ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(၆)
၃။ နိရှေး
(သို့မဟုတ်)အချိန်မကျမီရောက်လာသူ။
ဂျာမန်တွေးခေါ်ရှင်ကီး
နိရှေး(Nietzche) ကလည်း ခရစ်ယာန်ဘာသာရေးအပေါ်အခြေပြုထားသည့် အနောက်တိုင်းယဉ်ကျေးမှုကို
လုံးဝ မကျေနပ်ခဲ့ပေ။ သူ့ခေတ်ရှိ အနောက်တိုင်းလူ့အဖွဲ့အစည်းသည် တဖြည်းဖြည်းကျဆင်း၍ ချွတ်ခြုံကျနေသည်။
အနောက်တိုင်းယဉ်ကျေးမှု သည်လည်း ယိုယွင်းပျက်စီးနေပြီဟု ရှူမြင်ခဲ့ပေသည်။ ထို့ကြောင့်
လက်ရှိခံယူထားသော တန်ဖိုးများ၊ နှုန်းစံများကို ဖျက်သိမ်းပစ်ပြီး တန်ဖိုး သစ်များ နှုန်းစံသစ်များ
ပြန်လည်ချမှတ်ရန် လိုအပ်နေသည်။ လက်ရှိ ချွတ်ခြုံကျပျက်စီးနေသော တန်ဖိုးဟောင်း၊ စံနှုန်းဟောင်းများကို
ချေဖျက်ရန်အတွက် မိမိလူ့လောကကို ရောက်ရှိလာခြင်းဖြစ်သည်ဟုဆိုခဲ့လေသည်။
ဥရောပတိုက်ကြီးတခုလုံးမှာ
လူမှုဘဝပြုပြင်ပြောင်းလဲမှုကို မလုပ်မဖြစ် လုပ်ဖို့လိုအပ်နေသည်။ ဤသို့မလုပ်လျှင် လူသားများအတွက်
ပူဆွေး ဝမ်းနည်းစရာအချိန် ဆိုက်ရောက်လာလိမ့်မည်။ ဥရောပတတိုက်လုံးသည်လည်း ဘေးဆိုးဒုက္ခအမှောင်တိုက်ကြီးထဲသို့
ကျဆင်းသွားလိမ့်မည်။ ဤသို့သော ဘေးဆိုးအန္တရာယ်ကြီးသည် မဝေးလှသော လက်တကမ်းအလိုမှာ ရောက်နေပြီဖြစ်၏။
ယင်းအန္တရာယ်ကြီးကား နတ္တိဝါဒ (Nihilism) ကြီးပင် ဖြစ်သည်ဟု နိရှေးက သူ၏ “အာဏာရလိုမှုစိတ်ဇောဆန္ဒ(Will
to Power)စာအုပ်”ထဲတွင်ဖော်ပြသတိပေးခဲ့သည်။
အမှန်စင်စစ်
ကဲကီးဂါဒ်နှင့် နိရှေးတို့၏ (၁၉)ရာစုသည် အနောက်တိုင်းတွင် အကောင်းမြင်ဝါဒ(Optimism)
ထွန်းကားကြီးစိုးနေသော ခေတ်အချိန်အခါဖြစ်သည်။ သို့ရာတွင်နိရှေးတို့သည် သူတို့နေထိုင်ရာကမ္ဘာလောကကြီးကို
ရှူမြင်ကြရာတွင်အဆိုးမြင်ဝါဒ (Pessimism) ရှူထောင့်မှ ကြည့်ခဲ့ကြသည်။ ခေတ်သစ်လူသား၏
စိတ်ဝိဉာဉ်သည် ဖျားနာနေပြီ။ ယိုင်နဲ့နေပြီ။ ချွတ်ခြုံကျပြီး ဘုန်းဘုန်းလဲတော့မတတ် ဖြစ်နေပြီဟုပင်
ဆိုခဲ့သေည်။ ကမ္ဘာမြေပြင်ကြီး တခုလုံးပင် မကြာခင်မှာတွန့်လိမ်ကောက်ကွေး ရွဲ့စောင်းသွားပြီး
ရှူမြင်လို့မရလောက်အောင် ပုံပျက်ပန်းပျက်ကြီး ဖြစ်သွားလိမ့်မည်ဟူ၍လည်း တင်စား၍ပြောခဲ့လေသည်။
၁၉ ရာစုကို
အနောက်တိုင်း၏ အသိပညာ နိုးထပွင့်လင်းသောခေတ်ဟု သတ်မှတ်ကြပါသည်။ ထိုခေတ်တွင် သဘာဝသပ္ပံပညာသည်
တဟုန်ုထိုး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ လူသားများ၏ နေ့စဉ်ဘဝဖြစ်ရပ်အသီးသီးတွင် သိပ္ပံပညာနှင့်
စက်မှုပညာတို့က ထုတ်လုပ်ပေး လိုက်သော အရာဝတ္ထုပစ္စည်းများက နေရာယူတွင်ကျယ်လာသည်။ သိပ္ပံပညာနှင့်ကင်းသော
လူ့ဘဝ လူ့အဖြစ်ဟူသည်မရှိလောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်းလူသားတို့သည် သိပ္ပံပညာ၏စွမ်းအားကို
အတိုင်းအဆမရှိ ယုံကြည်ကိုးစားခဲ့ကြသည်။ ကိုးကွယ်ခဲ့ကြ သည်ဟုပင် ဆိုနိုင်ပေသည။် ဤသို့ဖြင့်
လူသားတို့သည် သိပ္ပံပညာ၏အကျိုးပြုအားသာချက်၊ ကောင်းကွက်များကိုသာ ရွေး၍မြင်ခဲ့ကြသည်။
သိပ္ပံပညာ၏
အကျိုးယုတ်စေသည့်အားနည်းချက်၊ ဆိုးကွက်များကိုမူ သတိမထားခဲ့ကြ မှန်းဆဆ၍မရဲလောက်အောင်
အဖျက်စွမ်းအင် ရှိကြသော သိပ္ပံလက်နက်ခဲယမ်းမီးကျောက်များ၊ ဤလက်နက်များကို အသုံးပြုသည့်
စစ်ပွဲကြီးများ၊ စစ်သုံ့ပန်းနှိပ်စက်ရေး စခန်းကြီးများ၊ လူသားတို့၏ စိတ်ဓာတ်သိမ်ငယ်သွားမှုများကိုမူ
မတွေးမိခဲ့ကြပေ။ ထိုအခြေအနေဆိုး၊ အဖြစ်ဆိုးကြီးများကို နိရှေးက ကြိုတင်မြင်ခဲ့ပြီး
လူသားတို့အားသတိပေးခဲ့ခြင်းဖြစ်ပေသည်။
ထို့ပြင်
နိရှေးက လူသားတွေ၏အဆိုးဆုံး အဝိဇ္ဇာအမှာင်တိုက်ကြီးမှာ စက်မှုသိပ္ပံပညာတိုးတက်လာမှုနှင့်
ဆင်ခြင်ခြင်းအဓိကဝါဒ ထွန်းကား လာမှုတို့ကြောင့် လူသားများ ကိုးကွယ်အားထားရာ “ထာဝရဘုရား
သေဆုံးသွားပြီ”ဟူသည်ကို သဘောပေါက် နားမလည်နိုင်ကြခြင်းပင် ဖြစ်သည်။ ခေတ်သစ်လူသား၏ အတွင်းအဇ္ဈတစိတ်သဏ္ဍန်တွင်
ထာဝရဘုရားမရှိတော့ခြင်းကို မရိပ်မိ၊ မသိရှိကြခြင်းပင် ဖြစ်သည်။ ဤသဘောကို လူအများနားလည်လာအောင်
နိရှေးကအမျိုးမျိုး ရှင်းပြခဲ့လေသည်။
ဤလောကတွင်
ထာဝရဘုရားဟူသည် မရှိတောေ့ကြာင်းကို သူ၏ “ပေါ့ပျက်ပျက်သိပ္ပံပညာ” (The Gay Science) တွင်အောက်ပါအတိုင်း
ပုံဆောင်ကာ တင်ပြခဲ့သည်။
သာယာသော
နံနက်ခင်းတခုတွင် အရူးတယောက်သည် မီးထွန်းထားသည့် မီးအိမ်တလုံးကိုကိုင်မြှောက်ပြီး လူစည်ကားရာဈေးထဲသို့
ဝင်လာသည်။ “ထာဝရဘုရား ဘယ်မှာပါလဲ၊ သူ့ကို ကျွန်တော်လိုက်ရှာနေတာပါ” ဟူ၍လည်း သူ့ပါးစပ်က
အဆက်မပြတ်ဟစ်အော်လေ၏။ ထိုအချိန်တွင် ဈေးထဲ၌ ထာဝရဘုရားကိုမယုံကြည်သူများ အများအပြားရှိနေကြသည်။
သူတို့က အရူးကိုတယောက်တပေါက် ပြောဆိုပြီး လှောင်ပြောင်သရော်ကြသည်။ နောက်ဆုံးတွင်အရူးက
“သြော်... ထာဝရဘုရားကို ကျုပ်တို့တတွေ သတ်ပစ်လိုက်ကြတာကိုး” ဟု မှတ်ချက် ချလိုက်သည်။
ထို့နောက် အရူးက ဆက်လက်၍ ပြောပြန်သည်။ “ပင်လယ်သမုဒ္ဒရာထကဲရေတွေကို ဘယ်လိုကုန်အောင် သောက်ကြမှာလဲ။
ကောင်းကင်ပြင် မိုးကုပ်စက်ဝိုင်းကြီး ပြောင်လက်သွားအောင် ဘယ်သူ သုတ်ပစ်မှာလဲ။ ကျုပ်တို့
ကမ္ဘာမြေကြီးကရော ဘယ်ကို ဦးတည် သွားနေသလဲ။ မဟူရာ အမှောင်တိုက်ကြီးထဲဆီကိုလား၊ ဘယ်ကိုလဲ။
ကျုပ်တို့ လူသားဆိုတဲ့ကောင်တွေကရော ဘယ်ပုံဘယ်နည်း စခန်း သွားနေကြတာလဲ။ အာကာသဟင်းလင်းပြင်ကြီးထဲ
ခရီးသွားရတဲအဖြစ်မျိုးနဲ့ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် သွားနေကြရတာလား။ လကွယ်ည
သန်းခေါင်ချိန်မှာ ရောက်နေရသလို စမ်းတဝါးဝါး ဖြစ်နေကြတာလား။ ဒါမှမဟုတ် မိုးစင်စင်လင်းချိန်ကျမှ
မီးခွက်ထထွန်းတဲ့ အဖြစ်မျိုးနဲ့ရင်ဆိုင်နေရတာလား။ ဘယ်လိုလဲ။ တကယ်တော့ ကျုပ်တို့အားလုံးဟာ
ထာဝရဘုရားကို ကိစ္စတုံးလုပ်လိုက်ကြတဲ့ လူသတ်သမား တွေပဲ။ ကဲ ... အခုလောကအမှာ အစင်ကြယ်ဆုံးဆိုတဲ့
မေတ္တာတရားအပြည့်ဆုံးဆိုတဲ့ လူသားတွေကိုကယ်တင်နိုင်တယ်ဆိုတဲ့ ထာဝရဘုရား ဆိုတာ မရှိတော့ဘူး။
သူ့နေရာကို ဘယ်သူက ဘယ်ပုံဘယ်နည်းနဲ့ အစားဝင်ကြမှာလဲ။
အင်းလေ ... နောက်ဆုံးတော့ ကျုပ်ဟာ အချိန်မတိုင်မီ ရောက်လာတဲ့သူပါပဲ”ဟု အော်ဟစ် မြည်တမ်းကာ
သူ့မီးအိမ်ကိုလည်း ပေါက်ခွဲပစ်လိုက်လေသည်။
နိရှေးကသူ၏ဒဿနကိုတင်ပြရာ၌
ဤသို့သောပုံဆောင်တင်စားချက်များ၊ နိမိတ်ပုံများဖြင့် ကဗျာဆန်ဆန်ရေးလေ့ရှိ၏။ အထက်ပါပုံဆောင်တင်ပြချက်တွင်
နိရှေးက ထာဝရဘုရား သေဆုံးသွားပြီဖြစ်သည်။ ဤသို့ဆိုလျှင် ထာဝရဘုရားကို ဗဟိုပြု၍ လက်ခံလိုက်နာခဲ့ကြသော
မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်းဆိုးခြင်း စသည့် တန်ဖိုးများသည်လည်း မရှိတော့ကြပြီ။
ဤသို့ဆိုလျှင်မည်သည့်တန်ဖိုး နှုန်းစံများနှင့် မည်သို့စခန်းသွားကြမည်နည်း။ မှန်မှား
ကောင်းဆိုး တန်ဖိုးနှုန်းစံများကိုအသစ်ဖန်တီးရန် ဆိုသည်မှာ လွယ်သည့်အလုပ်မဟုတ်။ အမှန်အမှားမသိဘဲ၊
အကောင်းအဆိုးမဆုံးဖြတ်နိုင်ပဲ လူတို့သည် ရောက်တတ်ရာရာသို့ ဦးတည်ရာမဲ့ သွားကြရတော့မှာလား။
ထာဝရဘုရားနေရာသို့ အစားဝင်မည့်လူသားတို့သည် အဓိပ္ပါယ်မဲ့အဖြစ်မျိုးရောက်သွားလျှင် မည်
သို့လုပ်ကြမည်နည်း။ ဤအဖြစ် ဤဘဝသို့အရောက်မခံနိုင်ဟု နိရှေးက တင်ပြခြင်းဖြစ်ပေသည်။
အမှန်စင်စစ်
နိရှေး၏ ဘုရားသခင် သေဆုံးသွားပြီဟူသော ကြွေးကြော်သံသည် အနောက်တိုင်းလူ့အဖွဲ့အစည်းကို
အလွန်ထိတ် လန့်အားငယ်စေခဲ့ပေသည်။ လူ့ဘဝ ယုံကြည်မှုဆိုင်ရာ ဒုက္ခကိုလည်း ပေးအပ်ခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် အနောက်တိုင်း လူသားများအတွက်ထာဝရဘုရားအပေါ် ယုံကြည်သက်ဝင်မှုသည် သူတို့ဘဝ၏
အနှစ်သာရဖြစ်ပေသည်။ ဘဝ၏ အဓိပ္ပါယ်ရှိရာလည်း ဖြစ်ပေသည်။ ယခုကဲ့သို့ထာဝရဘုရား မရှိတော့ပြီဟုဆိုပါလျှင်
မည်သည်ကို သွားအားကိုးရတော့မည်နည်း။ အတိုင်းအဆမဲ့ကျယ်ပြောလှသည့် လောကသမုဒ်ပြင်ကျယ်ကြီးထဲတွင်
လူသားသည် ရေမျောကမ်းတင် ဖြစ်သွားရလေတော့သည်။ ထာဝရဘုရား မရှိတော့သည်အတွက် ဤလောကစကြဝဠာကြီးသည်
ဘာမျှ ဖြစ်သွားသည်မဟုတ်။ လူသားများအတွက်မူ ဘဝအဓိပ္ပါယ်ပျောက်ကွယ်သွားရတော့သည်။ လူ့ဘဝလုံခြုံမှု
ပျက်ပြယ်သွားရတော့သည်။ လူ့ဘဝ၏ အနာဂတ်မျှော်လင့်ချက်များသည်လည်း ကြေပြုန်းသွားရလေတော့သည်။
ထို့ကြောင့်လည်း ဂျာမန်ဒဿနဆရာကြီးဟိုင်ဒေးဂါးက“လူသားသည်စွန့်ပစ်ခံရသည့်အားကိုးမဲ့ဘဝသို့
ဆိုက်ရောက်သွားရတော့သည်။ လူသားတို့သည် ယုံကြည်ကိုးစားစရာ နတ္တိ။ ဖြေဆည်စရာ ဘာမျှမရှိတော့ဘဲ
ဆင်းရဲဒုက္ခ ပူဆွေးသောကများကို ပြင်းထန်လှစွာဖြင့် မရှူမလှလှ ခံစားရပေတော့မည်”ဟုဆိုခဲ့ပေသည်။
ဖြစ်တည်မှုဝါဒ
မတိုင်မီအချိန်ကမူ အနောက်တိုင်း လူ့အဖွဲ့အစည်းတွင်ထာဝရဘုရားဟူသည် အနဓိဝရ၊ အနန္တသဘောဆောင်သည်ဟု
အများက ခံယူခဲ့ကြပေသည်။ မှန်မှား၊ ကောင်းဆိုးတည်းဟူသော ကိုယ်ကျင့်တရားနှုန်းစံများကို
အဆုံးအဖြတ်ပေးသည့် အန္တမမူလအခြေခံတရားကြီးဖြစ်သည်ဟူ၍လည်း ယူဆခဲ့ကြပေသည်။ ယခုကဲ့သို့
ထာဝရဘုရားသေဆုံးသွားသောအခါတွင် ထိုစဉ်က လက်ခံခဲ့ကြသည့် သစ္စာတရားများ၊ ကောင်းမြတ်မှုများ၊
ကိုယ်ကျင့်နီတိနှုန်းစံများသည်လည်း ထာဝရဘုရားနှင့်အတူ မြေမြှုတ်သင်္ဂြီုဟ်ပြီးသား ဖြစ်သွားပေတော့သည်။
ဤသို့သောအခြေအနေအဆိုးကြီးတွင် လူသားတို့သည် လူပီပီသသ (ဝါ)လူစစ်စစ်ဖြစ်အောင် မည်ကဲ့သို့
ကျင့်ကြံနေထိုင်ရမည်ကို မိမိတို့ဘာသာ မိမိ မိမိတို့ကိုယ်ပိုင်ဘဝထဲမှ သင်ယူကျင့်ကြံကြရမည်ဟု
ဖြစ်တည်မှုဝါဒီတို့က တင်ပြကြခြင်း ဖြစ်ပေသည်။
ရုရှားစာရေးဆရာကြီးဒေါစ်တိုယက်စကီး
(Dostoevsky) က “ထာဝရဘုရားသာ မရှေိတော့ဘူးဆိုရင် ဒီလောကမှာ အရာရာဖြစ်လာနိုင်စရာရှိတယ်။
ဖြစ်ချင်တာဖြစ်နေမယ့်ကမ္ဘာကြီးလည်းပေါ်လာလိမ့်မယ်”ဟုပြောခဲ့သည်။
ထိုသဘောအတိုင်းပင်
နိရှေးက“ဒီလောကမှာ အထက်အောက်၊ ဘယ်ညာဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့
လူသားတွေက ကန့်အသတ် မရှိတော့တဲ့နတ္တိအဖြစ်ထဲမှာ နေထိုင်သွားရမည့်အတွက်ကြောင့်ဖြစ်တယ်။
တိတိပပ အားထားစရာနှုန်းဈံမ ရှိရင်တော့ ဒီလောကမှာ ဘာမှန်တယ်၊ ဘာမှားတယ်၊ ဘယ်ဟာက ကောင်းတယ်၊
ဘယ်ဟာက ဆိုးတယ်လို့ ဘယ်လိုမှသတ်မှတ် ပြောဆို လို့ရမှာ မဟုတ်တောဘူ့း။ ဒီလိုနဲ့ လူတွေဟာ
ကိုယ်ထင်တာသာအမှန်၊ ကိုယ်ဆန္ဒရှိတာသာအကောင်းဆုံးလို့ ခံယူလာကြပြီး ကိုယ်ဖြစ်ချင်တာပြော၊
ကိုယ်လုပ်ချင်တာလုပ်ဆိုတဲ့အခြေအနေဆိုးကို ဆိုက်ရောက်သွားလိမ့်မယ်။ အဲဒီလိုသာ ဖြစ်သွားရင်
လူသားတွေအတွက် တရားမျှတမှုဆိုတာ ရှိတော့မှာမဟုတ်ဘူး။ သစ္စာတရားဆိုတာလည်း ပျောက်သွားလိမ့်မယ်။
အင်အားရှိတာသာအမှန်
(MightisRight)ဆိုတဲ့ကမ္ဘာလောကကြီး ဖြစ်သွားလိမ့်မယ်။ လူတွေအတွက်မျှော်လင့်ချက် လုံးဝမရှိတော့တဲ့
အခြေအနေဆိုးကြီးဖြစ်လာလိမ့်မယ်”ဟု သတိပေးခဲ့ပေသည်။ “ဇာရသုစကြ၏မိန့်ကြားချက်”(ThusSuake
Zarathustra) ဟူသော နိရှေး၏ စာအုပ်ထဲတွင်လည်း သူတော်စင်ဇာရသုစကြက “ထာဝရဘုရား ကွယ်လွန်သွားပြီ”ဟု
ကြွေးကြော်ခဲ့သည်။ လူသားကို ကယ်တင်နိုင်သူမှာ လူသာဖြစ်သည်။ အခြား ဘာမျှမရှိပြီ။ ယင်းအခြေအနေသည်
တကယ့်အစစ်အမှန်ဖြစ်သည်။ ယနေ့လူသားတို့မျက်မှောက်ပြု ရင်ဆိုင်နေရသည့်အဖြစ်မှန်လည်းဖြစ်သည်။
ယင်းအဖြစ်မှန်ပကတိအရှိတရားကို လူသားတို့သည် ရဲရဲကြီးရင်ဆိုင်ကြရမည်။ ဖုံးကွယ်လိမ်လည်ကြရန်
မကြိုးစားကြနှင့်။ တကယ်လုပ်ရမည်မှာ ထာဝရဘုရားရှိစဉ်က လက်ခံခဲ့ကြသည့်တန်ဖိုးဟောင်းများ၊
စံနှုန်းဟောင်းများကို ချွတ်ခွာပြီး တန်ဖိုးသစ်နှုန်းစံသစ်များကို လူသားများကိုယ်တိုင်
တည်ဆောက်ယူကြရန်ဖြစ်သည်။
သို့ရာတွင်လူအများစုမှာ
ပကတိအခြေအနေကိုရင်ဆိုင်ကြရမှာ ကြောက်ရွံ့နေကြသည်။ အားကိုးရာရှာပြီး ရင်ဆိုင်ချင်ကြသည်။
“လူ” ဟူသော ဂုဏ်သိက္ခာကို မထောက်ချင်ကြ။ ကိုယ့်ကိုယ်ကို အားမကိုးချင်ကြ။ ထာဝရဘုရားကို
အားကိုး၍မရတော့သည့်အဖြစ်၊ ကိုယ့်တန်ဖိုးကို ကိုယ်တည်ဆောက် ယူရတော့မည့်အဖြစ်တို့ကို
ရဲရဲဝံ့ဝံ့ရင်မဆိုင်ချင်ကြ။ သတ္တိရှိရှိမဖန်တီးချင်ကြ။ ထို့ကြောင့်လည်းနိရှေးက “ဇာရသုစကြ၏
မိန့်ကြားချက်သည် လူအားလုံးအတွက်လည်းဖြစ်သည်။ မည်သူ့အတွက်မှလည်း မဟုတ်” ဟု ဆိုခဲ့ခြင်း
ဖြစ်သည်။ ဇာရသုစကြ၏ မိန့်ကြား ချက်ကို လူအားလုံး လိုအပ်သည်မှာ အမှန်ဖြစ်သည်။ သို့သော်
ယင်းမိန့်ကြားချက်ကို လက်ခံနိုင်ရန် မည်သူမျှအဆင်သင့် မဖြစ်ကြသေးဟုနိရှေးက မှတ်ချက်ချခဲ့သည်။
အမှန်စင်စစ်ထာဝရဘုရားမရှိတော့ပြီဟု
နိရှေးဆိုခဲ့ခြင်းမှာ လူသားအား မိမိကိုယ်ကိုမိမိ အားကိုးကြရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
လူပုဂ္ဂိုလ်တဦးချင်းစီတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည့် လူ့တာဝန်ရှိသည်။ မိမိတန်ဖိုးကို
မိမိဖန်တီးနိုင်ရမည်။ ဤလောကရှိ တန်ဖိုးဆုံးဖြတ်ချက်မှန်သမျှသည် လူသားများရှိနေကြသောကြောင့်သာ
ပေါ်လာရခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့လူသားများတွင်လူ့ဘဝ၊ လူ့လောကအတွက်တန်ဖိုးများ
နှုန်းစံများတည်ဆောက်ကြရန်နှင့် ယင်းတန်ဖိုးနှုန်းစံတို့ကို ပို၍ပို၍ မြင့်မြတ်အောင်
ဖန်တီးကြရန် တာဝန်ရှိသည်ဟုဆိုကာ နိရှေးသည် လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် ဆော်သြပေးခဲ့ပေသည်။
0 comments:
Post a Comment