Monday, February 25, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၉)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (အပိုင်း၉)

လူသားတဦးစီ၏ ဘဝတာပြဿနာများ၊ ကိစ္စများကို အမှန်အတိုင်း ရှူမြင်ခံယူနိုင်စေရန် လမ်းညွှန်ဖြေရှင်းပေးရန်မှာ ဒဿနပညာ၏ အဓိက တာဝန်ဖြစ်သည်။ ဆင်ခြင်မှုသက်သက်အပေါ်တွင် အခြေပြုထားသည့် ဒဿနစနစ်ကြီးများကို တည်ဆောက်ရန်မဟုတ်။ ဟေဂယ်သည် အနန္တဝိဉာဉ်တော်ကြီးကိုဗဟိုပြု၍ စကြဝဠာကြီးတခုလုံးနှင့်ပတ်သတ်သော ဒဿနစနစ်ကို တည်ဆောက်ခဲ့သော်လည်း လူပုဂ္ဂိုလ်တဦးချင်း စီ၏ ဘဝအကြောင်းကိုမူကား လုံးဝမဖော်ပြ မရှင်းလင်းခဲ့ပေ။ ထို့ကြောင့် ဟေဂယ်၏ဒဿနစနစ်ကြီးသည် ဘာမျှတန်ဖိုးမရှိဟု ကဲကီးဂါးဒ်က ဝေဖန်သည်။

“ဆင်ခြင်ခြင်းသက်သက်၏ လမ်းညွှန်မျှုအောက်တွင်နေထိုင်ရခြင်းမှာ ကလောင်ထိပ်ဖျားသာသာရှိသည့် လမ်းညွှန်မြေပုံကလေးကို အားကိုး အားထားပြု၍ ဒိန်းမတ်နိုင်ငံအတွင်း ခရီးထွက်ရခြင်းနှင့် တူလှပါသည်”ဟု ကဲကီးဂါးဒ်က ဟေဂယ်တို့အားကိုးခဲ့သည့် ဆင်ခြင်ခြင်းသဘောကို ရှူတ်ချခဲ့ပေသည်။

ကဲကီးဂါးဒ်အနေဖြင့် ရှေးဂရိဒဿနဆရာကြီး ဆိုကရေးတီးကိုမူ အထူးလေးစားခဲသ့ည်။ “ဆိုကရေးတီး၏ မိမိကိုယ်ကိုမိမိ သိမြင်နားလည်ပါ” (know thyself) ဟူသောဆောင်ပုဒ်ကို အလွန်ပင်နှစ်ခြိုက် သဘောကျခဲ့သည်။ ထိုဆောင်ပုဒ်အတိုင်း ဒဿနတွေးခေါ်မြော်မြင်ခြင်း၏ အဓိက ရည်မှန်းချက်မှာ မိမိဘဝကိုမိမိ မှန်မှန်ကန်ကန် သိမြင်နားလည်ရန်ဖြစ်သည်။ ကိုယ်နှင့်အနီးကပ်ဆုံးဖြစ်သော ကိုယ့်ဘဝကို ကိုယ်နားမလည် သေးဘဲ ကိုယ်နှင့် အလွန်အလှမ်းဝေးလှသည့် စကြဝဠာကြီးကို အမိဖမ်းပြီး ဆင်ခြင်နေခြင်းသည် ဘာမျှအဓိပ္ပါယ်မရှိဟု ကဲကီးဂါးဒ်က ယူဆ ပေသည်။

လူ့ဘဝဟူသည် အလွန်ပင် နက်ရှိုင်းကျယ်ပြောလှပေသည်။ ကြီးကျယ် လေးနက်လှပေသည်။ ထို့ကြောင့် လူ့ဘဝအကြောင်းကို ချဉ်းကပ် ရာတွင် အတွေးအခေါ်စနစ်ကြီးများ တက္ကိကပုံစံကြီးနှင့်မရနိုင်။ လူသားတဦးချင်းစီ၏ဖြစ်တည်မှုဘဝ (ဝါ) လူ့ဘဝကို ဒဿနစနစ်တခုအတွင်း ဘောင်ခတ်လေလ့ာ၍ မရနိုင်ဟူ၍လည်း ခံယူခဲ့ပေသည်။

ထို့ပြင် ကဲကီးဂါးဒ်သည် ယေဘုယျသဘောကို ရှေ့တန်းတင်ပြီး ပုဂ္ဂလသဘောကို သေးသိမ်စေခဲ့သည့် ဟေဂယ်၏ အယူအဆတရပ်ကိုလည်း အကြီးအကျယ် ဆန့်ကျင်ခဲ့သည်။ ဟေဂယ်အလိုအရ အနန္တဝိဉာဉ်တော်ကြီး ဝင်စားနေသော စကြဝဠာကြီးတွင် ကြီးကျယ်ခမ်းနားလှသည့် မဟာအစီအမံ ရည်မှန်းချက်ကြီးတရပ် ရှိပေသည်။ ယင်းသည် လူသားတဦးချင်းစီ၏ ရည်မှန်းချက်ကို မဆိုထားနှင့် လူသားတရပ်လုံး၏ ရည်မှန်းချက်အားလုံးထက်ပင် ပို၍ အရေးကြီး၏။ ပို၍လည်း အခြေခံကြလှ၏။ ထို့ကြောင့် လူသားတို့သည် မိမိကိစ္စ၊၊ မိမိရည်မှန်းချက်ကို ဘေးချိတ်ပြီး စကြဝဠာကြီး(ဝါ) အနန္တဝိဉာဉ်တော်ကြီး၏ အန္တိအစီအမံ ရည်မှန်းချက်ကြီးအတွက် ကြိုးပမ်းအားထုတ် ထမ်းဆောင်ပေးကြ ရမည်ဟု ဆိုပေသည်။

ကဲကီးဂါးဒ်ကမူ “ဟေဂယ်၏အယူအဆ အဆိုပြုချက်ကို လက်ခံလိုက်ပါက လူသားတို့အတွက် မည်သည့်အလားအလာမျှရှိတော့မည်
မဟုတ်ပေ။ ဟေဂယ်၏ အနန္တဝိဉာဉ်တော်ကြီးမှသာ အလားအလာများဖြင့် ပြည့်လျှံသွားပေတော့မည်။ ဤသို့ဖြစ်သွားပါက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိလာမည်မဟုတ်ပေ။ အကျိုးယုတ်ရန်သာ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အနန္တဝိညာဉ်တော်၏ လက်အောက်ခံ၊ ပြဌာန်းခံ အစေအပါးဖြစ်သွားပြီး လူသားဂုဏ်သိက္ခာ ပျောက်ကွယ်သွားတော့မည့်အတွက် ဖြစ်သည်။ “လူသားတို့၏ ထူးခြားထင်ရှားလှသည့်ဖြစ်တည်မှုဘဝ” သည် ဘယ်တော့မျှ ခေါင်းထောင် ပေါ်ထွန်းနိုင်တော့မည် မဟုတ်သည့် အတွက်ကြောင့်ဖြစ်သည်”ဟု မြင်သိခဲ့ပေသည်။

ကဲကီးဂါးဒ်အလိုအရမူ လူသားတွင် မွန်မြတ်လှသည့် ဖြစ်နိုင်စရာအလားအလာများစွာရှိသည်။ ယင်းအလားအလာများထဲမှ မိမိစိတ်ကြိုက် ရွေးချယ်လုပ်ဆောင်ရမည့် လူ့တာဝန်ရှိပေသည်။ ဤနေရာတွင် ကဲကီးဂါးဒ်သည် ဒဿနပညာရပ်ဆိုင်ရာဝေါဟာရနှစ်လုံးကို သုံးစွဲခဲ့သည်။ ယင်းတို့မှာ နှစ်ခုစလုံး (Both/And) နှင့် တခုခု (Either/Or)တို့ ဖြစ်ပါသည်။ နှစ်ခုစလုံးဟူသည် ဆိုးရွားလှသည့်ဘဝ (ဝါ) ငရဲဘုံကို ဦးတည်သောလမ်း ဖြစ်သည်။ တခုခုကမူ မွန်မြတ်သန့်စင်လှသည့် နိဗ္ဗာန်ဘုံအတွက် လမ်းပြဖြစ်သည်ဟု ကဲကီးဂါးဒ်က ဖွင့်ဆိုပါသည်။
ကဲကီးဂါးဒ်ပြောချင်သည်မှာ ဤသို့ဖြစ်သည်။


လူပီသသောဘဝ (ဝါ) စစ်မှန်စွာဖြစ်တည်နေသည့်ဘဝသို့ ဦးတည်လျှောက်လှမ်းသူတဦးသည် သူ့ဘဝတလျှောက်တွင် ရွေးချယ်စရာများကို ပြတ်ပြတ်သားသား ဆက်တိုက်ရွေးချယ်ပြီးပြုမူ ဆောင်ရွက်ရပေမည်။ “ဒါမှမဟုတ်ရင်ဒါ” ဆိုပြီးတခုခုကို အခိုင်အမာ ဆုံးဖြတ်ချက်ချကာ ဆောင်ရွက်ရမည်ဖြစ်သည်။ ဤသို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းသည် တစုံတဦး၏ထိန်းချုပ်ပြဌာန်းချက်ကို မခံယူဘဲ မိမိဘဝကို မိမိဘာသာ တည်ဆောက်လိုက်ခြင်း ဖြစ်ပေသည်။ ဤသို့ တခုမဟုတ် တခုဟူသောလမ်းကို ရွေးချယ်လိုက်သူသည် လူ့ဘဝ၏ လွတ်လပ်မှုအရသာကို ခံစားနိုင်သူဖြစ်သည်။ သို့ရာတွင် ကိုယ်လမ်းကို ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်ရသည့်အတွက် ဖြစ်ပေါ်လာသမျှ အပေါ်တွင် ကိုယ့်မှာတာဝန်ရှိလာပေတော့သည်။ ဤသို့တာဝန်ရှိလာသည့်အတွက်လည်း စိုးရိမ်ပူပန်သောကများ ရှိလာရစမြဲဖြစ်သည်။ လူပီသသောလူ(ဝါ) စစ်မှန်စွာဖြစ်တည်နေသည့်လူသည် ရင်ဆိုင်ရမည့်စိုးရိမ်ပူပန်သောကများကို မကြောက်ရွံ့မတုန်လှုပ်ဘဲ ကိုယ့်တာဝန် ကိုယ်ယူနိုင်သူ ဖြစ်သည်။ မည်သူ့အဆုံးအဖြတ်ကိုမျှမခံဘဲ ကိုယ့်လမ်းကိုယ်ရွေးပြီး လှုပ်ရှားပြုမူဆောင်ရွက်နိုင်စွမ်းရှိသူ ဖြစ်ပေသည်။
ဤသို့ မိမိလျှောက်မည့်လမ်းကို ပြတ်ပြတ်သားသား မရွေးချယ်နိုင်ဘဲ ဟိုဟာပဲလုပ်ရတော့မလိုဖြစ်နေသည့် နှစ်ခုစလုံးသမားသည် လူ မည်ကာမတ္တလူသာ ဖြစ်ပေတော့သည်။ လူကျင့်လူကြံ မကျင့်ကြံနိုင်ဘဲ လူအဖြစ်မှ ဈာန်လျှောကျသွားကာ လူဖြစ်ရှူံးသည့်ဘဝသို့ ဆိုက်ရောက်သွားမည်သာဖြစ်သည်ဟု ကဲကီးဂါးဒ်က ဆိုခဲ့ပေသည်။

ကဲကီးဂါးဒ်အတွက် “နှစ်ခုစလုံး” အယူဝါဒသည် ကလိမ်ခြုံဝါဒ၊  အတုအယောင် ဝါဒဖြစ်သည်။ ကဲကီးဂါးဒ်က“လူသားတဦးဟာ တချိန်တည်းမှာ ခရစ်ယာန်တဦးအဖြစ်နဲ့လည်း နေမယ်။ သာမန်လောကီလူသားတဦးလိုလည်းနေမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဖြစ်တခုခု၊ ဘဝတရပ်ရပ်ကိုတော့ ပြတ်ပြတ်သားသား ရွေးချယ်ရမယ်။ ထာဝရဘုရားရဲ့လမ်းစဉ်ကိုလည်း လိုက်နာမယ်၊ လောကီလူ့ဘဝမှာလည်း ကာမဂုဏ်အာရုံတွေနဲ့ ပျော်မွေ့နေမယ်ဆိုပြီး “နှစ်ခုစလုံး”လမ်းကို လျှောက်လို့မရဘူး။ ခရစ်ယာန်စစ်စစ်လည်း ဖြစ်ချင်တယ်။ ငွေကြေးချမ်းသာ ကြွယ်ဝအောင်လည်း ရှာဖွေချင်တယ်ဆိုပြီး “နှစ်ခုစလုံး”တပြိုင်တည်းလုပ်လို့မရနိုင်ဘူး။ ယေရှူခရစ်တော်ကိုလည်း ကြည်ညိုတယ်၊ အာဏာပါဝါတွေကိုလည်း မက်မောတယ်ဆိုတာ “နှစ်ခုစလုံး”တချိန်တည်းမဖြစ်နိုင်ဘူး။  “နှစ်ခုစလုံး”ကို တပြိုင်တည်းရွေးလို့မရဘူး။ တခုမဟုတ်တခု (ဝါ) တခုခုကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လုပ်ဆောင်ရမယ်။ နှစ်ခုစလုံးကိုရွေးပြီး နှစ်ခုစလုံးအယူဝါဒကို လက်ကိုင်ထားနေကြတဲ့ခရစ်ယာန်တွေဟာ အတုအယောင်ဘာသာရေးသမားတွေသာဖြစ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်ဘဝမှ သွေဖည်နေတဲ့ အယူအမှားနေကြသူတွေသာ ဖြစ်တယ်။ စစ်မှန်တဲ့ခရစ်ယာန်တဦးဖြစ်ဖို့ဆိုရင် ‘တခုခု’ လမ်းကိုရွေးရမယ်။ ထာဝရဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ဒါမှ အမှန်တရားသစ္စာတရားကို မျက်မှောက်ပြုနိုင်မယ်” ဟု ကဲကီးဂါးဒ်က ပြောကြားလေသည်။

0 comments:

Post a Comment