Wednesday, February 20, 2019

သမိုင်းနှင့်စကားပြောခြင်းမှ (ဒေါက်တာသန်းထွန်း)

0 comments
ဒေါက်တာ သန်းထွန်း
သမိုင်းနှင့် စကားပြောခြင်းစာအုပ်မှ
မေး။ ဆရာကြီး ဘဝမှာ လက်ကိုင်ထားတဲ့ ဘဝနေနည်းအယူအဆကို ပြောပေးပါ။
ဖြေ။ အတိုက်အခံရှိရင် ပျော်တယ်။ ကိုယ့်ထက် တန်ခိုးအရှိန်အဝါ သြဇာအာဏာရှိသူတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတာ ပိုကြိုက်တယ်။ ဒါပေမဲ့ ကိုယ်က စတင်ပြီး အတိုက်အခံဆန့်ကျင်မှု မပြုပါ။ ရှုံးနိမ့်ရင်လည်း နစ်နာတယ်၊ ဝမ်းနည်းစရာလို့ မထင်ပါ။ ကျော်အောင်က "နှုတ်ကြောင့်သေမယ့် လူ" လို့ ပြောခဲ့တယ်။ လက်အောက်ငယ်သားကို မတိုက်ခိုက်ပါ။ မတူတဲ့အယူအဆကြောင့် အပြစ်ပေး အရေးယူတာမျိုး မရှိပါ။ ကိစ္စရပ်တိုင်းကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တယ်။ သြဇာအာဏာအရှိန်အဝါသက်ရောက်မှုကို မခံယူပါ။ တစ်စုံတစ်ယောက်က အကူအညီတောင်းခံလာတဲ့အထိ စောင့်ဆိုင်းမနေဘဲ မိမိကူညီဖို့လိုအပ်တယ်ဆိုတာသိရုံနဲ့ ချက်ချင်း ကူညီဆောင်ရွက် ပေးတတ်ပါတယ်။ လုပ်ငန်းခွင်မှာရော နေအိမ်မှာပါ ကိုယ်နဲ့အတူနေသူများ ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ရအောင် သတိပြုနေထိုင်ပါတယ်။
မေး။ ကျွန်တော်တို့လူငယ်တွေအတွက် ဆရာကြီး လုပ်စေချင်တဲ့ အလုပ်၊ အပြောချင်ဆုံးစကား ရှိရင် ပြောပြစေချင်ပါတယ်။
ဖြေ။ မြန်မာဓမ္မသတ်မှာ အမျိုးသား ၁၆ နှစ်၊ အမျိုးသမီး ၁၅ နှစ် ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိနေပြီး၊ အိမ်ထောင်ပြုနိုင်တဲ့အရွယ်ရောက်ပြီလို့ ဆိုတယ်။ ဒါကြောင့် လူငယ်တွေကို လူတတ်ကြီးလုပ်ပြီး ဘာကို လုပ်စေချင်တယ်။ ဘာကို မလုပ်စေချင်ဘူး ပြောဖို့လိုမယ် မထင်ပါ။
ကျွန်တော် လူငယ်ဘဝမှာ H G Wells ရေးတဲ့ Work, Wealth and Happiness of Mankind, Science of Life နဲ့ နိုင်ငံရေးသမိုင်း၊ ခေတ်သမိုင်း၊ ခေတ်စီးပွားရေးသမိုင်း၊ ဆိုရှယ်လစ်အတွေးအခေါ် စတဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြီး ဘဝလမ်းညွှန်အဖြစ် ခံယူခဲ့ပါတယ်။
လူငယ်ဟာ ပညာရှာအရွယ် ဖြစ်ပါတယ်။ အဲဒီမှာ တက္ကသိုလ် တစ်ခုတည်းသာလျှင် ပညာစခန်း မဟုတ်ပါဘူး။ အခြား ပညာစခန်းတွေ ရှိပါတယ်။ လူငယ်တွေအတွက် တက္ကသိုလ်အလွတ် လေ့လာသင်ကြားစရာတွေ အများကြီး ရှိပါတယ်။ စစ်အတွင်း တက္ကသိုလ်ပိတ်ထားတော့ ကျွန်တော့ကို အဖေက ဘုန်းကြီးကျောင်းပို့ပြီး သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဗေဒင် တခုခုသင်ခိုင်းလို့ ဗေဒင်သင်ခဲ့ဖူးတယ်။ သင်ခဲ့တော့ လိုအပ်ရင် သက်မွေးပညာအဖြစ် အသုံးချနိုင်တာပေါ့။
နိုင်ငံခြားမှာ အထက်တန်း အောင်တဲ့လူတိုင်း တက္ကသိုလ်ကိုသွားကြတာ မဟုတ်ပါ။ အင်မတန် စာတော်သူတွေသာ တက္ကသိုလ်ဆက်တက်ကြတယ်။ လူနည်းစုပါ။ တကယ်တော်၊ တကယ်တတ်၊ တကယ်လုပ်ချင်သူတွေသာ တက်ကြတာပါ။ အများစုက လုပ်ငန်းခွင်ဝင်၊ အဆင့်ဆင့် လုပ်ငန်းခွင်သင်တန်းတက်၊ ကျွမ်းကျင်မှုအလိုက် ရာထူးတက်၊ အဆင့်မြင့်အရာရှိကြီးတွေ ဖြစ်သွားကြတာပါပဲ။
ကိုယ်ဖြစ်ချင်တာကို တကယ်သိပြီး၊ ဖြစ်နိုင်မယ့်နည်းလမ်းကို ရွေးချယ်လုပ်သွားရန်သာ ဖြစ်ပါတယ်။
ဒေါက်တာ သန်းထွန်း
သမိုင်းနှင့် စကားပြောခြင်းစာအုပ်မှ

0 comments:

Post a Comment