Saturday, February 16, 2019

(စာကျီးသိုက်) မျိုးမြင့်ချို

0 comments
(စာကျီးသိုက်)
မကောင်းတာမှန်သမျှ အရင်အစိုးရကြောင့်ဆိုတာ ဟုတ်သလောက် ဟုတ်ပါတယ်။ ဒါပေမယ့် ဘာလေးဖြစ်ဖြစ် ဒီလို တာချ အပြစ်ချတဲ့စကားနဲ့ ပြီးပြီးသွားလို့ မရဘူးလေနော။ ခင်ဗျားတို့လုပ်နေတာတွေထဲက ခုကောင်းနေတယ်ဆိုတဲ့ဟာတွေလည်း နောင် ဘယ်အချိန်မှာ မကောင်းဖြစ်ဦးမလဲက ကံသေကံမ မပြောနိုင်ဘူးလေဗျာ။ ကောင်းအောင်တော့ လုပ်ပေါ့။ လုပ်နေတယ်လို့လည်း ထင်ပါတယ်။

ကောင်းအောင်လုပ်ပေမယ့် ပျက်ချိန်စီးချိန်တန် ပျက်မှာစီးမှာပေါ့ဗျ။ တားလို့မှ မရတာ။ သင်္ခါရသဘောလို့ မှတ်ကြရရုံရှိပေမယ့် ပစ္စလက်ခတ်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ခုက မလုပ်ကောင်းတာတွေကို လုပ်ခဲ့ကြလို့ လို့ အချက်အလက်နဲ့ တိတိကျကျ နိုင်ငံရေးပါပါ အသားပါပါ လူထုကို ရှင်းပြပေါ့လေ။

ဆည်တို့ တာတမံတို့လောက်မပြောနဲ့ ကမ္ဘာပေါ်ကလူနေ ဒေသကြီးတွေ ခေတ်ကောင်းကြီးတွေ မြို့လိုက်ကြီးတွေ ပြည်လိုက်ကြီးတွေတောင် ပျက်ကိန်းကြုံရင် ပြောင်သလင်းခါတာပဲ။ ဒီနေရာမှာ ကိန်းဆိုတာ မမြင်နိုင်တဲ့သဘာဝအကြောင်းခြင်းရာတွေ လူလုပ်အန္တရာယ်တွေ လူ့ပယောဂတွေကိုပြောတာပါ။ ကောင်းကင်ဘုံတွေ အနန္တတန်ခိုးရှင်တွေ ဘုရားသခင်အမျက်တော်တွေကို မဆိုလိုပါဘူး။ ပွန်ပီမြို့ပျောက်တာ ဗီဆုဗီးယပ်စ်မီးတောင်ကွဲလို့ပါ။ ဓမ္မဟောင်းထဲက ဂေါမောရတို့ သောဒုံတို့ပျက်တာလည်း ဒီကိစ္စတွေပါပဲ။ ပျက်စီးချိန်ဆိုတာ ပျက်စီးတဲ့အချိန်ပဲလေ။ သက္ကရာဇ်တွေ အချိန်တွေနဲ့မှ ကြိုတင် သတ်မှတ်ထားလို့မှမရတာ။ ဘုရားသခင်လည်း (ရှိတယ်ဆိုတောင်)မသိပါဘူး။

နှစ် ၁၀၀ အာမခံထားတဲ့ တမံကြီး ဆည်နှစ်လောက်နဲ့ ကျိုးကျသွားတာလည်းရှိတာပဲဟာ။ ကမ္ဘာတည်သရွေ့ ဒါကြီးတည်စေ လုပ်လို့မှမရတာ။ ကမ္ဘာကြီးကရော ဘယ်လောက်ကြာကြာ ဆက်တည်နေပါ့မယ်လို့ ဘယ်သူ အာမခံနိုင်တာလိုက်လို့။

လူဟာသေမျိုးဆိုပြီး ပေယျာလကံ လုပ်လို့မရသလို ကံယုံပြီး ဆူးပုံမနင်းမိကြဖို့လည်း လိုတာပါပဲ။ သေမှာလည်း သိတ်အကြောက်ကြီး မကြောက်ကြဖို့မလိုသလို တရားတွေပေါက်ပြီး ရှင်ခြင်းကို ဒုက္ခလို့မမြင်မိဖို့လည်း ဇွတ်မှိတ်ပြီး မယုံမိဖို့ပါပဲဗျာ။

ဒဏ်ခံအောင်ဆောက်ကြပေါ့ဗျာ။ လူ့ပေါ့ဆမှုကြောင့် လူ့ပယောဂကြောင့် မဖြစ်ရအောင် အတတ်နိုင်ဆုံး အားထုတ်ကြရုံပေါ့ဗျာ။ ပုံမှန် ထိန်းသိမ်းပြုပြင်တာ ကြံ့ခိုင်ရေးလုပ်တာတွေလည်း လုပ်ကြပေါ့ဗျာ။ လူထုအမြင် လူထုသလောထားလည်း ဖော့မတွက် လျှော့မတွက်နဲ့ဗျာ။ ဘာမယ်မယ်ရရ အချက်အလက်နဲ့မှ တိတိကျကျမဟုတ်ဘဲ သံယောင်လိုက်ပြီး ဘာမထိနဲ့ ညာမထိနဲ့လုပ်နေသူတွေကိုလည်း ဘာ့ကြောင့်မထိစေချင်တာလဲကို လေးလေးနက်နက်မေးပြီး ပြန်ပြောတာကိုလည်း ကျကျနနနားထောင်ပေါ့ဗျာ။

ဘယ်လိုမှ ထိန်းမရတော့လို့ ပျက်စီးသွားတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် လူတွေကို မိုးပြိုအများဆိုပြီး တလွဲတွေးမတွေးခိုင်းနဲ့ဗျ။ အဲ့လိုပဲ မိုးပြိုမစိုးလို့ဆိုပြီး တစ်တီတူးအိပ်လည်း မအိပ်ကြစေနဲ့ဗျာ။

မြစ်ရေကြီးတာ ဆည်ကျိုးတာ လူ့ပယောဂကြောင့် ပါတာမှန်ပေမယ့် သဘာဝတရားကြီးကိုလည်း ဖျောက်ပစ်လို့မှမရတာ။ နည်းပညာမြင့်ပါပေ့ဆိုတဲ့ ပြည်ကြီးဧရာတွေမှာတောင် ဆည်အသစ်ကြီးတွေး တဗြန်းဗြန်းကွဲ၊ အနုမြူဓာတ်ပေါင်းဖိုတွေ တဝုန်းဝုန်းပြို လူတွေ သောက်သောက်လဲသေကြတာပဲဟာ။

တောင်နဝင်းဆည်ကလဲ အရင်အစိုးရမကောင်းလို့ဘဲတဲ့၊ ခုလည်း ခင်ဗျားတို့အစိုးရကို အရင်အစိုးလောက်တော့ မဆိုးပါဘူးလို့ပြောတဲ့သူတွေရှိသလို မထူးပါဘူးကွာဆိုသူတွေလည်း ရှိနေတာပဲလေ။ လူ့အကြိုက်နတ် မလိုက်နိုင်ဘူးတို့ သိကြားမင်း ကျွဲယောင်ဆောင်ဆင်းလာတာတောင် ဂျိုကားလို့ ဂျိုကွေးလို့ဆိုပြီး ပြောတဲ့သူပြောမှာပဲလို့ ထန်းလက်နဲ့တော့ မကာနဲ့ပေါ့ဗျာ။

အရင်အစိုးရလုပ်ခဲ့တာ ဘာမှမကောင်းဘူးလို့ ခင်ဗျားတို့ တွင်တွင်ပြောတယ်။ ဖွဲ့စည်းပုံလည်း မကောင်းဘူးပြောတယ်။ တကယ်လည်း မကောင်းဘူး။ ဒါပေမယ့် အဲ့ဒီ မကောင်းတဲ့ ဖွဲ့စည်းပုံကြောင့်ပဲ ခင်ဗျားတို့ သမ္မတတွေ ဝန်ကြီးချုပ်တွေ၊ အတိုင်ပင်ခံတွေ၊ အမတ်တွေဖြစ်လာတာလို့ ကြံ့ဖွံ့ကကောင်တွေပြောတာကြ မကြိုက်ကြပြန်ဘူး။ ဆိုတော့ မခက်ဘူးလားဗျာ။

ဘာမှမဟုတ်ပါဘူး။ စိတ်ထဲ ဖိတ်ဖိတ်စင်စင်ဝင်တာတွေ ကစဥ့်အလျားအတွေးတွေကို မပြုမပြင်ပဲပြောကြည့်တာပါ။ ဖတ်ရတာ အဆင်မပြေဘူး။ အရူးချီးပန်းဖြစ်နေတယ် ကျီးကန်းသိုက်ဖြစ်နေတယ်ဆိုလည်း တောင်းပန်ပါတယ်ဗျာ။ ဆန်စင်ရာကျည်ပွေ့လိုက်ပြီး တွေးကြည့်ရင်တော့ ဆန်မဖြူတောင် လုံးတီးလေးလောက်ရပြီး ပြာတီးကြည့်ရင် အလှေးစင်စင်လေးတော့ ရမယ်ထင်ပါတယ်ဗျာ။
မျိုးမြင့်ချို)(ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၉ )

0 comments:

Post a Comment