Saturday, February 16, 2019

လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ (နေဦးဝေ)(၁၀)

0 comments
လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၁၀)

(၁ဝ) ဗကပ ၁၉၇၉ လမ်းစဉ် အကောင်အထည်ဖော်ဆောင်ချိန်
၁၉၈ဝ ခုနှစ်ဟာ အတော်လေးလှုပ်လှုပ်ရွရွတွေများတဲ့နှစ်ပါ။ မင်းရန်အောင်စစ်ဆင်ရေးကို ကြံ့ကြံ့ခံရင်း ဗကပဗဟိုရဲ့ ဆုံးဖြတ်ချက်သစ်တွေကို အကောင်အထည် မရရအောင်ဖော်တဲ့ကာလကြီး ဖြစ်ပါတယ်။ ယုံအော ရောင်အန်ဘက်က အမြောက်သံတွေမကြာခဏကြားနေရသလို ခပ်မြင့်မြင့်ကပျံလာတဲ့ စစ်လေယာဉ်တွေကလည်း ပန်ဆန်းတဝိုက်မှာ ရောက်လာတတ်တယ်။ စစ်ဒေသဌာနချုပ်မှာတော့ နေ့စဉ်တိုက်ပွဲ သတင်းတွေ ကျောက်သင်ပုန်းတွေနဲ့ရေးပေးနေသလို ဝဘာသာ ရှမ်းဘာသာ ဗမာဘာသာတွေနဲ့လည်း တိုက်ပွဲသတင်းတွေ စပီကာနဲ့ ကြေညာတယ်။ စစ်သီချင်းတွေလည်းလွှင့်တယ်။ အလားတူဘဲ ပြည်သူ့အသံကနေပြီးလည်း တိုက်ပွဲသတင်းတွေ ပြည်တွင်းအခြေအနေ တွေကို အဆက်မပြတ်လွှင့်နေတယ်။ မြို့ကလာတဲ့ ရဲဘော်အတော်များများဟာ ဒီကာလအတွင်းမှာဘဲ ပန်ဆန်းကနေ သူတို့တာဝန်ကျရာ ရှမ်းပြည်အလယ်ပိုင်းတို့ မုံးကိုး မြောက်ပိုင်းဗျူရိုတို့ဆီ တဖွဲဖွဲထွက်သွားကြတယ်။ နှုတ်ဆက်လို့မဝနိုင်တဲ့ကာလလို့တောင်ဆိုနိုင်တယ်။

အလယ်ပိုင်းဗျူရိုကို ဆင်းကြတဲ့အထဲမှာ မြို့ကလာတဲ့သူ အတော်များများပါသွားတယ်။ မုံးကိုးကတည်းက တစ်စခန်းထဲနေခဲ့တဲ့ ကိုကျော်ဦးနဲ့ ကိုညီဦးတို့ဆိုရင် ဟိုရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျဆုံးသွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ထူးခြားချက်က ပေးတဲ့လုပ်ငန်းတွေကို ဘယ်တော့မှ ပေါ့ပေါ့သဘောမထားဘူး။ တိတိကျကျ သေသေသပ်သပ်လုပ်သူတွေဖြစ်ပါတယ်။ ကွာတာက ကိုကျော်ဦးတစ်ယောက် ပျော်တတ်သလောက် ကိုညီဦးကတော့ အမြဲတည်တည်ကြီးနေတတ်တယ်။ ကိုကျော်ဦးက အစအနောက်သန်ပေမယ့် ကိုညီဦးက လူကြီး ဆန်ဆန်နဲ့ ကိုယ့်ထက်ငယ်သူတွေကို ကြင်ကြင်နာနာ ဆက်ဆံတတ်တယ်။ စခန်းထဲမှာ စည်းကမ်းတကျအနေတတ်ဆုံးသူဟာ ကိုညီဦးပါ။

မနက်လင်းတာနဲ့ စစ်ဘားတိုက်မှာနေသလို စောင်တွေ အဝတ်တွေကို သပ်သပ်ရပ်ရပ်ခေါက်ပြီး နေသူဖြစ်ပါတယ်။ တပ်မတော်မော်ကွန်းထိန်း ဌာနကနေလာတဲ့ တပ်ကြပ်ကြီးလို့ဘဲ ကျွန်တော်သိတယ်။ တခြားတော့ သူနဲ့ပတ်သက်လို့ သိပ်မသိခဲ့ဘူး။ တပ်ကလာသူဆိုပေမယ့် ပစ္စည်းမဲ့ လူတန်းစားရဲ့ ဂုဏ်အင်္ဂါတွေဖြစ်တဲ့ စည်းကမ်းရှိခြင်းစည်းလုံးညီညွတ်ခြင်း ကိုယ်ကျိုးစွန့်ခြင်း အမြော်အမြင်ရှိခြင်း အနာဂတ်ကို ယုံကြည်မှု အပြည့်ရှိခြင်းဆိုတဲ့အချက်တွေကို တခြားသူတွေသိအောင်ဖြန့်ဝေရုံမက သူကိုယ်တိုင်လည်းကျင့်သုံးသူဖြစ်ပါတယ်။ ရှမ်းပြည်အလယ်ပိုင်းကို ဆင်းသွားပြီးမကြာခင် ကယန်းဒေသမှာ ကိုညီဦးကျဆုံးသွားပြီဆိုတဲ့ သတင်းရောက်လာခဲ့တယ်။

ကိုကျော်ဦးကတော့ ၁၉၇၅ ဇွန် ၆ အလုပ်သမားအရေးအခင်းနှစ်ပတ်လည် ကျောင်းသားလှုပ်ရှားမှုမှာပါခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က ရခိုင် ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူရေးတဲ့ စစ်တွေဆန်လုပွဲသီချင်းကိုကြားတိုင်း သူ့ရဲ့အမြဲရွှင်ပြုံးနေတဲ့ရုပ်နဲ့ ရခိုင်သံဝဲဝဲကို သတိရ နေတယ်။ ကျွန်တော်တွေ့ဘူးသမျှတော့ အတော်လေးကို အမောခံနိုင်တဲ့သူပါ၊ သူ့ဆီက မောတယ်လို့ ညည်းသံမကြားရဘူး။ မြို့ကလာသူတချို့ နိုင်ငံရေးလမ်းစဉ်ဆိုင်ရာတွေမှာ ပါတီကို အုပ်စုဖွဲ့ထိုးနှက်နေချိန်မှာ ပါတီကို ယုံယုံကြည်ကြည်ဖက်တွယ်ထားသူဖြစ်ပါတယ်။

မာ့က်စ်ဝါဒအပေါ် ကိုယ်ဘယ်လောက် ယုံကြည်တယ်ဆိုတာကို လက်တွေ့ထဲမှာ ဖော်ပြရမယ်လို့ မကြာခဏပြောတတ်တယ်။ သူဟာ အလယ်ပိုင်းဗျူရိုနဲ့လိုက်ပါရင်း ကယန်းဒေသကိုအဆင်းမှာ မိုင်းဒဏ်ရာနဲ့ကျဆုံးသွားတယ်။ နမ့်ပန်ချောင်းအဆင်းမှာ သူဟာ သူ့သေနတ်ကို သာမက တခြားသူတွေရဲ့သေနတ် လေးငါးလက်လောက်ကို ကူထမ်းပေးရင်း “အခုအချိန်ရဲ့မာ့က်စ်ဝါဒကတော့ လမ်းများများလျှောက်နိုင်ဖို့ဘဲ” လို့ အသံကျယ်ကျယ်နဲ့ပြောရင်း ရယ်မောနေတတ်တယ်။ အဲဒီတုံးက ကယန်းရဲဘော်တွေဟာ ပန်ဆန်းကပြန်ပြီဆိုရင် လက်နက်တွေ ခဲယမ်း တွေကို သယ်နိုင်သလောက် သယ်တတ်ကြတော့တချို့ ကောင်မလေးတွေဟာ ညတိုက်ပွဲတွေနဲ့ အစိုးရတပ်လိုက်တိုက်တာတွေကြား ပြေးရင်း လွှားရင်း သေနတ်တောင် မသယ်နိုင်တော့တဲ့အထိပင်ပန်းကြတယ်။ ကိုကျော်ဦးက သူတို့ကို တတ်နိုင်သလောက်ကူသယ်ရင်း ရယ်ရယ်မော မော နဲ့ နမ့်ပန်ချောင်းကိုကျော်ဖြတ်နိုင်ပေမယ့် မကြာခင်မှာဘဲ မိုင်းထိပြီး အဲဒီဒဏ်ရာနဲ့ကျဆုံးသွားတယ်။ သူဟာ ကယန်းဒေသထဲတောင် ကောင်းကောင်းမရောက်ရရှာဘူး။ ကျဆုံးသွားခဲ့တယ်။

နောက်တစ်ဦးကတော့ ကိုကြည်စိန်ခေါ် ကိုကိုးကျွန်းပြန် ကိုသန်းမောင်ပါဘဲ။ သူကတော့ ၁၉၈ဝ မှာ မြောက်ပိုင်းဗျူရို မုံးကိုးကိုလိုက်သွား တယ်။ ရှေ့တန်းသွားဖို့ မကြာခဏတောင်းဆိုတတ်တဲ့ ကိုကြည်စိန်ဟာ ကာလအတော်ကြာအောင် နောက်တန်းမှာဘဲနေခဲ့ရတယ်။ နောက် တန်းမှာ နေမယ့်နေရတော့လည်း ပြည်သူ့အသံ သီချင်းသွင်းတဲ့လုပ်ငန်းမှာ နေရတယ်။ ကိုကိုးကျွန်းကတည်းက သူဟာ သီချင်းအဆိုတွေ တတ်မြောက်လာသူဖြစ်တော့ ပါတီက သူ့ကို သီချင်းအဖွဲ့(ကျွန်တော်တို့ကတော့ ဆိုင်းအဖွဲ့လို့ဘဲလွယ်လွယ်ခေါ်တယ်)ကို ပို့လိုက်တယ်။

အဲဒီမှာ အရပ်သားဒီမိုကရေစီပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဆိုင်းဆရာကြီးဦးသက်ရှည်နဲ့ အလုပ်တွဲလုပ်ရင်း သီချင်းတွေဝင်ဆိုရတာလည်းရှိတယ်။ ပြည်သူ့အသံကလွှင့်တဲ့သီချင်းတွေထဲမှာ သူ့အသံနဲ့ဆိုထားတဲ့သီချင်းတွေအတော်များပါတယ်။ ၁၉၈ဝ မှာတော့ သူစောင့်ဆိုင်းနေတဲ့ အခွင့် အရေးပေါ်လာတယ်။ ရှေ့တန်းကို သူထွက်ခွင့်ရသွားတယ်။

ကျွန်တော်က ကိုကြည်စိန်ကို မန္တလေးကတည်းက ခင်ခဲ့တာပါ။ ကိုကိုးကျွန်းပြန် ကိုအုံးမြင့်လှိုင်တို့အိမ်မှာ သူနဲ့မကြာခဏဆုံတယ်။
သူ့မှာ မကျည်းတန်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အဲဒီတုံးက ၈ နှစ် ၉ နှစ်လောက်ရှိဦးမယ်။ ဆံရစ်ကလေးနဲ့ပါ၊ အဖေကို အတော် ချစ်ရှာတယ်။ သူ့အိမ်က ချမ်းသာရထုံးကုန်းဘက်မှာပါ။ အလုပ်ကတော့ မြသောင်းဘလောက်ဆိုတဲ့ဆိုင်မှာ ဘလောက်လုပ်တဲ့ အလုပ် သမားဖြစ်ပါတယ်။ တောထဲမှာပြန်တွေ့တော့ သူနဲ့ တခန်းထဲ အတူနေရတယ်။ စကားအလွန်နည်းသလောက် ကြံ့ခိုင်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ လေးလို့ဆိုပြီး သူများတွေသိပ်မကိုင်တဲ့ M14 ရိုင်ဖယ်ကြီးကို G3 ကျည်ဆန်ထည့်ပစ်လို့ရတယ်ဆိုပြီး ယူထားတယ်။ အားတာနဲ့ ဒီသေနတ်ကြီးကို တိုက်ချွတ်နေတတ်တယ်။ ကျွန်တော်သိပ်သဘောကျတဲ့ တရုတ်တေးရေးဆရာ ချင်ချင်းဟိုင်ရဲ့ မြစ်ဝါမြစ်တေးသွား ၄ ပုဒ်ကို အခန်းထဲမှာသိမ်းထားတဲ့ အသံလွှင့်ရုံက ရက်ကော်ဒါကြီးနဲ့ မကြာခဏဖွင့်ပြတတ်တယ်။ “ကျွန်တော်တို့ခင်ဗျားတို့ရဲ့သေနတ်သံတွေ ပြည်မ ထဲမှာ ပေါ်နိုင်မှ တော်လှန်ရေးအောင်မှာပါ”လို့ မကြာခဏပြောတတ်တယ်။

သူဟာ အရင်မြစ်ဖျားဒေသတိုင်း ကာလတုံးက တိုင်းကော်မတီရဲ့ ဆက်သားအဖြစ် မန္တလေးတို့ ပဲခူးရိုးမတို့ကိုသွားခဲ့သူဖြစ်ပြီး ယူဂျီအမှုနဲ့ အဖမ်းခံရတယ်။ နောက်ဆုံး ကိုကိုးကျွန်းကိုရောက်သွားတယ်။ ၁၉၇၆ မှာ မုံးကိုးလွတ်မြောက်ဒေသကို ရောက်လာတယ်။ ၁၉၈ဝ မှာ နှုတ်ဆက်ရင်း သူနဲ့အကြာကြီး စကားတွေပြောဖြစ်တယ်။ သူပါသွားတဲ့တပ်က ပင်လယ်ဘူး ဗန်းမောက်ဆိုတဲ့ အရင် မြစ်ဖျားဒေသဟောင်းကို ပြန်လည်ထိုးဖောက်မယ့် ၁၈ဝ တပ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီကာလတုံးက သူတို့ဖြတ်သွားရမယ့်ဒေသက မဟာမိတ်ကချင်တပ်ဒေသဖြစ်ပြီး အဲဒီ အဖွဲ့တွေက အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လျှို့ဝှက်လုပ်နေချိန်ဆိုတော့ မဟာမိတ်ဆီက အကူရဖို့ခက်သလို သူတို့ ဆင်းတဲ့သတင်း ကလည်း အစိုးရဆီမှာ ပေါက်ကြားနှင့်ပြီးဖြစ်နေတယ်။ ဒီလိုနဲ့ အစိုးရတပ်ရဲ့ဝိုင်းပတ်ချေမှုန်းရေးတွေခံရပြီး ၁၈ဝ တပ်ဖွဲ့ဝင်အများအပြား ကျသူကျ ကွဲသူကကွဲဖြစ်ကုန်တယ်။ ကိုကြည်စိန်ဟာလူကွဲသွားပြီး သူ့သတင်းအစအနတောင်ပြန် မကြားရတော့ဘူး။ သူတို့တတွေဟာ ကြာကြာလွမ်းရမယ့်သူတွေဖြစ်ပါတယ်။

မြို့ကလာကြသူတွေထဲမှာ ၁၉၈ဝ တဝိုက် ကျဆုံးသူတွေအတော်များပါတယ်။ ကိုကြည်စိန်လိုက်ပါသွားတဲ့ ၁၈ဝ တပ်ဖွဲ့မှာ ပါခဲ့တဲ့ ကိုဇော်ဆိုရင် နိုင်ငံရေးမှူး ဗိုလ်ကျော်မိုးနဲ့ နှစ်ယောက်ထဲကွဲနေတုံး အစိုးရတပ်နဲ့တိုးပြီး ဗိုလ်ကျော်မိုးနဲ့အတူ အသတ်ခံလိုက်ရတာပါ။ အလားတူဘဲ ကွတ်ခိုင် ခရိုင်က ဒဏ်ရာရသွားတဲ့ ကိုစစ်နောင်ဆိုရင်လည်း ဝ ရဲဘော်လေး ၁၁ ယောက်နဲ့အတူ အဖမ်းခံရပြီး အားလုံးနေရာမှာတင် သတ်ပစ်တာ ခံလိုက်ရတယ်။ တပ်မှူးကိုအိုက်အောင်လည်း တစ်ယောက်ထဲကွဲနေတုံး ကင်းပုန်းနဲ့တိုးပြီး ကျဆုံးခဲ့ရတယ်။

အဲဒီနှစ်ထဲမှာဘဲ ၁၈ဝ တပ်ဖွဲ့က ပင်လယ်ဘူးဖက်ချီတက်သလို ရွှေဂူဒေသတိုးချဲ့ရေးအတွက်လည်း နီလာတပ်ဖွဲ့ဆိုတဲ့တပ်ဖွဲ့တစ်ခုက လှုပ်ရှားတယ်။ အဲဒီ နီလာတပ်ဖွဲ့မှာလည်း အသက်အရွယ်ငယ်သေးတဲ့ ကိုတိုက်မောင်အပါအဝင် ရဲဘော်တချို့ကျဆုံးခဲ့ရတယ်။ ၁၉၇၅-၇၆ လောက်ကစပြီးရေတွက်ရင် ကျောင်းသားအများစုပါတဲ့ မြို့ပေါ်ကလာသူပေါင်း ၁၅ဝ ကျော်ရှိတယ်။ အဲဒီထဲက သုံးပုံတစ်ပုံလောက်ဟာ ပါတီအတွက် အသက်ပေးသွားကြတယ်။ ၁၉၇၆ ခုတပ်မဟာ ၂ ကိုရောက်သွားကြတဲ့ ဗန်းမော်က ကျောင်းသားတပ်ဟာ ပွဲဦးထွက် ကိုပန်းအောင်နဲ့ ကိုဉာဏ်ထွန်းတို့ကျဆုံးခဲ့ရတယ်။ ရှမ်းပြည်အလယ်ပိုင်းဆိုရင်လည်း မြို့ကလာသူတွေထဲမှာ ကျဆုံးသူများသလို လက်နက် ချသူတွေလည်းမနည်းဘူး။ တကယ်တော့ ၁၉၄၈ ကစတင်ခဲ့တဲ့ ဗကပကို နှိမ်နင်းတဲ့တိုက်ပွဲတွေထဲမှာ ကျဆုံးသူတွေမရေမတွက် နိုင်အောင်ရှိတယ်။ ၁၉၆၈ နောက်ပိုင်းမှာဆိုရင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်လူရွယ်ပေါင်းများစွာ အသက်စွန့်ခဲ့ကြတယ်။ အခြေခံ ဒေသမှာ ဒဏ်ရာမရဘူးသူမရှိတဲ့ ဒုက္ခိတမရှိတဲ့ရွာဆိုတာ မရှိသလောက်ဖြစ်ခဲ့ရတယ်။
တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ အသက်ဝိဉာဉ်ဟာ တော်လှန်ရေးယုံကြည်မှုဘဲဖြစ်ပါတယ်။ အဲဒီယုံကြည်မှုအတွက်ဘဲ အသက်တွေစွန့်ကြ ခန္ဓာအစိတ်အပိုင်းတွေ စွန့်လွှတ်ကြတာပါ။ အဲသလိုခိုင်မြဲတဲ့ယုံကြည်ချက်နဲ့ ရန်သူကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့တပ်ဖွဲ့မျိုးကိုမှ ပြည်သူလူထုကလည်း တခဲနက်ထောက်ခံအားပေးတာဖြစ်ပါတယ်။

ဒီနေရာမှာ ဗကပကခွဲထွက်တဲ့ ဝအဖွဲ့ရဲ့ ၁၉၈၉ ဧပြီလ ပထမဆုံးအသံလွှင့်ချက်ထဲက “၁၉၇၉ မတိုင်မီက ကောင်းခဲ့ပါတယ်”ဆိုတဲ့အချက်ကို ပြန်ကောက်ချင်ပါတယ်။ ဘာကြောင့် ၁၉၇၉ မတိုင်မီက ကောင်းတာလဲဆိုတဲ့မေးခွန်းကို သူတို့ဘယ်လိုအဓိပ္ပာယ်ဖွင့်သလည်းဆိုတာ မသိ ပေမယ့် ၁၉၇၉ ခုလောက်အထိ ဝတပ်တွေဟာ စိတ်ဓာတ်အလွန်တက်ကြွနေတာတော့ သေချာတယ်။ အဲဒီတပ်ဖွဲ့တွေထဲမှာ ဗကပ ပါတီဝင် တွေလည်း မနည်းဘူး။ တိုက်ပွဲသူရဲကောင်းတွေလည်း မနည်းဘူးထွက်ခဲ့တယ်။ အဲဒီတုံးက စစ်ဦးစီးအဖွဲ့တွေဘာတွေကလည်း နိုင်ဖို့မသေ ချာတဲ့တိုက်ပွဲ မတိုက်ဘူး။ တဖက်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေးကြီးဖြစ်ပွားနေပြီး နိုင်ငံတကာ့ပစ္စည်းမဲ့ တော်လှန်ရေးစိတ်ဓာတ်တွေလည်း တရှိန်ရှိန်တက်နေတယ်။ အင်ဒိုချိုင်းနား ၃ နိုင်ငံဖြစ်တဲ့ ဗီယက်နမ် လာအို ကမ္ဘောဒီးယားတို့မှာ အမေရိကန်နယ်ချဲ့ကို အောင်ပွဲခံနေတယ်။

အဲသလို နိုင်ငံတကာအခြေအနေဟာ ၁၉၇၈-၇၉ မှာ ရုတ်တရက်ပြောင်းလဲ လာတယ်။ တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေပေါ်လာပြီး တံခါးဖွင့်ပေါ်လစီအရ နိုင်ငံခြားရေးဝါဒ အပြောင်းအလဲတွေဖြစ်လာတယ်။ တရုတ်ပြည်ဟာ နိုင်ငံတကာစနစ် World Order နဲ့လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလည်းဖို့ အဓိကထားစဉ်းစားလာတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် မြန်မာပြည်ဆိုင်ရာ သုံးသပ်ချက်လည်း အသစ်ဖြစ်လာတယ်။ မြန်မာပြည်မှာ နိုင်ငံရေးအင်အားစု ၃ စုရှိတယ်။ အဲဒီအင်အားစုတွေကတော့ စစ်အစိုးရရယ်၊ လူမျိုးစုရယ်၊ ဒီမိုကရေစီ အင်အားစုရယ်ဘဲ။ ဗကပကိုတော့ ဒီမိုကရေစီအင်အားစုထဲက တစိတ်တပိုင်းလို့ သတ်မှတ်တယ်။ ဒီသုံးသပ်ချက်ပေါ်ကနေ အခင်းအကျင်း သစ်တွေလည်း ပြင်ဆင်လာတယ်။ စစ်အစိုးရနဲ့ဆက်သွယ်တာ လူမျိုးစုတွေနဲ့ဆက်သွယ်တာ ပိုလုပ်ဖို့ခင်းကျင်းကြတယ်။ ဒီလိုနဲ့ ကချင်ကို လည်း သီးသန့်ဆက်သွယ်ဖို့လုပ်ကြတယ်။ ကိုးကန့်တို့ ဝတို့ကိုလည်း ဗကပနဲ့မဆိုင်တဲ့ သီးခြားလူမျိုးစုအင်အားတွေအဖြစ် အသိအမှတ်ပြုဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

၁၉၈ဝ ခုနှစ်မှာတော့ တရုတ်ပြည်ကပေးနေတဲ့ အကူအညီတွေမရတော့ဘူးဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရုံမကဗကပ ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ ပန်ဆန်းမိန့်ခွန်းမှာ ကိုယ့်ဒူးကိုယ်ချွန်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရှင်းပြတာတွေ လုပ်တယ်။ အဲဒီမိန့်ခွန်း ထဲမှာ ၁၉၆၈ မုံးကိုးကို မဝင်ခင် တရုတ်ပြည်မှာကထဲက “ရဲဘော်တို့ အခုတပ်ဆင်ထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို အရင်းအနှီး အဖြစ်ထားပြီး ရန်သူ့ထံမှ လက်နက်ခဲယမ်းတွေကို ရအောင်တိုက်ပါ။ ရန်သူလက်နက်နဲ့ ရန်သူကို အနိုင်တိုက်ရအောင်လို့ ပြောခဲ့တာ ရဲဘော် တချို့မှတ်မိပါလိမ့်မယ်....။ ကိုယ့်ဒူးကိုယ်ချွန် လုပ်ရမယ်ဆိုတာ နိုင်ငံတကာ့အကူအညီကို လုံးဝပစ်ပယ်ရမယ်လို့ဆိုလိုတာ မဟုတ်ဘူး။ ကိုယ့်ဒူးကိုယ်ချွန်ကို နံပတ် ၁ နေရာထားပြီး နိုင်ငံတကာ့အကူအညီကို နံပတ် ၂ နေရာထားတာကိုဆိုလိုတယ်” လို့ရှင်းပြခဲ့တယ်။

ဒါပေမယ့် ဒီရှင်းပြချက်ဟာ အတော်လေးနောက်(ကျ)သွားတယ်။ တပ်တွေဟာ စစ်တိုက်ရင် နိုင်ငံတကာ့အကူအဖြစ်ရထားတဲ့ ကျည်းဆန်ပုံး ကို ဖင်ခုထိုင်ပြီး တိုက်တဲ့အကျင့်စွဲနေပြီ။ သိမ်းပိုက်ရရှိတဲ့လက်နက်တွေကို လှည့်တောင် မကြည့်ကြဘူး။ သံချေးတွေတက်ကုန်တယ်။ တပ်ဖွဲ့ တွေထဲမှာ လက်နက်ခဲယမ်းမရှိဘဲ သူတို့ကို တိုက်ခိုင်းတော့မယ်ဆိုတဲ့အမြင်တွေ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပွားနေပြီ။ ဒီလိုနဲ့အစကထဲက ကိုယ့် ဒေသမှာဘဲ တိုက်ပွဲဆင်ပါရစေလို့ တောင်းဆိုနေသူတွေရဲ့အမြင်နဲ့ လက်နက်ခဲယမ်းမပြည့်စုံဘဲ ဒို့ကိုတိုက်ခိုင်းတယ်ဆိုတဲ့အမြင်တွေ ပေါင်းစပ် မိသွားတယ်။

အထက်မှာပြောခဲ့တဲ့ ကိုကျော်ဦးတို့ ကိုညီဦးတို့လို ပါတီက စေလွှတ်ရာကိုသွားသူတွေ၊ အသက်စွန့်သူတွေဟာ နယ်စပ်အခြေခံဒေသ တစ်ခုထဲနဲ့ မဖြစ်တော့ဘူးဆိုတဲ့ ပါတီရဲ့အမြင်ကိုလက်ခံပြီး အကောင်အထည်ဖော်ကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေက အတော်လေး အချိန်နှောင်းသွားခဲ့ပါပြီ။ ၁၉၇၉ မတိုင်မီ အတော်စောစော အကောင်အထည်ဖော်ခဲ့ရင် အဖြေတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ ပင်မလက်သီးတပ်တွေထဲမှာ တော်လှန်ရေးယုံကြည်မှုဒီရေ အများကြီးကျဆင်းသွားချိန်မှာ စီမံကိန်းတွေအကောင်အထည် ဖော်ဖို့ သိပ်မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါပြီ။ အဲသလို ယုံကြည်မှုပျက်ပြားလာချိန်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဟာ ဗကပ ဗဟိုရုံးကို အလုပ်တာဝန်ပြောင်းရွှေ့ခဲ့ရပါတယ်။ ဗကပခေါင်းဆောင်တွေနဲ့ အတူနေခွင့်ရလိုက်လို့ သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ခိုင်မာပုံတွေ အသိပညာတွေနဲ့ အတွေ့အကြုံတွေကို တစေ့တစောင်းလေ့လာခွင့်ရလိုက်ပါတယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ ကူးယူဖော်ပြပါသည်

0 comments:

Post a Comment