လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၈)
(၈) အရှေ့မြောက်လွတ်မြောက်ဒေသ
ကနဦးကာလ
ကျွန်တော်
သူ့ကိုတွေ့တိုင်း ကျွန်တော်ဆံပင်အမြဲညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာကြီးကို သတိရတတ်တယ်။
ဆံပင်ညှပ်ခံရင်း ရှေးဟောင်းနှောင်း ဖြစ်တွေနဲ့ ကိုယ်မသိသေးတဲ့အရာတွေ
နားထောင်ရတဲ့အရသာကို ဘာနဲ့မှလဲလို့မရတဲ့အရသာတစ်ခုလို့ ကျွန်တော်ထင်တယ်။ သူဟာ
ဆံပင်ညှပ်ဆရာကြီးထက် နိုင်ငံရေး သမိုင်းရေး အဘိဓမ္မာရေးတွေပိုများများပြောတတ်လေတော့
ဟိုဆရာကြီးထက်အများကြီးသာတယ်လို့ လည်း ပြောနိုင်တယ်။ တချို့ကတော့ သူ့ကို
လယ်သမားကြီးတစ်ယောက်နဲ့တူတယ်လို့ပြောတယ်။ အနေအထိုင်ရိုးရှင်းပြီး ဘာဟိတ်ဟန်မှ မရှိတာ၊
ပွင့်လင်းတာ၊ စာနာတတ်တာတွေကိုကြည့်ပြီး ပြောကြတာဖြစ်လို့ ဒီအမြင်ကိုလည်း ကျွန်တော်မကန့်ကွက်ပါ။
သေခြာတာကတော့ သူဟာ ဗမာရဲဘော်တွေနဲ့တသားထဲဖြစ်သလို ရဲဘော်နော်ဆိုင်းအဖွဲ့က
ကချင်တွေနဲ့လည်း တသားထဲဖြစ်သူပါ။
ယောက်ျားရဲဘော်တွေကလည်း
နိုင်ငံရေးမှူးဆိုပြီးရင်ဖွင့်ကြသလို အမျိုးသမီးရဲဘော်တွေကလည်း
သူ့ဆီအားကိုးတကြီးအကြံလာတောင်း ကြတယ်။ သားသယ်အမေတွေကလည်း အခက်အခဲရှိတာနဲ့
သူ့ဆီအပြေးအလွှားရောက်လာတတ်တယ်။ အဲသလိုလူချစ်လူခင်ပေါတဲ့ ခေါင်းဆောင်တစ်ဦးဆီမှာ
စစ်ရေးနိုင်ငံရေးအတွေ့အကြုံတွေ အများကြီးရှိနေတယ်။
သူ့ကိုပထမဆုံးတွေ့ခဲ့တာက
ကျွန်တော်တို့ ၂ဝ၂ တပ်ဖွဲ့လေး ၁၉၇၅ခု မုံးကိုးကနေ မုံးပေါ်ကြီးကိုအသွား
သူ့ရုံးအဖွဲနဲ့အတူလိုက်ခဲ့ကြတဲ့ အချိန် မှာဖြစ်ပါတယ်။ မျက်စိမှုန်လို့
ကော်ကိုင်းမျက်မှန်အဟောင်းကြီးကိုတပ်ပြီး စာရေးစာဖတ်လုပ်တဲ့
ဆံပင်ဖြူဖြူအဘိုးအိုတစ်ဦးဟာ အဲဒီတုံးက ဗန်းမော်ဖက်ကတောခိုလာတဲ့ လူငယ်လူရွယ်တစ်ဖွဲ့ကို
တိုက်ခိုက်ရေးအတွေ့အကြုံတွေသင်ကြားနိုင်အောင် တပ်မဟာ ၂ မှာ အပ်နှံဖို့ မုံးပေါ် မြို့ကလေးကိုသွားနေတယ်။
ယင်းဆိုင်ရွာကြီးမှာ စခန်းချတော့ ကျွန်တော်တို့ဆီလာပြီး အေးအေးလူလူ
စကားတွေပြောခဲ့တယ်။ အဲဒီကာလက ဗကပတပ်တွေဟာ ဝနယ်မှာအောင်ပွဲတွေ အဆက်မပြတ်ရနေချိန်ဖြစ်သလို
မဲခေါင်မြစ်ဖက် ၈၁၅ စစ်ဒေသမှာလည်း တိုက်ပွဲတွေဆက်တိုက် ဖြစ်နေချိန်ဖြစ်ပါတယ်။ မြို့ပေါ်မှာတော့
အလုပ်သမားအခွင့်အရေးတိုက်ပွဲတွေကို စစ်အစိုးရက သေနတ်နဲ့ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်း
တာတွေ လယ်သမားတွေ စပါးတာဝန်မကျေလို့ဆိုပြီး အချုပ်ထဲထည့်နေချိန်ဖြစ်သလို
အလုပ်သမားကျောင်းသားတိုက်ပွဲတွေလည်း ရန်ကုန်- မန္တလေးမြို့တွေမှာ
ထွက်ပေါ်နေချိန်ဖြစ်ပါတယ်။
ကျွန်တော်မုံးကိုးကိုပြန်ရောက်လာတော့
အရှေ့မြောက်စစ်ဒေသ ဒုတိယနိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းရဲ့ဟောပြောချက်တွေကို မကြာခဏ
နားထောင်ခွင့်ရခဲ့တယ်။ သူဟာ နမ့်ခမ်းခရိုင်တို့ ကွတ်ခိုင်ခရိုင်တို့နဲ့ တပ်မဟာ၂
တို့ကို လချုပ်သုံးသပ်ချက်တွေ မှန်မှန်လုပ်ဖို့ တွန်းအားပေး နေတတ်သလို တပ်ခွဲတွေ
တပ်စုတွေ ရုံးဌာနတွေကိုလည်း နိုင်ငံရေးလေ့လာမှုတွေမပြတ်လုပ်ဖို့ အမြဲကြပ်မတ်လေ့ရှိပါတယ်။
သူ့ဟောပြောချက်တွေဟာရှည်ပေမယ့်
စိတ်ဝင်စားအောင်ပြောတတ်တာကြောင့် တက်ရောက်သူတွေအကျိုးရှိစေတယ်လို့ဆိုနိုင်ပါတယ်။
သူဟာ ၁၃ဝဝ ပြည့်အရေးတော်ပုံကထဲက စစ်ကိုင်းကျောင်းသားလှုပ်ရှားမှုမှပါခဲ့ပြီး
ဂျပန်တော်လှန်ရေးမှာလည်းပါခဲ့ဘူးသူဖြစ်ပါတယ်။ ၁၉၄၈-၄၉ လက်နက်ကိုင်တော်လှန်ရေး အစဝိုင်းကာလတွေမှာ
ကျောက်ဆည်တဝိုက်တိုက်ပွဲတွေနဲ့ ပဲခူးရိုးမတိုက်ပွဲတွေမှာလည်း ပါခဲ့သူဖြစ်ပါတယ်။
၁၉၅၁ ခုမှာတရုတ်ပြည်ကိုရောက်ပြီး မာ့က့်စ်လီနင်ဝါဒကျောင်းမှာ ၅
နှစ်လောက်တက်ရောက်ခွင့်ရခဲ့တယ်။
၁၉၆၄
မှာတော့ အဝေးရောက်ဗဟိုအဖွဲ့က သူ့ကို ၁၉၄၉ မှာ တရုတ်ပြည်ထဲရောက်လာပြီး
သောင်တင်နေခဲ့တဲ့ ရဲဘော်နော်ဆိုင်းရဲ့ ကချင်အဖွဲ့ ကိုစေလွှတ်ပြီး နိုင်ငံရေးအသ မြှင့်တင်ရေးတာဝန်ယူခိုင်းခဲ့တယ်။
ဒါကြောင့် အရှေ့မြောက်ကိုပြန်ဝင်တဲ့အခါ သူဟာ အဲဒီ ကချင်အဖွဲ့က
ခေါင်းဆောင်တွေနဲ့သာမက အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ပါ ရင်းနှီးနေတယ်။
၁၉၆၈
နှစ်သစ်ကူး မုံးကိုးကို ပထမဆုံးဝင်တိုက်ကြတော့ ရဲဘော်စိုးသိမ်းဟာ တပ်မှူးရဲဘော်သန်းရွှေနဲ့အတူ
ကချင်ခေါင်းဆောင်တွေဖြစ်တဲ့ ရဲဘော်နော်ဆိုင်း၊ ရဲဘော်ဇော်မိုင်းတို့လက်တွဲပြီး ဗမာ
ကချင်ရဲဘော်ဟောင်း ၂ဝဝ လောက်ကို ဦးဆောင်တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီတပ်ဖွဲ့ဟာ ၃ဝ၃
တပ်ရင်းလို့နာမည်တွင်ပြီး မုံးကိုး ဖောင်းဆိုင် မုံလုံ ကောင်းလုံ ဝေါ့ချုံးစတဲ့
မုံးကိုးအနီးတဝိုက်ရွာတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆင်နွှဲခဲ့ ကြတယ်။ အဲဒီတုံးက
နှစ်ဝက်ဆိုတဲ့ကာလဟာ အိပ်မက်ဆိုးကြီးလို့တောင်ဆိုနိုင်တယ်။ သူတို့တပ်တွေဟာ
တစ်ရက်ကလေးတောင်မနားရဘဲ အစိုးရတပ်ရဲ့လိုက်လံချေမှုန်းမှုက ရှောင်တိမ်းလိုက်
လစ်ရင်တိုက်လိုက်လုပ်နေရတယ်။ အစိုးရက သူတို့တပ်ကို ဗကပနဲ့ နော်ဆိုင်းတပ်ဆိုတာ လည်းသိရော
တပ်အင်အားအလုံးအရင်းနဲ့ ဝိုင်းပတ်တိုက်ခိုက်တာတွေ လုပ်တယ်။ အဲဒီနှစ်ထဲမှာ
အစိုးရတပ်ဘက်က တပ်မ (၉၉)နဲ့ တိုင်းတပ် တွေကိုသုံးပြီး ဇာတိမာန်စစ်ဆင်ရေး၊
မာန်အောင်စစ်ဆင်ရေး၊ အောင်ဇေယျစစ်ဆင်ရေးစတဲ့ စစ်ဆင်ရေးကြီးတွေနဲ့
ထိုးစစ်တွေဆင်လာတာကို ဗကပက ထိုးစစ်တစ်ခုပြီးတစ်ခုရိုက်ချိုးရင်း တပ်အင်အားလည်း
ကြီးထွားလာတယ်။ ပထမထိုးစစ်မှာ အစိုးရစစ်မျက်နှာနောက်ကပိုင်းကိုဝင်ပြီး တောက်လုံ
နန့်ဝန်းတံတားတိုက်ပွဲနဲ့ ထိုးစစ်ကိုရပ်စေလိုက်သလို အောင်ဇေယျစစ်ဆင်ရေးကိုလည်း
မုံးပေါ်ပန်ဆိုင်းတိုက်ပွဲနဲ့ ထိုးစစ်ရပ်တန့် စေနိုင်ခဲ့တယ်။ ကြူကုတ်ပန်ဆိုင်းနယ်စပ်မြို့ကိုလည်း
သိမ်းပိုက်ရရှိတယ်။ ဗကပတပ်တွေဟာ သံလွင်မြစ်အနောက်ဖက် နယ်စပ်မှာ တည်ငြိမ် တဲ့ ခြေကုတ်တစ်ခုရဖို့
လေးငါးနှစ်မက လုံးပမ်းခဲ့ရတာပါ။
၁၉၇ဝ
ခုကတော့ တိုက်ပွဲတွေနဲ့ပြည့်နေတဲ့ကာလလို့တောင် ဆိုနိုင်တယ်။ အဲဒီအချိန်မှာ
စုစုပေါင်းအင်အားက ၁၅ဝဝ မပြည့်ပေမယ့် အင်အား ၁ဝဝဝ လောက်ကိုထုတ်ပြီး တပ်ရင်း ၂ ရင်းအဖြစ်နဲ့
နယ်စပ်ကနေ တောင်ဖက်ကိုထိုးဝင်ပြီး သိန်းနီ၊ နန်စလပ်တိုက်ပွဲတွေ တိုက်သလို လားရှိုး လေဆိပ်နဲ
ဘူတာရုံတွေကို ခရီးဝေးချီတက်မှုနဲ့ လျှပ်တပျက်ဝင်တိုက်တယ်။ ကံမကောင်းချင်တော့
ဗကပတပ်တွေတိုက်ခါနီးမှာ လေယာဉ် ကွင်းမှာရှိတဲ့ လေယာဉ် ၂ စင်း ထွက်ခွာသွားလို့
ဘာမှမရလိုက်ဘူး။ လားရှိုးဘူတာရုံတိုက်ပွဲကတော့ မီးရထားစက်ခေါင်းကြီးတစ်ခုကို
ဖောက်ခွဲနိုင်တယ်တဲ့။
အစိုးရဘက်ကစတုတ္ထစစ်ဆင်ရေးက
အောင်သီဟဖြစ်ပြီး တပ်မ ၇၇၊ ၈၈၊ ၉၉ တို့နဲ့စစ်ဆင်ရေးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးကြီး အတွင်းမှာ ဗကပတွေဟာ ကွမ်းလုံတိုက်ပွဲနဲ့
အစိုးရတပ်တွေကိုဆွဲထားပြီး ဝနယ်ကို မိမိတပ်တွေ ထိုးဖောက်ဝင်ရောက်တာတွေလည်း လုပ်ခဲ့
တယ်။ ၁၉၆၈ ကနေ ၁၉၇ဝ အထိ တိုက်ပွဲပေါင်း ၅၁၁ ကြိမ်ဖြစ်ပွားပြီး အစိုးရတပ်သား ၄ဝဝဝ
ကျော်ကိုချေမှုန်းနိုင်သလို သုံ့ပန်း ၆ဝဝကျော်ကို ဖမ်းနိုင်ခဲ့တယ်။ လက်နက် ၁၂ဝဝ
ကျော်သိမ်းမိခဲ့တယ်။
အဲဒီတိုက်ပွဲတွေကို
ကျွန်တော်တို့ မြို့ကလာသူတွေ သိပ်စိတ်ဝင်စားကြတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး
ဦးစိုးသိမ်းအပါအဝင် အဲဒီကာလ တပ်ခေါင်းဆောင်တချို့ကို ကြုံရင်ကြုံသလိုမေးခဲ့ဘူးတယ်။
တပ်မဟာ ၂ နိုင်ငံရေးမှူးရဲဘော်အင်ဖန်းတို့ တပ်မဟာမှူး ဦးထွန်းတင်တို့ကိုလည်း
တောက်လုံ တိုက်ပွဲအပါအဝင် လားရှိုးတိုက်ပွဲတွေမှာ ရွပ်ရွပ်ချွန်ချွန်ခေါင်းဆောင်ပြီး
တိုက်ခဲ့သူအဖြစ် ကျွန်တော်တို့ သိပ်လေးစားခဲ့ကြတယ်။ အဲဒီတုံးက တရုတ်ပြည်က အကြံပေးအဖွဲ့ကလည်း
လက်တွေ့တိုက်ပွဲတွေမှာ ဗကပတပ်မှူး အတော်များများကို စစ်ပညာအတော်ကလေး သင်ကြားပေးနိုင်တယ်လို့ဆိုရမှာပါ။
သူတို့အဖွဲ့က ထမင်းချက်တွေ ကိုယ်ရံတွေပါပေါင်းရင် ၃ဝ တောင်မပြည့်ပါဘူး။ အစပိုင်းက
ကိုးကန့်မှာ အခြေစိုက်ပြီးနောက်မှ သံလွင်မြစ်အနောက်ဖက်ကို ကူးလာကြတယ်။ သူတို့ကို
“မေးမြန်းရေးအဖွဲ့”လို့ဘဲ နာမည်ပေးထားတယ်။
ဒီအဖွဲ့ဟာ
၁၉၇ဝ ခုနောက်ပိုင်း မြန်မာပြည်ထဲက တသုတ်ပြီးတသုတ်ပြည်တော်ပြန်သွားပေမယ့် ဗမာတွေ၊
ကိုးကန့်တွေ၊ ကချင်တွေ၊ တရုတ် တွေနဲ့ ဝတွေထဲကနေ တပ်မှူးကောင်းအတော်များများကို
မွေးထုတ်နိုင်ခဲ့တယ်။ အဲဒီတုံးက ၃ဝ၃ တပ်ရင်းကြီးမှာ အရင် ဗကပတွေနဲ့ အရင် ရဲဘော်နော်ဆိုင်းအဖွဲ့သားတွေသာမက
“လက်ဝဲကူညီရေး”ဆိုတဲ့ နယ်စပ်တစ်ဖက် တရုတ်ပြည်ထဲက လူမျိုးစုတပ်ဖွဲ့အင်အား ၂ဝဝ
ကျော်နဲ့ တရုတ်ဗမာအရေးအခင်းမှာ တရုတ်ပြည်ကိုပြန်ခဲ့ကြတဲ့ ကျောင်းသားတချို့လည်း
နိုင်ငံတကာ့ကူညီရေးစိတ်ဓာတ်တွေနဲ့ ဗကပတပ်ထဲကို ဝင်လာကြတယ်။
၁၉၆၉
ခုနှစ် ဒုတိယ နှစ်ဝက်လောက်မှာ သူတို့ကြောင့် တိုက်ခိုက်ရေးအင်အား
ပိုကောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ အစောပိုင်းမှာဆိုရင် ရဲဘော်တွေ
အထိအခိုက်များတယ်။ ရဲဘော်နော်ဆိုင်းသားတောင် ကျဆုံးတဲ့အထဲပါတယ်။ ၃ဝ၃ နဲ့ ၂ဝ၂
ဒေသတွေမှာ အဲဒီလက်ဝဲကူညီရေး အဖွဲ့ထဲက လူငယ် ၆ဝ နီးပါး
တိုက်ပွဲတွေမှာကျဆုံးသွားတယ်။ ဒီအဖွဲ့ဟာ ၁၉၇ဝ တဝိုက်မှာတော့ အိမ်ကို
အပြီးပြန်သူတွေ အများကြီးဖြစ်သွား တယ်။ ၁၉၇၂ ခု နောက်ပိုင်းမှာတော့ အဲဒီလက်ဝဲကူညီရေးနဲ့
တရုတ်ကျောင်းသားအင်အား သိပ်မကျန်တော့တာတွေ့ရတယ်။ ၁၉၇၂ နောက် ပိုင်းမှာ ဗကပဟာ
ကိုယ့်တပ်မှူးနဲ့ကိုယ်၊ ကိုယ့်ဒေသခံတွေနဲ့ကိုယ် ဆက်လက်လှုပ်ရှားရင်း
အင်အားကြီးထွားလာခဲ့တယ်။
ကျွန်တော်တို့ကတော့
၁၉၇ဝ တဝိုက် တောင်ပိုင်းဆင်းရေး စီမံကိန်းကို အတော်လေးစိတ်ဝင်စားတယ်။
ဒီစီမံကိန်းနိုင်သလားရှုံးသလား။ ဘယ်လို သုံးသပ်သလည်းဆိုတာလည်း သိချင်ကြတယ်။ ဒါပေမယ့်
ပေးတဲ့အဖြေတွေက အမျိုးမျိုးဘဲ။ တချို့ကလည်း တပ်အင်အား ၁ဝဝဝ
လောက်နဲ့ သိန်းနီလားရှိုးဘက် ဝင်မွှေနိုင်တာဟာ ရည်မှန်းချက်ပေါက်မြောက်တယ်။ နယ်စပ်မှာထိုးစစ်ဝင်နေတဲ့ အစိုးရတပ်တချို့ သူ့မြို့တွေကို ကာကွယ်ဖို့ နောက်ကြောင်းပြန်ကုန်တယ်။ အဲသလိုပြန်လာတဲ့တပ်ခွဲတွေကို တစ်ဖွဲ့ချင်းချေမှုန်းပစ်နိုင်တယ် စသဖြင့်ပြောခဲ့ကြတယ်။ ဒါပေမယ့် ၁၉၆၉- ၁၉၇ဝ ကာလတိုက်ပွဲတွေမှာ ကိုယ့်ဖက်က ကျဆုံးသူမများပေမယ့် ကျဆုံးသူအများစုဟာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့၊ နောင်မှာ တပ်မှူးကောင်းတွေဖြစ်လာနိုင်တဲ့ တပ်စုမှူးတွေ တပ်ခွဲမှူးအဆင့် ကေဒါတွေပါတဲ့အတွက် နှမြောစရာကောင်းတယ်လို့ ပြောသူလည်း ရှိပါ တယ်။ သေခြာတာကတော့ နယ်မြေကျယ်ပြန့်လာမှု၊ တပ်ကြီးထွားလာမှုကိုအမီလိုက်ဖို့ ပါတီကေဒါတွေ၊ တပ်မှူးကောင်းတွေ၊ ဒေသကေဒါ တွေ အလုံအလောက်မရှိတဲ့အကျပ်အတည်းကို အဲဒီကတည်းက ဗကပ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
လောက်နဲ့ သိန်းနီလားရှိုးဘက် ဝင်မွှေနိုင်တာဟာ ရည်မှန်းချက်ပေါက်မြောက်တယ်။ နယ်စပ်မှာထိုးစစ်ဝင်နေတဲ့ အစိုးရတပ်တချို့ သူ့မြို့တွေကို ကာကွယ်ဖို့ နောက်ကြောင်းပြန်ကုန်တယ်။ အဲသလိုပြန်လာတဲ့တပ်ခွဲတွေကို တစ်ဖွဲ့ချင်းချေမှုန်းပစ်နိုင်တယ် စသဖြင့်ပြောခဲ့ကြတယ်။ ဒါပေမယ့် ၁၉၆၉- ၁၉၇ဝ ကာလတိုက်ပွဲတွေမှာ ကိုယ့်ဖက်က ကျဆုံးသူမများပေမယ့် ကျဆုံးသူအများစုဟာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့၊ နောင်မှာ တပ်မှူးကောင်းတွေဖြစ်လာနိုင်တဲ့ တပ်စုမှူးတွေ တပ်ခွဲမှူးအဆင့် ကေဒါတွေပါတဲ့အတွက် နှမြောစရာကောင်းတယ်လို့ ပြောသူလည်း ရှိပါ တယ်။ သေခြာတာကတော့ နယ်မြေကျယ်ပြန့်လာမှု၊ တပ်ကြီးထွားလာမှုကိုအမီလိုက်ဖို့ ပါတီကေဒါတွေ၊ တပ်မှူးကောင်းတွေ၊ ဒေသကေဒါ တွေ အလုံအလောက်မရှိတဲ့အကျပ်အတည်းကို အဲဒီကတည်းက ဗကပ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ကျွန်တော်တို့
အရှေ့မြောက်ကိုရောက်တော့ နည်းနည်းနဲ့ကျဲကျဲဝိုင်းတို့၊ ပရုပ်ဆီကေဒါတို့ဆိုတဲ့ ဝေါဟာရတွေ
ခေတ်စားနေပြီ။ ကျွန်တော်တို့ စခန်းကလူတွေဆိုရင် စာပုံနှိပ်လည်းသူတို့၊
ဆိုင်းတီးပြီး သီချင်းသွင်းလည်းသူတို့၊ လုံခြုံရေးဆိုရင်လည်းသူတို့၊
ရန်သူထိုးမယ်ဆိုတဲ့သတင်း ကြားရလို့ မုံးကိုးကာကွယ်ရေးအတွက် ဝေါ့ချုံးအထိတက်
ကတုတ်ကျင်းတူးလည်း သူတို့ပါကြရတယ်။ ပန်ဆန်းရောက်တဲ့အခါ မင်းရန်အောင် စစ်ဆင်ရေးကိုတုန့်ပြန်ဖို့
၁၂ဝ မမ စိန်ပြောင်းတွေပစ်တဲ့အဖွဲ့ ဖြစ်ကုန်ပြန်တယ်။ မြို့ပေါ်ကရောက်လာတဲ့ ရဲဘော်အတော်များများဆိုရင်
ရှေ့တန်းသွားဖို့ဘဲထက်သန်နေကြတယ်။ အဲဒီတုံးက တပ်ထဲမှာနိုင်ငံရေးပညာပေးမှုတွေ
တပ်တည်ဆောက်ရေးတွေ မပြတ်လုပ်နေပြီး တိုက်စိတ်ခိုက်စိတ်လည်း ထက်သန်နေချိန်ဖြစ်ပါတယ်။
၁၉၈၂
နောက်ပိုင်းမှာတော့ တပ်တွေဟာ နိုင်ငံရေးအတွေးအခေါ်အရ ကျဆင်းလာရုံ မက အရေအတွက်လည်း
အတော်ကလေး ကျဆင်း ကုန်တယ်။ စစ်ပန်းကုန်တယ်လို့လည်း ပြောနိုင်တယ်။
တပ်ရင်းတစ်ရင်းအင်အား ၂ဝဝ လောက်ရှိရာက ၆ဝ-၇ဝလောက်ဖြစ်ကုန်တယ်။ တချို့ တပ်ခွဲဆိုရင်
အင်အား ၂ဝ တောင်မပြည့်ချင်ဘူး။ တပ်တည်ဆောက်ရေး ပါတီတည် ဆောက်ရေးတွေကတော့
ပိုကျဆင်းကုန်တယ်။ ဒီတပ် တွေဟာ အာဏာရအစိုးရတပ်တွေလို လခတွေ ခြေချုပ်စည်းကမ်းတွေနဲ့
ထူထောင်ထားတာမဟုတ်ဘဲ ဆန္ဒအလျောက် ပါဝင်ဖွဲ့စည်းထား တာဆိုတော့ ရဲဘော်တွေ အတွေးအခေါ်မပေါက်လို့
အိမ်ပြန်ချင်ရင်လည်း ပြန်ခွင့်ရှိတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းဆိုတာ
ကြီးထွားလာလိုက် သေးငယ်သွားလိုက် ဖြစ်နေတတ်ပါတယ်။
ဦးစိုးသိမ်းအမြင်အရ
၁၉၄၉ ရန်ကုန်အစိုးရကာလ လက်နက်ကိုင်ပုန်ကန်မှုတွေ အင်အားသိပ်ကောင်းနေချိန်နဲ့
ပဲခူးရိုးမအခြေခံစခန်းကာလမှာ ဗကပဟာ စစ်ရေးအရ သိပ်မရင့်ကျက်ခဲ့ဘူး။ လက်ဝဲအမှား
လက်ယာအမှားတွေအများကြီးရှိခဲ့လို့ အင်အားသေးငယ်သွားသလို တပ်မှူး ကောင်းကေဒါကောင်းတွေလည်း
အများကြီးလျော့ပါးကုန်တယ်။ အများစုဟာ အဲဒီအမှားတွေကြောင့် အသက်စွန့်ခဲ့ရတယ်လို့
မြင်တယ်။ ၂ နှစ်အတွင်းစစ်နိုင်ရမယ်ဆိုပြီး လက်နက်မရှိ လေ့ကျင့်မှုမရှိတဲ့တပ်တွေကို
လယ်ဝေးတို့ ပျဉ်းမနားတို့မှာ မြို့သိမ်းတိုက်ပွဲတွေလုပ်ခဲ့ကြတယ်။
တပ်ရင်းမှူးတပ်ခွဲမှူးတွေ အများကြီးကျဆုံးရတယ်။ ဒီအစီအစဉ်မအောင်မြင်တော့
“နယ်မြေသိမ်းပိုက်ရေးသည် အဓိကမဟုတ်၊ ရန်သူချေမှုန်း ရေးသာအဓိကလို့” ကြွေးကြော်ပြီး မြို့တွေကနေ
ဆုတ်ပြီးရင်းဆုတ်ကြတယ်။ လှုပ်ရှားနေတဲ့ရန်သူ ချေမှုန်းရေးဆိုပြီး ရန်သူထွက်လာတာ ကိုဘဲစောင့်တယ်။
ရန်သူလှုပ်ရှားလာအောင် မလုပ်နိုင်ခဲ့ကြဘူး။ တဖြည်းဖြည်း လက်ဦးမှုမဲ့လာပြီး နယ်မြေလည်းကျဉ်းလာခဲ့တယ်။
၁၉၆၄ မှာတော့
စစ်နိုင်ရေးအာဏာသိမ်းရေးလမ်းစဉ်ကို ပြန်ချနိုင်တယ်။ ဒါပေမယ့် ထိုးစစ်ကို
ထိုးစစ်နဲ့ရိုက်ချိုးရမယ်ဆိုတဲ့ စစ်ရေးလမ်းစဉ် ဖြစ်လာပြီး ဂွင်ထဲကမထွက်ဘဲ
ထိုးစစ်တွေထဲမှာ တပ်မှူးကောင်းတေ အသေခံပြီးတိုက်ခဲ့ကြတယ်လို့ သူ
မကြာခဏထောက်ပြခဲ့တယ်။ အရှေ့မြောက်မှာ စစ်ဦးစီးမှူးအများစုကိုင်စွဲတဲ့
စစ်နည်းပရိယာယ်ကတော့ ရန်သူကို လှုပ်ရှားလာအောင်နည်းမျိုးစုံလုပ်ပြီး
လှုပ်ရှားလာတော့မှ စောင့်ကြိုပြီး ဖြတ်တိုက်တဲ့နည်း အသုံးများသလို
ရန်သူ့စခန်းတခုခုကိုဝိုင်းထားပြီး အဝိုင်းခံရတဲ့စခန်းကို ကူဖို့လာတဲ့စစ်ကူကို
ဖြတ်ချေမှုန်း တဲ့နည်းတွေသုံးကြတယ်လို့ သူကပြောပြတတ်တယ်။ အဲဒီနည်းဗျူဟာတွေကို
၁၉၇၇နဲ့ ၁၉၈၂ အကြား စစ်ဆင်ရေးတချို့မှာကျွန်တော်တို့ ကောင်းကောင်း မြင်တွေ့ခဲ့ရပါတယ်။
၁၉၈၉
ပန်ဆန်းမှာ ဝတပ်ဖွဲ့တွေအာဏာသိမ်းတဲ့အချိန်မှာ ဦးစိုးသိမ်းဟာ ဝမြောက်ဒေသမှာ အဖမ်းခံရတယ်။
မတ်လကိုးကန့်ကိစ္စ ပေါ်လာချိန် ကစပြီး ဝမြောက်နဲ့ပန်ဆန်း ကူးချီသန်းချီလုပ်ပြီး ဝခေါင်းဆောင်တွေနဲ့ဆွေးနွေးတာတွေ
လုပ်နေခဲ့တာပါ။ အဲဒီတုံးကတော့ ဝ တပ်မဟာတွေ ခရိုင်တွေအားလုံးက ဗဟိုကိုဝိုင်းရံမယ်လို့ဘဲ
ဂတိတွေပေးနေကြတယ်။ ဗဟိုကိုလည်း ကြေးနန်းတွေပို့နေကြတယ်။
ဝမြောက်မှာ
သူတို့ဖမ်းထားတဲ့ဦးစိုးသိမ်းကို သူတို့ဘက်မှာပါဖို့ ဝတွေက ခေါ်ကြပေမယ့်
ဦးစိုးသိမ်းကတော့ ဗကပ ဗဟိုခေါင်းဆောင်တွေရှိရာ ဘဲ ရွေးချယ်ခဲ့တယ်။ အဲဒီက လွတ်လာပြီးနောက်ပိုင်း
ကျန်ရှိတဲ့ဗဟိုကော်မတီတွေစုပြီး အရေးပေါ်အစည်းအဝေးလုပ်ကြတဲ့အခါ ဒီလို ပြိုကွဲ ရတဲ့အကြောင်းရင်းဟာ
ဗဟိုရဲ့ချို့ယွင်းချက်နဲ့အမှားတွေကြောင့်၊ အထူးသဖြင့် နိုင်ငံရေးဦးဆောင်အဖွဲ့ PB ရဲ့ချို့ယွင်းချက်ကြောင့်လို့
ဆုံးဖြတ် ခဲ့ကြတယ်။ ဒါကြောင့် PB အသစ်ပြန်ရွေးခဲ့ကြတယ်။ ဒါပေမယ့်အခြေအနေက
မြန်မြန်ကြီးပြောင်းလဲနေတယ်။
ဗကပအတွက်
လှုပ်သာရှားသားအခြေအနေမျိုးတောင် မရတော့ဘူး။ နောက်ဆုံးမှာ ဗဟိုကော်မတီအများစုကြီး
အနားယူလိုက်ကြရတယ်။ အဲဒီလိုအနားယူတဲ့ထဲမှာ ပါသွားရှာတဲ့ ဦးစိုးသိမ်းဟာ
နယ်စပ်အနီးတဝိုက်က ဗကပ ဗမာရဲဘော်တွေဆီ မကြာခဏလာပြီး နိုင်ငံရေးအတွေ့ အကြုံတွေ
သဘောတရားအမြင်တွေ ဖြန့်ဝေပေးနေတုန်းဘဲ။ အဲဒီသတင်းတွေကြားရတော့
ကျွန်တော်တို့ရဲ့ဆံပင်ညှပ်ဆရာကြီးဟာ ကွယ်လွန်ချိန်အထိ ပြောတုန်းဟောတုန်း သူလုပ်သင့်လုပ်ထိုက်တာတွေလုပ်နေတုန်းပါလားလို့
ကျွန်တော်တွေးမိတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment