“ငါတို့ကျောင်းသားပေါင်းစည်းလို့ညီရမယ်”
(မန့်ထာမော)
လွန်ခဲ့သော နှစ်ပေါင်း(၆ဝ)ခန့်က
မြည်ဟိန်းခဲ့သည့်ဗ.က.သများအဖွဲ့ချုပ်သီချင်းစာသားမှတကြောင်းဖြစ်၏။
ငါတို့ကျောင်းသားပေါင်းစည်းလို့ ညီရမည်ဟူ၍ ဖြစ်ပေသည်။
အင်မတန်အားမာန်ထက်သန်သောစာသားဖြစ်သည်။
အဆိုပါသီချင်းအား (၆)ကြိမ်မြောက်ဗ.က.သများအဖွဲ့ချုပ်မှ
(၁၉၆ဝ)ခုနှစ်တွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ညီလာခံကိုယ်စာလှယ်များက
တခဲနက်အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ် သည်။
ယခုနှစ်ဆိုပါလျှင် ညီလာခံပြီးခဲ့သည်မှာ
(၅၈)နှစ်ပင်တိုင်ခဲ့ပြီဖြစ်ပါသည်။ (၅၈)နှစ်ကြာ ဗမာပြည်နိုင်ငံရေး၊ လူမှုရေး၊
စီးပွားရေးအထွေထွေ သည် မကြုံဖူးအောင် ပြောင်းလဲခဲ့ပြီဖြစ်သည်။ သို့သော်
ဖြစ်ရပ်များသာပြောင်းလဲခဲ့သည်။ လူဟောင်းနေရာလူသစ်များ အစားထိုးပြောင်းလဲခဲ့ ပြီး
ပြည်သူလူထု၏ဘဝကား မျောက်လောင်းဘဝက မတက်နိုင်ခဲ့။
ကျောင်းသားတို့၏ ပညာရေးစံနစ်များသည်လည်း အဟောင်းတွင်း
ဝဲလှည့်နေသကဲ့သို့ ကျောင်းသားအခွင့်အရေးများလည်း အခြေခံအားဖြင့် ဆုံးရှုံးမြဲဆုံးရှုံးနေသေး၏။
အစိုးရအဆက်ဆက်သည် ကျောင်းသားတို့၏ ပညာရေးစံနစ်အား အဟောင်းနွံတွင်းမှာသာ ပြုပြင်ဖာထေး
မွမ်းမံခဲ့ကြ၏။ အသစ်သို့ လုံးဝ မကူးပြောင်းနိုင်ခဲ့ကြပေ။
ဗ.က.သများအဖွဲ့ချုပ်သည် ဗမာပြည်တွင်
သက်တမ်းအရှည်ကြာဆုံးအဖွဲ့အစည်းတာဝန်ကို စဉ်ဆက်မပြတ် တသမတ်တည်းထမ်းဆောင် နေသည့်တခုတည်းသော
အဖွဲ့အစည်းဖြစ်၏။ ဗ.က.သထက်စောသော နိုင်ငံရေးအဖွဲ့အစည်းများသည်လည်းကောင်း၊
ဗ.က.သများ အဖွဲ့ချုပ် နောက်မှ ပေါက်ဖွားသည့် အချို့သောအဖွဲ့အစည်းများသည်လည်းကောင်း
မြန်မာ့နိုင်ငံရေးမျက်နှာစာမှ ကွယ်ပသွားခဲ့ကြပေပြီ။ ဘာကြောင့်၊ ဘယ်အတွက် အဖွဲ့အစည်းအချို့
ကွယ်ပသွားခဲ့သော်လည်း ဗ.က.သများအဖွဲ့ချုပ်ကမကွယ်ပခဲ့သနည်း။
အလေးထားလေ့လာသင့်သည်ဟုထင်မြင်ပါသည်။
ခွပ်ဒေါင်းသည် တဖြောင့်တည်း ပျံသန်းနေရသည်တော့
မဟုတ်။ အနိမ့်အမြင့်၊ အကွေ့အပတ်ပေါင်းများစွာ၊ အမှောင်အလင်း၊ ရပ်ဝန်းများစွာ တို့အား
ဇွဲမာန်ကြီးစွာ ဖြတ်သန်းခဲ့ရသည်။ ဖြတ်သန်းနိုင်စွမ်းလည်း ရှိခဲ့ပေသည်။
အဘယ်ကြောင့်ပါနည်း။ ကျောင်းသားသမဂ္ဂများသည်
၁၉၂ဝ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်တိုက်ခိုက်ရင်း အမျိုးသားစိတ်ဓါတ်နှင့်
အမျိုးသားပညာရေးစိတ်ဓါတ်တို့ ပေါင်းစည်းစေခဲ့သည်။ ကျောင်းသားထုအတွင်း
နိုင်ငံရေးနိုးကြားမှုတိုးပွားလာခဲ့၏။
ကျောင်းသားလှုပ်ရှားမှုများ မတိုင်ခင်ကတည်းက
ရှေးမိဘပြည်သူများက အင်္ဂလိပ်ကိုလိုနီလက်အောက်မှ ဗမာပြည်သူများရုန်းထွက်နိုင်ရေး အတွက်
အသင်းအပင်းများဖွဲ့စည်းပြီး ရုန်းကန်ခဲ့ကြသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပေပြီ။
လူထုလှုပ်ရှားမှုတရပ်၊ လူတန်းစား လှုပ်ရှားမှု တရပ်၊ လူ့အလွှာလှုပ်ရှားမှုတရပ်ရပ်တွင်
ဦးဆောင်အဖွဲ့အစည်း၊ အစည်းအရုံး၊ သမဂ္ဂ၊ ပါတီ၊ အစိုးရတရပ်ရပ်သည် ခေတ်သစ်နိုင်ငံရေး လောကဓမ္မတာအတိုင်း
ရှိကြရပေသည်။
ဦးဆောင်အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းပြီဆိုပါလျှင်
၁။ အတွေးအမြင်သဘောတရား၊ အဘိဓမ္မာတရပ်ရပ် ရှိကြသည်ချည်းဖြစ်၏။ ၂။ ထိုအတွေး အမြင်၏ လမ်းညွှန်မှုအရ၊
အလုပ်လမ်းညွှန်၊ လမ်းစဉ်၊လုပ်ငန်းစဉ်၊ သေနင်္ဂဗြူဟာနှင့် နည်းပရိယာယ်အခင်းအကျင်းများ ရှိရပေသည်။
၃။ ထိုအသင်းအပင်း၊ ပါတီ၊ အစည်းအရုံးဝင်များ လိုက်နာဆောင်ရွက်ရမည့်
စည်းမျဉ်းစည်းကမ်း၊ ဖွဲ့စည်းပုံဆိုသည်လည်းရှိရပေသည်။ အဆိုပါ သုံးချက်အား မည်သည့်အဖွဲ့အစည်းမဆို
ဘာသာ၊ သာသနာဆိုင်ရာအဖွဲ့အစည်းများပင်လိုက် နာကျင့်သုံးရပေသည်။
အဆိုပါသုံးချက်မဲ့နေသောအဖွဲ့အစည်း၏
လုပ်ဆောင်ချက်များသည် စံနစ်တကျမရှိနိုင်၊ ဗရမ်းဗတာမင်းမဲ့စရိုက်ကျင့်သုံးသော အဖွဲ့အစည်း
ပျက်များသာ ဖြစ်ပေမည်။ ယခုရှစ်ကြိမ်မြောက် ဗ.က.သများအဖွဲ့ချုပ်ညီလာခံအား အဆိုပါအချက်သုံးချက်အပေါ်အခြေခံ၍
ကျင်းပရမည် ဖြစ်ပေသည်။
ဗ.က.သများအဖွဲ့ချုပ်၏ အတွေးအမြင်ဆိုသည်မှာ
အဘယ်ကရရှိပါသနည်း။ ဗ.က.သများအဖွဲ့ချုပ် မဖွဲ့စည်းမီကပင် တည်ရှိနေပြီဖြစ်သော
မြန်မာ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့်ကျောင်းသားထုလှုပ်ရှားမှုများမှ
စီးဆင်းလာခြင်းပင် ဖြစ်ပေသည်။ ကျောင်းအသိ၊ ကျောင်းအမြင် ဖြစ်သည်။
ဗ.က.သများအဖွဲ့အချုပ် မပေါ်ထွန်းမီကပင်
မြန်မာနိုင်ငံသည် အမျိုးသားလွတ်လပ်ရေးဆုံးရှုံးကာ ဗြိတိသျှနယ်ချဲ့အောက်
ကိုလိုနီကျွန်ဘဝ ရောက်ခဲ့ရသည်။ ထိုလူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများက ကျောင်းသားတို့၏
ပညာသင်ကြားရေးစံနစ်ကို ကိုလိုနီပညာရေးစံနစ် အဖြစ် မွေးဖွားပေးခဲ့သည်။
ကိုလိုနီအစိုးရက ချုပ်ကိုင်ချယ်လှယ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ၁၉၂ဝ ခုနှစ်
ယူနီဗာစီတီအက်ဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ခဲ့ရသည်မဟုတ်လော။
အဆိုပါ လူမှုဝန်းကျင်နှင့်
ပညာရေးတိုက်ပွဲများက ရှေ့ဆောင်ကျောင်းသား ဦးဆောင်အဖွဲ့အစည်းတရပ် လိုအပ်သည်ဟု ညွှန်ပြခဲ့ပေသည်။
ထိုကြောင့်လည်း ဦးစွာအားဖြင့် ရန်ကုန်တက္ကသိုလ်၌ ရန်ကုန်တက္ကသိုလ်
ကျောင်းသားများသမဂ္ဂကို ၁၉၃၁ ခုနှစ်တွင်စတင်ဖွဲ့စည်းဖြစ်ခဲ့၏။ နောက် ၁၉၃၆ ခုနှစ်၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို
ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။ ဤသည်မှာလည်း ၁၉၃၆ ခုနှစ်ကျောင်းသား သပိတ်နှင့်
ဆက်စပ်ပေါ်ပေါက်ခဲ့ခြင်းပင်ဖြစ်သည်။
ခေါင်းဆောင်အဖွဲ့အစည်း၊ တပ်ဦးအဖွဲ့အစည်းဆိုသည်မှာ
လှံချောင်း၏ရှေ့ဆုံးမှ လှံသွားနှင့်တူ၏။ ၎င်းသည် ထက်ရှရန်၊ စူးချွန်ရန်၊ ထိုးဖေါက် နိုင်ရန်
စွမ်းရပေသည်။ သို့မှသာ ၎င်းသည်မိမိလှံသွားရှေ့ရှိ ရန်သူသို့မဟုတ် အခက်အခဲ၊
ပြဿနာကိုဖြေရှင်း ထိုးဖေါက်ကျော်လွှားနိုင်မည် မဟုတ်လော။
တပ်ဦးရှေ့ဆောင်အဖွဲ့အစည်းသည်
အခြေခံအရည်အသွေး သုံးရပ်နှင့် ပြည့်စုံရပေသည်။ ၁။ တဦးတည်းသောခေါင်းဆောင်မှု၊
စည်းလုံး ညီညွှတ်သောဗဟိုတခု ဖြစ်ရပေမည်။ ၂။ မိမိဦးဆောင်အဖွဲ့အစည်း၏
လမ်းညွှန်လုပ်ငန်းစဉ်ကို ချမှတ်ထားရှိရမည်။ ၃။ မိမိအဖွဲ့အစည်းဝင် များအား
စုစည်းနိုင်ရန် ခိုင်မာစနစ်ကျသော စည်းမျဉ်းစည်းကမ်းများရှိရပေမည်။
ဗ.က.သများအဖွဲ့ချုပ်သည်ရှည်လျားသောသမိုင်းအစဉ်အလာမှ
ဤအခြေခံအရည်အသွေးသုံးရပ်အား ကောင်းမွန်စွာ စုစည်းနိုင်ခဲ့၍လည်း အခြားအဖွဲ့အစည်းများကဲ့သို့
ကွယ်ပ မသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအရည်အသွေးသုံးရပ်ကို ကိုင်စွဲသော၊
ဗ.က.သများအဖွဲ့ချုပ်သည် ၁၉၃၆ ခုနှစ်မှစ၍ ဦးဆောင်မှုတခုတည်းကို စုစည်းထားနိုင်ခဲ့သည်။
သို့ဆို၍ ဗ.က.သများအဖွဲ့ချုပ် ခေါင်းဆောင်စုအတွင်းအယူအဆကွဲပြားမှု၊
လုပ်နည်းလုပ်ဟန်အငြင်းပွားမှု၊ ပုဂ္ဂိုလ်အမြင်စောင်းမှုများ လုံးဝကင်းစင်နေသည်ဟုကား
မဆိုသာပေ။ လူမှုပဋိပက္ခတရား၏သဘာဝကား လွန်ဆန်နိုင်ဖွယ်ရာမရှိ၊ ငြင်းခုန်ချေပမှုမျာ ရှိမည်မှာမုချဖြစ်၏။
သို့သော် အဖွဲ့အစည်းအတွင်း အစုအသင်းငယ်ဖွဲ့ပြီး
ဂိုဏ်းခွဲဖြိုခွဲရေးကား မည်သည့်အခါကမျှ မလုပ်ဆောင်ခဲ့ပေ။ မလုပ်ဆောင်နိုင်ပေ။
အဘယ်ကြောင့်နည်း။ မိမိတို့ကြား ကွဲပြားသောအတွေးအယူများကို ညီညွတ်ရေး
(ကျောင်းသားသမဂ္ဂမပြိုကွဲရေး၊ ချစ်စိတ်အခြေခံ၍) ဝေဖန်ရေး၊ ညီညွတ်ရေးဦးတည်ချက်ဖြင့်
ဆွေးနွေးဖြေရှင်းကြခြင်း၊ ဆွေးနွေးရာတွင်ပြေလည်သည်များရှိသကဲ့သို့ မပြေလည်သည်များ ရှိလာလျှင်လည်း
ဒီမိုကရေစီလည်းရှိ၊ ဗဟိုချုပ်ကိုင်မှုလည်းရှိသော ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုမူအရ ဖြေရှင်းနိုင်ပေသည်။
ယနေ့ကာလတွင်
ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုမူစနစ်အား မကျင့်သုံးနိုင်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊
သမဂ္ဂများ ပေါ်ထွန်းလာပေသည်။
ယင်းသို့ဖြစ်ရသည်မှာ သဘာဝကျသည်ဟု ဆိုရပါမည်။
ယနေ့ခေတ်ကာလသည် ပုဂ္ဂလိကလွတ်လပ်မှုကို ဦးစားပေးသော လစ်ဘရယ်ဝါဒ လွှမ်းမိုးမှုကဲလာခြင်းကြောင့်လည်း
ဖြစ်ပေသည်။ နည်းပညာသစ်များအရ မိမိကိုယ်ကို ထင်ပေါ်ကျော်ကြားရန်
ဖုန်းကိုသုံးနိုင်နေပေပြီ။ မိမိထင်မြင်ချက်ကို အလွယ်တကူ ဖော်ပြနိုင်ပေပြီ။
ဤသည်ကပင် အစုအစည်းဖြင့် စုပေါင်းဆုံးဖြတ်မှုနာခံရေးကို အားပျော့စေသည်။
အဆိုပါအကျိုးဆက်၏ ရိုက်ခတ်မှုသည်
အဖွဲ့အစည်းများအတွင်းသို့ ထိုးဖေါက်ပြီး၊ စည်းကမ်းစနစ်ကျနမှုကို အစည်းပြေစေသည်။
တဖက်မှ လစ်ဘရယ်ဝါဒ၏ ပုဂ္ဂလိလွတ်လပ်ခွင့် ရှေ့တန်းတင်လာမှုကို မီးလောင်ရာလေပင့်ပေးသကဲ့သို့
ဖြစ်စေသည်။ ဤဝန်းကျင်သည် ဗ.က.သများ အဖွဲ့ချုပ်သို့လည်း သဘာဝကျစွာ
ဂယက်ရိုက်ခတ်မှုရှိလာသည်။ သို့သော် အစဉ်အလာကြီးသော ဗ.က.သများအဖွဲ့ချုပ်သည်
ယိုင်နဲ့မသွား နိုင်ပေ။ အကြောင်းကဗ.က.သ၏ ဝိဥာဉ်ဟုဆိုနိုင်သော
အခြေခံမူသုံးချက်ကိုယခု (၈)ကြိမ်မြောက် ဗ.က.သများအဖွဲ့ချုပ်ညီလာခံ၌ ထပ်မံ အခိုင်အမာစိုက်ထူရင်း
ဗ.က.သများအဖွဲ့ချုပ်ညီလာခံကို ခိုင်မာကျစ်လစ်စွာဖွဲ့စည်းမည်ဟု ကြားသိနေရ၍
ဖြစ်ပေသည်။
အထက်တွင် ဖော်ပြသကဲ့သို့
အသင်းအဖွဲ့ဟူသမျှသည် လှံသွားဟုဆိုသော် ကျောင်းသားသမဂ္ဂသည် လှံသွားဖြစ်၏။ ဗ.က.သများ အဖွဲ့ချုပ်၏ညီလာခံဆိုသည်မှာ
လှံသွားအား ချွန်မြအောင်သွေးပေးသောပွဲဟု ဆိုရပေမည်။ မည်သည့်အရာများက ချွန်မြစေမည်နည်း။
ဗ.က.သများအဖွဲ့ချုပ်၏ ၁၉၅၈ ခုနှစ်
ပညာရေးနှီးနှောဖလှယ်ပွဲမှချမှတ်ခဲ့သော ပညာရေးသဘောတရား၊ အခြေခံမူသုံးရပ်နှင့်
အကျယ်ပြန့် တကာ့အကျယ်ပြန့်ဆုံး ကျောင်းသားသမဂ္ဂများအတွင်း စည်းရုံးရေးတို့မှာ ဗ.က.သများအဖွဲ့ချုပ်၏
ချွန်မြထက်ရှသောလှံသွားအား သွေးပေး သောအားမာန်များ ဖြစ်ပေသည်။
၎င်းတို့အားဗ.က.သညီလာခံများက ချေးညှော်မတင်ရန်၊ သွေးကြရန် သမဂ္ဂကိုယ်စားလည်များ စုဝေး ဆောင်ရွက်ကြတော့မည်
မဟုတ်လော။
ဒီမိုကရေစီပညာရေး သဘောတရားသည်
ဗ.က.သများအဖွဲ့ချုပ်၏ လမ်းညွှန်သဘောတရားဟုဆိုနိုင်သည်။ ၎င်းတို့မှာ ဒီမိုကရေစီပညာရေးသည်
အမျိုးသားဆန်ရမည်၊ အများစုအတွက် ဖြစ်ရမည်၊ သိပ္ပံနည်းကျရမည်ဟူ၍ ဖြစ်ပေသည်။
အဆိုပါသဘောတရား ဖြင့် မြန်မာပြည်စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊
ယဉ်ကျေးမှုအခြေအနေများနှင့်ဆီလျော်သော ပညာရေးစံနစ်တရပ်တည်ဆောက်ရမည် ဖြစ်ပေသည်။
၁၉၂ဝ ခုနှစ်မှစ၍
လှုပ်ရှားခဲ့သောကျောင်းသားတိုက်ပွဲများသည် ဤလမ်းညွှန်သဘောတရားအား လက်တွေ့နှင့်ပေါင်းစပ်
ကျင့်သုံးဆော်သြခဲ့သည့်ချည်းဖြစ်၏။
ယနေ့ (၈)ကြိမ်မြောက်
ဗ.က.သများအဖွဲ့ချုပ်ညီလာခံမှာလည်း ဤလမ်းညွှန်မှုများအား ဆွဲကိုင်ချမှတ်
ဆုံးဖြတ်လှုပ်ကိုင်သွားရမည် ဖြစ်ပေသည်။
ဤနေရာ၌ သတိပြုရန်မှာ လှံသွားသည် မည်မျှစူးရှထက်မြက်သည်ဆိုသော်လည်း
လှံတံ၏အရေးပါမှုကိုပစ်ပယ်၍ကား မဖြစ်ပေ။ အယူအဆ၊ သဘောတရားတရပ်သည် အလုပ်လုပ်သောလူထုအား
မခြုံလွှမ်းမိက အားမာန်အဖြစ် အဟုန်ပြင်းစွာ ထကြွလှုပ်ရှားနိုင်စွမ်းအားရှိမည် မဟုတ်ချေ။
၁၉၂ဝ ကျောင်းသားလှုပ်ရှားမှုသည်၎င်း၊ ၁၉၃၆
ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်သည်၎င်း၊ ၁၉၃၈ ထောင်သုံးရာပြည့် ရေနံမြေ အလုပ်သမားသပိတ်သည်၎င်း၊
၁၉၄၆ အထွေထွေနိုင်ငံရေးသပိတ်သည်၎င်း၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံသည်၎င်း၊ ၂ဝဝ၇
ခုနှစ် ရွှေဝါရောင် သံဃအရေးတော်ပုံသည်၎င်း၊ လက်ပံတောင်းတောင် လယ်သမားတိုက်ပွဲသည်၎င်း လှံသွားတည်ဟူသောတောင်းဆိုချက်၊
ခေါင်းဆောင်မှု၊ (ဗ.က.သအဖို့အခြေခံမူ(၃)ချက်နှင့် လှံတံနှင့်တူသော ပြည်သူလူထု၊
ကျောင်းသားအားမာန်တို့ ပေါင်းစပ်လှုပ်ရှားခဲ့ကြရ ပေသည်။
သို့ဖြစ်ပါ၍ ဗ.က.သများအဖွဲ့ချုပ်၏
(၈)ကြိမ်မြောက်ညီလာခံသည် ဗ.က.သမူအခြေခံ(၃)ရပ်အား ချွန်မြသောလှံသွားအဖြစ်
တည်ဆောက်ကာ၊ လှံတံဖြစ်သောလူထု၊ ကျောင်းသားထုနှင့်ပေါင်းစပ်နိုင်ပါစေဟု
ဆန္ဒပြုလိုက်ပါ၏။
(မန့်ထာမော)
17.2.2019
17.2.2019
0 comments:
Post a Comment