လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၅)
(၅)
သေပြီလို့ သတင်းအကြိမ်ကြိမ်ထွက်ခဲ့တဲ့ ခေါင်းဆောင်
၇၉
ဗဟိုကော်မတီ အစည်းအဝေးအပြီးတာဝန်တွေပြန်ခွဲကြတော့ အရန်ဗဟိုကော်မတီဝင်
ရဲဘော်မောင်မောင်စိန်ဟာ KIO ကချင်လွတ်လပ် ရေးအဖွဲ့မှာ ပါတီကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ကျတယ်။
KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ်အရှေ့ပိုင်း ပါဂျောင်ကိုမသွားခင် ကျွန်တော်တို့
ဘာသာပြန်ဌာနမှာ ပြောင်းနေတယ်။ သူ့ကို မုံးကိုးမှာတုံးက မကြာခဏတွေ့ဘူးပေမယ့် စကားသိပ်မပြောဘူးပါဘူး။
မုံးကိုးတုံးက ဗဟိုကော်မတီတွေဖြစ်တဲ့ ဦးရဲထွန်းခေါ် ဦးရန်ဝေးနဲ့ ဦးဖရန်ဂန်ဒီးတို့နဲ့အတူ
နယ်စပ်ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် နောင်ခမ်းရွာဌာနချုပ်မှာ သူနေထိုင်ခဲ့တယ်။
အဲဒီကာလတုံးကတော့ မုံးကိုးတဝိုက်မှာ မြေယာလုပ်ငန်းတွေဇောင်းပေးလုပ်ကိုင်နေတာ
အမှတ်ရနေတယ်။
ကျွန်တော်တို့ဆီကိုရောက်လာတော့
သူတို့ဇနီးမောင်နှံနှစ်ယောက်ထဲပါ။ သားတွေက အရွယ်ရောက်ပြီဖြစ်လို့ သက်ဆိုင်ရာဌာနတွေမှာ
နေကြတယ်။ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာကွဲကွာနေရာက ပြန်ပေါင်းကြသူတွေဖြစ်လို့
အတိုးချပြီး ချစ်ခင်ယုယနေသလားလို့ တောင်ထင်ရတယ်။ ကျွန်တော်တို့စခန်းက
ကုန်းကလေးတစ်ခုပေါ်မှာရှိလေတော့ ရေချိုးချင်ရင် မီတာ ၅ဝ လောက်တောင်အောက်ကို ဆင်းပြီး
ချောင်းထဲမှာချိုးရတယ်။ လယ်ကွက်တွေ ရေသွင်းချိန်နဲ့ကြုံရင်
ချောင်းအထိဆင်းစရာမလိုဘဲ ရေသွယ်မြောင်းထဲမှာ ချိုးနိုင်တယ်။
ဦးမောင်မောင်စိန်တို့နှစ်ယောက်ရေချိုးသွားတာကို မြင်ရတာဟာ
အတော်ကြည်နူးစရာကောင်းတယ်။
လျှော်စရာအဝတ်မှန်သမျှ
ထမိန်ပါမကျန် ဦးမောင်မောင်စိန်က သယ်သွားတယ်။ လျှော်ပြီးပြန်လာတော့လဲ သူဘဲ
ပြန်သယ်လာတယ်။ ကုန်းအတက်မတ်မတ်မှာအဝတ်ရေစိုတွေကို ပုခုံးမှာတင်ပြီးသယ်လာရုံမက
ဇနီးဖြစ်သူကိုလဲ လက်တွဲပြီးခေါ်လာတတ်တယ်။ တနေ့တော့ သူ့အခန်းတံခါးပေါ်မှာ
ဆေးတံတစ်လက်ကို ထူးထူးဆန်းဆန်း ထိုးထားတာတွေ့ရတယ်။ အဲဒီနားကဖြတ်လာရင်းမနေနိုင်လို့
မေးလိုက်တော့ အဲဒီဆေးတံကို လိုချင်တဲ့သူယူနိုင်ကြောင်း သူကခပ်ပြုံးပြုံးပြောတယ်။
ကျွန်တော်က ကံကောင်းသူမောင်ရှင်ဖြစ်သွားတယ်။
ဆေးရွက်ကြီးမှုန့်တွေကို
စက္ကူနဲ့ ပွတ်ချွန်းလိပ်သောက်နေတဲ့ ကျွန်တော့်အတွက် ဆေးတံတစ်ချောင်းဟာတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုဘဲ
မဟုတ်ပါလား။ ပြီးတော့ သူ့ဆေးတံအိုးက ဆတ်ချိုနဲ့လုပ်ထားတာ။ မီးလောင်လို့
နဲနဲပဲ့နေပေမဲ့အိုးက အကောင်းကြီးဖြစ်နေတယ်။ ကျွန်တော် ဖြုတ်ယူလိုက်တော့
သူကပြုံးရင်း ခင်ဗျားကိုခေါ်ပေးမလို့ဘဲ၊ ဆေးတံတို့ဆေးလိပ်တို့ဆိုတာ လူကို ဥပါဒ်ပေးတဲ့ဟာဆိုတော့
တခြားသူကို ရောဂါပေးသလိုဖြစ်မှာစိုးလို့ပါလို့ ပြောပါတယ်။
ဦးမောင်မောင်စိန်
KIO ဌာနချုပ်ကိုပြောင်းသွားတော့ သူ့ဇနီး ဒေါ်ဆန်းလွင်ဟာ သားကြီးရှိရာ ၇၇၄
လက်နက်ပြင်ရုံအနီးကို ပြောင်းနေတယ်။ ဗဟိုရုံးအောက်ဖက်နားမှာဆိုတော့ သူ့ဆီကို
ကျွန်တော်တို့ ဇနီးမောင်နှံမကြာခဏသွားတယ်။ ကျွန်တော်တို့ကို လက်ထပ်ပေးတုံးက
ဦးမောင်မောင်စိန်ကဘဲကြီးမှူးပြီး အသိသက်သေအဖြစ်လက်မှတ်ထိုးပေးခဲ့တာပါ။
ဟိုကိုရောက်ပြီးမှ ဗဟိုရုံးကို ဦးမောင်မောင်စိန် တစ်ခေါက်ပြန်လာသေးတယ်။
အဲဒီအခေါက်မှာ ဘာဖြစ်လို့လဲမသိဘူး။ ၇၉ ဗဟိုကော်မတီအစည်းအဝေးတုန်းက သူ့အတွက်ဝေထားတဲ့
စာစောင်အတော်များများကို ခင်ဗျားဆီသိမ်းထားပါဗျာလို့ပြောပြီး အပ်ခဲ့တယ်။
ပန်ဆန်းကနေပြန်သွားပြီး ပါဂျောင်KIOဌာနချုပ်ရောက်လို့ သိပ်မကြာခင်မှာ
အစာအိမ်ရောဂါရုတ်တရက်ဖြစ်ပြီး သူကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုကြားကြရတယ်။
သူ့အရိုးပြာကို
ပန်ဆန်းကိုပြန်ယူခဲ့တာမှတ်မိသေးတယ်။ အရိုးပြာအိုးကို တူတံဇင်အလံနဲ့ထုပ်ပြီး
ဥက္ကဌအပါအဝင် ခေါင်းဆောင်တွေတလှည့်စီ လမ်းလျှောက်ပြီးသယ်လာကြတော့
စခန်းကရဲဘော်တွေအားလုံးလမ်းတဖက်တချက်ကနေ တိတ်ဆိတ်စွာ အလေးပြုစောင့်ကြိုခဲ့ကြတယ်။ သူ့ဇနီးကို
ဦးတိုက်အောင်ရဲ့ဇနီးဖြစ်သူ မခင်ကတွဲထားတယ်။ အဲဒီအချိန်မှာ “လာပြီလားကွယ်”လို့
ဒေါ်ဆန်းလွင်ရဲ့ ကြေကြေကွဲကွဲ ငိုချလိုက်သံ လွှမ်းသွားခဲ့တယ်။ ဗဟိုရုံးမှာ
သူ့အရိုးပြာကို အစည်းအဝေးခန်းမှာ ၂၄ နာရီ ကင်းစောင့်အလေးပြုအဖွဲ့နဲ့ထားပြီး
ပန်ဆန်းစစ်ဒေသမှာ ဈာပန အခန်းအနား ပွဲလုပ်ခဲ့ကြတယ်။ တော်လှန်ရေးကျဆင်းချိန်မှာ
နှစ်ရှည်လများ ထူပေဒဏ်ပေခံရပ်တည်ခဲ့တဲ့ ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့
ပါတီပထမမျိုးဆက်တစ်ဦးကို နှမြောစွာနှုတ်ဆက်ဘူးတာ အဲဒီအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။နောင်မှာ
သူတို့မျိုးဆက်တွေ တဖြည်းဖြည်းလျော့ပါးသွားတော့မှာလားလို့တွေးရင်းစိတ်မကောင်းလဲဖြစ်ရပါတယ်။
ဦးမောင်မောင်စိန်ဟာ
သခင်ဗဟိန်းနဲ့ငယ်ပေါင်းတွေဖြစ်ပြီး သူဌေးသားကနေ ကွန်မြူနစ်ဖြစ်လာသူတစ်ဦးဖြစ်ပါတယ်။
သခင်တင်မြရေးတဲ့ ဘုံဘဝမှာဖြင့်စာအုပ်ထဲမှာ ဖြူးမြို့ကိုသူရောက်တော့
ကိုမောင်မောင်စိန်က ကားကလေးနဲ့လာကြိုတယ်လို့ရေးထားတာ ဖတ်ကြဘူးမှာပါ။ ၁၉၇၉
ခုဗဟိုကော်မတီအစည်းအဝေးအတွင်းမှာ ဦးနုလက်ထက်က မြေယာပြုပြင်ရေးတွေလုပ်ခဲ့လို့
မြန်မာပြည်မှာ မြေရှင်စနစ်မရှိတော့ဘူး ဆိုတဲ့ အခြေအတင်အငြင်းပွားတာတစ်ခုပေါ်ပါတယ်။
အဲဒီအချိန်မှာ ဦးမောင်မောင်စိန်က ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေးကာလအတွင်း သူ မြို့ပေါ်ကိုတက်တုံးက
သူ့အဖေအိမ်ကိုလဲ ရောက်ခဲ့တာကိုသူပြန်ပြောပြတယ်။ သူ့အဖေက ဖြူးတဝိုက်မှာ
မြေအများကြီးပိုင်တဲ့ မြေရှင်ကြီး တစ်ဦး ဖြစ်ပါတယ်။ အဲဒီအချိန်အထိ သူ့အဖေကို
သီးစားခ တိတ်တိတ်လာပေးနေသူတွေ အများကြီးရှိသေးတယ်လို့ သူကဝင်ပြောလိုက်မှ
အငြင်းအခုန်လည်း ဖြေရှင်းပြီးသားဖြစ်သွားတယ်လို့ ရဲဘော်စိုးသိမ်းက ပြောဘူးတယ်။
လူကြီးတော်တော်များများဟာ
ကိုယ့်အကြောင်းကိုယ်ပြန်ပြောခဲတယ်။ ဦးမောင်မောင်စိန်အကြောင်းအများအပြားဟာ တခြားသူတွေပြန်ပြောခဲ့
တာတွေကတဆင့်ဘဲ သိခွင့်ရတာပါ။ သူဟာ ဇနီးနဲ့ သားတွေကိုခွဲပြီး
တောထဲမှာနေခဲ့ရသူဖြစ်ပါတယ်။ ၁၉၇၇ ခုရောက်မှ သူ့ဇနီးဒေါ်ဆန်းလွင် နဲ့သား ၄ ယောက်တို့
မုံးကိုးမှာ ပြန်ပေါင်းထုပ်ခွင့်ရတယ်။ ပြန်ပေါင်းထုပ်မယ့်ထုပ်တော့လဲ သူ့ယောက္ခမ လူမမာတစ်ဦးတောင်ပါလာခဲ့ပါတယ်။
သူ့ဇနီးကဆိုရင် ကိုမောင်မောင်စိန်သေသွားပြီဆိုတဲ့ သတင်းမကြာခဏကြားရသူလို့တောင်
ဆိုနိုင်တယ်။ ပဲခူးရိုးမက လက်နက်ချလာပြီး သခင်သန်းထွန်းနောက်ဆုံးနေ့များစာအုပ်ကို
ပူးတွဲရေးသားခဲ့တဲ့ ဦးမြကဆိုရင် ခင်ဗျား ယောက်ျားတော့ဆုံးသွားပြီဆိုပြီး ဒေါ်ဆန်းလွင်ဆီ
တကူးတကလာပြောခဲ့တာပါ။ ၁၉၇၅ ခုမေလပြည်သူ့အသံကလွှင့်မှ အရန်ဗဟို ကော်မတီစာရင်းထဲမှာ
ဦးမောင်မောင်စိန်ဆိုတဲ့နာမည်ကို ကြားရပြီး ဦးမောင်မောင်စိန်မသေကြောင်း
အတိအကျသိခဲ့ရတဲ့ မိသားစုဖြစ်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ
ဦးမောင်မောင်စိန်မိသားစုလိုဘဲ တခြားခေါင်းဆောင်အတော်များများကြုံရတဲ့
ဖြစ်ရပ်မျိုးပါ။
၁၉၃၉
ခု ပါတီတည်ထောင်ခဲ့တဲ့ မျိုးဆက်တွေအတွက် တော်လှန်ရေးအတက်ကာလကို တွေ့ကြုံရတဲ့အချိန်ကသိပ်မများဘူး။အင်္ဂလိပ်နယ်ချဲ့
သမားဆန့်ကျင်ရေးနဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်ပွဲခံချိန်၊ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းချိန်ဆိုတဲ့
တော်လှန်ရေးစိတ်ဓာတ်တွေ တဟုန်းဟုန်းတက်နေချိန်နဲ့
လက်နက်ကိုင်တိုက်ပွဲစတင်ချိန်တို့လောက်ဘဲ ရှိတာပါ။ ကျန်တဲ့ နှစ်ပေါင်း ၂ဝ လောက်ဟာ
တော်လှန်ရေးအကျ ပိုင်းကြီးထဲဖြတ်ရသူတွေဖြစ်ပါတယ်။ ခေါင်းဆောင်အများအပြားလဲ
ဒီကာလမှာ အသက်စွန့်ခဲ့ရတယ်။ သားတကွဲမယားတကွဲဖြစ်ရတယ်။
တောထဲတောင်ထဲမှာ
ဆယ်ဂဏန်းတောင်မပြည့်တဲ့ ရဲဘော်တစ်စုနဲ့ ရန်သူအဝိုင်းခံရတာကို
ဖောက်ထွက်ခဲ့ရတာတွေကလည်း အကြိမ်ကြိမ် ကြုံကြရတယ်။ ရွာထဲမှာ စားစရာဝင်ရှာရင်တောင်
“လူကြီးကိုယ်တိုင်ဘဲလာပါ၊ နောက် လိုက်တွေကိုတော့မလွှတ်ပါနဲ့။ သူတို့လက်နက်ချသွား ရင်
ဖော်မှာစိုးလို့ပါ”ဆိုပြီး အပြောခံရလောက်အောင် လူအများအပြားပါတီကို
စွန့်ခွာချိန်မျိုးနဲ့လဲ ရင်ဆိုင်ရဘူးကြတယ်။
ဦးမောင်မောင်စိန်နဲ့
ဦးရဲထွန်းတို့ဟာ အလယ်ပိုင်းတိုင်း တိုင်းကော်မတီဝင်တွေဖြစ်ပြီး ၁၉၇ဝ တဝိုက်မှာ သခင်တင်ထွန်းတာဝန်ယူတဲ့
ဗဟိုခွဲ အခြေစိုက်ရာ ရှမ်းပြည်အလယ်ပိုင်းကို မေမြို့ဒုဌာဝတီ ကျောက်ဂူလမ်းအတိုင်း မြို့ပေါ်လမ်းကိုအသုံးပြုပြီး
ရောက်သွားကြတယ်။ သူတို့ရောက် သွားချိန်ဟာ ဗိုလ်နေဝင်းအစိုးရက ရှမ်းပြည်နဲ့
ပဲခူးရိုးမအကြား ဟိုချီမင်းလမ်းကြောင်းပေါ်မလာရေးအတွက် ထိုးစစ်တွေအကြီးအကျယ် ဆင်နေတဲ့ကာလဖြစ်ပြီး
ဖြတ် ၄ ဖြတ်နဲ့ ပိတ်ဆို့တိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေချိန် ဖြစ်ပါတယ်။
ရှမ်းပြည်အလယ်ပိုင်းနဲ့
တောင်ပိုင်းမှာအခြေစိုက်ကြတဲ့ ပါတီခေါင်းဆောင်တွေသာမက ဗဟိုကော်မတီ သခင်တင်ထွန်းတို့ပါကျဆုံးကြရတဲ့
ကာလဖြစ်ပါတယ်။ အဲဒီဒေသဟာ အစိုးရရဲ့ထိုးစစ်တွေအဆက်မပြတ်ရုံမက
အစိုးရတပ်နဲ့ချိတ်ဆက်ထားတဲ့ ဗိုလ်စံသိန်းရဲ့ ပအို့ဝ်အမျိုးသား အဖွဲ့ကလဲ
ချောင်ရင်ချောင်သလို ပါတီကို အလစ်တိုက်တာတွေ မကြာခဏလုပ်နေချိန်ဖြစ်ပါတယ်။
ဗိုလ်မိုးဟိန်းရဲ့ SURA တပ်ကလဲ ဗကပကို မောင်းထုတ်ဖို့ဘဲ ကြိုးစားနေခဲ့တယ်။
အဲဒီကာလမှာ ဦးမောင်မောင်စိန်ဟာ ငှက်ဖျားမိပြီး အိပ်ရာကတောင်မထနိုင်တော့ပါဘူး။
မိုးထဲရေထဲမှာ သတိလစ်မေ့မျောနေတဲ့ သူ့ကို ရဲဘော်တွေက ထမ်းစင်နဲ့သယ်လာကြလို့
အသက်ရှင်ခဲ့ရတာပါ။ သူ့ကိုထမ်းရင်း သူသေသွားရင် မြေမှာမြှုပ်ဖို့ ပေါက်တူးတစ်လက်ကိုလဲ
ရဲဘော်တစ်ယောက်က အသင့်ထမ်းလာခဲ့တယ်တဲ့။ ဒါပေမဲ့ သူတဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်။
ပြောက်ကျားဒေသက
ရဲဘော်ကြီးတွေ အရှေ့မြောက်ကို ရောက်လာကြပုံကလဲ ကြေကွဲစရာကောင်းလှတယ်။ တပ်မဟာ ၂ က ရဲဘော်ကြီး
တစ်ဦးပြောပြချက်အရ သူတို့ဆီကို ခမောက်တွေ အဝတ်အစားတွေ ရွှံ့အလူးလူးစုပ်ပြတ်နေတဲ့လူတစ်စု
ရွှေလီမြစ်ကိုဖြတ်ပြီး ရောက်လာ သတဲ့။ ရှမ်းပြည်အလယ်ပိုင်းကနေ လွယ်မော်တို့ SSPP
တို့ရဲ့ဒေသတွေကိုဖြတ်ပြီး အန္တရာယ်မျိုးစုံကြားကလာခဲ့ကြသူတွေပါ။ သခင် ဗသိန်း တင်ရဲ့အဝေးရောက်ဗဟိုရုံးကနေ
ကေဒါကြီးတစ်ယောက်ကို လွှတ်ပြီးကြိုခိုင်းလိုက်တဲ့အခါ တွေ့တွေ့ချင်း ဘယ်သူမှန်းတောင်
မမှတ်မိတော့ ဘူး။ နောက်မှ ဗိုလ်ကြင်မောင်တို့ ဦးရဲထွန်းတို့
ဦးမောင်မောင်စိန်တို့ဆိုတာသိသွားတယ်တဲ့။ သူတို့နဲ့ပါလာတဲ့သတင်းတွေကလဲ စိတ်ထိ ခိုက်စရာတွေချည့်ဘဲ။
ဘယ်ရဲဘော်ဘယ်လိုကျဆုံးသွားပြီ။ ဘယ်သူကဖြင့် ဘယ်လိုအဝိုင်းခံရပြီး လက်နက်ချဖို့ပြောတာကို
လက်မခံလို့ ဘယ်လို အသတ်ခံလိုက်ရတယ်။
ပဲခူးရိုးမနဲ့
ရှမ်းပြည်အလယ်ပိုင်းခေါင်းဆောင်တွေအကြောင်းကတော့ စိတ်ထိခိုက်စရာအကောင်းဆုံးပါဘဲ။
ရန်သူတိုက်ခိုက်မှုတွေရော ပါတီတွင်းတိုက်ပွဲတွေမှာပါ အများအပြားကျဆုံးကုန်ပြီတဲ့။
သူတို့ကိုသွားကြိုပြီးတဲ့အခါမှာ နိုင်ငံရေးမှူးဦးစိုးသိန်းက တပ်မဟာ ၂ ကေဒါတွေကို
ဒီအကြောင်းရှင်းပြတာတွေလုပ်တော့ ရဲဘော်တွေဟာ စိတ်ထိခိုက်ပြီးအားလုံးတိတ်နေတယ်။
နောက်ဆုံးမှာ “အခက်အခဲမျိုးစုံကို ကျော်နင်း လာတဲ့ ရဲဘော်ကြီးတွေကို အတုယူကြ”လို့
ကြွေးကြော်ကုန်ကြတယ်တဲ့။
၁၉၇၅
ခုမတ်လ ဥက္ကဌသခင်ဇင်၊ အတွင်းရေးမှူးသခင်ချစ်တို့ ကျဆုံးကြချိန်မှာ ၁၉၄၈ ခုက စတင်ခဲ့တဲ့ဗကပအခြေခံဒေသဟောင်း
အများ အပြားလဲကျဆုံးကုန်တယ်လို့ ဆိုနိုင်တယ်။ ဒီအခြေခံဒေသဟောင်းတွေဟာ
နိုင်ငံရေးနိုးကြားမှုမြင့်မားတဲ့ ဗမာပြည်သူလူထုအကြားမှာ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့တဲ့အခြေခံစခန်းတွေလဲဖြစ်ပါတယ်။
၁၉၅ဝ တဝိုက်မှာ နယ်စိမ်းတိုးရေးစီမံကိန်းအရ ပေါ်ထွက်လာတဲ့ ရှမ်းပြည်တောင်ပိုင်း ပေါင်းလောင်းနမ့်ဖာ
အခြေခံစခန်းကနေ ရှမ်းပြည်အလယ်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်တွေဆိုရင်လဲ ဗိုလ်အောင်ကြီးရဲ့
အကြံပေးချက်အရ ဗီယက်နမ်က ဟိုချီမင်းလမ်းကြောင်းလို ကွန်မြူနစ်လမ်းပေါက်ကြီး ဖြစ်မလာအောင်
အစွမ်းကုန်တားရေးပေါ်လစီ အောက်မှာ ထိုးစစ်အကြီးစားအငယ်စား အဆက်မပြတ်ဆင်တာကိုခံရသလို
ဖြတ် ၄ ဖြတ်နဲ့ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်တာတွေကိုလည်း
ပြင်းပြင်းထန်ထန်ခံနေရတဲ့နယ်မြေဖြစ်နေတယ်။ ဒီဒေသဟာ နယ်စပ်ကဗကပတပ်တွေ
နိုင်ငံရေးနိုးကြားမှုမြင့်မားရာ ဗမာ ပြည်မထဲသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် တကယ်လဲ
အချက်အခြာနယ်မြေဖြစ်ပါတယ်။ နောင်အခါ ဗကပရဲ့ ၇၅၁ဝ စီမံကိန်း (၁၉၇၅ ခု အောက်တို ဘာလမှာချမှတ်ခဲ့လို့
၇၅၁ဝ လို့အမည်တပ်တာပါ) တို့ ဗကပအလယ်ပိုင်းဗျူရိုတို့အကြိမ်ကြိမ်ခြေကုတ်ယူဖို့ကြိုး
စားခဲ့ရာ အချက်အခြာနေရာ တစ်ခုလည်းဖြစ်ပါတယ်။
ကျွန်တော်မှတ်မိသလောက်ဆိုရင်
၇၅၁ဝ စီမံကိန်းအောင်သလား မအောင်ဘူးလားဆိုတဲ့အချက်မှာလဲ အမြင်အမျိုးမျိုးဖြစ်နေတယ်။
ဗကပ ဗဟိုက တစုံတရာအောင်မြင်တယ်လို့ နိဂုံးချုပ်တယ်လို့လည်း ကြားဖူးတယ်။ တကယ်အကောင်ထည်ဖော်တဲ့
တပ်မဟာတို့ တပ်ရင်းတို့ ကတော့ ဗဟိုရဲ့အမိန့်ကိုနာခံပြီးလုပ်တာဖြစ်ပေမယ့်
သူတို့တပ်တွေနဲ့ ဒေသခံတွေအကြားဆက်သွယ်ပြောဆိုမှုအခက်အခဲတွေရှိပြီး သူတို့ အတွက်
ကိုယ့်ဒေသမှာ လှုပ်ရှားရသလောက်အဆင်မပြေဘူးလို့ နိဂုံးချုပ်ကြတယ်လို့လဲ ကြားရတယ်။
၇၅၁ဝ စီမံကိန်းမှာ တပ်မဟာ ၆၈၃ တပ်မဟာနိုင်ငံရေးမှူးလုပ်ခဲ့တဲ့
ကိုးကန့်ရဲဘော်လီကျုံးချန်ရဲ့ ပြောက်ကျားဒေသဆင်းတဲ့ အတွေ့အကြုံပြန်လည်ရှင်းလင်းပွဲတစ်ခု
စစ်ဒေသ ခန်းမကြီးမှာလုပ်တော့ ကျွန်တော်သွားတက်ဘူးတယ်။ သူ့အမြင်ကတော့
အထက်ကအမြင်တွေနဲ့ နည်းနည်း ကွဲတယ်။
သူ့အမြင်ကတော့
ဆင်းခါစမှာ ရန်သူက တကောက်ကောက်လိုက်ပြီးတိုက်တာခံရသလို
စားနပ်ရိက္ခာပြတ်တာတွေအများကြီး ကြုံရတယ်။ ချေတစ်ကောင်ကိုမြိုထားတဲ့ စပါးအုံးမြွေကြီးတစ်ကောင်ကိုတောင်
သတ်စားခဲ့ရတယ်။ မြွေသားနဲ့မလောက်လို့ အဲဒီ မြွေကြီးမြိုထားတဲ့ ချေသားတွေကိုလဲ
စားခဲ့ရတယ်လို့ သူကပြောတယ်။ နောက်ပိုင်းမှာတော့ သူတို့တပ်မဟာ ၆၈၃ မှာ ရှမ်းစကား
တတ်တဲ့ ဝရဲဘော် အများစုပါတော့ ဒေသခံရှမ်းတွေနဲ့တဖြည်းဖြည်းရင်းနှီးလာတယ်တဲ့။
ဖြစ်ချင်တော့ သူတို့တပ်နောက်ကို ကျားကြီးတစ်ကောင်က တ ကောက်ကောက်လိုက်နေတယ်။
လူကိုတော့ဘာမှရန်မပြုဘူးတဲ့။ ရှမ်းတွေရဲ့အယူအဆအရ ကျားဟာ သူတို့
ရှမ်းတွေအထွတ်အမြတ်ထားတဲ့ သတ္တဝါဖြစ်လို့ ကျားတစ်ကောင် လိုက်ပြီးစောင့်ရှောက်ပေးနေတဲ့တပ်ကိုလဲ
ရှမ်းတွေက သဘောကျကြတယ်တဲ့လေ။ သူဆိုလိုတာက အောက်ဆင်းရာမှာ အခက်အခဲတော်တော်များများရှိပေမဲ့
တပ်နဲ့ဒေသခံအကြား တဖြည်းဖြည်း အဆက်အသွယ်အဆင်ပြေသွားနိုင်တယ် ဆိုတဲ့သဘောပါ။
သူ့အမြင်ကို
မှားတယ်လို့လဲဆိုလို့မရဘူး။ ဘာဖြစ်လို့လဲဆိုရင် ရှမ်းပြည်အလယ်ပိုင်း ကိုယ့်အားကိုယ်ကိုး
ပြောက်ကျားဒေသမှာဆန်ခါ တင်ပြီး ကျန်နေတဲ့တပ်တွေဆိုရင် နယ်ခံလူထုနဲ့ရင်းနှီးနေသလို
ရလလဖတို့ ကလလတတို့လို တပ်ပေါင်းစုတွေနဲ့လဲ အဆင်ပြေနေကြတယ်။ ၁၉၈၉ခု ပန်ဆန်းမှာ ဝတပ်တွေက
ဗကပဗဟိုကို အာဏာသိမ်းလိုက်အချိန်အထိ အဲဒီပြောက်ကျားဒေသမှာ ဝတပ်တွေ ဆက်ပြီးလှုပ်ရှားနေဆဲပါ။
ဝအဖွဲ့နဲ့ နဝတအကြားအပစ်ရပ်စဲရေးလုပ်တော့မှ အဲဒီရှမ်းပြည်အလယ်ပိုင်းကတပ်တွေကို
ပြန်ခေါ်သွားတာဖြစ်ပါတယ်။ အဲဒီအပစ်ရပ်မှုဟာ ရှမ်းပြည်အလယ်ပိုင်း ဗကပအတွက်
အထိနာစေသလို တပ်ပေါင်းစုတွေအထိနာစေခဲ့ပါတယ်။
နောင်မှာ
တဖြည်းဖြည်းအဆင်ပြေနိုင်တယ်လို့သုံးသပ်တဲ့ အဲဒီတပ်မဟာနိုင်ငံရေးမှူးဟာ ကိုးကန့်ကို
ခွင့်ခဏပြန်ရင်း နောက်ထပ်
အိမ်ထောင်တစ်ခု ထူထောင်တယ်တဲ့။ အရင်ဇနီးက သားယောက်ျားလေးမမွေးလို့ထပ်ယူတာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဒေသနဲ့ မပြေမလည်ဖြစ်သွားပြီး အောက်ပိုင်းကိုလဲ ပြန်မဆင်းတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ၇၅၁ဝ စီမံကိန်းကြောင့် ဗကပဗဟိုထဲမှာပေါ်ထွက်နေတဲ့ “တရုတ်နယ်စပ်မှာ ဒီအတိုင်းဆက်နေမလား၊ ဒါမှမဟုတ် နိုင်ငံရေး နိုးကြားမှုမြင့်မားရာ ဗမာပြည်ပြည်မထဲကို နည်းလမ်းရှာကြံပြီး ထိုးဖောက် မလား”ဆိုတဲ့ မတူတဲ့အမြင်နှစ်ခုအကြားမှာ အရှေ့မြောက် ဝ လူမျိုးစုအများစုနဲ့ဖွဲ့ထားတဲ့ တပ်တွေရဲ့ ကိုယ့်ဒေသကိုယ့်နယ်မြေထဲမှာဘဲ နေချင်တဲ့အမြင်က မဲတစ်မဲ အလေးတင်းပေးလိုက်သလို ဖြစ်သွားမှာကတော့ သေချာပါတယ်။
အိမ်ထောင်တစ်ခု ထူထောင်တယ်တဲ့။ အရင်ဇနီးက သားယောက်ျားလေးမမွေးလို့ထပ်ယူတာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဒေသနဲ့ မပြေမလည်ဖြစ်သွားပြီး အောက်ပိုင်းကိုလဲ ပြန်မဆင်းတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ၇၅၁ဝ စီမံကိန်းကြောင့် ဗကပဗဟိုထဲမှာပေါ်ထွက်နေတဲ့ “တရုတ်နယ်စပ်မှာ ဒီအတိုင်းဆက်နေမလား၊ ဒါမှမဟုတ် နိုင်ငံရေး နိုးကြားမှုမြင့်မားရာ ဗမာပြည်ပြည်မထဲကို နည်းလမ်းရှာကြံပြီး ထိုးဖောက် မလား”ဆိုတဲ့ မတူတဲ့အမြင်နှစ်ခုအကြားမှာ အရှေ့မြောက် ဝ လူမျိုးစုအများစုနဲ့ဖွဲ့ထားတဲ့ တပ်တွေရဲ့ ကိုယ့်ဒေသကိုယ့်နယ်မြေထဲမှာဘဲ နေချင်တဲ့အမြင်က မဲတစ်မဲ အလေးတင်းပေးလိုက်သလို ဖြစ်သွားမှာကတော့ သေချာပါတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment