Friday, February 15, 2019

နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီးတဲ့နောက် (ထိုက်သူနိုင်)

0 comments
နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီးတဲ့နောက်
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း မက္ကဆီကိုနယ်စပ် အခြေအနေဟာ အမျိုးသားလုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကြောင့်ဆိုပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ သမ္မတ Donald Trump က ကြေညာလိုက်ပါတယ်။ မက္ကဆီကိုနယ်စပ်နဲ့ တံတိုင်းကာဖို့အသုံးစရိတ် သူတောင်းဆိုထားတာကို လွှတ်တော်က အတည်မပြုပေးတဲ့အတွက် သမ္မတရဲ့လုပ်ပိုင်ခွင့်အရ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်တာပါ။ ဒီလိုကြေညာလိုက်တဲ့အတွက် သမ္မတအနေနဲ့ တခြားအစိုးရဌာနတွေရဲ့အသုံးစရိတ်တွေကို သူ သုံးချင်နေတဲ့တံတိုင်းအတွက် ခွဲဝေ သုံးစွဲခွင့်ရသွားပါလိမ့်မယ်။ ဒါ့အပြင် နိုင်ငံတော် အရေးပေါ်အခြေအနေဆိုတာဘာလဲ၊ ကြေညာမယ်ဆိုရင် သမ္မတအနေနဲ့ နောက်ထပ် ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိပါသလဲ။ အရင်ကရော ဒီလို ကြေညာတာ ရှိခဲ့ဖူးသလား၊ ကျနော်ဖတ်မိသလောက် မျှဝေပါတယ်။

နိုင်ငံတော် အရေးပေါ်စီမံချက်ဥပဒေ
အမေရိကန်ပြည်ထောင်စုမှာ သမ္မတဟောင်း Gerald Ford လက်ထက် ၁၉၇၆ ခုနှစ် စက်တင်ဘာလက နိုင်ငံတော် အရေးပေါ်စီမံချက် အက်ဥပဒေကို လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ တိုင်းပြည်မှာ အရေးပေါ်အကျပ်အတည်း ကြုံလာရတဲ့အချိန်၊ ဒါမှမဟုတ် နိုင်ငံအပေါ် ခြိမ်းခြောက်မှု တစုံတရာရင်ဆိုင်ရတဲ့အတွက် ချက်ခြင်းတုံ့ပြန်ဖို့လိုအပ်တယ်လို့ သမ္မတအနေနဲ့ သတ်မှတ်မယ်ဆိုရင် အရေးပေါ်အခြေအနေ ကြေညာခွင့်ပေးထားတဲ့ ဥပဒေပါ။ သမ္မတရဲ့လုပ်ပိုင်ခွင့်ကို အတည်ပြုတဲ့တချိန်တည်းမှာ လွှတ်တော်ကနေ ဒီလုပ်ပိုင်ခွင့်ကို ပြန်လည်ထိန်းညှိ ပိုင်ခွင့်လည်း ပြဌာန်းထားပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးရင်၊ ဆက်ထားမလား၊ ရုတ်သိမ်းမလားဆိုတာကို လွှတ်တော် နှစ်ရပ်စလုံးက မဲခွဲဆုံးဖြတ်ရပါတယ်။ ခြောက်လတကြိမ် အထက်လွှတ်တော်က ဒီကြေညာချက်ကို ပြန်သုံးသပ်ရသလို၊ တနှစ်ပြည့်လို့ သမ္မတက ထပ်ပြီး သက်တမ်းမတိုးဘူးဆိုရင်လည်း အလိုအလျောက် ပျက်ပြယ်ပါတယ်။

သမ္မတ Trump အနေနဲ့ ကြေညာပိုင်ခွင့်ရှိပါသလား
မက္ကဆီကိုနဲ့ တံတိုင်းကာရေးကိစ္စမှာ သမ္မတ Donald Trump အနေနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အရေးပေါ်စီမံချက် အက်ဥပဒေကို သုံးပိုင်ခွင့် ရှိတဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုရင် ကြေညာပိုင်ခွင့်ရှိပါတယ်။ ဒီနေရာမှာ လက်ရှိ အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေ ရတဲ့အခြေအနေဟာ အမှန်တကယ် အရေးပေါ်အခြေအနေဟုတ်ရဲ့လားဆိုတာကတော့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

အမှန်တကယ် အရေးပေါ် အခြေအနေဖြစ်ရဲ့လား
နိုင်ငံရဲ့တောင်ပိုင်းမှာ ရွှေ့ပြောင်းအခြေချသူတွေရောက်လာပြီး ဝင်ဖို့ ကြိုးစားနေတာကြောင့် လူသားချင်းစာနာမှု အခြေအနေနဲ့၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရပြီဆိုပြီး သမ္မတ Donald Trump က ပြောနေပါတယ်။ ရာဇဝတ်သားတွေ တိုင်းပြည် ထဲကို ဝင်တော့မယ်လို့ သမ္မတ Trump က ပြောထားခဲ့တာပါ။ လူကုန်ကူးတဲ့သူတွေ ရောက်လာမယ်။ မူးယစ်ဆေးဝါးတွေ ဝင်လာမယ်။ မက္ကဆီကိုဘက်ကနေ အကြမ်းဖက်သမားတွေ ဖြတ်ဝင်လာနိုင်တယ်လို့လည်း သတိပေးနေပါတယ်။ ဒါပေမဲ့လည်း အခု ရောက်လာနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ သမ္မတ Trump အစိုးရဘက်က ပြောနေသလို မဟုတ်ဘူးဆိုပြီး ဒီမိုကရက် အမတ်တွေက ငြင်းချက်ထုတ် နေပါတယ်။

သမ္မတ Trump အရေးပေါ် ကြေညာမယ်ဆိုရင် လွှတ်တော်က ဟန့်တားနိုင်ပါ့မလား
သမ္မတက အရေးပေါ်အခြေအနေကြေညာပေမဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာရှိတဲ့ အမတ်အများစုက သဘောမတူဘူးဆိုရင် ကြေညာချက် အထ မမြောက်ပါဘူး။ လွှတ်တော်နှစ်ရပ်စလုံးရဲ့ သုံးပုံနှစ်ပုံက ကန့်ကွက်ဖို့လိုပါတယ်။ ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန်ပါတီဝင် အများစုလွှမ်းမိုးတဲ့ အထက်လွှတ်တော်အနေနဲ့ သမ္မတ Trump အရေးပေါ်အခြေအေန ကြေညာမယ်ဆိုရင် ဆန့်ကျင်ဖို့ဖြစ်နိုင်ချေ မရှိသလောက်ပဲလို့ လေ့လာသူ တွေက ပြောဆိုနေပါတယ်။

ကြေညာမယ်ဆိုရင် သမ္မတ Trump အနေနဲ့ ဘာတွေ လုပ်ပိုင်ခွင့်ရှိမလဲ
နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုရင် သမ္မတအနေနဲ့ တိုင်းပြည်အတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကိုထိန်းချုပ်တာ၊ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ပတ်သက်လို့ စည်းမျဉ်းတွေသတ်မှတ်တာ၊ ပြည်ပကို စစ်တပ်တွေ စေလွှတ်တာ စတဲ့ လုပ်ပိုင်ခွင့်တော်တော်များများ ဥပဒေအရ အပ်နှင်းထားပါတယ်။ သမ္မတ Trump အနေနဲ့ သူ့ဘက်က လုပ်သင့်တယ်လို့ သက်သေပြတောင်းဆိုနိုင်တဲ့ လုပ်ပိုင်ခွင့်တွေနဲ့အတူ၊ ဒီမိုကရက်ပါတီဝင်အမတ်တွေကန့်ကွက်နေတဲ့ မက္ကဆီကိုနဲ့ တံတိုင်းကာရေး အသုံး စရိတ်ကို ခွဲတမ်းချသုံးစွဲနိုင်ခွင့် ရသွားပါလိမ့်မယ်။ နယ်စပ်မှာ တံတိုင်းကာဖို့ သမ္မတက ဒေါ်လာ ၅.ရ ဘီလျံ တောင်းထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေ ညှိနိုင်းအတည်ပြုခဲ့တဲ့ အစိုးရအသုံးစရိတ်ဥပဒေကြမ်းမှာ ဒေါ်လာ ၁.၃ ဘီလျံပဲ ခွင့်ပြု ထားပြီး တံတိုင်းကိစ္စကို ထည့်သွင်းမထားပါဘူး။ နယ်စပ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကီလိုမီတာ ၉ဝ ရှည်တဲ့နေရာဟာ စတီးနဲ့ ခြံစည်းရိုး သဘော၊ အတားအဆီးတွေထားဖို့ကိုပဲ သဘောတူခဲ့တာပါ။ သမ္မတ Trump က ဒီ သဘောတူညီချက်၊ အစိုးရအသုံးစရိတ်မူကြမ်းကို သူသဘောမကျပေမယ့် အစိုးရလုပ်ငန်းတွေ နောက်တကြိမ် ရပ်ဆိုင်းရတာမျိုးမဖြစ်အောင် လက်မှတ်ထိုးမယ်လို့ ပြောထားပါတယ်။ တချိန်တည်းမှာ တံတိုင်းကို မဖြစ်ဖြစ်အောင်ကာမယ်၊ အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုပြီး ပြောဆိုထားတာပါ။

တံတိုင်းကာဖို့ ငွေ ဘယ်က သုံးနိုင်သလဲ
တံတိုင်းကာရေး အသုံးစရိတ်နဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော်ရဲ့သဘောတူညီချက်မယူဘဲ ကာကွယ်ရေး ဝန်ကြီးရဲ့အတည်ပြုချက်နဲ့ စစ်တပ်က အရေးပေါ်စီမံခန့်ခွဲပြီး၊ ရှိပြီးသားအသုံးစရိတ်ကို ပြန်ခွဲတမ်းချသုံးနိုင်ပါတယ်။ လောလောဆယ်တော့ အမေရိကန် စစ်တပ်၊ အင်ဂျင်နီယာတပ်ဖွဲ့အတွက် မသုံးရသေးတဲ့ဘဏ္ဍာရေးခွဲတမ်းတချို့ကို အိမ်ဖြူတော်က လေ့လာစုံစမ်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ပေါ်တိုရီကိုကျွန်း၊ တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာ သဘာဝဘေး အန္တရာယ်တွေကြုံခဲ့ရင်အသုံးပြုဖို့ ချထားတဲ့ ခွဲတမ်းထဲက ငွေတွေကို တံတိုင်းအတွက်သုံးတာမျိုး ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ရေးကြပါတယ်။

အရင်ကရော ဒီလို အရေးပေါ်စီမံချက်ဥပဒေ အသုံးပြုဖူးသလား
၁၉၇၉ ခုနှစ်နောက်ပိုင်း (အရေးပေါ် စီမံချက် အက်ဥပဒေ အတည်ပြုပြီးနောက်ပိုင်း) အမေရိကန်ပြည်ထောင်စုမှာ အရေးပေါ်အခြေအနေတွေ ကြေညာခဲ့ဖူးပါတယ်။ အီရန်နိုင်ငံ Tehran မြို့တော်က အမေရိကန်သံရုံးအသိမ်းခံရပြီး၊ အမေရိကန်နိုင်ငံသားတွေ ဓားစာခံအဖြစ် အဖမ်းခံခဲ့ ရတဲ့အချိန်၊ အီရန်နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းထားဖို့ အရေးပေါ်အခြေအနေ သမ္မတဟောင်း Jimmy Carter လက်ထက်မှာ ကြေညာခဲ့တာပါ။ နောက်ပိုင်း သမ္မတ ၆ ဆက် ဒီကြေညာချက်ကို နှစ်စဉ် သက်တမ်းတိုးခဲ့ပါတယ်။ သမ္မတဟောင်း Bill Clinton လက်ထက် ၁၉၉၆ ခုနှစ် ကလည်း ကျုးဘားကမ်းလွန်မှာ အရပ်ဘက်လေယာဉ်နှစ်စင်းကို ကျုးဘားစစ်တပ်က ပစ်ချခဲ့ပြီးတဲ့နောက် အရေးပေါ်စီမံချက်အက်ဥပဒေ ကြေညာခဲ့ပါတယ်။ ဒီ ကြေညာချက်က အခုအချိန်အထိ အကျုံးဝင်နေဆဲဖြစ်ပါတယ်။ သမ္မတဟောင်း George W. Bush လက်ထက်၊ ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရအပြီး (စက်တင်ဘာ ၁၄ ရက်နေ့မှာ) ကြေညာခဲ့တဲ့ စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် စုစည်း၊ ဆော်သြခွင့် သမ္မတကို အာဏာအပ်နှင်းတဲ့ အရေးပေါ်စီမံချက်ဥပဒေလည်း အခုအချိန်အထိ အကျုံးဝင်နေဆဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အခုအချိန်အထိ အကျုံးဝင်နေဆဲ ကြေညာထားတဲ့အရေးပေါ်စီမံချက် ဥပဒေ ၂၈ ခု ရှိပါတယ်။ အများစုဟာ နိုင်ငံတကာနဲ့ပတ်သက်တဲ့ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့်ဆိုင်ရာဥပဒေ ခေါင်းစဉ်အောက်မှာ ကြေညာခဲ့ကြတာပါ။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး စီးပွားရေးအရဒဏ်ခတ်တာတွေပြဌာန်းဖို့ သမ္မတကို အာဏာအပ်နှင်းတဲ့ အရေးပေါ်စီမံချက်ဥပဒေတွေ ဖြစ်ပါတယ်။

တကယ်လို့ သမ္မတ Donald Trump က အရေးပေါ် စီမံချက်ဥပဒေ ကြေညာခဲ့ရင် ဘာတွေ ဖြစ်လာနိုင်သလဲ
အရေးပေါ်အခြေအနေ ကြေညာလိုက်မယ်ဆိုရင်တော့ သမ္မတအနေနဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်ယူစရာမလိုဘဲ သူသုံးချင်တဲ့ တံတိုင်းအတွက် ဘဏ္ဍာငွေကို သုံးစွဲခွင့်ရနိုင်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အတွင်း ဒီကိစ္စကို ကန့်ကွက်မှုတွေရှိလာနိုင်သလို၊ တရားရုံးမှာ ပြန်ပြီး အမှုရင်ဆိုင်ရတာတွေလည်း ရှိလာနိုင်ပါတယ်။ နယ်စပ်မှာ အရေးပေါ်အခြေအနေနဲ့ကြုံနေရတာမျိုးမရှိတဲ့အတွက် သမ္မတဟာ အခြေခံ ဥပဒေပြဌာန်းချက်ကိုကျော်လွန်ပြီး လုပ်ပိုင်ခွင့်ကိုအသုံးချနေတယ်ဆိုပြီး ဝေဖန်နေကြတဲ့ အတိုက်အခံဒီမိုကရက်တွေဘက်က ဥပဒေကြောင်း အရ စိန်ခေါ်တာ၊ တရားပြန်စွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတဘက်က လုပ်ပိုင်ခွင့်ရှိမရှိဆိုတာနဲ့ပတ်သက်လို့လည်း ကျွမ်းကျင်သူတွေ ကြားမှာ အမြင်သဘောထားတွေ အမျိုးမျိုး ရှိနေပါတယ်။

Yale တက္ကသိုလ် ဥပဒေရေးရာဌာန ပါမောက္ခ Bruce Ackerman ကတော့ သမ္မတအနေနဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာ မယ်ဆိုရင် တရားမဝင်ဘူး၊ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လက်နက်ကိုင်အဖွဲ့တွေကို ညွှန်ကြားခဲ့မယ်ဆိုရင် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ The New York Times သတင်းစာမှာရေးပါတယ်။ Texas ပြည်နယ် ဥပဒေရေးရာဌာန တွဲဘက်ဌာနမှူး Bobby Chesney ကတော့ လက်ရှိ အခြေခံဥပဒေပါလုပ်ပိုင်ခွင့်တွေအရ သမ္မတအနေနဲ့ ကြေညာပိုင်ခွင့်ရှိသလို၊ အသုံးစရိတ်တွေကို ဝေခွဲချထားတာမျိုး ခွင့်ပြု ထားတယ်လို့ ရေးပြန်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Adam Schiff က ဆိုရင် သမ္မတအနေနဲ့ အရေးပေါ်အခြေအနေကြေညာဖို့ လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့အကြောင်း ပြောဆိုပါတယ်။ တခြား အမတ်တဦးဖြစ်တဲ့ ဒီမိုကရက်အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ်တွေရဲ့ဥက္ကဋ္ဌ Adam Smith ကတော့ သမ္မတအနေနဲ့ ကြေညာပိုင်ခွင့်ရှိတဲ့အကြောင်း ပြောဆိုနေပြန်ပါတယ်။ ဒါပေမဲ့ တရားရေးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးနေပါတယ်။ အောက်လွှတ်တော် လူများစုခေါင်းဆောင်ဖြစ်တဲ့ ဒီမိုကရက်ခေါင်းဆောင် Nancy Pelosi ကလည်း နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာတာဟာ ဥပဒေနဲ့မညီတဲ့ သမ္မတအာဏာကို အလွဲသုံးစားကျင့်သုံးတဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ဝေဖန်နေတာပါ။

ဒါကြောင့် သမ္မတ Trump အနေနဲ့ တကယ်လို့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုရင် လွှတ်တော်အတွင်း နိုင်ငံရေး တိုက်ပွဲတွေနဲ့ တရားဥပဒေအရ စိန်ခေါ်မှုတွေကို ပိုပြီးရင်ဆိုင်ရအောင် လက်ယပ်ခေါ်လိုက်တာဖြစ်နိုင်တယ်ဆိုပြီး နိုင်ငံရေးအကဲခတ်တွေ ပြောဆိုနေကြပါတယ်။
ထိုက်သူနိုင် (ဇန္နဝါရီ ၁၁ ရက်၊ ၂ဝ၁၉ ရေးသားချက်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထပ်ပြီး တည်းဖြတ်ဖြည့်စွက်ပါသည်)
https://www.facebook.com/htike.naing/posts/10213546926843847

0 comments:

Post a Comment