Monday, February 25, 2019

(ခူလာမူ) မျိုးမြင့်ချို

0 comments

(ခူလာမူ)
ပိန်းရိုင်းလို့ခေါ်တဲ့ ထိရင်ယားတဲ့ လမ်းဘေးပေါက်ပိန်းပင်က အရွက်တွေချည်း ရွေးခုး၊ ရေစင်စင်ဆေး၊ အရိပ်ထဲမှာ သွေ့အောင်ထား၊ အရွက်တွေဝါလာပြီဆို ကတွတ်ခေါက်ကိုခွာ၊ ပြာချ၊ ပြီးရင် ခုန ဝါနေတဲ့ပိန်းရိုင်းရွက်တွေနဲ့ အဲ့ဒီ ကတွတ်ခေါက်ပြာနဲ့ရောပြီး ညက်တဲ့အထိထောင်း။ ပြီးရင် မြေအိုး စဉ့်အိုးထဲ ဖိသိပ်နင်းနှိပ်ထည့်ပြီး သုံးလေးရက် နှပ်ထား။ ပဲပုတ်အနံ့လိုလို ပဲငါးပိအနံ့လိုလိုအထိ ထွက်လာပြီဆိုရင် အပြင်ထုတ်ပြီး သဖန်းရွက်တွေနဲ့ထုပ်ပိုးပြီး အစိုမပြန်မယ့်နေရာမှာထား။ ဖြစ်နိုင်ရင် ကျပ်ခိုးစင်တင်ထား။

စားမယ်ဆိုမှ ကြက်သွန်ဖြူ ဂျင်း ငရုပ်သီး ဆား ဆနွင်း(ကြိုက်ရင် စိမ်းစားငါးပိလေးပါထည့်)ပြီးဖွာသွားတဲ့အထိ မီးအေးအေးနဲ့ကြော်ပြီးစားကြည့်၊ ကြိုက်ရင် အလွန်ကောင်းတယ်။ အာမယားဘူး။ ကျနော်တော့ ကြိုက်တယ်။ ကရင်လို ခူလာမူလို့ခေါ်တယ်တဲ့။ တောင်ငူထောင်နေတုန်းက ကဆောဝါး(ဆင်ဖြူတော်) ပဒေသာကော်ဖီဆိုင်ရဲ့မြေး စောပရယ်လ့်အိမ်က ထောင်ဝင်စာမှာ ထည့်ထည့်ပေးတာ ခနခနစားရတယ်။ စောပရယ်လ်ကိုရော ခူလားမူကိုရော တောင်ငူထောင်အတူနေခဲ့သူတွေကိုရော သတိရတယ်။ ထောင်ဘဝကိုကိုတော့ မေ့လို့ရ မေ့ပစ်လိုက်ချင်တယ်။ ဒါပေမယ့် မမေ့ဘူး၊ မေ့လည်း မရဘူး။ ခွင့်လည်း မလွှတ်ဘူး။

ခု ကျနော် နေ နေတဲ့ အမေရိကပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းဆိုတဲ့ တောမြို့လေးမှာ ပိန်းရိုင်းရော ကတွတ်ခေါက်ရော၊ ကျပ်ခိုးစင်ရော၊ ခူလားမူရော၊ စောပရယ်လ်ရော၊ တောင်ငူထောင်ရော၊ တောင်ငူထောင် အကျဘက်တွေရောမရှိဘူး။

တခါတခါ လူသူမရှိတဲ့ပင်လယ်ထဲက ကျွန်းလေးတခုပေါ် တယောက်တည်းရောက်နေသလိုပဲ။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၂၄၊ ၂ဝ၁၉)

0 comments:

Post a Comment