Sunday, June 30, 2013

ကြံ့ဖွံ့အစိုးရပစ်လိုက်သည့် မျိုးစောင့်ဥပဒေဆိုသောခဲတစ်လုံး (တူမောင်ညို)

0 comments
ကြံ့ဖွံ့အစိုးရပစ်လိုက်သည့် မျိုးစောင့်ဥပဒေဆိုသောခဲတစ်လုံး(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
“လူမျိုးရေး ဘာသာရေး သွေးခွဲရန်တိုက်ပေးမှု”ဆိုတာ နယ်ချဲ့သမားနဲ့ ဖောက်ပြန်တဲ့အုပ်စိုးသူများအတွက် မရိုးနိုင်သော၊  ထိရောက်မှုအရှိဆုံးသော လက်သုံးနည်းတစ်ခုသာဖြစ်ပါတယ်။
ပြင်းထန်သည်းသန်လာတဲ့ ပြည်သူလူထုရဲ့အထွေထွေမကျေနပ်မှုဦးတည်ချက်ကို ရည်ရွယ်ချက်လွဲမှား သွေဖီသွားစေပြီး၊ ဖရိုဖရဲပြိုကွဲသွားစေဖို့တွက် ဒီနည်းကိုသုံးလေ့ရှိတယ်။ သုံးမြဲဖြစ်တယ်။  ဒီနည်းဖြင့် သူတို့ရင်ဆိုင်နေရတဲ့အကြပ်အတည်းကနေ ယာယီထွက်ပေါက်ရှာလေ့ရှိတယ်။ သူတို့ ယာယီထွက်ပေါက်ရဖို့  ပြည်သူများရဲ့အသက်သွေးနဲ့စည်းစိမ်းဥစ္စာတွေကို ပက်ပက်စက်စက် စတေးလေ့ရှိတာပါပဲ။
ယနေ့(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေနဲ့ တဖြည်းဖြည်းပြင်းထန်သည်းသန်လာနေတဲ့ ပြည်သူလူထုရဲ့အထွေထွေမကျေနပ်မှုမြားဦး လမ်းလွဲပျက်ပြားသွားစေဖို့နဲ့ ဖရိုဖရဲပြိုကွဲသွားစေဖို့အတွက်“လူမျိုးရေးဘာသာရေး သွေးခွဲရန်တိုက်ပေးမှု”တွေကိုပြောင်ပြောင်တင်း တင်းလုပ်ဆောင်နေတာ တွေ့မြင်နိုင်ပါတယ်။
“မျိုးစောင့်ဥပဒေ” ဆိုတာရဲ့တကယ့်ရည်ရွယ်ချက်ကို မြင်တဲ့အတိုင်းရှင်းရှင်းဘွင်းဘွင်းပြောရမယ်ဆိုရင် ဘုန်းကြီးအချို့ကိုအသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကြံ့ဖွံ့အစိုးရနဲ့ခရိုနီတွေရဲ့တိုက်ကွက်တွေထဲမှ တိုက်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုမျှော်မှန်းပြီး တိုက်နေတာလည်းဖြစ်တယ်။
ဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ ကြံ့ဖွံ့အစိုးရနဲ့ခရိုနီတွေပါဝင်နေတယ်။ ခရိုနီတွေပါဝင်တော့ ခရိုနီတွေပိုင်ထားတဲ့ သို့မဟုတ် ကိုင်ထားတဲ့ မီဒီယာတွေလည်း သဘာဝကျစွာပါလာပါတယ်။  ဒါ့ပြင် “ဘုန်းကြီး” တွေလည်းထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်။
အဲဒီအထဲမှာ “ဝီ - ဂူ - ဝါ” ကိုယ်တော်တို့ဟာ ရှေ့တန်းက ပါနေကြတယ်။
အဲဒီနောက်တော်ပါး အကြိုအကြားမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့(NDF)ပါတီနဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ရဲ့ (SNLD) (ကျားခေါင်းပါတီ) တို့ “မျှော”လိုက်သွားကြတယ်။ နောင်မှာ သူတို့ နောင်တတွေ တပွေ့ကြီးရပါလိမ့်မယ်။
“Time မဂ္ဂဇင်းကန့်ကွက်ချက်” ဆိုသည်မှာ “မျိုးစောင့်ဥပဒေ” အပေါ် ကြံ့ဖွံ့ပါတီနဲ့ကြံ့ဖွံ့အစိုးရတို့က အားပေးထောက်ခံခြင်းကို ဗြောင်ဖော်ပြလိုက်ခြင်းသာဖြစ်တယ်။  “မျိုးစောင့်ဥပဒေ”ဆိုတာ တစ်ချိန်က ဝန်ကြီးချုပ်ဦးနုရဲ့ “နိုင်ငံတော်ဘာသာလှုပ်ရှားမှု”ကို ကြံ့ဖွံ့ပါတီက ကြံ့ဖွံ့နည်းကြံ့ဖွံ့ဟန်နဲ့ဖော်ထုတ်လာမှုရဲ့ ကနဦးခြေလှမ်းပဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်၊ မဟာဗမာလူမျိုးကြီးဝါဒနဲ့ဖိနှိပ်ခဲ့တဲ့ အဆက်ဆက်သောအုပ်စိုးသူများဟာ ပုန်းရှိုးကွယ်ရှိုးကိုင်တွယ်ကျင့်သုံးခဲ့ကြတဲ့ “ဘာသာကြီးဝါဒတင်းပုတ်”ကို ယခုအခါဗြောင်ကိုင် ဆောင်လာဖို့ကြိုးပမ်းလာပြီဖြစ်ပါတယ်။
ဒီလို ဖက်ဆစ်ဆန်တဲ့ခြေလှမ်းကို ဒီမိုကရေစီပါတီ/တိုင်းရင်းသားပါတီတွေဖြစ်တဲ့ (NDF) နဲ့ (SNLD)တို့ မြင်အောင်ကြည့်နိုင်စွမ်း ဘာကြောင့်များ ချို့တဲ့ရတာပါလိမ့်။ ဆန့်ကျင်နိုင်စွမ်း မရှိရတာဘာကြောင့်ပါလဲ။
“စစ်တပ်က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ”ကို ထာဝစဉ်မောင်ပိုင်စီးထားနိုင်တဲ့အခြေခံအောက်မှာ၊ “မျိုးစောင့်ဥပဒေ” ဖော်ထုတ်လှုပ်ရှားလာပြီ။ နောင်မှာ “နိုင်ငံတော်ဘာသာ/နိုင်ငံတော်သာသနာ”ဆိုတဲ့ လှုပ်ရှားမှုတွေက တစ်လှမ်းပြီးတစ်လှမ်း ခြေချမလာဘူးလို့ ဘယ်သူပြောနိုင်သလဲ။  ဦးနုရဲ့“နိုင်ငံတော်ဘာသာ”အကျိုးဆက်အဖြစ် ခရစ်ယာန်ဘာသာများစုကိုးကွယ်ကြတဲ့ ကချင်တိုင်းရင်းသားတွေထဲကနေ “ကေအိုင်အိုလှုပ်ရှားမှု”ပေါ် ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဘုန်းကြီးတွေကိုကိုင်ထားနိုင်ရင် လာမယ့်ရွေးကောက်ပွဲတွေမှာ ဘုန်းကြီးတွေရဲ့တပည့်ဒကာဒကာမတွေရဲ့“မဲတစ်ပြား”ကို ချုပ်ကိုင်ရတာပိုပြီးလွယ်ကူလိမ့်မယ်ဆိုတဲ့ တစ်နပ်စားတွက်ကိန်းနဲ့ စဉ်းစားလုပ်ဆောင်ခဲ့ပုံလည်းပေါ်ပါတယ်။
မြန်မာနိုင်ငံဟာလူမျိုးပေါင်းစုံ နေထိုင်ပိုင်ဆိုင်ပြီး၊ လူမျိုပေါင်းစုံပြည်သူများဟာ မိမိနှစ်သက်ရာဘာသာအယူဝါဒကို ကိုးကွယ်ယုံကြည်နေကြသူတွေဖြစ်ပါတယ်။ ဘာသာတစ်ခုကို လူများစုကကိုးကွယ်တယ်ဆိုပြီး တစ်ဖက်သတ်ချီးမြှောက်ခြင်းဟာ ကျန်ဘာသာ သာသနာကိုးကွယ်ယုံကြည်သူများကို ခွဲခြား၊ နှိမ့်ချ၊ စော်ကားလိုက်တာလည်းဖြစ်ပါတယ်။
ဒီတိုက်ကွက်ကိုဖော်ထုတ်ဖို့ ကြံ့ဖွံ့အစိုးရဟာ ရခိုင်ပြည်နယ် ကျောက်နီမော်ရွာကနေစပြီး မိထ္ထီလာ/ဥက္ကံ အလယ် လားရှိုးနဲ့မလေးရှားအဆုံး ပြည်သူတွေရဲ့အသက်တွေသွေးတွေကို စတေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ရွှေမန်းက “၉၆၉ တွေကို အရေးယူမယ်”လို့ အမေရိကန်ခရီးစဉ်မှာပြောခဲ့ပေမယ့်၊ လက်တွေ့မှာဘာမှ ဖြစ်မလာခဲ့ဘူး။ အမေရိကန်မှာ ကျွံသွား/လွန်သွားတဲ့ဗိုလ်ရွှေမန်းပါးစပ်ကို ဗိုလ်အောင်သောင်းက ခရူးရှော့ရှူးဖိနပ်နဲ့ ပိတ်ဆို့ပတ်ကြမ်းတိုက်“ပြ” လိုက်တာပဲ။ အတိုင်အဖောက်ညီညီ ဗိုလ်ရွှေမန်းကလည်း“နောက်ပြန်လှည့်သူတွေချေမှုန်းမယ်”လို့လက်သီးလက်မောင်းတန်း“ပြ”လိုက်တယ်။
တကယ်တော့ ဗိုလ်အောင်သောင်းအပြောတွေက “၉၆၉ တွေကိုအရေးယူမယ်”လို့ ဗိုလ်ရွှေမန်းပြောခဲ့တဲ့ကိစ္စကို အာရုံပြောင်းလိုက်တာပဲ ဖြစ်တယ်။ ဗိုလ်ရွှေမန်းကို အဖတ်ဆယ်ပေးလိုက်တာသာဖြစ်တယ်။
 ဒီလိုနဲ့ “၉၆၉” နဲ့ပတ်သက်လို့ ဘာသံမှမကြားရတော့ဘူး။ အသံမကြားရတော့ဘူးဆိုတာ “၉၆၉” ကို “ချို” ထားလိုက်တာဖြစ်တယ်။ လောလောဆယ် “၉၆၉”မလိုသေးဘူး။  “မျိုးစောင့်ဥပဒေ”ဆိုတာနဲ့ အညှာကိုင်ထားနိုင်ပြီဖြစ်တယ်။ သံဃာထုကို ၂ ဂိုဏ်းခွဲလိုက် နိုင်ပြီလည်းဖြစ်တယ်။ “မျိုးစောင့်ဥပဒေ”ကိုမထောက်ခံရင် ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့။ “မျိုးစောင့်ဥပဒေ”ကိုဆန့်ကျင့်တဲ့ လူ/ပါတီမှန်သမျှ ၂၀၁၅ မှာမြစ်ထဲကနေ ပင်လယ်ထဲရောက်သွားမယ်တဲ့။ ကျနော်တို့လူမျိုးပေါင်းစုံပြည်သူများဟာ “ကျားဆိုးရောရှင်ကြီးဆိုး”ကိုပါ တပြိုင်နက်ရင်ဆိုင်နေရပါပြီ။
လူမျိုးပေါင်းစုံပြည်သူများ၊ ဒီမိုကရေစီနိုင်ငံရေးပါတီများ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝယုံကြည်နားလည်သူများအနေဖြင့် “မျိုးစောင့်ဥပဒေ”ဆိုသည်ကို သန္ဓေသားဘဝမှာတင် တစ်တစိတ်တည်းတစ်ဝမ်းတည်း  ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ အရေးတကြီးလို အပ်နေပြီဖြစ်ပါကြောင်း ပန်ကြားလိုက်ပါတယ်။


Friday, June 28, 2013

ဆေးလိပ်အရက်၊ ဆဲဆိုသူနှင့်သာဓုအခေါ်လွယ်သူများ (မျိုးမြင့်ချို)

0 comments
ဆေးလိပ်အရက်၊ ဆဲဆိုသူနှင့်သာဓုအခေါ်လွယ်သူများ (မျိုးမြင့်ချို)
ဖေ့စ်ဘွတ်ခ်ပေါ်က ကျနော့်စာတို စာရှည်တွေဖတ်ပြီး တချို့လည်း မိုးမွှန်အောင်ဆဲ၏။ တချို့ မထိတထိ ရိသဲ့သဲ့လုပ်၏။ တချို့ ကလိတိတိ မခံချိမခံသာဆို၏။ တချို့ ကြုံးဝါး ခြိမ်းခြောက် ၏။ ချက်နှင့်လက်နှင့် တိတိပပ ကျကျနနပြောသူနည်း၏။ မည်သို့ဖြစ်စေ ကိစ္စမရှိ။ ကျနော်က တုန့်ပြန်လေ့နည်း၏။ မတုန့်ပြန်သည့်အတွက် "သည်းခံခြင်းသည်အောင်မြင်ရာ"တို့ "ပြိုင်လာလျှင်အရှူံးပေးနှလုံးအေးတဲ့ဆေး"စသည်တို့အား နှလုံးသွင်းသည့် သူတော်စင်အရင့်အမာလည်းမဟုတ်။ အချိန်ကုန် မခံချင်၍ဖြစ်၏။ အမေရိကန်တွေက အချိန်သည် ပိုက်ဆံ Time is Money. ဟုဆိုသလို ကျနော်က အချိန်သည်ဘဝ(အသက်တာ) Time is Life. ဟူသောအကောက်အယူကို အသက် (၅ဝ)ရောက်မှ နောက်ကျစွာသိမြင်လာသူ။ ထို့ကြောင့် အချိန်သည် ကျနော့်အတွက် တန်ဖိုးရှိနေ၏။ ဘဝလက်ကျန် အချိန်တို့ ပါးသထက်ပါး ရှားသထက်ရှားလာနေချိန်တွင် (ကျနော့်အထင်)ဘာမဟုတ်သည့်ကိစ္စတွေအတွက် အချိန်လက်ကျန်လေး ထဲက ဖဲ့မပေးချင်တော့။ ပြန်ပြောဆိုဖို့လိုသည်ဟု ထင်သည့်အခါ စာတပုဒ်နှင့်ပြန်ပြောလေ့ရှိ၏။ များသောအားဖြင့် လိုသည်ဟုလည်းမထင်တတ်။ နောက်တချက်က လူ့ဘဝတွင်ကိစ္စတို့သည် တကယ်ဖြစ်နေသည်က တမျိုး၊ ဖြစ်နေသူအချင်းချင်းကြားထင်နေကြသည်က တမျိုး၊ ပတ်ဝန်းကျင်ထင်နေတာက တမျိုးတွေလည်းရှိသေး၏ ယခု အချိန်နည်းနည်းအပွန်းခံ၍ ဤအကြောင်းတွေးမိ၏။

ကျနော်ဆေးလိပ်ဖြတ်တာက ဆေးလိပ်ဖိုးနှင့်ဆေးလိပ်ဒဏ်ကိုမခံချင်၍ဖြတ်ခြင်းမှာ ရာခိုင်နှုန်းအားဖြင့်မဆိုစလောက်သာပါ၏။ အဓိကကိစ္စက ဆေးလိပ်သောက်ရသည့်ဒုက္ခကို မခံချင်တော့တာဖြစ်၏။ အမေရိကားတွင် ဆောင်းတွင်းလည်းဆောင်းတွင်းမို့၊ နွေလည်းနွေမို့၊ အိမ်တွင်းလည်း အိမ်တွင်းမို့၊ အိမ်ပြင်လည်း အိမ်ပြင်မို့၊ ကားတွင်းလည်း ကားတွင်းမို့၊ ရုံးကန္တွားလည်း ရုံးကန္တွားမို့၊ အများဆိုင်နေရာတွေလည်း အများဆိုင်နေရာတွေမို့ အကန့်အသတ်တွေက တဖြည်းဖြည်းများသထက် များများလာ၏။ လူတွေကို ဆေးလိပ်မသောက်ရဟု လုပ်မထား ဆေးလိပ်သောက်မရအောင်လုပ်ထားတာဟု စိတ်ထဲခံစားလာရ၏။ ဤတွင် စိတ်စနိုးစနောင့်ဖြစ်လာ၏။ ဆေးလိပ်နံ့မခံနိုင်သူက အမူအယာတခုခုဖြင့်မကြိုက်မှန်းပြလျှင် စိတ်ထဲခံရခက်၏။ အဆိုးဆုံးက ကော်ဖီဆိုင်ထိုင်ချိန်များ။ ဗမာပြည်မှာလို လက်ဘက်ရည်လေးငုံလိုက် ဆေးလိပ်လေးဖွာလိုက်နှင့် လက်ဘက်ရည်ဆိုင်ထိုင်ရသည့် အဓိပ္ပါယ်နှင့်အရသာကို ဒီမှာမရ။ ကော်ဖီတကျိုက်လောက်ကျိုက်ပြီး ဆေးလိပ်လေးတဖွာ ဖွာလို့ မရ။ ကြာတော့ ကော်ဖီဆိုင်ထိုင်ရခြင်း မပျော်မွေ့တော့။ သို့ဖြင့် မထိုင်ဖြစ်တော့။ ဤနှယ်လုပ်ထားခြင်းတို့အား ကောင်း၏/ဆိုး၏ လည်း မပြောချင်တော့။ ဆေးလိပ်မီးခိုးကြောင့်ကျန်းမာရေးထိခိုက်သည်ဟုဆိုလျှင် စက်ရုံခေါင်းတိုင်တွေက မီးခိုးတွေကျတော့ရော၊ နိုင်ငံခြားငွေကုန်သည်ဟုဆိုလျှင် ကျည်ဆန်တွေဝယ်နေတာကျတော့ရောဟု ပြန်မေးချင်လာ၏။ ထားတော့ အကျယ်အကျယ် မငြိမ်းဖွယ်လည်းမဖြစ်ချင်။ ကိုယ့်ဒုက္ခလည်း ကိုယ်မခံချင်တော့။ ဘဝလက်ကျန် တိုရည်ရှားရည်အချိန်ကလေးကိုလည်း ဆေးလိပ်အတွက်ဖဲ့မပေးချင်တော့။ ဒီတော့ အသောက်ရပ်လိုက်၏။
နောက်တခုက အရက်။ "သုရာမေရယတွေ" "အရက်သမားအမှားတစ်ရာ"တွေကြောင့် အရက်အသောက် ရပ်လိုက်ခြင်းမဟုတ်မှန်း ကိုယ့်ကိုယ်ကိုသိ၏။ “အရက်မသောက်တော့ဘူး” ဟုဆိုတော့ သာဓုခေါ်သူ ခေါ်၏။ မိမိကနားမလည်။ “သာဓုခေါ်တာကောင်းတဲ့ကိစ္စပဲ ဘာနားမလည်စရာရှိလို့လဲ”ဟု ဆိုသူလည်းဆို၏။ မိမိနားမလည်ခြင်းက နှစ်ချက်ရှိ၏။ ပထမတချက်က မိမိအရက်မသောက်တော့ခြင်းသည် ဘာအဆုံးအမ ညာအဆုံးအမတေတည်ကာ ဘုရားကိုအရက်လှူလိုက်ခြင်းမျိုးမဟုတ်။ မိမိက အရက်ကြိုက်သူတွေထဲ ပါ၏။ နှစ်နှစ်ခြိုက်ခြိုက် မက်မက်စက်စက်သောက်ခဲ့၏။ တန်ဖိုးထားပြီးကို သောက်ခဲ့၏။ ကုန်ကုန်ပြောရလျှင် မျက်နှာမဲ့ပြီးအရက်မျိုချလျှင် မကြိုက်ချင်လှ။ ကြိုက်တယ်ပြောပြီး မျက်နှာမဲ့ကာသောက်သူအား သိတ်ကြည့်မရ။ နောက်ပြီး မိမိက သောက်လျှင်လည်း မူးမှကြိုက်၏။ ဘဝတွင် လူမှုရေးသောက် တခါဘူးမျှ မသောက်စဖူး။ အမူးသောက်၏။ အမူးပြေလို့အသိဝင်လာလျှင် ပြန်သောက်၏။ ပြန်မူး၏။ အရက်မူးပြီးမှားသည့်အမှားရော မမူးပဲမှားသည့်အမှားပါ ဘဝတွင်အပြည့်။ ဆိုတော့ မိမိအရက်သောက်ခြင်/ မသောက်ခြင်းသည် မိမိ အမှားကျူးလွန်ြုခင်း/မလွန်ခြင်းနှင့် တိုက်ရိုက်အချိုးမကျ။ ကျူးခဲ့သမျှအမှားတိုင်း အရက်ကြောင့်ဆိုလျှင် ယခု မသောက်ခြင်းအတွက် သာဓုခေါ်ခြင်းသည်မဆိုး။ “ကဲ…ဒါဆို ခုမသောက်တော့ဘူး။ အမှားကတော့ မသေမချင်းအမှားသစ်တွေ ကျူးလွန်ဖြစ်ဦးမှာပဲ၊ အဲ့ဒါတွေအပေါ်ကျတော့ရော”လို့လည်း မမေးချင်တော့။ ဒုတိယတချက်က သာဓုခေါ်သူနှင့်ဆိုင်၏။ လူတချို့ သာဓု အခေါ်လွယ်၏။ သာဓု အလွယ်ခေါ်၏။ ထိုသူတို့အနက်အများစုမှာ သူတပါးအား သာဓုခေါ်ထိုက်အောင် အကျင့်၊ သီလ၊ သိက္ခာ မည်မျှရှိမှန်း မိမိလည်းမသိ။ သူတို့လည်း ကိုယ့်ကိုယ်ကိုသိဟန်မတူ။ မကောင်းမှုဟု သူတို့မှတ်ယူထားသည့်ကိစ္စတခုခုကိုပြုကျင့်ဖူးသူက ယခုထိုအကျင့်ကိုမကျင့်တော့ပါဆိုလျှင် သာဓုခေါ်ဖို့နှုတ်လွယ်သူ များ၏။ အရက်မဟုတ်သည့် အခြားမကောင်းမှုတွေကို သူတို့ကိုယ်တိုင်ဘယ်နှကြိမ်ကျူးလွန်ခဲ့ကြပြီးပြီနည်း။ ထိုသို့ကျူးလွန်တိုင်း အပြစ်သားဆိုလျှင် အပြစ်သားချင်းသာဓုခေါ်ထိုက်ပါသလား။ ခေါ်ရော ခေါ်အပ်ပါသလားလည်း သူတို့စဉ်းစားကြမည်မဟုတ်။ သို့သော် ခတ်တည်တည်နှင့် သာဓုက အခေါ်မပျက်။ တချို့က “နှစ်ကြိမ်ပဲခေါ်ဦးမယ်”ဆိုတာ နှစ်ထပ်ကွမ်းကြောင်သူတော် လုပ်သေး၏။ လူထူထူတွင် သာဓုခေါ်တိုင်းသာ သူတော်ကောင်းကြေးဆို ဘုန်းကြီးကျောင်းက ကြေးစည်ထုတိုင်းအူတတ်ကြသည့်ခွေးတွေ သူတော်အကောင်းဆုံး ဖြစ်မည်ထင်၏။ “ဘာ့ကြောင့်သာဓုခေါ်တာလဲ”ဟု ပြန်လည်းမမေးချင်။ သူတို့ကိုလည်း သာမန်လူတွေထက် ပိုသဘောထားလို့မရတဲ့အတူတူ ရေငုံနှုတ်ဆိတ်သာနေလိုက်၏။ အရက်မသောက်တော့ သောက်၍ကုန်ရသည့်အချိန်တွေ ပိုထွက်လာ၏။ နေရသမျှရှည်ရမည့်အသက်ကလေးထဲတွင် အရက်နှင့်ဆေးလိပ်ကြောင့်ပေးရဦးမည့်အချိန်တွေ အများကြီးပိုထွက်လာ၏။ ဤကား အမြတ်ပင်။

အစကိုပြန်ကောက်ကာ အဆုံးထိပြန်ဆက်ပါမည်။ ကျနော်ရေးတာတွေဖတ်ပြီး ဆဲသူ၊ ရိသူ၊ ကလိသူ၊ ခြိမ်းခြောက်သူတို့အား ဘဝလက်ကျန်အချိန်လေးတွေတွင်၊ ရှည်ရသမျှအသက်တာလေးတွင် ကျန်းမာအောင်နေကြစေချင်၏။ ကျနော့်အတွက် အချိန်အကုန်မခံကြစေချင်။ တကယ့်ဖြစ်နေတာ၊ မိမိတို့ထင်နေတာ၊ ပတ်ဝန်းကျင်ကထင်နေတာတွေဟာ အခါများစွာမှာ မှားနေတတ်ပါ၏။ သာဓုလည်းအခေါ်မစောကြနှင့် မေတ္တာလည်း အပို့မဦးကြနှင့်။ ကျနော်လည်း ရေးဖြစ် ပြောဖြစ်နေသရွေ့ ရေးနေပြောနေပါဦးမည်။ မျိုးမြင့်ချို
ဇွန် ၂၈၊ ၂ဝ၁၃

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၈-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၈-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
ဒဏ်ခတ်ခံ လွတ်လပ်ခြင်း
၁၉၄၃ ခု နှစ်တွင်ယန်းပေါဆာ့တ်သည် “အရှိတရားနှင့်သုညဘဝ” ကို ရေးသားထုတ်ဝေခဲ့သည်။ သူ့ဒဿနဖြစ်တည်မှုအတွက် အခြေခံလက်စွဲကျမ်းဖြစ်ပေသည်။ စာမျက်နှာ ၇၀၀၀ ကျော်မျှ ထူထဲလှသော စာအုပ်ဖြစ်သည်။ စာအုပ်အရေအတွက်အနည်းငယ်မျှသာရောင်းခဲ့ရသည်။ ထိုစဉ်က ယင်းစာအုပ်၏ဂယက်မှာလည်း ဘာမျှကြီးကြီးကျယ်ကျယ်မရှိခဲ့။ စာအုပ်ပါ အယူအဆတို့ကိုလည်း ဆေးနွေးချက်ချက်မရှိသလောက်ဖြစ်ခဲ့၏။ စီးပွားရေးအရသော်လည်းကောင်း၊ အသိပညာအရသော်လည်းကောင်း အောင်မြင်သောစာအုပ် မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါတွင်မူ ကမ္ဘာပေါ်တွင်အကျော်ကြားဆုံး ဒဿနကျမ်းတဆူ ဖြစ်လာပေသည်။ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှ၊ စပိန် စသည့် ကမ္ဘာ့ဘာသာစကားများစွာသို့ ဘာသာပြန်ဆိုရသောကျမ်း ဖြစ်လာ၏။ ယင်းအတွက် အဖွင့်ကျမ်းများ၊ ဝေဖန်ရေးစာအုပ်များမှာလည်း ဘာသာစကားမျိုးစုံနှင့်ထွက်ပေါ်လျှက်ရှိပေသည်။
ဒဿနတရပ်ကိုဖန်တီးခြင်းသည် လက်ရာမြောက်ဂန္တဝင်အနုပညာတရပ်ကို ဖန်တီးသကဲသို့ပပင်ဖြစ်၏။ နက်ရှိုင်းလှသည်နှင့်အမျှ သိမ်မွေ့လှသောကိစ္စများဖြစ်၏။ သာမန်အားဖြင့် ချက်ချင်းသိရှိနားလည် ချည်းကပ်ခံစားနိုင်သောအရာများမဟုတ်ပေ။ ဆာ့တ်၏ “အရှိတရားနှင့်သုညဘဝ”မှာလည်း ထို သဘောအတိုင်းဖြစ်ခဲ့ပေသည်။
“အရှိတရားနှင့်သုညဘဝ” ၏ အဓိကရည်ရွယ်ချက်မှာ ပုဂ္ဂလလူသားဟူသည် မည်သို့သောအရှိတရားဖြစ်သနည်းဟူသောပြဿနာကို ဖြေရှင်းရန်ဖြစ်သည။် ယင်းကျမ်း၏ခေါင်းစဉ်ကပင် ဖြေရှင်းချက်အနှစ်ချုပ်ဖြစ်ပေသည်။ ဆာ့တ်အလိုအရ လူသားတွင် အရှိတရားရော သုညဘဝကပါ ပါဝင်နေသည်။ ရှိခြင်းသဘော (Being) ရော၊ မရှိခြင်းသဘော (Not­ being) ပါ ပါဝင်နေပေသည်။ တနည်းအားဖြင့်ဆိုသော် လူသားသည် သူ့ပကတိအတိုင်း ရှိခြင်း (Being­ in­ itself) အနေဖြင့်လည်းကောင်း၊ ကိုယ့်အတွက်ကိုယ်ရှိခြင်း (Being­ for­ itself) အနေဖြင့်လည်းကောင်း ဖြစ်တည်နေသည်ဟု ဆာ့တ်က ယူဆပေသည်။
သူ့ပကတိအတိုင်းရှိခြင်းဟူသည် မိမိတို့မူရင်းသဘောသဘာဝအတိုင်းရှိနေ ဖြစ်နေကြသော သက်မဲ့အရာဝတ္ထုပစ္စည်းများကိုဆိုလိုခြင်း ဖြစ်ပေသည်။ ယင်းတို့သည် အသိခံတရားများဖြစ်ကြသည်။ ပြင်ပလောကတွင် ဓမ္မဓိဌာန်ကျကျတည်ရှိနေကြ၏။ ယင်းတို့သည် မိမိဘာသာမိမိ ရပ်တည်နိုင်ကြ၏။ သိပ်သည်းပြည့်ဝ ခိုင်မာမှုသဘော ရှိကြ၏။ ထုထည်ပုံသဏ္ဍန်ရှိကြ၏။ သို့သော် ယင်းတို့တွင် သိစိတ်မရှိကြကုန်။ ထို့ကြောင့် ယင်းတို့တွင် စိတ်လှုပ်ရှားမှုမရှိ။  ခံစားမှုမရှိ။ လိုအင်ဆန္ဒမရှိကြပေ။ သို့ဖြစ်၍ ယင်းတို့တွင် ပူပန်သောကရောက်နေစရာလည်း မရှိကြ။ မိမိရပ်တည်မှုအတွက် စိုးရိမ်ကြောင့်ကြရန်လည်းမလိုပေ။ ဤရုပ်ဝတ္ထုပစ္စည်းတို့သည် အသိခံအရာများဖြစ်ကြ၏။ အပြုခံ၊ ပြဌာန်းခံအရာများဖြစ်ကြ၏။ ယင်းတို့၏အရွယ်အစား၊ အတိုင်းအတာ၊ ပုံသဏ္ဍန်အနေအထား၊ မည်သည့်ပစ္စည်းဖြင့်ပြုလုပ်ထားသည်၊ မည်ကဲ့သို့ အသုံးဝင်သည်တို့ကိုသိရှိထားပါက ယင်းတို့အကြောင်းကို လူတို့သည်အကဲဖြတ်နိုင်င်ပေသည်။
သို့ရာတွင် လူသားတဦးတယောက်နှင့်ပတ်သက်လာသောအခါတွင်မူ ဤသို့မဟုတ်တော့ပေ။ လူတဦးတယောက်၏ ကိုယ်ခန္ဓာရုပ်ပိုင်း အနေအထား၊ ပုံသဏ္ဍန်သဘောလက္ခဏာရပ်များနှင့် လူ့အဖွဲ့အစည်းအတွင်းသူ၏အသုံးကျမှုတန်ဖိုးကို သိနားလည်ရုံမျှဖြင့် ဤလူဤပုဂ္ဂိုလ်အကြောင်းကို ရေရေရာရာ ဇစ်ဇစ်မြစ်မြစ်သိရှိနားလည်နိုင်ပြီဟု မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွင် ဤသို့သောရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်များအပြင် အထူးအရေးပါလှပြီး လူသားတို့ ပြည့်ပြည့်စုံစုံမသိရှိရသေးသည့်ကြန်အင်လက္ခဏာရပ်တမျိုးသည် ထပ်ဆင့်တည်ရှိနေသောကြောင့် ဖြစ်သည်။ ယင်းကားလူသား၏သိစိတ်(Consciousness) ဖြစ်ပေသည်။ သိစိတ်ကို ပေတံဖြင့်တိုင်းတာ၍ မရ။ ယင်းသိစိတ်ကြောင့် လူသားသည် ကမ္မသဘောဆောင်သည့် အပြုခံအရာဝတ္ထု(ပကတိအတိုင်းရှိခြင်း)တို့၏ အဆင့်အတန်းကိုကျော်လွန်၍သွား၏။ မြင့်မြတ်သွား၏။ မိမိနှစ်သက်ရာဘဝကိုရွေးချယ်နိုင်သည့် ပုဂ္ဂလဓိဌာန် သဘောဆောင်သည့်အရှိတရား (Subjective Being)အဆင့်သို့ တက်လှမ်းရောက်ရှိလာနိုင်ပေ၏။ ယင်းသို့သော အရှိတရားကို ဆာ့တ်က ကိုယ့်အတွက်ကိုယ်ရှိခြင်းဟု ခေါ်ဆိုခဲ့ပေသည်။
“ကိုယ့်အတွက်ကိုယ်ရှိခြင်းဟူသည် ရုပ်ဝတ္ထုများရှိနေသကဲ့သို့ရှိနေခြင်း မဟုတ်ပေ။ ယင်းအရှိတရားသည် တစုံတခုသောအရာကို သိလိုက်ခြင်းသဘောဖြစ်ပေသည်”။ “ယင်းသည်ဒြပ်အကောင်အထည်ကင်းမဲ့သောသိစိတ် ဖြစ်ပေသည်၊၊ သိမှုကတ္တား(Knowing Subject) အဖြစ် တည်ရှိနေပေသည်” ဟူ၍ ဆာ့တ်က ဖွင့်ဆိုပေသည်။ ဤသိစိတ်သည် လူသား၏ ထူးမြတ်သောသီးခြားဂုဏ်ရည်မဟုတ်ပေ။ လူဟူ၍ ဤလောကအတွင်း မွေးဖွားဖြစ်တည်သည်နှင့်တပြိုင်နက် သိစိတ်သည် တပါတည်းရှိနေပြီးဖြစ်သည်။ ယင်းသိစိတ်(ဝါ)ကိုယ့်အတွက်ကိုယ်ရှိနေခြင်းသည် ပကတိအတိုင်းရှိခြင်းတည်းဟူသော ပြင်ပဗဟိဒ္ဓရုပ်လောကရုပ်ဝတ္ထုပစ္စည်းများကဲ့သို့ ပြည့်ဝသိပ်သည်းသောဒြပ်ရှိပစ္စည်းမဟုတ်ပေ။ ထို့ကြောင့် အာရုံခံစားမှုအားဖြင့် ထင်သာမြင်သာသောတည်ရှိခြင်းမျိုး မဟုတ်ကြပေ။
ဤလောကတခွင်တပြင်လုံးတွင် နေရာယူလွှမ်းမိုးကြီးစိုးထားသည်မှာ အရာဝတ္ထုပစ္စည်းများဖြစ်ကြသည်။ ဤအဖြစ်မှာ လိုလားအပ်သည် မဟုတ်၊ စက်ဆုပ်ရွံရှာဖွယ်ရာ မသတီစရာကိစ္စဖြစ်သည်။ ဤသဘောကို ကောင်းစွာသတိပြုမိကြစေရန်အတွက် ဆာ့တ်သည် သူ၏ “အော်ဂလီ (Nausea)” ဝတ္ထုတွင်ထည့်သွင်းဖွဲ့ဆို၍ ထားပေသည်။ ထိုဝတ္ထုတွင်ဇာတ်ဆောင် ရိုကွင်တင် (Roquentin) သည် ရုပ်ဝတ္ထုပစ္စည်းများနှင့်ပတ်သတ်ပြီး ထူးထွေဆန်းပြားသည့်အတွေ့အကြုံကို ခံစားလာရသည်။ အရာဝတ္ထုများ၏ဖိစီးလွှမ်းမိုးမှုကြောင့် ယင်းတို့ကို ပုံမှန်အတိုင်းမမြင်မတွေ့နိုင်တော့ဘဲ ကြောက်လန့်စရာ၊ အော့အန်ချင်စရာကောင်းအောင် စက်ဆုပ်ရွံရှာစရာကြီးများသဖွယ် ထင်မြင်လာတော့သည်။ နောက်ဆုံးတွင်ပင်လယ်ကမ်းခြေမှ ကျောက်စရစ်ခဲကလေးများကိုပင် ကောက်မယူနိုင်လာက်အောင် စက်ဆုပ်တုန်လှုပ်လာခဲ့သည်။ သာယာသောပင်လယ်ကမ်းစပ်ရှိ လှပသောကျောက်စရစ်ခဲကလေး၏ဖြစ်တည်မှုကို သူ ကြည်ကြည်နူးနူးခံစား၍ မရနိုင်ဘဲဖြစ်လာသည်။ ယင်းကျောက်စရစ်ခဲ၏လွှမ်းမိုးကြီးစိုးမှုကို အော်ဂလီဆန်လာအောင်ပင် စက်ဆုပ်ရွံရှာလာခဲ့သည်။ သူ့ခံစားမှုကို ရိုကွင်တင်က ဤသို့ပြောပြသည်။ “အရာဝတ္ထုပစ္စည်းများကိုအလေးထားပြီး ဆက်ဆံသင့်သည် မဟုတ်ပါ။ ယင်းတို့သည်သက်ရှိများ မဟုတ်ကြ။ ယင်းတို့ကို အသုံးချ၍ရသည်။ ယင်းတို့သည် အသုံးဝင်သည်။ ဒါပါပဲ။ ဒါ့အပြင် ဘာမှ မဟုတ်။ သို့သော် ယင်းတို့က သူတို့ကိုဂရုတမထားဆက်ဆံဖို့ မိမိကိုတောင်းဆိုသည်။ ဒါကတော့ဆိုးဝါးလှသည်။ သည်းခံ၍မရနိုင်အောင် ဖြစ်ရသည်။ ယင်းတို့သည် သက်ရှိ သားရဲတိရိစ္ဆန်များသဖွယ်ဖြစ်လာကြပြီး၊ ယင်းတို့နှင့်ဆက်စပ်ရမှာကိုပင် ကျွန်တော်လန့်လာသည်။ အခုတော့ ကျွန်တော်သိပါပြီ။ ကျောက်စရစ်ခဲကလေးကို ပင်လယ်ကမ်းခြေမှ ကောက်ယူလိုက်တဲ့အချိန်မှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ကျွန်တော် ပြန်ပြီးမှတ်မိပြီ။  ချိုရဲရဲ စက်ဆုပ်ရွံရှာစရာ မသတီစရာကြီးပါ။ ဘယ်လောက်များ အော့နှလုံးနာစရာကောင်းလိုက်ပါသလဲ။ ကျောက်စရစ်ခဲဆီကပါ။ သေချာပါသည်။ ကျောက်စရစ်ဆီကနေ ကျွန်တော့်လက်ထဲရောက်လာတာပါ။ ဟုတ်ပါသည်။ ဒါဟာ သိပ်ကိုသေချာလှပါသည်။ လက်ထဲရောက်လာသော အော်ဂလီဆန်ခြင်းပါ” ရုပ်ဝတ္ထုပစ္စည်းများကပေးသော အော်ဂလီဆန်ခြင်း။ ယင်းအတွေ့အကြုံများကို ရိုကွင်တင်သည် အကြိမ်ကြိမ်ပင် မချိတင်ကဲခံစားခဲ့ရသည်။ ယင်းတို့ကိုတင်ပြရင်း ဆာ့တ်သည် ဖြစ်တည်မှု၏အစိုးမရခြင်းသဘော (Contingency of Existence) ကို ခံစားစေခဲ့သည်။ ရိုကွင်တင်သည် အရာဝတ္ထုတို့၏ဖြစ်တည်မှုကို ရှင်းလင်းပြသနိုင်သော အကြောင်းပြချက် ဘာမျှမရှိကြောင်း တဖြည်းဖြည်းသဘောပေါက်လာသည်။ ဖြစ်တည်မှုကို အကြောင်းပြပေးနိုင်တဲ့အရာ ဖြစ်တည်မှုမှာဘာမှမရှိဘူးဆိုသည်ကိုလည်း နားလည်လာသည်။ အရာဝတ္ထုတွေ ရှိနေဖြစ်နေကြသည်။ ဒီလိုပဲ ရှိနေဖြစ်နေကြခြင်းဖြစ်သည်။ ဤသို့ ရှိနေဖြစ်နေကြခြင်းအတွက် ဘာမျှရှင်းလင်းပြချက်မရှိပေ။ မလိုအပ်ပေ။ မသေချာ မရေရာခြင်းသဘော၊ အစိုးမရခြင်းသဘောသည် ယင်းတို့၏အခြေခံဇာစ်မြစ် ဖြစ်သည်။ ဤသည်ကို ရိုကွင်တင် တွေ့သိပြီးနောက် ဤသို့ပြောပြသည်။
“ယုတ္တိမတန်ခြင်း (ဝါ) အဓိပ္ပါယ်ကင်းမဲ့ခြင်း(The Absurd) ဟူသောစကားလုံးသည် ကျွန်တော့်ကလောင်ဖျားမှ ပေါ်ထွက်လာပါသည်။ ဒီ အဓိပ္ပါယ်မဲ့ခြင်းဆိုတာ ကျွန်တော့်ဦးခေါင်းထဲမှာရှိနေသောအယူအဆမဟုတ်ပါ။ လွင့်ပျံ့လာသောအသံတသံလည်း မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင် ပြည့်ပြည့်ဝဝကြီးကို တွေ့ကြုံခံစားလိုက်ရတဲ့အတွေ့အကြုံပါ”
ရိုကွင်တင်ကြုံတွေ့သိရှိလိုက်ရသော အဓိပ္ပါယ်မဲ့ခြင်းဟူသည် အစိုးမရခြင်းသဘော၏အဓိပ္ပါယ်မရှိမှု၊ ယုတ္တိမတန်မှုဖြစ်ပေသည်။ စကားလုံးများဖြင့်ဖော်ပြရှင်းလင်း၍မရနိုင်သည့် အရာဝတ္ထုတခုစီတခုစီ၏ ဖြစ်တည်မှုဖြစ်၏။ ကမ္ဘာလောကကြီးတခုလုံးကို လွှမ်းမိုးထားသည့် မည်သည့်အနက်အဓိပ္ပါယ်မျှမပါရှိသည့် အရှိတရားဖြစ်၏။ လူသားတဦး၏ဖြစ်တည်မှုဘဝသည်လည်း ယုတ္တိမတန်သောဘဝ၊ အဓိပ္ပါယ်ကင်းမဲ့သည့်ဘဝ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ လူ၏ဖြစ်တည်မှုတွင် သူ့ပကတိအတိုင်းရှိနေသောအရှိတရား(Being ­in­ itself) ရော၊ ကိုယ့်အတွက်ကိုယ်ရှိနေသောအရှိတရား (Being­ for­ itself) ပါ ပါဝင်နေသည်။ လူတွင်သူ့ပကတိအတိုင်းရှိခြင်းသဘောအားဖြင့် ရုပ်ခန္ဓာကိုယ်ရှိသည်။ ကိုယ့်အတွက်ကိုယ်ရှိခြင်းသဘောအားဖြင့် သိစိတ်ပါရှိသည်။ ထို့ကြောင့် လူသားတွင် ဘယ်လိုမှကန့်သတ်ဆုံးဖြတ်၍မရသည့် အစိုးမရခြင်းသဘော၊ မရေရာမသေချာခြင်းသဘော ရှိနေပေသည်။ ထိုအတွက်ကြောင့် လူသား၏ဖြစ်တည်မှုသည်လည်း အဓိပ္ပါယ်မရှိခြင်း၊ ယုတ္တိမတန်ခြင်းဖြစ်ရပေသည်။
ဆာ့တ်၏အမြင်၌ အရှိတရားများဖြစ်ကြသော သူ့ပကတိအတိုင်းရှိခြင်းနှင့် ကိုယ့်အတွက်ကိုယ်ရှိခြင်းတို့သည် တခုနှင့်တခု လုံးဝမတူဘဲခြားနားကြ၏။ သို့သော် ကိုယ့်အတွက်ကိုယ်ရှိခြင်း(သိစိတ်)သည် သူ့ပကတိအတိုင်းရှိခြင်း(ရုပ်)ခန္ဓာအပေါ်တည်ရှိသည်။ သူ့ပကတိအတိုင်းရှိခြင်းက ကိုယ့်အတွက်ကိုယ်ရှိခြင်းအပေါ် မှီခိုရန်မလိုပေ။ သူ့ဘာသာသူ ဓမ္မဓိဌာန်ကျကျ ပကတိအတိုင်းရှိနေနိုင်ပေသည်။ သိစိတ်တည်းဟူသော ကိုယ်စားပြုအရှိတရားသည် ဆက်နွယ်မှုတခုဖြစ်သည်။ ဆက်နွယ်မှုတခုဖြစ်ရန်အတွက် ဆက်နွယ်ခံအရာလိုအပ်ပေသည်။ ဆက်နွယ်ခံအရာတည်းဟူသော ပြင်ပလောက (ဝါ) ဓမ္မဓိဌာန်ကျကျတည်ရှိနေသောအရာများမှသာလျှင် ဆက်နွယ်မှုသဘောသည် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ကိုယ့်အတွက်ကိုယ်ရှိခြင်း Pour Soi ဖြစ်ပေါ်ရန်အတွက် သူ့ပကတိအတိုင်းရှိနေသည့်အရှိတရား En Soi တည်းဟူသော ပြင်ပလောကလိုအပ်၏ ဟု ဆာ့တ်ကယူဆခဲ့ပေသည်။
ပုဂ္ဂလလူသားတဦးသည် လူအဖြစ်မွေးဖွားဖြစ်တည်လာသည်နှင့်တပြိုင်နက် ကိုယ့်အတွက်ကိုယ်ရှိခြင်း (သိစိတ်) ကို သူ့ပကတိအတိုင်းအရှိတရား(ရုပ်ခန္ဓာ) မှ ခွဲထုတ်လိုက်သောသတ္တဝါ ဖြစ်ပေသည်။ သို့ရာတွင်လူ့ဘဝဟူသည်မှာ ဤသို့လုံးဝခြားနားနေသည့် ကိုယ့်အတွက်ကိုယ်ရှိခြင်းနှင့် သူ့ပကတိအတိုင်းရှိခြင်းတို့ကို ပေါင်းစည်းညီညွတ်မှုရရှိလာစေရန် အမြဲထာဝစဉ်လှုပ်ရှားကြိုးပမ်းမှုပြုနေရသောဘဝ ဖြစ်သည်။ သို့ရာတွင်ပုထုဇဉ်လူသားများအနေဖြင့် ယင်းတို့လိုလားသော Pour Soi နှင့် EnSoi ပေါင်းစည်းညီညွတ်မှုကို ဘယ်သောခါမှမရနိုင်ပါ။ ဤသို့သောပေါင်းစည်းညီညွတ်မှုသည် စိတ်ကူးထဲမှာသာဖြစ်နိုင်သည်။ ဘယ်တော့မှ လက်တွေ့မရှိနိုင်ဟု ဆာ့တ်ကဆိုခဲ့ပေသည်။
“ဤသို့သော စိတ်ကူးထဲတွင်ပေါင်းစည်းမှုသည် ဘုရားသခင်ဟုခေါ်တွင်ကြသောအရာ၌သာ ရှိနိုင်ပေမည်။ လူသားများမျှော်မှန်းတောင့်တကြသည့် လူ့အရှိတရား၏အခြေခံအစီအမံပရိုဂျက်(Project)မှာ ဘုရားသခင်ဖြစ်ရေးဟုဆိုရပေမည်။ လူတို့သည် အခြေခံအားဖြင့် ဘုရားသခင်တပါးလိုဖြစ်ချင်ကြသောဆန္ဒ ရှိကြပေသည်။”
သို့ရာတွင် ယင်းဆန္ဒ၊ ယင်းရည်မှန်းချက်ကို ဘယ်သောအခါမျှ အောင်မြင်ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူသားများထားရှိကြသည့် အစအစီအမံပရိုဂျက်ဆိုသည်မှာလည်း မည်သည့်အဓိပ္ပါယ်မျှမရှိပေ။ လုံးဝ ယုတ္တိမတန်ဟု ဆာ့တ်က ခံယူပေသည်။ အဓိပ္ပါယ်ကင်းမဲ့မှု၊ ယုတ္တိမတန်မှုဟူသည် လူက ထွင်လိုက်၍ဖြစ်လာသောအရာ မဟုတ်ပေ။ တကယ်ကြုံတွေ့ ခံစားရသောအစစ်အမှန်တရားဖြစ်သည်။ ဆာတ့်အလိုအရ ပြင်ပလောကသည်လည်း အဓိပ္ပါယ်ကင်းမဲ့၏။ လူ့ဘဝသည်လည်း အဓိပ္ပါယ်မရှိ၊ ယုတ္တိမတန်ဟုဆိုသည်။ သို့ဆိုလျှင် ပြင်ပလောက အရာဝတ္ထုများနှင့် လူသား ဘာများခြားနားကြသနည်းလုံးဝ ခြားနားလေသည်။

Wednesday, June 26, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၇-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၇-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို) (၆-ခ)ပုဂ္ဂလဖြစ်တည်မှုသာလျှင်။
ယန်းပေါဆာ့သည် ပလေတို၏အနှစ်သာရဝါဒကို လုံးဝမြေလှန်ပစ်ခဲ့သည်။ ဤလောကတွင်ဆင်ခြင်ခြင်းနှင့် ချဉ်းကပ်၍မရနိုင်သောအရာ ရှိ၏။ ဘာသာစကားဖြင့် အဓိပ္ပါယ်ဖွင့်ဆို၍မစွမ်းသာသောအရာ ရှိ၏။ ယင်းမှာ လူသား၏ပုဂ္ဂလဘဝဖြစ်တည်မှု ဖြစ်၏။ လူသားတဦးချင်းစီ၏ ပုဂ္ဂလဖြစ်တည်မှုကို ယင်းပုဂ္ဂိုလ်၏အတွင်းအဇ္ဈတ စိတ်ခံစားမှုအတွေ့အကြုံအားဖြင့်သာ မှန်မှန်ကန်ကန်ရှူမြင်နားလည်နိုင်မည်ဟု ဆာ့တ်က ခံယူပေသည်။ ယန်းပေါဆာ့တ်က လူသားဟုဆိုရာ၌ ကဲကီးဂါးဒ်နှင့်ဟိုင်ဒေဂါတို့၏ ပုဂ္ဂလလူသား၏ဖြစ်တည်မှုဘဝကို ဆိုလိုခြင်းဖြစ်ပေသည်။ ဆာ့တ်သည် ကဲကီးဂါးဒ် လက်ခံယုံကြည်ခဲ့သောထာဝရဘုရားတည်ရှိမှုကို လုံးဝငြင်းပယ်ခဲ့သူဘုရားမဲ့ဝါဒီတဦးဖြစ်၏။ သို့သော် သူသည် ကဲကီးဂါးဒ်၏ လူ့ဘဝဖြစ်တည်မှုသည် ပုဂ္ဂလဓိဌာန်ကျသည်ဟူသောအယူအဆကိုမူ ဆက်လက်ခံယူပေသည်။ ထို့ပြင် ဆာ့တ်သည် ဟိုင်ဒေဂါ တင်ပြခဲ့သော Dasein ခေါ် လူသား၏ပုဂ္ဂလဖြစ်တည်မှုကို ဆက်လက်ခံယူခဲ့၏။ Desein ဟူသည်အရာဝတ္ထုတို့၏ဖြစ်တည်မှုကို ဆိုလိုခြင်း မဟုတ်ပေ။ အရာဝတ္ထုတို့သည် မိမိတို့၏အရှိတရားကို သိရှိခံစားနိုင်ခြင်းမရှိကြပေ။ ဤလောက၌ လူသားတမျိုးတည်းသာလျှင် မိမိ၏ ဖြစ်တည်မှုဘဝကို မိမိကိုယ်တိုင် ပြန်လည်သိရှိခံစားနိုင်စွမ်းရှိပေသည်။ ထို့ပြင် ဟိုင်ဒေဂါက လူသည် အခြားအရာများနှင့် လုံးဝအဆက်ပြတ်ကာ သီးခြားဖြစ်တည်နေသည် မဟုတ်ပေ။ “ကျွန်ုပ်” ဟူသည်မှာ ယခင်တွေးခေါ်ရှင်ကီးများယူဆခဲ့သော အတ္တအခြေခံ(Mental Substance) မဟုတ်ပေ။ ပုဂ္ဂလလူသားတဦး လူ့လောကအတွင်းဖြစ်တည်နေခြင်းသည် မိမိ၏ခန္ဓာကိုယ်အတွင်း၌သာ ဖြစ်တည်နေခြင်းမဟုတ်ပေ။ မိမိ၏ပြင်ပတွင်ရှိနေကြသော အခြားသောလူပုဂ္ဂိုလ်များ၊ အရာဝတ္ထုများနှင့် ကူးလူးဆက်သွယ်လျှက်ဖြစ်တည်နေခြင်းဖြစ်၏။ ခေတ်သစ်ရူပဗေဒတွင် အိုင်စတိုင်း(Einstein)က ရုပ်ကိုအဝန်း (Field)အဖြစ် ရှူမြင်လိုက်သကဲ့သို့ ဟိုင်ဒေဂါကလည်း လူကိုအဝှန်းရပ်အဖြစ် ရှူမြင်လိုက်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် ဟိုင်ဒေဂါအလိုအရ “ကျွန်ုပ်” ဆိုသည်မှာ ခန္ဓာကိုယ်တခုနှင့် သိစိတ်တရပ်ကိုသာ ဆိုလိုသည်မဟုတ်ပေ။ ကျွန်ုပ်နှင့်ပေါင်းသင်း ဆက်သွယ်နေကြသော အဝှန်း(ဝါ) ဆက်သွယ်မှုဝန်းကျင် (Region of Concern) တရပ်လုံးကိုပါအကျုံးဝင်ပေသည်။
ထို့ပြင် ဟိုင်ဒေဂါက ပုဂ္ဂလဖြစ်တည်နေသောလူသားသည် ဤလောကကမ္ဘာအတွင်း မည်သို့မည်ပုံရောက်ရှိ လာသည်။ သေလွန်ပြီးနောက် မည်သည့်အရပ်သို့ ရောက်ရှိသွားမည်ကို မည်သို့မျှမသိရှိနိုင်ပေ။ လူသားသည် ဤလောကကြီးအတွင်းသို့ မိမိအလိုဆန္ဒစိုးစဉ်းမျှမပါဘဲ စွန့်ပစ်ခံလိုက်ရသောသတ္တဝါ ဖြစ်၏။ သူရောက်ရှိ ဖြစ်တည်လာရသောလောကကြီးမှာလည်း သူ့အတွက်သူစိမ်းပြင်ပြင်ဆန်လှသော လောကကြီးဖြစ်၏။ သို့ဖြစ်၍ လူဟူသည် စိမ်းကားလှသောလောကကြီးထဲ၌ အထီးကျန်စွာဖြစ်တည်နေရသောသတ္တဝါဖြစ်၏။ ယင်း လောကကြီးထဲတွင် ပုဂ္ဂလလူသားအတွက် အဆင်သင့်ဖြည့်ဆည်းပေးထားသော အနှစ်သာရဂုဏ်ရည်ဟူ၍ ဘာမျှမရှိပေ။ လူ့ဘဝလူ့အဖြစ်သို့ အစွန့်ပစ်ခံရောက်ရှိဖြစ်တည်ပြီးမှသာလျှင် လူသားသည် မိမိ၏အနှစ်သာရကို မိမိကိုယ်တိုင်ဖော်ဆောင်ဖန်တီးကာ တည်ဆောက်ယူကြရသည်ဟု ဟိုင်ဒေဂါက ယူဆပေသည်။ ဤအယူအဆကို ဆာ့တ်က ဆက်လက်ခံယူပွားများခဲ့ပေသည်။
ဆာ့တ်အလိုအရ လူသည် ဦးစွာဖြစ်တည်ရသောသတ္တဝါ ဖြစ်၏။ ရေကန်ထဲသို့ ခဲတစ်လုံးကျလာသလို လူ့လောကထဲသို့ စွန့်ပစ်ခံရောက်ရှိလာရသူဖြစ်၏။ ဤသို့ လူ့ဘဝသို့ရောက်ရှိဖြစ်တည်လာပြီးမှသာ မိမိဘဝကိုအဓိပ္ပါယ်ဖော်ဆောင် တည်ဆောက်ယူကြရသည်။ လူ၏ဂုဏ်ရည် လလက္ခဏာများဦးစွာရှိပြီးမှသာ လူဟူသောသတ္တဝါဖြစ်တည်လာခြင်း မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုရှိပြီးမှ မိမိအရည်အချင်း၊ ဂုဏ်ရည်လက္ခဏာများကို မိမိအပြုအမူဖြင့်ပွားများတည်ဆောက်ယူရပေသည်။ ယန်းပေါဆာ့တ်ဟူသောစာရေးဆရာ၊ ဒီဂေါဟူသောသမ္မတ၊ နပိုလီယန်ဟူသောစစ်သူကြီးဘုရင်တို့သည် မွေးကတည်းက စာရေးဆရာ၊ သမ္မတ၊ စစ်သူကြီး၊ ဘုရင်ဧကရာဇ် ဖြစ်လာကြသည်မဟုတ်။ သူတို့၏ ဘဝဖြစ်တည်မှုကို ရရှိပြီးမှ ပြုမူဆောင်ရွက်ခဲ့ကြသောအပြုအမူများအားဖြင့် သူတို့၏ဂုဏ်ရည်လက္ခဏာ အရည်အချင်းများကို ဖော်ဆောင်လာကြခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူသားအတွက် ဖြစ်တည်မှုသည် အနှစ်သာရထက် ပို၍အဓိကကျ၏။ ပို၍ရှေ့ကျ၏။ ပလေတို၏ အနှစ်သာရဝါဒကိုလက်ခံလိုက်ပါက လူသားသည် လူစင်စစ်အဖြစ်မှ ရုပ်ဝတ္ထုပစ္စည်းအဖြစ်သို့ အဆင့်ဆေလျှာကျသွားလိမ့်မည်ဟု ဆာ့တ်က ဆိုပေသည်။ သူ့အလိုအားဖြင့်ဆိုလျှင် ပုဂ္ဂလလူသားတဦးချင်းစီကို ယေဘုယျအနှစ်သာရက အဆုံးအဖြတ်မပေးနိုင်ပေ။ ပုဂ္ဂလလူသား၏ စွမ်းဆောင်ပြုမူချက်များကသာ သူ၏အရည်အချင်းအနှစ်သာရကို အဆုံးအဖြတ်ပေးပေသည်။
ဥပမာအားဖြင့် ဗိုလ်ချုပ်အာင်ဆန်းရှိသော“အမျိုးသားခေါင်းဆောင်” ဟူသည့်အနှစ်သာရဂုဏ်ရည်သည် ဗိုလ်ချုပ်၏ပြုမူဆောင်ရွက်ချက်များမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အမျိုးသားခေါင်းဆောင်ဟူသော ဘွဲ့ထူးဂုဏ်ထူးအနှစ်သာရကို ဗိုလ်ချုပ်တည်းဟူသော ပုဂ္ဂလလူသားတဦးသည် မွေးဗီဇပါပစ္စည်းအဖြစ် မွေးကတည်းကပိုင်ဆိုင်ခဲ့သည်မဟုတ်ပေ။ လူသားတဦးအဖြစ် မွေးဖွားဖြစ်တည်လာပြီးနောက်မှ ဖြစ်ပေါ်လာသော အပြုအမူစွမ်းဆောင်ချက်အားလုံးကို ပေါင်းရုံးစုစည်း၍ “အမျိုးသားခေါင်းဆောင်” ဟူသော အရည်အချင်းအနှစ်သာရ ဖြစ်ပေါ်လာခြင်းဖြစ်၏။ ဤနေရာတွင်ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားခေါင်းဆောင်ပီသသည့်အပြုအမူများကသာလျှင် ဗိုလ်ချုပ်အား အမျိုးသားခေါင်းဆောင်အဖြစ် မှတ်ကျောက်တင်ပေးလိုက်ခြင်း ဖြစ်၏။ ထိုနည်းတူ မြန်မာ့သမိုင်းမှ ဘုရင့်နောင်မင်းကြီး၏တိုင်းပြည်စည်းရုံး တည်ထောင်မှုစွမ်းဆောင်ပြုမူချက်များသည် မင်းကြီး၏ဂုဏ်ရည်ဖြစ်၏။ မြန်မာစာရေးဆရာကြီးဦးပုည၏ ထက်မြက်သော စာပေအရေးအသားသည် သူ့ဘဝ၏အနှစ်သာရ ဂုဏ်ရည်ဖြစ်၏။ ထို့ကြောင့် လူဟူသည် မိမိအပြုအမူ စွမ်းဆောင်ချက်များ၏စုစည်းရာသာဖြစ်သည်ဟု ဆာ့တ်က ဆိုခဲ့ခြင်းဖြစ်ပေသည်။
ဤသဘောကို ယန်းပေါဆာ့တ်သည် လူသားနှင့်သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတခု (မောင်းချဓား)နှင့် နှိုင်းယှဉ်ရှင်းလင်းခဲ့သည်။
မောင်းချဓားတချောင်းဖြစ်လာပုံကို တွေးကြည့်ပါ။ မောင်းချဓားဟူသည် ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်၏။ ထိုပစ္စည်းကို ပန်းပဲဖို အလုပ်ရုံတွင်ပုံသွင်းပြုလုပ်ရ၏။ ဤသို့မပြုလုပ်မီ မောင်းချဓား၏ ပုံသဏ္ဍန်အရည်အသွေး စသည့်စိတ်ကူးတို့သည် ပန်းပဲသမား၏ခေါင်းထဲတွင် ရှိနေပြီးဖြစ်သည်။ ထို့နောက်ပန်းပဲသမားသည် သူ့ပုံစံ၊ သူ့အရည်အသွေးအတိုင်းဖြစ်လာအောင် သံထည်ကုန်ကြမ်းပစ္စည်းကို မီးအပူပေးခြင်း၊ ထုထောင်းခြင်းပြုကာ ပုံသွင်းဖော်ဆောင်ယူရ၏။ ဤနည်းဖြင့် မောင်းချဓားသည် ဖြစ်တည်လာရပေသည်။ ဤနေရာတွင် ပန်းပဲသမား၏ ခေါင်းထဲရှိပုံစံများ၊ အရည်အသွေးများ စသည့် စိတ်ကူးထည်အနှစ်သာရသည် မောင်းချဓားတလက်ဖြစ်တည်လာမှုထက် အရင်ရှေ့ကျပြီး ပို၍လည်း အဓိကကျနေသည်ကို တွေ့ရပေမည်။ လူသားတွင်လည်း မောင်းချဓားလိုရုပ်ဝတ္ထုပစ္စည်းမှာကဲ့သို့ အနှစ်သာရသည် ဖြစ်တည်မှုထက် အရင်ကျသည်ဟု ဆိုနိုင်မည်လော။ ပို၍ အဓိကကျသည်ဟု ပြောနိုင်မည်လော။ အကယ်၍သာ ဤသို့ ခံယူလိုက်ပါက လူသားသည် ရုပ်ဝတ္ထုပစ္စည်းနှင့် ဘာမျှထူးခြားတော့မည် မဟုတ်ပေ၊ ရှင်သန်မှုအလားအလာ ဆိတ်သုဉ်းသွားပေတော့မည်။ တီထွင်ဖန်တီးမှုလည်း ရှိတောမ့ည်မဟုတ်။ လူဖြစ်ရခြင်းဂုဏ်သိက္ခာကိုလည်း ရှာ၍ ရတော့မည် မဟုတ်။
ထာဝရဘုရားကိုယုံကြည်သူများအတွက်မူ လူသား၏ဂုဏ်သိက္ခာကိစ္စကိုရှင်းလင်းရန် လွယ်ကူကောင်းလွယ်ကူပေလိမ့်မည်။ ပန်းပဲသမားသည် သူ့ခေါင်းထဲရှိ စိတ်ကူးပုံစံအနှစ်သာရအတိုင်း မောင်းချဓားကိုထုတ်လုပ်လိုက်သကဲ့သို့ ထာဝရဘုရားသည်လည်း သူ၏မဟာဝိဉာဉ်တော်ထဲတွင်ရှိနေသော “လူ”ဟူသည့် စိတ်ကူးထည်အတိုင်း လူသားတဦးစီကို ဖန်ဆင်း ထုပ်လုပ်လိုက်ခြင်းဖြစ်သည်။ ဤတွင်လူသားကို ထာဝရဘုရားကဖန်တီးထုတ်လုပ်လိုက်ရုံမျှမက လူတဦးချင်းစီအတွက် သုခ၊ ဒုက္ခ အကောင်းအဆိုးများကိုလည်း တပါတည်းသတ်မှတ်ပေးခဲ့ပေသည်။ ထို့ကြောင့် လူသားသည် ထာဝရဘုရား၏ပြဌာန်းခံများဖြစ်သွားပြီး ပုဂ္ဂလလွတ်လပ်မှု ပျောက်သွားပေတော့သည်ဟု ဆာ့တ်က မှတ်ချက်ချလေ၏။
အမှန်စင်စစ်“အနှစ်သာရ” နှင့် “ဖြစ်တည်မှု”တို့၏ ရှေ့ဖြစ်၊ နောက်ဖြစ်ကိစ္စ၊ ပိုပြီးအဓိက ကျ မကျကိစ္စသည် အနောက်တိုင်းဒဿနသမိုင်းတွင် အတန်ပင်အရေးပါပြီး နက်နဲသည့်ပြဿနာတရပ် ဖြစ်ပေသည်။ ထာဝရဘုရားကို ယုံကြည်သက်ဝင်ကြသူများကိုတောင် မဆိုထားဘိ၊ ထာဝရဘုရားကို ငြင်းပယ်ခဲ့ကြသည့် ဘုရားမဲ့ဝါဒီတချို့ပင် ပုဂ္ဂလလူသား၏ဖြစ်တည်မှုအရေးကြီးပုံကို မျက်စိလည်သွားတတ်ကြပေသည်။ သူတို့ကလည်း လူသားတွင် အနှစ်သာရက ဖြစ်တည်မှုထက်အလျင်ကျသည်။ ပို၍ ပဓာနကျသည်ဟု ယူဆခဲ့ကြသည်ကိုတွေ့ရပေသည်။
“ထာဝရဘုရားကိုမယုံကြသော ဒီဒါရိုး(Diderot 1713­1784)၊ ဗော်လ်တိုင်းယား (Voltaire 1694­1778)၊ ကန့်(Kant 1724­1804) တို့ ကဲ့သို့သောတွေးခေါ်ရှင်များမှာတောင် အနှစ်သာရက ဖြစ်တည်မှုထက်ရှေ့ကျတယ်ဆိုတဲ့ အယူအဆမျိုးရှိနေတယ်။ သူတို့က လူသားတဦးချင်းစီမှာ လူ့သဘာဝ(Human Nature)ဆိုတာရှိတယ်လို့ ခံယူကြတယ်။ ဒါဟာ လူဖြစ်ရခြင်းဆိုတဲ့ ယေဘုယျအနှစ်သာရသဘောကို ရှေ့တန်းတင် စဉ်းစားလိုက်တာဖြစ်တယ်။ ပုဂ္ဂလလူသားဆိုတာ ဒီယေဘုယျတရားရဲ့ သီးခြားဖော်ဆောင်ထားတဲ့ကိုယ်ပွားတွေသာဖြစ်တယ်ဆိုတဲ့အယူအဆကို ဆိုက်ရောက်သွားပြီး ပုဂ္ဂလလူသားရဲ့ဖြစ်တည်မှုဘဝကို မှေးမှိန်သွားစေတယ်”ဟု ဆာ့တ်ကရှူမြင်ခဲ့သည်။
လူ့သဘာဝဟူသော ယေဘုယျအနှစ်သာရသဘောနှင့်ဘောင်ခတ်ပြီး လူကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရန်ကြိုးပမ်းနေသော လုပ်ရပ်မှန်သမျှသည်အချည်းအနှီးသာဖြစ်၏။ ဤနည်းအားဖြင့် လူသား၏ပုဂ္ဂလဘဝဖြစ်တည်မှုကို မည်သို့မျှနားလည် သဘောပေါက်မည်မဟုတ်ဟု ဆာ့တ်က ဆိုလိုခြင်းဖြစ်ပေသည်။
ဤသို့ဆိုလျှင် ပုဂ္ဂလလူသားတဦး၏ အမှန်တကယ် စစ်မှန်သောဘဝဖြစ်တည်မှုဟူသည် အဘယ်နည်း။
ဤမေးခွန်းအတွက်အဖြေကို “အရှိ တရားနှင့်သုညဘဝ” ဟူသော သူ၏ ဂန္ထဝင်ဒဿနကျမ်းတွင်အခြေခံကျကျတင်ပြရှင်းလင်းပေးခဲ့သည်။