Thursday, February 21, 2019

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၅)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ် (၅)
ထို့ကြောင့် ဖြစ်တည်မှုဝါဒီတို့အတွက် ဖြစ်တည်မှုဟူသည် သိစိတ်လွတ်လပ်မှုတို့နှင့် တသားတည်း တသဘောတည်းဖြစ်ပေသည်။ ဤသို့သော ‘ဖြစ်တည်မှု’ရှိသည့်အရာ၊ ဖြစ်တည်နိုင်သည့်အရာတို့မှာ ဤကမ္ဘာလောကတွင် လူသာလျှင်ရှိပေသည်။ ကျန်အရာမှန်သမျှသည် လူကဲသို့ သိစိတ်မရှိ၊ လွတ်လပ်မှုမရှိ။ ထို့ကြောင့် ယင်းတို့သည် ရှိရုံသာရှိနေကြသော အရာများဖြစ်၏။ ဖြစ်တည်နေသောအရာများမဟုတ်ပေ။

နတ်မိမယ်ဟူသည် လူ့စိတ်တွင်ရှိနေသည့်သဘောတရပ်သာဖြစ်၏။ ဖြစ်တည်မှု မဟုတ်ပေ။ ထိုနည်းတူ ဘုရားသခင်ဆိုသည်မှာလည်း ဖြစ်တည်မှု မဟုတ်ပေ။ လူ့စိတ်တွင်ရှိနေသည့်သဘောသာဖြစ်၏၊ မဖြစ်တည်။

ဤသို့ဖြင့် ဖြစ်တည်မှုဝါဒီတို့သည် ဖြစ်တည်မှုဟုဆိုရာ၌ ပုဂ္ဂလလူသားတဦးချင်းစီကိုသာ ရည်ညွှန်းရှူမြင်ကြရပေသည်။ သူတို့အတွက် လူဟူသည် ဝိသေသသဘောဆောင်သော ပုဂ္ဂလိကအတွေ့အကြုံများကို တိုက်ရိုက်ခံစားလျှက် အသက်ရှင်သန်နေသောသတ္တဝါဖြစ်သည်။ ယင်းလူပုဂ္ဂိုလ်တဦးချင်းစီတို့၏ ဖြစ်တည်နေမှုသည် ထူးခြားလှပေသည်။ တဦးနှင့်တဦး လုံးဝမတူကြပေ။ တခုတည်းသောအရာကို တွေ့သိ ခံစားရပုံချင်း၌ပင် မတူကြပေ။ ဥပမာ တမျိုးတည်းသောငရုပ်သီးကိုစားမိကြသူတိုင်း စပ်သည်ဟုပြောကြပေမည်။ “စပ်ခြင်း” အရသာကို စားမိသူတိုင်း ခံစားကြရမည်သာ ဖြစ်သည်။ သို့သော် တဦး၏စပ်ခြင်းနှင့်တဦး၏စပ်ခြင်း အတူတူပင်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်ပါမည်လော။ “ငါစပ်တာနဲ့မင်းစပ်တာ အတူတူပါပဲကွာ”ဟု မည်သည့် နှုန်းစံဖြင့်တိုင်းတာ၍ ပြောနိုင်မည်နည်း။ မပြောနိုင်ပါ။ မဆုံးဖြတ်နိုင်ပါ။  

ထို့ပြင် တကြိမ်တခါ တွေ့ကြုံခံစားလိုက်ရသည့် ပုဂ္ဂိုလ်တဦး၏ခံစားချက်သည် ထိုပုဂ္ဂိုလ်တဦးတည်းအတွက်သာ ဖြစ်ရုံမျှသာမက ထိုတကြိမ်တည်းအတွက်သာ ဖြစ်ချေသည်။ ထိုခံစားချက်အတိုင်း နောက်တကြိမ်ထပ်မံ၍ ထပ်တူထပ်မျှခံစားချင်၍ ရနိုင်မည် မဟုတ်တောပေ့။ “သင်သည် မြစ်တစင်းအတွင်းသို့ နှစ်ကြိမ်မဆင်းနိုင်”ဟူသော ရှေးဟောင်းဂရိတွေးခေါ်ရှင်ကြီးဟေရာကလိုက်တပ် Heraclitus (ဘီစီ ငါးရာစု)ပြောစကားကဲ့သို့ပင် ဖြစ်သည်။ ဖြစ်တည်မှုဝါဒီတို့သည် လူသား၏ပုဂ္ဂလဖြစ်တည်မှုကို ဤမျှလောက် ဂရုတမထားကြသူများ ဖြစ်ပါသည်။

သို့ရာတွင် ယနေ့ လူ့အဖွဲ့အစည်းကြီးတရပ်လုံး၊ လူ့ယဉ်ကျေးမှုကြီးတရပ်လုံးကို သိပ္ပံပစ္စည်းများ၊ စက်မှုနည်းပညာများက လွှမ်းမိုးကြီးစိုး ထားပေသည်။ ယင်းလွှမ်းမိုးကြီးစိုးမှု လောင်းရိပ်အောက်တွင် လူသားသည် သပ္ပံပညာကထုတ်လုပ်လိုက်သော ရုပ်ဝတ္ထု ထုတ်ကုန် ပစ္စည်းများကဲ့သို့ ဖြစ်သွားလေသည်။ လူစင်စစ်မှနေ၍ စက်မှုသိပ္ပံပညာ၏အစေအပါးသဖွယ် ဖြစ်လာတော့သည်။ ထို့ပြင် လူသားများ စီရင် ထုတ်ဖော်ထားကြသည့် နိုင်ငံရေးစနစ်များ၊ လူမှုရေးကျင့်ဝတ်များ၊ ဥပဒေကန့်သတ်ချက်များအကြားတွင် လူသား၏လွတ်လပ်မှု၊ တီထွင် ကြံဆမှုနှင့်ဂုဏ်သိက္ခာတို့သည် မှေးမှိန်သွားတောသ့ည်။ ဤသို့ဖြင့် စစ်မှန်စွာဖြစ်တည်နေရမည့် လူသား၏ပုဂ္ဂလဘဝသည် မည်သို့မျှ ထွန်းပလာစရာ မရှိတော့ပေ။

ဤအခြေအနေ ဤအဖြစ်အပျက်များကို ဖြစ်တည်မှုဝါဒီတို့က မလိုလားကြ။ ဤလူ့လောကတွင် လူသားအသီးသီး၏ စစ်မှန်သောလူ့ဘဝသည် ဂုဏ်သရေရှိရှိ ထွန်းပရမည်။ လူသားတို့၏ ပုဂ္ဂလိကဘဝဖြစ်တည်မှုဂုဏ်သိက္ခာကို ချိုးဖဲ့ဖျက်ဆီးပစ်နေသော အယူအဆဒဿနများ၊ ပညာရပ်များ၊ အခြေအနေများသည် ဤလောကအတွင်း၌ ရှိနေကြသည်။ ယင်းတို့ကို တော်လှန်တိုက်ဖျက် ဇာတ်သိမ်းပစ်ရမည်ဟု ဖြစ်တည်မှုဝါဒီတို့က ဆော်သြကြပါသည်။

ကဲကီးဂါးဒ်အလိုအရ လူ့လောကတွင် ပုဂ္ဂလလူ့ဘဝသည် အရေးအကြီးဆုံးဖြစ်သည်။ ယခင်က ပေါ်ပေါက်ခဲ့ကြသောအတွေးအခေါ် ဒဿန စနစ်များ (ပလေတိုဝါဒ၊ ဆင်ခြင်ခြင်းအဓိကဝါဒ၊ ဟေဂယ်ဝါဒ) သည် လူသား၏ပုဂ္ဂလဘဝအပေါ် အလေးမထားခဲ့ကြ၊ ထို့ကြောင့်လည်း လူ့ဘဝပြဿနာများကို ဘယ်ဝါဒ၊ ဘယ်စနစ်ကမျှ ကျေနပ်ဖွယ်ကောင်းအောင် ဖြေရှင်းမပေးနိုင်ခဲ့ကြ၊ သို့ဖြစ်၍ ထိုဝါဒစနစ်များသည် မည်သည့်တန်ဖိုးမျှ မရှိဟူ၍ ဆိုခဲ့ကြသည်။

ထို့ပြင် သူက (သူ့ခေတ်)ခရစ်ယာန်ဘာသာရေးတွင် ကလိမ်ခြုံ အတုအယောင်ခရစ်ယာန်များသည် အများအပြားဖြစ်သည်။ ထို့ကြောင့် ပိုမိုပြင်းထန်ထိရောက်သော နောက်ထပ် ဘာသာရေးပြုပြင်ပြောင်းလဲမှုကြီးတရပ်ကို ဆင်နွှဲရမည်။ အဘယ်ကြောင့်ဆိုသော် ယခု လက်ခံထားသည့် အစဉ်အလာ ဘာသာရေးထုံးဓလေ့များကြောင့် လူသားတို့သည် ဘုရားသခင်အစစ်နှင့်လည်း ဆုံနိုင်မည်မဟုတ်ပေ။ တရားဓမ္မအစစ်ကိုလည်း နာကြားနိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် လူသားတို့သည် မည်သည့်ကိုယ်ကျင့်သိက္ခာ သန့်စင်မှုမျှ မရှိကြတော့ပဲ အကုသိုလ်ဒုစရိုက်ကောင်များ ဖြစ်လာကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ရှိလူ့လောကီ အခြေအနေများကိုရော၊ ဘာသာရေး အခြေအနေများကိုပါ အမြစ်ကလှန်ပြီး ပြင်းပြင်းထန်ထန်ပြုပြင်ပြောင်းလဲရမည်ဟု ဆိုပါသည်။

0 comments:

Post a Comment