လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၃)
ကျောင်းသားတွေနဲ့
လေပေးဖြောင့်တဲ့ ရုရှားပြန်ခေါင်းဆောင်
ပန်ဆန်းကိုရောက်ဘူးတဲ့
တောခိုဗမာကျောင်းသားတွေအပါအဝင် ရဲဘော်အများအပြားဟာ ပန်ဆန်းမှာ နေရတာလောက်ပျော်စရာကောင်း
ပြီး လွတ်လပ်တာမျိုး မရှိသေးဘူးလို့ပြောလေ့ရှိတယ်။ စစ်အစိုးရထောက်လှမ်းရေးရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေခံဖူးကြတဲ့၊
ထောက်လှမ်းရေးက လိုက်ဖမ်းတာခံရဖူးတဲ့ မြို့ပေါ်ကလာသူတွေအတွက် ဒီနေရာဟာ
လွတ်လပ်တဲ့နေရာကြီးတစ်ခုဖြစ်နေတယ်။ အနေအထိုင်ဆင်းရဲပေမဲ့ အဲဒီလွတ်လပ်မှုကြောင့်ဘဲ
အားလုံးပျော်နေကြတယ်။ ၁၉၇၉ ခုနှစ် တည်ဆောက်ရေးကာလဟာ မောသလောက် ပျော်စရာလဲကောင်းတယ်။
ဗဟိုကော်မတီအစည်းအဝေး
ပြီးသွားပြီး ၁၉၇၉ ခုလမ်းစဉ်တစ်ခု ထွက်လာတာနဲ့အတူ ဗဟိုခွဲဗျူရိုတွေ၊ တပ်မသစ်တွေဖွဲ့စည်းပြီး
ရဲဘော် အသီးသီး တာဝန်သစ်တွေထမ်းဆောင်ဖို့ ပြင်ဆင်နေကြတာကလဲ ပျော်စရာတစ်ခုလိုဖြစ်နေတယ်။
အဲသလို လှုပ်လှုပ်ရွရွကာလမှာ တာဝန သစ်တွေနဲ့ခရီးမထွက်မီ ပါတီ နှစ် ၄ဝ
မွေးနေ့အထိမ်းအမှတ်အဖြစ် “မိုး သောက်ကြယ်နီ”ဆိုတဲ့အော်ပရာဇာတ်ကြီးကို ရဲဘော် ၁ဝဝ
လောက် ပါဝင်ကပြမှာဖြစ်လို့ အကတိုက်သူက တိုက်၊ သီချင်းတိုက်သူက တိုက်၊ အခန်းအနားပြင်ဆင်သူကပြင်ဆင်လို့
လက်မလည်ဖြစ်နေတာတောင် မောရမှန်းမသိဖြစ်နေတဲ့ကာလ ဖြစ်ပါတယ်။
ကျွန်တော်တို့
ဘာသာပြန်နဲ့ပုံနှိပ်ဌာနကတော့ ၁၉၇၉ ဗဟိုကော်မတီကဆုံးဖြတ်လိုက်တဲ့ လမ်းစဉ်ဆိုင်ရာစာအုပ်ငယ်တွေ
အမြန်ထွက်နိုင် အောင် အားသွန်လုံးပမ်းနေရတယ်။ ဒီကြားထဲကဘဲ မိုးသောက်ကြယ်နီအတွက်လဲ
ဇာတ်တိုက်သွားဖြစ်အောင် သွားနေကြတယ်။ ပုံနှိပ်ဖို့ ခဲစာလုံးတွေစီတဲ့အလုပ်ကို
စခန်းမှာရှိတဲ့ဗမာရဲဘော်တွေသာမက ကချင်ရဲဘော်မလေးတွေနဲ့ လုပ်နေကြပေမဲ့ စာအုပ်က
အရေးကြီးလို့ ဗဟိုဆေးကျောင်းက ကျောင်းသူလေး နှစ်ယောက်သုံးယောက်ကိုလဲ အကူခေါ်ရတယ်။
စာအုပ်တွေထွက်လာတော့ ကျွန်တော်တို့စခန်းက အတော်လေး မျက်နှာပွင့်တယ်။
ရဲဘော်တိုင်းလိုလိုက လမ်းစဉ်ဆိုင်ရာစာအုပ် တစ်စုံလုံးရချင်နေပြီး ဌာနတာဝန်ခံဆီ
လာတောင်းနေကြလို့ ဖြစ်ပါတယ်။ အထူးသဖြင့် အဝေးကိုခရီးထွက်ကြမဲ့ရဲဘော်တွေဟာ စာအုပ်ငယ်
၆ အုပ်လောက်ပါတဲ့ လမ်းစဉ်စာအုပ်တွေကို တွဲချုပ်ပြီး သယ်သွားချင်နေကြတယ်။
အလယ်ပိုင်းကို ဆင်းသွားတဲ့ရဲဘော်တွေဆိုရင် အဲဒီလမ်းစဉ်စာအုပ်တွေကို ကိုယ်နဲ့အတူထားပြီး
လုပ်ဆောင်သမျှ အရာရာကို လမ်းစဉ်စိတ်ဓာတ်နဲ့ကိုက်မကိုက် ငြင်းကြခုန်ကြ
ဆွေးနွေးကြတဲ့သတင်းတွေလဲ ကြားကြရတယ်။
တခါတော့
ဌာနမှူး အရန်ဗဟိုကော်မတီဝင် ရဲဘော်လွင်ခေါ် ဦးသိန်းအောင်ကို “ဗဟိုကော်မတီ အစည်းအဝေးကြီးကလဲ
ကြာလိုက်တာဗျာ။ တကယ့် မာရသွန်အစည်းအဝေးကြီး။ နှစ်ပေါက်အောင် လုပ်ကြတာကိုး”လို့ ကျွန်တော်ပြောဘူးတယ်။
ရဲဘော်လွင်ကတော့ အချိန်ရလို့ စိတ်ရှည်လက်ရှည် ဆွေးနွေးနေကြတာပါ။ အချိန်ဖြုန်းတာ မဟုတ်ပါဘူးလို့
ပြန်ပြောပါတယ်။ “ခင်ဗျားစဉ်းစားကြည့်၊ ပါတီမှာ ကွန်ဂရက် မလုပ်နိုင်တာဘယ်လောက်ကြာပြီလဲ။
၁၉၄၅ ကတွက်ရင် နှစ်ပေါင်း သုံးဆယ်ကျော်ပြီ။ ပါတီတွင်း ဖြေရှင်းရမယ့်ပြဿနာတွေကလဲ
ကြာလေ များလာလေဖြစ်ပြီး စည်းလုံးညီညွတ်မှုကိုတောင် ထိခိုက်လာတာဗျ။ ကျွန်တော်တို့လဲ
ဒီဆွေးနွေးပွဲမှာ လူငယ်လေးတွေ ပြန်ဖြစ်နေတယ်။ လူကြီးတွေဆီက ပါတီသမိုင်းဆိုင်ရာ
မကြားဘူးတာတွေပြန်ကြားရသလို ယူစရာသင်ခန်းစာတွေကလဲ အများကြီးဘဲ။ တကယ့် သင်တန်း တက်နေရသလိုဘဲဗျာ”လို့ပြောပါတယ်။
ရဲဘော်လွင်ဟာ
ကျွန်တော်တို့ ကျောင်းသားဟောင်းတွေနဲ့အတော်လေး အတွဲညီတယ်လို့ဆိုရမှာပါ။
သူကရုရှားမှာ ဂျာနယ်လစ်စာနယ်ဇင်း ပညာ မဟာဘွဲ့တက်နေတဲ့ ရုရှားတက္ကသိုလ် ကျောင်းသားဟောင်းဆိုတော့
ကျောင်းသားစိတ် မကုန်သူလို့တောင်ပြောလို့ ရပါတယ်။ ဂျပန်ခေတ် ဘီအိုင်အေခေတ်ကထဲက
ပါတီထဲရောက်လာသူဖြစ်လို့ သူ့ဆီက တော်လှန်ရေးအတွေ့အကြုံတွေကိုလဲ မကြာခဏကြားကြရ တယ်။
သူ့လက်ထဲမှာ နို့မှုန့်ဗူးလေး နို့ဆီဗူးလေးရလာရင် အနီးတဝိုက်က ကျောင်းသားရဲဘော်တွေကိုခေါ်ပြီး
နို့ထမင်းလုပ်စားတတ်တယ်။ ငွေလေးဘာလေးရှိရင် ရဲဘော်တွေစုပြီး ဘူးသီးကြော်
ကြော်စားကြတယ်။ သူ့ဆီမှာ ကွန်မြူနစ်ခေါင်းဆောင်ကြီး ကားလ်မာ့က်စ်ပုံ ရုပ်တု ကလေးတစ်ခုရှိနေသလို
ရုရှားပန်းချီကားတွေ ရုရှားစာအုပ်တွေလဲရှိတယ်။ ဘာသာပြန်အဖွဲ့ရဲ့ အဓိကတာဝန်က
ကွန်မြူနစ်ဝါဒ ကျမ်းရင်းတွေ ကို ဗမာဘာသာပြန်ဆိုဖို့ ဖြစ်ပါတယ်။ ဒီလိုဘာသာပြန်ရာမှာ
ရဲဘော်လွင်က ရုရှားဘာသာစာအုပ်ကိုဖတ်ပြီး အင်္ဂလိပ်ကနေပြန်တဲ့ဗမာဘာသာ ပြန်ကိုတိုက်ရတယ်။
ဦးတင်မြင့်ဆိုတဲ့ ခပ်ငယ်ငယ်ကထဲက တရုပ်ပြည်ကိုပါသွားတဲ့ ပခုက္ကူမြိုင်နယ်သား
တရုပ်ပါရဂူကလဲ တရုပ်ဘာသာ စာအုပ်နဲ့တိုက်တယ်။
ကိုကျော်ဇောဦး၊
မခိုင်အေး၊ ကိုမြင့်ထွန်းနဲ့ ကျွန်တော်တို့ကတော့ အင်္ဂလိပ်ဘာသာစာအုပ်ကို
လက်စွဲပြုကြတာပါ။ အဓိပ္ပာယ် ကောက်ယူ ချက်ခြင်း မတူလို့ တရုတ်ပညာရှိနဲ့
အကြိမ်ကြိမ်ငြင်းခုန်ရတာကို အခုပြန်တွေးရင် ပျော်စရာတစ်ခုဖြစ်နေတုန်းပါ။
သံလွင်အနောက်ဖက် မုံးကိုးကနေ ဗဟိုရှိရာပန်ဆန်းကိုပြောင်းလာပြီးနောက် တပ်မတွေဖွဲ့တော့
ဦးတင်မြင့် တပ်ထဲကိုပြန်သွားတယ်။ သူ့နေရာမှာ ပြည်သူ့အသံက မထွေးကြည်ကအချိန်ပိုင်းအဖြစ်လာကူရတယ်။
နောက်ပိုင်းမှာ ဘာသာပြန်အဖွဲ့ဝင်တွေဟာ ဌာနမျိုးစုံကိုပြောင်းရွှေ့ကုန်ပြီး
ပုံနှိပ်ဌာနဘဲ ကျန်ခဲ့တယ်။
ကျွန်တော်
မုံးကိုးရောက်ပြီးမကြာခင်မှာဘဲ ဗဟိုကနေ ဘာသာပြန်နဲ့စာပုံနှိပ်ဌာနကိုဖွဲ့တယ်။
အဲဒီဌာနမှာ ရဲဘော်လွင်ကို တာဝန်ခံအဖြစ် ထားပြီး ဘာသာပြန်အဖွဲ့ဝင်တွေနဲ့
ပုံနှိပ်စက်အဖွဲ့ဝင်တွေနဲ့ စခန်းတစ်ခုအဖြစ် ထူထောင်တယ်။ ကျွန်တော်မုံးကိုးရောက်စ
၁၉၇၆ ခုထဲမှာ မုံးကိုးမှာရှိတဲ့ အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာနမှာ ရဲဘော်လွင်ကို
ပထမဆုံးတွေ့ခဲ့ဘူးတာပါ။ မှတ်မှတ်ရရ တပ်မဟာ ၂ ကေဒါတွေ၊ ကွတ်ခိုင်ခရိုင် ကေဒါတွေ၊
ထောက်ပံ့ရေးဌာန ကေဒါတွေနဲ့အတူ မြို့ကလာတဲ့ ဗမာရဲဘော်တွေကို ပါတီသမိုင်းဆိုင်ရာ ဟောပြောဆွေးနွေး
ပွဲမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ နိုင်ငံရေးမှူးဦးစိုးသိမ်းနဲ့အတူ ရဲဘော်လွင်လဲ
ဟောပြောခဲ့တယ်။ ရဲဘော်လွင်အလှည့်မှာ “ပါတီ စိတ်ဓာတ်ဆိုတာဘာလဲ”ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောပါတယ်။
ဗကပတည်ထောင်ပြီးနောက်ပိုင်းမှာ
ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေအကြား ပါတီစိတ်ဓာတ်နဲ့ပတ်သက်ပြီး အမြင်မတူပုံအတော် များများကို
ရှင်းပြခဲ့တာမှတ်မိသေးတယ်။ အဲဒီတုံးက “ပါတီစိတ်ဓာတ်ဆိုတာ ကွန်မြူနစ်ဝါဒရည်မှန်းချက်ကိုဆုပ်ကိုင်ပြီး
ပါတီစည်းရုံးရေး စည်းကမ်းကို ဆန္ဒအလျောက်လိုက်နာတာဘဲ။
ကိုယ့်ဆန္ဒနဲ့မကိုက်ညီတဲ့အခါတွေမှာ အများစုကိုနာခံတာ၊ အထက်အဆင့်ကိုနာခံတာ၊
ကွန်ဂရက်ကိုနာခံတာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတဲ့အချက်နဲ့
ပါတီစိတ်ဓာတ်ကိုတိုင်းတာတယ်”လို့ သူပြောခဲ့တာမှတ်မိနေ သေးတယ်။
အဲဒီဆွေးနွေးပွဲမှာ
သခင်စိုးတို့ သခင်အောင်ဆန်းတို့ သခင်သိန်းဖေတို့နဲ့ပတ်သက်ပြီး
ပါတီစိတ်ဓာတ်ရှုထောင့်ကနေရှင်းပြတော့ နားလည်မှု အသစ်တွေရလာတယ်။ တချို့ကတော့
အဲဒီပါတီခေါင်းဆောင်တွေရဲ့အမှားဟာ စည်းရုံးရေးစည်းကမ်းချိုးဖောက်မှုသက်သက်မဟုတ်ဘူးလို့
ယူဆပြီး ပြန်လှန်မေးခွန်းထုတ်တာ ငြင်းခုန်တာတွေလဲတွေ့ရတယ်။ အဲသလိုဆွေးနွေးသူတွေဟာ
တပ်မဟာ ၂ က ကေဒါတွေသာမက တခြားဌာနတွေက တိုင်းရင်းသားကေဒါတွေဖြစ်နေတယ်။
ကျွန်တော်တို့ကတော့ ဒီလိုဆွေးနွေးပွဲမျိုးကို ပထမဆုံး တွေ့ကြုံရတာဖြစ်လို့
ပါတီတွင်းဆွေးနွေးပွဲဆိုတာ ဒီလိုပါလားလို့ခံစားလိုက်ရတယ်။ အခုနောက်ပိုင်း
စစ်ထောက်လှမ်းရေးကရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ အောက်ကလာတဲ့ ဗမာရဲဘော်တစ်စုဘဲ
ပါတီထိပ်ပိုင်းကို ရဲရဲဆန့်ကျင်ခဲ့ကြတယ်လို့ ပုံဖော်ကြတာတွေ့ရတယ်။
နောက်ထပ်
တောပြန်တစ်ယောက်ကလဲ ဗကပဟာ သခင်အောင်ဆန်းကို ပါတီသစ္စာဖောက်လို့ သတ်မှတ်တယ်ဆိုပြီးတောင်
ရမ်းတုတ်ခဲ့ တယ်။ ပါတီစိတ်ဓာတ်ရဲ့သဘောက ငြင်းစရာရှိရင် ပြင်းပြင်းထန်ထန်ငြင်းမယ်။
အချိန်တချိန်ကျရင် အလုပ်လုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချမယ်။ အဲသလိုဆုံးဖြတ်ပြီးရင်
အများစုဆုံးဖြတ်တာကိုနာခံဖို့ ဖြစ်ပါတယ်။ အထက်ဆိုရာမှာလဲ ပါတီကွန်ဂရက်တွေမှာ
အများစုက ရွေးကောက် တာဝန်ပေးလိုက်တဲ့ တာဝန်ခံအဆင့်ဆင့်ဖြစ်လို့ အထက်ရဲ့ဆုံးဖြတ်ချက်တို့
အထက်ရဲ့သဘောတူချက်တို့ကို တစ်ပါတီလုံးကနာခံတာ ဖြစ်ပါ တယ်။
လွတ်လွတ်လပ်လပ်နေထိုင်လုပ်ကိုင်တာကို အကျင့်ဖြစ်နေတဲ့ကျွန်တော်တို့ မြို့ပေါ်ကလာသူတွေအတွက်
အခက်ခဲဆုံးပြဿနာဟာ အဲဒီပါတီစည်းကမ်းဘဲဖြစ်ပါတယ်။
ကျွန်တော်တို့ရောက်ခါစက
ပါတီစိတ်ဓာတ်ကို အဲသလိုနားလည်အောင် ပညာပေးခဲ့တဲ့ရဲဘော်ဟောင်းကြီးဟာ ၁၉၈၉ ခု ဝ တပ်တွေ
ခွဲ ထွက်တော့ ကိုယ့်ပါတီခေါင်းဆောင်တွေနဲ့ မပူးပေါင်းတော့ဘဲ ဝအဖွဲ့နဲ့ပူးပေါင်းသွားတာကလဲ
အံ့အားသင့်စရာကောင်းသလို သံဝေဂယူစရာ တစ်ခုလဲဖြစ်နေတယ်။ သူအပါအဝင်
ပန်ဆန်းမှာကျန်နေသူတွေကို တစ်ဖက်ကမ်း တရုတ်ပြည်နယ်စပ်ရောက်နေကြတဲ့ ပါတီခေါင်းဆောင်
တွေက ဝထဲမှာမနေဘဲ ပါတီရှိရာလာခဲ့ကြဖို့ စာတွေရေးခေါ်ပေမဲ့ တရုတ်ပြည်ထဲမှာ
ဘာမှလုပ်စရာမရှိဘူး၊ ဝတွေထဲမှာဘဲ အလုပ်လုပ် တော့မယ်လို့ သူ အကြောင်းပြန်ခဲ့တယ်။
၁၉၈၅ ဗဟိုကော်မတီထဲက ကချင်နဲ့တရုတ် ဗဟိုကော်မတီနှစ်ဦးလဲ ဝနဲ့ ပူးပေါင်းတယ်။
ရဲဘော်လွင်ကတော့
၁၉၈၅ ကွန်ဂရက်မှာ အရန်ဗဟိုကော်မတီကနေ ဖယ်ပေးခဲ့ရပြီး စစ်ဒေသ နိုင်ငံရေးဌာနမှူးလုပ်နေချိန်မှာ
ဝတပ်ရဲ့ အာဏာအသိမ်းခံရတာဖြစ်ပါတယ်။ အဲသလို ဝအဖွဲ့ထဲမှာနေခဲ့ရာက ၇ လ လောက်အကြာ ၁၉၈၉
နှစ်ကုန်မှာတော့ သူနဲ့ အရန်ဗဟိုကော် မတီဟောင်း ဦးသန်းလွင်ထွန်းအပါ ဝတပ်ဖွဲ့ထဲမှာ ဝနိုင်ငံရေးဌာနကြီးမှူးတို့
ဝပါတီအတွင်းရေးမှူးတို့ စစ်ဦးစီးဌာနတို့မှာလုပ်ခဲ့တဲ့ ဗမာကေဒါ ၃ဝ ကျော်ဟာ
အိမ်ထောင်သည်တွေနဲ့အတူ တရုပ်ပြည်ဖက်ကို ထွက်ပြေးလာရတယ်။ ဗကပ က စီစဉ်ပေးခဲ့လို့
ဗဟိုယာယီရောက်ရှိရာ ကချင် ပြည်နယ်အရှေ့မြောက် ပန်ဝါဒေသကို သူတို့လာရောက်ပူးပေါင်း
နိုင်ခဲ့ကြပါတယ်။
သူတို့ရောက်ပြီး
သိပ်မကြာခင်မှာ ဗကပ ၁ဝ၁ စစ်ဒေသလဲ အစိုးရနဲ့ငြိမ်းချမ်းရေးယူလိုက်တဲ့အတွက်
ပါတီဖရိုဖရဲဖြစ်ပြီး ခေါင်းဆောင်အားလုံး တရုတ်ပြည်ထဲ ပြောင်းရွှေ့ကြရတယ်။
အဲဒီအချိန်မှာ နောက်မှ ပန်ဆန်းကရောက်လာသူတချို့နဲ့ ပန်ဝါမှာရှိနေသူတချို့ပူးပေါင်းပြီး
ပါတီတစ်ခု ထောင်လိုက်ကြတယ်။ ကံမကောင်းချင်တော့ သူတို့ပါတီကို အားပေးထောက်ခံမဲ့ခေါင်းဆောင်က
အိမ်နိမ့်စံဘဝ ရောက်သွားချိန်မှာ ပါတီ ထောင်မိရက်သားဖြစ်နေတယ်။ ကချင်တွေက နဝတ
အစိုးရနဲ့ဆက်သွယ်ပေးပေမဲ့ သူတို့ဒေသမှာတော့ နေခွင့်မပေးဘူး။ သူတို့ပါတီက
မြစ်ကြီးနား NDA(K) ဆက်သွယ်ရေးရုံးကတဆင့် နဝတနဲ့ ဆွေးနွေးလိုကြောင်း
ကြေးနန်းနဲ့ကမ်းလှမ်းပါတယ်။ ဟိုဘက်က “သူတို့အစိုးရဟာ စစ်အစိုးရသာဖြစ်လို့
နိုင်ငံရေး မဆွေးနွေးနိုင်ပါ။ ပြန်လာချင်ရင် လုံခြုံမှုကိုတာဝန်ယူုပါမယ်”လို့
အကြောင်းပြန်ခဲ့တယ်။
ဒီလိုနဲ့
ပန်ဝါမှာနေခွင့်မရတဲ့ သူတို့အုပ်စုဟာ တရုပ်ပြည်ထဲ ယာယီရောက်ရှိသွားပြီး ၂ လ
လောက်အကြာမှာ ဗမာပြည်ထဲရောက်ရှိသွား ခဲ့တယ်။ အဲဒီထဲမှာ ရဲဘော်လွင်ကလဲ သူတို့
ပါတီနာယကအဖြစ်ပါသွားခဲ့တယ်။ နောက်ဆုံး ရန်ကုန်ကိုရောက်သွားပြီး အမနဲ့ယောက်ဖဖြစ်သူ
ဆရာမကြီး ဒေါ်ခင်မျိုးချစ်နဲ့ ဦးခင်မောင်လတ်တို့ဆီမှာ နေတယ်လို့ကြားရတယ်။ အဲဒီကနေ
စာရေးဆရာကြီး စိန်ခင်မောင်ရီဆီကို ရောက်သွား ပြီး အဲဒီအိမ်မှာဘဲ ကွယ်လွန်သွားခဲ့တယ်။
ရဲဘော်လွင်ဟာ သူ့ပန်းချီကားတွေနဲ့ ရုရှားပြန်အမှတ်တရပစ္စည်းတွေကို တလျှောက်လုံး တယုတယ
ထားတတ်သူဖြစ်ပါတယ်။ ဝနယ်မှာကျန်ရစ်တုံးက သူ့ပန်းချီကားတချို့ အဖျက်ဆီးခံလိုက်ရသလို
ပန်ဝါကထွက်တော့လဲ သူ့ရဲ့ ကားလ်မတ်ရုပ်တုလေးနဲ့ စာရွက်စာတမ်းတွေ အဖျက်ဆီးခံလိုက်ရတယ်။
ဘယ်လောက်များ ရင်ကျိုးရှာမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ရဲဘော်လွင်
ကွယ်လွန်တာကိုကြားရတော့ အတော်ကလေးစိတ်မကောင်းဖြစ်မိတယ်။ သူဟာ
တော်လှန်ရေးစိတ်ပြင်းထန်ပေမယ့် ပေါ့ပေါ့ ပါးပါး အေးအေးဆေးဆေးနေလိုသူ ဖြစ်နေတယ်။
စာတွေရေးပြီး ပန်းချီတွေဆွဲနေသင့်သူမျိုး ဖြစ်ပါတယ်။ သူ့ကျန်းမာရေးက သိပ်
ကောင်းလှတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့အတူ နေခဲ့တဲ့ကာလအတွင်း ညကြီးသန်းခေါင်ထပြီး အော်တာ ယောင်တာတွေမကြာခဏ
လုပ်တတ်တယ်။ အဲသလိုအော်နေရင် အိပ်ပျော်ရာကနိုးအောင် ကျွန်တော်တို့ သူ့ကိုသွားနှိုးရတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ သူ့
အကြောင်းကို ရဲဘော်ဟောင်းကြီးတွေ ပြန်ပြောပြမှ ကျွန်တော်တို့လဲ ပိုသဘောပေါက်သွားတယ်။ ရဲဘော်လွင်ခေါ် ဦးသိန်းအောင်ဟာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်တက်ဘူးသူဖြစ်ပြီး စစ်အတွင်းမှာ ဗကပ ဖြစ်လာတယ်။ လွတ်လပ်ရေးယူဖို့ BDA တပ်တွေကို
ဖျက်သိမ်းပြီး ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကိုပြန်ဖွဲ့တော့ ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့ ရဲဘော်အများစုကြီးဟာ တပ်ကထွက်လိုက်
ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ရဲဘော်အဖြစ်ပြန်ဖွဲ့တဲ့အထဲ အဲဒီတပ်ထွက်အများစု ပါသွားတယ်။ ဂျပန်တော်လှန်ရေးတုံးက ဗကပရဲ့ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဝင်အများစုလဲ ကွန်မြူနစ်ပါတီရဲ့ တပ်နီထဲရောက်လာတယ်။ ပဲခူးမှာ ဂျပန်တော်လှန်ရေးထဲပါခဲ့တဲ့ ရဲဘော်ဟောင်း တစ်ဦးကွယ်လွန်တော့ သူ့အလောင်းကို ပြည်သူ့ရဲဘော်တွေက လာတောင်းတယ်။ တပ်နီတွေကလဲ မပေးချင်ဘူး ။ အဲသလို ကိုယ့်လူသူ့လူ အငြင်းပွားရာက လုတဲ့အဆင့်ကိုရောက်လာတော့ ရဲဘော်လွင်ဟာ အလောင်းကိုမပေးဘဲ ဖက်ထားခဲ့တယ်။ အဲသလိုလုပ်တဲ့အတွက် သူ့ခေါင်းကို တုတ်နဲ့ဝိုင်းရိုက်တာခံလိုက်ရတယ်။ အဲဒီဒဏ်ရာဟာ သေရာပါဒဏ်ရာဖြစ်သွားခဲ့တယ်။ သူ့အခက်အခဲ သူ့ကျန်းမာရေး သူ့အကျင့် ဓလေ့မျိုးနဲ့ဆိုရင် သူ့ကိုနားလည်တဲ့ သူ့အနွံအတာကိုခံကြတဲ့ ရဲဘော်တွေအကြားမှာဘဲနေသင့်သူ တစ်ယောက် ဖြစ်ပါတယ်။
ကောင်းလှတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့အတူ နေခဲ့တဲ့ကာလအတွင်း ညကြီးသန်းခေါင်ထပြီး အော်တာ ယောင်တာတွေမကြာခဏ
လုပ်တတ်တယ်။ အဲသလိုအော်နေရင် အိပ်ပျော်ရာကနိုးအောင် ကျွန်တော်တို့ သူ့ကိုသွားနှိုးရတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ သူ့
အကြောင်းကို ရဲဘော်ဟောင်းကြီးတွေ ပြန်ပြောပြမှ ကျွန်တော်တို့လဲ ပိုသဘောပေါက်သွားတယ်။ ရဲဘော်လွင်ခေါ် ဦးသိန်းအောင်ဟာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်တက်ဘူးသူဖြစ်ပြီး စစ်အတွင်းမှာ ဗကပ ဖြစ်လာတယ်။ လွတ်လပ်ရေးယူဖို့ BDA တပ်တွေကို
ဖျက်သိမ်းပြီး ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကိုပြန်ဖွဲ့တော့ ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့ ရဲဘော်အများစုကြီးဟာ တပ်ကထွက်လိုက်
ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ရဲဘော်အဖြစ်ပြန်ဖွဲ့တဲ့အထဲ အဲဒီတပ်ထွက်အများစု ပါသွားတယ်။ ဂျပန်တော်လှန်ရေးတုံးက ဗကပရဲ့ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဝင်အများစုလဲ ကွန်မြူနစ်ပါတီရဲ့ တပ်နီထဲရောက်လာတယ်။ ပဲခူးမှာ ဂျပန်တော်လှန်ရေးထဲပါခဲ့တဲ့ ရဲဘော်ဟောင်း တစ်ဦးကွယ်လွန်တော့ သူ့အလောင်းကို ပြည်သူ့ရဲဘော်တွေက လာတောင်းတယ်။ တပ်နီတွေကလဲ မပေးချင်ဘူး ။ အဲသလို ကိုယ့်လူသူ့လူ အငြင်းပွားရာက လုတဲ့အဆင့်ကိုရောက်လာတော့ ရဲဘော်လွင်ဟာ အလောင်းကိုမပေးဘဲ ဖက်ထားခဲ့တယ်။ အဲသလိုလုပ်တဲ့အတွက် သူ့ခေါင်းကို တုတ်နဲ့ဝိုင်းရိုက်တာခံလိုက်ရတယ်။ အဲဒီဒဏ်ရာဟာ သေရာပါဒဏ်ရာဖြစ်သွားခဲ့တယ်။ သူ့အခက်အခဲ သူ့ကျန်းမာရေး သူ့အကျင့် ဓလေ့မျိုးနဲ့ဆိုရင် သူ့ကိုနားလည်တဲ့ သူ့အနွံအတာကိုခံကြတဲ့ ရဲဘော်တွေအကြားမှာဘဲနေသင့်သူ တစ်ယောက် ဖြစ်ပါတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment