လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၁)
နယ်စပ်ဒေသအခြေခံစခန်းနဲ့
ပြည်တွင်းအခြေခံစခန်းကွာဟချက်
ပန်ဆန်း
ဗကပ ဗဟိုဌာနချုပ်ဟာ ပန်ဆန်းရဲ့အရှေ့ဘက်ဆုံးမှာရှိပြီး နမ့်ခါမြစ်ကွေ့ပတ်စီးဆင်းနေတဲ့
တောင်စွယ်ကလေးထိပ်ပိုင်းမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီနေရာမှာ နမ့်ခါမြစ်က
တရုတ်ပြည်ထဲ တိုးဝင်ကွေ့ပတ်သွားလို့ ချောင်းကိုကျော်ပြီး ဘယ်ဖက်ကို ကြည့်ကြည့်
တရုတ်ပြည်ကိုဘဲ မြင်နေရတယ်။ ဗဟိုစခန်းနဲ့ မျက်နှာချင်းဆိုင်တောင်ကြောလေးပေါ်မှာဆိုရင်
မုံအာ(မိုင်းင)ဆိုတဲ့ ရှမ်းရွာကြီး ကိုလည်းလှမ်းမြင်နေရတယ်။ နွေရာသီ
မြစ်ရေနည်းချိန်ဆိုရင် အဲဒီရွာသူရွာသားတွေ မြစ်ထဲဆင်းပြီး ရေညှိတွေဆယ်ကြတယ်။
မုန့်တီဖတ်တွေကိုလည်း
မြစ်ရေထဲမှာဆေးကြ ကြောကြတယ်။ ရေကကြည်ပြီး အေးနေတယ်။ ကျွန်တော်တို့စခန်းကလည်း နွေဆိုရင်
မြစ်ထဲဆင်း ရေချိုးကြသလို မြစ်ဘေးမှာပေါက်တဲ့ သဖန်းရွက်နုတို့ ဋရင်ကောက်တို့ ခံတက်ရွက်တို့ချိုးကြတယ်။
မြစ်ဘေး သဲသောင်ခုံတွေဟာ ရေကျသွားချိန်ဆိုရင်
နုံးတင်မြေနုစိုက်ခင်းတွေအဖြစ်ပြောင်းသွားပြီး စခန်းကစိုက်တဲ့ မုံညင်းတွေ မြေပဲတွေ
မုံလာဥတွေနဲ့စိမ်းစိုနေတယ်။ တောင်ကြောထိပ်ပိုင်းတွေမှာ ဝါးပင်အုပ်တွေ
ယိမ်းနွဲ့နေတယ်။ စခန်းရဲ့မြောက်ဖက်ခြမ်း တောင်စောင်းတွေကတော့ မိုးတွင်းရိက္ခာသီးနှံ
တွေဖြစ်တဲ့ ပြောင်းဖူးတို့ ကန်ဇွန်းဥတို့စိုက်တဲ့နေရာတွေ ဖြစ်ကုန်တယ်။ ဗဟိုစခန်းကို
တစ်နှစ်ပတ်လုံးတန်ဆာဆင်တဲ့ စိမ်းစိုတဲ့အလှတွေပါဘဲ။
ခုတလော
ပန်ဆန်းအကြောင်းဓာတ်ပုံတွေကို မကြာခဏတွေ့နေရတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ ဗဟိုစခန်းက
အစည်းအဝေးခန်းမကြီးပုံကို ရှေ့ဆုံးက မြင်နေရတယ်။ နောက်ထပ် အများဆုံးထည့်သွင်းတဲ့
ပုံကတော့ ဥက္ကဌသခင်ဗသိန်းတင် နေထိုင်တဲ့အခန်းလေးရဲ့ပုံဘဲဖြစ်ပါတယ်။ ဗဟိုစခန်းဟာ
အဲဒီတောင်ကုန်းလေးရဲ့အရှေ့ခြမ်းကို မြေညှိဆောက်ထားတာဖြစ်လို့ ပေ ၁ဝဝ လောက်ကျယ်တဲ့
မြေညီပြန့်ကလေး ဖြစ်နေတယ်။ စခန်းကိုဝင်ဝင်ချင်း အနောက်ဖက်ခြမ်းမှာ အိမ် ၃
လုံးတန်းရှိပြီး မြောက်ဖက်စွန်အဆောက်အဦက သခင်ဗသိန်းတင်နေစရာနဲ့ လူကြီးတွေ အစည်းအဝေးလုပ်တဲ့နေရာတွဲထားတယ်။
အိမ် ၃ လုံးတန်းအလယ်ကောင်မှာ ဒုတိယဒုဥက္ကဌ ဦးခင်မောင်ကြီးအိမ်ဖြစ်ပြီး တောင်ဖက်စွန်မှာတော့
ပထမဒုဥက္ကဌသခင်ဖေတင့်ရဲ့အိမ် ဖြစ်ပါတယ်။ သရက်ပင်တွေ ငှက်ပျောပင်တွေ
ကမ္ဗလာသီးပင်တွေနဲ့အုံ့ဆိုင်း နေတယ်။
မှတ်မှတ်ရရ
သခင်ဗသိန်းတင်ထိုင်နေကျ ပြတင်းပေါက်အပြင်ဖက်နားမှာ စကားဖြူပင်တစ်ပင်က
မွှေးပျံ့နေတယ်။အလယ်မှာ ဘော်လီဘော ကွင်းကျယ်တစ်ခုရှိပြီး တောင်ဖက်ခြမ်းမှာ
ပေါလစ်ဗျူရိုလူကြီး ၂ ယောက် မိသားစုနဲ့ သူတို့ကိုယ်ရေးအရာရှိတွေနေဖို့အခန်းတွေပါ တွဲပေး
ထားတဲ့ တိုက်တန်းရှည်တစ်ခုရှိတယ်။ အနောက်ဖက်မှာ ဦးကျော်မြမိသားစုနေတယ်။ အရှေ့ဖက်မှာတော့
ရဲဘော်ထွန်းခေါ် ဗိုလ်ကြင်မောင် နေပါတယ်။ အဲဒီနေရာကို အခု UWSA ပြောခွင့်ရအရာရှိလုပ်ခဲ့တဲ့
ဦးအောင်မြင့်တို့နေကြတယ်လို့ကြားရတယ်။
ကွက်လပ်ဟိုဖက်မှာ
တာ့လိထန်လို့ခေါ်တဲ့ အစည်းအဝေးခန်းကြီးနဲ့ ရိက္ခာရုံရှိတယ်။ အစည်းအဝေးခန်းအလယ်ပိုင်းမှာ
စာအုပ်သေတ္တာတွေနဲ့ ပစ္စည်းတွေသိမ်းထားပြီး အရှေ့ဖက်ပိုင်းမှာဘဲ အစည်းအဝေးလုပ်ကြတယ်။
ရိက္ခာရုံဆိုတာ ထမင်းဟင်းချက်တဲ့ မီးဖိုချောင်ကိုခေါ်တာပါ။ အဲဒီ နေရာမှာ ဥက္ကဌအပါအဝင်
လူကြီးတွေအတွက် ထမင်းဟင်းချက်သလို ရုံးလုပ်သားတွေအတွက်လည်း ချက်ပါတယ်။ အစပိုင်းမှာ
အားလုံး စုပေါင်းပြီးစားပေမယ့် နောက်ပိုင်းမှာ လူကြီးတွေကို ထမင်းချိုင့်နဲ့ပို့ပေးပြီး
ရုံးလုပ်သားအိမ်ထောင်သည်တွေလည်း ထမင်းဟင်းလာယူပြီး ကိုယ့်အခန်းမှာ ကိုယ်ပြန်ပြီးမိသားစုနဲ့စားကြတယ်။
လူငယ်လူရွယ် လူလွတ်တွေကတော့ အစည်းအဝေးခန်းနဲ့ အဆင်ပြေရာနေရာတွေမှာ
စုပြီးစားကြပါတယ်။
အဲဒီအစည်းအဝေးခန်းနဲ့ကပ်လျက်
မြောက်ဖက်မှာ တိုက်တန်းရှည် ၂ ခုရှိပါသေးတယ်။ အနောက်ဖက်ကတစ်ခုမှာ
ဥက္ကဌကိုယ်ရေးအရာရှိ ကိုအောင်ထက်(ဖိုးသံချောင်း)တို့ ငွေထိန်းကိုအောင်ခင်တို့နဲ့အတူ
ဗဟိုရုံးရုံးအုပ် ဗဟိုကော်မတီဦးအေးငွေနေပါတယ်။ အရှေ့ဖက်ကတိုက်တန်း မှာတော့
ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောမိသားစုနဲ့
ဗိုလ်သန်းရွှေမိသားစုတို့နေကြပါတယ်။ ဧည့်သည်လာရင် အဲဒီ အဆောင်က အခန်းလွတ်မှာ တည်းစေပါတယ်။
စခန်းရဲ့အရှေ့တောင် နဲနဲနိမ့်တဲ့နေရာတွေမှာ ရုံးလုပ်သားတွေအတွက် တန်းလျားသုံးခုကို
မြေညှိပြီး ဆောက်လုပ်ထားပါတယ်။ တန်းလျား ၂ ခုက အိမ်ထောင်သည်တွေနေပြီး တန်းလျားတစ်ခုကတော့
ဝိုင်ယာလက်စက်ခန်း ကြေးနန်း ရုံးခန်းနဲ့ မိန်းကလေး လူလွတ်တွေနေတယ်။
လူကြီးတွေနေတဲ့နေရာတွေကို အုတ်ကာ ပလာစတာကပ် သက်ကယ်မိုး အဆောက်အဦးတွေ ဆောက်ထားတာကြောင့်
အခုထိ အဆောက်အဦတချို့ကျန်နေတာဖြစ်ပါတယ်။
အစားအသောက်ကတော့
ဆန် ၁ဝ လစာကို ၁၂ လစားနိုင်အောင် ကန်ဇွန်းဥတို့ ပြောင်းဖူးစေ့တို့နဲ့ရောချက်တဲ့ထမင်းတွေကိုဘဲ
စားကြ ရတယ်။ အစပိုင်းမှာ အသက်အရွယ်ကြီးနေတဲ့လူကြီးတွေပါ အဲဒီ နှစ်လွန်းတင်ထမင်းကို
စားပေမယ့် ဆရာဝန်ကကန့်ကွက်တဲ့အတွက် လူကြီးတွေထမင်းချိုင့်ကို ရိုရိုးထမင်းတွေ ထည့်ပေးကြတယ်။
ဟင်းကတော့ မိုးဆိုရင် ဂေါ်ရခါးသီး၊ ဆောင်းဆိုရင်မုံညင်း၊ နွေဆိုရင် မုံလာဥ ဆားငန်ခြောက်ကြော်ဖြစ်ပါတယ်။
လူကြီးတွေကိုတော့ ကြက်ဥတို့ အသားဗူးတို့ထည့်ပေးတတ်တယ်။ တစ်ရုံးလုံးက ကလေးရော လူကြီးရော
အဲဒီထမင်းဟင်းနဲ့ နပန်းလုံးကြရတယ်။ ဒါကြောင့် ခံတက်ချဉ်တို့ ငံပြာရည်နဲ့ ရွေးညွန့်ပြုတ်တို့
ဟင်းနုနယ်ရိုင်းတို့ကို ဖြည့်စားကြတယ်။ နောက်ပိုင်းမှာ အိမ်ထောင်သည်တွေကို
ကြက်မွေးခွင့်ပေးလိုက်တဲ့အတွက် ကြက်ဥလေး ကြက်သားလေးတွေ ရလာတယ်။
၁၉၈ဝ
ခု သခင်ဗသိန်းတင်ရဲ့ ပါတီနဲ့တပ်ကို
ကိုယ့်ဒူးကိုယ်ချွန်ကြိုးပမ်းရေးမိန့်ခွန်းထွက်လာပြီးနောက်ပိုင်းမှာတော့ ခရိုင်တွေ
မြို့နယ်တွေ၊ တပ်ရင်း၊ တပ်မဟာတွေမှာ ကိုယ်ပိုင်စီးပွားရေးဌာနကိုယ်စီဖြစ်လာပြီး ဝင်ငွေရှာကုန်တယ်။
တပ်အတွက်ရှာရင်း ကိုယ့် အတွက်အဆင်ပြေ သွားတဲ့တပ်မှူးတွေ ခရိုင်မှူးတွေပေါ်လာတယ်။
နောက်တန်းရုံးဌာနတွေက ရုံးလုပ်သားအိမ်ထောင်သည်တွေလည်း အရောင်းအဝယ်လုပ်သူ တွေ အပ်ချုပ်စက်နဲ့
အထည်ချုပ်သူတွေ ပေါ်ထွက်လာတယ်။ တချို့ဆိုရင် တဖက်နိုင်ငံအတွင်းပိုင်းထဲအထိ အရောင်းအဝယ်ထွက်တာတွေ
လုပ်လာကြတယ်။ စခန်းကလူတွေအတွက်တော့ ဒီအစားအစာတွေ နေ့တဓူဝစားသောက်ကြတာဖြစ်တော့
သိပ်တောင် ဂရုမထားတော့ သလိုပါဘဲ။
ညနေဆိုရင်
ဘောလီဘောပုတ်သူတွေနဲ့ ပျော်စရာကောင်းတယ်။ ညပိုင်းတွေမှာ ရုပ်ရှင်လေးဘာလေးလာပြရင်
ဘော်လီဘောကွင်းထဲမှာ ထိုင်ကြည့်ကြတယ်။ နောက်ပိုင်းမှာ ၁၄ လက္မတီဗီလေးတစ်လုံးရလာလို့
တရုပ်ရုပ်သံလိုင်းတွေကြည့်လာတယ်။ တရုတ်လိုတတ်သူက ဘာသာပြန်ပေးလို့ ဇာတ်လမ်းလေးဘာလေးကြည့်ကြတယ်။
ဒါတွေဟာ နှစ်ပေါင်း ဆယ်ချီကြာ ဘာတိုက်ပွဲ ဘာသေနတ်သံမှမကြားဘဲ နေခဲ့ကြတဲ့ကာလ၊
အေးအေးသက်သာနေလိုတဲ့အတွေးအခေါ်တွေ ရှင်သန်ပွားများစေတဲ့ကာလလို့တောင် ပြောနိုင်မယ့်နေ့ရက်တွေပါဘဲ။
ဒီအချိန်မှာ
ပြည်မမှာရှိတဲ့ လက်နက်ကိုင်အခြေခံဒေသတွေဟာ ရန်သူဝိုင်းပတ်ချေမှုန်းမှုမျိုးစုံနဲ့
အလူးအလဲဖြစ်နေကြတယ်။ ၁၉၈ဝ ခုမှာ ဦးနေဝင်းစစ်အစိုးရက ၂/၈ဝ
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ အမိန့်သက်တမ်းက အမိန့်ထုတ်ပြန်တဲ့
မေလ ၂၇ ရက်နေ့ကနေ သြဂုတ်လအထိ ဖြစ်ပါတယ်။ ဒီအမိန့်အရ အကျဉ်းထောင်ထဲမှာရှိနေတဲ့
နိုင်ငံရေးအကျဉ်းသားတွေသာမက လက်နက်ကိုင် ပုန်ကန်နေသူတွေလည်း အကြုံးဝင်တယ်။ ထောင်ထဲမှာရှိကြတဲ့
သခင်စိုးတို့ ဦးထွေးမြင့်တို့ ဦးခင်မောင်မြင့်တို့ မန်းငွေအောင် မန်းဒါဝိတ်တို့ လွတ်လာသလို
ဗိုလ်ကြီးအုံးကျော်မြင့်အမှုတွဲတွေနဲ့ ဗကပယူဂျီအမှုတွဲတွေလည်း လွတ်လာကြတယ်။
ဦးနုရဲ့ပါလီမန်ဒီမိုကရေစီပါတီရဲ့
လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပါကြသူတွေဖြစ်တဲ့ ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်၊
စောကြာဒိုး၊ ဂျင်မီယန်း၊ ရန်ကုန်ဘဆွေ စသူတွေ ပြည်တွင်းကိုပြန်လာကြတယ်။ ဗကပ အနောက်မြောက်စစ်ဒေသက
ဗိုလ်သက်ထွန်းနဲ့အဖွဲ့ဝင်အားလုံးနီးပါး လက်နက်ချကုန်တယ်။
ကျွန်တော်ဟာ
ညနေခင်းတစ်ခုမှာ ထမင်းစားပြီး ဆေးလိပ်ထိုင်သောက်နေတဲ့ ပေါလစ်ဗျူရိုဦးကျော်မြအိမ်ခန်းကို
ရောက်သွားတယ်။ သူက ရခိုင်နဲ့ အနောက်မြောက်စစ်ဒေသအကြောင်း ကောင်းကောင်းသိသူဖြစ်လို့
ဗိုလ်သက်ထွန်းတို့ အုပ်စုလိုက်လက်နက်ချတဲ့အကြောင်း စကား စပ်မိကြတယ်။ ဗကပရဲ့
ကိုယ့်ဒူးကိုယ်ချွန်အခြေခံဒေသတွေထဲမှာ ရခိုင်နဲ့ အနောက်မြောက်ဒေသတို့ဘဲ ကျန်တော့တာဖြစ်လို့
ပြည်တွင်း အခြေခံဒေသတစ်ခု ထပ်ဆုံးရှုံးသွားပြန်ပါပြီ။ ရခိုင်ဒေသက ရဲဘော်တွေကလည်း
ထိုးစစ်မျိုးစုံနဲ့ ဒလစပ်ရင်ဆိုင်နေရတယ်။ တနင်္သာရီ ဒေသဟာလည်း
အကျပ်တည်းတွေရင်ဆိုင်နေရပြီး ထိုင်းနယ်စပ်တလျောက် မကြာခဏရွှေ့ပြောင်းနေရတဲ့အချိန်ဖြစ်ပါတယ်။
အဲဒီကာလ မဆလစစ်အစိုးရရဲ့ မဟာဗျူဟာက ဗကပအရှေ့မြောက်အင်အားနဲ့ ပြည်တွင်းအင်အားကို
အရင်ဆုံးအဆက်ပြတ်အောင် ရှမ်းပြည်အလယ် ပိုင်းကိုအားပေးတာနဲ့ ပဲခူးရိုးမ
ရေသောက်မြစ်ဖြစ်တဲ့ မြစ်ဝကျွန်းပေါ်တိုင်းကို ချေမှုန်းရေးတွေအရင်လုပ်မယ်။ ပြီးရင်
ပဲခူးရိုးမအပါအဝင် ပြည်တွင်း ဗကပအခြေခံစခန်းတွေကို ဝိုင်းပတ်ချေမှုန်းဖို့ဖြစ်ပါတယ်။
သူတို့တပ်တွေဟာ အရှေ့မြောက်မှာ စစ်ရေးအရ ရှုံးနိမ့်နေပေမယ့် အဲဒီဗျူဟာကတော့
အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
ဗကပရဲ့
၁၉၄၈ တော်လှန်ရေးစတင်ကာစကတည်းကရှိလာတဲ့ ကိုယ့်ဒူးကိုယ်ချွန်အခြေခံစခန်း အတော်များများ
ကျဆုံးကုန်ပါတယ်။ မဆလရဲ့ ၂/၈ဝ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
ပြည်တွင်းအခြေခံဒေသလက်ကျန်တွေကို လက်နက်ချလာအောင်လုပ်တဲ့နည်းနဲ့ သိမ်းသွင်းဖို့ရည်ရွယ်
ချက်တစ်ခုလည်း ပါဝင်ပါတယ်။ အဲဒီအမိန့်အောက်မှာ ဗိုလ်သက်ထွန်းတစ်ယောက် ဦးနေဝင်းနဲ့
ပုဂ္ဂိုလ်ရေးရင်းနှီးမှုကိုအားကိုးပြုပြီး အလင်း ဝင်ခဲ့တာဖြစ်ပါတယ်။ ဦးနေဝင်းကလည်း
သူ့ကို အိမ်ကိုပြန်လာတဲ့ ညီလေးတစ်ယောက်လိုကြိုဆိုပြီး လှော်ကားအမျိုးသားဥယျာဉ်မှာ
အထူး အရာရှိ ရာထူးတန်းပြီးပေးလိုက်ပါတယ်။
ညမှောင်ချိန်အထိ
စကားကောင်းနေတဲ့ ဦးကျော်မြအဖို့တော့ သူ့တော်လှန်ရေးသက်တမ်းတလျောက် ကျဆုံးသူတွေ
လက်နက်ချသူတွေ အများကြီးတွေ့ကြုံခဲ့သူဖြစ်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးလောကဓံကို
ကြံ့ကြံ့ခံနိုင်စွမ်းရှိနေတယ်။ “တော်လှန်ရေးဆိုတာ အရေး နိမ့်တာလည်းရှိတယ်၊
အောင်ပွဲရတာလည်းရှိတယ်၊ အရေးနိမ့်သွားတဲ့အတွက် စိတ်ပျက်အားငယ်စရာမလိုဘူး။
ဘာကြောင့်အရေးနိမ့်သလဲ ဆိုတဲ့ ပကတိရုပ်ဘဝအခြေအနေကို အနုပဋိလောမရုပ်ဝါဒအမြင် သမိုင်းရုပ်ဝါဒအမြင်တွေနဲ့
နက်နက်ရှိုင်းရှိုင်း လေးလေးနက်နက် မညှာမတာ ဝေဖန်ဆန်းစစ်ဖို့သာ အရေးကြီးတယ်။
အဲသလိုဆန်းစစ်ပြီင်္း အားနည်းချက်တွေတွေ့ရင် ပြင်မယ်ဆိုရင် အခြေအနေဟာ
ကောင်းတဲ့ဖက်ကို ပြောင်းလာမယ်”လို့သူကရှင်းပြပါတယ်။
တောခိုရင်း
အကျပ်အတည်းတွေတွေ့တဲ့အခါ ခေါင်းဆောင်တချို့ဟာ “အလကားအသေမခံနိုင်ဘူး”ဆိုပြီး ပြောတာမျိုးတွေတောင်ရှိတယ်
ဆိုတဲ့အကြောင်း သူပြောပြတယ်။ အမှန်တော့ သက်ရှိသတ္တဝါမှန်ရင်
အိုခြင်းနာခြင်းသေခြင်းတွေ တနေ့မဟုတ်တနေ့ရင်ဆိုင်ရတာချည့်ဘဲ။ ရောဂါနဲ့လည်း
သေနိုင်တယ်။ ရန်သူကျည်ဆန်နဲ့လည်း သေနိုင်တယ်၊ ရန်သူ့အကျဉ်းထောင်ထဲမှာလည်း
ကြိုးဒဏ်နဲ့သေနိုင်တယ်။ ရန်သူ နှိပ်စက်ညှဉ်းပန်းမှုကြောင့်လည်း သေနိုင်တာဘဲ။ အဲသလို
သေခြင်းအမျိုးမျိုးမှာ ဒုက္ခပင်လယ်ဝေနေတဲ့ပြည်သူတွေအကျိုးအတွက် တိုက်ပွဲဝင်
ရင်းသေရတာဟာ အမွန်မြတ်ဆုံးဘဲလို့ပြောရင်း တင်နီဆင်ရဲ့ The brook
စမ်းချောင်းလေးကဗျာထဲက For men may come and men may go, But I go on for ever
အောက်ဆုံးစာကြောင်းလေးကို သူကဆက်ရွတ်ပြတယ်။
ဂျပန်တော်လှန်ရေးအပြီး
ကာလကတ္တားကို ခဏရောက်သွားတော့ အဲဒီကိုအရင်ရောက်နေသူတွေဆီမှာ မာ့က်စ်လီနင်စာအုပ်တွေကိုတွေ့ပြီး
အငမ်းမရ ထိုင်ဖတ်ခဲ့တာတွေကိုလည်း သူပြောတယ်။ အဲဒီစာအုပ်တွေထဲမှာ သူသိပ်ဖတ်ချင်တဲ့
ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ(ဘော်ရှီဗစ်) သမိုင်းစာအုပ်ကိုလည်း တွေ့တယ်။
ဒီစာအုပ်ကို အရင်ဆုံးကောက်ကိုင်တဲ့အခါ အဲဒီမှာရှိတဲ့ အဝေးရောက်ကွန်မြူနစ်
ကလာပ်စည်းတာဝန်ခံ ဦးသိန်းဖေမြင့်က ဒီစာအုပ်ကို သူ့လက်ထဲကပြန်သိမ်းသွားပြီး
ဖတ်ရန်မသင့်တော်ဘူးလို့ ပြောခဲ့တာတွေကို သူပြန်မှတ်မိနေတယ်။ အဲဒီ အချိန်က ဘရောက်ဒါဝါဒကိုလက်ခံပြီး
ပါတီလမ်းစဉ်ဖြစ်အောင် ဦးသိန်းဖေမြင့်ကြိုးပမ်းနေတယ်ဆိုတာ သူမရိပ်မိသေးဘူး။
ဘာလို့ ဒီစာအုပ်ကို ပိတ်ပင်တားမြစ်သလဲဆိုတာ သူနားမလည်ဘူးလို့လည်း ပြောတယ်။
နောက်ပိုင်းဦးသိန်းဖေမြင့်ရဲ့ဘရောက်ဒါဝါဒကို ပါတီကလက်ခံတယ်။ ဒါပေမယ့် ခဏဘဲကြာတယ်။
မှားမှန်းသိပြီး ဒီဝါဒကိုပယ်ဖျက်လိုက်ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှာ
ဦးသိန်းဖေမြင့် ပါတီ စည်းကမ်းဖောက်တဲ့သတင်းတွေ ရောက်လာတော့
သူသိပ်မအံ့သြတော့ဘူးတဲ့လေ။
၁၉၄၈
ခုလက်နက်ကိုင်တော်လှန်ရေးဟာ ဂိုရှယ်စစ်တမ်းကြောင့်လို့ပြောနေတာလည်း သူမယုံဘူးတဲ့။
၁၉၄၆ နှစ်ကုန်မှာ သူရန်ကုန်ကို ရောက်တယ်။ အဲဒီကနေ ဂိုရှယ်နဲ့အတူ
ဖြူးလယ်သမားညီလာခံကို အတူသွားဘူးတယ်။ ဂိုရှယ်က စစ်တမ်းတစ်ခုထုတ်တယ်ဆိုတာ တစ်ခါမှ
မကြားဘူးဘူးတဲ့။ ရန်ကုန်ကပြန်လာပြီး ရခိုင်မှာ ဗကပအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ သူပြင်ဆင်တာတွေလုပ်တယ်။
ရခိုင်ပြည်နယ်မှာ ဗကပ ကိုလည်း ဗမာတွေဘဲ၊ ဗမာနောက်လိုက်ဘဲလို့ထင်နေကြလို့
ခက်ခက်ခဲခဲမဲဆွယ်ရတယ်။ အဲသလိုခက်ခဲပေမယ့် သူတို့တတွေရဲ့ ကြိုးပမ်းမှု ကြောင့်
ရခိုင်မှာ ဗကပ အင်အားတွေ တဖြည်းဖြည်းများလာခဲ့တယ်။ နောက်တော့ အစိုးရက ပါတီဝင်တွေ
လယ် သမားသမဂ္ဂခေါင်းဆောင် တွေကို ဖမ်းတာတွေလုပ်လာတဲ့အတွက် ရွေးကောက်ပွဲမဝင်တော့ဘဲ
တောခိုကြတယ်တဲ့။ တောခိုတာဟာ ဘယ်နိုင်ငံဘယ်ပါတီရဲ့ လမ်းညွှန် ချက်နဲ့မှမဟုတ်ဘဲ
လက်တွေ့ဖိနှိပ်မှုတွေကို တုန့်ပြန်လိုက်တာသာဖြစ်တယ်လို့ သူကရှင်းပြခဲ့တယ်။
တော်လှန်ရေးဆိုတာ လူထုလွတ်မြောက် ရေးကို လူထုကြီးကိုယ်တိုင် တိုက်ပွဲဆင်မှရသလို
တော်လှန်ရေးအောင်ပွဲဆိုတာလည်း လူထုကိုအားကိုးမှ လူထုအကူအညီရမှ ပြည်သူလူထု ကိုအလုပ်အကျွေးပြုမှ
အောင်နိုင်တယ်။ ပြည်ပနိုင်ငံတွေ ညီနောင်ပါတီတွေက အရန်အခန်းကဘဲပါတယ်လို့
သူရှင်းပြခဲ့တယ်။
၁၉၈၉
ပန်ဆန်းမှာ ဝအဖွဲ့ခွဲထွက်ချိန်မှာ ဦးကျော်မြဟာ ပါတီတာဝန်ပေးချက်အရ (၁ဝ၁)စစ်ဒေသလို့ခေါ်တဲ့
ကချင်ပြည်နယ်အရှေ့မြောက် ပန်ဝါကို ရောက်နေတယ်။ ကိုးကန့်အဖွဲ့ခွဲထွက်တာနဲ့
ပါတီဗဟိုကို ၁ဝ၁ စစ်ဒေသမှာ ယာယီပြောင်းရွှေ့လို့ ဖြစ်နိုင်မဖြစ်နိုင် ကြိုတင်ညှိနှိုင်းဖို့
ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ ပန်ဝါမှာ ဒေသပါတီညီလာခံကျင်းပပြီးခါစဖြစ်လို့
အခြေအနေသိပ်မဆိုးသေးတာတွေ့ရတယ်။ ဗဟို ပြောင်းရွှေ့ လာမယ်ဆိုရင်လည်း
ကြိုဆိုတယ်လို့ပြောကြတယ်။ ၁၉၈၉ ဆုံးရှုံးမှုကိုတာဝန်ယူတဲ့အနေနဲ့ သူတို့ပေါလစ်ဗျူရိုတစ်ဖွဲ့လုံးနှုတ်ထွက်ပြီး
ပါတီ ခေါင်းဆောင်မှုအသစ်ကို ပြန်ရွေးခဲ့ကြတယ်။ နောက်ပိုင်းမှာဝနယ်ကထွက်ခွာပြီးတရုတ်ပြည်ထဲရောက်နေတဲ့
ဗကပဗဟိုဟာ ရခိုင်အမျိုးသား ဖြစ်တဲ့ ဦးကျော်မြရဲ့ကြိုးပမ်းချက်နဲ့ ပန်ဝါကိုပြောင်းရွှေ့လာတယ်။
ပန်ဝါမှာတိုးချဲ့ဗဟိုအစည်းအဝေးတွေကျင်းပပြီး
ကေအိုင်အေခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်နိုင်ခဲ့တယ်။ ကေအိုင်အေနဲ့
ဗကပ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေလည်း လုပ်ခဲ့ကြတယ်။ မြစ်ဆုံဒေသမှာ
တိုက်ပွဲတွေဖြစ်ပြီး ပူးတွဲတပ်ဘက်က အနိုင်ရတာတွေရှိခဲ့တယ်။ ၁ဝ၁ နံပတ် ၁ ခေါင်းဆောင်က
ဧရာဝတီမြစ်ဆုံအထက်ဖက် အင်ဂျန်ယန်ကို ပူးတွဲတပ်ကတိုက်နေချိန်မှာ တိုက်ပွဲတွေရပ်ဖို့
ကြေးနန်းတွေ ပို့လာပါတော့တယ်။ အခုသူဟာ နဝတနဲ့ အပစ်ရပ်ရေးတေ ဆွေးနွေးနေပြီလို့လည်း လှမ်းပြောလိုက်သတဲ့။
အဲဒီအချိန်အထိ
ကေအိုင်အေဟာ အစိုးရနဲ့ အပစ်ရပ်ဖို့ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။ ဒါပေမယ့်
အဲဒီကာလအခြေအနေတွေဟာ အပြောင်းအလဲ သိပ်မြန်တယ်။ အရင် ၁ဝ၁ ခေါင်းဆောင် ၂ ဦးဟာ
ကွမ်းလုံမှာ နဝတနဲ့သွားတွေ့ပြီး အပစ်ရပ်စာချုပ်တွေချုပ်တယ်။ ဗကပ ဗဟိုလည်း ပန်ဝါမှာဆက်နေလို့မရတော့ဘူး။
လူကြီးတွေအတွက် လုံခြုံမှုလည်းမရှိတော့ဘူး။ အဲဒီအချိန်အထိ ဦးကျော်မြဟာ ပန်ဝါမှာနေပြီး
ကချင်ခေါင်းဆောင်တွေ(NDA-K)နဲ့တွေ့ဆုံပြီး ဆွေးနွေးနေတုန်းပါ။ တစ်ညမှာတော့ သူနေတဲ့အိမ်ကို
လူတစ်စုက ခဲတွေနဲ့ပေါက်ပြီး ပါတီ ဆန့်ကျင်ရေးတွေ အော်ဟစ်ကြတယ်။ အဲဒီလူစုဘဲ
နောက်တစ်နေ့မှာ ဦးကျော်မြနဲ့ သစ်ခွစခန်းမှာရှိတဲ့ဦးဖေသောင်းတို့ကို သူတို့အတွက် ငွေထုတ်ပေးရမယ်လို့ခြိမ်းခြောက်ပြီး
ရအောင်တောင်းခဲ့ကြတယ်။ ဗဟိုနဲ့အတူ ပန်ဝါကိုပြောင်းရွှေ့လာပြီး ဆက်နေလို့မရလို့ ပန်ဝါကထွက်ခွာ
ချိန်မှာ ပါလာသူအိမ်ထောင်သည်တွေကို ကိုယ့်ဒေသပြန်ဖို့ ခရီးစရိတ်တွေထုတ်ပေးတုံးက
အရင်ကထဲက ပန်ဝါမှာနေသူခဲ့သူတွေကိုငွေထုတ် မပေးဘူး။ ဒါကြောင့် သူတို့ကိုလည်း
ငွေထုတ်ပေးဖို့အကျပ်ကိုင်ကြတာဖြစ်ပါတယ်။ ပန်ဝါမှာ နောက်ဆုံးကျန်ရှိနေတဲ့လူကြီးတွေလည်း
ဆက်နေဖို့ ခက်လာတယ်။ နောက်ဆုံးမှာ သူဟာ သူတကယ်နေချင်တဲ့ဗမာပြည်တွင်းမှာတောင်
နေခွင့်မရရှာတော့ဘူး။ တစ်ဖက်နိုင်ငံမှာ အနားယူလိုက်ရပြီး
အဲဒီမှာဘဲခေါင်းချသွားရှာတယ်။
နေဦးဝေ
0 comments:
Post a Comment