Thursday, February 21, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၄)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၄)
၂။ ဖြစ်တည်မှုရဲတိုက်။
အနာဂတ်လူသားမျိုးဆက်များက နှစ်ဆယ်ရာစု၏ပထမတဝက် နှစ်ငါးဆယ် (၁၉ဝဝ­ ၁၉၅ဝ) ကို အဓိပ္ပါယ်ကင်းမဲ့မှု ကြီးစိုးသည့်ခေတ်(Age of Meaninglessness) ဟု ခေါ်ဝေါ်သတ်မှတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်နည်း။
လူ့ဘဝ၏အဓိပ္ပါယ်ကင်းမဲ့မှုသဘော၊ ရည်ရွယ်ချက်မဲ့ခြင်းသဘောတို့သည် ထိုအချိန်ကာလအတွင်းပေါ်ထွက်လာခဲ့သော စာပေ၊ အနုပညာ၊ ဒဿနအတွေးအခေါ်များအပေါ် အရှိန်အဟုန်ကြီးစွာဖြင့် လွှမ်းမိုးစိမ့်ဝင်ထားသောကြောင့်ဖြစ်၏။ ဤသို့သော လူ့ဘဝ၏ အကာပြဲ့ပြဲ့၊ အနှစ်မဲ့ လှသည့် အဓိပ္ပါယ်ကင်းမဲ့မှုကို မီးမောင်းထိုးပြသည့်ဒဿနတရပ်သည် ပေါ်ထွန်းခဲ့၏။ ထိုဒဿနသည် ပထမကမ္ဘာစစ်ကြီးအပြီး ပြင်သစ်နိုင်ငံ၌ အရှိန်ယူ၍ တဟုန်ထိုး ထွန်းကားကျယ်ပြန့်ခဲ့သည်။ ယင်းဒဿနကား ဖြစ်တည်မှုဝါဒဖြစ်ပေသည်။ ဖြစ်တည်မှု Existence ဟူသော အင်္ဂလိပ် ဝေါဟာရသည် လက်တင်ဝေါဟာရ Ex­ sistere မှ ဆင်းသက်လာခြင်းဖြစ်သည်။ အနက်အဓိပ္ပါယ်အားဖြင့် “ပေါ်ထွက်လာသည်” stand out ဟု ရပါသည်။ သို့ဖြင့် Existence ဟူသော ဝေါဟာရသည် နာမ်အသွင်ဆောင်နေသော်လည်း ပြုမူလှုပ်ရှားမှု ကြိယာသဘောပို၍ ဆောင်ယူ ပေသည်။ အစဉ်အလာဒဿနများကမူ Existence ကို မလှုပ်ရှားရပ်တည်နေသောနာမ်အဖြစ်သာ မှတ်ယူခဲ့ကြပေသည်။

တနေရာရာတွင် ရှိရုံသာရှိနေခြင်းသဘောဖြင့်သာ အနက်ကောက်ယူခဲ့ကြသည်။ ဖြစ်တည်မှုဝါဒီတို့ကမူ Existence ဟူသည် ရှင်သန်ဖြစ်ပေါ် နေခြင်းသဘောဖြင့် မှတ်ယူကြလေသည်။ ဖြစ်တည်မှုဟူသည် မလှုပ်မရှားရှိရုံသာရှိနေခြင်းသက်သက်ကို ဆိုလိုသည်မဟုတ်။ သီးခြားဝိသေသသဘောဖြင့် ပေါ်လွင်ထင်ရှားစွာ ရှင်သန်ဖြစ်ပေါ်နေခြင်းကိုသာ ဆိုလိုပေသည်။ ဤကမ္ဘာလောကကြီးထဲတွင် သက်ရှိသက်မဲ့ ရုပ်ဝတ္ထုပစ္စည်းများ၊ သတ္တဝါများ အမျိုးမျိုးအစားစား အကွဲကွဲအပြားပြားရှိနေကြပါသည်။ အဖြစ်အပျက်အကြောင်းခြင်းရာ အချက်အလက်များ မှာလည်း ရေတွက်၍မရနိုင်အောင် များလှပါသည်။ ယင်းတို့အားလုံးထဲတွင် လူသားတဦးချင်းစီ၏ပုဂ္ဂလဘဝသည် ကျန်အရာအားလုံးကို ကျော်လွန်ပြီး ပေါ်လွင်ထင်ရှားထူးခြားစွာဖြင့် ဖြစ်တည်နေပေသည်။

လူသားသည် အခြားသောသတ္တဝါများ၊ တိရိစ္ဆာန်များကဲ့သို့ သူ့ပတ်ဝန်းကျင်အနေအထား၊ အင်အားစုများနှင့် မျိုးရိုးစဉ်လာများ၏ထုတ်လုပ်ချက် သက်သက် မဟုတ်ပေ။ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်းမှ သာမန်အားဖြင့် ပေါ်ထွက်လာသောရလဒ်လည်း မဟုတ်ပေ။ လူဟူသည် အတိတ် ကာလအစဉ်အလာတို့၏ လွှမ်းမိုးပြဌာန်းမှုအောက်တွင် နစ်မွန်းနေသူမဟုတ်၊ သမရိုးကျအစဉ်အဆက် ပုံသေကားကျစွဲကိုင်ထားသော ဟောင်း နွမ်းယိုယွင်းနေသည့် ဓလေ့ထုံးတမ်းအယူအဆများ၊ အပြုအမူကျင့်ဝတ်များ၏ ဘောင်ခေတ်ကန့်သတ် ပြဌာန်းချက်များကိုထိုးဖေါက်၍ အညွန့် တလူလူဖြင့် ထွက်ပေါ်လာသူဖြစ်သည်။ ဖြစ်နိုင်ချေ လားရာမှန်သမျှဆီသို့ဦးတည်၍ အစဉ်အမြဲရှင်သန်လှုပ်ရှားနေသူဖြစ်ပေသည်။

ထို့ကြောင့် ဖြစ်တည်မှုဝါဒီတို့ဆိုလိုသည့် ဖြစ်တည်မှုဟူသည်မှာ လူသား၏ဖြစ်တည်မှုကိုသာ ရည်ညွှန်းခြင်းဖြစ်ပေသည်။ အခြားသက်ရှိသတ္တဝါ တိရိစ္ဆာန်များ၏ဖြစ်တည်မှု၊ ရုပ်ဝတ္ထုပစ္စည်းတို့၏ဖြစ်တည်မှု၊ နောက်ဆုံးစကြဝဠာကြီး၏ဖြစ်တည်မှုကို ရည်ညွှန်းသည်မဟုတ်။ ယင်းတို့နှင့် ပတ်သက်သောဖြစ်တည်မှုများကိုလည်း သူတို့ကစိတ်မဝင်စားကြ။ ထို့ပြင် လူသား၏ဖြစ်တည်မှုဆိုရာ၌လည်း ယေဘုယျလူသားမျိုးနွယ်ကြီး တခုလုံး သို့တည်းမဟုတ် လူ့အဖွဲ့အစည်းတရပ်လုံး၏ဖြစ်တည်မှုကို ဆိုလိုသည်မဟုတ်ပါ။ လူသားတဦးချင်းစီ၏ဖြစ်တည်မှု (ဝါ) ပုဂ္ဂလ ဖြစ်တည်မှု(Individual Existence) ကိုသာညွှန်းဆိုခြင်း ဖြစ်ပါသည်။

“ဖြစ်တည်သည်” (Exit)၊ “ဖြစ်တည်မှု” ဟူသော ဝေါဟာရတို့ကို ဖြစ်တည်မှုဝါဒီတို့သည် တယောက်ချင်းစီ၊ တဦးချင်းစီဖြစ်သော ပုဂ္ဂလလူသား အတွက်သာ သုံးကြသည်။ သူတို့အတွက်“ဖြစ်တည်မှု”ဟူသည် သီးခြားလူသားတဦးစီနှင့် သက်ဆိုင်ပေသည်။ ထို့ကြောင့်လည်း မျက်မှောက် ခေတ် ဂျာမန်ဖြစ်တည်မှုဝါဒီ ဒဿနတွေးခေါ်ရှင် ဟိုင်ဒေဂါက ဤသို့ဆိုခဲ့ပါသည်။
“လူသာလျှင် ဖြစ်တည်၏။ ကျောက်တုံးတတုံးသည် ရှိ၏။ (Is)။ မဖြစ်တည်။ သစ်ပင်တပင်သည် ရှိ၏။ မဖြစ်တည်။ မြင်းတကောင်သည် ရှိ၏။ မဖြစ်တည်။ နတ်မိမယ်တပါးသည် ရှိ၏။ မဖြစ်တည်။ နောက်ဆုံး ဘုရားသခင်သည် ရှိ၏။ မဖြစ်တည်။ လူသာလျှင် ဖြစ်တည်၏”

ဤစကြဝဠာလောကတခွင်တပြင်တွင် လူသာလျှင်ဖြစ်တည်နိုင်၏။ ဘုရားသခင်ဟူသည် ရှိသည်ဆိုစေဦးတော့ (ဟိုင်ဒေဂါတို့ ဆာ့တ်တို့သည် ဘုရားမဲ့ဝါဒီများ ဖြစ်ကြသည်) ထိုဘုရားသခင်သည် ဖြစ်တည်မှု မရှိနိုင်။ မဖြစ်တည်၊ ရှိရုံသာရှိပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ လူသား သည် ထူးခြားသောသိစိတ်(Consciousness)ပိုင်ရှင်ဖြစ်၏။ ယင်းသိစိတ်သည် မီမိမဖြစ်သေးသော၊ ဖြစ်နိုင်စရာအလားအလာအဖြစ်၊ အခြေအနေများဆီသို့ ရှေးရှူဦးတည်ဖြစ်ပေါ်နေပေသည်။ ယင်းအလားအလာများကို လူသည် မိမိဘဝပေးအခြေအနေအတွင်းမှနေ၍ လွတ်လပ်စွာ ရွေးချယ်ပြုမူနိုင်ပေသည်။ ထို့ကြောင့် လူတွင်သေချာရေရာမှုသဘော၊ မဖြစ်မနေဖြစ်ရမည့်လိုအပ်မှုသဘော(Necessary) မရှိပေ။

လူမှတပါး အခြားအရာတို့ကမူ သေချာရေရာမှုသဘော ရှိကြပေမည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ပြဌာန်းခံထားရသောအရာများ ဖြစ်နေကြသောကြောင့် ဖြစ်ပေသည်။ ဥပမာ ­ စားပွဲဟူသောအရာဝတ္ထု၌ စားပွဲတလုံးတွင် ရှိကိုရှိနေရမည့်ဂုဏ်ရည် အနှစ်သာရလက္ခဏာ တို့သည် ထပ်မံပြောင်းလဲစရာ မလိုတော့ပေ။ ပြောင်းလဲသွားလျှင်လည်း စားပွဲမဟုတ်တော့ပေ။ ထို့ကြောင့် ယင်းကဲ့သို့သော အရာဝတ္ထုတို့ သည် တည်မြဲနေကြသည်ဟု ဆိုနိုင်သည်။ သို့သော် ယင်းတို့တွင် လူသားတို့ပိုင်ဆိုင်သော သိစိတ်မရှိကြပေ။ လူတဦး သေဆုံးသကဲ့သို့ သေရသောအရာများ မဟုတ်ကြပေ။ တိရိစ္ဆန်များသည် သေဆုံးရသောသက်ရှိများဖြစ်သည်ဟုဆိုနိုင်လင့်ကစား လူကဲ့သို့ မိမိဖြစ်တည်မှု ကိုလည်းကောင်း၊ မိမိ၏ လွတ်လပ်မှုကိုလည်းကောင်း၊ မိမိတို့သေဆုံးသည်ကိုလည်းကောင်း သိရှိခံစားမှတ်ရှူနိုင်ကြသည် မဟုတ်။ လူကဲ့သို့ မရဏာနုဿတိကို ပွားများနိုင်ကြသူများ မဟုတ်ကြပေ။

0 comments:

Post a Comment