“အခါအမျိုးသားပြည်သူများ -ဝအမျိုးသားပြည်သူများရဲ့သမိုင်းဆိုင်ရာတော်လှန်ရေးရုပ်ပုံလွှာ”
(အပိုင်း-၁)
(ပြည်သူ့အာဏာဂျာနယ်)
သမိုင်းဆိုတာလူတစုံတဦးရဲ့ စိတ်ဆန္ဒနဲ့မဆိုင်သလို
လူတဦးအကြောင်းရေးဖွဲ့တဲ့ မှတ်တမ်းလည်းမဟုတ်ပါဘူး။ သူ့ဥပဒေသတရားနဲ့သူ ဖြစ်တည်ပါတယ်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်။ အတိတ်ကဘိုးဘေးဘီဘင်များဖြစ်ပျက်ခဲ့တဲ့
အကြေင်းချင်းရာများကို ပစ္စုပ္ပုန်ကာလမှာ မြေအိုးပဲ့၊ ဆေးတံပဲ့၊ ပေတိုပေစ၊
သင်္ချိုင်းဂူစတာတွေကနေ တူးဆွမွှေနှောက်ကာ နှောင်းလူများက မှတ်တမ်းပြုကြတယ်။
သဘောတရားဆရာတို့က သဘောတရားဖွင့်ဆိုကြတယ်။
သမိုင်းဆရာတို့က သမိုင်းစာအုပ် ပြုစုကြတယ်။ ထင်ကြေးအမျိုးမျိုး၊ သုံးသပ်ချက် အဖုံဖုံ၊
ရှေးလူများရဲ့အဖြစ်အပျက်ကို နှောင်းလူတို့က သမိုင်းတင်တဲ့အလုပ်ကို မုချပြုလုပ်ကြရမှာပါပဲ။
ပဒေသရာဇ်ခေတ်ကာလက ဘုန်းတော်ဘွဲ့နဲ့ နန်းလုနန်းတက်ခြင်းဆိုင်ရာ
ရာဇဝံသတို့ကို သမိုင်းအဖြစ် ပဒေသရာဇ်သမိုင်းဆရာတို့က ပြုစုခဲ့ကြတယ်။ အရင်းရှင်ခေတ်မှာလည်း
အရင်းရှင်လူ့အဖွဲ့အစည်းဘက်က ခုခံကာကွယ်ထိမ်းသိမ်းတဲ့ အမြင်သဘောတရားများနှင့် သမိုင်းကိုမှတ်တမ်းတင်ကြသလို
အရင်းရှင်လူ့အဖွဲ့အစည်းရဲ့  ပုတ်သိုးဆွေးမြေ့မှု၊ ပျက်စီးယိုယွင်းမှု၊
နိဂုံးချုပ်မှု၊၊ ဆိုရှယ်လစ်လူ့အဖွဲ့အစည်း သစ်လွင်နုပျိုမှု၊
အနာဂတ်ကိုစိုးပိုင်မှုတို့ဘက်က ကြည့်မြင်တဲ့ အမြင်သဘောတရားများနှင့်
သမိုင်းကိုမှတ်တမ်းတင်ကြတယ်။
ရှုပ်ထွေးပွေလီတဲ့ အမြင်သဘောတရားများနဲ့
ငြင်းခုံဆွေးနွေးမှုများအပါအဝင် ပဋိပက္ခများ၊ တိုက်ပွဲများဟာလည်း အရင်းစစ်လိုက်ရင်
သမိုင်း ပါပဲ။ သမိုင်းရထားဘီးဟာသူ့ဥပဒေသနဲ့သူ၊ သူ့သဘောသူဆောင်ကာ လည်ပတ်လျှက်ပါပဲ။
ခေတ်လူတို့က ခေတ်ပြိုင်သမိုင်းတရပ်ကို ရေးထိုး နေကြဆဲ၊ ပြည်သူလူထုက သမိုင်းကိုဖန်တီးနေကြဆဲ။
ဗမာပြည်ဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများ
တပြေးညီစွာ ဖြစ်ပေါ်တိုးပွားခြင်းမရှိတဲ့နိုင်ငံ တနိုင်ငံဖြစ်တယ်။ ခေတ်နောက်ကျတဲ့၊ ဆင်းရဲမွဲတေတဲ့၊
စက်မှုမထွန်းကားတဲ့ လယ်ယာစိုက်ပျိုးရေးနိုင်ငံတနိုင်ငံ ဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့
သယ်ယူပို့ဆောင်ရေးဘက်မှာ ခက်ခဲလှတဲ့နိုင်ငံတနိုင်ငံလည်း ဖြစ်တယ်။
ဗမာပြည်အမျိုးသားပေါင်းစုံပြည်သူများရဲ့ သမိုင်းအဆင့်နေရာနဲ့
လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုဖြစ်စဉ်များဟာ ရှုပ်ထွေးလှပါတယ်။ စစ်အစိုးရရဲ့ ဖောက်ပြန်တဲ့
ဖိနှိပ်သွေးစုပ်မှုပေါ်လစီအရပ်ရပ်အောက်မှာ ဗမာပြည်လွတ်မြောက်ဒေသမှ ပြည်သူများရဲ အတိတ်သမိုင်းကို
လက်လှမ်းမှီသ၍ တူးဆွဖော်ထုတ်ကြည့်ခြင်းဖြင့် သမိုင်းကဏ္ဍတရပ်ကို ဖြည့်ဆည်းကြည့်ဖို့ပဲဖြစ်တယ်။
အီလက်ထရောနစ်၊ ကွန်ပြူတာ၊ ရုပ်မြင်သံကြားနဲ့ ဒုံးခွင်းဒုံးများ ပေါ်ထွန်းနေတဲ့ခေတ်မှာ
ဗိုလ်အောင်ဆန်းရုပ်ပုံပါရှိတဲ့ စစ်အစိုးရထုတ်ဝေတဲ့ငွေစက္ကူများထက် ဗြိတိသျှ အင်ပါယာဟောင်းရဲ့အရှင်
အက်ဒဝပ်ခေါင်း၊ ဂျော့ခေါင်း၊ ဝိတိုရိယဘုရင်မကြီးရုပ်ပုံပါရှိတဲ့ ငွေဒင်္ဂါးပြားနဲ့ကြေးပြားများကို
ငွေကြေးအဖြစ် ပိုမိုယုံကြည်ကိုးစားစွာသုံးစွဲနေကြတဲ့ ဗမာပြည်အရှေ့မြောက်နဲ့ အရှေ့ပိုင်းနယ်စပ်ဒေသရှိပြည်သူများရဲ့
အနီးခေတ်အတိတ်သမိုင်းကို ကြည်ကြပါစို့ ၊
အခါဒေသ
ဗမာ၊တရုတ်၊ လောနယ်စပ်၊မဲခေါင်မြစ်အနောက်ဘက်ခြမ်း၊
မဲခေါင်မြစ်နဲ့နမ့်လွေချောင်းအကြား တောင်တန်းဒေသများမှာ အခါအမျိုးသား အများစုကြီး မှီတင်းနေထိုင်ကြပါတယ်။
တရုတ်လို အိုက်နီလို့ခေါ်တဲ့အခါအမျိုးသားများဟာ ဗမာပြည်ဘက်မှာ အများစုဖြစ်ပြီးတရုတ်ပြည်၊
လောပြည်နဲ့ ထိုင်းပြည်တို့ဘက်မှာလည်း အတော်လေးရှိတယ်။ အခါအပြင် ဂုံရှမ်း၊ လားဟူ၊
လွယ်၊ ပလောင်၊ အခေးတရုတ် အခါစတဲ့ လူမျိုး များလည်းရှိကြတယ်။
အတိတ်ကာလက ဒီဒေသမှာ လက်နက်ကိုင်တပ်ပေါင်းစုံတို့
သူတလူငါတမင်း ကြီးစိုးမင်းမူခဲ့ကြတယ်။ ၁၉၃ဝ လွန်နှစ်များက အင်္ဂလိပ်တပ် ရောက်ဖူးတယ်။
ဒီ့နောက် ဂျပန်တပ်၊ လောတပ်၊ ထိုင်းတပ်များလည်း လာဖူးတယ်။ ၁၉၆ဝ ခုနှစ်များမှာတော့
စစ်အစိုးရကြေးစားတပ်၊ ကာကွယ်ရေးတပ်၊ ကူမင်တန်တပ်နဲ့ မရေမတွက်နိုင်အောင်များပြားတဲ့
ပဒေသရာဇ်တောခိုတပ်ပေါင်းစုံတို့ ဗိုလ်ကျကြီးစိုးရာဒေသ ဖြစ်ခဲ့ ပါတယ်။
ကျောက်ဦးဂျန်းတပ်၊ အပေါင်တဲ့တပ်၊ အကယ်ရောင်တပ်၊ ယော့ပါးဆပ်ကြောင်တပ်၊အိုက်ဝန်ကျန်းတပ်၊
အမိုက်ပန်းတပ် စသဖြင့် ဖောက်ပြန်ရေး လက်နက်ကိုင်တပ်တွေလည်း များပြားလှတယ်။
ကူမင်တန်တပ်တွေက မုန်စာ၊ အဂျာဝလဲ၊ လိုလောင်း၊ ဘူးဝ စတဲ့ ရွာများမှာ စခန်းချထားတယ်။
မုန်စာမှာ ကူမင်တန်ရုံးစိုက်ထားပြီး အဂျာဝလဲရွာမှာ ကူမင်တန်တပ်မဟာမှူး
လီကိုစုန်းနေထိုင်တယ်။ မန်ကန်းရွာမှာ စစ်အစိုးရကြေးစားတပ်နဲ့ ကူမင်တန်
တလှည့်စီနေထိုင်တယ်။ မန်ကန်း(ပန်ဟဲ)၊ မုန်ခါး၊ စုပ်နံရွာတို့မှာ နေဝင်းကြေးစားတပ်
တပ်စွဲထားတယ်။ ကူမင်တန်ဖွဲ့ထားတဲ့ ကာကွယ်ရေးတပ်တွေ၊ ကြေးစားတပ်က ချုပ်ကိုင်ထားတဲ့ ကာကွယ်ရေးတပ်တွေလည်း
ရွာအတော်များများမှာရှိတယ်။
ယခင်က ဒီဒေသမှာ “ဘိုး” လို့ခေါ်တဲ့
တိုက်နယ်အဆင့်နယ်စား အုပ်ချုပ်တဲ့ နယ်ပယ်များအဖြစ် ပိုင်းခြားအုပ်ချုပ်ခဲ့ကြတယ်။
မာလီဘိုးမှ နယ်စားဆက်ဘယ်။ မှန်းထားဘိုးမှ နယ်စားကျောက်ဘိုးအငိန်း၊
မုန်ခါး(မိုင်ခမ်း)ဘိုးမှ ကျောက်ဘော်အော၊ မန်ကန်း(ပန်ဟဲ)ဘိုးမှ ကျောက်ခုန်း၊
မုန်ဦးဘိုး၊ မုန်နံဘိုး၊ နာတွေဘိုးတို့ ဖြစ်ကြတယ်။ ဘိုးတနယ်မှာ နယ်စားစော်ဘွားတဦးဟာ
ကျေးရွာပေါင်း ၆ဝ ကျော် ၇ဝ လောက်အထိ ပိုင်ဆိုင်ကြတယ်။ ၄င်းနယ်စားများအောက်မှာ နောက်လိုက်ရွာစား၊
ရွာဆော်၊ ရွာသူကြီးများခန့်အပ်ထားရှိပြီး လက်နက်ကိုင် နောက်လိုက်များလည်းရှိတယ်။
၎င်းနယ်စားများအထက်မှာ မုန်းလွေစော်ဘွား
ကြိုင်ဆန်းတစ်၊ မိုင်းယောင်းစော်ဘွား ကျောက်မုန်လုံပင်မိန်း၊ မိုင်းယန်းစော်ဘွားကျောက်မိန်း၊
မိုင်းဝစော်ဘွား ကျောက်ပိုင်ကနားစသဖြင့် မြို့စားများဟာသူ့နယ်နဲ့သူ
ချုပ်ကိုင်ထားကြတယ်။ တနယ်လုံးကိုတော့ ကျိုင်းတုံစော်ဘွား၊ စပ်စိုင်းလုံက ပိုင်တယ်။
အဆင့်ဆင့် ပဒေသရာဇ်စော်ဘွားအုပ်ချုပ်ရေးစနစ်ဟာ မူလကတည်းက အခြေခိုင်စွာတည်ရှိခဲ့ပြီးဖြစ်တယ်။
၁၉၅၈ နေဝင်းစစ်တပ် အိမ်စောင့်အစိုးရလက်ထက်
စော်ဘွားများအာဏာမဲ့သွားတဲ့အခါ ကျိုင်းတုံစော်ဘွားနဲ့စော်ဘွားရဲ့ ပုလိပ်တပ်မှူး
ကျောက်ရှင်းကြိုက်တို့ကို စစ်အစိုးရက ဖမ်းဆီးလိုက်တယ်။ စော်ဘွားရဲ့
ဒေသအုပ်ချုပ်ရေးမှုး ကျောက်ယွန်းမိန်ဟာ ထိုင်းသို့ ထွက်ပြေး ရတယ်။ လက်အောက်ခံ စော်ဘွားနယ်စားအသီးသီးဟာလည်း
စစ်အစိုးဘက် ကပ်သူကပ်၊ ထိုင်းသို့ တိမ်းရှောင်သူရှောင်၊ အချို့လည်း လက်နက်ကိုင်တပ်များဖွဲ့ကာ
ပုန်ကန်ခဲ့ကြတယ်။
စော်ဘွားအုပ်ချုပ်ရေးယိုင်လဲကာ ဖောက်ပြန်တဲ့လက်နက်ကိုင်တပ်ပေါင်းစုံ
သူတလူငါတမင်း စိန်ခေါ်ခေတ်ထလာချိန်မှာ ပဒေသရာဇ် အာဏာစက်အပြင် စစ်ဘုရင်ကလေးများ၊
ကြေးစားတပ်၊ ကာကွယ်ရေး၊ ကူမင်တန် စတဲ့ အာဏာစက်ပေါင်းစုံဟာ ထောင်းလမောင်းထအောင်
ပြင်းထန်လာပါတော့တယ်။ ဒီအာဏာစစ်တလင်းမှာ လူထုဟာမြေစာပင်ဖြစ်ခဲ့ရတယ်။
အခွန်အတုတ်အမျိုးမျိုး၊
လုယက်ရမ်းကားမှုအသွယ်သွယ်၊ ဖိနှိပ်သွေးစုပ်မှုအဖုံဖုံ၊ ခိုင်းသမျှ
ခါးကျိုးအောင်လုပ်ပေးရ၊ နှိပ်စက်သက်ဖြတ် လူမဆန်စွာအစော်ကားခံရတဲ့ ဘဝတွေဟာ
ပြန်ပြောင်းပြောပြရက်ရာမရှိအောင် မချိတင်ကဲခါးသီးလှပါတယ်။
မြို့ပြနဲ့ အဆက်အဆံမရှိတဲ့ ဒီဒေသမှာ ဈေးမရှိဘူး၊
ငွေကြေးလှည့်ပတ်မှု မရှိဘူး၊ ပစ္စည်းချင်းဖလှယ်မှုသာ ရှိတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်၊ အိန္ဒိယငွေတိုက်မှာ
၁၉၃ဝ-၄ဝ လောက်ကထုတ်ဝေခဲ့တဲ့ ဂျော့ခေါင်း၊ အက်ဒဝပ်ခေါင်း၊ ဝိတိုရိယဘုရင်မကြီးရုပ်ပုံပါရှိတဲ့
ငွေဒင်္ဂါးနဲ့ ကြေးပြား များကို ယခုထက်တိုင် ငွေကြေးအဖြစ် သုံးစွဲနေသေးတယ်။
ပြင်သစ်အင်ဒိုချိုင်းနားက ထုတ်ဝေခဲ့တဲ့ ၁၉၁၁ ခုနှစ်လောက်က ငွေဒင်္ဂါး ပြားများလည်း အနည်းအကျဉ်းသုံးစွဲခဲ့ကြတယ်။
ဒါ့အပြင် တရုတ်ပြည် မလွတ်မြောက်ခင်ကထုတ်ဝေတဲ့ “ပန်းခိုက်’’လို့ခေါ်တဲ့ နဂါးတံဆိပ် ငွေဒင်္ဂါး
အကြီးအသေးနှစ်မျိုးကိုလည်း သုံးစွဲကြတယ်။ ငွေဒင်္ဂါးနဲ့ကြေးပြားများကို အလှအပပစ္စည်းများအဖြစ်
အင်္ကျီမှာ ချိတ်ဆွဲတပ်ဆင်လို့ သော်၎င်း၊ လည်ဆွဲတန်ဆာအဖြစ်၎င်း သုံးစွဲကြသေးတယ်။
ထိုစဉ်က ဒင်္ဂါးတပြားဗမာငွေ ၂၅ ကျပ်ခန့် တန်တယ်။
ပဒေသရာဇ်စော်ဘွားများ၊
စစ်ဘုရင်ကလေးများနဲ့ လက်နက်ကိုင်တပ်ပေါင်းစုံကိုလူခွန်၊ အိမ်ခွန်၊ စစ်တပ်ခွန်၊
လက်နက်ခဲယမ်းခွန်၊ ယာခွန်၊ စပါးခွန်၊ ဘိန်းခွန်၊ သားသတ်ခွန်၊ တောပစ်ခွန် စတဲ့ အခွန်အမျိုးမျိုးကို
တောင်းသလောက် ဒင်္ဂါးရာထောင်ချီပြီး ပေးဆောင်ကြရတယ်။ ရိက္ခာသီးနှံ၊ ကြက်၊ ဝက်၊ ကျွဲ၊
နွားတို့ကိုလည်း ပေးဆောင်ရတဲ့အပြင် အိမ်ဆောက်၊ ခြံကာ၊ထင်းခုတ်၊ ဝါးခုတ်၊
ရေခပ်၊အထမ်းလိုက် စသဖြင့် ခိုင်းသမျှအကုန် လုပ်ပေးကြရတယ်။ လက်နက်ကိုင်တပ်တွေဟာ ရောက်ချင်တဲ့အချိန်
ရောက်လာကာ တောင်းချင်သလောက် တောင်းကြ တယ်။ ဝပ်နေတဲ့ကြက်မကော၊ ကြက်ဥကော ချမ်းသာမပေးဘူး။
အိမ်တွေမှာ တွန်နိုင်တဲ့ကြက်ဖတောင်မရှိတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတယ်။
ဖာလိုရွာဟာ မဲခေါင်မြစ်ဘေးတဝိုက် အိမ်ခြေ
၅ဝ လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်လို့ တလမှာ ၁၅ ကြိမ် အကြိမ်၂ဝ အထိအခွန်ဆက်ကြေး အမျိုးမျိုးပေးခဲ့ရတယ်။
လူထုတွေလည်း ရွာထဲမနေရဲကြတော့ဘဲ တောကြိုအုံကြား ပုန်းလျှိုးနေကြရတော့တယ်။ လူကိုဖမ်းသွားပြီး
ငွေနဲ့ လိုက်ရွေးခိုင်းတာ၊ အချို့ ကို တရပ်တကျေးခေါ်သွားပြီး ရောင်းစားပစ်တာတွေလည်း
မနည်းရှိခဲ့တယ်။ သူတို့ဟာ တရွာတယောက် ဆိုသလိုမယားတွေ အများအပြားထားရှိတယ်။ အိုက်ဝန်ကျန်းဆိုရင်
တရားဝင်မယား ၁၆ ယောက်၊ အမိုက်ပန်းဆိုရင် ၇၆ ယောက်ရှိတယ်။ သူတို့အမြင်ကပ်သူဆိုရင်
သူတို့ကတော်ကျများနဲ့မသင်္ကာလို့စွပ်စွဲပြီး ဒင်္ဂါးအများအပြား ဒဏ်တပ်လေ့ရှိတယ်။
တသက်လုံးကျွန်ခံပြီး ဆပ်ယင်ဆပ်၊ မဆပ်နိုင်ရင်
ရောင်းစားခံရမယ်၊ အသတ်ခံရမယ်။ အခါအမျိုးသမီးများဟာ ညစဉ်သူတို့ကို နှိပ်နယ်ပေး ရတာဟာ
ထုံးစံတရပ်လို ဖြစ်တည်လာခဲ့တယ်။ အစော်ကားခံရတဲ့၊ အရောင်းစားခံရတဲ့ အမျိုးသမီးတွေဟာ
မရေမတွက်နိုင်လောက်အောင် များခဲ့တယ်။
ဘိန်းကိုတော့ တခုလုံးအနေနဲ့ ကူမင်တန်က လက်ဝါးကြီးအုပ်
ချုပ်ကိုင်ထားတယ်။ ဖောက်ပြန်တဲ့ လက်နက်ကိုင်တပ်အသီးသီးဟာ ဘိန်းကို ပင်ထောင်
ဈေးနှိမ်ဝယ်တယ်။ ဆန်နဲ့ ဈေးနှိမ်ပေးချေတယ်။ လူထုဟာ စပါးတမျိုးကလွဲရင် ဘိန်းမှအပ ဘာစီးပွားရေးသီးနှံမှ
မစိုက်တတ် ရှာဘူး။ စိုက်ခဲ့ရင်တောင် ဈေးကွက်မရှိဘူး။ ကိုယ့်အိမ်ကိုယ်စားဖို့တောင်မှ
အနည်းအပါးလောက်သာ စိုက်နိုင်ကြတယ်။ စိုက်ပျိုးထားသမျှ လည်း စစ်ဘုရင်လေးများကို ဆက်သရတာနဲ့ကိုယ်စားရတယ်လို့မရှိဘူး။
တောသီးတောရွက်များ၊ တောဥတောဖုများကို တနေကုန်တနေခမ်းရှာဖွေကာ
ရှိတဲ့ဆန်လေးနဲ့ ကျိုချက်စားသောက်ကြရတယ်။ လူထုဟာ ဒါးမတလက်၊ ပေါက်ပြားတလက်နဲ့
တောင်ယာကို တပင်တပန်းစိုက်ပျိုးကြရတယ်။ လယ်အနည်းအပါးရှိပေမယ့် စော်ဘွားများ၊မြေရှင်များ
ကသာ ချုပ်ကိုင်ထားကြတယ်။ အခွန်များများဆက်သနိုင်မှ လယ်လုပ်ခွင့်ရတယ်။ သီးစားခ တဝက်
သို့မဟုတ် သုံးပုံတပုံကို မြေရှင်ကို ပေးရတယ်။ စော်ဘွား၊ ရွာစား၊ မြေရှင်များရဲ့ လယ်မြေနဲ့တောင်ယာကို
ရွာအလိုက် ဝေပုံကျစနစ်နဲ့ လူထုကစိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးကျီထဲ၊ ပုတ်ထဲအရောက်
အခမဲ့လုပ်ကိုင်ပေးရတယ်။ စော်ဘွားများ၊ မြေရှင်များဟာ လယ်ယာမြေသာမက တောတောင်၊ ရေညှာရေပေါက်များ
ကိုလည်း ချုပ်ကိုင်တယ်။ သူတို့ဟာ လယ်မြေဘယ်လောက်ထိ ပိုင်ဆိုင်မှုရှိတယ်ဆိုတာ
အတိအကျမသိရပေမယ့် မန်ကန်းမြေရှင်ဟာ လယ်မျိုးကျ ၂၅ပုံး (၁၂တင်းခွဲ)၊ မုန်စောမြေရှင်က
၃၅ပုံး၊ (၁၇ တင်းခွဲ)အပြင် တောင်ယာအများအပြားကိုလည်း ပိုင်ဆိုင်တြတယ်။
ဆင်းရဲသားများဟာ ရွာနဲ့ဝေးလံတဲ့
တောကြိုအုံကြားသို့သွားကာ တောင်ယာကို တပင်တပန်းစိုက်ကြရတယ်။ လွတ်လပ်စွာစိုက်ပျိုးခွင့်မရှိဘူး။
တောင်ပုရွာမှာ ၃၁ အိမ်ထောင်ရှိသည့်အနက် မြေရှင်တအိမ်ထောင်က စပါး ၂၄ဝဝပုံး (၁၂ဝဝ
တင်း)၊၆ အိမ်ထောင်ကစပါး ၁၈ဝဝ ပုံး (တအိမ် ထောင် စပါးပျမ်းမျှ ၁၅ဝ တင်း) ကျန်၂၄
အိမ်ထောင်က စပါးပုံး ၈ဝဝ (တအိမ်ထောင် ပျမ်းမျှ ၁၆ တင်းခွဲ)တနှစ်စာ ဝမ်းစာစပါးရရှိခဲ့ကြတယ်။
အတိုးကြီးစားစနစ်ကလည်း ပြင်းထန်ရက်စက်လှတယ်။
ဟိုရွာဒီရွာ စပါးရှားနေချိန် တပုံးချေးရင် ၅ပုံးအထိ၊ ငွေဒင်္ဂါး တပြားချေးရင် ၅ ပြား
ပြန် ဆပ်ကြရတယ်။ မဆပ်နိုင်ရင် ကျွန်ခံ ဒါမှမဟုတ် သားသမီးများကို ဒင်္ဂါး ၄ဝ၊ ၅ဝ မှ ၁ဝဝ
လောက်အထိနဲ့ ရောင်းစားကြရတယ်။ အတိုးကြီးစား မြေရှင်တွေထံမှာ ကျွန်တွေ ၄၊ ၅၊ ၁ဝ
ယောက် အမြဲလိုလိုရှိကြတယ်။ သူတို့က အခြားနေရာမှာ တဆင့်ပြန်ရောင်းတာလည်းရှိတယ်။
စပါးပေါ်ချိန်မှာ ပင်ထောင်ဝယ်ထားပြီး
ရှားချိန်မှာ ဈေးတင်ရောင်းချတာလည်းရှိတယ်။ ပေါ်ချိန်မှာ စပါးတပုံး ဒင်္ဂါးတပြားသာပေးရပေမယ့်
ရှားချိန်မှာ ဒင်္ဂါး၂ ပြားမှ အချို့ရွာတွေဆိုယင် ဒင်္ဂါး ၁ဝ ပြားအထိ ပေးရတယ်။
ရှားချိန်မှာ တောင်းတဲ့ဈေး ပေးကြရတာပါပဲ။
အခါဒေသဟာ အထက်ပါအခြေအနေများအောက်မှာ ၁၉၆ဝ
ခုနှစ်ကစပြီး လယ်သမားသူပုန်ထခဲ့တယ်။ ၁၉၇၁ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင်မှုနဲ့
လွတ်မြောက်လာခဲ့တယ်။ ပါလို၊ ပါလယ်၊ ဘဆာ၊ မော်တာ၊ နပန်နဲ့နာလီစတဲ့ရွာများဟာ သူပုန်စထခဲ့တဲ့
ရွာများပါဘဲ။ ဖာလိုရွာသား လယ်သမားသူပုန်ခေါင်းဆောင် “ပါဆန်း”ဟာ ၁၉၇၁
ခုနှစ်ထဲမှာဘဲမုန်စာနဲ့ နာတွေရွာအကြား ကူမင်တန်ကာကွယ်ရေးများနဲ့ တိုက်ခိုက်ရင်း တိုက်ပွဲမှာကျဆုံးခဲ့ရရှာတယ်။
အတိက်ကာလ သူတောင်းစားများ၊ ဘိန်းစားများ၊ ကျွန်များ၊
လောင်းကစားဝိုင်းနဲ့ အရက်ခန်းများ ပေါများလှပြီး စားရမဲ့သောက်ရမဲ့ အဝတ် အစားမလုံခြုံနဲ့
ရှေးရိုးစဉ်လာအစွဲလန်းများအောက်မှာ အသိဥာဏ်မပွင့်လင်းခဲ့ရတဲ့ အခါဒေသရဲ့ ခါးသီးဖွယ်
အနီးခေတ်သမိုင်း၊ မလွတ် မြောက်မီက အခြေအနေအရပ်ရပ်ဟာ ပုံပေါ်လောက်ပါပြီ။
ဗမာပြည်အရှေ့ဖျား အခါဒေသရဲ့ အဝေးခေတ်သမိုင်းကို စာမတင်နိုင်ခဲ့ပေမယ့်
အနီးခေတ်သမိုင်းဟာ ဂုဏ်ပြောင်လှပါတယ်။ မဲခေါင်မြစ်နဘေးရှိ ကျေးရွာတချို့ကစခဲ့တဲ့
အခါလယ်သမားသူပုန်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုနဲ့
အနာဂတ်ရဲ့အလင်းရောင်ခြည်ကို ရှာဖွေတွေ့ရှိလာကြပါပြီ။
အခါအမျိုးသား အများပြည်သူများဟာ ရိုးရာအစွဲအလမ်းဟောင်းများ၊
နတ်စင်များ၊ ဘိန်းပြောင်းများကို ရိုက်ချိုးဖျက်စီးပစ်ကာ လေးလံလှတဲ့ ဦးထုပ်ကြီးများကိုလွှင့်ပစ်ကြရုံမက
နှစ်ပေါင်းများစွာ သူတို့အပေါ်ဖိစီးလာခဲ့တဲ့ နှောင်ကြိုးအထပ်ထပ်ကိုလည်း ဖြတ်တောက်လိုက်ကြပြီဖြစ်တယ်။
အနာဂတ်ကိုသူတို့ပိုင်ပါတယ်။
(၁၉၈၈ ခုနှစ် မတ်လထုတ် ပြည်သူ့အာဏာဂျာနယ်အမှတ်
၂ မှ ကူးယူဖော်ပြပါသည်) အပိုင်း ၂ ဆက်တင်ပေးပါ့မယ်။ ဒီမြင့်သစ်ပေ့ဂ်ျကနေတဆင့်
ကူးယူဖော်ပြတာဖြစ်ပါတယ်
0 comments:
Post a Comment