Wednesday, February 20, 2019

(သက်ပြင်းနဲ့သက်မ ဘယ်ဟာချကြရမလဲ) မျိုးမြင့်ချို

0 comments
(သက်ပြင်းနဲ့သက်မ ဘယ်ဟာချကြရမလဲ)
ဒေါ်နယ်လ်ထရမ့်ပ်က အမေရိကန်ဘက်က တောင်းဆိုထားတာတွေဖြစ်တဲ့ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်၊ နည်းပညာခိုးယူလက်လွှဲတဲ့ကိစ္စ၊ လယ်သမားတွေနဲ့ ကုမ္ပဏီတွေအခြေအနေမဟန်တိုင်း အစိုးရကနေ အမတော်ကြေးထောက်ပြီး ဝင်ကယ်တာ၊ အမေရိကန်ပစ္စည်းတွေ ခုထက် ပိုဝယ်တာ၊ ငွေတန်ဖိုးမြှင့်တာ စတာတွေအကုန်ကို တရုတ်ဘက်က မလိုက်လျောခဲ့ရင် မတ်လ ၁ ရက်နေ့ကစပြီး တရုတ်သွင်းကုန်တွေအပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်လို့ အကြပ်ကိုင်ထားတာရှိပါတယ်။ သဘောကတော့ လိုက်လျောရင်လျော မလျောရင် တွယ်မယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။


ပြဿနာက တရုတ်ဘက်ကလည်း စီးပွားရေးနဲ့ ငွေကြေးဈေးကွက်အရ ပြန်တွယ်နိုင်တဲ့အခြေအနေတွေ ရှိနေတာဖြစ်တယ်။ စစ်အင်အားအရ မယှဉ်နိုင်ပေမယ့် ဓနအင်အားအရတော့ သူမသာကိုယ်မသာ အနေအထားဖြစ်နေပါတယ်။ အမေရိကန်က တဦးတည်းစူပါ ပါဝါဖြစ်ချင်တော့ စစ်ရေးအသုံးစရိတ်အပါအဝင် တိုင်းပြည်ပြင်ပမှာ လူမွေးရ၊ စစ်တပ်မွေးရ၊ အစိုးရမွေးရတဲ့ စရိတ်စခတွေရှိတယ်။ စူပါ ပါဝါဆိုတာ အလကားလုပ်လို့မှ မရတာကိုး။ တရုတ်မှာက အဲ့ဒါအတွက်အကုန်အကျက မရှိသလောက်လို့ပြောရမှာပါ။ သူက စီးပွားရေးနဲ့နိုင်ငံရေး၊ သံခင်းတမန်ခင်းသြဇာထူထောင်ပြီး အဲ့ဒီနယ်ပယ်တွေမှာ စူပါ ပါဝါလုပ်ဖို့ လုံးပမ်းနေတာပါ။ သဘောကတော့ အမေရိကန်က Hard Power ကို အားပြုပြီး တရုတ်က Soft Power ကို လက်ကိုင်ထားတယ်ဆိုတဲ့သဘောပါဘဲ။


အိုဘားမားလက်ထက်မှာ အဲ့ဒါ ၂ ခုပေါင်းပြီး Smart Power ဆိုပြီး လုပ်ဖူးပါတယ်။ တိုင်းပြည်စီးပွားရေး ပြန်တက်လာပါတယ်။ ဘုရှ်လက်ထက်နဲ့စာရင် အမေရိကန်တွေကို လူချစ်လူခင်ပြန်များလာတယ်။ ဒီလောက်ပါဘဲ။ ဗမာ့အရေးမှာတော့ စစ်အုပ်စုနဲ့ အလွမ်းပြန်သင့်ပြီး ရွှေလမ်းငွေလမ်းပြန်ဖောက်ခဲ့ပါတယ်။ ဦးသိန်းစိန်တို့ ဒေါ်စုတို့ကို အိမ်ဖြူတော်ခေါ်ပြီး ကျောသပ်ရင်သပ်လေး လုပ်ပေးခဲ့ပါတယ်။ ဒေါ်စုနဲ့ဗမာ့ဒီမိုကရေစီအင်အားစုတွေကိုနားချနိုင်တာတခုပဲ မြင်မြင်ထင်ထင်ပြောစရာကျန်ပါတယ်။ ဒါတောင် OBOR ကိစ္စ ဒေါ်စုက တရုတ်ကို နသားပါယားအလုပ်များသွားလို့ ရိုဟင်ဂျာကိစ္စကောက်ကိုင်ပြီး ဆက်ဆံရေးပြန်ကျဲသွားတာတွေ့ရပါတယ်။ ဒေါ်စုကတော့ ‘မဟုတ်လည်း ပူနေပါပြီသမီးရယ် တရုတ်လည်းလူပါဘဲ’ဆိုပြီး တရုတ်နဲ့ နှစ်ကိုယ်တူချစ်သမျှကိုလုပ်လိုက်ရပြီး နိုင်ငံတကာ့တံတွေးခွက်မှာ ပက်လက်မျောသွားပါတယ်။ အရင်လို ခေါင်းမမော်နိုင် ဖြစ်သွားပါတယ်။ စစ်အုပ်စုကတော့ပါးတော့ အမေရိကန်-တရုတ်-ရုရှား-အီးယူ-အာဆီယံတွေကြားမှာ ခွကစားရင်း ဆင်ပေါ်ကလူ အလံတလူလူ လွှင့်နေနိုင်တာသတိထားမိပါတယ်။ နောက်တချက်က ဒေါ်ကြီးက သူ့တံတိုင်းကိစ္စနဲ့ ပြည်တွင်းမှာရှုပ်နေတာရယ်၊ စီးပွားရေးကျတာရယ်၊ ပီပြင်ပြတ်သားတဲ့ နိုင်ငံခြားရေးနဲ့မဟာမိတ်ပေါ်လစီ မရှိတာရယ်တွေပေါင်းပြီး ဂျာအေးသူ့အမေရိုက်ဖြစ်နေတာဆိုတော့ ဗမာဘက်မလှည့်အားဘူး။ အဲ့ဒီမှာ ဗမာစစ်အုပ်စု အနေအစား ချောင်နေတာဖြစ်ပါတယ်။


အဲ့ဒါတွေအကုန်လုံးကြောင့် ကျနော်တို့ဘက် မလှည့်အားဘူးလို့ပြောရပေမယ့် စီးပွားရေးကျနေတာက တကယ့်အဓိကကျတဲ့ အကြောင်းအချက်ဖြစ်ပါတယ်။ ပိုက်ဆံအရင်လို ဖောဖောသီသီမသုံးနိုင်ဘူး။ မပေးနိုင်မကမ်းနိုင် လက်သိတ်မဖွာနိုင်ဘူး။ အမေရိကန်တွေ နိုင်ငံခြားအစိုးရမွေးတဲ့နည်းဟာ ပြန်ရတာက တော်တော် ကြိုစိုက်ထားရတဲ့အရင်းက သိတ်ကြီးပါတယ်။ ငွေအလွန်ဖြုန်းရပါတယ်။။ ခုက ပြည်ပကြွေးမြီတွေကလည်းထူ၊ ပြည်တွင်းအစိုးရဘတ်ဂျက်ကလည်း မကြုံစဘူးထူးထူးကဲကဲကြီးကိုလိုငွေပြဆိုတော့ ဘေးရောနံရော ကျပ်နေတဲ့သဘောဖြစ်နေတော့ စူပါ ပါဝါလက်ပမ်းမကျသေးပေမယ့် ခြေတော့နည်းနည်းကုန်လာတဲ့သဘောဖြစ်ပါတယ်။ ထားပါတော့ အဲ့ဒါက လူတိုင်းသိနေမင့်ဟာမို့။


ပြန်ဆက်ရရင် တရုတ်ဘက်ကလည်း အမေရိကန်နဲ့ဖြစ်နေတဲ့ကုန်သွယ်စစ်ကို ပြေငြိမ်းချင်တယ်။ ဒါ့ကြောင့် အမေရိကန်ဘက်က တောင်းဆိုတာတွေကို အစွမ်းကုန်မဟုတ်တောင် တော်တော်များများ လိုက်လျောတာတွေ့ရပါတယ်။ ဆွေးနွေးပွဲတွေမှာ အမေရိကန်ကို အကြောပေးပြီး အောက်စီးကနေ ပျော့ပျော့ပျောင်းပျောင်း သွားနေတယ်။ ကုန်သွယ်စစ်ကြောင့် သူလည်း စီးပွားရေးအတက်နှုန်း သိသိသာသာကျသွားတယ်။ ဆက်အကျမခံနိုင်ဘူး။ ဆက်ကျရင် ငွေကိုရေလိုသုံးပြီးရင်းရမယ့် OBOR ကိစ္စကို သွားထိခိုက်နိုင်တယ်။ ပြီးတော့ တောင်တရုတ်ပင်လယ်က ရေပိုင်နက်ကိစ္စနဲ့ ကျွန်းတွေသူပိုင်ငါပိုင်ကိစ္စ၊ ထိုင်ဝမ်ကိစ္စတေအထွိပါ မီးခိုးကြွက်လျှောက်ဖြစ်ပြီး စစ်ပူဘက် ကူးလာမှာလည်း လန့်နေတာသိသာပါတယ်။ အမေရိကန်က အကြွးပြန်မဆပ်ချင်လို့ စစ်မြှူပြီး ရန်စောင်နေမှန်းသိလို့ ပါးပါးနပ်နပ်နဲ့ စစ်ကိုကွင်းပြီးသွားနေပုံများလားက တွေးစရာဖြစ်မှာပါ။ တပြိုင်တည်းမှာပဲ အမေရိကန်ဘက်က တောင်းသလောက်အကုန် လိုက်လျောဖို့ဆိုတာက တရုတ်အတွက် ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့လိုသာ လိုက်လျောလိုက်ရရင် တရုတ်တွေ ကမ္ဘာပတ်ပြီးစီးပွားရေး လုပ်မရတဲ့အနေအထားအထိ ကျပ်သွားနိုင်တယ်။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာအနေအထား ဒါမှမဟုတ် ပိုနေမြဲကျားနေမြဲအဆင့် ပြန်ဖြစ်ဖို့ ဇောင်းပေးနေတာ မြင်သာပါတယ်။ အမေရိကန်ဘက်ကလည်း အဲ့လိုနေလို့မရဘူး။ မရဘူးဆိုတာက မနှစ်ကတနှစ်တည်း ၂ နိုင်ငံ ကုန်သွယ်တာမှာ တရုတ်ဘက်က ဘီဘီယံ ၃ ရာလောက် ပိုငွေရသွားတယ်။ ဒါတောင် အမေရိကန်ကိုပို့တဲ့ တရုတ်ပို့ကုန်က ရာခိုင်နှုန်း ၄ဝ စွန်းစွန်းလောက် ကျသွားတာပါ။ ဆိုတော့ အမေရိကန်ကလည်း အရင်လိုရော ပိုနေမြဲကျားနေမြဲရော မနေနိုင်ဘူး။ လိုငွေပြတာကိုပြန်ကြေဖို့ တခုမဟုတ်တခုတော့ လုပ်ကိုလုပ်ရမယ့် အနေအထားဖြစ်နေတယ်။ အမေရိကန်အရင်းရှင်ကြီးတွေကို ဖြေဆေးထိုးပေးရမယ့်သဘောလို့ ဆိုလိုတာပါ။ တပြိုင်တည်းမျာ တရုတ်ကိုဦးချိုးထားနိုင်ဖို့လည်းဖြစ်ပါတယ်။ ဒီတချီ စစ်ပြင်ထားပြီးမှ တပ်လန်သွားရင် နောင်ကို ကုန်သွယ်ရေးထိုးစစ်အသစ်တခုခုစဖို့ တော်တော်နဲ့မလွယ်ပါဘူး။ ဘောဂဗေဒပညာရှင်တွေကလည်း ၂ဝ၁၉ လောက်မှာ ကမ္ဘာ့စီးပွားရေးကြီး ဆုတ်ယုတ်စရာရှိတယ်၊ ၂ဝ၂ဝ မှာ တရုတ်ဟာ ကမ္ဘာ့စီးပွားရေးအကြီးဆုံးနေရာကို ရသွားနိုင်တယ်စတဲ့ ဟောကိန်းတွေထုတ်ထားပါတယ်။ မှန်မမှန်က စောင့်ကြည့်ရင်း မြင်ကြရမှာပါ။ ဒီပွဲမှာတော့ ဒေါ်နယ်လ်ထရမ့်ပ် မနိုင်ရင် ရှူံးမှာပါ။ သရေတောင် အနိုင်နိုင်ဖြစ်သွားမလားအထိ တွေးပူသူတွေ ပူနေတာရှိပါတယ်။


စိတ်ဝင်စားစရာလည်းကောင်း စိတ်ပူစရာလည်းကောင်းတာက ဖေဖော်ဝါရီကုန်တော့မှာကိုပါပဲ။ သူတောင်းဆိုတာတွေ မလိုက်လျောရင် မတ်လ ၁ ရက်နေ့ကစပြီး ရာချီတဲ့တရုတ်ကုန်စည်တွေအပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်းကောက်မယ့်အစီအစဉ် ပြန်အစဖော်မယ်လို့ ပြောထားတာကိုး။ ဒါပေမယ့် ခုဆွေးနွေးပွဲတွေ အခြေအနေပြန်ကောင်းလာတာက တကြောင်း၊ စီးပွားရေးကျချက် နည်းနည်းကြမ်းလာတာက တကြောင်း၊ ကမ္ဘာနဲ့အဝှမ်း ဒေါ်လာဈေးအနိမ့်ဘက် လိုက်လာတာက တကြောင်း၊ ဆီးရီးယား၊ ယီမင်နဲ့ဗင်နီဇွဲလားအပူတွေ ကူးနေတာက တကြောင်း၊ တံတိုင်းကိစ္စနဲ့ သမ္မတနဲ့လွှတ်တော်တွေ တရားရုံးတွေကြား သူတင်ကိုယ်တင်ဖြစ်နေတာက တကြောင်း၊ တရုတ်သွင်းကုန် အထိုက်အလျှောက်လျော့ကျလာတာက တကြောင်း၊ စတဲ့တခြားအကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် တနေ့ကတော့ လေသံနည်းနည်းပြောင်းလာပါတယ်။ စကားလည်း နည်းနည်းပြန်ဖေါ့လာပါတယ်။ လူတွေလည်း စိတ်ဖြေရာလေးရသလိုရှိပါတယ်။ တနေ့ရွှေတနေ့ငွေဖြစ်နေတဲ့ စတော့ဈေးကွက်လည်း ထောင်ထောင် ထောင်ထောင်ပြန်ဖြစ်လာပါတယ်။ ဒေါ်နယ်လ်ထရမ့်ပ်က"အခွန်တိုးကောက်တာတွေကို ဘယ်လိုအခြေအနေရမှလုပ်မယ်လို့ တိတိကျကျသတ်မှတ်ထားတာ မဟုတ်ပါဘူး၊ ခုလည်း ဆွေးနွေးပွဲတွေက အခြေအနေကောင်းပါတယ်၊ ဒီ့ထက်ပိုကောင်းမွန်လာလိမ့်မယ်လို့လည်း အကောင်းဘက်ကမြင်ပါတယ်”ဆိုပြီးပြောလာပါတယ်။ သဘောကတော့ မတ်လ ၁ ရက်နေ့မှာ ပြန်အစဖော်မယ့် သွင်းကုန်ခွန်တိုးကောက်မှာကို ရက်ရွှေ့ပေးရင်ပေးနိုင်တယ်ဆိုတဲ့သဘောမျိုး စကားဦးသန်းထားတာပါ။

မတ်လ ၁ ရက်နေ့ နီးပါပြီ။ ၂ ဘက်လုံးက ရင်တမမနဲ့နေရတဲ့ စီးပွားရေးသမားတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ငွေကြေးလုပ်ငန်းတွေ သက်ပြင်းပဲချရမလား သက်မကြီးတချချပဲဆက်နေရမလားကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ကြည့်ပါလို့ဆိုချင်ပါတယ်။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၂ဝ၊ ၂ဝ၁၉)

0 comments:

Post a Comment