သူ့လက်ကို ခင်ကြီးက ဖမ်း၍ဆွဲသည်ကိုလည်း မရုန်းကန်မိ။
ယခုတိုင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။
“ခင်ဗျား
ဘာတွေ လျှောက်ပြောနေတာလဲ”
“ခင်ဗျား
ကျွန်တော့်နှမကို ချမ်းသာပေးခဲ့တယ် မဟုတ်လား၊ ခင်ဗျားသနားမှ သူချမ်းသာရာရမယ့်အခါ
မဟုတ်လား။ အစတုန်းကတော့ ခင်ဗျားကို လူသော့သွမ်းလို့ ထင်ခဲ့မိတယ်။ အဲဒီ
အထင်အမြင်တွေတွေးမိလို့ ခုတော့ ရှက်မိတယ်။ ကျွန်တော့်နှမက ဘာတစ်ခုမှ အကာအကွယ်
မရှိခဲ့ဘူး။ ခင်ဗျား လက်ထဲမှာပဲ။ ခင်ဗျား သွန်လိုသွန်၊မှောက်လိုမှောက်၊ ဒါပေမဲ့
ခင်ဗျားမှာ သူ့အပေါ် ကြင်နာစိတ်ရှိခဲ့တယ်။ အဲဒါတွေအတွက် ခင်ဗျားကို ရင်ထဲဝမ်းထဲက
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားကို ကျွန်တော့်နှမကရော၊ ကျွန်တော်ကရော
ဒီတစ်သက်တော့ မေ့နိုင်မယ်မဟုတ်တော့ပါဘူး။ ဘုရားသခင်ဟာ ခင်ဗျားကို အမြဲ
စောင့်ရှောက်ပါလိမ့်မယ်”
ခင်ကြီး
ဂျုန်း၏ အသံသည် အနည်းငယ်တုန်နေသည်။ ထို့နောက် ဂျုန်းသည် တစ်ဖက်သို့မျက်နှာလွှဲလိုက်ပြီးလျှင်
ဂျင်ဂျာ တက်၏ လက်ကို လွှတ်ကာ တံခါးဝဆီသို့ ခပ်မြန်မြန် လှမ်းထွက်သွားသည်။ ဂျင်ဂျာတက်ကား
သူ့ကို ပါးစပ်အဟောင်းသားနှင့် ကြောင်၍ ကြည့်နေသည်။
“ခင်ကြီး
ဘာရည်ရွယ်ပြီး ပြောသွားတာလဲ”
အရေးပိုင်မင်းသည်
ထိုအမေးစကားကိုကြားလျှင် ရယ်ပါသည်။ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားသေးသည်။
သို့ရာတွင် ထိန်းချုပ်ထားလေ၊ ပို၍ ရယ်ချင်လေ ဖြစ်လေသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကြီး
ယိမ်းထိုးလှုပ်ရှားလာသည်အထိ ရယ်သည်။ အင်္ကျီအောက် ဗိုက်ပူကြီးတွင် လှိုင်းများထလာသည်အထိ
ရယ်ပါသည်။ ပက်လက်ကုလားထိုင်တွင် နောက်ပြန်မှီကာ ဘယ်ညာယိမ်းထိုးရင်း ရယ်ပါသည်။ ပါးစပ်နှင့်
မျက်နှာနှင့်သာ ရယ်သည်မဟုတ်။ တစ်ကိုယ်လုံးနှင့်လည်း ရယ်သည်။ ခြေသလုံး ကြွက်သားများ
လှုပ်ခါလာသည်အထိ ရယ်သည်။ အူတက်မတတ် ရယ်ရလွန်းသဖြင့် ဗိုက်သားများပင် နာလာသည်။
ဂျင်ဂျာတက်သည် သူ့ကို မျက်မှောင်ကုတ်ကာ ကြည့်နေပြီးနောက် ဘာ့ကြောင့်
ရယ်မောနေသည်ကိုမသိသဖြင့် ဒေါသထွက်စ ပြုလာသည်။ ထို့ကြောင့် ဘီယာပုလင်းလွတ်ကို လည်ပင်းကကိုင်ကာ
...
“ခင်ဗျား
မရယ်နဲ့တော့ဗျို့၊ မရပ်ရင်တော့ ခေါင်းကို ရိုက်ခွဲလိုက်မှာပဲ”ဟု အော်သည်။
အရေးပိုင်မင်းသည်
မျက်နှာကို မဲ့ရွဲ့ကာ ဘီယာတစ်ကျိုက်မော့လိုက်သည်။ ထို့နောက် သက်ပြင်းချကာ တအင်အင်
ညည်းသည်။ သူ့မေးကြောများကား ရယ်ရလွန်းသဖြင့် နာကျင်နေသည်။
“မစ္စဂျုန်းရဲ့
အပျိုရည်ကို ခင်ဗျား မဖျက်ဆီးခဲ့လို့ ကျေးဇူးတင်တာပဲဗျ”ဟု အဓိပ္ပါယ်
ရှင်းလင်းပြလိုက်သည်။
“ကျွန်တော့်ကို
...” ဂျင်ဂျာတက်က အော်ပြောသည်။
ဂျင်ဂျာတက်သည်
အတန်ကြာ တွေဝေကာစဉ်းစားနေသည်။ ထို့နောက် အကြီးအကျယ် ဒေါထလာသည်။ သူ့ပါးစပ်ကလည်း
ယုတ်ယုတ် ပတ်ပတ်စကားများ ထွက်လာသည်။
“ဒီ
နွားမအိုကြီးကိုတဲ့လားဗျာ၊ ကျွန်တော့်များ ဘာထင်နေသလဲ မသိဘူး”
“ခင်ဗျားဟာ
မိန်းကလေးတွေနဲ့ပတ်သက်ရင် တွေ့မရှောင်လို့နာမည်ကြီးနေတာကိုးဗျ” အရေးပိုင်မင်းက
တခစ်ခစ် ရယ်လိုက်သည်။
“ဒီဟာမကြီးကို
ကျွန်တော်ဖြင့် လက်နဲ့မပြောနဲ့၊ တုတ်နဲ့တောင် မတို့ချင်ဘူး။ အဲဒီ စိတ်ကူးမျိုး
ခေါင်းထဲမဝင်မိပါဘူး၊ စိတ်ကုန်ရောပဲဗျာ၊ ဒုက္ခပါပဲ၊ ဒီ ခင်ကြီးခေါင်း
ရိုက်ခွဲမယ်ဗျာ၊ ပေးစမ်းဗျို့၊ ကျုပ် ငွေသုံးဆယ်၊ မူးအောင် သောက်လိုက်ဦးမယ်”
“ခင်ဗျားကို
ကျွန်တော်က အပြစ်မတင်ပါဘူးဗျာ” အရေးပိုင်မင်းက ပြောသည်။
“ဒီနွားမအိုကြီး၊
ဟင်း ... နွားမအိုကြီး”
ဂျင်ဂျာတက်သည်
ထပ်ခါတလဲလဲ ရေရွတ်နေသည်။
သူသည်
ဒေါသထွက်နေသည်။ ထိုကျေးဇူးစကားက စိတ်ကောင်းဝင်နေသည့် သူ၏သိမ်မွေ့ခြင်းကို
ကိုင်လှုပ်လိုက်သည်။
အရေးပိုင်မင်းသည်
ဂျင်ဂျာ တက် လက်သို့ ငွေများကိုအပ်လိုက်ပြီးနောက် ရရှိကြောင်းလက်မှတ်
ရေးထိုးစေသည်။
“ကဲ
သောက်ချည်ပေဦးတော့ ဂျင်ဂျာတက်ရေ၊ ဒါပေမဲ့ ဒီတစ်ခါ ရမ်းရင်တော့ ထောင်ဒဏ်က ဆယ့်နှစ်လပဲဗျ၊
အဲဒါ သတိပေးတာပဲ”
“မရမ်းတော့ပါဘူးဗျာ”
ဂျင်ဂျာတက်ကား အပြစ်ဒဏ်၏အရသာကို ကောင်းကောင်း ခံစားခဲ့ရပြီ။ “ဒါပေမဲ့ ဒီစကားက
ကျွန်တော့်ကို စော်ကားတာဗျ၊ ဒါဟာ သက်သက်စော်ကားတာ”
သို့နှင့်
ဂျင်ဂျာ တက်သည် အရေးပိုင်မင်းအိမ်မှ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး “ခွေးတိရိစ္ဆာန်ကြီး၊
ခွေးတိရိစ္ဆာန်ကြီး” ဟု ရေရွတ် သွားသည်။ သူသည် တစ်ပတ်ခန့် အရက်သောက်သည်။ ထိုအခါ
ခင်ကြီး ဂျုန်းသည် အရေးပိုင်မင်းထံ သွား၍တွေ့ပြန်သည်။
“ဒီလူ
သူပိုင်တဲ့ပိုက်ဆံ ခင်ဗျ၊ ကျွန်တော်သိမ်းထားပိုင်ခွင့် မရှိဘူး”
“ဥပဒေအရတော့ မရှိဘူးပေါ့လေ၊ ဒါပေမဲ့ ထိန်းသိမ်းရမယ့်ဝတ္တရားတော့ ရှိတာပေါ့”
ထို့နောက်
ခင်ကြီးသည် ကျွန်းငယ်လေးပေါ်တွင် သူ့နှမ ကြုံခဲ့ရသည့် ထိတ်လန့်စရာညချမ်းက
အဖြစ်အပျက်ကို အရေးပိုင်မင်းအား ဇာတ်ကြောင်းလှန်ပါသည်။ မစ္စ ဂျုန်းကား မိန်းမတို့ဇာတိစိတ်အတိုင်း
ယောက်ျားတို့ တဏှာစိတ်မွှန်ပုံကိုသတိထားမိကာ အဆုံးအထိ ခုခံကာကွယ်ရန် ပြင်ဆင်ထားသည်။
ဓားတစ်လက်ကိုလည်း ဆောင်ထားသည်။ ထို့နောက် ဘုရားသခင်ထံ မစ္စဂျုန်း ဆုတောင်းခဲ့ပုံ၊
ငိုကြွေးခဲ့ ရပုံ၊ ပုန်းလျှိုးခဲ့ရပုံတို့ကိုပါ အရေးပိုင်မင်းအား ပြောပြသည်။ သူ၏
စိုးရိမ်ကြောက်လန့်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ။ သည်တစ်ကြိမ် တွင်ကား အရှက်တကွဲအကျိုးနည်း
ဖြစ်ရတော့မည်၊ ချမ်းသာရာ ရတော့မည်မဟုတ်ဟု တွေးမိသည်။ သူ လာမည်ထင်သည့် တစ်ခဏ၌
တုန်လှုပ်ခဲ့ပုံ၊ အကူအညီလည်း ကင်းမဲ့ပုံ၊ ထို့နောက် လူမောစိတ်မောဖြစ်ကာ
အိပ်ပျော်သွားပုံတို့ကိုလည်း စီကာစဉ်ကာ ပြောပြသည်။ ထိုမှတစ်ဖန် စိတ်ဆင်းရဲကာ
စိတ်အညစ်ကြီးညစ်ရပုံ၊ မည်သူမျှ ထိုစိတ်ဆင်းရဲနည်းမျိုး ကြုံရမည် မထင်မိပုံ၊
နောက်ဆုံးတွင်ကား အိပ်ရာမှ နိုးသည့်အခါ ခြေထောက်ကို အိတ်နှစ်ခု ဖုံးလွှမ်းနေသည်ကိုတွေ့ရပုံတို့ကိုလည်း
မခြွင်းမချန်ပြောပြသည်။ အမှန်စင်စစ် အိပ်ပျော်နေစဉ် အကာအကွယ်မရှိဘဲဖြစ်ကာ
သနားစရာကောင်းသည့်အဖြစ်ကို ဂျင်ဂျာတက် တွေ့မိသဖြင့် စိတ်ကောင်းဝင်ကာ မည်သို့မျှ
မကြံရက်တော့ဘဲ ချမ်းသာပေးလိုက်ပြီး၊ အိတ်နှစ်ခုဖြင့်လွှမ်းကာ ခပ်အေးအေး ပြန်သွားဟန်တူကြောင်းကိုလည်း
ပြောပြသည်။
“ဒါကိုထောက်ရင်
သူ့ အတွင်းသဘောတော့ တကယ့်လူ့အဖိုးတန်ဆိုတာ ပြတာပဲ ခင်ဗျ၊ ခုတော့ ကျွန်တော့်နှမစိတ်ထဲမှာ
သူ့ကို ကယ်တင်ဖို့ဟာ ကျွန်တော်တို့တာဝန်ပဲလို့ ထင်မိတယ်။ သူ့အတွက် ကျွန်တော်တို့
တစ်ခုခလုပ်ရမှာပဲ”
“အင်း
ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်တော့ သူ့ပိုက်ဆံ မကုန်မချင်း ဘယ်လိုမှ
တားမြစ်ဖို့ စိတ်ကူးထည့်မယ် မဟုတ်ဘူး။ ပြီးတော့လည်း သူက ထောင်ထဲမှာမဟုတ်တော့
ခင်ဗျားတို့ ကြိုက်ရာလုပ်နိုင်တာပေါ့လေ”ဟု အရေးပိုင်မင်းက ပြောသည်။
သို့သော်လည်း
ဂျင်ဂျာတက်သည် ကယ်တင်ခံလိုသူ မဟုတ်ပါ။ ထောင်မှထွက်၍ နှစ်ပတ်ခန့်ရှိသောအခါ သူသည်
တရုတ်ဆိုင်တစ်ဆိုင် ရှေ့တွင်ထိုင်ကာ လမ်းဘက်ဆီသို့ အမှတ်တမဲ့ကြည့်နေရာက မစ္စဂျုန်း
လျှောက်လာသည်ကို တွေ့ရသည်။ မစ္စ ဂျုန်းကို တစ်မိနစ်ခန့် စူးစိုက်ကြည့်မိသည်တွင်
အံ့အားသင့်စရာ ကြုံရသည်။ ထိုအခါ သူ့ပါးစပ်က မြည်တွန်တောက်တီးကာ တတွတ်တွတ် ရွတ်သည်။
စကားကောင်းကား မဖြစ်နိုင်ပါ။ ဆဲရေးတိုင်းထွာသောစကားလုံးများသာ ဖြစ်သည်။ သို့ရာတွင်
မစ္စဂျုန်းသည် သူ့ကို မြင်သွားသောအခါ ရုတ်တရက် ချက်ချင်းပင် ဂျင်ဂျာ တက်သည်
မျက်နှာလွှဲလိုက်ပါသည်။ မစ္စ ဂျုန်း သူ့ကို ကြည့်နေကြောင်း သူသိသည်။ သူ့ထံသို့
ခြေလှမ်း ကျဲကျဲဖြင့်လာနေသည်။ သို့ရာတွင် သူ့အနားသို့ရောက်လျှင် မစ္စ ဂျုန်း၏
ခြေလှမ်းတို့သည် နှေးကွေးသွားသည်။ သူ့ကို စကားပြောမည်ဟု ထင်သည်။ ထို့ကြောင့်
ရုတ်တရက်ထကာ ဆိုင်ထဲသို့ ဝင်ခဲ့သည်။ ငါးမိနစ်ခန့်မျှ ဆိုင်ထဲက မထွက်ရဲပေ။
နာရီဝက်ခန့်ကြာလျှင် ခင်ကြီး ဂျုန်း ကိုယ်တိုင်ရောက်လာကာ သူ့ကိုတွေ့လျှင်
လက်နှစ်ဖက်ကိုဆန့်တန်း၍ နှုတ်ဆက်သည်။
“နေကောင်းရဲ့နော်
အက်ဒဝပ်။ ခင်ဗျားကို ဒီမှာတွေ့နိုင်မယ်လို့ ကျွန်တော့်နှမက ပြောလိုက်တယ် ခင်ဗျ”
ဂျင်ဂျာတက်က
ခင်ကြီး ဂျုန်းကို မှုန်တေတေမျက်နှာပေးဖြင့်ကြည့်ကာ ဆန့်တန်းပေးသောလက်ကို ဆွဲ၍ပင်
နှုတ်မဆက်တော့။ စကားပြန်လည်း မပေးတော့။
“လာမယ့်
တနင်္ဂနွေနေ့ညမှာ ကျွန်တော်တို့ဆီ ထမင်းလာစားမယ်ဆိုရင်တော့ ကျွန်တော်တို့
သိပ်ဝမ်းသာမှာပဲ ခင်ဗျာ၊ ကျွန်တော့်နှမက ထမင်းချက် သိပ်ကောင်းတာ ခင်ဗျ၊
ဩစတြေးလျထမင်းဟင်းကို သူ ကောင်းကောင်းချက်ကျွေးနိုင်တာပေါ့”
“ခင်ဗျားထမင်း
ဘာလုပ်ဖို့လဲ၊ သွားစမ်းဗျာ” ဂျင်ဂျာတက်က အော်လိုက်သည်။
“ဒီလိုပြောဖို့တော့
မသင့်ပါဘူးဗျာ” ခင်ကြီး ဂျုန်းသည် အနည်းငယ် ရယ်မောလိုက်ပါသည်။ သို့မှသာ
စိတ်မဆိုးကြောင်း သိသာစေမည် မဟုတ်လား။ “အရေးပိုင်ဆီကိုတော့ ခင်ဗျား ခဏခဏ
သွားလည်တယ်၊ ကျွန်တော်တို့ဆီကိုလည်း မကြာခဏလာလည်ဖို့ ကောင်းတာပေါ့ ခင်ဗျာ၊
ကျွန်တော်တို့ မျက်နှာဖြူချင်း မကြာခဏ စကားစမြည်ပြောကြရတာပေါ့ ခင်ဗျ၊ ပြီးခဲ့တာတွေ
ပြီးပြီးပျောက်ပျောက် မေ့လို့ မရနိုင်ဘူးလား၊ ခင်ဗျားသာ လာမယ်ဆိုရင်တော့
ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲကြိုဆိုနေမှာပဲ”
“အပြင်ထွက်တော့
ဝတ်ဖို့ အဝတ်ကောင်းကောင်း မရှိဘူးဗျ” သူ့မျက်နှာသည် သုန်မှုန်နေသည်။
“အိုဗျာ
... ဒါက အရေးမကြီးပါဘူး၊ ရှိတာပဲဝတ်ခဲ့တာပေါ့ဗျ”
“လာနိုင်မယ် မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ၊ အကြောင်းရှိရမှာပေါ့ဗျ”
ဂျင်ဂျာတက်သည်
ခပ်ပြတ်ပြတ် ပြောတတ်သူ ဖြစ်သည်။ မဖိတ်ချင်ဖိတ်ချင်နှင့် ဖိတ်ကြား ခံရသည့်အခါမျိုးတွင်
ကျွန်တော်တို့တစ်တွေ ခပ်ပြတ်ပြတ်အဖြေပေးရန် ဝန်မလေးသကဲ့သို့ပင် သူလည်း
ထိုအဖြေမျိုးပေးရန် ဝန်လေးသူ မဟုတ်။
“မလာချင်လို့ပေါ့ဗျ”
“ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျွန်တော့်နှမကလည်း သိပ်စိတ်မကောင်း ဖြစ်ရှာမှာပဲ”
မစ္စတာ
ဂျုန်းသည် နည်းနည်းလေးမျှ စိတ်အနှောင့်အယှက်ဖြစ်သည့်အမူအရာမပြဘဲ ခေါင်းကို
ဆတ်ခနဲညိတ်ကာ နှုတ်ဆက်၍ ခပ်ပြုံးပြုံး မျက်နှာဖြင့် ထွက်သွားသည်။ ထို့နောက်
နှစ်ရက်မြောက် နေ့တွင် ဂျင်ဂျာတက် ထံသို့ ပါဆယ်တစ်ထုပ် ထူးထူးဆန်းဆန်း ရောက်လာသည်။
အထဲတွင် ဝတ်စုံတစ်စုံ၊ စပို့ရှပ်အင်္ကျီတစ်ထည်၊ ခြေအိတ်တစ်စုံ၊ ဖိနပ်တစ်ရန်တို့
ပါလာသည်။ သူ့ထံသို့ လက်ဆောင်ပစ္စည်းများ ရောက်လေ့ မရှိပါ။ ထို့ကြောင့်
အရေးပိုင်နှင့်တွေ့သည့်အခါ သူများ ပို့လိုက်လေသလားဟု မေးသည်။
“ကြံကြံဖန်ဖန်ဗျာ၊
ခင်ဗျား အဝတ်အစားနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်တုန်းကများ ပူပန်ဖူးလို့လဲ”
“ဒါဖြင့် ဒီပစ္စည်းတွေပို့တာ ဘယ်က ခွေးကောင်လဲ”
“ကျွန်တော် ဟုတ်မဟုတ် စုံစမ်းပေါ့ဗျာ”
မစ္စ
ဂျုန်းသည် အခါအားလျော်စွာ အလုပ်ကိစ္စနှင့်ပတ်သက်၍ အရေးပိုင်မင်းဂရိုင်တာကို လာ၍ တွေ့တတ်သည်။
ဂျင်ဂျာတက် ထံသို့ အဝတ်အစားများရောက်ပြီးနောက် တစ်မနက်ခင်းတွင် မစ္စဂျုန်းသည်
အရေးပိုင်ထံရောက်လာသည်။ မစ္စ ဂျုန်းသည် အကင်းပါးသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
အရေးပိုင် မလုပ်ပေးချင်သည့် ကိစ္စမျိုးနှင့်ကြုံလျှင် အချိန်မဖြုန်းတတ်ပါ။ ယခုကား
အသေးအဖွဲ ကိစ္စလေးတစ်ခုခိုင်းရန် ရောက်လာခြင်း ဖြစ်သည်။ သို့ငြားလည်း
အရေးပိုင်မင်းက မဖြစ်နိုင်ဟုငြင်းဆန်လိုက်သည့်အခါ သဘောပေါက် လာအောင်
ပြောမနေတော့ပေ။ တစ်ခါငြင်းသည်ကိုပင် အတည်ယူလိုက်တော့သည်။ ထို့နောက် ပြန်ရန်ဟန်ပြင်ပြီးမှ
အတွေးတစ်မျိုး ဝင်လာကာ ဤသို့ပြောသည်။
“ဒီလိုပါ
မစ္စတာ ဂရိုင်တာရှင့်၊ ကျွန်မအစ်ကိုက ဂျင်ဂျာတက်လို့ခေါ်တဲ့လူကို ထမင်းကျွေးချင်
နေပါတယ်။ အဲဒါ သိပ် ထက်ထက်သန်သန် ဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်မ သူ့ကိုပေးဖို့
ဖိတ်စာတစ်စောင်ရေးလာပါတယ်၊ သန်ဘက်ခါမှာ လာဖို့ပါပဲ။ ဒီလူက နည်းနည်း ရှက်တတ်တယ်နဲ့
တူတယ်ရှင့်၊ ဒီတော့ အရေးပိုင်မင်းလည်း သူနဲ့အတူ အဖော်အဖြစ်လိုက်ခဲ့ပါလား”
“ခင်ဗျားတို့ဟာ သိပ် စေတနာကောင်းတာကိုးဗျ”
“ဒီလူအတွက် တစ်ခုခုတော့လုပ်ပေးမှ သင့်မယ်လို့ ကျွန်မအစ်ကိုက ထင်နေတယ်ရှင့်”
“မိန်းမတစ်ယောက်ယောက်ရဲ့
ဩဇာစက်ကွင်းအောက်ရောက်အောင် လုပ်ပေးတာမျိုးပေါ့ဗျာ” အရေးပိုင်မင်းက ဣနြေ္ဒဆောင်ကာ
ခပ်တည်တည်ပင် ပြောလိုက်သည်။
“သူ
လာအောင် အရေးပိုင်မင်းက ခေါ်ခဲ့ပါလား၊ ရှင်ကသာ သွားဖို့ကောင်းတဲ့အကြောင်းပြောရင် သူ
လာမယ်လို့ ထင်တာပဲ။ နောက်တော့ သူ လမ်းပေါက် သွားမှာပေါ့ရှင်။ သူ့လို လူငယ်တစ်ယောက်
ပျက်ပျက်စီးစီးဖြစ်သွားမှာ စိုးရိမ်တာပါပဲရှင်”
အရေးပိုင်မင်းသည်
မစ္စဂျုန်းကို ဆတ်ခနဲမော်ကြည့်လိုက်သည်။ သူ့ထက် အရပ်ရှည်သဖြင့် အရေးပိုင်မင်းက
မော်ကြည့်ရသည်။ မစ္စဂျုန်း သည် ကြည့်ပျော်ရှုပျော်မရှိလှဟု သူ ထင်သည်။
အဝတ်တန်းတွင်လှမ်းထားသည့် အဝတ်စိုနှင့်တူသည်ဟု ပေါက်ပေါက်ရှာရှာ တွေးမိသည်။
အရေးပိုင်မင်း၏မျက်လုံးတို့သည် တဖျပ်ဖျပ်ခတ်နေကြသည်။ သို့သော် မျက်နှာထားကား
ခပ်တည်တည်ပင်။
“ခေါ်ကြည့်သေးတာပေါ့ဗျာ၊
အတတ်နိုင်ဆုံး ကြိုးစားတာပေါ့”
“သူ့အသက် ဘယ်လောက်ရှိပြီလဲရှင့်”
“နိုင်ငံကူးလက်မှတ်အရတော့ သုံးဆယ့်တစ်နှစ် ဆိုရမှာပဲ”
“သူ့နာမည်ရင်းရော”
“ဝီလဆင်ပါ”
“အက်ဒဝပ်
ဝီလဆင်” မစ္စဂျုန်းက တိုးတိုးရွတ်လိုက်သည်။
“သူ့လို
နေပုံထိုင်ပုံမျိုးနဲ့၊ သူ့ခွန်အားလေးနဲ့ဆိုရင် သိပ်အံ့ဩစရာကောင်းတာပဲ၊
နွားသိုးနီးနီး သန်တယ် ခင်ဗျာ” အရေးပိုင်မင်းက တိုးတိုး ပြောသည်။
“ခေါင်းနီနဲ့လူတွေဟာ
တစ်ခါတလေ သိပ်သန်တယ်ရှင့်” မစ္စဂျုန်း အသံသည် ပီပီသသမရှိလှ။ ခြောက်ကပ်ကပ်
နိုင်လှသည်။
“ဟုတ်မှာပေါ့”
ထိုအခါ
ဘာအကြောင်းမျှမရှိပါဘဲနှင့် မစ္စဂျုန်းသည် ရှက်သွေးဖြန်းသွားသည်။ ထို့ကြောင့်
အရေးပိုင်မင်းကို ခပ်သုတ်သုတ်နှုတ်ဆက်ကာ ရုံးခန်းထဲမှ ထွက်သွားသည်။
ယခုကား
ဂျင်ဂျာတက် ထံသို့ အဝတ်များပို့လိုက်သူကို အရေးပိုင်မင်း တပ်အပ်သိပြီ။
ထိုနေ့မှာပင်
ဂျင်ဂျာတက်ကို တွေ့သဖြင့် မစ္စဂျုန်း၏ ဖိတ်စာ ရမရ မေးကြည့်သည်။ ဂျာဂျာတက်သည်
လုံးခြေထားသော စက္ကူလုံးတစ်ခုကို အိတ်ထဲမှထုတ်ကာ အရေးပိုင်မင်းအား ပေးလိုက်သည်။
ယင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ချစ်စွာသော
မစ္စတာ ဝီလဆင် ရှင့်။
လာမည့်ကြာသပတေးနေ့ည
ခုနစ်နာရီခွဲတွင် ကျွန်မတို့အိမ်သို့ လာရောက်ကာ ညစာစားမည်ဆိုပါလျှင် ကျွန်မအစ်ကိုနှင့်ကျွန်မတို့က
များစွာ ဝမ်းသာမည်ဖြစ်ပါသည်ရှင့်။ အရေးပိုင်မင်းကလည်း လာမည်ဟု ကတိပေးလိုက်ပါသည်ရှင့်။
မနေ့တစ်နေ့က ဩစတြေးလျမှ ဓာတ်ပြား အသစ်များလည်း ရောက်လာပါသည်။ ကြိုက်နှစ်သက်လိမ့်မည်ဟု
မျှော်လင့်ပါသည်။ ရှင်နှင့် နောက်ဆုံးတွေ့ခဲ့တုန်းက ရှင့်အပေါ် မပြေမပြစ် ဆက်ဆံခဲ့မိပါသည်။
ကျွန်မအမှားရှိခဲ့လျှင် ဝန်ခံရန် အသင့်ရှိပါသည်ရှင့်။ ခွင့်လွှတ်လိမ့်မည်ဟုလည်း
ယုံကြည်မျှော်လင့်မိပါသည်။ ကျွန်မကိုလည်း မိတ်ဆွေတစ်ယောက်ဟု အသိအမှတ်ပြုပါ ရှင့်။
သင်၏
သစ္စာရှိသော
မာသာ ဂျုန်း
ဂျင်ဂျာအား
မစ္စတာဝီလဆင်ဟု ခေါ်ဝေါ်ထားသည်ကို အရေးပိုင်မင်း သတိထားမိသည်။ ထို့ပြင် သူကိုယ်တိုင်လာမည်ဖြစ်ကြောင်း
ကတိပေး လိုက်သည်ကိုလည်း ဖော်ပြထားသည်။ သို့ဖြစ်ရာ မိမိကို လာရောက်ဖိတ်ကြားသည့်အခါ
ဂျင်ဂျာတက်ကို ဖိတ်ပြီးဖြစ်ရမည်ဟု မှန်းဆ မိလေသည်။
“ခင်ဗျားသဘောက
ဘယ်လိုလဲ”
“ကျွန်တော် မသွားဘူး။ ဒါကိုမေးတာ မဟုတ်လား။ တယ် စိတ်ရှုပ်စရာ ကောင်းတာပဲဗျာ”
“သူ့စာကိုတော့ အကျိုးအကြောင်းပြန်ရဦးမယ် မဟုတ်လား”
“စာလည်း မပြန်ဘူးဗျာ”
“ဒီမှာ ဂျင်ဂျာ၊ အဝတ်သစ်တွေ ဝတ်ခဲ့ဗျာ၊ ကျွန်တော့်အားနာလို့ လိုက်ခဲ့ပေါ့။
ကျွန်တော့်အတွက်ပါ။ ကျွန်တော် ကတိပေးလိုက်မိပြီဗျ၊ တခြားဟာတော့ ဘေးချိတ်ထားလိုက်ပေါ့ဗျာ။
တကယ့်အရေးထဲမှ ကျွန်တော့်ကိုပစ်ထားခဲ့လို့ ဘယ်ကောင်းမလဲဗျ၊ ခင်ဗျား ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး”
ဂျင်ဂျာတက်သည်
အရေးပိုင်မင်းကို မသင်္ကာသောမျက်လုံးဖြင့် ကြည့်လိုက်သည်။ သူ့အမူအရာကား
တည်ကြည်လှသည်။ သူ့မျက်နှာကား လေးနက်လှသည်။ ဒတ်ခ်ျလူမျိုးတစ်ယောက်၏ ရင်ထဲ ဝမ်းထဲ၌ကား
ရယ်ချင်လွန်းသဖြင့် ပလုံဆူနေသည်ကို ဂျင်ဂျာတက် မရိပ်မိပေ။
“သူတို့က
ဘာဖြစ်လို့ ကျွန်တော့်ကိုခေါ်ရတာလဲဗျ၊ ဘာများ စာရင်းရှုပ်ကြတယ် သိပါဘူးဗျာ”
“ကျွန်တော်လည်း မသိဘူး။ ခင်ဗျားကို မွေးချင်လို့နဲ့တူတာပဲ”
“မူးစရာလေးများ ပါဦးမလားဗျ”
“ပါမယ် မထင်ဘူး၊ ဒီလိုလုပ်လေ၊ ခုနစ်နာရီလောက် ကျွန်တော့်အိမ် လာခဲ့ပေါ့။ မသွားခင်
နည်းနည်းတော့ မော့သွားကြတာပေါ့”
“ကောင်းပြီလေဗျာ”
ဂျင်ဂျာတက်က စိတ်ရှုပ်ရှုပ်နှင့် သဘောတူလိုက်သည်။
အရေးပိုင်မင်းသည်
ကျေနပ်နှစ်သိမ့်ကာ လက်ဝါးနှစ်ဖက်ကို ပွတ်တိုက်သည်။ ထမင်းစားပွဲတွင် ရယ်မောစရာများ တွေ့ရဦးတော့မည်ဟု
မျှော်လင့်ထားသည်။ သို့သော်လည်း ကြာသပတေးနေ့ရောက်လျှင် ဂျင်ဂျာတက်မှာ
လူမှန်းသူမှန်းမသိအောင်မူးနေသဖြင့် မစ္စတာဂရိုင်တာ တစ်ယောက်တည်းသာ သွားရသည်။ ဂျုန်းတို့
မောင်နှမအား အဖြစ်မှန်ကိုမကွယ်မဝှက်ဘဲ ပြောပြလိုက်ရသည်။ ခင်ကြီး ဂျုန်းသည်
ခေါင်းကို ယမ်းသည်။
“ဒီလူဟာတော့
ပြုပြင်လို့ရနိုင်မယ့်လူ မဟုတ်တော့ဘူး မာသာ၊ အလကားပဲ”
မစ္စ
ဂျုန်းသည် ခဏမျှ စကားမပြောဘဲ ငြိမ်နေသည်။ သူ့နှာခေါင်းဘေး တစ်ဖက်တစ်ချက်တွင်
မျက်ရည်ဥကလေးနှစ်ပေါက် စီးကျလာသည်ကို အရေးပိုင်မင်း မြင်လိုက်ရသည်။ ထို့နောက် မစ္စဂျုန်းသည်
နှုတ်ခမ်းကို ကိုက်နေသည်။
“ဘယ်သူပဲဖြစ်ဖြစ်
မျှော်လင့်စရာမရှိတော့ဘူးတော့ မဟုတ်သေးဘူး။ လူတိုင်း။ လူတိုင်းမှာ ကောင်းတာတစ်ခုတော့
ရှိတာပဲ။ ကျွန်မကတော့ သူ့အတွက် ဘုရားသခင်ဆီမှာ ညတိုင်း ဆုတောင်းနေမှာပဲ၊
ဘုရားသခင်ရဲ့တန်ခိုးတော်ကို သံသယရှိစရာ မလိုပါဘူး”
ဤနေရာတွင်
မစ္စ ဂျုန်း၏ စကားသည် မှန်သည်။ သို့ရာတွင် ဘုရားသခင်ဖန်တီးလိုက်သည့်ဇာတ်လမ်းသည်
အလွန်ရယ်စရာ ကောင်းလှ သည်။ ဂျင်ဂျာတက်က ခါတိုင်းထက် ပို၍ သောက်လာသည်။ ရမ်းကား
သောင်းကျန်းသည်မှာကမ်းကုန်နေရာ အရေးပိုင်မင်း မစ္စတာ ဂရိုင်တာပင် စိတ်ကုန်လာသည်။
ကြာရှည် သည်းမခံနိုင်တော့သည့်အခါ ဂျင်ဂျာတက်ကို ကျွန်းမှနှင်ရန် ဆုံးဖြတ်လိုက်သည်။
ဗာရူသို့ ဆိုက်မည့် နောက်သင်္ဘောတစ်စင်းနှင့် ထည့်လိုက်ရန် စိတ်ကူးထားသည်။ ထိုအချိန်တွင်
ဗာရူကျွန်း၌ လူတစ်ယောက်သေဆုံးသည်။ ထိုကျွန်း၌လည်း လူအများအပြားသေဆုံးသည်ဟု သိရသည်။
သို့ဖြစ်ရာ အရေးပိုင်မင်းသည် အစိုးရဆရာဝန်ဖြစ်သည့် တရုတ်ဆရာဝန်ကို စေလွှတ်စုံစမ်းခိုင်းသည်။
ထိုအခါ ဝမ်းရောဂါဖြစ်ပွါးနေကြောင်း သိရသည်။ ဗာရူကျွန်း၌လည်း နောက်ထပ် နှစ်ယောက်
သေဆုံးသွားသည်။ ထို့ကြောင့် ကာလဝမ်းရောဂါကပ် ဆိုက်ပြီဖြစ်ကြောင်း သိရသည်။
အရေးပိုင်မင်းသည်
နှုတ်ကြမ်းသူဖြစ်သည်။ ပါးစပ်က တဖျစ်တောက်တောက် ဆဲရေးတိုင်းထွာတတ်သည်။ သူသည် ဒတ်ခ်ျလိုလည်း
ဆဲသည်။ အင်္ဂလိပ်လိုလည်း ဆဲသည်။ မလေးလိုလည်း ဆဲသည်။ ထို့နောက် ဘီယာတစ်ပုလင်းသောက်ကာ
ဆေးလိပ် တစ်လိပ်ကို ဖွာလိုက်သည်။ ပြီးလျှင် အစဉ်းစားကြီး စဉ်းစားနေသည်။
တရုတ်ဆရာဝန်သည် ဤနေရာတွင် အသုံးမကျဟု သူ နားလည်သည်။ ထိုဆရာဝန်သည် ဂျာဗားကျွန်းမှလာသူ
ဖြစ်သည်။ အရေးဆိုလျှင် ပျာယာခတ်ကာ ဘာလုပ်ရမှန်း၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်သည်။
ကျွန်းသားတို့ကလည်း သူ့ဩဇာကို မနာခံကြ။ ဤအရေးအခင်းတွင် ဘာလုပ်ရမည်ကို
အရေးပိုင်မင်း နားလည်သည်။ သို့ရာတွင် သူတစ်ယောက်တည်းနှင့်ပြီးသည့်ကိစ္စ မဟုတ်ပေ။
အကူအညီ လိုသည်။ အရေးပိုင်မင်းသည် ခင်ကြီးဂျုန်းကို သဘောမကျလှပါ။ သို့ရာတွင်
သူတစ်ယောက်ရှိနေသေးသဖြင့် တော်သေးသည်ဟုသဘောပိုက်ကာ သူ့ကို အခေါ်လွှတ်လိုက်သည်။
သူနှင့်အတူ သူ့နှမ မစ္စဂျုန်းလည်း ပါလာသည်။
“ကျွန်တော်
ဘာကြောင့် အခေါ်ခိုင်းတယ်ဆိုတာ သိမှာပေါ့” အရေးပိုင်မင်းက ခတ်ပြတ်ပြတ်ပင် မေးသည်။
“ဟုတ်ကဲ့၊
ကျွန်တော်လည်း ခင်ဗျားဆီက တစ်စုံတစ်ခုအကြောင်းကြားလိမ့်မယ်ထင်ပြီး စောင့်နေတာပဲ။
ဒါကြောင့် ကျွန်တော့်နှမကိုပါ တစ်ပါတည်းခေါ်ခဲ့တာပဲ။ ကျွန်တော်တို့ တတ်နိုင်သမျှကူညီဖို့
အသင့်ပဲ။ ကျွန်တော့်နှမဟာ ယောက်ျားတစ်ယောက်လို အသုံးကျတယ် ဆိုတာတော့ ပြောစရာမလိုဘူး
ထင်ပါတယ်”
“ကျွန်တော် သိပါတယ်၊ သူ့အကူအညီရတဲ့အတွက် သိပ်ဝမ်းသာပါတယ်”
ထို့နောက်
သူတို့သည် လုပ်ကိုင်ရမည့်အစီအစဉ်များကို ဆွေးနွေးကြသည်။ ယာယီဆေးရုံတဲများလည်း
ဆောက်ရမည်။ ရောဂါမကူးစက်ရန် သီးခြားထားရမည့်နေရာများကိုလည်း စီမံရမည်။
ကျွန်းသူကျွန်းသားအားလုံးကို ကာကွယ်ရေးအစီအစဉ်များကို လိုက်နာအောင်လည်း
အမိန့်အာဏာသုံးရမည်။ အချို့ရွာများ၌ ကူးစက်ရောဂါ ဖြစ်ပွါးနေသော်လည်း
ရေတွင်းတစ်ခုထဲမှရေကို အများသောက်သုံးကြသည်။ ယင်းကိုလည်း အခြေအနေအရ စီစဉ်ရမည်။
ကာကွယ်ရေးအစီအမံအတိုင်း
လိုက်နာဖို့ရန် အရေးကြီးသည်။ မလိုက်နာလျှင် ကြီးလေးသောအပြစ်ဒဏ် ပေးရမည်။
အဆိုးရွားဆုံးမှာ ကျွန်းသားအချင်းချင်း တစ်ဆင့်ပေးသည့် အမိန့်အစီအမံကို
အခြားကျွန်းသားတို့ကမလိုက်နာခြင်းပင် ဖြစ်သည်။ ခင်ကြီး ဂျုန်းကား ဗာရူ
ကျွန်းကြီးပေါ်၌ တာဝန်ယူရလိမ့်မည်။ ဗာရူသည် လူဦးရေအများဆုံးဖြစ်သဖြင့်
ကာကွယ်ရေးအစီအမံများစွာလိုလိမ့်မည်။ အရေးပိုင်မင်း အဖို့လည်း အခြားတာဝန်ဝတ္တရားများရှိသေးရာ
ကျွန်းကလေးများသို့ သူကိုယ်တိုင် လှည့်လည်ကြည့်ရှုနိုင်မည် မဟုတ်။ သို့ဖြစ်ရာ
ထိုကျွန်းကလေးများသို့ မစ္စဂျုန်းအား စေလွှတ်ရမည်ဖြစ်သည်။ သို့သော်လည်း ဝေးလံသည့်ဒေသရှိ
ကျွန်းသူကျွန်းသားတို့မှာ ရိုင်းစိုင်း ကြသည်။ အရေးပိုင်မင်းကိုယ်တိုင်ပင် သူတို့ကိုအုပ်ချုပ်ရာ၌
အခက်အခဲများတွေ့ခဲ့ရသည်။ ထို့ကြောင့် မစ္စဂျုန်းကို ဒုက္ခမပေးချင်လှပါ။
“ကျွန်မ
မကြောက်ပါဘူး” မစ္စဂျုန်းက ပြောသည်။
“ကျွန်တော်
ယုံပါတယ်၊ ဒါပေမဲ့ ခင်ဗျားလည်ပင်းအဖြတ်ခံရရင် ကျွန်တော်ဒုက္ခရောက်မယ်၊ ပြီးတော့
ကျွန်တော်တို့မှာလည်း ကျွမ်းကျင်တဲ့သူ နည်းပါးတော့ ခင်ဗျားအကူအညီကိုလည်း
လက်မလွှတ်နိုင်ဘူး”
“ဒီလိုဆိုရင် ကျွန်မနဲ့အတူ မစ္စတာ ဝီလဆင် ခေါ်သွားမယ်။ ကျွန်းသားတွေအကြောင်း သူက
သူများထက် ပိုသိတယ်။ သူတို့စကားလည်း နားလည်တယ်”
“ဂျင်ဂျာတက်လား၊
ဖြစ်ပါ့မလား၊ တလောကပဲ လက်တွေ တုန်တုန်ချည့်ချည့် ဖြစ်နေပြီ။ အဲဒါ သိရဲပလား”အရေးပိုင်မင်းက
မစ္စဂျုန်းကို ကြည့်လိုက်သည်။
“ဖြစ်ပါတယ်၊
ကျွန်မ သိပါတယ်”
“ခင်ဗျားသိတာတွေ အများကြီးပါလား မစ္စဂျုန်း”
အရေးတကြီးအခြေအနေ
ဖြစ်နေငြားလည်း မစ္စတာဂရိုင်တာသည် မပြုံးဘဲ မနေနိုင်ပါ။ မစ္စဂျုန်းကိုလည်း စူးစိုက်ကြည့်လိုက်သည်။
မစ္စ ဂျုန်းကမူ တည်တည်ငြိမ်ငြိမ်ပင်။
“လူတစ်ယောက်မှာ
စွမ်းတာတွေရှိတယ်၊ တော်တာတွေ ရှိတယ်၊ အဲဒီအစွမ်းအစကို ဖော်နိုင်ဖို့အရေးကြီးတယ်။
သူ့အစွမ်းအစသာ ပေါ်လာပြီဆိုရင် ဒီနည်းဟာ သူ လူကောင်းဖြစ်စေဖို့ လမ်းစဖြစ်မှာပဲလို့
ကျွန်မ ထင်တယ်”
“သူ့လို
စရိုက်ကြမ်းတဲ့လူတစ်ယောက်နဲ့ ရက်ရှည်လများ အတူနေ၊ အတူအလုပ်လုပ်လို့ သင့်မလား”
ခင်ကြီးဂျုန်းက သူ့နှမကို မေးသည်။
“ကျွန်မတော့
ဘုရားသခင်ကိုယုံတာပဲ” မစ္စ ဂျုန်းက အလေးအနက်ပြောသည်။
“သူ့ခေါ်သွားလို့
အသုံးတည့်မယ် ထင်သလား၊ သူ့အကြောင်း ခင်ဗျား ကောင်းကောင်းသိတယ်နော်” အရေးပိုင်မင်းက
မေးသည်။
“အသုံးကျမယ်လို့
ကျွန်မယုံတယ်”ထိုစကား ပြောပြီးနောက် မစ္စဂျုန်းသည် ရှက်သွေးဖြန်းသွားသည်။ “နောက်ဆုံးတော့
သူဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်မထက် ဘယ်သူမှ ပိုပြီး
ကောင်းကောင်း မသိပါဘူး”
အရေးပိုင်မင်းသည်
နှုတ်ခမ်းကိုက်လိုက်သည်။
“ကဲ
ဒါဖြင့် သူ့ကို အခေါ်လွှတ်လိုက်မယ်”
စာသင်ကြီးကို
ခိုင်းလိုက်ရာ ခဏကြာလျှင် ဂျင်ဂျာတက် ရောက်လာသည်။ ဂျင်ဂျာတက်သည် နေမကောင်းဟန်
တူသည်။ တလောက အရက်နာကြောင့် အကြီးအကျယ်ထိခိုက်ထားသဖြင့် လှုပ်လှုပ်သာ ရှိနေသည်။
အင်္ကျီ၊ ဘောင်းဘီတို့လည်း စုတ်ပြတ်နေသည်။ မုတ်ဆိတ်ကျင်စွယ် မရိတ်သည်မှာလည်း
တစ်ပတ်ခန့်ရှိပြီ။ သူ့လောက် ဘယ်သူမျှ စုတ်စုတ်ချာချာ မရှိလှပါ။
လူမြင်လိုက်ရလျှင်ပင် သုံးမရလောက်အောင် ပျက်စီးနေခြင်းကို မှန်းဆနိုင်သည်။
“ဒီမှာ
ဂျင်ဂျာ၊ အခုကိစ္စက ဝမ်းရောဂါကိစ္စပဲ၊ ကျွန်းသားတွေကို ကျွန်တော်တို့စီစဉ်ပေးတဲ့
ကာကွယ်ရေးအစီအမံတွေ လိုက်နာစေဖို့ပဲ၊ အဲဒါ ခင်ဗျား အကူအညီလိုတယ်”
“ဘာကြောင့် ကျုပ်အကူအညီ လိုရမှာလဲ”
“တခြားအကြောင်း ဘာမှမရှိဘူး၊ လူလူချင်းထားရှိရမယ့် မေတ္တာတရားပဲဗျာ”
“မဖြစ်နိုင်ဘူး အရေးပိုင်မင်း၊ ကျုပ်က လူမှုဝန်ထမ်းတစ်ယောက်မှ မဟုတ်ဘဲဗျ”
“ဒါဖြင့်လည်း ပြီးရောပေါ့ဗျာ၊ ဒါပါပဲ၊ ခင်ဗျား သွားနိုင်ပြီ”
ဂျင်ဂျာတက်သည်
တံခါးဆီသို့ လှမ်းမည် ပင်လိုက်သည်တွင် မစ္စဂျုန်းက သူ့ကို တားသည်။
“ဒါဟာ
ကျွန်မ အကူအညီတောင်းတာပါ မစ္စတာဝီလဆင်၊ သူတို့က ကျွန်မကို လာဗိုဗိုကျွန်းနဲ့
ဆာကျွန်ချီကျွန်းတွေကို သွားခိုင်းတယ်။ အဲဒီမှာက ကျွန်းသားတွေဟာ
အရိုင်းအစိုင်းတွေမဟုတ်လား၊ ကျွန်မတစ်ယောက်တည်းသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ရှင် လိုက်မယ် ဆိုရင်တော့ ကျွန်မအဖို့အန္တရာယ်ရှိနိုင်မယ်မဟုတ်ဘူးလို့ ထင်တာပဲ”
ဂျင်ဂျာတက်သည်
မစ္စဂျုန်းကို အကြာကြီး တွေ၍ကြည့်နေသည်။
“ခင်ဗျားလည်ပင်းကို
သူတို့ကဖြတ်တာ ကျုပ် ဘာပူစရာလိုသလဲဗျာ၊ ဘာလို့ ပူရမှာလဲ”
မစ္စ
ဂျုန်းသည် ဂျင်ဂျာတက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်များဝေ့လာသည်။
ထို့နောက် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ငိုလေသည်။ ဂျင်ဂျာတက်သည် ဘာမျှ
မထိခိုက်သည့်မျက်နှာဖြင့် မစ္စဂျုန်းကို ကြည့်နေသည်။
“ဟုတ်ပါတယ်၊
ရှင်လိုက်ခဲ့ဖို့ ဘာမှအကြောင်းမရှိဘူး” မစ္စ ဂျုန်းသည် မျက်ရည်စများကို
သုတ်လိုက်သည်။ “ကျွန်မသာ မဆိုင်ဘဲနဲ့ ရှင့်ကို ခေါ်မိတာပါ၊ ကျွန်မ မိုက်တာပါ၊
ကိစ္စမရှိပါဘူး။ ကျွန်မတစ်ယောက်တည်းပဲ သွားပါ့မယ်”
“မိန်းမသားတစ်ယောက်တည်း
လာဗိုဗိုကိုသွားမယ်ဆိုတာ သိပ်မိုက်ကန်းတဲ့ကိစ္စပဲဗျ”
မစ္စဂျုန်းသည်
သူ့ကို တစ်ချက်ပြုံး၍ ကြည့်သည်။
“ဟုတ်ပါတယ်၊
အင်မတန်မိုက်တဲ့အလုပ်ပါပဲ၊ ဒါပေမဲ့ သွားရမှာက ကျွန်မအလုပ် မဟုတ်လား။ ဒီတော့
ဘယ်တတ်နိုင်ပါ့မလဲ၊ သွားစရာရှိတာ သွားရမှာပေါ့။ ရှင့်ကို ကျွန်မနဲ့အတူလိုက်ဖို့ခေါ်မိတဲ့အတွက်
ရှင် စိတ်ဆိုးသွားတယ်။ အဲဒါအတွက် ကျွန်မ ဝမ်းနည်းပါတယ်။ ဒါတွေကို
မေ့လိုက်ပါတော့ရှင်။ ရှင့်ကို ကျွန်မနဲ့အတူ အန္တရာယ်များတဲ့ဆီခေါ်မိတာ ကျွန်မဘက်က
မတရားတာ အမှန်ပါပဲ”
ဂျင်ဂျာတက်သည်
ခဏမျှရပ်ကာ မစ္စဂျုန်းကို ကြည့်နေသည်။ ခြေထောက်များကို ဟိုရွှေ့သည်ရွှေ့ လုပ်နေသည်။
သူ၏ သုန်မှုန်သော မျက်နှာသည် ညိုမည်းလာသည်။
“ကဲဗျာ၊
ခင်ဗျားဘာသာ ပြောချင်ရာပြော၊ ထင်ချင်သလိုထင်ပေတော့။ ကျွန်တော် ခင်ဗျားနဲ့အတူ
လိုက်ခဲ့မယ်။ ဘယ်တော့ သွားချင်သလဲ” ဟု ဂျင်ဂျာတက်က နောက်ဆုံးတွင် ပြန်မေးသည်။
သူတို့သည်
နောက်တစ်နေ့မှာပင် အစိုးရမော်တော်နှင့် ထွက်ခဲ့ကြသည်။ သူတို့နှင့်အတူ
ဆေးဝါးပစ္စည်းများ၊ ကာကွယ်ဆေးများ။ ပိုးသတ် ဆေးများ ပါလာသည်။ မစ္စတာဂရိုင်တာလည်း
ဗာရူ၌ စီစဉ်စရာရှိသည်တို့ကို စီစဉ်ပြီးနောက် ပရာဟုသမ္ဗန်ကလေးနှင့် အခြားတစ်နေရာသို့
သွားသည်။ လေးလလုံးလုံး ကာလဝမ်းရောဂါကပ်သည် သောင်းကျန်းနေသည်။ မကူးစက်အောင်
တတ်နိုင်သမျှကာကွယ်တားဆီး သော်လည်း တစ်ကျွန်းပြီးတစ်ကျွန်း ကူးစက်လာသည်။
အရေးပိုင်မင်းသည်လည်း မိုးလင်းမှ နေဝင်အထိ မအားလပ်တော့ပေ။ တစ်နေရာ၌ ကိစ္စပြီးလျှင်
ဗာရူသို့ပြန်လာကာ စီစဉ်စရာရှိသည်တို့ကို စီစဉ်ပြီးနောက် အခြားတစ်နေရာသို့
ထွက်ရသည်။ အစားအစာနှင့် ဆေးပစ္စည်းများ လည်၍ ဝေငှရသည်။ အထိတ်တလန့်ဖြစ်နေကြသောကျွန်းသားများကို
နှစ်သိမ့်စကား ပြောရသည်။ ဆောင်ရွက်ဖွယ်ကိစ္စမှန်သမျှကို ချောမော ပြေပြစ်အောင်
လုပ်ဆောင်ရသည်။ နွားလောက်နီးနီး ကုန်းရုန်းအလုပ်လုပ်ရသည်။
ဂျင်ဂျာတက်ကို
သူ မတွေ့ရတော့။ သို့သော်လည်း ခင်ကြီး ဂျုန်းထံမှ သတင်းများကြားရသည်။ သူတို့သည်
မျှော်လင့်သည်ထက်ပို၍ အောင်မြင်စွာ အလုပ်ဖြစ်နေကြောင်းတို့ပင် ဖြစ်သည်။
လူသရမ်းကြီးသည်လည်း သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ပြုမူသည်။ ကျွန်းသားအရိုင်းအစိုင်းများနှင့်
ပြေပြစ်စွာဆက်ဆံသည့်နည်းများ သူ့တွင် ရှိသည်။ တစ်ခါတစ်ရံ သူတို့နှင့် ပလူးပလဲလုပ်၍
လည်းကောင်း၊ တစ်ခါတစ်ရံ တင်းတင်းမာမာအော်ဟစ်ကြိမ်းမောင်း၍ လည်းကောင်း၊ တစ်ခါတစ်ရံ
လက်သီးသုံး၍လည်းကောင်း ကိစ္စအဝဝကို ချောမောစွာ ပြီးစီးစေသည်ဟု ဆိုသည်။ ဤသို့ဖြင့်
သူတို့အလိုရှိသည့် ကာကွယ်ရေးလုပ်ငန်းလည်းအောင်မြင်ကာ မစ္စဂျုန်းအတွက်
အန္တရာယ်များကိုလည်း အကာအကွယ်ပေးနိုင်ခဲ့သည်။ မစ္စဂျုန်းကား
သူ၏အစီအမံများအောင်မြင်နေသဖြင့် ဝမ်းသာအားရဖြစ်နေသည်ဟု ဆိုသည်။ အရေးပိုင်မင်း
အဖို့ကား ပင်ပန်းလွန်းသဖြင့် ဝမ်းသာအားရဖြစ်ဖို့ သတိမရနိုင်တော့ပေ။ သို့နှင့်
ဝမ်းရောဂါကပ်ကြီးဆုံးခန်းတိုင်သွားသည့်အခါ သူ့ပိုင်နက်ရှိ လူဦးရေရှစ်ထောင်အနက်
ခြောက်ရာမျှသာ ဆုံးခဲ့သည်။ သည့်အတွက် ဝမ်းသာရသေးသည်။
နောက်ဆုံးတွင်ကား
အရေးပိုင်မင်းသည် သူ၏ ပိုင်နက်တွင် ကပ်ရောဂါ လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း
ကြေညာနိုင်လေသည်။
တစ်ညနေခင်းတွင်
အရေးပိုင်မင်းသည် အိမ်ရှေ့ဝရန်တာတွင်ထိုင်ကာ ပြင်သစ်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေသည်။
သူ့စိတ်ကား ပေါ့ပါးနေသည်။ ပင်ပန်းသည့်ရက်တို့ လွန်မြောက်ခဲ့ပြီ မဟုတ်လား။ ယခု
စည်းစိမ်ယူရမည့်အချိန် မဟုတ်ပါလား။ ထိုအခိုက်တွင် စားပွဲထိုးမှူးရောက်လာကာ ဂျင်ဂျာတက်က
တွေ့လိုကြောင်း ပြောလာသည်။ ထိုအခါ ထိုင်ရာမှထကာ ဝင်လာခဲ့ရန် အော်၍ပြောလိုက်သည်။
ယခုအချိန်တွင် အရေးပိုင်မင်းသည် အပေါင်းအသင်းအလိုရှိနေသည်။ အစက ယနေ့ည
အရက်သောက်ရလျှင်ကောင်းမည်ဟု အရေးပိုင်မင်း စိတ်ကူးမိသည်။ သို့ရာတွင် တစ်ယောက်တည်းသောက်ရမည်မှာ
ခြောက်ကပ်ကပ်ရှိလှသဖြင့် ထိုစိတ်ကူးကို ဝမ်းနည်းစွာပင် စွန့်လွှတ်လိုက်သည်။ ယခုကား
မျှော်လင့်နေတုန်းပင် နတ်သိကြားများက သူ့အလိုကိုဖြည့်ရန် ဂျင်ဂျာတက်ကို
လွှတ်လိုက်သည် မဟုတ်လား။
အင်း
... ဒီညတော့ ဘုရားသိကြားများ စောင်မတာနဲ့ ပျော်ပျော်ပါးပါးသောက်ရဦးတော့ မှာပဲ။
လေးလလုံးလုံးပင်ပန်းခဲ့ရာ ယခု ပျော်ချိန်ပါးချိန် ဖြစ်သည်။ သူတို့သည် မီးကုန်ယမ်းကုန်ပင်
ပျော်ထိုက်ပါးထိုက်ပါသည်။ သို့နှင့် ဂျင်ဂျာတက် ဝင်လာသည်။ သူသည် ဆွတ်ဆွတ်ဖြူသော
အင်္ကျီ၊ ဘောင်းဘီတို့ကို ဝတ်ထားသည်။ မုတ်ဆိတ်ကျင်စွယ်တို့ကိုလည်း ပြောင်နေအောင် ရိတ်ထားသည်။
တသွေးတမွေးဖြစ်နေသဖြင့် မှတ်မိစရာပင် မရှိတော့ပေ။
သူ့ကိုမြင်လျှင်
ဂျင်ဂျာတက်သည် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြုံးပြသည်။ စားပွဲထိုးက ဘီယာနှစ်ပုလင်းယူလာကာ
ဖောက်၍ ဖန်ခွက်များထဲသို့ ငှဲ့ပေးပါသည်။
“ကဲ
သောက်လေဗျာ” အရေးပိုင်မင်းက သူ့ခွက်ကိုလှမ်းယူရင်း ပြောသည်။
“ကျွန်တော်
ဘီယာသောက်ဖို့မလိုဘူးထင်တယ် ခင်ဗျ၊ ကျေးဇူးတင်ပါတယ်”
အရေးပိုင်မင်းသည်
လက်ထဲကခွက်ကို ချကာ ဂျင်ဂျာတက်ကို တအံ့တဩ စိုက်ကြည့်လိုက်သည်။
“ဘာဖြစ်တာလဲဗျ၊
ခင်ဗျား ရေမငတ်ဘူးလား”
“လက်ဖက်ရည်တစ်ခွက်လောက် သောက်ရရင် တော်လောက်ပါပြီ ခင်ဗျာ”
“ဘာဗျ၊ လက်ဖက်ရည်တစ်ခွက် ဟုတ်လား”
“ကျွန်တော် စွံပြီဗျ၊ မာသာနဲ့ကျွန်တော်တို့ လက်ထပ်ကြတော့မလို့”
“ဂျင်ဂျာ”
အရေးပိုင်မင်း၏
မျက်စိနှစ်လုံးသည် ပြူးထွက်လာသည်။ ခေါင်းတုံးပြောင်ကြီးကိုလည်း ပွတ်လိုက်သည်။
“ခင်ဗျား
မစ္စဂျုန်းကို လက်ထပ်လို့ မဖြစ်ဘူး။ ဘယ်သူမှ သူ့ကိုလက်ထပ်နိုင်မှာ မဟုတ်ဘူးဗျ”
“ဒါပေမဲ့ ကျွန်တော်ကတော့ လက်ထပ်မှာပဲ။ အဲဒါ ခင်ဗျားဆီ လာပြီးပြောတာပဲ။ အိုဝင်က
ဘုရားရှိခိုးကျောင်းမှာ လက်ထပ်မလို့။ ဒါပေမဲ့ ကျွန်တော်တို့က ဒတ်ခ်ျ လက်ထပ်ရေးဥပဒေအရလည်း
လက်ထပ်ချင်သေးတယ်”
“နောက်မနေပါနဲ့ဗျာ၊ အလကား နောက်စရာမဟုတ် နောက်နေပြန်ပြီ။ နေစမ်းပါဦး၊ ဒါက
ဘယ်လိုသဘောလဲဗျ၊ ဘယ်လိုဖြစ်လာရတာလဲ”
“သူက လက်ထပ်ချင်တယ်တဲ့၊ အိုဗျာ၊ မော်တော်ပန်ကာပျက်တဲ့ညက ကျွန်းကလေးပေါ်မှာပေါ့၊
အဲဒီကတည်းက သူ ကျွန်တော့်ကို ကြိုက်နေတာဆိုပဲ၊ သူ့အကြောင်း နီးနီးကပ်ကပ်သိရတော့
အပျိုကြီးက သိပ်မဆိုးလှဘူးဗျ။ ပြီးတော့ သူ့အဖို့လည်း ဒါဟာ နောက်ဆုံး
အခွင့်အရေးပဲဗျ၊ ကျွန်တော်ဆိုလိုတာ ခင်ဗျားနားလည်မှာပေါ့။ ကျွန်တော်လည်း
သူ့အလိုဖြည့်ရအောင် တစ်ခုခုတော့လုပ်ပေးချင်လာတယ်၊ သူ့မှာလည်း အပြုအစုအယုအယအတွက်
တစ်ယောက်ယောက်လိုတာ အမှန်ပဲ”
“ဂျင်ဂျာ၊ အမယ်လေး ဂျင်ဂျာရယ်၊ ခင်ဗျားတို့ ကတောက်ကဆမဖြစ်ကြခင် သူက ခင်ဗျားကို
ခင်ကြီးလုပ်ခိုင်းမှာဗျ၊ သူတို့ သာသနာဘောင် ဝင်ခိုင်းမှာဗျ”
“ကျွန်တော်တို့နှစ်ယောက်သား သာသနာပြုလုပ်ငန်း လုပ်နေကြမယ်ဆိုရင် အဲဒီလိုဖြစ်သွားလည်း
အရေးမကြီးလှဘူးလို့ ထင်တာပဲ၊ ဘယ်လို ဖြစ်မလဲတော့မသိဘူးပေါ့လေ။ ကျွန်တော်ဟာ
ကျွန်းသားတွေနဲ့ဆက်ဆံရေးသိပ်ကောင်းတာပဲလို့ သူက ပြောတယ်၊ ကျွန်းသားတစ်ယောက်
သဘောပေါက်လာအောင် သူ့အစ်ကို အိုဝင်က တစ်နှစ်လောက်ပြောဆို ဆက်ဆံရတယ်တဲ့၊
ကျွန်တော်ကတော့ ငါးမိနစ်လောက်နဲ့ တတ်နိုင် တယ်တဲ့၊ ကျွန်တော့်မှာ
သူတို့ကိုဆွဲဆောင်နိုင်လောက်အောင် ကြီးမားတဲ့သံလိုက်ဓာတ်ရှိတယ်တဲ့၊ ဘယ်သူ့မှာမှ
အဲဒီလို ညှို့ဓာတ်မျိုး မတွေ့ဖူးဘူးတဲ့၊ အဲဒီလိုအစွမ်းအစမျိုး အသုံးမချဘဲထားရမှာ
နှမြောစရာကောင်းလှတယ်တဲ့”
အရေးပိုင်မင်းသည်
ဂျင်ဂျာတက်ကို စိုက်ကြည့်နေသည်။ စကားတစ်ခွန်းမျှ မပြောသေး။ ထို့နောက် ခေါင်းကို
သုံးလေးချက်မျှ ဖြည်းညင်းစွာ ညိတ်လိုက်သည်။ မစ္စဂျုန်းသည် ဂျင်ဂျာတက်ကို ကျုံးသွင်းလိုက်လေပြီဟု
သူ တွေးမိသည်။
“ကျွန်တော်
ကျွန်းသားဆယ့်ခုနစ်ယောက်ကို ခရစ်ယာန်အယူ သက်ဝင်စေခဲ့ပြီးပြီဗျ” ဟု ဂျင်ဂျာတက်က
ပြောပါသည်။
“ဪ
... ဟုတ်လား၊ ခင်ဗျား ခရစ်ယာန်အယူကိုယုံကြည်မှန်း ကျွန်တော်မသိခဲ့ဘူး”
အရေးပိုင်မင်းက ပြန်ပြောသည်။
“ဟုတ်တယ်၊
ကျွန်တော် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတောင် မသိတော့ဘူး။ ဒါပေမဲ့ သူတို့နဲ့တွေ့လို့
ပြောလိုက်ဟောလိုက်ရင် ခြံထဲ တိုးဝင်လာတဲ့သိုးအုပ်လိုပဲဗျာ၊ ဒါနဲ့ပဲ ကျွန်တော်လည်း
ပြောင်းလဲလာတယ်ထင်တာပဲ၊ အေးဗျာ၊ တစ်ခုခုတော့ တစ်ခုခုပဲဗျ”
“ဒီမှာ ဂျင်ဂျာ၊ ခင်ဗျား သူ့ကို မုဒိမ်းကျင့်ခဲ့ဦး၊ ကျွန်တော် ဘာမှ
ကြီးကြီးကျယ်ကျယ်အပြစ်ပေးမိမှာ မဟုတ်ဘူး။ သုံးနှစ်လောက်ပဲ ထောင်ချ လိုက်မှာပဲ၊
သုံးနှစ်ဆိုတာလည်း ခနဆို ကုန်သွားမှာပဲ”
“ဒီမယ် အရေးပိုင်မင်း၊ ဒီလိုအတွေးမျိုး ကျွန်တော့်ခေါင်းထဲမှာ တစ်ခါမှ
မဝင်မိပါဘူးဗျာ၊ ဒါမျိုးစကား လူသိအောင်ထုတ်မပြောလိုက်ပါနဲ့၊ မိန်းမတွေဟာ
ကြက်ခေါင်းဆိတ်မခံ နာတတ်တယ်ဗျ၊ ဒီလို စကားမျိုး သူ ကြားလိုက်ရရင် နာလို့ပြီးမှာ
မဟုတ်ဘူး”
“ခင်ဗျားကို
ကျနေမှန်းတော့ ကျွန်တော်သိတယ်ဗျ၊ ဒါပေမဲ့ ဒီအခြေအထိ ရောက်လာလိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး”
အရေးပိုင်မင်းသည် စိတ်လှုပ်ရှားလာကာ ဝရန်တာ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
ထိုသို့လျှောက်ရင်း တစ်စုံတစ်ခုကိုစဉ်းစားမိသဖြင့် “ဒီမယ် ဂျင်ဂျာ၊
ကျွန်တော်ပြောတာ နားထောင်စမ်းပါ၊ ကျွန်တော်တို့နှစ်ယောက် အတူ
ပျော်ခဲ့ပါးခဲ့စားခဲ့သောက်ခဲ့ကြတယ်နော်။ မိတ်ဆွေဟာ မိတ်ဆွေပဲဗျ၊ ဒီတော့ ကျွန်တော့်မော်တော်ကို
ခင်ဗျား ငှါးလိုက်မယ်၊ ကျွန်းကလေးတစ်ခုခုမှာ ပုန်းနေပေါ့ဗျာ၊ နောက်
သင်္ဘောပတ်ရောက်တဲ့အခါ ခင်ဗျားပုန်းနေတဲ့ကျွန်းနားကို သင်္ဘော တဖြည်းဖြည်းမောင်းနေမယ်။
အဲဒီသင်္ဘောက ခင်ဗျားကို တင်သွားလိမ့်မယ်။ အဲဒါ ခင်ဗျားအဖို့ နောက်ဆုံးအခွင့်အရေးတစ်ခု
ကျန်တော့တာပဲ။ အဲဒီ နောက်ဆုံးအခွင့်အရေးကတော့ လမ်းစဖြတ်ခဲ့ပြီး လစ်ပေတော့”
ဂျင်ဂျာတက်သည်
ခေါင်းကို ယမ်းနေသည်။
“အဲဒါ
မကောင်းဘူး အရေးပိုင်မင်း၊ မဖြစ်နိုင်ဘူး၊ ခင်ဗျားက
ကောင်းစေချင်တဲ့သဘောနဲ့ပြောတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီမိန်းမကိုပဲ
လက်ထပ်ယူမယ် ခင်ဗျား၊ ဒါပဲ၊ ပြုပြင်လို့မရတော့တဲ့ လူဆိုးလူပေတွေကို နောင်တ
ပြန်ရလာအောင်လုပ်ရတဲ့ အလုပ်ဟာ အင်မတန်ခက်တယ်။ ရပြီဆိုတော့ ပီတိဖြစ်ရတယ် အရေးပိုင်မင်း၊
ဒီ ပီတိမျိုးကို ခင်ဗျားမခံစားဖူးဘူး။ ပြီးတော့ အဲဒီ အပျိုကြီးမလေးက သကာရည်
ပူတင်းလည်း ဖုတ်တတ်တယ်ခင်ဗျ။ ကျွန်တော် ကလေးတုန်းကပဲ စားဖူးတယ်။ သူဖုတ်တဲ့ပူတင်းလောက်
ကောင်းတာ တစ်ခါမှ မတွေ့ဖူးဘူးဗျ။ ဘုရားသခင်ဂုဏ်ကျေးဇူးပါပဲ”
အရေးပိုင်မင်းသည်
များစွာ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ဤအရက်သမား လူလေလူလွင့်သည်သာလျှင်
ဤကျွန်းပေါ်၌ သူ၏ တစ်ဦးတည်းသော အဖော်အလှော်ဖြစ်သည်။ ဤ အဖော်အလှော်ကို
လက်လွတ်မခံနိုင်။ ယခုမူ အရေးပိုင်မင်းသည် ဂျင်ဂျာတက်အပေါ် သံယောဇဉ်ငြိတွယ်နေမိပြီကို
သိလာသည်။ နောက်တစ်နေ့တွင် သူသည် ခင်ကြီးဂျုန်းကို သွား၍ တွေ့သည်။
“ခင်ဗျားနှမက
ဂျင်ဂျာတက်နဲ့ ယူတော့မလို့ဆို၊ ကျွန်တော် ကြားပါတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ၊
ကျွန်တော့်တစ်သက်တော့ ဒီလိုဟာမျိုး တစ်ခါပဲ ကြားဖူးတယ်ဗျာ”ဟု အရေးပိုင်မင်းသည်
စိတ်ထဲရှိသမျှ ပြောချလိုက်သည်။
“ဟုတ်တယ်လေဗျာ၊
ဒါ အမှန်ပဲ”
“မဟုတ်တာဗျာ၊ တစ်ခုခုတော့လုပ်မှပေါ့၊ ရူးများနေသလား မသိတာ”
“ကျွန်တော့်နှမဟာ အရွယ်ရောက်နေပြီဗျ၊ သူ့စိတ်တိုင်းကျသူလုပ်ပိုင်ခွင့် ရှိတာပေါ့”
“နေပါဦး၊ ဒါပေမဲ့ ခင်ဗျားက ဒါကိုသဘောတူတယ်လို့ဆိုလိုတာ မဟုတ်သေးဘူးပေါ့နော်၊
ခင်ဗျားလည်း ဂျင်ဂျာတက်ကို သိသားပဲ။ ဂျင်ဂျာ တက်ဟာ ခြေသလုံးအိမ်တိုင်၊ လူလေလူလွင့်ဗျ၊
ဒါမျိုးများ နှစ်ခါစဉ်းစားစရာ မလိုပါဘူးဗျာ၊ သူလိုလူနဲ့ယူတာ ဘယ်လောက် အန္တရာယ်
ကြီးတယ်ဆိုတာ ခင်ဗျားနှမကို ပြောပြရဲ့လား။ ပျက်စီးနေတဲ့လူကို နောင်တရအောင်
အဖတ်ဆယ်ပေးတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာအတိုင်းအတာတော့
ရှိရမယ်ပေါ့ဗျာ၊ ပြီးတော့ ကျားစဉ်းလဲဟာ ဘယ်တော့များ အကျင့်ဖျောက်ဖူးလို့လဲ”
ထို့နောက်ကား
ခင်ကြီး၏မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်လာသည်ကို အရေးပိုင်မင်းသည် သူ့တစ်သက်တွင်
ပထမဆုံးအကြိမ် မြင်လိုက်ရဖူး လေသည်။
“ကျွန်တော့်နှမဟာ
အလွန် ပိုင်းပိုင်းဖြတ်ဖြတ်ရှိတဲ့ မိန်းမတစ်ယောက် ခင်ဗျ မစ္စတာဂရိုင်တာရဲ့၊ ဟိုညက
ကျွန်းကလေးပေါ်မှာ အတူ နေခဲ့ကြပြီးတဲ့နောက် သူ့မှာ တစ်ခါမှ အခွင့်အရေးမရရှာဘူး”
အရေးပိုင်မင်းသည်
သက်ပြင်းချမိသည်။ အမှန်စင်စစ် မစ္စတာဂျုန်းသည်လည်း လူတစ်ယောက်ပင် မဟုတ်ပါလား။
“ဘုရားသခင်
ကယ်တော်မူပါ” အရေးပိုင်မင်းသည် တိုးတိုးရေရွတ်လိုက်သည်။
သူတို့
စကားမဆက်ကြမီ မစ္စဂျုန်းသည် အခန်းထဲသို့ ဝင်လာပါသည်။ သူသည် ပျော်ရွှင်မြူးထူးနေသည်။
တက်တက်ကြွကြွလည်း ရှိနေသည်။ သူ့အသက်သည် ဆယ်နှစ်ခန့်ငယ်သွားသည်ဟု ထင်ရသည်။ သူ့ပါးနှစ်ဖက်တွင်
သွေးရောင်များလွှမ်းနေသည်။ သူ့နှာခေါင်းသည် နီရဲ နေသည်။
“ကျွန်မကို
ဝမ်းသာစကားပြောရအောင်လာတာလား အရေးပိုင်မင်း”သူ့အမူအရာသည် အပျိုကလေးလို ကော့ပျံကြွရွနေသည်။
“ကျွန်မ ပြောတာမမှန်ဘူးလား အရေးပိုင်မင်း၊ လူတိုင်းမှာ ကောင်းတာတစ်ခုတော့ရှိကြတာပဲ
ဆိုတာလေ။ ကျွန်မတို့အတူ အလုပ် လုပ်ကြတော့မှ အက်ဒဝပ်ဟာ ဘယ်လောက်တော်တယ်ဆိုတာသိရတယ်
အရေးပိုင်မင်းရယ်။ ဒါတွေ ရှင် ဘယ်သိမလဲ၊ သူဟာ သူရဲကောင်းကြီးဆိုလည်း ဟုတ်တယ်။
သူတော်ကောင်းကြီးဆိုလည်း ဟုတ်တယ်၊ ကျွန်မတော့ အံ့ဩယူရတာပဲရှင်”
“ခင်ဗျားတော့
ပျော်လိမ့်မယ်လို့မျှော်လင့်ပါတယ် မစ္စဂျုန်း”
“ပျော်ရမှာပေါ့ရှင်၊ ပျော်ရမှာပေါ့၊ ပျော်ပါ့မလားလို့တွေးတာကိုပဲ လွန်လှပြီရှင်၊
ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နှစ်ယောက်ကို ဖူးစာဖက် ပေးလိုက်တာက ဘုရားသခင်ရှင့်”
“ခင်ဗျား ဒီလိုပဲထင်သလား”
“ဟုတ်တယ်၊။ ကျွန်မ သိပါတယ်ရှင်။ ကာလဝမ်းရောဂါသာမဖြစ်ခဲ့ရင် အက်ဒဝပ်ကလည်း ဘယ်မှာ
သူ့အစွမ်းအစကို သူ သိပါ့မလဲ။ ပြီးတော့ ကျွန်မတို့နှစ်ယောက်လည်း တစ်ယောက်အကြောင်းတစ်ယောက်
ထဲထဲဝင်ဝင် ဘယ်သိခွင့် ရှိပါ့မလဲ၊ ဘုရားသခင်ရဲ့ အခုတစ်ခါလောက် မှန်ကန်တဲ့
အလိုတော်ကျစီမံချက်မျိုး တစ်ခါမှ မကြုံဖူးသေးပါဘူးရှင်”
အရေးပိုင်မင်းကား
တစ်မျိုးတွေးနေသည်။ အပြစ်မဲ့သော လူခြောက်ရာ အသေခံပြီးမှ ဤနှစ်ယောက်ကိုဆုံစည်းစေခဲ့သည်မှာ
ကိုးရိုးကားရား နိုင်လှသောအစီအမံတစ်ခုဟု သူ ထင်မိသည်။ သို့ရာတွင် ဘုရားသခင်၏
ဖန်တီးချက်အမျိုးမျိုးကို တွေ့ခဲ့ကြုံခဲ့ရလှဖူးပြီဖြစ်ရာ အရေးပိုင်မင်း သည် သူ၏ထင်မြင်ချက်ကို
မပေးလိုတော့ပြီ။
“ကျွန်မတို့
ဟန်းနီးမွန်း ဘယ်သွားမယ်လို့ အရေးပိုင်မင်းထင်သလဲ” မစ္စဂျုန်းသည် ရှက်သွေးဖြန်းသောမျက်နှာဖြင့်
မချိုမချဉ် မေးသည်။
“ဂျာဗားပေါ့”
“မဟုတ်ဘူးရှင့်၊ အရေးပိုင်မင်းကသာ မော်တော်ကို ငှါးမယ်ဆိုရင် ကျွန်မတို့
ဟိုညတုန်းက သောင်တင်ခဲ့တဲ့ကျွန်းကလေးကို သွားကြမလို့ရှင့်၊ နှစ်ယောက်စလုံး
စားမြုံ့ပြန်လို့ ကောင်းမယ့်နေရာလေးပေါ့ရှင်၊ သိပ်ကြည်နူးစရာကောင်းမှာပဲလို့
ကျွန်မထင်မိတယ်။ အဲဒီမှာပေါ့၊ အက်ဒဝပ်ကို ပထမဆုံးအကြိမ် လူကောင်းတစ်ယောက်ပဲလို့
ကျွန်မစိတ်ထဲ ဖြစ်လာမိတယ်။ အဲဒီနေရာမှာပဲ သူ့ကို ကျွန်မ အောင်ပန်း
ပေးချင်တယ်ရှင့်”
အရေးပိုင်မင်းသည်
အသက်ကိုမရှူဘဲ အောင့်ထားလိုက်သည်။ ထို့နောက် ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ အကယ်၍သာ
ဘီယာ တစ်ပုလင်းလောက် အလွယ်တကူမရှိခဲ့လျှင် သူ တက်များ သွားလေမည်လားဟု
စိုးရိမ်မိသည်။ သူ့ တစ်သက်တာတွင် ဤမျှလောက် တစ်ခါဖူးကမျှ တုန်တုန်လှုပ်လှုပ်
မဖြစ်ဖူးပါချေ။
(The
Vessel of Wrath by W. Somerset Maugham)
---------------
ကျော်အောင်
(ဆမ်းမားဆက်မွန်၏ ဝတ္ထုတိုများ)