Thursday, February 14, 2019

ရည်ရွယ်ချက်ပါတဲ့စာ (မျိုးမြင့်ချို)

0 comments
(ရည်ရွယ်ချက်ပါတဲ့စာ)ခေါင်းဆောင်တို့ အဖွဲ့အစည်းတို့ အာဏာရည်မှန်းချက်တို့ စတာတွေမရှိဘူးလို့ဆိုတဲ့ အုပ်စိုးသူမလိုအပ်(တချို့ကလည်း မင်းမဲ့ဝါဒီတွေလို့ဆိုပါတယ်)အယူအဆရှိသူတွေတောင် လှုပ်ရှားမှုလုပ်တိုင်း နိုင်ငံရေးရည်ရွယ်ချက်ပါကြပါတယ်။

အာဏာအတွက် အုပ်စိုးဖို့အတွက် တနည်းပြောရရင် မင်းလုပ်ဖို့အတွက်နိုင်ငံရေးလုပ်တာမဟုတ်ဘူးဆိုတဲ့ ပြင်သစ်တို့ စပိန်တို့က ဒီဝါဒခေါင်းဆောင်တချို့ဟာ ဒုတိကမ္ဘာစစ်မတိုင်ခင် စစ်အတွင်းနဲ့ စစ်ပြီးစတွေမှာဖွဲ့ခဲ့တဲ့အစိုးရတွေထဲဝင် ဝန်ကြီးရာထူး ယူခဲ့တာတွေရှိပါတယ်။ ဒါက ကိုယ့်အယူဝါဒကို ကိုယ်တိုင်ပြန်သစ္စာမဲ့တဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ကိုယ်ကျိုးရှာမှုလို့ဆိုနိုင်ဦးတောင် တဦးချင်းဆိုင်ရာ အကျိုးစီးပွားအတွက် ပုဂ္ဂလအတ္တနိုင်ငံရေးရည်မှန်းချက် ဒါမှမဟုတ် ပုဂ္ဂလအတ္တနိုင်ငံရေးရည်ရွယ်ချက်ရှိလို့ လို့ ပြောရမယ်ထင်ပါတယ်။

ဒီနေရာမှာ လူဟာ သူ့နိုင်ငံရေးယုံကြည်ချက် ဖြစ်ဖြစ်၊ လောကုတ္တရာယုံကြည်မှု ဖြစ်ဖြစ်၊ လောကီမှုယုံကြည်ရာကို ဖြစ်ဖြစ် အချိန်မရွေး ပြောင်းလဲခံယူကျင့်သုံးခွင့်ရှိကြသလို ယုံကြည်ရာတခုတည်းမှာပဲ တသမတ်စူးစိုက်စွန့်လွှတ်ကြသူတွေလည်း ရှိပါတယ်။
ဒါကို ကျနော်တို့က မြင်ထောင့်အမျိုးမျိုး ရပ်ခံတဲ့နေရာအသွယ်သွယ် ဆုပ်ကိုင်ရာအယူဝါဒအသီးသီးကနေ ဘက်သဘောအရ ပြောကြဆိုကြရတာပါ။ ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်တွေ၊ ဒို့ဘက်ကကြည့်တော့ သူရဲကောင်း သူတို့ဘက်ကကြည့်တော့သစ္စာဖေါက်၊ သာကူး၊ မှန်ပြောင်း၊ ခြံခုန်သမားစသည်ဖြင့်ပေါ့။

လူဟာ ယုံကြည်ရာကို ပြောင်းလို့ရသလို၊
တသမတ်နေလည်း ရပါတယ်။
တဘက်တည်းရပ်လို့ရသလို၊
ဘက်လည်းပြောင်းလို့ရပါတယ်။
သစ္စာရှိလို့ရသလို
သစ္စာဖါက်လို့လည်း ရပါတယ်။
အတွေးအခေါ်လက်နက်မြဲမြံလို့ရသလို အတွေးအခေါ်အရလက်နက်ချလို့လည်း ရပါတယ်။ ပြောင်းသွားဘက်မှာ အသေရပ်လို့ရသလို
မသေမချင်း ဘက်အခါခါပြောင်းနေလို့လည်းရပါတယ်။ ဒီလိုလူမျိုးကျတော့ ခြံခုန်စရှိတဲ့နွားလို့ သမုတ်တတ်ကြပါတယ်။

လောကမှာ တလျှောက်လုံး ဒီအတိုင်းဖြစ်နေတာမို့ အထူးအဆန်းလုပ်နေစရာတောင် မလိုဘူးလို့ထင်ရပေမယ့် လူတယောက်ရဲ့ ဘက်အပြောင်းဟာ လူအများကို ဒါမှမဟုတ် သူကျင်လည်ခဲ့ရာ လူ့အစုအစည်းကိုထိခိုက်နစ်နာစေအောင် ဖြစ်ပြီဆိုရင်တော့ ပြောကြရပါပြီ။ တခါတလေမှာ အဲ့သလိုအဖြစ်တွေဟာ လူတယောက်ရဲ့သမိုင်းလောက်သာဖြစ်ပေမယ့် တခါတရံကျတော့ လူ့သမိုင်းထဲအထိပါ ပါသွားပါတယ်။ ဒါလည်း ဖြစ်လေ့ဖြစ်ထမို့ ပြောမနေပါနဲ့ဆိုလည်း ထားလိုက်ရမယ်ထင်ပါတယ်။

အဲ့သလို ဘက်ပြောင်းလာတဲ့သူကို တဘက်ကနေ ဘက်ပြောင်းခနဲ့ သစ္စာဖေါက်ကြေးအဖြစ်ဘယ်လောက် အခွင့်အရေးတွေ အခွင့်အလမ်းတွေ အာဏာတွေ လုပ်ပိုင်ခွင့်တွေ တွင်ကျယ်နိုင်စွမ်း ပေးထားပေးထား သူ့တကယ့်လူရင်းလိုတော့ စိတ်ချလက်ချလွှတ်မထားပါဘူး။ ကြည့်နေပါတယ်။ ခြေလှမ်းပျက်တာနဲ့ ရိုက်ချလိုက်တာပါ။ ကောက်စားလိုက်တာပါ။ အဲ့သလိုလုပ်တာ သဘာဝကျပါတယ်။ အဲ့သလိုပဲလုပ်ရပါတယ်။ ဒါလည်း ဖြစ်လေ့ဖြစ်ထမို့ ပြောမနေပါနဲ့ဆိုလည်း ထားလိုက်ရမယ်ထင်ပါတယ်။

ထားလို့မရတဲ့ကိစ္စက မိမိတကိုယ်ရည်ပုဂ္ဂလအတ္တကိုယ်ကျိုးစီးပွားအတွက် ဘက်ပြောင်းလာတဲ့လူ၊ ခြံခုန်လာတဲ့လူကို မိမိ လူ့အဖွဲ့အစည်းမှာ၊ အသင်းအပင်းမှာ၊ ပါတီမှာ၊ အစိုးရထဲမှာ ထိပ်ပိုင်းနေရာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ရာထူးနဲ့ဌာနန္တရတွေ၊ အာဏာတွေ အပ်နှင်းလိုက်ပြီဆိုရင်တော့ မိမိလည်း အချိန်မရွေ ပြန်သစ္စာအဖေါက်ခံရ နောက်ကျောဓားအထိုးခံရ အဆိပ်ခပ်ခံရ သွားရတတ်တာဘဲဖြစ်ပါတယ်။
လူဟာ အာဏာကိစ္စအတွက် နိုင်ငံရေးလုပ်ရပါတယ်။ နိုင်ငံရေးလုပ်တဲ့အခါ အာဏာရည်ရွယ်ချက် ပါရပါတယ်။ ဒါကို နိုင်ငံရေးရည်ရွယ်ချက်လို့ ခေါ်ကြပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးရည်ရွယ်မပါဘဲ လုပ်လို့ကိုမရတာတွေ့ရမှာပါ။

ကျနော်တို့ပြောရမှာက ပါနေတဲ့နိုင်ငံရေးရည်ရွယ်ချက်က ဘာဆိုတာနဲ့ အဲ့ဒီရည်ရွယ်ချက်က ကောင်းမကောင်းဆိုတာဘဲဖြစ်ပါတယ်။ မိမိလည်း နိုင်ငံရေးစကားပြောရင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ တိတိကျကျရှင်းရှင်းလင်းလင်း တာဝန်ခံမှုရှိရှိပြောတယ်ဆို မှားနေဦးတောင် နိုင်ငံရေးလူတန်းစေ့သမို့ ရန်သူကတောင် တလေးတနက် နားထောင်ရပါတယ်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၄ ရက်၊ ၂ဝ၁၉

0 comments:

Post a Comment