Thursday, February 28, 2019

သမီးပြည့်တန်ဆာ (မင်းခိုက်စိုးစန်)

0 comments
သမီးပြည့်တန်ဆာ (မင်းခိုက်စိုးစန်)
(၁)
မနက်ဖြန်ဆိုလျှင် ကျွန်တော့ဆေးခန်း ဆိုင်းဘုတ်အောက်တွင် လူသေများကိုဆေးကုသည်ဟူသော စာကြောင်း တစ်ကြောင်း ဖြည့်စွက် ရေးသားရဦးမည်။
(၂)
ဝါးထရံကာ ဆေးခန်းငယ်လေး၏ ရှေ့ဘက်ခြမ်း ငွေရှင်းကောင်တာသဖွယ် ပြုလုပ်ထားသော ဆေးဗီရိုဘေးရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ တံစက်မြိတ်မှ တပေါက်ပေါက်ကျနေသောမိုးရေစက်များကို ကျွန်တော် ငေးကြည့်နေသည်။ မုတ်သုံရာသီတိမ်တိုက်များက မှုံရီသော ရေစက်ရေငွေ့တွေကို ထမ်းပိုးထားရသဖြင့် အလင်းအားချို့တဲ့နေ၏။ လက်လုပ်လက်စားဆင်းရဲသား အများစု နေထိုင်ရာ ဆင်ခြေဖုံး ရပ်ကွက်ထဲရှိ ကျွန်တော်၏ဆေးခန်းငယ်လေးထဲတွင်လည်း အလင်းတစ်ဝက် အမှောင်ဘက်တစ်ခြမ်းနှင့်ပင်။

အခုလို မိုးဦးကျမှာ တုပ်ကွေးကွေးသူတွေ ဝမ်းပျက်ဝမ်းလျှောသူတွေ ပြီးတော့ ဗိုက်ပူနံကားနှင့် သန်ကောင်တွေဝမ်းထဲမှာ ပြည့်သိပ် လိမ်ထိုးနေကြသောကလေးငယ်တွေ ဆေးခန်းဆီရောက်လာတတ်ကြသည်။ ဟိမဝန္တာတောင်စောင်းက ငါးရှာတဲ့ငှက်တွေ ဝါဆို အမှီ ရောက်လာကြသလိုမျိုးပေါ့။
တကယ်တော့ သူတို့ပြဿနာက ကျန်းမာရေးချို့တဲ့မှု သက်သက်မဟုတ်။
ကျန်းမာရေး ချို့တဲ့တာကို ပျောက်အောင်ကုသပေးဖို့ ဆေးထိုးအပ်ထဲကို ပဋီဇီဝဆေးရည်တွေ ကြိမ်ဖန်များစွာ စုပ်ယူဖူးသည်။ သို့သော် အခါတိုင်းလိုလိုမှာပင် ကျွန်တော့လက်တွေက တစ်ဝက်တစ်ပျက်မှာ တုံ့ဆိုင်းသွားတတ်သည်။ သူတို့ရဲ့ ပိုက်ဆံမရှိတဲ့ရောဂါကိုရော ဘာဆေးနဲ့ ကုမှာလဲ……။
အသိပညာမရှိတဲ့ ရောဂါကိုရော…. ပုလင်းကြီးချိတ်သလို အကြောထဲ တစ်စက်ချင်းသွင်းပေးလို့ ရမှာတဲ့လား။ သြော်…..လူလိုနေခွင့် မရခြင်းကိုက နာတာရှည်ရောဂါပါပဲ။
ကြည့်လေ….။ တုပ်ကွေးမိသဖြင့် ဆေးခန်းလာပြသူ လူနာတစ်ယောက်က ဆေးထိုးပေးပါဆရာဟု တောင်းဆိုသောကြောင့် ကျွန်တော်က…..
ဘာဖြစ်လို့ဆေးထိုးပေးရမှာလဲဗျ ရိုးရိုးတုပ်ကွေးဆိုတာ ၇ ရက်လောက် ကောင်းကောင်းအနားယူလိုက်ရင် ဘာဆေးမှမလိုဘဲ သူ့ဘာသာသူ ပျောက်တဲ့ရောဂါပဲ။ လေကောင်းလေသန့်ရှူ အားရှိတာ စားပေါ့ဗျ။
ဟာဆရာကလည်း၊ ဘယ်လိုလုပ်ပြီး နားလို့ရမှာလဲဗျ။ ဒီနေ့ ကျွန်တော် ကုန်စိမ်းသွားမထမ်းရင် ဒီနေ့တစ်မိသားစုလုံး ဗိုက်မှောက်နေရမှာပေါ့။ ကဲပါ…ဆရာရယ်…ဆေးထိုးချင်ရင်ထိုး မထိုးချင်နေ မနက် ၃ နာရီ ကုန်စိမ်းကားအချိန်အမှီတော့ အဖျားကျအောင် တစ်ခုခုလုပ်ပေးပါ ဆရာရယ်။ လူနာက ညည်းညည်းညူညူ ပြောလာတော့လည်း ကျွန်တော် သက်ပြင်းချရပြန်သည်။ ကျွန်တော် သင်ကြားခဲ့ရသောဆေးပညာ ကျမ်းစာအုပ်ကြီးများထဲတွင် ကုန်စိမ်းထမ်းဖို့အချိန်မှီအောင် အမြန် အဖျားကျနည်းကုထုံးမျိုး မပါခဲ့ချေ။
ကျွန်တော်က ဟောဒီဆင်ခြေဖုံးရပ်ကွက်ဆေးခန်းလေးတွင် လာထိုင်ဖြစ်သည်မှာ တစ်လပင် မပြည့်သေးပေ။ ကျွန်တော်နှင့် တစ်တန်းတည်းသား သူငယ်ချင်းဆရာဝန်က ပုသိမ်ဆေးရုံသို့ပြောင်းရွှေ့ရန် တာဝန်ကျသောကြောင့် သူထိုင်လက်စဆေးခန်းကို ကျွန်တော့ဆီ လွှဲပေးခဲ့ခြင်း ဖြစ်သည်။

ဆေးခန်းကလေးက ဆယ်ပေပတ်လည် ကျဉ်းကျဉ်းကျုတ်ကျုတ်ပင်ဖြစ်သော်လည်း ရေနံချေးသုတ်ထားသည့် ဝါးထရံ အပြည့် ကာထားပြီး သွပ်မိုးထားသောကြောင့် သပ်သပ်ရပ်ရပ်ရှိလှသည်။
အထဲမှာကား လူနာ စမ်းသက်ဖို့ သီးသီးသန့်သန့် အခန်းမဖွဲ့နိုင်။ ဆေးခန်းရှေ့ဗီရိုဘေးတွင် ပက်လက်ကုလားထိုင်တစ်လုံးနှင့် ခုံတန်းရှည် တစ်ခုချထားပြီး အတွင်းဘက် လူနာဆေးထိုးသည့်ခုတင်ကြားမှာ လိုက်ကာ ရှည်ရှည်တစ်စ ဆွဲပိတ်လိုက်သည်ကပင် ဆရာဝန်နှင့် လူနာ ဆွေးနွေးကုသသည့် အခန်းသဖွယ် ဖြစ်တော့သည်။ လိုက်ကာအတွင်းဖက်က ဆရာဝန်နှင့် လူနာပြောသမျှကို အပြင်ဘက်တွင် ထိုင်စောင့် နေသည့် တခြားလူနာများက အတိုင်းသားကြားရသည်။
(၃)
မတတ်နိုင်…။ ကျွန်တော့သူငယ်ချင်းဆရာဝန် စီမံပေးသွားသလောက် အခန်းအနေအထားက ဒီလောက်သာ ရသည်။ အဲ…ပြီးတော့ ကျွန်တော့သူငယ်ချင်းဆရာဝန် လက်လွှဲပေးခဲ့သမျှထဲမှာ အသုံးအဝင်ဆုံးနှစ်ခုကတော့ ငွေရှင်းကောင်တာအဖြစ် အသုံးပြုရသော ဆေးဗီရိုနှင့် ဆေးခန်းအကူစာရေးလုပ်သော ကိုစိန်သောင်းတို့ပင် ဖြစ်သည်။ အထူးသဖြင့် ကိုစိန်သောင်းက အရင်ခေတ် ဆယ်တန်းစာမေးပွဲကို(ခ) အဆင့်ဖြင့် အောင်မြင်ထားပြီး ကွန်ပေါင်ဒါသင်တန်းတက်ဖူးသောကြောင့် ရပ်ကွက်ထဲတွင် လူပေါင်းသူပေါင်းဆန့်ပြီး လည်လည်ဝယ်ဝယ် ချက်ချက်ချာချာ ရှိသည်။ ဒီရပ်ကွက်သားဖြစ်သောကြောင့် လူနာအချို့က ဆရာဝန်အား မပြောချင်သောကိစ္စတစ်ချို့ကိုပင် သူ့ကိုကျတော့ ယုံယုံကြည်ကြည်ဖွင့်ပြောသည်ကို ကြုံဖူး၏။ ခိုင်းလိုက်စေလိုက်လျှင်လည်း ဖင်ပေါ့သည်။
ယခုလည်း ကျွန်တော်သွားကြည့်ခိုင်းသော လူနာအိမ်ဆီသို့ မိုးထဲရေထဲ မညည်းမညူသွားကြည့်ပြီး ပုဆိုးအောက်နားစ ရေတစက်စက်ဖြင့် ပြန်ရောက်လာလေပြီ။
ဆရာရေ…ထင်တဲ့အတိုင်းပဲဗျ။ လူနာကိုယ်တိုင်က လာချင်ပေမယ့် သူ့မယားက ဆေးဖိုးပေးစရာမရှိလို့ အားနာပြီးမလာဝံ့တာတဲ့….
ခက်တာပဲ ကိုစိန်သောင်းရာ။ ပိုက်ဆံမရှိဘူးဆိုပြီး ဒီအတိုင်းထားလို့ရတဲ့ကိစ္စမှ မဟုတ်တာ။ ဒီလူက ဆီးချိုအခံရှိတော့ ခြေထောက်က တဖြည်းဖြည်း ပုပ်လိုက် လာနေပြီ။ တော်ကြာ ခြေထောက်ပါဖြတ်နေရမှာစိုးလို့ပြောတာ ကျွန်တော်လည်း ဆရာပြောတဲ့အတိုင်း ရှင်းပြတာပါပဲ။ ဒါပေမဲ့ ခက်တယ်ဆရာရေ။ ဆေးခန်းပြရကောင်းမှန်း သိတာကိုတောင် ကျေးဇူးတင်ရဦးမယ်။ တချို့က တော်ရုံနဲ့မပျောက်လို့ ရောဂါ ကြန့်ကြာနေပြီလားဆို နတ်ကိုင်သလိုလို လူပြုစားခံရသလိုလို ထင်ကြသေးတာ၊ ကျွန်တော်တို့ဘက်က အဲဒီလိုဗျ

ကျွန်တော် နာနာကျင်ကျင် ပြုံးမိသည်။ ပြီးတော့ နာနာကျင်ကျင်ပင် ဟားတိုက်သရော်ချင်မိသည်။ ကျိကျိတက်ချမ်းသာသည့် လူ့အသိုင်းအဝိုင်းတွေထဲမှာ အဲဒီလို လူပြုစားတာတွေ ပယောဂတွေနဲ့တိုက်တာတွေ မကြားဖူးသလောက်ပင်။ တကယ်ဆို တစ်ယောက်နဲ့ တစ်ယောက် စီးပွားချင်းပြိုင် ဂုဏ်ချင်းပြိုင် သားသမီးချင်း စာတော်တာပြိုင်နေကြသော ငွေရှင်ကြေးရှင်ပညာတတ်တွေကြားမှာ ပြုစားကြပါတော့လား။ ပယောဂနဲ့တိုက်ကြပါတော့လား။ ဒါမှ နိုင်ရင် မြိုးမြိုးမြက်မြက် အကျိုးရှိမယ် မဟုတ်လား။ (ယုတ္တိရှိအောင် စဉ်းစားကြည့်ရင် ပြောပါတယ်)
ဟော အခုတော့ ပြုစားပြီဆိုလိုက်မှဖြင့် ကုန်းကောက်စရာမရှိအောင်မွဲနေတဲ့ ဆင်းရဲသားလက်လုပ်လက်စားတွေ အချင်းချင်းကြားမှာချည်းပဲ။
သြော်….ဖြစ်ရလေ…။
ဓနမိုး ထရံကာ စားစရာဆန် နပ်မှန်အောင်မရှိကြတဲ့လူအချင်းချင်း ပြုစားလိုက်လို့ကော ဘယ်လောက်များနိုင်ပြီး ဘယ်လောက်များ ရှုံးသွားမှမို့လို့လဲ။ အဲဒီလိုမျိုး ကိုယ့်ဘဝကိုယ့်အသိုင်းအဝိုင်းအကြောင်းတော့ ယုတ္တိရှိအောင် မစဉ်းစားတတ်ကြ၊ တစ်ခါလာလည်း လူပြုစားလို့။ တစ်ခါလာလည်း ရိုးရာကိုင်လို့။ တစ်ခါလာလည်း ရွာသူနှောင့်ယှက်လို့နဲ့။
အဲဒီ အကြောင်းတွေစဉ်းစားမိတိုင်း အသက်ရှူလိုက်သည့်အခါ လေထဲက ဖုန်မှုန့်တွေကို အာခေါင်ထဲမှာ ကြမ်းရှရှဝါးမိသလို ခံစားရသည်။ ကျွန်တော် ဆေးကျောင်းသားဘဝတုန်းကတော့ ဆရာဝန် ဖစ်လျှင် ပျော်စရာကောင်းလိမ့်မည်ဟု ရိုးရိုးစင်းစင်းပင် ထင်မှတ်ခဲ့သည်။ လက်တွေ့မှာတော့ အသိဉာဏ်အားနည်းလွန်းတဲ့လူတွေရဲ့ကျန်းမာရေးကို စိတ်ပူပေးနေရတာဟာ ကိုယ့်စေတနာကို ကြိုးကွင်းလုပ်ပြီး ကိုယ့်လည်ပင်းကို တစ်စတစ်စ ဖြည်းဖြည်းချင်းတင်းအောင် ရစ်ပတ်နေရသလိုပါပဲ။
(၄)
ကျွန်တော် ဒီဆေးခန်းလေးကိုရောက်လာပြီး သုံးလေးရက်အတွင်းမှာပင် လမ်းတစ်ဖက်ခြမ်းရှိ တိုက်ခံပျဉ်ထောင်အိမ်မှ ဒေါ်သိန်းမြကို စပြီး သတိထားမိခဲ့သည်။ လူပုံစံက အသားဖြူဖြူ ဝဝဖိုင့်ဖိုင့်နှင့် လက်သန်းလုံးလောက်ရှိသည့် ရွှေဆွဲကြိုးကြီးကို လည်ကုပ်ထဲ မြုပ်မတတ် ဆွဲထား၏။ ဒူးယားစိမ်း စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် မပြတ်တမ်းဖွာရှိုက်နေတတ်သည်ကလည်း ဒေါ်သိန်းမြ၏ ထူးခြားသည့် အကျင့် တစ်ခုပင် ဖြစ်သည်။

ဒီရပ်ကွက်လေးထဲတွင် စီးကရက်ကို လက်က မချတမ်းသောက်သည်ဆိုကတည်းက ငွေကြေးချောင်လည်သူ တစ်ယောက်မှန်း ကျွန်တော် အကဲခတ်မိ၏။ ထင်သည့်အတိုင်းပင်။ ညနေစောင်းပြီဆိုသည်နှင့် ဒေါ်သိန်းမြတစ်ယောက် သားရေပိုက်ဆံအိတ် တစ်အိတ်ကို ချိုင်းကြား ညှပ်ကာ စာရင်းစာအုပ်တစ်အုပ်ကိုကိုင်ရင်း လမ်းတကာ လှည့်တော့၏။
ဒေါ်သိန်းမြက ပိုက်ဆံသာ အတော်အသင့်ပြေလည်ပေမယ့် စာတော့ သိပ်မတတ်ရှာ။ ညမိုးချုပ်လို့ နေ့ပြန်တိုးသိမ်းပြီး ရလာသမျှ ပိုက်ဆံ တွေကို တူဖြစ်သူ ကျော်ထူးက အိမ်မှာစောင့်ကာ ဒိုင်ခံရေတွက်ပေးရ၏။ ဒါကြောင့်လည်း ကျော်ထူးက စာကောင်းကောင်းမတတ်သည့် သူ့အဒေါ်ကို စာရင်းလိမ်ကာ တစ်ခါတစ်ရံ ပိုက်ဆံနှစ်ထောင်မျိုး သုံးထောင်မျိုးတစ်ပတ်ရိုက်လာပြီး သူငယ်ချင်းဖြစ်သူ ကိုစိန်သောင်းနှင့်အတူ ရပ်ကွက်ထိပ်က အရက်ဖြူဆိုင်သို့သွားကာ တစ်ခွက်တစ်ဖလား ချတတ်ကြသည်။ ည ၉ နာရီ လောက်ဆိုလျှင် ကိုကျော်ထူးတစ်ယောက် ကျွန်တော့ဆေးခန်းရှိရာဘက်သို့ ကူးလာပြီး
ဆရာရေ…ဆေးခန်း ပိတ်တော့မှာလား ။ ကျွန်တော် ဘာကူရဦးမလဲဟု မျက်နှာချိုသွေးတတ်၏။ ကျွန်တော်က နေပါ ကိုကျော်ထူးရာ… ခင်ဗျားလူ ကိုစိန်သောင်းကိုလာခေါ်တာ မဟုတ်လား….ကဲ….သွားစရာရှိတာ ဖြောင့်ဖြောင့်တန်းတန်းသွားကြပါ။ ကျွန်တော့ဘာသာ ဆေးခန်းပိတ်ပြီး ပြန်လိုက်ပါ့မယ်ဗျာ….
ဟီး….ဟီး ကျေးဇူးပါပဲ ဆရာရေ၊ ကျွန်တော့အဒေါ်ဆီက ဘတ်ထားတဲ့ပိုက်ဆံလေးတွေနဲ့ ဒါနမြောက်အောင် အတီးဆိုင်မှာ ရေစက်ချ အမျှဝေလိုက်ဦးမယ်ဗျို့။
ကိုကျော်ထူးနှင့် ကိုစိန်သောင်းတို့နှစ်ယောက်သား ကျွန်တော့ကိုနှုတ်ဆက်ပြီး ရယ်ရယ်မောမောနှင့် ထွက်သွားကြသည်။ ကျွန်တော်က ဆေးရောင်ကွက်ကျား ပြယ်လွင့်နေသည့် သစ်သားတံခါးလေးကိုဆွဲပိတ်ပြီး တရုတ် သော့ခလောက်တစ်လုံးခတ်လိုက်သည်နှင့် ဆေးခန်း ပိတ်သည့်အလုပ်က ပြီးသွားသည်။
ကျွန်တော်က ဆေးခန်းရှေ့က အမှောင်လမ်းလေးအတိုင်း ဖြည်းဖြည်းလျှောက်ကာ ထွက်လာခဲ့၏။ ထို့နောက် ကြုံရာဆိုက်ကားဖြင့် ရပ်ကွက်ထဲက ခရိုးခရိုင်ဝါးတဲလေးတွေ၊ အသုဘခေါင်းတွေလို ကျဉ်းမြောင်းမှောင်မိုက်ပြီး လူတွေ အပြွတ်လိုက်ဝင်အောင် ဝင်အောင်း နေသော တန်းလျားအိမ်ခန်းတွေ၊ မီးလုံး ဝါကျင့်ကျင့် မှိတ်တုတ်တုတ်များတွဲလောင်းခိုနေသည့် လမ်းကြိုလမ်းကြားတွေကို ဖြတ်သန်းပြီး ဘတ်စ်ကားဂိတ်ဆုံးဆီ လာခဲ့သည်။ ပြီးတော့….ထုံးစံအတိုင်း တအိအိ ယိမ်းထိုးမောင်းနှင်သွားသော ဘတ်စ်ကားအိုကြီးပေါ်တွင် နာရီဝက်လောက် ငိုက်မြည်းလိုက်ပါသွားရဦးမည်။

ဒီလိုနှင့်ပင် အရက်ပြန်နံ့စူးစူးတွေ တရုတ်နိုင်ငံလုပ်ဆေးဝါးတွေ အနားထောင့်စုတ်ပြဲနေသော ကျန်းမာရေးပညာပေး ပိုစတာစာရွက်တွေ ထည့်သွင်းရာ ဆေးခန်းလေးဆီ တစ်နေ့တစ်နေ့ အသွားအပြန်လုပ်ရင်း ကျွန်တော့ကိုယ်ကျွန်တော် ရှင်သန်နေသည်လား သေဆုံးနေပြီလား မခွဲခြားတတ်တော့။

ရှင်သန်ခြင်းဆိုတာ ဘာလဲ။ ကိုယ်ရောက်သည့် ပတ်ဝန်းကျင်ထဲမှာ စီးမျောနေထိုင်ရင်း အသက်ရှူနေနိုင်ခြင်းကိုပင် ရှင်သန်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ ဟောဒီရပ်ကွက်ကလေးမှာတော့ သူတို့တစ်တွေသည် အရာအားလုံးနှင့် နေသားတကျဖြစ်လွန်းလှ၏။
ညနေခင်းတွေဆို ယောက်ျားသားတွေက နံနံစော်စော် အရက်ဖြူဆိုင်ထဲမှာ ခေါင်းထိုးဝင်ရင်း အပေါစားအရက်ကို ညစ်ပတ်ပေကျံနေသည့် ပလတ်စတစ်ခွက်ဖြင့် လက်လှည့်သောက်ရင်း ရန်ဖြစ်လိုက် ပခုံးဖက်လိုက်နှင့် နေသားတကျရှိနေကြသည်။ မိန်းမဖြစ်သူတွေကလည်း နေ့ပြန်တိုးယူထားသည့်ပိုက်ဆံကို အဆင်ပြေတဲ့အခါ ပြန်ဆပ်လိုက်(အဲဒီလို အခါမျိုးတွင် ဟင်းစား ဆုံလေ့ရှိသည်။) မဆပ်နိုင်သည့်အခါမျိုးဆိုလျှင် ကြွေးရှင်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် မိုးမွှန်အောင်ဆဲဆိုတတ်ဖို့ကိုလည်း သူတို့ပါးစပ်တွေက နေသားတကျ ဖြစ်လွန်းသည်။
နေ့လယ်နေ့ခင်းကျပြန်တော့ တိတ်ဆိတ်နေသည့် မွန်းလွဲနေရောင်အောက်မှာ မိန်းမသူငယ်ချင်း အချင်းချင်း ကိုယ့်ခေါင်းသန်းရှာရင်း အတင်းပြောရင်းနှင့်လည်း ရပ်ကွက်ကလေးက နေသားကျသည်။
ကျွန်တော်သည်ပင်လျှင် ဒီရပ်ကွက်ကိုရောက်ခါစက (သူတို့စားသည့်ဟင်းကို မဆိုထားနှင့်) ထမင်းထဲကိုပင် အချိုမှုန့်ကိုဖြူးပြီး ပါးစပ်ထဲ ထည့်ကာ အားပါးတရဝါးမျိုချသည်ကိုမြင်ရတော့ တုန်လှုပ်ချောက်ချားသွားမိသည်။ ဒါပေမဲ့ ကြာလာတော့လည်း ငါးပိရည်ဖျော်သည့်အထဲ အချိုမှုန့်ထည့်စားတာတွေ ဟင်းချက်သည့်အခါ စားအုန်းဆီနှင့်အတူ အချိုမှုန့်တွေ ဗုံးပေါလအော ခတ်လိုက်တာတွေဟာ မထူးဆန်းတော့သလိုမျိုး ကျွန်တော့မြင်ကွင်းထဲမှာ အမှတ်တမဲ့ နေသားတကျ ဖြစ်လာ၏။ ဒါကိုပဲ ရှင်သန်ခြင်းဟု ခေါ်လေသလား….။
ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော် သေဆုံးနေပြီဟု ထင်သည်။
တစ်နေ့ ဆေးခန်းတွင်လူရှင်းသည့် နေ့လယ်ခင်းအချိန်၌ ကိုကျော်ထူးတစ်ယောက် လာလည်ရင်း….
ဆရာရေ….. ကျွန်တော့အဒေါ်လည်း မောတယ် ကြပ်တယ်နဲ့ သူ့ကိုယ်သူ လူပြုစားခံရတယ်လို့ချည်းပဲ တပ်အပ် စွပ်စွဲနေတာ့တာပဲ။ ပယောဂ ဆရာတွေပင့်ပြီးကုတာလည်း တော်ကြာ သက်သာသလိုဖြစ်လိုက် ဟော တစ်ရက်နှစ်ရက်ကြာရင် ပြန်ဖြစ်လိုက်နဲ့ …။ မလွယ်ပါဘူးဗျာ။ အေးလေ….သူက ရပ်ကွက်ထဲ ငွေတိုးပေးစားတာဆိုတော့ မုန်းတဲ့သူတွေဘာတွေလည်း ရှိရင် ရှိမှာပေါ့။
ကျွန်တော်က ဒီလို စကားတွေနှင့် နေသားကျနေပြီမို့ ကိုကျော်ထူးကို ဘာမှ မတုံ့ပြန်တော့ဘဲ ပြုံးရုံသာပြုံးနေလိုက်တော့သည်။
(၅)
နောက် ငါးရက်ခန့်အကြာတွင်ကား ဒေါ်သိန်းမြကိုယ်တိုင် ကျွန်တော့ဆေးခန်းသို့ နေ့ခင်းကြောင်တောင် ရောက်လာပြီး ဆရာရေ မနက်ဖြန် အိမ်မှာ ဘုန်းကြီးဆွမ်းကပ်မှာမို့လို့ ကြွခဲ့ပါဦး၊ ဟင်….ခင်ဗျား မျက်နှာကြီးတစ်ခုလုံးလည်း နီရဲလို့ပါလား ။ လာပါဦး…ဒေါ်သိန်းမြရဲ့ ဝင်ထိုင် စမ်းပါဦးဗ၊ျ ဒါနဲ့ ဘာကိစ္စဆွမ်းကပ်ရတာတုန်း မွေးနေ့မွေးရက်တိုက်ဆိုင်လို့လား ကျွန်တော့အပြောကြောင့် ဒေါ်သိန်းမြက ဝင်ထိုင်လိုက်ရင်း
မဟုတ်ပါဘူးဆရာရယ်၊  အန္တရာယ်ကင်း ဆွမ်းကပ်မှာပါ။ အခုတလော အတိုက်အခိုက်တွေများနေလို့လေ၊
ဘယ်လို အတိုက်အခိုက်လဲဗျ
သိသိကြီးနှင့် ကျွန်တော်က သူပြန်ဖြေမည့်စကားကို အပျင်းပြေနားထောင်ရအောင် အစဖော်ပေးလိုက်၏။ ထင်သည့်အတိုင်းပင် ဒေါ်သိန်းမြက
ပယောဂနဲ့တိုက်တာလေ ဆရာရဲ့။ ဘယ်သူလုပ်သလဲဆိုတာလည်း ရိပ်မိပါရဲ့ ဆရာရယ်။ မြောက်ပိုင်းက မိဌေးပဲရှိတာ ကောင်မက ကိုယ့်သားသမီးကိုတောင် ဟဝှာလုပ်ခိုင်းတဲ့အစားထဲက ဆရာရဲ့။ ကဲပါလေ ဒင်းတို့အကြောင်းပြောရတာ အကုသိုလ်များပါတယ်။ ဟူး…မောလိုက်တာ
ကဲ….မောရင် ခုတင်ပေါ်ခဏလှဲ။ ကျွန်တော် သွေးတိုင်းပေးမယ်
ကျွန်တော့စိတ်ထဲ တွက်ဆမိသော ရောဂါနာမည်တစ်ခု ဟုတ်လိုဟုတ်ငြား အကဲခတ်ရအောင် ဒေါ်သိန်းမြကို လူနာစမ်းသပ်သည့် ခုတင်ပေါ် လှဲခိုင်းလိုက်သည်။ ဒါကိုပင် ဒေါ်သိန်းမြက ခေါင်းခါခါလည်ခါခါဖြင့်
မဆိုင်ပါဘူး ဆရာရယ၊် ဒါ ပယောဂ ဆရာရဲ့.. ပယောဂ မြင်းဖြူရှင်က ခွာနဲ့ ရင်ဘတ်ကိုစုံကန်လို့မောနေတာ ဆရာရေ
မြင်းက ခင်ဗျားရင်ဘတ်ကိုစုံကန်မှဖြင့် မောရုံတင်မကဘူး ခင်ဗျားနံရိုးတွေပါကျိုးပြီး ဆေးရုံ ရောက်ပြီပေါ့ဗျ
ကျွန်တော်က ပြုံးစစနှင့်ပြောလိုက်သည်ကို ဒေါ်သိန်းမြက နောက်ပြောင်မှန်းမရိပ်မိဘဲ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်
အို….ဆရာကလည်း တကယ့်မြင်းအစစ် မဟုတ်ဘူးလေ၊ အပြင် ၃၇ မင်း အတွင်း ၃၇ မင်းထဲက အဖ မြင်းဖြူရှင်ကို ပြောတာ။ မြင်းဖြူရှင်ကိုတောင် ခိုင်းနိုင်ပြီဆိုမှတော့ သူတို့ပညာက အတော်မြင့်နေပြီ ဆရာရေ။ ဆယ့်နှစ်ကြိုးတော့ ဆယ့်နှစ်ကြိုး…အင်း ဆယ့်နှစ်ကြိုးဆိုတော့ တစ်ဒါဇင်ပေါ့ဗျာ။ ကဲ…လာ…လာ..။ ခင်ဗျားကို တစ်ပြားမှမယူဘဲ သွေးပေါင်ချိန်ပေးမှာ။ အလကားရတုန်း ချိန်သွား။ ကြေး မများနဲ့….
ဒီတော့မှ ဒေါ်သိန်းမြလည်း မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ရင်း စမ်းသပ်ခုတင်ပေါ် လှဲချလိုက်သည်။ ထိုသို့ လှဲလိုက်သည်နှင့် တစ်ပြိုင်နက် စောစောကနီရဲနေသော ဒေါ်သိန်းမြ၏ မျက်နှာ အသားအရေမှာ ညိုညစ်ညစ်ဖြစ်သွားပြီး မျက်လုံးထောင့်တွေမှာ ရဲတွက် သွားသည်ကို တွေ့လိုက်ရ၏။ အင်း….သူ့ရောဂါကို ကျွန်တော် မှန်းဆမိပါပြီ။

ညနေကျတော့ သူ့တူ ကိုကျော်ထူးကိုခေါ်ပြီး အကျိုးအကြောင်းပြောကာ ဒေါ်သိန်းမြကို နားချခိုင်းရသည်။ အားလုံးက ဝိုင်းပြီး ချော့တစ်လီ ချောက်တစ်လှည့်ဖြင့်စည်းရုံးကာ ဒေါ်သိန်းမြ လက်မှ သွေး 5cc ခန့် ဖောက်ယူတော့ ဝက်သတ်သလို အော်လိုက်သည့်ဖြစ်ခြင်း။
ထိုသွေးကို ဓာတ်ခွဲခန်းပို့ပြီးစစ်လိုက်တော့ အဖြေက ကျွန်တော်ထင်သည့်အတိုင်း polycythaemia ဟု ခေါ်သော သွေးနီဥ ပိုလျှံများပြား လွန်းသည့်ရောဂါ ဖြစ်နေသည်။ အရပ်စကားဖြင့်တော့ သွေးပြစ်သည့်ရောဂါဟု ခေါ်ကြသည်။ ထိုအခါကျမှ ကျွန်တော်က ဒေါ်သိန်းမြကို ဆေးခန်းသို့ခေါ်ပြီး ကဲ…ဒေါ်သိန်းမြရေ….ခင်ဗျား မြင်းဖြူရှင်ပယောဂကို ကျွန်တော် နာရီဝက်အတွင်း ပျောက်အောင် ကုပေးမယ်။ ဘယ့်နှယ့်လဲ၊ ဒေါ်သိန်းမြကတော့ သူတစ်ခါမှ မကြုံဖူးသည့်အဖြစ်အပျက်များကြောင့် ဘာမှ မသိနားမလည်သော ကလေးတစ်ယောက်လို မျက်စိသူငယ်ားသူငယ် ဖြစ်နေတော့၏။
ကျွန်တော်က ဒေါ်သိန်းမြ၏ လက်မောင်းသွေးပြန်ကြောထဲမှ သွေးကို 500cc ခန့်ဖောက်ထုတ်ပစ်ပြီး ဓာတ်ဆားရည် တစ်ပုလင်း ပြန်သွင်း ပေးလိုက်သောအခါ နီမြန်းညစ်ပုတ်နေသော ဒေါ်သိန်းမြ၏မျက်နှာသည် ပကတိ အသားရောင်အတိုင်း ပြန်ကောင်းသွားပြီး ချက်ချင်းပင် ငေါက်ခနဲ ထထိုင်လေတော့သည်။
ဘယ်နှယ်လဲ…မောသေးလား ဒေါ်သိန်းမြ
မမောတော့ဘူးဆရာ သက်သာသွားပြီ
အင်း မှတ်ထားဗျ။ အဲဒါ ဘာပယောဂမှ မဟုတ်ဘူး။ ဘယ်မြင်းဖြူရှင်မှလည်း ခင်ဗျားဆီကို အားအားယားယား မလာဘူး။ ခင်ဗျား ဆေးလိပ်တွေနင်းကန်သောက်လို့ ဒီရောဂါဖြစ်တာ သိပြီလား၊
အဲဒီလိုပြောပြီး ကျွန်တော် ဆေးလိပ်ဖြတ်ခိုင်းတော့ ဒေါ်သိန်းမြက ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်ရှာသည်။ အဲဒီကစပြီး ဒေါ်သိန်းမြတစ်ယောက် ကျွန်တော့ဆေးခန်းမှာ တစ်ပတ်တစ်ခါ သွေးပေါင်လာချိန်ရ ဆေးစစ်ရ အားဆေးထိုးရနှင့် အရှင်လတ်လတ်ကြီး ဘဝကူးသလို အပြာင်းလဲကြီးပြောင်းလဲသွားတော့သည်။ ဒီလိုမျိုး အကောင်းဘက်နှင့်ကြုံရတော့လည်း သက်ပြင်းမောမောတွေကြားမှ ကျွန်တော် ခပ်နွမ်းနွမ်းလေး ပြုံးခွင့်ရပြန်သည်။ ရွာတော့မည့် ပြာမှိုင်းမှိုင်းတိမ်စိုင်တွေ၏အနားစပ်မှာ ငွေရောင်လင်းလက်နေသည်ပဲ။ မုန်တိုင်းစဲလျှင်ဖြင့် နေရောင်ခြည်ကို မြင်တွေ့ခွင့်ရမည်ထင်သည်။
(၆)
ဆရာ ကျွန်မ သမီးကို (၃)လခံဆေး ထိုးချင်လို့ပါ ဆရာ
အသံကြားရာ ကျွန်တော်လှမ်းကြည့်လိုက်တော့ အစိမ်းရောင် ပါတိတ်ဝမ်းဆက်တစ်ပတ်နွမ်းကိုဝတ်ထားသည့် အသက် ၅ဝကျော်အရွယ် အသားမည်းမည်း ပိန်ကပ်ကပ် မိန်းမကြီးတစ်ယောက်နှင့် အသက် ၁၆ နှစ် ၁၇ နှစ် အရွယ် ကောင်မလေးတစ်ယောက်ကို တွေ့ရသည်။ မိန်းမကြီးက တွန့်လိမ်ကောက်ကွေးနေသည့် သူ့ဆံပင်တွေကို ဖြစ်သလိုစည်းနှောင်ထားတာမို့ ဟိုတစ်စ ဒီတစ်စ ဖွာလန်ကျဲနေ၏။
သူ့ဘေးက ကောင်မလေးကတော့ အပွင့်ကြီးကြီးအဆင်ပါသည့် လုံချည်ကို အဝါရောင် တီရှပ်ခပ်ပွပွတစ်ထည်နှင့် တွဲဝတ်ထားရာ အဆီအငေါ် မတည့်သည့်အပြင် ကလေးကို လူကြီးပုံစံ မပေါက်ပေါက်အောင် ဇွတ်အတင်း ဆင်ပေးထားသလိုမျိုး ရုပ်ထွက်ကြမ်းနေတော့သည်။
ကောင်မလေးက ခေါင်းကို မသိမသာ ငုံ့ထားသလောက် မိန်းမကြီးကတော့ ဟောင်းနွမ်းပြီးအရောင်လွင့်နေပြီဖြစ်သည့် သူ့ စလင်းဘတ် အိတ်ကြီးကို ပခုံးပေါ် ပင့်တင်ကာ တင်ကာနှင့် မျက်နှာကိုမော့ချီထားသည်။
ကျွန်တော်က သူတို့နှစ်ယောက်ကို စမ်းသပ်ခုတင်ဘေးက ပလတ်စတစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး အပြင်ကလူတွေ မမြင်အောင် လိုက်ကာစကို ဆွဲပိတ်လိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း လူနာမှတ်တမ်းစာအုပ်တွင် စာရင်းသွင်းဖို့ ဘောပင်ကို ကောက်ကိုင်ရင်း
နာမည် ဘယ်လိုခေါ်လဲ သမီး
ကေသီခိုင်ပါ ဆရာ
ကလေးမလေးက ခေါင်းပို ငုံ့သွားပြီး ကြားသာရုံမျှ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
အသက်ကရော
ကလေးမလေးက ကျွန်တော့မေးခွန်းကို ပြန်မဖြေဘဲ စလင်းလက်နှင့်မိန်းမကြီးကို အားကိုးတကြီး မော့ကြည့်လိုက်၏။ အမေဖြစ်ဟန်တူသော ထိုမိန်းမက ခြောက်ကပ်ကပ်အသံဖြင့်
အသက် ၂ဝ ပါ ဆရာဟု သူ့သမီး ကိုယ်စား ဝင်ဖြေသည်။ ကျွန်တော့်အကြည့်က ကလေးမလေး၏ နုနယ်သောမျက်နှာဆီသို့ ဖျတ်ခနဲ လှမ်းပြီး အကဲခတ်မိလျက်သား ဖြစ်သွားသည်။ ကျွန်တော့်အထင်တော့ ဒီလို မျက်နှာပေါက်နှင့် ကလေးသာသာကိုယ်လုံးကိုယ်ထည်က ဘယ်လို နည်းနဲ့မျှ အသက် ၂ဝ မရှိနိုင်လောက်ဘူးဟု တွက်ဆမိသည်။ ငါများ လူကဲခတ်မှားတာလား တစ်စုံတစ်ရာ၏စေ့ဆော်မှုကြောင့် ကျွန်တော့ ပါးစပ်မှ လွှတ်ခနဲမေးလိုက်မိသည်။
သမီးရဲ့ ခင်ပွန်းကရော ပါမလာဘူးလားကွယ့်
ကျွန်တော့စကားကြောင့် ကေသီခိုင်ဆိုသော ကလေးမလေးက မေးစေ့နှင့်ရင်ဘတ် ထိလုမတတ် ဦးခေါင်း ငုံ့လျှိုးသွားစဉ်မှာပင် သူ့အမေက ဝင်ပြီး ဒီလိုပါ ဆရာ သမီးက ဒီလကုန်ရင် မင်္ဂလာဆောင်မှာ မို့လို့ပါ။ အဲဒါ အိမ်ထောင် ကျကျချင်း ကလေးရသွားရင် ကသီကုန်ကြမှာ စိုးလို့ ကြိုလုပ်ထားတာပါ ဆရာ။
ကျွန်တော့စိတ်ထဲတွင် ဘာရယ်မသိ ဘဝင်မကျသလိုလို ဖြစ်မိသော်လည်း ကိုယ့်ဆေးခန်းကိုရောက်လာသည့် လူနာ၏လိုအပ်ချက်ကို ငြင်းခွင့်မရှိ။ ထို့ကြောင့် ဘာမှ ထွေထွေထူးထူး ဆက်မေးမြန်းမနေတော့ဘဲ ကလေးမလေးကို လူနာ စမ်းသပ်ခုတင်ပေါ် လဲလျောင်းခိုင်းပြီး သုံးလခံ ကိုယ်ဝန်တားဆေး Depo ပုလင်းကို ဖောက်ကာ ထိုးပေးလိုက်သည်။ ကိစ္စပြီးတော့ အမေဖြစ်ဟန်တူသည့် အမျိုးသမီးက
ဘယ်လောက်ကျသလဲ ဆရာ။ ဟု မေးလာသဖြင့် ရှေ့က အကူစာရေး ကိုစိန်သောင်းဆီမှာသာ ရှင်းဖို့ပြောရင်း ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်သည်။

ခန်းဆီး ဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်ကတော့ ဒေါ်သိန်းမြ၏မျက်နှာပင် ဖြစ်သည်။ ဒေါ်သိန်းမြက အထဲကထွက်လာသည့် သားအမိကို တစ်ချက် မျက်စောင်းထိုးကြည့်လိုက်ပြီးနောက် ခုံတန်းရှည်ပေါ်ထိုင်စောင့်နေသည့် လူနာသုံးယောက်ကို ဟဲ့ ကောင်မတွေ ညည်းတို့က ဆေးထိုးမှာ မဟုတ်လား။ ကျုပ်က သွေးပေါင်ချိန်ရုံလေးပဲအေ။ ကျုပ်အရင် ဝင်လိုက်မယ်။
ဒေါ်သိန်းမြက ပြောလည်းပြောရင်း အဖြေကိုပင်မစောင့်တော့ပဲ အတင်းတိုးဝင်ပြီး ဖျိုးခနဲဖျတ်ခနဲ လူနာစမ်းသပ်သည့်ခုတင်ပေါ် လှဲချ လိုက်သည်။ ပြီးတော့
ဆရာ…ကျွန်မ ခေါင်းထဲ နောက်တောက်တောက်ကြီးဖြစ်နေလို့ သွေးများ တိုးနေလား မသိဘူး။ မြန်မြန်လေး ချိန်ကြည့်ပေးပါဦး ဆရာရယ်
သြော် ဒေါ်သိန်းမြရယ် ခင်ဗျားနှယ် ခက်လိုက်တာ။ အဲဒီလို လမ်းလျှောက်လာပြီး မနားဘဲ ချက်ချင်း သွေးချိန်လို့ မရဘူးဗျ။ နှလုံးခုန်မှန်အောင် ခဏလေးတော့ ငြိမ်ငြိမ်လှဲနေဦး၊ အင်းပါလေ ဆရာက လှဲနေဆိုတော့လည်း လှဲရတာပေါ့။ သြော် ဒါနဲ့ စောစောကထွက်သွားတဲ့ မိဌေးတို့ သားအမိက ဘာလာလုပ်တာလဲ ဆရာ
သြော် ခင်ဗျားနဲ့ သိတယ်ပေါ့
မသိဘဲနေရိုးလား ဆရာရယ်။ ဟိုတစ်ခါ ကျွန်မကို ပယောဂနဲ့တိုက်တယ်လို့ထင်တဲ့ မိန်းမဟာ အဲဒီ မိဌေးပေါ့။ ပြောစမ်းပါ ဆရာရဲ့။ သူတို့ ဘာလာလုပ်ကြတာလဲလို့
ဟာ တခြား လူနာတစ်ယောက်ရဲ့အတွင်းရေးကို ဆရာဝန်တစ်ယောက်အနေနဲ့ပြောခွင့် မရှိဘူးလေ ဒေါ်သိန်းမြရဲ့
အံမယ်လေး ဆရာရယ်။ ကျွန်မ အပြင်ကနေ အားလုံးကြားပြီးပါပြီ။ ဟင်း…ဟင်း ကောင်မက မိန်းမလည် သိန်းကြွယ် ဂိုက်ဆိုက်သာ ဖမ်းနေတာ ဉာဏ်က လက်တစ်ဆစ်နဲ့ လိမ်တာတောင် ယုတ္တိယုတ္တာရှိအောင် မလိမ်တတ်ဘူး။ ဝါတွင်းကြီးများ ဒင်းက သူ့သမီးကို မင်္ဂလာဆောင်ပေးဦးမတဲ့ …ယုံပါလိမ့်မယ် အားကြီးကြီး ဟွန်း
ဟုတ်ပါရဲ့ ဒေါ်သိန်းမြပြောမှ စဉ်းစားမိသွားသည်။ မြန်မာရပ်ရွာ ဓလေ့ထုံးစံအရ ဘယ်သူမှ ဝါတွင်း မင်္ဂလာဆောင်လေ့ မရှိ။ ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သွားစဉ်မှာပင် ဒေါ်သိန်းမြက ဆက်ပြီး
သူ့သမီးအပျိုလေးကို သုံးလခံတားဆေး လာထိုးတယ်ဆိုကတည်းက ဟိုဟာ ဖြစ်တော့မယ်ဆိုတာ ရှင်းနေတာပဲ။ ဒင်းက ကိုယ့်သမီး ခန္ဓာကိုယ်ကိုတောင် ပိုက်ဆံနဲ့ရောင်းတဲ့ မအေမျိုး။ ကျွန်မ တိုးတိုးတိတ်တိတ် ကြားမိသလောက်ဆိုရင် အပျိုကို စပြီး ဇာတ်သွင်းရင် ကနဦးမှာ သုံးသိန်းပေးတယ် ဆိုလားပဲ။ အဲဒါ ကောင်မက ပိုက်ဆံသုံးသိန်းမက်ပြီး သူ့သမီးအပျိုကို ပန်းဦးဆက်မှာမို့လို့ ဗိုက်မကြီးအောင် ဒီမှာ ဆေးလာထိုးတာ ဆရာရဲ့။
စကားလုံးခါးခါးတွေက ကျွန်တော့ခေါင်းထဲကို သံနဲ့ရိုက်သွင်းလိုက်သလို ဒိုင်းခနဲ ဒိုင်းခနဲ ဝင်ဆောင့်လာသည်။ ဆင်းရဲသားရပ်ကွက်မှာ ဒီလို ဈေးကွက်မျိုး ထွန်းကားနေပြီလား။ အမေကိုယ်တိုင်က သမီးလက်ကိုဆွဲပြီး ကလေးရဲ့ အပျိုစင်ဘဝကို သုံးသိန်းဖြင့် လိုက်ရောင်းနေပြီလား။
သြော်….
အိမ်သာ ကမုတ်ခွက်ထဲက ကိုယ့်အညစ်အကြေးကို ရေဆွဲပြီး ဝေါခနဲ စွန့်ပစ်လိုက်သလိုမျိုး ကိုယ့်ဗိုက်ထဲက မွေးထုတ်ထားသော ကိုယ့်သမီးကို ပြည့်တန်ဆာဈေးကွက်ထဲ ဝေါခနဲ သွန်ချလိုက်ပုံများ …..လွယ်လိုက်တာ…။
ကျွန်တော်က သွေးပေါင်ချိန်တိုင်းသောကိရိယာ၏ ရာဘာဖုလုံးကိုညှစ်ရင်း ဖြည်းဖြည်းချင်း မြင့်တက်သွားသောပြဒါးတိုင်ကို အသိမဲ့စွာ ငေးစိုက်ကြည့်နေမိသည်။ ဖိအားတွေများလေလေ ပြဒါးတိုင်ဟာ အပေါ်ကို မြင့်တတ်လေလေပေါ့။
ကိုယ့်သမီးရဲ့ကာမကို ပြည့်တန်ဆာဈေးကွက်တင်ခါနီးဆဲဆဲ….ကိုယ်ဝန်ရှိသွားမှာကိုစိုးရိမ်သဖြင့် ဆေးခန်းခေါ်လာပြီး တားဆေး ထိုးပေးဖော် ရတာကိုကပဲ ဆပ်မကုန်တဲ့ မိဘမေတ္တာအနန္တလား။
မိုင်းနင်းမိသူတွေ ဗုံးဆံထိမှန်ခံရသူတွေ ကယောင်ကတမ်းလှုပ်ရှား ပြေးလွှားအော်ဟစ်ကြတာကို ကျွန်တော် မအံ့သြမိတော့။ အခု ကျန်တော် ကိုယ်တိုင်လည်း နာကျင်လွန်းသဖြင့် ရွဲ့ရွဲ့စောင်းစောင်းအတွေးများနှင့် ကယောင်ကတမ်း ဖြစ်နေ၏။
(၇)
ညဥ့်နက်ချိန်မှာ ဆေးခန်းကိုပိတ်တော့ ကိုကျော်ထူးက ပါးစပ်မှာ ယမကာနံ့လေးစိုစိုနှင့် ဝိုင်းကူသိမ်းပေးရင်း နေ့လယ်က သူ့အဒေါ် ပြောသွားသည့် စိတ်မချမ်းသာစရာစကားလက်ကျန်ကို ဆက်သည်။ ကိုစိန်သောင်းကလည်း ကျွန်တော့် မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာ တစ်ခွန်းစ နှစ်ခွန်းစ ဝင်ထောင်၏။
လူပျိုကာလသားကြီးတွေလည်းဖြစ် လည်ချောင်းထဲကို အရက်ဖြူအခိုးတွေကလည်း ဆူဝေနေချိန်ဆိုတော့ သူတို့ ပါးစပ်ကထွက်လာသည့် စကားတွေက အတန်ငယ်တော့ ရိုင်းပျကြမ်းတမ်းနေသည်။
အပျိုကို ပါကင်ဖောက်ရင် သုံးသိန်းဆိုတဲ့ဈေးက ဒေါ်ဌေးအဖို့တော့ မက်စရာပေါ့။ သူ့မှာလည်း ခါးအောက်ပိုင်းသေပြီး အိပ်ရာထဲ လဲနေတဲ့ လူမမာယောက်ျားအတွက် ဆေးဖိုးက ရှိသေးတယ်မဟုတ်လား စိန်သောင်းရ။
အောင်မလေး ကျော်ထူးရာ၊ အဲဒီ သုံးသိန်းက တစ်ခါပဲ ရမှာလေ။ အဝှာလည်း အပြုခံပြီးရော သူ့သမီးက ဘယ်လိုလုပ်ပြီး လင်ကောင်း သားကောင်း ရတော့မှာလဲ။ ရှေ့လျှောက် ဖာဖြစ်ဖို့ပဲ ရှိတော့တာပေါ။့
အမှောင်က စပါးကြီးမြွေ၏ မျက်လုံးလို သားကောင်ကို ညှို့နေ၏။ သားကောင်က ဘယ်သူလဲ။ ကျွန်တော်တို့လား ခင်ဗျားတို့လား အသိမဲ့ မိုက်မဲခြင်းများကတော့ ဆင်းရဲခြင်းကို မြွေရေခွံလိုခြုံကာ အရာရာကို ဝါးမြိုဖို့ ရောက်လာခဲ့ပြီ။ မြွေ၏အာခံတွင်းထဲမှ အသေပုပ်နံ့ကို ကျွန်တော် ရနေ၏။ အို မထူးတော့ပါဘူး။ အားလုံးကိုသာ မြိုချပစ်လိုက်ပါတော့။ ဟောဒီမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ အသက်ရှင်ဖို့ ကောင်းလောက်အောင် တန်ဖိုးထိုက်ထိုက်တန်တန် မရှိပါ။
ဒါနဲ့များ လူတွေတဲ့။ ကဲ အံ့သြဖို့ မကောင်းဘူးလား ။ ကျပ်ငွေသုံးသိန်းဟုခေါ်သော ငွေစက္ကူများကို ဖြုန်းတီးလွှင့်ပစ်နိုင်ရုံလောက်နှင့် မိန်းကလေးတစ်ယောက်ကို ပြည့်တန်ဆာဘဝရောက်အောင် အပျိုအင်္ဂါကိုမှ အရသာခံချင်လွန်းသော တဏှာရှင်ယောက်ျားကို ကျွန်တော် အံ့သြသည်။
လူငယ်မာနနှင့် ရုန်းကန်ချင်စိတ်မရှိဘဲ ဖျာပေါ် ကျောခင်းပြီး မျက်လုံးစုံမှိတ်ကာ ပိုက်ဆံလွယ်လွယ်လိုချင်တဲ့ ကလေးမလေးကို ကျွန်တော် အံ့သြသည်။ ကိုယ့်သမီးတစ်ဘဝစာကို ပိုက်ဆံသုံးသိန်းဖြင့်ရောင်းပြီး စားသောက်သုံးစွဲရက်သော မွေးသမိခင်ကိုလည်း ကျွန်တော် အံ့သြသည်။
ပြီးတော့… ပြီးတော့ အသားတကျနေတတ်လွန်းသော ကျွန်တော်တို့နှင့် ခင်ဗျားတို့ကိုလည်း ကျွန်တော် တအံ့တသြ မုန်းတီးရပါဦးမည်။ ဆေးခန်းတံခါးကိုပိတ်ပြီးတော့ ရှေ့က အမှောင်ထုထဲကို ကျွန်တော်ငေးကြည့်နေမိသည်။ မိုးတွင်းမို့လို့လား မပြောတတ်။ ကျွန်တော့ ဆေးခန်းရှေ့ အဝင်လမ်းကလေးသည် ဗွက်ပေါက် နေ၏။
(၈)
နောက်ထပ် ၅လခန့်ကြာမြင့်ပြီးသော အချိန်လောက် ဖြစ်မည်ထင်သည်။ ကျွန်တော့ဆေးခန်းထဲသို့ အသားညိုညို ပိန်ပိန် ဆံပင် နီကြောင်ကြောင်နှင့် အမျိုးသမီးငယ်တစ်ယောက် ဝင်လာသည်။ လူနာမှတ်တမ်းရေးဖို့ မေးလိုက်တော့ နာမည်က သန္တာခိုင် အသက်က ၂၇ နှစ် သူ့အသက်ထက်စာလိုက်လျှင် ရုပ်ရည်က ချုံးချုံးကျ အိုစာလွန်းနေသည်။ ပြီးတော့ သူ့လက်ဖျံနှင့်လက်ချောင်းကြား အရေပြား တွေပေါ်မှာလည်း အနာဖု စိုစိုလေးတွေ ဗရပွ ရှိနေသည်။ သူ့အသွင်အပြင်ကိုကြည့်ပြီး ကျွန်တော့စိတ်ထဲ မသင်္ကာဖြစ်နေစဉ်မှာပင် ဆေးခန်း အကူ ကိုစိန်သောင်းက ကန့်လန့်ကာပိတ်စနောက်သို့ ခေါင်းပြူလာပြီး
ဆရာ…ဒါလေး တစ်ချက်ကြည့်ပေးပါဦးဟု ဆိုကာ စာရွက်ပိုင်းလေး တစ်ရွက်ကို ကမ်းပေး၏။ ကျွန်တော်က ဘာများလဲဟု မျက်မှောင်ကုတ်ကာ စာရွက်ခေါက်ကိုယူပြီး ဖြန့်ကြည့်လိုက်တော့ ကိုစိန်သောင်းလက်ရေးဖြင့် စာတစ်ကြောင်း ရေးထားသည်ကို တွေ့လိုက်ရသည်။ စာက
ဆရာ…အခု လာတဲ့ လူနာက Retro (+) နော်။ သတိ။
ထိုစာကြောင်းလေးကိုဖတ်ပြီး ကျွန်တော့စိတ်ထဲမှ သြော် ဟု အသံမထွက်ဘဲ တီးတိုးညည်းတွားမိသည်။ ကျွန်တော့ရှေ့ တွေ ထိုင်နေသော လူနာမိန်းကလေးသည် HIV ကူးစက်ခံထားရသူမှန်း ကိုစိန်သောင်းကသိထားခြင်းကြောင့် ကျွန်တော့ကို အသံတိတ်နည်းဖြင့် လှမ်း သတိပေးလိုက်ခြင်း ဖြစ်သည်။
လူနာက ခါးဆစ်ရိုးတွေကိုက်နေသည်ဟုပြောသောကြောင့် ကျွန်တော်က စမ်းသပ်စစ်ဆေးကြည့်ပြီး လိုအပ်သောဆေးဝါးများ ပေးလိုက်သည်။ လူနာ ပြန်သွားတော့မှ ကျွန်တော်က ဆေးခန်းရှေ့သို့ထွက်လာပြီး ကောင်တာဘေးရှိ ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်လိုက်ရင်း စောစောကလူနာအကြောင်းကို ခင်ဗျားက ဘယ်လိုလုပ်ပြီးသိနေတာလဲ ကိုစိန်သောင်းရဲ့။
ဟာ…ဆရာကလည်း အဲဒါ ဟိုတလောက သူ့သမီးကို လိုင်းသွင်းဖို့ တားဆေးလာထိုးသွားတဲ့ ဒေါ်ဌေးရဲ့သမီးအကြီးလေ။
သြော်
ဒီတစ်ခါ ရေရွတ်မိသည့် သြော်ဆိုသောစကားလုံး၏ အဓိပ္ပာယ်ကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိ။ ကိုစိန်သောင်းက ဆက်ပြီး….
အဲဒီ အကြီးမက ဟိုဟာ လုပ်စားနေတာ ၁၅ နှစ် ၁၆ နှစ် သမီးကတည်းကပဲ ဆရာရဲ့။ သူ့အမေပဲ စပြီး လိုင်းသွင်းခဲ့တာပေါ့လေ။ ဆရာ မြင်တဲ့အတိုင်း အငယ်မလေးကို ဟိုတစ်ခါလုပ်သလိုပေါ့။
ဒီတစ်ခါတော့ ကျွန်တော့်ပါးစပ်က ဘာစကားလုံးမှပင် မရေရွတ်နိုင်တော့။ ကျွန်တော့်နှုတ်ခမ်းတွေ သွေ့ခြောက်နေ၏။ ကိုစိန်သောင်းက ဆက်ပြီး အဲဒီ အကြီးမက ပြည့်တန်ဆာအမှုနဲ့ထောင်ကျပြီး ထောင်က လွတ်လာတာ မကြာသေးဘူး။ HIV ပိုး ရှိနေမှန်းလည်း အားလုံးက သိနေကြတော့ လုပ်စားလို့မရတော့ဘူးလေ။ အဲဒါကြောင့် ဒေါ်ဌေးက သမီးအငယ်ကို သူ့အစ်မလျှောက်တဲ့ လမ်းအတိုင်း လိုက်ခိုင်းတာ ထင်ပါရဲ့ ဆရာရယ်။
လျှောက်နေကြတယ်လို့ပြောရအောင် သူတို့မှာ ကိုယ်ပိုင်ခြေထောက်တွေရော ရှိကြရဲ့လား။ သူတို့မှာ မကူးရဲ မခတ်ရဲ ဒလိမ့်ခေါက်ကွေး မျောပါနေကြတာ မဟုတ်ဘူးလားဟု ကျွန်တော်တွေးလိုက်မိ၏။
(၉)
မွေးကတည်းက ဆင်းရဲတဲ့မိသားစုမှာမွေးလာလို့ ဆင်းရဲရတာဟာ အပြစ်မရှိပါဘူး။ ကိုယ်ညံ့လို့မှ မဟုတ်ဘဲလေ။ မှားယွင်းတဲ့ နိုင်ငံရေး စနစ်တစ်ခုရဲ့သားကောင် ဖြစ်ရတာဟာလည်း လူတွေညံ့လို့တော့ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ထား၏ သို့သော် အစဉ်သဖြင့် သားကောင် ဘဝမှာပဲ ပျော်မွေ့နေတာမျိုး၊ ဆင်းရဲခြင်းကိုပဲ ယိုးမယ်ဖွဲ့လို့ ရေစုန်မျောနေတာမျိုးကြတော့ ကိုယ်ညံ့ရာကျသွားပြီ ဖြစ်သည်။
အမေတစ်ယောက် ညံ့သည်ဆိုလျှင် ပိုဆိုးပြီပေါ့။ အမေတစ်ယောက်အနေဖြင့် ဆင်းရဲတွင်းထဲမှ ရုန်းထွက်နိုင်လောက်အောင် အင်အား လုံးဝ မကျန်တော့သည့်အထိ ခြေကုန်လက်ပန်းကျသွားသောအနေအထားမျိုး ရောက်နိုင်သည်ကို ကျွန်တော်နားလည်သည်။ သို့သော် အမေ တစ်ယောက်သည် ကိုယ့်သားသမီး၏နှလုံးသားထဲမှာ အခက်အခဲကို ဒူးမထောက်အညံ့မခံသည့် စိတ်ဓာတ်လေးတစ်ခုတော့ ရှင်သန်အောင် ပျိုးထောင်ပေးဖို့လိုအပ်သည်ဟု ကျွန်တော် ထင်၏။
သြော် အခုတော့……အခုတော့

အမေဖြစ်သူကိုယ်တိုင်က သမီးတွေကို လူပီပီသသ ရုန်းကန်ရှင်သန်တတ်ဖို့သင်မပေးဘဲ ပိုက်ဆံရဖို့ဆိုရင် ခန္ဓာကိုယ် ကိုတောင် ရောင်းစားဖို့ လမ်းပြ ပို့ဆောင်ပေးနေခဲ့ပြီလေ။ ကဲ မိဘကျေးဇူးကို ကျွန်တော် ဘယ်လို ဖွဲ့နွဲ့သီကုံးရမလဲ။
ရေစုန်မျှောလိုက်သူများ သမ္မတနိုင်ငံတော်အတွင်းမှာ မိဘတွေ သားသမီးတွေ ဆွေမျိုးတွေ အပေါင်းအသင်းတွေ သူသူ ငါငါ ယောင်္ကျား မိန်းမ အားလုံးလူမှန်သမျှ အသိဉာဏ်ကင်းမဲ့ခြင်းနှင့် နေသားကျနေကြသည်။
ဆင်းရဲခြင်းနှင့် နေသားကျနေကြသည်။
ရိုင်းစိုင်းရန်လိုခြင်းနှင့် နေသားကျနေကြသည်။
စည်းကမ်းမဲ့ခြင်းနှင့် နေသားကျနေကြသည်။
တစ်ယောက်ကိုတစ်ယောက် မလေးစားခြင်းနှင့် နေသားကျနေကြသည်။ ရှင်းရှင်းပြောရလျှင် သူတို့အားလုံးတွင် ရှင်သန်နေသော လူသား တန်ဖိုးဂုဏ်သိက္ခာဟူ၍ တစိုးတစိမှ မရှိကြတော့။
ဟုတ်ကဲ့။
မနက်ဖြန်ဆိုလျှင် ကျွန်တော့ဆေးခန်းဆိုင်းဘုတ်အောက်တွင် လူသေများကိုဆေးကုသည်။ ဟူသော စာကြောင်းတစ်ကြောင်း ဖြည့်စွက်ရပါဦးမည်။
မင်းခိုက်စိုးစန်

(ဖြောင့်ဖြောင့်ကြီးနဲ့ဥထူးရှင်) မျိုးမြင့်ချို

0 comments
(ဖြောင့်ဖြောင့်ကြီးနဲ့ဥထူးရှင်)
၁ ရက် ၃ လ ၂ဝ၁၆ ကဖွဲ့ပြီး ဥထူးရှင်လို့အတိုကောက်ခေါ်တဲ့ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၉ နေ့မှာ လွှတ်တော်ဥက္ကဌ တီခွန်မြတ်လက်မှတ်ထိုးပြီး ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဥထူးရှင်ဥက္ကဌဟာ သူရရွှေမန်းပါ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အရွေးကောက် မခံရပေမယ့် ဒေါ်စုရဲ့မြှောက်စားမှုနဲ့ ဒီနေရာကို အခန့်သား ဝင်ထိုင်နေနိုင်တာဖြစ်ပါတယ်။

ဒေါ်စုနဲ့ဆွေးနွေးတိုင်ပင်ပြီးမှ ပြည့်သူ့အကျိုးဆောင်ပါတီအမည်နဲ့ ကောက်ကာငင်ကာ ပါတီတခုထထောင်ပြီး မှတ်ပုံတင်ထားတယ်ဆိုတာ မှတ်မိကြမှာပါ။ သာမန်လူတွေ သမားရိုးကျ နိုင်ငံရေးတွေးဆမှုတွေနဲ့ လူထုတွေထဲမှာတော့ ဘာမသိတ်မသိသာပေမယ့် ဒီကိစ္စဟာ ကြံ့ဖွံ့တွေကြားထဲမှာ လှုပ်လှုပ်ခတ်ခတ်ကြီးမဟုတ်တောင် ဂယက်တော့ နည်းနည်းထသွားခဲ့တာကို ဒေါက်တာနန္ဒာလှမြင့်တို့ ထွက်ပြောလာတာတွေကြည့်ရင် မြင်ရမှာပါ။ ကြံ့ဖွံ့ထဲကသူ့လူတွေ သူ့ဘက်ပြန် ပဲ့ပါသွားမှာကို စိုးလို့တော့မဟုတ်ပါဘူး။ သူ့ကို ကြံ့ဖွံ့ထဲက ကန်ထုတ်လိုက်ကတည်းက သူ့အမာခံတွေပါ တနွယ်ငင်တစင်ပါ ရှင်းပြီးသားဖြစ်နေလို့ပါ။ သူတို့စိုးတာက ငယ်ကျိုးငယ်နာပြန်ဖော်မှာ စိုးတာပါ။ လွှတ်တော်ထဲ ပြန်ဝင်မလာစေချင်တာပါ။ အသံ ပြန် ထွက်မလာစေချင်တာပါ။

၂ဝ၂ဝ ရွေးကောက်ပွဲမှာ သူ့ပါတီဟာ အနည်းဆုံး ၃ နေရာ ဝင်ပြိုင်ရမှာပါ။ တနေရာတော့ သူပြိုင်မယ်ထင်ပါတယ်။ သူနိုင်အောင်လည်း အဲ့ဒီနေရာမှာ အင်န်အယ်လ်ဒီက ရှဲပေးမလားလည်း တွေးစရာပါ။ ရှဲပေးရုံမက သူနိုင်ရေးအတွက်ပါ အားကြိုးမန်တက် လုပ်ပေးလာနိုင်စရာတောင် ရှိကောင်းရှိလာမှာပါ။ ပြိုင်လို့နိုင်ပြီး လွှတ်တော်ထဲရောက်လာရင် တခုခုတော့ ဖြစ်လာမယ်ထင်ပါတယ်။ ခွက်ခွက်လန်အောင်ရှူံးခဲ့တာတောင် လွှတ်တော်ထဲ မရမကဆွဲသွင်းပြီး ဥထူးရှင်လို ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့ အရေးပါတဲ့ကော်မရှင်မှာ ဥက္ကဌနေရာ ဖန်တီးပေးခံရသူဖြစ်ပါတယ်။ ခုလည်း လိုအပ်လို့ ပါတီထောင်တာသဘောအတူပြ ရွေးကောက်ပွဲအဝင်ပြပြီး အမတ်ဖြစ်အောင် လမ်းရှင်းပေးမယ့်သဘောမျိုး မဟုတ်ဘူးလို့ တပ်အပ်မပြောနိုင်သေးပါ။ ခုလည်း သူ့အတွက်ပိုကြီးမယ့် အာဏာအရေးခြေလှမ်းသစ်တခုကို လှမ်းကြည့်တာဖြစ်ဖို့ရှိပါတယ်။ ခြေဥပြင်ကော်မတီပေါ်လာလို့ ဥထူးရှင်မလိုတော့လို့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြတာမဟုတ်ပါ။ အသစ်တခုအတွက် နိဒါန်းပျိုးတာပါ။ အခြားနည်းနဲ့ ပြန်ပေါင်းထုပ်ဖို့ အစီအစဉ်ရှိရှိ နင်းထွက်လာတာပါ။

သူဟာ ကြံ့ဖွံ့နဲ့မသင့်မမြတ်ဖြစ်သလို ဗိုလ်လွန်းမောင်တို့အုပ်နဲ့လည်း မတည့်မရှုပါ။ စာရင်းစစ်ချုပ်ဘဝကနေ သူ ဒေါက်အဖြုတ်ခံရတာ သူရရွှေမန်းစနက်ဆိုပြီး ဗိုလ်လွန်းမောင်က အနာသည်းနေတုန်းပါ။ ဗိုလ်ခင်ညွန့်ကို ကိုင်တုန်းကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိဆိုပြီး ပွဲခံရင်း လက်ခုပ်သံတဖြောင်းဖြောင်းရခဲ့သူမို့ ဗိုလ်ခင်ညွန့်ဂိုဏ်းကလည်း နဖူးကအမာရွတ်စမ်းမိတိုင်းဖြစ်တဲ့ ကေးဝဋ်ပုဏ္ဏားရဲ့ခံစားချက်မျိုး သူ့အပေါ်မှာ ရှိနေပါတယ်။ ဗိုလ်သန်းရွှေမိသားစုနဲ့လည်း အဖူးအမြှော်အခစားနဲ့ အဝင်အထွက်ကျဲနေသူပါ။ ဗိုလ်သန်းရွှေတို့က ကျဉ်ထားတာ ဆိုတဲ့သဘောအထိလို့ ပြောသူပြောပါတယ်။ လွှတ်တော်ဥက္ကဌဘဝတုန်းက လွှတ်တော်ထဲလာ နိုင်ငံရေးစကားမပြောနဲ့ ဆိုတဲ့စကားနဲ့ ကျော်ကြားခဲ့သလို စစ်အမတ်တွေနဲ့ ကတောက်ကဆဖြစ်တဲ့အခါ ဖြစ်ပြခဲ့တာရှိပါတယ်။ ဒါတွေဘယ်လိုပဲရှိရှိ စစ်အုပ်စုအကျိုးစီးပွားကြီးတော့ ဗိန္ဓုတလုံးစာလောက်တောင် အထိအပါးမခံသူပါ။ သူ့ကိုယ်ကျိုးစီးပွားဟာ စစ်အုပ်စုအကျိုးစီးပွားနဲ့ ထပ်တူဖြစ်တော့ ကိုယ့်ကိုယ်ကျိုး ကိုယ်ပြန်ဘယ်တော့မှမဖျက်တဲ့ မသမာသူတွေချင်း အမြီးလိမ်ထားသူတွေထဲက တယောက်ပါ။

အဲ့ဒီကာလမှာ ဒေါ်စုကလည်း သူ့ကို ၂ဝဝ၈ ခြံထဲ ဝင်ကစားသာအောင် ဟပေးခဲ့သူဖြစ်ပေမယ့် နောက်ပိုင်းမှာ ဗိုလ်သိန်းစိန်ကို စိတ်ကောက်ကောက်နဲ့ ဗိုလ်ရွှေမန်းနဲ့တတွဲတွဲလုပ်ပြခဲ့တာရှိပါတယ်။ ဒုံးယိမ်းတွေ ရင်ထဲရောက်လာတယ်တို့ သင်္ကြန်နွေဦး တူးပို့တူးပို့နဲ့ သင်္ကြန်မယ်လေးလုပ်ခဲ့တာတို့၊ ထမင်းချိုင့်စီစဉ်ပေးတာတို့၊ အာဇာနည်နေ့တက်တာ၊ မွေးနေ့ပွဲတက်ပြတာတို့အပြင် သတင်းစာရှင်းလင်းပွဲပါအတူတွဲလုပ်တဲ့အထိ နှစ်ယောက်သား အရွဲ့တိုက်ပြခဲ့တာလည်း ရှိပါတယ်။ ဗိုလ်သိန်းစိန်က အသည်းနုမပြ အူနုကျွဲခတ်မပြဘဲ ပေယျာလကံထားတော့ လူမြင်အောင်လုပ်ပြတာဘဲ အဖတ်တင်သလိုဖြစ်သွားခဲ့ပါတယ်။

သူနဲ့ဒေါ်စုတို့ လူပုဂ္ဂိုလ်ချင်းဆက်ဆံရေးကတော ကောင်းတယ်လို့ ပြောမယ်ဆိုပြောနိုင်ပါတယ်။ နိုင်ငံရေးအရ တိုင်းပြည်အတွက် ကောင်းမကောင်းသာ ကျနော်တို့ ကြည့်ရမှာပါ။ ဘယ်လိုပဲ ကောင်းကောင်း မကောင်းကောင်း သူတို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာရှိနေသရွေ့ အဲ့ဒီအောက်ကနေ စစ်အုပ်စုအကျိုးစီးပွားကို ကတိမ်းကပါးဖြစ်မသွားအောင် ပိုကောင်းမယ့်နည်းနဲ့ ထိန်းသိမ်းပေးကြရမှာပါ။

သူနဲ့ပတ်သက်လို့ အရေးအကြီးဆုံးအချက်ဟာ သူဟာ အလွန်လျှင်သူပါ။ အလွန် ဉာဏ်နီဉာဏ်နက်များသူပါ။ အလွန် အရည်လည် အဝါးဝသူပါ။ မကောင်းတဲ့နိုင်ငံရေးမှာ ကျင်လည်သူပါ။ မိသားစုကိုယ်ကျိုးစီးပွား အကြီးကြီးရှိသူပါ။ မေမေ့ဖြောင့်ဖြောင့်ကြီးပါ။ ပြည်သူတို့နှင့်အတူလို့ ဆိုသူပါ။ သမ္မတဖြစ်ချင်သူပါ။ အာဏာရည်မှန်းချက် ကြီးသူပါ။

(ပထမတွေ ပထမလုတော့) မျိုးမြင့်ချို

0 comments
(ပထမတွေ ပထမလုတော့)
လွှတ်တော်ရှေ့လာပြီး အစစ်ဆေးခံတဲ့ မိုက်ကယ်ကိုဟင်ရဲ့ထွက်ချက်တွေကို ထုံ့ပိုင်းထုံ့ပိုင်း ဖတ်ဖြစ်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားမိတာက ဒေါ်ကြီးက သူသမ္မတဖြစ်နိုင်ခြေမရှိဘူးတွက်ပြီး ရုရှားနဲ့စီးပွားရေးကို မရိုးမသားလုပ်ခဲ့တယ်ဆိုတဲ့အချက်ပါဘဲ။
အမေရိကန်အများစုကလည်း ဒေါ်ကြီး မနိုင်လောက်ဘူးလို့ တွက်ခဲ့ကြပါတယ်။ မဲပေးတော့လည်း လူထုမဲမှာ ဟီလာရီက သန်းနဲ့ချီ သာပါတယ်။ Electoral College ကြောင့်သာ ဒေါ်ကြီး အိမ်ဖြူတော်ရောက်သွားခဲ့တာပါ။ အမေရိကန်မှာ ဒီ အလက်တိုရယ်လ်ကောလေ့ဂ်ျထားပြီး သမ္မတရွေးကောက်ပွဲ အနိုင်အရှူံးဆုံးဖြတ်တာကလည်း ထူးခြားမှုတခုပါ။

သမ္မတဟာ အစိုးရအဖွဲ့အကြီးအကဲရော နိုင်ငံ့အကြီးအကဲရော ဖြစ်ရုံမက ကာကွယ်ရေးဦးစီးချုပ်(စစ်သေနာပတိ)ပါ ဖြစ်ပါတယ်။ Check and Balance ကျင့်သုံးမှုပီပီပြင်ပြင် ရှိပင်ရှိငြား သမ္မတမှာ ဗီတိုအာဏာ ရှိပါတယ်။ အစိုးရအဖွဲ့ဝင်တွေနဲ့ ထိပ်တန်းရာထူးရာခံကြီးတွေအတွက် သမ္မတက အမည်စာရင်းတင်သွင်းသူကို လွှတ်တော်က စစ်ဆေးကြားနာပြီး မဲခွဲဆုံးဖြတ်ပေးရပါတယ်။
လက်နက်နိုင်ငံကြီးဖြစ်တဲ့အလျှောက် အကြီးဆုံးနူကလီယား ယမ်းတိုက်ကြီးလည်းရှိပါတယ်။ ဒါတွေကိုပစ်ဖို့ အမိန့်ပေးနိုင်တဲ့ Key ဟာ သမ္မတသွားလေရာ ထပ်ချပ်မကွာ ယူဆောင်သွားရပါတယ်။ ချုပ်ပြောရရင် ကမ္ဘာပေါ်မှာ အာဏာအပြင်းဆုံးသမ္မတမို့ တချို့က စကြာဝတေးမင်းလောက်ကို ပုံကြီးချဲ့ပါတယ်။
ဒီနေရာ ဒီရာဇပလ္လင်ကိုတနေ့မှာရောက်ရလိမ့်မယ်လို့ ဒေါ်ကြီး မျှော်မှန်းခဲ့ဟန် မပေါ်ပါဘူး။ ဒါပေမယ့် ခုရောက်တာတော့လည်း စော်ကဲလို မင်းတက်ဖြစ်တာမဟုတ်ပါဘူး။ စိုင်ကော်လို့လည်း မဟုတ်ပါဘူး။ ရာဇာပလ္လင်ဖင်ကပ်ပြီးလည်း မွေးခဲ့တာလည်း မဟုတ်ပါဘူး။

ကျဆင်းနေတဲ့စီးပွားရေးနဲ့အတူ အထည်ကြီးပျက်လိုခံစားနေရတဲ့ ရွှေထီးဆောင်းကာလများဆီ လွမ်းဆွတ်တဲ့ဝေဒနာနဲ့ ရှက်ရွံ့သိမ်ငယ်မှုကိန်းစပြုနေတဲ့ လူစုလူဝေးတွေကို သည်းခြေကြိုက် စကားတွေ၊ ကြိုက်လုံးပစ်နိုင်ငံရေး Popular Politics တွေနဲ့ အညှာကိုင်မိလိုက်တာပါ။ ဒါ ရေရှည်တည်တန့်မယ့်အတွေးအခေါ် အယူအဆလည်းမဟုတ်သလို လောကအတွက် ဗြမ္မစိုရ်တရားတွေလည်း မထွန်းကားနိုင်ပါဘူး။ ကာလတိုတခု ကောက်ရိုးမီးလို တောက်အားကြီးတာတော့ သေချာပါတယ်။

America First အမေရိကန်ပထမဟာ ဥရောပနဲ့ရော နေတိုးစစ်မဟာမိတ်တွေနဲ့ရော ကုလသမဂ္ဂနဲ့ပါ သိတ်အံမကျပါ။ လေးထောင့်ထဲ အဝိုင်းထည့်သလိုဖြစ်နေပါတယ်။ ဥရောပနိုင်ငံတွေ နေတိုးစစ်စရိတ် ခုထက်ပိုထည့်ရမယ် မထည့်ရင် နေတိုးကပါ ထွက်သင့်ထွက်ရမယ်ဆိုတဲ့သဘောဟာ သူဦးဆောင်တဲ့နေတိုးအဖွဲ့ကြီး သူပြန်ဖျက်ပစ်မယ်ဆိုတဲ့အနက်အထိ ပြေးပါတယ်။ အမေရိကန်နဲ့ ဆက်စခန်းသွားလို့မဟန်တော့ဘူး တို့ဘာသာ သီးခြား စစ်စုဖွဲ့ကြီးလုပ်မှဖြစ်မယ်ဆိုပြီး ဥရောပသားတွေစိတ်ထဲ ဖြစ်လာပါတယ်။ ဥရောပသမဂ္ဂက EU အနေနဲ့ ကိုယ်ပိုင်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက် စစ်တပ်ထောင်ရမယ်ဆိုအသံပစ်လိုက်တော့ ဒေါ်ကြီးလည်း ကမန်းကတမ်း ထကန့်ကွက်ပါတယ်။ သူလည်း အရင်လို လက်မဖွာနိုင်တော့ ဥရောပကိုမကိုင်နိုင်၊ မကိုင်နိုင်လို့ တစင်ထောင်မယ်ဆိုတော့လည်း မရှုစိမ့်နဲ့ ခေါင်းမီးလောင်နေတာပါ။

ဗြိတိန်လည်း အလားတူ ကြိုက်လုံးပစ်နိုင်ငံရေးနဲ့ဝင်ကစားမိပြီး ဗြိတိန်ပထမ ထအော်ပါတယ်။ အီးယူကထွက်မယ်ဆိုပြီး လူတွေကိုလှုံ့ဆော်ပြီး ဆန္ဒခံယူပွဲလုပ်ပါတယ်။ ထွက်ရေးက နိုင်ပါတယ်။ ဒါပေမယ့် လက်ယာစွန်းနိုင်ငံရေးက အား ပြန်နုံ့နဲ့နေတော့ Brexit နဲ့ တိုင်းပြည်၊ လူထု၊ အစိုးရ၊ လွှတ်တော်တွေ တိုင်ပတ်နေပါတယ်။ ဦးနင်းပဲ့ထောင်ဖြစ်နေပါတယ်။ ကြိုက်လုံးပစ်နိုင်ငံရေးက ၂ နိုင်ငံလုံးမှာ ကိုယ်စီချည်ထားကြတာပါ။ဒါပေမယ့် အမေရိကန်မှာထက် ဗြိတိန်မှာက အပြည်ပိုမြန်တယ်ဆိုရမယ်ထင်ပါတယ်။

အမျိုးသားကိုယ်ကျိုးစီးပွားကာကွယ်ရေးဟာ တိုင်းပြည်တွေအတွက် လိုအပ်ပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။ အမျိုးသားရေးဆိုတာ အသွားနှစ်ဘက်ပါတဲ့ဓားနဲ့တူပါတယ်။ ဒါကိုင်ပြီး တိုင်းနိုင်ငံတွေ လူတွေ စုရလွယ်သလို ပြည်တွေပြိုကွဲကြတာကလည်း ဒါ့ကြောင့်ပါပဲ။ ဖက်ဆစ်စနစ်ဟာလည်း အဲ့ဒီထဲမှာပဲ သန္ဓေယူပါတယ်။

ဒေါ်ကြီးတော့ အမေရိကန်နှုန်းစံတန်ဖိုးတွေကို ရသလောက်ဖျက်ပြီး အကျည်းတန်ဒီမိုကရေစီနဲ့ အထီးကျန်စူပါ ပါဝါလုပ်မယ်ဆိုပြီး မြင်းတစီးဓားတလက်နဲ့ ထွက်ချလာတာပါ။ ခုထိတော့ ဘယ်ရန်မှ မကြေပြုန်းသေးပါဘူး။ သူစတဲ့ဇာတ်လမ်းကို သူဘယ်လို ပြန်အဆုံးသတ်မလဲ ဒါမှမဟုတ် ဒီမိုကရေစီက ဘယ်လို အဆုံးသတ်ပေးမလဲ ဒါမှမဟုတ် သူ့နောက်လိုက်နောက်ပါတွေနဲ့ သူ့အမွေခံနောက်မျိုးဆက်တွေ ဘယ်လိုဆက်ထွေးပွေကြဦးမလဲကတော့ မြင်ကြရမှာပါ။ တိုင်းပြည်ကို ကုမ္ဗဏီလိုအုပ်ချုပ်လို့မရသလို ပြည်သူဆိုတာလည်း ကုမ္ဗဏီအလုပ်သမားလို စုစည်းလို့မရတာကတော့ အသေအချာပါ။

ဘာပဲဖြစ်ဖြစ်ပါ။ နိုင်ငံကြီးတိုင်း ပထမ ဖြစ်ချင်ကြတာချည်းပါပဲ။ ပထမတွေ ပထမနေရာလုတော့ ကမ္ဘာမြေသွေးစွန်းပါတယ်။ ပထမတွေပေါင်းပြီး ပထမနေရာကို စစ်နဲ့လုတဲ့ ဂျာမဏီ၊ ဂျပန်၊ အီတလီ၊ စပိန်အစရှိတဲ့ ဖက်ဆစ်တွေကိုဝိုင်းတိုက်တော့ ဖက်ဆစ်တွေစစ်ရှူံးပြီး ပထမတွေ ပထမနေရာ ပြန်ထိုင်ကြပါတယ်။
မျိုးမြင့်ချို ဖေဖော်ဝရီ ၂၈၊ ၂ဝ၁၉

"ဓားနှင့်နှင်းဆီ" မင်းလူ

0 comments
"ဓားနှင့်နှင်းဆီ" မင်းလူ
ပြကွက်သည် တဖြည်းဖြည်းပို၍ သည်းထိတ်ရင်ဖိုဖွယ် ဖြစ်လာ၏။ မန်နေဂျာ၏ အစီအစဉ် ကောင်းမွန်ခြင်းနှင့် ဇာတ်ခုံပေါ်မှအခင်းအကျင်းကလည်း ပြကွက်ကို အထောက်အကူဖြစ်စေ၏ ။ ခုပြကွက်မရောက်ခင် နောက်ဆုံးပြသွားသောအခန်းမှာ လူရွှင်တော်သုံးယောက်တို့၏ ဟာဒယရွှင်ဆေး တိုက်ကျွေးခြင်း ဖြစ်၏။ ဟာသကွက်တွေကို ကိုယ်နှုတ်အမူအရာ နှစ်ပါးလုံးဖြင့် ပြောင်မြောက်စွာ သရုပ်ဆောင်သွားရာ ပရိသတ်များ ပါးစပ်မစေ့နိုင်အောင်ပင် တဝါးဝါးတဟားဟား ပွဲကျနေခဲ့ကြသည်။

ထို့နောက် ရုတ်တရက် ခုပြမည့် ပြကွက်ဝင်လာသောအခါ လုံးဝဆန့်ကျင်ဘက် ရသဖြစ်သောကြောင့် ပို၍ ပီပြင်သွားရလေသည်။ ဓားသမားအောင်ငွေ၏ ဓားစွမ်းပြသည့် အခန်းပင်ဖြစ်၏ ။ ဓားသမားအောင်ငွေသည် အနီရောင်ဝတ်စုံကို ဝတ်ထားသည်။ ခါးရှည်ကုတ်အင်္ကျီ၏ ကျောဘက်တွင် အဖြူရောင် အရိုးခေါင်းပုံတစ်ခုကို ကပ်ထား၏။ ဆလိုက်မီးရောင်တွင် သူ့ဝတ်စုံမှာ မီးလျှံတွေ တောက်လောင်နေသလို၊ သွေးတွေလိမ်းကျံထားသလို ထင်မှတ်ရသည် ။

သူနှင့် ပေနှစ်ဆယ်လောက်အကွာ မျက်နှာချင်းဆိုင်တွင် သစ်သားဘီးဝိုင်းကြီးတစ်ခုရှိ၏။ ဘီးဝိုင်းကြီးတွင် အမျိုးသမီးတစ်ယောက်ကို လက်ကောက်ဝတ်၊ ခြေချင်းဝတ်၊ ခါးနှင့် လည်ပင်းတို့တွင် သားရေပြားများနှင့် စည်းနှောင်ပြီး ကားကျက်ထားသည်။ သူကားဓားပေါက်ခံမည့် ဇာနည်စိန်ပင်ဖြစ်၏။

ဇာနည်စိန်သည် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားသည်။ အင်္ကျီက လက်ပြတ်ဖြစ်ပြီး ဘောင်းဘီက ပေါင်လယ်လောက်ထိတိုသည်။ အနက်ရောင်ဝတ်စုံသည် ဖြူဖွေးသော အသားအရေနှင့် အလွန်လိုက်ဖက်သည် ။ သူ့ရုပ်ရည်မှာ ချောမောလှပြီး ကိုယ်လုံးကအချိုးအဆစ်ပြေပြစ်သည် ။

"ရွှေပွဲလာ ဧည့်ပရိသတ်များ ခင်ဗျား၊ ခုအချိန်မှစပြီး ဓားဝိဇ္ဖာအောင်ငွေနဲ့ ဇာနည်စိန်တို့ရဲ့ ဓားစကြာအစွမ်းပြခန်းကို ရင်သပ်ရှုမောအံ့ဩဖွယ် အသည်းတယားယား ရင်တဖိုဖို ရှုစားကြရပါတော့မယ် ခင်ဗျား" အစီအစဉ်ကြေညာသူ၏ အသံထွက်ပေါ်လာပြီးနောက် တီးဝိုင်းက စိတ်လှုပ်ရှားဖွယ်တီးလုံးကို စတင်တီးခတ်သည်။ ဓားအောင်ငွေသည် ထောင့်တိုင်မှာ လိပ်ပြီးချိတ်ထားသည့် သားရေခါးပတ်ကြီးကို ဖြေချလိုက်သည်။ စီထည့်ထားသော ဓားမြှောင်များသည် မီးရောင်တွင်ဖွေးခနဲ လက်ခနဲ ဖြစ်သွား၏ ။ ဓားအောင်ငွေက ဓားမြှောင်နှစ်လက်ကိုဆွဲထုတ်ယူပြီး လွှင့်မြှောက် ကစားပြသည်။ ဓားနှစ်လက်သည် လေထဲတွင် လှည့်ပတ်ပျံဝဲနေကြသည် ။

ဓားသမားတစ်ယောက်ဖြစ်လာဖို့ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စပင်ဖြစ်၏။ အောင်ငွေသည် ဆပ်ကပ်လောကသို့ အသက်ဆယ့်လေးနှစ်တွင် စတင်ရောက်လာခဲ့၏။ သူပထမဆုံးလုပ်ရသည့် အလုပ်ကတော့ ဓားဝိဇ္ဇာကြီးတစ်ဦး၏တပည့်အဖြစ် လုပ်ကိုင်ရခြင်းပင်ဖြစ်၏။ ဓားပေါက်ခံမည့်သူငှားမရသည့်အခါမျိုးတွင် သူကလူစားဝင်၍ ဓားပေါက်ခံရသည်။ နောက်ပိုင်းပင်တိုင် ဓားပေါက်ခံသူဖြစ်လာသည်။ ထိုအတောအတွင်း ဓားဝိဇ္ဇာကြီးထံမှာ ဓားပစ်လေ့ကျင့်ရသည်။ ဦးစွာ ပန်းကန်ပြားဝိုင်းခန့်ရှိသော စက်ဝိုင်းအတွင်းဝင်အောင် ပေါက်ရသည်။ စက်ဝိုင်းကို တစ်စတစ်စကျဉ်းသွားပြီး နောက်ဆုံးကျပ်ပြားဝိုင်းခန့်အတွင်း ဝင်အောင်ပစ်ရ၏။ နောက်တစ်ဆင့်ကျမှာ လူပုံသဏ္ဌန် ကောက်ကြောင်းရေးထားသည့်သစ်သားပြားပေါ် အပစ်ကျင့်ရသည်။ နောက်တစ်ခါကောက်ကြောင်းဘေးရှိ တည့်တည့်မတ်မတ်မှန်စေလိုသောနေရာများကို မှတ်သားပြီး ထိမှန်အောင်ပစ်ရသည်။

ဘယ်လိုပဲပစ်ပစ် လိုရာပစ်မှတ်ကို တစ်ဆံချည်မလွဲ ပစ်နိုင်ပြီဆိုမှ လူနှင့် စမ်းသပ်ရသည်။ အလွတ်ပစ်ပေါက်စဉ်က ဘယ်လောက်တိကျစွာ မှန်ခဲ့သည်ဖြစ်စေ လူကိုပစ်ရသောအခါ စိတ်လှုပ်ရှားတုန်လှုပ်ခဲ့သည်မှာ အမှန်ပင်။ ပထမဆုံးပစ်ပေါက်ခံသူအဖြစ်တော့ သူ့ဆရာ ဓားဝိဇ္ဇာကြီးးကိုယ်တိုင်က ဝင်နေပေးသည်။ ထိုအဆင့်ကိုရောက်ဖို့ နှစ်ပေါင်းများစွာ ကြာအောင်လေ့ကျင့်ခဲ့ရ၏။ နောက်တော့သူသည် ဓားဝိဇ္ဇာဖြစ်လာသည်။ သူက သမားရိုးကျပုံစံများအပြင် ပြကွက်ဆန်းများ အသစ်ထွင်ခဲ့သည်။

ထို့ကြောင့် သူသည် အတော်ဆုံးနှင့် ကြေးအကြီးဆုံး ဓားပေါက်သမားဖြစ်လာခဲ့၏။ ဆပ်ကပ်အဖွဲ့ပိုင်ရှင်က သူ့ကို စပေါ်သို့မဟုတ် အသုံးငွေ တစ်သောင်းနှင့် ညကြေး တစ်ရာ့ငါးဆယ် ပေးထားသည်။ သူပါမှ ဆပ်ကပ်လူဝင်သောကြောင့် လက်မလွှတ်နိုင်။ ဆပ်ကပ်အဖွဲ့ထဲတွင် ညကြေးအများဆုံးရသူတွေထဲမှာ သူတစ်ယောက်အပါအဝင်ဖြစ်၏။ ဓားပေါက်သမားက အရေးကြီးသလို ဓားပေါက်ခံမည့်သူလည်း အရေးပါသည်။ ဓားပေါက်ခံသူက တည်တည်ငြိမ်ငြိမ်မရှိဘဲ တုန်လှုပ်ကြောက်ရွံ့နေလျှင် ဓားပေါက်သူအတွက် အနှောင့်အယှက် ဖြစ်နိုင်သည်။ ဓားပေါက်ခံသူမှာ မိန်းကလေးဖြစ်လျှင် ပရိသတ်က ပိုသဘောကျသည်။ ရုပ်ချောပြီး ကိုယ်လုံးကိုယ်ပေါက်လည်းလှမည်၊ အသက်လည်း ငယ်မည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်၏။ ဇာနည်စိန်သည် ထိုအချက်အားလုံးနှင့်ကိုက်ညီသည်။

ထို့ကြောင့် သူ့ကိုလည်း ညကြေး အမြင့်ဆုံးပေးထားသည်။ သူကအောင်ငွေထက်ပင် ငါးဆယ်ပိုရသည်။ ထိုငွေငါးဆယ်မှာ အသက်ဖိုးဟု ဖွင့်မပြောသော်လည်း လူတိုင်းက ဒီအတိုင်းပင် နားလည်ထားကြ၏။ သူတို့နှစ်ယောက်မှာ အလွန်အတွဲညီသည်ဟု အားလုံးကသတ်မှတ်ထားသည်။ တီးဝိုင်းရှိ ဒရမ်က အဆက်မပြတ်ခေါက်နေသည်။ အောင်ငွေ ပထမဆုံး ဓားတစ်ချောင်းပစ်ပေါက်ဖို့ ပြင်ဆင်သည်။ ဓားမြှောင်ကို အရိုးဘက်ကကိုင်ထားရာမှ ဆတ်ခနဲ တစ်ပတ်လည်စေလျက် အသွားထိပ်ကို ဖမ်းကိုင်လိုက်၏။ ဇာနည်စိန်ကို ကားကျက်ထားသည့် သစ်သားဝိုင်းဘေးမှာ ရပ်နေသော တပည့်လူရွှင်တော်ပေါက်စက မျက်လုံးကိုလက်နှစ်ဖက်ဖြင့်ပိတ်ထားပြီး မကြည့်ရဲဟန်လုပ်လိုက်သည်။ လက်ခနဲဖြစ်ပြီး ဓားမြှောင်ပြေးသည်။ လင်ကွင်းက ရှဲခနဲမြည်သံပေးလိုက်သည်။ ဒုတ်ခနဲ စိုက်ဝင်သွားသည်။ ဇာနည်စိန်၏လက်မောင်းနှင့်လက်ပြင်ကြား ကျဉ်းမြောင်းသော ကွက်လပ်ကလေးမှာ။ ပေါက်စသည် လက်ဝါးတစ်ဖက်ကို ဖွင့်ကြည့်သည်။ ထို့နောက်သက်ပြင်းကို အသံအကျယ်ကြီးမြည်အောင်ချသည်။ ပရိသတ်ထဲကကြောက်ရယ်သံ အနည်းငယ်ထွက်လာ၏။ နောက်တစ်ချက်အခြားလက်ပြင်အနီး။

ဇာနည်စိန်သည် တော်တော်အံ့ဩဖို့ကောင်းသည့်မိန်းကလေး။ ဓားပေါက်ခံဖို့ဆိုသည်မှာ တော်ရုံတန်ရုံ သတ္တိကောင်းသည့် ယောက်ျားများပင် မလုပ်ဝံ့။ ဇာနည်စိန်ကတော့ တစ်ချက်ကလေး မျက်နှာမပျက်။ တစ်စက်မှ စိုးရွံ့ဟန်မပြ။ သူရောက်လာတုန်းက ကျွမ်းဘားအဖွဲ့မှာ အလှပြရုံသက်သက်ဖြစ်၏။ တစ်ရက်ဓားပေါက်ခံသူ အလုပ်ထွက်သွားသဖြင့် လူစားထိုးဖို့တိုင်ပင်ကြရာ အောင်ငွေက မိန်းကလေးငယ်ငယ်တစ်ယောက်ဆိုလျှင်ကောင်းမည်ဟု ပြောသည်။ ဒါကိုကြားသွားသော ဇာနည်စိန်က သူလုပ်မည်ဟုဆိုလာသည်။ ပထမဆုံး ဓားစမ်းကြည့်သည့်အခါကပင် သူ့သတ္တိကို လက်ဖျားခါကြရ၏။ ဇာနည်စိန်သည် သတ္တိကောင်းရုံမျှမက ချစ်ဖို့လည်းကောင်း၏။ သူ့အနေနဲ့ အဆိုအကသင်ပြီး ဇာတ်ထဲအငြိမ့်ထဲဝင်လျှင် ခေါင်းဆောင်မင်းသမီးဖြစ်နိုင်သည်။ သူ့ရုပ်က ဆွဲဆောင်မှုအလွန်ရှိသည်။ ကိုယ်လုံးကျစ်ကျစ်ကလေးက မလွတ်တမ်း ထွေးပွေ့ထားချင်စရာ။

အင်း... ရေစက်ဆုံးချင်လို့ပေါ့လေဟု အောင်ငွေတွေးမိ၏။ အောင်ငွေသည် သူ့ဘဝတစ်သက်တာမှာ ဘယ်မိန်းကလေးကိုမှ မချစ်ခဲ့ဖူးချေ။ ယုတ်စွအဆုံး မိန်းမဆိုလျှင် အမေကိုပင် ချစ်ခွင့်မရခဲ့ဖူး။ သူ့အမေက သူ့ကိုမွေးပြီး ဆုံးပါးသွားခဲ့သောကြောင့်ဖြစ်၏။ သူ့တစ်သက်လုံး ဓားဖြင့်သာ အချိန်ကုန်ခဲ့သည်။ သူ့အတွက် အရင်းနှီးဆုံးမိတ်ဆွေမှာ ဓား။ သူ၏အပျင်းပြေ ကစားဖော်မှာ ဓား။ သူ့ဘဝသည် ဓား။
ထိုသို့သော ဘဝထဲသို့ ဇာနည်စိန်ဝင်ရောက်လာသောအခါ... အောင်ငွေသည် ဇာနည်စိန်ကို သံယောဇဉ်တွယ်တာမိသည်။ သူ့ဘဝတွင် ဘယ်သူ့ကိုမှ မချစ်ဖူးသည့်အချစ်နှင့်အရူးအမူးချစ်မိသည်။ အမှန်အတိုင်းပြောရလျှင် သူသည် သူ့ဓားများထက်ပင် ဇာနည်စိန်ကို ပို၍ချစ်နေမိလေသည်။ သို့ရာတွင် ဖွင့်မပြောဖြစ်ခဲ့။ သူ ပြောလည်း မပြောတတ်။ ပြောလည်းမပြောရဲ။ ပြောဖို့လည်းလိုမည်ဟူ၍လည်း မထင်။ သူချစ်နေတာ ဇာနည်စိန်သိလိမ့်မည်။ ဇာနည်စိန်ကလည်း သူ့ကိုချစ်လာလိမ့်မည်။ ထိုအခါ လက်ထပ်ကြမည်။ ဒီလိုပဲသူစိတ်ကူးယဉ်နေခဲ့သည်။ ဇာနည်စိန်က သူ့ကို လေးလေးစားစားဆက်ဆံသည်။ တစ်ခါတစ်ခါတော့ ကလေးလိုနွဲ့ဆိုးဆိုးချင်သည်။ ဒါကို သူသိပ်သဘောကျသည်။

ဓားလေးချက်ပစ်ပြီးသွားပြီ။ လက်ကြားမှာနှစ်ချက်။ ပေါင်ကြားမှာ နှစ်ချက်။ ပြကွက်တစ်ဆင့် အရှိန်မြှင့်သည်။ လူရွှင်တော်ပေါက်စက သစ်သားဘီးဝိုင်းကို လှည့်ပေးလိုက်၏။ ဒီတစ်ခါ လှုပ်ရှားနေသောပစ်မှတ်။ ဓားနှစ်လက်သည် ဇာနည်စိန်၏ခါးဘေးမှာ ဒေါက်ခနဲ ဒေါက်ခနဲ စိုက်ဝင်သည်။ သစ်သားဘီး အရှိန်ပိုမြင့်လာသည်။ ဓားတစ်လက် ဝှီးခနဲ ဇာနည်စိန်၏လည်ပင်းနှင့်လက်နှစ်လုံးအကွာမှာ စိုက်သည်။ ပရိသတ်များ ဟယ်ခနဲဖြစ်သွား၏ ။ နောက်တစ်ချက်... ။

ညနေက အဖြစ်အပျက်က ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရအောင် စွဲနေသည်။ ဇာနည်စိန် အခန်းရှိရာသို့ သူသွားသည်။ ဘာရယ်မဟုတ်။ အပျင်းပြေစကားပြောဖို့ မျက်နှာလေးကို ခိုးကြည့်ဖို့။ လိုက်ကာများဖြင့် ဖွဲ့ထားသော အခန်းရှေ့ရောက်တော့ သူ့ခြေလှမ်းတန့်သွားသည်။ အထဲမှာ လူတစ်ယောက်ရှိသည်။ စကားပြောသံကိုကြားရသည်။ ခြင်္သေ့ညိုမှိုင်းဖြစ်၏။ ခြင်္သေ့ညိုမှိုင်းသည် တိရစ္ဆာန်များနှင့် ကစားပြရသူဖြစ်၏။ အထူးသဖြင့် ခြသေ့င်္ကြီး၏ပါးစပ်ထဲသို့ ဦးခေါင်းထိုးထည့်ရသည့်ပြကွက်ကြောင့် သူသည်လည်း အသက်ဖိုး ငါးဆယ်ပိုရနေသူဖြစ်၏။

ညိုမှိုင်းက... " ကိုယ်တို့နှစ်ယောက်က ဘဝတူတွေပါ။ နှစ်ယောက်စလုံးအသက်ကို အလောင်းအစား လုပ်ထားရသူတွေ မဟုတ်လား" "ဟုတ်တယ်လေ၊ ဒါကြောင့် ကို့အချစ်ကို လက်ခံခဲ့တာပေါ့" အောင်ငွေ့ရင်ထဲက ဆူဝေပေါက်ကွဲထွက်သွားသလားထင်မိ၏။ "ကိုယ်ကစိုးရိမ်နေတာ" "ဘာကိုလဲ" "ကိုအောင်ငွေကိုပေါ့" "အို... ညီမက ကိုအောင်ငွေကို ဆရာသမားတစ်ယောက်အနေနဲ့လေးစားတာပါ။ ကိုအောင်ငွေကလည်း သူ့ဓားတွေကလွဲရင် ဘာမှစိတ်ဝင်စားတတ်တာမှမဟုတ်ဘဲ။ "နောက်ပြီးတော့..."

နောက်ဆုံးနှင့် သည်းထိတ်ရင်ဖိုစရာကောင်းသော ပြကွက်သို့ရောက်လာခဲ့ပြီ။ ပေါက်စသည် အောင်ငွေနားသို့လျှောက်လာပြီး မျက်လုံးကိုအဝတ်ဖြင့် စည်းနှောင်လိုက်သည်။ အဝတ်မစည်းခင်လေးမှာပင် ဇာနည်စိန်ကို တစ်ချက်လှမ်းကြည့်သည်။ ဇာနည်စိန်က ပြုံးလိုက်၏။ သူ့ကိုပြုံးပြခြင်းမဟုတ်။ စင်၏ ထောင့်မှာကွယ်ရပ်နေသော ညိုမှိုင်းကိုလှမ်းပြုံးပြခြင်းဖြစ်၏။ အောင်ငွေနှင့် ပေါက်စတို့ မျက်လုံးချင်းတစ်ချက်ဆုံသည်။ မျက်စိကိုလည်း ပိတ်စည်းထားပြီးပြီ။ သစ်သားဘီးဝိုင်းကိုလည်း လှည့်ထားသည်။ အလွန်ခက်ခဲသည့်ပြကွက်ပင်။ ဒီအခန်းကိုပြနိုင်ဖို့ လပေါင်းများစွာလေ့ကျင့်ခဲ့ရသည်။

ပရိသတ်သည် အသံတစ်ချက်မှမထွက်ဘဲတိတ်ဆိတ်ငြိမ်သက်နေသည်။ တီးဝိုင်းကလည်း ဘာတီးလုံးမှ မတီးဘဲထားပေးသည်။ သို့ရာတွင် အောင်ငွေနားထဲမှာတော့ ညနေက သူလှည့်မထွက်လာခင် ဇာနည်စိန်က ညိုမှိုင်းကိုပြောလိုက်သည့်စကားတစ်ခွန်းကို ပဲ့တင်ထပ်စွာကြားယောင်နေသည် ။
"နောက်ပြီးတော့လည်း ကိုအောင်ငွေရုပ်က ကြောက်စရာကြီး"

"ဟုတ်တယ် ၊ ငါ့ရုပ်ကကြောက်စရာကြီး၊ ညိုမှိုင်းကတော့ လူချောလူလှကိုး" သူ့လက်ဖြန့်လိုက်သည်။ ပေါက်စက သူ့လက်ထဲသို့ ဓားမြှောင်တစ်ချောင်းကို ထည့်ပေးသည်။ သူကဓားကို ဆလိုက်၏။ တကယ်လို့ အခုငါပစ်လိုက်တဲ့ဓားက သူ့ကိုတည့်တည့်မှန်မယ်ဆိုရင် ဘာဖြစ်သွားမလဲ။ လူတွေက မတော်တဆဖြစ်တာလို့ပဲ ထင်ကြမှာပေါ့။ အမှုအခင်းဖြစ်ရင်တောင် မတော်တဆမှုထက် မပိုနိုင်ဘူး။ အားလုံးက ငါ့ဘက်က သက်သေလိုက်ကြမှာအမှန်ပဲ။ ငါတကယ်လုပ်တာပါလို့ ဘယ်သူကထင်မှာလဲ။ ဘယ်သူမှသံသယရှိမှာမဟုတ်ဘူး။ ငါကရုပ်ဆိုးတယ်။ ကြောက်စရာကြီး၊ ဟုတ်တယ်။ ကြောက်စရာ ဓားအောင်ငွေ။

သူအံတစ်ချက်ကြိတ်လိုက်၏။ ပြီးတော့ ဓားကိုဝှီးခနဲပစ်ပေါက်လိုက်သည်။ ဒုတ်ခနဲ။ ငယ်သံပါအောင်အော်သောအသံများ။ မျက်လုံးမှာစည်းထားသောအဝတ်ကို အမြန်ဆွဲဖြုတ်လိုက်သည်။ သူ့ရင်ထဲက ဟာခနဲဖြစ်သွားသည်။ ဓားသည် မူလသတ်မှတ်ထားသည့်အတိုင်း ဇာနည်စိန်၏ ဦးခေါင်းထိပ်မှာပန်ဆင်ထားသော နှင်းဆီပွင့်နီနီကလေးကို ထုတ်ချင်းခတ်ပြီး နောက်ခံသစ်သားမှာ စွဲဝင်လျက်။ ခါတိုင်းနှင့်မတူတာကတော့ ဓားသည်သစ်သားမှာ အရင်ထက်ပို၍ စူးနစ်ဝင်နေခြင်းပင်။ ဓားရိုးက ဆတ်ဆတ်ခါလျက်။ လက်ခုပ်သံတွေက မစဲတော့။ ဇာနည်စိန်က တစ်ချက်ပြုံးပြီး ညိုမှိုင်းကိုကြည့်သည်။ ပေါက်စသည် သက်ပြင်းကို အသံမမြည်ဘဲဖြည်းဖြည်းမှုတ်ထုတ်၏။

ထိုနေ့ညမှာပင် အားလုံးတောင်းပန်တားဆီးနေသည့်ကြားက အလုပ်မှ နုတ်ထွက်လိုက်သည်။ သူ့တပည့်ပေါက်စကလည်း အလုပ်ကထွက်ပြီး သူနှင့်လိုက်လာသည်။ ညတွင်းချင်းပင် ထွက်ခွာလာသဖြင့် နားမလည်နိုင်အောင် ဖြစ်နေကြသည်။ နားလည်လိုက်သူဟူ၍ ပေါက်စတစ်ယောက်သာရှိသည်။ "ဆရာ အံတစ်ချက်ကြိတ်လိုက်တော့ ကျွန်တော် တော်တော်စိုးရိမ်သွားတယ်။ ဆရာ့ရဲ့ သဘောထားကြီးတဲ့စိတ်ဓာတ်ကို ကျွန်တော်လေးစားပါတယ်ဆရာ၊ တကယ်လို့ ဆရာသာ စိတ်လိုက်မာန်ပါလုပ်ခဲ့ရင်..."

အောင်ငွေသည် ခေါင်းကိုယမ်းခါသည်။ ကျန်ရစ်ခဲ့ပြီးဖြစ်သော ရွက်ထည်ရုံကြီးကို တစ်ချက်လျည့်ကြည့်သည်။ "မဟုတ်ဘူး၊ မင်းထင်သလိုမဟုတ်ဘူး၊ ငါသူ့ကို အသေပစ်ပေါက်ထည့်လိုက်တာ၊ တကယ်ထိအောင်ပစ်ခဲ့တာ၊ ဒါပေမယ့်၊ ဒါပေမယ့်ကွာ ငါဟာ နှစ်ပေါင်းများစွာ ဘေးကိုချော်ပြီး မထိအောင် မမှန်အောင်ပစ်တဲ့အကျင့်ကြီးက ပါနေခဲ့ပြီး တကယ်ထိအောင် ငါမပစ်တတ်တော့ဘူး၊ ငါ့စိတ်က သူ့ကိုသတ်ချင်ပေမယ့် ငါ့လက်တွေက ခွင့်မပြုဘူး၊ ဒါပါပဲကွာ" ဟု စိတ်ထဲက ပြန်ပြောသည် ။
မင်းလူ
ရင်ခုန်ပွင့်၊ စက်တင်ဘာ၊ ၁၉၉၀။

(အိမ်ရှေ့ပူရင် အိမ်နောက်မချမ်းသာဖြစ်သတဲ့) မျိုးမြင့်ချို

0 comments
(အိမ်ရှေ့ပူရင် အိမ်နောက်မချမ်းသာဖြစ်သတဲ့)
အန္ဒိယနဲ့ပါကစ္စတန် အကန့်အသတ်နဲ့ ခတ်ရွယ်ရွယ် စစ်တပွဲလောက်တော့ တိုက်ကြည့်ကြမယ်နဲ့တူပါတယ်။
ကက်ရှမီးယားဟာ နှစ်နိုင်ငံလုံးနဲ့မဆိုင်တဲ့ သီးခြားနိုင်ငံ၊ သီးခြားအစိုးရနဲ့ ပြည်သူတွေအချုပ်အခြာအာဏာတည်တဲ့ပြည်ဖြစ်ရေး ကြိုးပမ်းမှုတွေလည်း ဒီစစ်ထဲကနေ လူးလွန့်ထဖို့ ခုလောက်ရှိ အားယူနေကြပြီ ထင်ပါတယ်။ နိုင်ငံသစ်တခုပေါ်ထွန်းလာဖို့ လမ်းစတွေလည်း ခုထက်ပို ရှာကြံလာကြမယ်ထင်ပါတယ်။

ဗြိတိသျှရဲ့ Ruled and Divided ကြောင့် ဒီအခြေအနေထိ ဆိုက်ခဲ့ရတာလို့ သမိုင်းရေးနောက်ခံကားပေါ် တင်ကြည့်ပြီး ပြဿနာရဲ့ဇစ်မြစ်ကိုရှာကြည့်လို့ ထောက်ပြလို့ရတာမှန်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ နိုင်ငံတွေအဖြစ်ခွဲပြီးနောက်ပိုင်း၊ စစ်အေးခေတ်တလျှောက်လုံး၊ ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံခြားပေါ်လစီတွေ၊ အာဏာရခဲ့တဲ့ အစိုးရအဆက်ဆက်တွေရဲ့ ရပ်ခံချက်တွေ၊ နိုင်ငံရေးသမားတွေရဲ့ ပယောဂနဲ့စနက်တွေကိုလည်း ထည့်တွက်ရမယ် မြင်ပါတယ်။ အရေးအကြီးဆုံး အချက်က သမိုင်းခေတ်အလိုက် ပြောင်းလဲတတ်တဲ့ လူထုသဘောထားနဲ့ လူထုတိမ်းညွှတ်မှု ဖြစ်ပါလိမ့်မယ်။

ယေဘုယျအားဖြင့် အိန္ဒိယကို ဒီမိုကရေစီနိုင်ငံလို့ဆိုကြပေမယ့် လူမျိုးရေး ဘာသာရေးစတဲ့ပြဿနာတွေနဲ့လွတ်ပြီး လူတွေ အေးအေးလူလူနေရတဲ့အချိန်ဟာ တဒင်္ဂသာသာထက် တခါမှ မပိုခဲ့ပါဘူး။ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုတွေလည်း မကင်းခဲ့ဘူး။ နေရူးခေတ် နောက်ပိုင်းကစလို့ အိန္ဒိယမှာလွှမ်းမိုးခဲ့တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒဟာ လက်ရှိအစိုးရလက်ထက်မှာ အကြီးစိုးဆုံးဖြစ်နေတာလည်း တွေ့ရပါတယ်။ လူတွေတဦးချင်းစီရဲ့လွတ်လပ်မှု၊ နိုင်ငံရေးအရလွတ်လပ်မှု၊ စီးပွားရေးအရလွတ်လပ်မှုတွေမှာ ပါကစ္စတန်ထက်တော့ အပုံကြီးသာပါတယ်။

ပါကစ္စတန်ကျတော့ စစ်တပ်အာဏာသိမ်းမှုတွေ၊ စစ်အာဏာရှင်စနစ်တွေအောက်မှာ အနေရများခဲ့တယ်။ စစ်ဗိုလ်တွေအချင်းချင်း စောင်မန်ခုတ်လို့ မငြိမ်မသက်ဖြစ်ခဲ့ရတဲ့ ကာလတွေလည်း ရှိတယ်။ လူမျိုးရေး ဘာသာရေးပဋိပက္ခကတော့ အိန္ဒိယထက် အဖြစ်နည်းပါတယ်။ Islamic Country မဟုတ်ပေမယ့် Country of Muslims ဖြစ်နေတာက အထင်အရှားပါ။ ဆိုတော့ ဘာသာအယူနဲ့လူ စုံပင်စုံငြားလည်း အများစုက ဘာသာအယူတူသူတွေဖြစ်တော့ ဘာသာရေး လူမျိုးရေးပြဿနာက လူလည်းပိုများ ဘာသာလည်းပိုစုံ ဇာတ်ခွဲခြားမှုလည်း မသိမသာရှိနေသေးတဲ့ အိန္ဒိယလောက်တော့ မပေါ်လွင်ပါဘူး။ ဒီမိုကရေစီ မူးလို့တောင်ရှူစရာမရှိတဲ့ လူတွေမှာ ကျီးလန့်စာစားဖြစ်ခဲ့ရတဲ့ဘဝတွေလည်း မနည်းလှပါဘူး။

၂ နိုင်ငံလုံးဟာ ချမ်းသာစာရင်းတော့ မဝင်ပါဘူး။ လူတွေရဲ့တဦးချင်းဝင်ငွေမှာလည်း ပိန်မသာလိန်မသာပါ။ စစ်အေးခေတ်ကတော့ အိန္ဒိက ဆိုဗီယက်နဲ့အလွမ်းသင့်ပြီး ပါကစ္စတန်က အမေရိကန်ဘက် ယိမ်းပါတယ်။ လက်နက်၊ စစ်ရေးနည်းပညာတွေကို ဆိုင်ရာနိုင်ငံကြီးတွေကနေ ဝယ်ယူဖြည့်တင်း တပ်ဆင်ကြတာပါ။
ခု ကမ္ဘာသားတွေ တွေးပူနေရတာက စစ်အင်အားအရ အိန္ဒိယကသာတယ်ဆိုပေမယ့် နှစ်နိုင်ငံလုံးမှာ အနုမြူလက်နက်တွေ ကိုယ်စီရှိနေကြတာကိုပါပဲ။ အနုမြူစစ်ကြီး ဖြစ်လာမယ် မလာဘူးကလည်း ဘယ်သူမှ ကံသေကံမပြောမရတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ အပျက်အပျက်နဲ့နှာခေါင်းသွေး မထွက်ကြဖို့ နိုင်ငံကြီးတွေကတော့ ဖြောင့်ဖျနေကြပါတယ်။ နားဝင်ရင် ကောင်းပါတယ်။

ဒါပေမယ့် ခက်တာက အနာက ၂ ဘက်လုံးမှာ သမိုင်းနဲ့ချီနေတာပါ။ ဆိုတော့ ပြဿနာကို သြဇာသုံးပြီး နင်တန်နင်တန် ပန်းကန်ကွဲ လုပ်လို့ရမယ့်လမ်းတော့ ခုထိမမြင်မိသေးပါဘူး။ အနုမြူလက်နက်တွေ မသုံးပါနဲ့အထိ နားချလို့ရဦးတောင် အကန့်အသတ်ရှိတဲ့ စစ် ခတ်ရွယ်ရွယ် တပွဲလောက်တော့ လက်မောင်းလှဲကြည့်ချင်ကြပုံပဲ။ ရှိတဲ့လက်နက်တွေကလည်း စစ်မဖြစ်တော့ ရောင်းမထွက်တဲ့ကုန်လို လက်နက်ရုံတွေမှာ ပုံနေတာမဟုတ်လား။

လက်နက်ရောင်းမယ့်နိုင်ငံတွေကလည်း လက်နက်အသစ်အဆန်းတွေ ကြော်ငြာချင်နေကြတယ်။ စစ်ကုန်သည်တွေ၊ လက်နက်ကုန်သည်တွေ၊ စစ်ပွဲစားတွေလည်း ခေါင်းချင်းရိုက် ခြေချင်းလိမ်နေကြပါပြီ။ သွားရည် တမြားမြားလည်း ဖြစ်နေကြပါပြီ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတွေဆိုတာ စစ်လက်နက်ပစ္စည်း အများဆုံးထုတ်လုပ်ရောင်းချပြီး ကြီးပွားလာကြတာဖြစ်သလို စစ်မီးမွှေးသူတွေ၊ နယ်ချဲ့သမားတွေ ဖြစ်နေတာလည်းတွေ့ရမှာပါ။

လူသတ်လက်နက်တွေ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားတာဟာ မိစ္ဆာအာဇီဝလို့ ဘုရားဟောရှိတယ်၊ မလုပ်ကောင်းဘူး ဘာညာသာ နှုတ်တက်ရွရွပြောနေကြပေမယ့် အဲ့ဒီ မိစ္ဆာအာဇီဝနဲ့ကြီးပွားနေသူတွေကို ကြိတ်အားကျနေကြတာလည်း အထင်အရှားပါဘဲ။ ပါဏာတိပါတံ ဝေရာမဏိသက္ခာပဒံ သမာဓိယာမိနေကြပေမယ့် စစ်ဖြစ်လို့ ကိုယ်မကြိုက်တဲ့ဘက်က အသေအပျောက်များရင်၊ ရှူံးရင် ပျော်ကြ အားရဝမ်းသာရှိကြရုံမက ကိုယ်နိုင်စေချင်တဲ့ဘက်ကို အားပေးကြတာလည်း

လူရဲ့ကြောက်မက်ဖွယ်အဇ္ဈတ္တသဏ္ဍန်ရဲ့ ရက်စက်တဲ့အရိုင်းစိုင်းဆန်မှု ဉာဏ်ပညာနုံ့နဲ့မှုမဟုတ်လား။
လူတွေသတ်နေသေနေတာကို စစ်လွတ်မြေမှာ မိသားစုနဲ့အေးအေးလူလူနေရင်း ဖြစ်နေတဲ့သတ်ဖြတ်မှု သွေးချောင်းစီးမှုကြီးတွေကို ဘောလုံးပွဲကြည့်သလိုသဘောထားပြီး သွေးအေးအေးနဲ့အားပေးကြ လက်ခုပ်လက်ဝါးတီးကြတတ်တဲ့ လူတွေ့ရဲ့နှလုံးသား ခက်ထန်မာကြောမှုနဲ့သွေးဆာမှုတွေဟာလည်း စက်ဆုပ်စရာမဟုတ်လား။ ကမ္ဘာမြေတနေရာရာမှာစစ်ပူရင် ကမ္ဘာမြေအနှံ့က အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းနေလိုသူတိုင်း၊ စိတ်နှလုံးနုညံ့သူတိုင်း ရင်ပူကြရတာပါဘဲ။ အိမ်ရှေ့ပူတော့ အိမ်နောက် မချမ်းသာဖြစ်ရတာက ဓမ္မတာပါဘဲ။ ကမ္ဘာမြေဟာ လူတိုင်းအတွက် အိမ်ပါ။

စစ်တော့ ဖြစ်ဖို့အကြောင်းဖန်နေပြီ။ တာစူနေပြီလို့တော့ မပြောနိုင်သေးပါဘူး။ တကယ်လို့စစ်ဖြစ်ခဲ့ရင် ဖြစ်တဲ့ရည်ရွယ်ချက်မှာ ပြည်သိမ်းဖို့၊ မင်းပြောင်းမင်းလွဲလုပ်ဖို့၊ လက်ရပစ္စည်းသိမ်းဖို့၊ လုယက်ဖို့၊ မိန်းမရှာဖို့တော့ မပါသေးတာ ခန့်မှန်းနိုင်ပါတယ်။ သုံ့တော့ မိတဲ့သူဖမ်းမှာ သေချာပါတယ်။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇)

Wednesday, February 27, 2019

(တရားကိုင်ပြီး စစ်တိုက်တာ) မျိုးမြင့်ချို

0 comments
(တရားကိုင်ပြီး စစ်တိုက်တာ)
စစ်ဆိုတာ အချိန်အကြာကြီး “တည်“လာခဲ့ပြီးမှ “ဝုန်း“ကနဲ ထဖြစ်တာမျိုးပါ။ ကျောင်းတော်ကရန်စရှိပြီးသားနိုင်ငံတခုနဲ့တခုမှာ တချိန်ချိန်ကျ စစ်နဲ့ဖြေရှင်းမယ်ဆိုတဲ့ အစွဲက ၂ ဘက်လုံးမှာအနည်းနဲ့အများရှိနေပါတယ်။ စစ်သွေးဆာတဲ့လူဟာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတာကို ယာယီပြေငြိမ်းမှုလို့ပဲသဘောထားပါတယ်။ အပြီးသတ်လို့ ဘယ်တော့မှမသတ်မှတ်ပါ။ တချိန်ချိန်မှာ အန္တိမရည်မှန်းချက်ဖြစ်တဲ့ “စစ်နည်း“ဆီပဲ ပြန်ဦးတည်ပါတယ်။ ဒီနည်းကိုပဲ ဆုပ်ကိုင်ထားတာဖြစ်ပါတယ်။

ဒါဟာ စစ်ဖြစ်လာမယ့် မီးပါ။ ဒီမီးကို မသေအောင် တယုတယပျိုးထားရပါတယ်။ လူတွေ သွေးနည်းနည်းအေးနေလောက်ပြီလို့ထင်ရင် နိုင်ငံရေးသမားက လူတွေသွေးဆူပြီး ဂမုးရှူးထိုးတွေဖြစ်လာအောင် အကွက်ချချပြီး အစဖော်ဖော်ပေးပါတယ်။ သွေးထိုးပေးပါတယ်။ လှုံ့ဆော်ပေးပါတယ်။ ဒီနေရာမှာ အသုံးချဖို့ အမျိုးသားရေးဟာ အလွန်အသုံးတည့်ပါတယ်။ ရန်လိုတဲ့စိတ် စစ်ဆာတဲ့စိတ် သတ်ချင်ဖြတ်ချင် လုယက်အနိုင်ကျင့်ချင် လွှမ်းမိုးကြီးစိုးလိုချင်တဲ့စိတ္တဇတွေ လူတွေမှာ ကိန်းနေအောင်လုပ်ထားရပါတယ်။ ဒီလိုနဲ့ စစ်ကို တဖြည်းဖြည်းပျိုးထောင်လာပြီး ရလောက်ပြီ ပိုင်လောက်ပြီဆိုတဲ့အချိန်ကျတော့မှ အနီးကပ်ဆုံးအခြင်းအရာ အဖြစ်အပျက်တရပ်ရပ်ကို ကောက်ကိုင် ဖောက်ခွဲပြီး စစ်မီးကို ဟုန်းကနဲထတောက်အောင်လုပ်ယူတာပါ။ ဒီတော့ စစ်ပွဲလေးတွေ စဖြစ်လာမယ်။ ပြီးတော့ စစ်ပွဲကြီးတွေ ဖြစ်လာမယ်။ နောက်ဆုံး စစ်ကြီးဖြစ်ပါတယ်။

စစ်ဟာ ဖြည်းဖြည်းချင်းအချိန်ယူတည်လာပြီးမှ ဝုန်းကနဲ ထဖြစ်တာမှန်ပေမယ့် ပြီးတော့လည်း ဖြည်းဖြည်းချင်းပဲပြန်ပြီးပါတယ်။ စစ်ကိုအနိုင်တိုက်ပြီး ပြီးခဲ့တယ်ဆိုတဲ့ ဒုတိယကမ္ဘာစစ်လို စစ်ကြီးမှာတောင် အဆုံးသတ်အဖြေဟာပေါ်နေပြီ နိုင်တဲ့ဘက်က မုချနိုင်တော့မယ့် ရှူံးတဲ့ဘက်ကပြုတ်ပြုတ်ပြုဉ်းအောင် ရှူုံးတော့မယ့် စစ်ကြီးပြီးတော့မယ့်အခြေအထိဆိုက်နေတာတောင် စစ်ပွဲတွေဟာ မပြီးသေးပါဘူး။ တိုက်နေကြတုန်းပါဘဲ။ လူတွေ သေနေသတ်နေကြတုန်းပါဘဲ။ ဖက်ဆစ်တွေ ခြွင်းချက်မရှိ လက်နက်ချတဲ့အထိ တိုက်ရပါတယ်။ သဘောက စစ်ဆိုတာ မဖြစ်ရင်နေ ဖြစ်ရင် နိုင်တဲ့အထိ ဒါမှမဟုတ် ရှူံးတဲ့အထိတိုက်ရပါတယ်။ စစ်ဆိုတာ မဖြစ်တာကောင်းတယ်ဆိုပေမယ့် ဖြစ်ရင်တော့ နိုင်မှကောင်းပါတယ်။

စစ်ဟာ တရာတယ်မတရားဘူးပြောနေရတဲ့ကိစ္စမဟုတ်ပါဘူး။ လူသတ်နေတာမှာ တရားတယ် မတရားဘူးမရှိပါဘူး။ ရအောင်သတ် နိုင်အောင်သတ် တဘက်လူရှူံးတဲ့အထိ ဒါမှမဟုတ် ကိုယ်ရှူံးတဲ့အထိ တိုက်ရတာပါ။ စစ်ဟာ သူရသတ္တိရဲ့ပြယုဂ်လည်း မဟုတ်ပါဘူး။ လူလုပ်သမျှမိုက်မဲမှုတွေထဲမှာ စစ်ထက်ပို မုန်းတီးစက်ဆုပ်စရာ ဘာမှလည်း ရှိမယ်မထင်ပါ။ စစ်တိုက်တာ မိုက်မိုက်ကန်းကန်း လုပ်ရတာမျိုးပါ။

လက်နက်လူသူအခြေအနေ တူနေဦးတောင် စစ်ပွဲမှာ တကယ်တိုက်တဲ့အခါ မိုက်ကန်းဆိုးသွမ်းမှုကို ပညာသားပါပါ လုပ်တတ်သူ ပရိယာယ်ကြွယ်ကြွယ်လုပ်တတ်သူ တပန်းသာ သာပါတယ်။ ဒါကိုပဲ စစ်အတတ် စစ်သိပ္ပံပညာဆိုပြီး အမွှမ်းတင်ကြတာပါ။ ဒီလူ့ကိုဘဲ စစ်ပါရဂူဆိုပြီး ထောမနာပြုကြတာပါ။
စစ်ရဲ့အဆုံးသတ်အဖြေ ထွက်သွားတဲ့အထိတောင် တယောက်တည်းကျန် အလံမလှဲဆိုပြီး ကျည်တကပ်သေနတ်တလက်နဲ့ သေတဲ့အထိ ခံပစ်သွားသူမျိုးလည်းရှိပါတယ်။ ဒါကို ချီးကျူးသူ ကျူးပါတယ်။

စစ်ဟာ လူသားတွေ သမိုင်းလျှောက်ထူထောင်တည်ဆောက်လာခဲ့တဲ့ အဆောက်အဦးတွေ မြို့ပြတွေ နိုင်ငံတွေကိုသာမက လူ့ယဉ်ကျေးမှုကြီးတခုလုံးနဲ့ လူ့စိတ်နေစိတ်ထား ဗီဇသဘောတွေကိုပါ တမဟုတ်ချင်း ပြောင်းလဲ ဖျက်ဆီးပစ်ပါတယ်။ နဂိုအခံက ရန်လိုစိတ် သွေးစိတ်စတဲ့ စိတ်မိုက်စိတ်ရုင်းရှိသူတွေကို စစ်ဟာ တကယ့် လူ့အရိုင်းအစိုင်းကြီးတွေ လူအန္ဓကြီးတွေ လူဆိုးလူမိုက်ကြီးတွေဖြစ်အောင် ပြောင်းလဲပေးနိုင်စွမ်းပါတယ်။

စစ်မှာ မတရားဘူး တရားတယ်ပြောနေချိန်မရှိသလို ပြောရမယ့်ကိစ္စလည်းမဟုတ်တာမှန်ပေမယ့် “စစ်ဖြစ်ရခြင်း“မှာတော့ တရားရှိပါတယ်။ မှန်တဲ့တရား မှားတဲ့တရားရှိပါတယ်။ မှန်တဲ့တရားကိုင်ပြီး စစ်တိုက်ရင် ဒါမှမဟုတ် စစ်ဖြစ်ရင် “တရားမှန်“တဲ့ဘက်က စစ်နိုင်ပါတယ်။ တရားမှားသူ ရှူံးပါတယ်။
ဖက်ဆစ်တွေ အားအလွန်ကြီးပါတယ်။ ဒါပေမယ့် စစ်ရှူံးပါတယ်။ ဖက်ဆစ်ဖြစ်လို့ပါ။ အမေရိကန်တွေ အင်အားအလုံးအဖီးပါ။ ဒါပေမယ့် ဗီယက်နမ်မှာ စစ်ရှူံးပါတယ်။ ကျူးကျော်နယ်ချဲ့လို့ပါ။
စစ်ဖြစ်နေချိန်မှာ စစ်တိုက်နေချိန်မှာ တရားတယ်မတရားဘူး ပြောနေချိန်မရှိဘူး ပြောနေရမယ့်ကိစ္စမဟုတ်ဘူးဆိုပေမယ့် စစ်ဖြစ်ရတာမှာတော့ တရားရှိပါတယ်။ တရားမှန် တရားမှားလို့ဆိုရမှာပါ။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၉

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁ဝ)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၁ဝ)

ကဲကီးဂါးဒ်က သစ္စာတရားဟူသည် စာပေအယူဝါဒများကို ဖတ်ရှူလေ့လာပြီးနောက်ရရှိလာသည့် အရာမဟုတ်။ အဟုတ်တကယ်ရှိနေသည့် အဖြစ်တခု(ဝါ)ဘဝတခုသာဖြစ်သည်။ အသိဉာဏ်ပိုင်းဆိုင်ရာ အယူဝါဒကျမ်းဂန်များကို ဒိုးလိုမွှေပြီး သင်ကြားတတ်မြောက်သော်လည်း ခရစ်ယာန်ဘာသာတရား၏သစ္စာတရားကို မျက်မှောက်ပြုနိုင်မည်မဟုတ်ပေ။ ယေရှူသခင် နေထိုင်ကျင့်ကြံသွားသကဲ့သို့ စစ်စစ်မှန်မှန် စိုက်လိုက်မတ်တတ် ယုံယုံကြည်ကြည် လိုက်နာကျင့်ကြံမှုဖြင့်သာ သစ္စာတရားကိုချဉ်းကပ်နိုင်မည်။ မိမိသာ သစ္စာတရားနှင့်ထပ်တူ ဖြစ်လာမည်ဟု ဆိုခဲ့ပေသည်။ တနည်းအားဖြင့်ဆိုသော် သစ္စာတရား၏ ဒြပ်မဲ့သီအိုရီသဘောတရားများမှတဆင့် မချဉ်းကပ်နိုင်။ တကယ့် လက်တွေ့ဘဝနှင့်ထပ်တူကျင့်ကြံနိုင်မှသာ ရရှိနိုင်မည်ဟုဆိုလိုခြင်းဖြစ်ပေသည်။

ဤသို့ဖြင့် ကဲကီးဂါးဒ်သည် အစဉ်အလာ အနောက်တိုင်းဒဿနအယူဝါဒများကို ဆန့်ကျင်ကာလမ်းခွဲထွက်ခဲ့သည်။  သစ္စာတရားနှင့် အစစ်အမှန်တရားဟူသည် ယေဘုယျသဘော(Universal)၊ ဓမ္မဓိဌာန်(Objective)မဟုတ်။ သီးခြားသဘော ပုဂ္ဂလဓိဌာန်သဘော (Subjective)သာဖြစ်သည်။ ထို့ပြင် သစ္စာတရားသည် ယုတ္တိဗေဒနှင့် သင်္ချာဆင်ခြင်ခြင်းတို့၏ကိစ္စမဟုတ်။ လူသား၏ ပုဂ္ဂလလူ့ဘဝကိစ္စသာ ဖြစ်သည်။ သို့ဖြစ်၍ ယုတ္တိဗေဒနှင့် သင်္ချာဆင်ခြင်ခြင်းတို့ကိုအခြေပြု၍ ယေဘုယျ ဓမ္မဓိဌာန်သဘောတို့ကိုရှာဖွေနေသည့် သိပ္ပံပညာသည် ပုဂ္ဂလလူ့ဘဝ၏သစ္စာတရားကို မည်သို့မျှ မဖော်ထုတ်နိုင်ဟု ကဲကီးဂါးဒ်ကမိန့်ဆိုခဲ့ပေသည်။

ကဲကီးဂါးဒ်၏ ဒဿနအယူအဆများသည် သူ့ခေတ်အခါက အလွန်ပင်သြဇာကြီးခဲ့သော ဟေဂယ်၏ဒဿနနှင့် ထိပ်တိုက်ဆန့်ကျင်နေသည်ကို တွေ့ရပေသည်။ ဟေဂယ်အနေဖြင့် သစ္စာတရားဟူသည် သူ၏ ဒဿနစနစ်ကြီးအတွင်း တခုနှင့်တခု စနစ်တကျဆီလျှော်ကိုက်ညီနေမှု ရှိနေခြင်းကို ဆိုလိုပေသည်။ သူ၏ အနန္တဝိဉာဉ်တော်ဟူသော အစစ်အမှန်အရှိတရားနှင့် ဆီလျှော်ကိုက်ညီမှုရှိမှာသာ အမှန်တရား ဖြစ်နိုင်ပေသည်။ သစ္စာတရားဖြစ်နိုင်သည်။ ဆီလျှော်ကိုက်ညီမှုမရှိသည့်အရာမှန်သမျှသည် သစ္စာတရားမဖြစ်နိုင်ဟု ဆိုပေသည်။

တနည်းအားဖြင့် သူ၏ ယေဘုယျသဘောကြီးတခုလုံးအတွင်း အံဝင်ခွင်ကျဖြစ်နေမှသာ သစ္စာတရားဖြစ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
ကဲကီးဂါးဒ်ကမူ ဟေဂယ်၏အယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်လေသည်။ သူက လူဟူသည် ယေဘုယျသဘောကြီးတရပ်၏ပြဌာန်းခံ အစိတ်အပိုင်း တခုမဟုတ်။ မမိမိဘာသာမိမိ စစ်မှန်စွာတည်ရှိနေသော ဝိသေသသဘောသာဖြစ်သည်။ ပုဂ္ဂလဓိဌာန်သဘောသာ ဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသည် ယေဘုယျသဘောအားလုံးထက် မြင့်မြတ်ပေသည်။ အဘယ်ေ့ကြာင့်ဆိုသာ် လူပုဂ္ဂိုလ်တဦးချင်းစီ အမှန်တကယ် စစ်မှန်စွာဖြစ်တည်နေသကဲ့သို့ ယင်းယေဘုယျသဘောတရားတို့သည် စစ်မှန်စွာဖြစ်တည်မှု မရှိသောကြောင့်ဖြစ်ပေသည်။ အမှန်စင်စစ် လူသားတဦးစီကိုယ်တိုင်သည် အမှန်တရား(ဝါ)သစ္စာတရားတခုလုံးပင် ဖြစ်သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသည် သစ္စာတရားနှင့်ထပ်တူထပ်မျှ ဖြစ်လာနိုင်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။

အနောက်တိုင်းဒဿန သမိုင်းတလျှောက်လုံးတွင် အစဉ်အလာအားဖြင့် ဒဿနတွေးခေါ်ပညာရှင်ကြီးများသည် ဝိသေသဖြစ်ရပ်များနှင့် ပုဂ္ဂလိကလူသားတို့ထက် ယေဘုယျသဘောတရားများ၊ အနှစ်သာရ(Essenes)များကိုသာ အလေးပေးခဲ့ကြပေသည်။ ဆင်ခြင်ခြင်း၊ စိတ်ကူးယဉ်(Idea) စသည့် ဒြပ်မဲ့သဘော (Concrete) များကို ဒြပ်ရှိသဘောဆောင်နေသည့် အသွေးအသွားနှင့်ဖြစ်တည်နေသော လူ (ဝါ) လက်တွေ့မျက်တွေ့လူသားဘဝ(Flesh­and­blood human being) ထက် ပိုပြီးအရေးထားခဲ့ကြပေသည်။

ပြင်သစ်တွေးခေါ်ရှင်ကြီး ဒေကား(Descartes 1596­1650) က “ကျွန်ုပ်စဉ်းစားသည်၊ ထို့ကြောင့် ကျွန်ုပ်ရှိသည်” (I Think, therefore I am) ဟူ၍ ပြောခဲ့သေည်။ ကျွန်ုပ်တည်းဟူသော လူသားဖြစ်တည်ရှိနေရခြင်းမှာ ကျွန်ုပ်စဉ်းစားခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ လူသား၏ တည်ရှိမှုသည် လူသား၏စဉ်းစားမှုအပေါ်မှီနကြောင်း ပြောခဲ့ပေသည်။ တနည်းအားဖြင့် စဉ်းစားခြင်းကို ရှေ့တန်းပို့ခဲ့ပေသည်။ ထိုနည်းတူ ဟေဂယ်ကလည်း “အစစ်အမှန်တရားဟူသည် ဆင်ခြင်နည်းကျခြင်း”(What is real is rational)ဟု ဆိုခဲ့ပေသည်။ ဆင်ခြင်ခြင်းနှင့် အစစ်အမှန်တရားကို ထပ်တူပြုခဲ့ခြင်းဖြစ်သည်။ လူ၏ဖြစ်တည်မှုကို မှေးမှန်စေခဲ့သောအယူအဆဖြစ်ပေသည်။ ဤသို့ဒြပ်ရှိသဘောတို့ကို ဘေးချိတ်ပြီး ဒြပ်မဲ့သဘောတို့ကို ကိုးကွယ်ခဲ့ကြသည့်တွေးခေါ်ရှင်ကြီးများကို ကဲကီးဂါးဒ်က ဤသို့သရော်ခဲ့သည်။

“ဒြပ်မဲသ့ဘောများကို ဦးစားပေးလွန်းသူတဦးသည် လက်တွေ့ဘဝ အရှိတရားများနှင့် အလွန်ကင်းကွာသွားပေသည်။ သူသည် လူ့ဘဝ၏ ဒြပ်ရှိ အရှိတရားတို့အပေါ် အမေ့မေ့အလျော့လျော့ဖြစ်လာပြီး မိမိ၏လူ့ဘဝဖြစ်တည်မှုကိုပင် သတိမမူနိုင်၊ မသိရှိနိုင် ဖြစ်ခဲ့သည်။ နောက်ဆုံး သာယာလှသောတနံနက်ခင်း အိပ်ယာမှနိုးအထတွင် မိမိဘဝသည် သေဆုံးသွားပြီဖြစ်ကြောင်း၊ မိမိဘဝဖြစ်တည်မှုသည် အချည်းနှီး အဓိပ္ပါယ်မဲ့ဖြစ်နေပြီဖြစ်ကြောင်းကို အထိတ်အလန့် တွေ့လိုက်ရလေတော့သည်” ယေဘုယျဒြပ်မဲ့သဘောကို ဦးစားပေးခဲ့ကြသည့် တွေးခေါ်ရှင်များသည် ကိုယ့်ဘဝကိုယ် မေ့နေကြသူများသာဖြစ်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ခြင်းဖြစ်ပေသည်။

မည်သို့ဆိုစေ အနောက်တိုင်းဒဿနသမိုင်းတလျှောက်တွင် တွေးခေါ်ရှင်အများစုသည် လူ့ဘဝဖြစ်တည်မှုထက် “အနှစ်သာရ ဒြပ်မဲ့တရားများ ကို ရှေ့တန်းတင်ဦးစားပေးကြကာ အနှစ်သာရသည် ဖြစ်တည်မှုထက်ရှေ့ကျ၏(ဝါ) ပဓာနကျ၏” (Essence Precedes Existence)ဟု ဆိုခဲ့ ကြပါသည်။ သို့ရာတွင် လူ့ဘဝဖြစ်တည်မှုကိုဦးစားပေးခဲ့ကြသော ကဲကီးဂါးဒ်နှင့် ဖြစ်တည်မှုဝါဒီတို့ကမူ အထက်ပါအဆိုအမိန့်ကို ပြောင်းပြန် လှန်ပစ်ခဲ့ကြပေသည်။ သူတို့က“ဖြစ်တည်မှုသည်အနှစ်သာရထက် ရှေ့ကျ၏ (ဝါ) ပဓာနကျ၏” (Existence precedes Essence) ဟု ကြွေးကြော်ကြပါသည်။

ဤအဆိုနှစ်ရပ်သည် ဖြစ်တည်မှုဝါဒနှင့် အခြားဒဿနဝါဒများအကြား ခြားနားချက်ကို မီးမောင်းထိုးပြထားပေသည်။ ထို့ကြောင့် ယင်းတို့၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ကွဲကွဲပြားပြားနားလည်ရန် အရေးကြီးလှသေည်။ ရုတ်တရက်ဆိုပါလျှင် “ဖြစ်တည်မှုကို ရှေ့ကဦးဆောင်ထားသည့် အနှစ်သာရ” နှင့် “အနှစ်သာရကို ရှေ့ကဦးဆောင်ထားသောဇြစ်တည်မှု”ဟူသည် နားရှူပ်ထွေးစရာလို ဖြစ်နေပါသည်။ သို့ရာတွင် အသေအချာ စဉ်းစားကြည့်ပါက အတန်ပင် ကွဲပြားခြားနားလှသည်ကို တွေ့ရပေမည်။ ထို့ပြင် ယင်း စကားရပ်တို့၏ နောက်ကွယ်မှအတွေးအခေါ်အယူအဆ သည် အလွန်ပင်အရေးပါလှပေသည်။ နှစ်ဆယ်ရာစု ဒဿနအတွေးအခေါ်ကို အလှည့်အပြောင်းဖြစ်စေခဲ့သော အယူအဆဟုလည်း ဆိုနိုင် ပေသည်။ ဤသို့ အရေးကြီးလှသည့် အယူအဆအတွက် ပြည့်စုံရှင်းလင်းလှသည့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပြင်သစ် ဖြစ်တည်မှုဝါဒီ ယန်းပေါဆာ့တ်က ထွန်းညှိပြခဲ့ပေသည်။

(ကက်ရှမီးယား) မျိုးမြင့်ချို

0 comments

(ကက်ရှမီးယား)
အိန္ဒိယ ပါကစ္စတန် လက်ရည်စမ်းရုံရှိသေး လက်နက်ပွဲစားနဲ့ စစ်ကုန်သည်တွေ ဒေသတွင်းမှာနဲ့ဆိုင်ရာသံရုံးတွေမှာ ခြေချင်းလိမ်လာကြပြီ။ အိန္ဒိယ ပါကစ္စတန်စစ်ဗိုလ်ကြီးတွေနဲ့ နိုင်ငံရေးသမားတွေတော့ ပွပေါက်အသစ်တခုပေါ်လာပြီ။

စစ်လက်နက်အသစ်အဆန်းတွေကို လူတွေသတ်ပြပြီး မြို့တွေရွာတွေမီးလောင်တိုက်သွင်းပြပြီး ကြော်ငြာထိုးကြတော့မယ်။

လက်နက်ဆိုတာ အရောင်းပြခန်းနဲ့ကြော်ငြာရတာမဟုတ်တော့ စစ်ပွဲဖန်တီးပြီး တချက်တည်းနဲ့ လူဘယ်လောက်သတ်နိုင်ဆိုတာ လက်တွေ့ပြရတယ်။ များများနဲ့မြန်မြန်သတ်နိုင်လေလေ ဈေးကောင်းရလေလေပဲ။ ရောင်းအားကောင်းလေလေဘဲ။

ဒီ စစ်မြေပြင် လက်နက်အရောင်းမြှင့်တင်ပွဲ လူစည်မယ့်သဘောရှိတယ်။ ၂ နိုင်ငံ ထသာ ချကြလို့ကတော့ လူတွေ သောက်သောက်လဲ သေလိုက်မယ်ဖြစ်ခြင်း။

လက်နက်ကုမ္ဗဏီကြီးတွေ၊ လက်နက်ကုန်သည်တွေ၊ စစ်ပွဲစားတွေ၊ လက်နက်နိုင်ငံကြီးတွေ စစ်နဲ့ငွေရှာ မြက်မြက်ကလေးရကြဦးမယ်။ စစ်ဖြစ်တဲ့ပြည်တွေကတော့ ကြေမွသွားမယ်။ လူတွေ မွဲတွေသွားမယ်။

လက်နက်နိုင်ငံကြီးတွေဟာ သူတို့စီးပွားဖြစ်ဖို့ဆို အချိန်မရွေးစစ်ထဖြစ်ခိုင်းလို့ရတဲ့ ကျောင်းတော်ကရန်စတွေကို ရန်စဖော်ပေးပြီး ဒေသန္တရစစ်တွေမှာ လက်နက် ၂ ဘက်ရောင်း ရောင်းပေးရင်း ဓနစုဆောင်းကြတာပါ။ သူတို့မြေပေါ်တော့ ကျည်တတောင့်မှ အကျမခံပါဘူး။

လူ့သမိုင်းရဲ့ခေတ်တိုင်းမှာ စစ်ဟာအရာရာဖြစ်နေပြီ။ လက်နက်ဟာ အရာရာကို ဆုံးဖြတ်တယ်။ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်။ ဒါပေမယ့် သေနတ်ပြောင်းကို ဘယ်အာဏာက အမိန့်ပေးမလဲ။

ဘယ်အာဏာက အမိန့်ပေးပေး စစ်တကယ်ဖြစ်ရင် အာဏာကိုင်တဲ့ ပိုင်တဲ့ကောင်ကနောက်မှ အရင်ဆုံး ကျောကော့အောင်ခံကြရ သေရကြေရကြ သတ်ရဖြတ်ရကြတာက လက်နက်မဲ့ပြည်သူတွေ၊ မိခင်တွေ၊ ကလေးတွေ၊ နှစ်ဘက်အောက်ခြေထုက စစ်သည်တွေ။

စစ်ဟာ ခေတ်အဆက်ဆက်က တည်ဆောက်လာခဲ့ရတဲ့ လူ့ယဉ်ကျေးမှုကြီးကိုသာမက လူ့စိတ်ဓာတ်နဲ့အတွေးအခေါ်တွေကိုပါ ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်တာပါဘဲ။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၉

(နတ်ကြိုက်ဓာတ်ခိုက်) မျိုးမြင့်ချို

0 comments
(နတ်ကြိုက်ဓာတ်ခိုက်)
စစ်အုပ်စုက တရုတ်အကြောင်းသိသွားပုံပါဘဲ။ ခတ်ခွာခွာနဲ့ အေးတိအေးစက်လုပ်နေပါတယ်။ ပိုအရေးကြီးတာက သူ့အတွက် တရုတ်သိတ်မလိုတော့တာလည်း ပါပါတယ်။ တရုတ်ကလည်း စစ်အုပ်စုအတွက်သက်သက်နဲ့ နိုင်ငံတကာအလယ်မှာ အရင်လို မျက်နှာအပျက်ခံပြီး ဗြောင်ကျကျရပ်ခံကာကွယ်ပေးစရာ သိတ်မလိုတော့လို့ သိတ်မလုပ်တော့ပါ။ စစ်အုပ်စုနဲ့တိုက်ရိုက် ဆက်စပ်တဲ့ပြဿနာတွေကိုတောင်မှ ခတ်လျှိုလျှိုနေလာတာ တွေ့ရပါတယ်။

တရုတ်ရဲ့သဘောက ဘယ်လိုအစိုးရအမျိုးအစားဖြစ်ဖြစ် ဘာစနစ်ကို ကိုယ်စားပြုပြု သူ့အတွက်အရေးမကြီးပါ။ အရေးကြီးတာက ရှိနေတဲ့အစိုးရနဲ့ စီးပွားရေးလုပ်ဖို့ ငွေရှာဖို့အဓိကပါ။ စစ်အုပ်စုနဲ့ စီးပွားဘက်လုပ်နေတုန်းက ဒေါ်စုဟာ တရုတ်ရဲ့ ဖုတ်လေတဲ့ငါးပိပါ။ ခု ဒေါ်စုကိုင်ပြီး စီးပွားရှာဖို့ဖြစ်လာတော့ ဖက်လှဲတကင်းလုပ်ပါတယ်။ လူမျိုးစုတွေနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့တောင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွေ့ရေး ကြားဝင်ပေးပါတယ်။ စစ်အုပ်စုကို ခနခေါက်ပြီး အစိုးရကို ဇန်းပြန်တင်လာတာပါ။ အရင်ကလို ကာချုပ်ဆီအရင် သံတော်ဦးမတင်လိုက်တာ သတိထားမိကြမှာပါ။

စစ်အုပ်စုကလည်း နပ်ပါတယ်။ ဒါကို ကာပြန်ဖို့ ကောက်ကာငင်ကာ စစ်ဗိုလ်တွေနဲ့ချည်းဖွဲ့တဲ့ စစ်ငြိမ်းချမ်းရေးကော်မတီဖွဲ့ပါတယ်။ လိုအပ်ရင်အပစ်ရပ်အဖွဲ့တွေကို တဖွဲ့ချင်းစီနဲ့ စစ်တပ်နဲ့သီးသန့်ဆွေးနွေးမယ်လို့ဆိုပါတယ်။ သဘောက အခြေအနေတွေကို ပိုရှုပ်ထွေးသွားအောင်နဲ့ ဒေါ်စု ပိုပြီးလှုပ်မရအောင် စင်ပြိုင်ကော်မတီဆိုပြီး လှေကြီးပေါ် လှေငယ်ဆောက်ပြလိုက်တာပါ။ တရုတ်ကို လုပ်ပြချင်တာလည်း ပါပါတယ်။

ဒေါ်စုကလည်း တရုတ်ကို ဒီလောက်မျက်နှာသာပေး လိုက်လျောနေတာထောက်တော့ တရုတ်ကြားဝင်ရင် သူသွားချင်တဲ့ ပင်လုံဆီရောက်နိုင်မလားတွေးတာ ပါပါလိမ့်မယ်။ သူ့လက်ထက်မှာ ငြိမ်းချမ်းရေးမရတောင် အနိမ့်ဆုံးတပြည်လုံးအတိုင်းအတာနဲ့ မှန်မှန်ကန်ကန် အပစ်ရပ်ခဲ့နိုင်တယ်ဆိုတဲ့ နိုင်ငံရေးဂုဏ်နဲ့သမိုင်းတော့ တောင့်တမှာပါ။ ကောင်းတဲ့ကိစ္စမို့ ဖြစ်ခဲ့ရင် လူထုကလည်း ကြည်ဖြူမှာပါ။ နတ်လူ သာဓုခေါ်စရာပါ။ သူ လုပ်လည်း လုပ်ပြချင်မှာပါ။ ဒါပေမဲ့ အလှမ်းကျယ်ပြီး အလယ်လတ်သွားပါတယ်။ လူမှားတွေကို စိတ်ရောကိုယ်ပါ သွားပေါင်းပါတယ်။ သူတို့ကျူးလွန်သမျှရာဇဝတ်မှုကြီးတွေကို အရူးအမူးအကာအကွယ် လိုက်လုပ်ပါတယ်။ နောက်ဆုံးတော့ ဂျောက်အချခံရတာ အဖတ်တင်ပါတယ်။ နိုင်ငံတကာက အော်ကြော့လန်သွားပါတယ်။ လူမျိုးစုတွေရဲ့ အငြူစူခံရပါတယ်။ ကြားဖြတ်ရွေးပွဲအဖြေက မီးလှန့်သံချောင်းမွှေသလို မွှေသွားပါတယ်။

သူ့စေတနာကို အကောင်အထည်ဖော်ရေးအတွက် စစ်တပ်နဲ့ပင်းပြီး လုပ်ကြည့်တာ ဟန်မယ့်ပုံမပေါ်တော့မှန်း အလုပ်မဖြစ်တော့မယ်မှန်း ပိုင်းပိုင်းပြတ်ပြတ်လည်း သိသွားပုံရပါတယ်။ စစ်အုပ်စုကလည်း သူလုပ်ချင်တာတွေ သူ့လက်ထက်မှာ ဘာဆိုဘာမှမဖြစ်ရလေအောင် အစွမ်းကုန်သုံးပြီး ဟန့်တားနှောက်ယှက်တာ အထင်အရှားပါ။ ဂွင်ဝင်တိုင်း တလုံတလုံး တချက်ရတချက် ပစ်ပစ်သွင်းပါတယ်။ ထိုးပါတယ်။ လတ်တလောထိုးတဲ့ ထိုးနှက်ချက်တွေထဲက အဆိုးဆုံးနဲ့ ဒေါ်စုအဖို့အထိအနာဆုံးက အေအေကိုချေမှုန်းခိုင်းတယ်ဆိုတဲ့ ထိပ်တန်းပေါက်ကြားမှုကြီးပါ။ ဖေါက်အချခံရတာပါ။ တမင်လုပ်တာပါ။ သူလည်း သွေးရူးသွေးတမ်းတွေဖြစ် ဘာမှကို ပြန်မချေပနိုင်တော့ပဲ ဖွဲ့စည်းပုံပြင်ရေးဆိုပြီး ဂမူးရှူးထိုးထလုပ်တဲ့အထိ ဖြစ်ကုန်တယ်တွေးမိပါတယ်။ သူ့ဖွဲ့စည်းပုံပြင်ရေးကိုတော့ တရုတ်အနေနဲ့ ဘာမှ ကြားဝင်လုပ်ပေး ကူပေးလို့မရသလို စစ်အုပ်စုကိုလည်း ပြင်ရေးကိုလိုက်လျောဖို့ ဝင်နားချဖြောင့်ဖျပေးစရာမမြင်ပါ။

တရုတ်က OBOR ကိစ္စလောနေတော့ မြစ်ဆုံဆည်ကိစ္စ တချက်တောက်ကြည့်ပြီး အသာပြန်ချထားတာတွေ့ရပါတယ်။ ပိုကြီးတဲ့စီးပွားဘက်လိုက်ဖို့ သိတ်လိုအပ်လာရင် လျှော်တောင်လျှော်ပစ် လိုက်နိုင်ပါတယ်။ ဒေါ်လာသန်းရှစ်ရာဆိုတာ မနည်းဘူးဆိုပေမယ့် တရုတ်အတွက်တော့ မမှုလောက်တဲ့ငွေပမာဏပါ။ မြစ်ဆုံကို ဒေါ်စုလက်ထက်မှာ အပြီးအပြတ်လျှော်ပေးလိုက်ရင် လူတွေလည်းပျော်ပြီး ဒေါ်စုလည်း ပြည်တွင်းထောက်ခံမှု(ပြည်မဒေသတွေမှာ)အကြီးအကျယ် ရမှာပါ။ တရုတ်အတွက်ကတော့ ဒီအခြေအနေရတယ်ဆို နတ်လည်းကြိုက် ဓာတ်လည်းခိုက်ဖြစ်မှာပါ။ သူ မျှော်လည်းမျှော်လင့်မယ်ထင်ပါတယ်။ ဒေါ်စုသာ ဒီ့ထက်ပိုပြီး ပုံအပ်လာရင် သူလည်းယုံမှတ်ပြီး အလျော်အစား လုပ်လာနိုင်ပါတယ်။ ဒေါ်စုလည်း ဒါကိုတွက်ပြီး လုပ်နေသလားက တွေးစရာပါ။

ဖွဲ့စည်းပုံပြင်ရေးလုပ်လာတာဟာ ၂ဝ၂ဝ အတွက်မျှော်မှန်းချက်ဖြစ်သလို မြစ်ဆုံဆည်ကို ဘာလျော်ကြေးမှမပေးရဘဲ(ပေးရမယ်ဆိုလည်း ခံသာတဲ့အနေအထား)အပြီးအပိုင်ရပ်ဆိုင်းနိုင်တယ်ဆို ၂ဝ၂ဝ မှာလည်း NLD ဆက်အောင်ပွဲခံနေစရာရှိပါတယ်။ လုပ်နေကြတာက ပါတီနိုင်ငံရေးပါ။ ပါတီနိုင်နေဖို့အရေးဖြစ်ပါတယ်။ ပြည်သူတို့ဘာတို့ တိုင်းပြည်အကျိုးစီးပွားတို့ဆိုတာက လုပ်ပိုင်ခွင့်ရှိမှ လုပ်လို့ရတာပါ။ လုပ်ပိုင်ခွင့်ဟာ အာဏာပါ။

လူထုမပါ ဘာမှမဖြစ်မှန်းသိပေမယ့် အာဏာအရေး ပါတီအရေးတွေလုပ်နေကြတာမို့ အဲ့ဒီတွေးထောင့်ကတွေးပြီး နိုင်ငံရေးကို လူထုမပါဘဲ ပြောကြည့်တာပါခင်ဗျား။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၆၊ ၂ဝ၁၉