လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၇)
(၇)
ဓလေ့ဆိုးကိုဖျက်ခဲ့လို့ သွေးစည်းလာကြပြီ
ညနေစောင်းတစ်ခုမှာ
ကျွန်တော်ဟာ အရှေ့မြောက်စစ်ဒေသဌာနချုပ်ထဲကို လာခဲ့တယ်။ ဗဟိုရုံးက
သူ့နေရာသစ်ကိုပြောင်းသွားပြီဖြစ်လို့ အဝင်အထွက် သိပ်မတင်းကျပ်တော့ပါဘူး။
အရင်တုံးကဆိုရင် အဝင်ဝကင်းတဲမှာ စစ်မြေပြင်သုံး လက်လှည့်ကြိုးဖုန်းနဲ့ဆက်ပြီး
ရုံးအုပ် ဆရာယန် ဒါမှမဟုတ် ဆရာစန်းမောင်တို့ကို ဝင်ခွင့်တောင်းရတယ်။ သူတို့က တာဝန်ကျကင်းစောင့်
ဝ ရဲဘော်ကို “ကေ့ထားကျင့်လိုင်” သူ့ကို ပေးဝင်လိုက်ပါလို့ တရုတ်လိုလှမ်းပြောမှ ဝင်လို့ရပါတယ်။
ဆရာယန်ဆိုတာ ရန်ကုန်နန်ယန်တရုတ်ကျောင်း ကကျောင်းဆရာဟောင်း တစ်ဦးဖြစ်ပြီး
တရုတ်ဗမာအရေးအခင်းမှာ တရုတ်ပြည်ကို ပြန်ကြတဲ့ကျောင်းဆရာတချို့နဲ့အတူ အရှေ့မြောက်ကို
ရောက်လာသူဖြစ်ပါတယ်။ သူကဆက်ဆံရေးအဆင်ပြေသလို စည်းကမ်းလည်း တင်းကျပ်သူဖြစ်ပါတယ်။
စစ်ဒေသဌာနချုပ်မှာရှိနေတုန်း ထမင်းစားချိန်ရောက်လို့ သူတို့ ဘုံရိက္ခာရုံမှာဝင်စားချင်ရင်
သူ့ဆီမှာ စာရင်းပေးရတယ်။ သူကမစားနဲ့လို့ ဘယ်တော့မှမပြော ဘူး။ စားပါစားပါ၊
စားပြီးရင် တစ်ကျပ်ခွဲပေးထား ခဲ့ပါလို့ပြောလေ့ရှိတယ်။
ဌာနချုပ်ထဲမှာ
ဝမြောက်ခရိုင်ကလာတဲ့ ခရိုင်နိုင်ငံရေးမှူး ရဲဘော်မြသောင်းတို့ အစည်းအဝေးအပြီး
အနားယူနေတာကိုတွေ့ရတယ်။ ကျွန်တော်က ကိုခိုင်အောင်(ကိုကျော်ဇောဦး)နဲ့ကြိုပြီးပြောထားလို့
ကျွန်တော်ရောက်လာတာနဲ့နှုတ်ဆက်ပြီး သူ့အခန်းထဲကို ခေါ်သွားတယ်။ ဦးမြသောင်းဟာ
ဂျပန်တော်လှန်ရေးကာလ ပဲခူးရိုးမမှာ ဂျပန်တပ်မ ၅၅ ကိုတိုက်ခိုက်ခဲ့ဘူးသူဖြစ်ပါတယ်။
သူဟာ အိန္ဒိယအင်္ဂလိပ်စစ်ကျောင်း ဆင်းဖြစ်ပြီး ဗမာ့တပ်မတော်ပြန်ဖွဲ့တော့ သနက ၃ မှာ
ဗိုလ်အဖြစ်တာဝန်ထမ်းဆောင်တယ်။ ၁၉၄၈ခု သနက ၃ ပုန်ကန်တော့ သူလည်းပါဝင် လာပြီး
တော်လှန်သောဗမာ့တပ်မတော်အဖြစ် တောထဲရောက်လာတယ်။ ၁၉၅၂ တဝိုက်မှာ တရုတ်ပြည်ပညာသင်ရောက်သွားခဲ့သူ
ဖြစ်ပါ တယ်။
၁၉၆၉
ဗကပအလုပ်အဖွဲ့နဲ့အတူ ဝနယ်ကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူတို့ ဝနယ်အလုပ်အဖွဲ့ခေါင်းဆောင်က
ကျိုးခွင်းရှီဖြစ်ပြီး ဝနယ်မှာ ဒေသခံတွေဖွဲ့စည်းထားတဲ့ ခွင်းမားပြောက်ကျား၊ အိုက်ချိန်ပြောက်ကျား၊
ဟိုစွမ်ပြောက်ကျား၊ ပန်ဝိုင်ပြောက်ကျားစတဲ့ ပြောက်ကျား အဖွဲ့တွေကို စုစည်းပြီး
အမြဲတမ်းတိုက်ခိုက်ရေးတပ်ရင်းတွေ အဖြစ်ဖွဲ့တာတွေလုပ်တယ်။ အဲသလိုဖွဲ့ရင်းအစိုးရကာကွယ်ရေးတွေ
စော်ဘွား ကာကွယ်ရေးတွေကိုလည်း တိုက်တယ်။ ဟိုပန်ဒေသမှာ လှုပ်ရှားတဲ့ လူရှင်းကော်ကာကွယ်ရေးတပ်ကိုတော့
သိမ်းသွင်းနိုင်လိုက်တယ်။ နောက်ဆုံးတော့ ခွင်းမားပြောက်ကျားတပ်ဟာ ၄ဝ၄၈
တပ်ရင်းဖြစ်လာတယ်။ အိုက်ချိန်ပြောက်ကျားအဖွဲ့က ၅ဝ၁ တပ်ရင်းဖြစ်လာသလို
ဟိုစွမ်ပြောက်ကျားက ၄ဝ၄၈ တပ်ရင်း၊ ပန်ဝိုင် ပြောက်ကျားက ၄ဝ၄၉ တပ်ရင်းဖြစ်လာတယ်။
၁၉၇၃
နှစ်ဆန်းပိုင်းရောက်တော့ ဝနယ်မြောက်ပိုင်း ကုန်းမင်တောင်ခြေမှာရှိတဲ့
မိုင်းမောကိုဝင်ရောက်သိမ်းပိုက်ကြတယ်။ မိုင်းမောကတဆင့် တပ်တချို့က ဝနယ်တောင်ပိုင်းမှာရှိတဲ့ခလရ
၃၃ ရဲ့ ကလုံပါတပ်စုကိုချေမှုန်းသလို မန်ရှန်တပ်ခွဲကိုလည်းချေမှုန်းတဲ့အခါ ကျန် ခလရ၃၃
တပ်ခွဲတွေ ဆုတ်ပြေးကုန်တယ်။ ဒီအခါမှာဗကပတွေဟာ ပန်ယန်းအထိသိမ်းပိုက်လိုက်ပြီးအနီးတဝိုက်မှာရှိတဲ့
ကိုမင်တန် KMT ထောက်လှမ်း ရေး တပ်စခန်းတွေကို တိုက်ခိုက်မောင်းထုတ်လိုက်ကြတယ်။
၁၉၇၄ ခုမှာတော့ တပ်ရင်း၁၅ ရင်းအထိဖြစ်လာသလို တပ်ရင်းတစ်ခုစီရဲ အင်အားကလည်း
အစပိုင်းကလူ ၂ဝဝ ဝန်းကျင်ရှိရာကနေ ၆ဝဝ၊ ၇ဝဝ ဖြစ်လာတယ်။ အဲဒီနှစ်မှာဘဲ အရှေ့မြောက်
စစ်ဒေသဌာနချုပ်ကို ပန်ဆန်းမှာ အခြေစိုက်လိုက်တယ်။
“ရဲဘော်မြသောင်းတို့ရောက်လာတော့
ဝတွေခေါင်းဖြတ်တာ ကြုံသေးလား”
“ကိုယ်တိုင်တော့မတွေ့ဘူးဘူးဗျ။
ဒါပေမယ့် ကျွန်တော်တို့ ရဲဘော်နှစ်ယောက်တော့ အဖြတ်ခံလိုက်ရတယ်’
သူနဲ့တပ်ဖွဲ့တစ်ဖွဲ့ဟာ
မိုင်းမောကထွက်လာပြီးအုမ်းသီးဆိုတဲ့နေရာမှာ ကာကွယ်ရေးတွေနဲ့
အပြင်းအထန်တိုက်ပွဲဖြစ်ကြတယ်။ မိုးတွေကလည်း ရွာနေတယ်တဲ့။
ကာကွယ်ရေးတွေဆုတ်ခွာနေတာကို သူတို့လည်း နောက်ကထပ်ချပ်လိုက်တိုက်နေတယ်။ အားလုံး
ရွှံ့အလိမ်းလိမ်းဖြစ်နေ တယ်။ ညပိုင်းကိုဝင်လာလို့ မိုးမှောင်ကလည်းကျနေတယ်တဲ့။
ဒီအချိန်မှာ တိုက်ပွဲဖြစ်ပြီး ရဲဘော်လေး ၂ ယောက်ကျဆုံးတယ်။ ရန်သူနောက်
ဆက်လိုက်ဖို့လည်းလိုနေလို့ ကျသွားတဲ့ရဲဘော် ၂ယောက်ကို ပလပ်စတစ်နဲ့အုပ်ထားခဲ့ပြီး
နောက်မှ ပြန်လာပြီး သင်္ဂြီုဟ်ဖို့လုပ်ကြတယ်တဲ့။ တိုက်ပွဲပြီးသွားလို့
နောက်နေ့မနက်စောစောမှာ ကျဆုံးသွားတဲ့ရဲဘော်လေးတွေဆီကို သူတိြု့ပန်လာခဲ့ကြတယ်။
သူတို့ရောက်သွားတော့ ဦးခေါင်းမရှိတဲ့ ခန္ဓာကိုယ်တွေကိုဘဲတွေ့ကြတော့တယ်တဲ့။ ခေါင်းဖြတ်တဲ့ဓလေ့မှာ
တချို့က လူအရှင်လတ်လတ်ဆီက ဖြတ်တယ်။ တချို့ ကတော့သေပြီးသားသူရဲ့
ဦးခေါင်းကိုဖြတ်ယူတာလည်းရှိတယ်။ ဒါကြောင့် ဝလူမျိုးတွေဟာ ကိုယ့်မိသားစုသေတဲ့အခါ
ခေါင်းတွေခိုးဖြတ်တာ မခံရအောင် မီးရှို့ပစ်တာတို့
အိမ်အနီးမှာဘဲထားတာတို့လုပ်ကြတယ်တဲ့။
လူခေါင်းကိုဖြတ်ယူတာဟာ
အများအားဖြင့် စပါးနတ်ကို ယာဇ်ပူဇော်ဖို့ဖြစ်ပါတယ်။ ရှေးကျတဲ့တောင်ပေါ်ဝရွာတွေဆိုရင်
နတ်စင်တောတွေ ထားတတ်ကြပြီး အဲဒီတောကိုသွားတဲ့လမ်းဘေးမှာ ကျောက်ဖြူကျောက်မည်းငုတ်တွေ
စိုက်ထားကြတယ်။ အဲဒီကျောက်ငုတ်ကျောက်တိုင် တွေပေါ်မှာ
လူရိုးခေါင်းဖြူဖြူတွေတွေ့ရလေ့ရှိတယ်။ တချို့ရွာတွေဆိုရင် အဲသလို အရိုးခေါင်း
ရာချီရှိတယ်တဲ့။
ဝမ်လင်မြို့နယ်
ယောင်ဗရေ့ရွာသား တာ့တန်းဆိုရင် အသက် ၅ဝ အရွယ်ရောက်ချိန်မှာ လူခေါင်း ၅၇ ခေါင်းကိုဖြတ်ပြီးသူဖြစ်နေပြီ။
မွေးကင်းစ ကတွက်ရင် တစ်နှစ် လူခေါင်းတစ်ခေါင်းမက ဖြတ်ခဲ့တဲ့သဘောဖြစ်ပါတယ်။ အဲဒီတာ့တန်းဟာ
ခေါင်းဖြတ်သူရဲကောင်းဘွဲ့ရသူဖြစ်သလို သူ့ရွာ မှာလည်း ရွာသူကြီးဖြစ်ပါတယ်။
တစ်ဖက်မှာတော့ သူခေါင်းတစ်လုံးဖြတ်တိုင်း အဖြတ်ခံရသူဘက်က ဆွေမျိုးသားချင်းတွေအတွက်
သူဟာ ရန်ငြှိုးအတေးခံရသူဖြစ်သွားတယ်။ ခေါင်း ၅၇ လုံးအတွက် ရန်သူ ၅၇ ယောက်ကို
သူမွေးလိုက်တာလည်းဖြစ်ပါတယ်။ ဝလူမျိုးတွေဟာ ရန်ငြှိုးထားလိုက်ပြီဆိုတာနဲ့ ရန်ကြွေးဆပ်ဖို့
အခွင့်ကောင်းကိုအမြဲချောင်းနေကြသလို ရန်ငြှိုးအတွက် လက်စားချေတာလည်း မရရအောင် လုပ်
တတ်ကြတယ်။ အဲသလို နတ်တင်ဖို့လူခေါင်းဖြတ်တဲ့ဓလေ့ဆိုးဟာ ယောက်ဗရေ့တစ်ရွာထဲမဟုတ်ဘူး။
ကုန်းမင်တောင်ကြီး တောင်ဖက်နဲ့ အနောက်ဖက်ခြမ်းကရွာတွေ
နမ့်ခါမြစ်ညာပိုင်းနဲ့နမ့်ခါမြစ်အနောက်ခြမ်းကရွာတွေအားလုံး ဒီဓလေ့ဆိုးကြီးကို
လက်ခံကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ ဒီရန်ငြှိုးတွေဟာ ဝအုပ်စုအချင်းချင်းအကြား
မဆုံးနိုင်တဲ့ရန်ကြွေးဆပ်သံသရာကြီး ဖြစ်လာစေခဲ့တာပါ။
ခရစ်နှစ်
၁၂၄၅ ခုလောက်အထိ ကိုယ့်ထီးကိုယ့်နန်းနဲ့နေလာပြီး ယဉ်ကျေးနေတဲ့လူမျိုးစုတစ်ခုဟာ
ဘာကြောင့်အခုလို တောကြီးမြက်မဲထဲမှာ လူခေါင်းဖြတ်တဲ့ အရိုင်းဘဝကို ရောက်ကုန်ကြတာလည်း။
ဒီပဟေဠိကို ဗြိတိသျှလက်ထက် ဝနယ်စပ်ကိုရောက်တဲ့ အရေးပိုင်မင်းတွေ သာသနာပြုတွေ ကြိုးစားဖော်ထုတ်တာတွေလုပ်ခဲ့ဘူးတယ်။
တချို့ကဆိုရင် ဝတွေဟာ လူသားစားအရိုင်းတွေလို့တောင်ပြောခဲ့ကြတယ်။
အင်္ဂလိပ်ကော်မရှင်နာမင်းကြီး ဆာဂျော့စကော့ (ကလောင်အမည် ရွှေရိုး)ကတော့
“ခေါင်းဖြတ်သောဓလေ့ကို ဝလူမျိုးအားလုံးတွင်မတွေ့ရဘဲ ဝအရိုင်းဟုခေါ်သော အုပ်စုကြီးတစ်စုတွင်သာတွေ့ရသည်။ ယင်းအုပ်စုမှာ သံလွင်မြစ်အရှေ့ဖက် နောင်ချိုကန်နှင့် နမ့်ခါမြစ်တဝိုက် အလျားမိုင်၅ဝ။ အနံမိုင် ၂ဝ ပတ်လည်တွင်နေထိုင်သော အုပ်စုလေးများဖြစ်ကြသည်။ ယခင်က ယဉ်ကျေးမှုရှိပြီး သစ္စာရှိသော၊ ရိုးသားသော၊ ယုံလွယ်သော ထိုဝအရိုင်းများသည် မသမာသူတစ်စု၏ လှည့်ကွက်ကြောင့် အယူမှား ကာ ခေါင်းဖြတ်နတ်တင်ကြခြင်းဖြစ်သည်။ သူတို့သည် ထိုသို့ခေါင်းဖြတ်နတ်တင်သော်လည်းလူသားစားခြင်းမျိုးကိုမပြုလုပ်ချေ”လို့ရေးခဲ့တယ်။
“ခေါင်းဖြတ်သောဓလေ့ကို ဝလူမျိုးအားလုံးတွင်မတွေ့ရဘဲ ဝအရိုင်းဟုခေါ်သော အုပ်စုကြီးတစ်စုတွင်သာတွေ့ရသည်။ ယင်းအုပ်စုမှာ သံလွင်မြစ်အရှေ့ဖက် နောင်ချိုကန်နှင့် နမ့်ခါမြစ်တဝိုက် အလျားမိုင်၅ဝ။ အနံမိုင် ၂ဝ ပတ်လည်တွင်နေထိုင်သော အုပ်စုလေးများဖြစ်ကြသည်။ ယခင်က ယဉ်ကျေးမှုရှိပြီး သစ္စာရှိသော၊ ရိုးသားသော၊ ယုံလွယ်သော ထိုဝအရိုင်းများသည် မသမာသူတစ်စု၏ လှည့်ကွက်ကြောင့် အယူမှား ကာ ခေါင်းဖြတ်နတ်တင်ကြခြင်းဖြစ်သည်။ သူတို့သည် ထိုသို့ခေါင်းဖြတ်နတ်တင်သော်လည်းလူသားစားခြင်းမျိုးကိုမပြုလုပ်ချေ”လို့ရေးခဲ့တယ်။
ပါမောက္ခ
လု့စ်ကတော့ “အေဒီ ၈၆၃ မန်ရှူးကျမ်းနှင့် အေဒီ၁၃၇ဝ တရုတ်ယွင်ရှီကျမ်းများအရ ဝများသည်
မြို့ပြထူထောင်နေထိုင်သည့် ယဉ်ကျေးမှုအစဉ်အလာရှိသည်ဟု ဖော်ပြထားကြသည်။
ထိုကျမ်းများတွင် ဝများကို လူခေါင်းဖြတ်ခြင်းလူသားစားခြင်းပြုသည့် လူရိုင်းများ ဖြစ်သည်ဆိုသည့်
အထောက်အထားများကိုမတွေ့ရချေ”လို့ ရေးခဲ့ပါတယ်။
တရုတ်ရှေးဟောင်းကျမ်းများအရဆိုလျှင်
ဝတွေဟာ ၁၃၇ဝ ခုလောက်အထိ ခေါင်းဖြတ်နတ်တင်သည့်ဓလေ့ကို မကျင့်သုံးသေးဘူးလို့ ပြောရ မှာ
ဖြစ်ပါတယ်။ ကင်မရွန်လူးဆက်ရဲ့ ၁၅၇ဝမှာအင်းဝနဲ့လာအိုအကြားက လူရိုင်းတွေအကြောင်းစပ်ဆိုတဲ့
ကဗျာတစ်ပုဒ်မှုာတော့ ဝတွေ ခေါင်းဖြတ်တယ်ဆိုတဲ့အချက်ကို ပထမဆုံးအထောက်အထားအနေနဲ့တွေ့ရတယ်လို့
ဟာဗေးရဲ့စာအုပ်မှာဖော်ပြတာတွေ့ရတယ်။ ဗြိတိသျှ စွယ်စုံကျမ်းမှာတော့ “ဝတွေရဲ့ခေါင်းဖြတ်ဓလေ့ဟာ
မြေဆီသြဇာထက်သန်ဖို့ စုံးကဝေမှော်အတတ်နဲ့ ထုံးတမ်းစဉ်လာပူဇော်ပသနည်း တစ်ခု ဖြစ်သည်။
ဗြိတိသျှလက်အောက်ရောက်ချိန်တွင် ထိုဒေသသည် ဘိန်းထွက်ရာအဓိကဒေသကြီးဖြစ်လာပြီး
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးရောင်းဝယ်မှု သိသိသာသာတိုးတက်လာသည်။
ဝများသည် ကာကွယ်ရေးကဲ့သို့ စစ်ရေးအဖွဲ့စည်းမျိုးစုံတွင်ပါဝင်ခဲ့ကြပြီး
နောက်ပိုင်းတွင် CPB ဗကပတပ်များထဲတွင်အလုံးအရင်းပါဝင်ခဲ့ကြသည်။ ၁၉၈၉ နောက်ပိုင်းတွင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူရေးအတွက် UWSA ဝပြည်နယ်သွေးစည်းရေးတပ်မတော်ကိုထူထောင်လိုက်ကြသည်”လို့
ရေးထားပါတယ်။
အထက်ပါ
ဝအုပ်စုတွေ လူခေါင်းဖြတ်နတ်ပူဇော်တဲ့ ဓလေ့ဖြစ်ပေါ်လာပုံကလည်း ဒဏ္ဍာရီလိုလို အိပ်ရာဝင်ပုံပြင်လိုလို
နှုတ်ပြောသမိုင်းတွေ အများကြီးရှိနေသလို တစ်ဒေသနဲ့တစ်ဒေသလည်း ပုံပြင်ခြင်းမတူကြဘူး။
ပုံပြင်တစ်ပုဒ်အရဆိုရင် ဝလူမျိုးတွေပေါက်ဖွားရာ ပတ်ကတေ့ ကျောက်ဂူကြီးကနေ သားအဖ ၂
ဦး ( တချို့ကလည်း တူအရီး ၂ ဦး) လွယ်လိန်းဖက်ကိုထွက်လာကြတယ်။ သားဖြစ်သူက လမ်းမှာဓားသွေး
တယ်တဲ့။ ဓားသွေးပြီးတဲ့အခါ ဓားထက်မထက် သားဖြစ်သူက သူ့အဖေရဲ့ဆံပင်ကိုဖြတ်ကြည့်တယ်တဲ့။
ဓားကဆံပင်သာမက ခေါင်းကိုပါ ဖြတ်လိုက်တယ်။ ဒီအခါ နတ်တွေက သူတို့ကို လူခေါင်းနဲ့ပူဇော်စေချင်လို့
နမိတ်ပြတာဘဲလို့ယူဆပြီး နောင်မှာ နတ်ပူဇော်ဖို့ လူခေါင်း ဖြတ် တယ်လို့ ဆိုပါတယ်။
အဲသလိုနတ်ပူဇော်ဖို့အချိန်ကျမကျ နတ်ဆရာက သက်ကယ်မြစ်နဲ့ ကြက်တစ်ကောင်ကိုယူပြီး နတ်ဟော
ဟောပေးသလို ဘယ်အရပ်ကလူဦးခေါင်းကို ပူဇော်ရမယ်ဆိုတာပါ ဟောလိုက်လေ့ရှိတယ်။
အဲသလိုဟောပေမယ့် ဖြတ်ရမယ့်နေရာက ကိုယ့်မဟာမိတ် အုပ်စုဖြစ်နေရင် မဖြတ်ကြဘူး။
နတ်ဟောက ခေါင်းဖြတ်ထွက်ရင် ကိုယ့်ဖက်က ရှုံးလိမ့်မယ်လို့ဟောရင်လည်း
ခေါင်းဖြတ်မထွက်ကြဘူးတဲ့။
နတ်ပူဇော်ဖို့အချိန်ကလည်းရောက်နေ၊
ခေါင်းဖြတ်ထွက်ဖို့ကလည်း ခက်နေချိန်ဆိုရင် အသင့်ရောင်းတဲ့ လူခေါင်းကို ဝယ်လို့ရတာလည်း
ရှိတယ်။ အဲဒီခေတ်ကတော့ လူခေါင်းတစ်လုံးကို ဒင်္ဂါး ၂ဝဝ၊ ၃ဝဝ ပေးပြီးဝယ်လို့ရသတဲ့။
အဲဒါတွေမရရင်တော့ သင်္ချီုင်းထဲကအလောင်းကို ဖော်ပြီး ခေါင်းဖြတ်ယူတာလည်းရှိတယ်တဲ့။
တချို့ကတော့
တခြားအုပ်စုက ကလေးငယ်တွေကိုဖမ်းပြီး မွေးထားတတ်တယ်။ နတ်ပူဇော်ချိန်ရောက်လို့
တခြားမှာ ဦးခေါင်းရှာမရရင် သူတို့ ဝယ်မွေးထားတဲ့ကလေးရဲ့ခေါင်းကို ပူဇော်တယ်တဲ့။
ကလေးအရွယ်ကနေ အဲသလိုခေါင်းဖြတ်ဖို့မွေးထားတဲ့ ဝ ရဲဘော်တစ်ယောက်ကို ကျွန်တော် တွေ့ဘူးတယ်။
သူ့အကြောင်းဆောင်းပါးရှည်တစ်ပုဒ်တောင်ရေးခဲ့တယ်။ သူက ဗဟိုရုံးနောက်ထဲက ၇၇၄ ဆိုတဲ့
လက်နက်ပြင်ရုံမှာ တာဝန်ကျနေတယ်။ သူ့နာမည်က အိုက်အင်းတဲ့။ ဝ အဓိပ္ပာယ်နဲ့ဆိုရင်
အသုံးမကျတဲ့ မစင်တဲ့လေ။ နာမည်တောင်မှ လူလိုသူလိုမရှိတဲ့ဘဝပါ။ သူကတော့
အဖမ်းခံရတာမဟုတ်ဘူး။ အမေနဲ့အတူ ရွာမှာနေရင်း ဦးလေးအရင်းဖြစ်သူက ခေါ်လာပြီး ရောင်းစားခဲ့တာတဲ့လေ။
ကလေး တစ်ယောက်တန်ဖိုးက ဘာမှရှိလှတာမဟုတ်ဘူး။ ဆား ဝါးကျည်တောက်တစ်လုံးလောက်။ ဒင်္ဂါးတစ်ပြား
နှစ်ပြားလောက်ဘဲတန်တာတောင် အဲသလိုလုပ်ရက်တယ်တဲ့။ သူ့ကိုဖမ်းထားတဲ့ရွာကို
ပြည်သူ့တပ်မတော်က သိမ်းလိုက်တဲ့အခါ သူလည်း ခေါင်းဖြတ်ခံမယ့်သူအဖြစ်က လွတ်လာတယ်။
ဗကပတွေဆီမှာ အဲသလိုခေါင်းဖြတ်ဖို့မွေးတာခံထားရာက လွတ်လာတဲ့ကလေးတွေ
တော်တော်များများ ရှိတယ်။ စာတွေ ဘာတွေသင်ပြီး ရုံးအလုပ်တွေတောင်လုပ်နေကြပြီ။
တပ်ထဲမှာရှိတဲ့
ဝလူကြီးပိုင်းတွေလက်ခံထားတဲ့အမြင်ကတော့ လူခေါင်းဖြတ်နတ်ပူဇော်တဲ့ဓလေ့ဟာ
စပါးစိုက်ပျိုးရေးနဲ့တိုက်ရိုက်ပတ်သက် နေတယ်တဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝဝ
လောက်အတွင်း တောတွင်းမှာ ခြေသလုံးအိမ်တိုင်လှည့်လည်ရင်း အမဲလိုက်တာ အလေ့ပေါက်သစ်သီး
သစ်ဥတွေရှာစားတာတွေလုပ်ရင်း ဝလူမျိုးတွေဟာ နေရာတစ်ခုထဲမှာ အခြေတကျနေဖို့ စဉ်းစားလာကြတယ်တဲ့။
အဲသလိုနေဖို့ဆိုရင်
တခြားလူမျိုးတွေလုပ်သလို စပါးတို့ပြောင်းတို့စိုက်မှ စားစရာအဆင်ပြေမယ်။ ဒါကြောင့်
မျိုးစပါးတွေကို သူတို့ဒေသနဲ့ ကပ်နေတဲ့ တခြားလူမျိုးတွေဆီမှာ သွားတောင်းကြတယ်တဲ့။
ဖြစ်ချင်တော့ ပြင်ပနယ်သားတွေဟာ ဝတွေကို ရဲစွမ်းသတ္တိရှိသူမဟုတ်မခံသူ
စစ်တိုက်ကောင်းသူတွေဖြစ်လို့ ကြောက်နေကြတယ်။ အဲဒီဝတွေသာ ဆန်တွေကိုစားပြီး လူဦးရေတွေများလာရင်
ဒို့ကို ရန်ပြုလာမှာဘဲလို့ လည်း တွက်ကြတယ်။
ဒါပေမယ့်
ဝတွေတောင်းတဲ့ မျိုးစပါးတွေကို မပေးဘဲလည်းမနေရဲဘူး။
ဒါနဲ့တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို စပါးလည်းမပေါက်အောင်၊
ဝတွေအချင်းချင်းလည်း စိတ်ဝမ်းကွဲအောင်ဆိုပြီး အကောက်ကြံတာလုပ်တယ်။ အဲဒါကတော့ မျိုးစပါးတွေကို ဒီအတိုင်းမပေးဘဲ ရေနွေး ထဲမှာ ပြုတ်ပြီးပေးလိုက်သတဲ့။ ဝတွေဆီရောက်တော့ ပြုတ်ထားတဲ့စပါးဆိုတော့ မပေါက်ဘူး။ ဒီလိုနဲ့နောက်တစ်ခါလာတောင်းကြပြန်တယ်။
ဝတွေအချင်းချင်းလည်း စိတ်ဝမ်းကွဲအောင်ဆိုပြီး အကောက်ကြံတာလုပ်တယ်။ အဲဒါကတော့ မျိုးစပါးတွေကို ဒီအတိုင်းမပေးဘဲ ရေနွေး ထဲမှာ ပြုတ်ပြီးပေးလိုက်သတဲ့။ ဝတွေဆီရောက်တော့ ပြုတ်ထားတဲ့စပါးဆိုတော့ မပေါက်ဘူး။ ဒီလိုနဲ့နောက်တစ်ခါလာတောင်းကြပြန်တယ်။
ဒီတစ်ခါတော့
မျိုးစပါးကို တစ်ဝက်ဘဲပြုတ်ပြီး ကျန်တဲ့တစ်ဝက်ကို ဒီအတိုင်းပေးလိုက်ကြတယ်။ ဝတွေဆီရောက်တော့
စပါးတစ်ဝက် ထွက်တယ်။ နောက်ဆုံးမှာတော့ ဝတွေကို မင်းတို့စပါးပင်တွေထွက်ချင်ရင်
လူခေါင်းဖြတ်ပြီး နတ်တင်ရမယ်ကွလို့ပြောပြီး မျိုးစပါးတွေကို မပြုတ်ဘဲ ပေးလိုက်တယ်။
ဝတွေကလည်း စပါးမစိုက်မှီ လူခေါင်းဖြတ်နတ်တင်လိုက်တယ်တဲ့။ အဲဒီနှစ်မှာ
စပါးတွေအားလုံးအောင်တယ်တဲ့။ ဒီလိုနဲ့ စပါးအောင်ချင်ရင်
လူခေါင်းဖြတ်နတ်တင်ရမယ်ဆိုတဲ့ဓလေ့ဖြစ်လာတယ်လို့ဆိုပါတယ်။ နတ်တင်တာတောင်
မိုးမကျခင်တစ်ကြိမ်။ စပါး စိုက်ရင်တစ်ကြိမ်၊ စပါးရိတ်ခါနီးရင်တစ်ကြီမ်ဆိုပြီး ၃
ခါတောင်ခွဲလုပ်တာရှိလာသတဲ့။ ဒီပုံပြင်ကို တချို့ကလည်းကားချဲ့ပြီး အေဒီ ၁၈၁ ခုနှစ် တရုတ်ပြည်
သုံးပြည်ထောင်ခေတ်က ပညာရှိအမတ်ကြီး ကျူးကော့လျန်က အဲသလိုဥာဏ်ဆင်တာလို့လည်းပြောကြတယ်။
တချို့ကလည်း သံလွင်အနောက်ဖက်က ရှမ်းလူမျိုးတွေက ဉာဏ်ဆင်တာလို့ဆိုကြတယ်။
၁၉၇၄
ခုမှာတော့ ဝနယ်တစ်ခုလုံး လူခေါင်းဖြတ်နတ်ပူဇော်တာမလုပ်ရ။ အဲသလိုပူဇော်တာလုပ်ရင်
လူသတ်မှုအဖြစ်သတ်မှတ်ပြီး အရေး ယူမယ်ဆိုတဲ့အမိန့်ထွက်လာတယ်။ ဒီအမိန့်ဟာ ဝပြောက်ကျားသူပုန်တွေရဲ့စည်းရုံးမှုနဲ့
တကယ်လည်းထိရောက်တယ်။ နိုင်ငံရေးနိုးကြားမှု လည်းပါလေတော့ အဲဒီဓလေ့ဆိုးဟာ
ပြန်မပေါ်တော့ပါဘူး။ ဒီဓလေ့ဆိုးကို ဖယ်ရှားလိုက်တဲ့ နောက်ဆက်တွဲရလာဒ်ကတော့ အရင်က
အုပ်စုတစ်စုနဲ့တစ်စုအကြား ရန်ငြှိုးဖွဲ့တာတွေ လက်စားချေတာတွေနဲ့
အကွဲကွဲအပြားပြားဖြစ်နေတဲ့ဝနယ်ကြီးဟာ စည်းလုံးညီညွတ်လာခဲ့ တယ်။ အမှန်တော့ ဝလူမျိုးတွေဟာ
မြန်မာပြည်တစ်ခုထဲမှာရှိတာမဟုတ်ဘူး။ တရုတ်ပြည်ဖက်မှာလည်းရှိတယ်။ မြန်မာပြည်ထဲမှာ ဝလူမျိုး
၆ သိန်းကျော်ရှိပြီး တရုတ်ပြည်ထဲမှာ ၃သိန်းခွဲနေထိုင်တယ်။ တရုတ်ပြည်ဖက်မှာဆိုရင် ဝလူမျိုးတွေက
အရင်ကထဲက နတ်ပူဇော်တာကို ကျွဲတွေ သတ်ပြီးပူဇော်တဲ့အဆင့်ဖြစ်သွားပြီ။
အခုနောက်ပိုင်းဆိုရင် အဲသလိုကျွဲသတ်နတ်ပူဇော်တာတောင် သိပ်မလုပ်ကြတော့ဘူး။
တရုတ်ပြည်မှာကွန်မြူနစ်ပါတီအာဏာရပြီးသားဖြစ်လို့
ဝလူမျိုးတွေဟာလည်း ပဒေသရာဇ်ခေတ်ဦးကနေ ဆိုရှယ်လစ်စနစ်ကို အဆင့်ခုန်ပြီး တက်သလိုတောင်ဖြစ်နေပြီ။
သူ့ကိုယ်ပိုင်အုပ်ချုပ်ရေးအထူးဒေသနဲ့သူ ကိုယ့်ကြံမ္မာကိုယ်ဖန်တီးခွင့်ရနေကြတာတွေ့ရတယ်။
မြန်မာပြည်ထဲက ဝလူမျိုးတွေကတော့ ဗကပရဲ့
ုပြည်သူ့ဒီမိုကရေစီရည်မှန်းချက်ကိုစွန့်ပြီး အမျိုးသားရေးရည်မှန်းချက် ကို ပြောင်းလည်းသွားပါပြီ။
ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာ စောင့်ကြည့်ဖို့တော့လိုပါတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment