ကျိန်စာ (မောင်သစ်ဆင်း)အိမ်ရှေ့တံခါးသည် အဟုန်ပြင်းပြင်းနှင့် ရုတ်တရက် ပွင့်လာ၏။
အပြင်ဘက်တွင် လေထန်လျက် ရှိသည်။
အိမ်ခန်းတွင်းသို့ ဖေဖေ ဝင်လာပုံမှာ လေက တံခါးကို ဆောင့်ဖွင့် ပေးလိုက်ပြီး ဖေဖေ့ ကိုပါ တစ်ခါတည်း တွန်း သွင်းလိုက်သကဲ့သို့ ဖြစ်သည်။
ဖေဖေသည် တံခါးကို ပြန်စေ့လိုက်ပြီး ဧည့်ခန်းထဲသို့ တစ်ချက် ဝေ့၍ ကြည့်လိုက်သည်။ ဖေဖေ့ မျက်လုံးများက အနည်းငယ် မှေးစင်းနေကာ မျက်နှာမှာ နီရောင် လွင်နေသည်။ အနည်းငယ် ယိမ်းယိုင်ချင်သော ခြေလှမ်းများဖြင့် ဧည့်ခန်းတွင်းသို့ ဖေဖေ ဝင်လာသည်။
ဧည့်ခန်းထဲမှာ မေမေ ရှိသည်။ သိုးမွေးထိုးတံ တစ်ချောင်းနှင့် အလုပ်များနေသော မေမေသည် ဖေဖေ့ကို တစ်ချက်မျှသာ မော့၍ ကြည့်သည်။ သိုးမွေး ထိုးနေသည့် မေမေ့ လက်အစုံက ဖေဖေ ဝင်လာသည်နှင့် မသိမသာ နှေးကွေးလေးလံ သွားဟန် ရှိသည်။
ဖေဖေက လက်ဆွဲသေတ္တာပြားကို ဗီရို တစ်ခု အတွင်းသို့ ပစ်သွင်းလိုက်ပြီး ဗီရိုတံခါးကို အသံမြည်အောင် ပိတ်လိုက်သည်။ လေပူတစ်ချက် မှုတ်ထုတ်ခါ အပေါ်အင်္ကျီကို ချွတ်သည်။ မေမေ့ကို မသိမသာ စောင်းငဲ့၍ ကြည့်သည်။
မေမေသည် သိုးမွေးကိုသာ ငုံ့၍ သဲသဲမဲမဲ ထိုးလျက် ရှိသည်။ အင်္ကျီကို ချိတ်တွင် ချိတ်ပြီးသောအခါ မေမေ ရှိရာသို့ ဖေဖေ လျှောက်လာသည်။ မေမေ့ ဘေးရှိ ကုလားထိုင် ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ မေမေ့နှာခေါင်း မသိမသာ ရှုံ့သွားသည်။
“ဘယ်သူတွေနဲ့ တွေ့လာ ပြန်ပြီလဲ”
“ဟင့်အင်း၊ ဘယ်သူတွေနဲ့မှ မတွေ့ပါဘူး၊ ကိုယ်တို့ အဖွဲ့ရဲ့ အကြိုအောင်ပွဲတဲ့ကွာ၊ ဒေါက်တာညွန့်လွင်က ဒကာခံတာ၊ ကိုယ်တို့လုပ်ငန်း အခြေအနေ ကောင်းတယ်၊ ဆေးယဉ်နေတဲ့ ငှက်ဖျားပိုးရဲ့ လိုက်ဖ် ဆာကယ် ထဲက အဆင့် တစ်ဆင့်မှာ ကိုယ်ခံအား ...”
သိုးမွေးချည်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သဖြင့် ဖေဖေ စကား ရပ်သွား၏။
“ထမင်း စားဦးမှာလား”
“ဟင့်အင်း ... မစားတော့ဘူး”
မေမေက ချည်လုံးကို ပြန်ကောက်ပြီး ဆက်ထိုးနေသည်။ ဖေဖေသည် နိမ့်မြင့် လှုပ်ရှားနေသော မေမေ့ လက်ချောင်းများ၊ တွန့်လိန်နေသော ချည်မျှင်စများ၊ တစ်ချက် တစ်ချက် ဝင်းလက် သွားတတ်သော သိုးမွေးထိုးတံတို့ကို အဓိပ္ပါယ်မရှိ ငေးစိုက် ကြည့်နေသေး၏။ ထို့နောက် မျက်နှာကို လက်ဝါးဖြင့် တစ်ချက် နှစ်ချက် ပွတ်သပ်သည်။ အပေါ်သို့ မော့၍ မီးချောင်းကို ကြည့်သည်။ ဧည့်ခန်းထဲရှိ စာအုပ် ဗီရိုများကို ကြည့်သည်။ စားပွဲခင်းကို ကြည့်သည်။ ထို့နောက် မေမေ့ကို ပြန်ကြည့်သည်။
“ကလေးတွေကော”
“အငယ်မက ဖျားနေတယ်၊ အလတ်ကောင်က ဗီဒီယို တဲ့၊ သားကြီးက ...”
ဖေဖေက ဆတ်ခနဲ ခါးကို ဆန့်လိုက်သည်။
“ဟင် ... သမီး ဖျားနေတယ်၊ အတော်လေး ဖျားလား၊ ဘာဆေး တိုက်ထားလဲ”
“ဒီ အိမ်မှာ ဘာဆေးတွေများ ရှိလို့လဲ၊ ရှိလဲ ကျုပ်က ဆရာဝန်မှ မဟုတ်တာ၊ ပါရာစီတမော့ တစ်ပြားတော့ တိုက်ထားတယ်”
ဖေဖေသည် ထိုင်ရာမှ ထကာ ဗီရိုဆီ သွားသည်။ ဗီရိုကို ဖွင့်၍ အတန်ကြာ ရှာဖွေနေ၏။
“ရှင် ဘာရှာ နေတာလဲ”
“နားကြပ်”
“ဟိုတလောကတော့ အောက်ဆုံး အံဆွဲထဲမှာ မြင်မိတာပဲ”
အောက်ဆုံး အံဆွဲကို ဖေဖေ ဖွင့်သည်။ နားကြပ်ကို တွေ့၏။
“သမီး အိပ်နေသလား”
“အင်း”
နားကြပ်ကို ပုဆိုးနှင့် ပွတ်ရင်း အိပ်ခန်းထဲသို့ ဖေဖေ ဝင်သွားသည်။ မေမေက ထိုင်ရာမှ မထ။ အထိုးမှားသွားဟန် တူသည့် ချည်စကို ပြန်လည် ဖြေချနေသည်။
ခဏကြာသော် ဖေဖေ ပြန်ထွက်လာ၏။ နားကြပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကုလားထိုင်တွင် ဝင်ထိုင်သည်။
“ချွေးထွက်တယ်၊ သိပ်လဲ မပူတော့ဘူး၊ ချွဲသံလဲ မကြားဘူး၊ အပရိက အဖျားလောက်ပဲ နေမှာပါ၊ သမီး တရေးနိုးရင် တစ်ပြား ထပ်တိုက်မယ်၊ မနက်မှာ ဖျားသေးရင် ခင်မောင်သန်းဆီ ပြတာပေါ့”
မေမေ့ မျက်နှာ၌ မဲ့ပြုံးတစ်ခု ပေါ်လာခါ ဟင်းခနဲ တစ်ချက် ရယ်သည်။
“ဖအေ ဆရာဝန် တစ်ယောက်လုံး ဖြစ်နေပြီး ကျွန်မ ကလေးတွေလဲ ကံဆိုးရှာပါတယ်၊ ဘာဖြစ်ဖြစ် ဒေါက်တာ ခင်မောင်သန်း နဲ့ပဲ”
ဖေဖေ့ မျက်နှာပေါ်က အနီရောင်သည် လွင်ရာမှ ရုတ်ချည်း ရင့်သွား၏။ မေမေ့ကို ဆတ်ခနဲ လှမ်းကြည့်သည်။
“ဟေ့ ... ငါက ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူး”
“ရှင်က ဒါကိုပဲ ဂုဏ်ယူနေတယ်ပေါ့”
ဖေဖေနှင့် မေမေသည် တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ခဏကြာသော် ဖေဖေ သက်ပြင်း ချလိုက်သည်။
“တို့ ဆေးလောကမှာ အဆိုတစ်ခု ရှိတယ်။ ဆေးကုသော ဆရာဝန်သည် ကောင်း၏။ ပညာပေးသော ဆရာဝန်သည် ပိုကောင်း၏။ သုတေသန လုပ်သော ဆရာဝန်ကား အကောင်းဆုံး ဖြစ်၏ တဲ့၊ မင်း နားလည်ဖို့ ကောင်းတယ်။ တဆိတ်ရှိ ဒါကိုပဲ ခလုတ်တိုက်နေ”
“ဩော် ... ဟုတ်လား၊ သည်းခံပါရှင်၊ ဆရာဝန် အမျိုးမျိုး ရှိမှန်း အစက ကျွန်တော်မျိုးမ မသိခဲ့လို့ပါ၊ ရှင်နဲ့ မရခင် ကတည်းကသာ သိခဲ့ရင် ကျွန်မ ဘဝ ...”
“မင်း ... တော်တော့ကွာ၊ ဒါတွေ အပ်ကြောင်း ထပ်လှပြီ၊ ကိုယ် တောင်းပန်တယ်၊ တော်ကြစို့”
ဖေဖေသည် လက်နှစ်ဘက်ကို အသာ ကာခါ စိတ်ပျက်လက်ပျက် ဟန်ဖြင့် ခေါင်းယမ်းလျက် ရှိသည်။
“မတော်နိုင်သေးဘူး၊ ဒီည ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်”
မေမေ့ မျက်လုံးများ အတွင်း၌ သိုးမွေးထိုးတံ၏ တောက်ပြောင်မှု မျိုးကို မြင်တွေ့ နေရသည်။ ဖေဖေက ခေါင်းယမ်းနေဆဲ။
“ဒီမယ် ... ရှင့်ကို ပြောစရာ နှစ်ချက် ရှိတယ်”
“အေး ... ပြော ပြော တကယ်လို့ နံပါတ်သုံး အချက်ပါ ရှိသေးရင်လဲ ဆက်ပြော”
“ပြောရမှာပဲ၊ ကဲ နံပါတ်တစ် အချက် ရှင် ငွေ ခြောက်သိန်း ရှာနိုင်သလား”
“ဘာ ... ခြောက်သိန်း”
ဖေဖေသည် မျက်ခုံးနှစ်ဘက် ပင့်လျက် မေမေ့ကို အလန့်တကြား ကြည့်၏။
“ခြောက်သိန်း ... ဘာလုပ်ဖို့လဲ”
“ဘာလုပ်ရမှာလဲ၊ တိုက်ခန်း ဝယ်ဖို့ပေါ့”
“ဘာ တိုက်ခန်းလဲ၊ အခု အိမ်ခန်းက ...”
“နေ့လယ်က အိမ်ရှင် အဘွားကြီး လာသွားတယ်၊ အခု နေရာတွေကို ကန်ထရိုက်နဲ့ တိုက်ဆောက်တော့မယ်၊ မြေညီထပ် လိုချင်ရင် တစ်ခန်း ခြောက်သိန်း၊ ယူနိုင်ရင်ယူ၊ မယူနိုင်ရင် ယူမယ့်သူတွေ တန်းစီနေတယ်၊ အဲ ... အပေါ်ဆုံးထပ် ဆိုရင်တော့ နည်းနည်း ဈေးလျှော့မယ်၊ ဘယ်လောက်လဲ သိလား”
ဖေဖေသည် မေမေ့ကို ကြောင်ကြည့် နေရာမှ မျက်နှာ လွှဲလိုက်၏။
“မသိချင်ဘူး”
မေမေသည် ချည်လုံးကို စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။
“မသိချင်လို့ ရမလား၊ ဒါ အိမ်ထောင်ဦးစီး တစ်ယောက် ပြောရမယ့် စကားလား၊ ရှင် တော်တော် တာဝန်မဲ့”
မေမေသည် အသံတုန်လာ၏။ ဖေဖေက လက်ဝါး ကာပြန်သည်။
“ကဲ ... ကဲ သိချင်တယ်၊ ဘယ်လောက်တဲ့လဲ”
“နှစ်သိန်း”
ဖေဖေသည် အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်သည်။
ညာဘက်လက်ကို ဆုပ်ချည် ဖြန့်ချည် လုပ်နေ၏။
“ဘယ်လိုလဲ၊ နှစ်သိန်းလောက်တော့ ရှာနိုင်မလား၊ မရှာနိုင်ရင် အိမ်ရှင်က ထွက်ခ နှစ်သောင်း ပေးမယ်တဲ့၊ ဂျောင်း ပေတော့ပဲ၊ ကျွန်မတို့ကလဲ ကိုယ့်အဆင့်အတန်း အကျခံပြီး ဘယ်လောက်ရမှ ထွက်ပေးနိုင်မယ် ဘာညာတွေ လုပ်မနေချင်ဘူး၊ ကဲ ... ရှင် ဘယ်လို စိတ်ကူး ရသလဲ၊ တစ်ခုတော့ ရှိတယ်နော်၊ ကျွန်မ မိဘဆီကတော့ လုံးဝ မစဉ်းစား ပါနဲ့တော့၊ မေမေတို့မှာ ကျွန်မတို့ကို လှမ်း လှမ်းပြီး ပို့နေရတာ များလှပြီ၊ သမီး မွေးပြီးကတည်းက လစဉ် လှမ်း လှမ်း ထောက်နေရတာ၊ ဒီကြားထဲ အကြောင်းကိစ္စ ပေါ်လာတိုင်း သွားပြီး အပူကပ်ရ သေးတယ်၊ မေမေဆိုရင် ရှေ့တစ်မျိုး၊ တိတ်တိတ်တစ်မျိုး သူ့ သမီးကို ပေးနေရတာ၊ မနှစ်က မုံရွာ ခဏပြန်တုန်းကဆို မေမေက ညည်းတို့မှာလဲ ဒီအတိုင်းသာဆို ခက်ရချည်ရဲ့တဲ့၊ ပြီးတော့ ပွဲရုံကလဲ လုပ်ငန်းကြီးလာတော့ အရင်းများနေတယ်၊ ဒီတစ်ခါတော့ မေမေတို့ကို ဒုက္ခ မပေးချင်တော့ဘူး၊ ညီအစ်မတွေရဲ့ မျက်စောင်းဒဏ်လဲ မခံနိုင်တော့ဘူး၊ ရှင် မရှက်ပေမယ့် ကျွန်မ ရှက်တယ်၊ အဲဒါ ... ရှင် စဉ်းစားပါ”
မေမေ ပြောနေသည့် တချိန်လုံးတွင် ဖေဖေသည် ကုလားထိုင်ကို ကျောမှီလျက် လက်နှစ်ဘက်ကို ဦးခေါင်းနောက်တွင် ယှက်ကာ ရှေ့တည့်တည့်မှ နံရံကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ နံရံပေါ်တွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော စာရွက် တစ်ရွက် ရှိသည်။ ထိုစာရွက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ပေးပို့သောစာ ဖြစ်သည်။ ဆေးပညာ ဂျာနယ်တွင် ပါရှိသော ဖေဖေ့ သုတေသန တွေ့ရှိချက် စာတမ်းကို အကြောင်းပြု၍ ပေးပို့သည့် ကျေးဇူးတင် ချီးကျူးကြောင်း သဝဏ်လွှာ ဖြစ်လေသည်။ မျက်တောင်မခတ် ငေးစိုက်လျက် ရှိသော ဖေဖေကတော့ ဘာကိုမှ မြင်ဟန်မတူ။
မေမေသည် ဖေဖေ့ကို ထွင်းဖောက်၍ ကြည့်လိုက်၏။
“ဘယ်လိုလဲ ဒေါက်တာ ဖြစ်နိုင်ရဲ့လား”
ဖေဖေသည် မေမေ့ကို ကြည့်လည်း မကြည့်၊ ဖြေလည်း မဖြေ၊ မှုန်တေသော မျက်နှာသည် စားပွဲခင်း ပေါ်၌သာ စွဲမြဲ နေပြန်၏။ မျက်လုံးထောင့် ကြွက်သားလေးများက အနည်းငယ် လှုပ်ခုန်နေကြသည်။ မေမေ ပြုံးလိုက်၏။ အောင်နိုင်သူ အပြုံးမျိုးဖြင့် မေမေ ပြုံး၏။
“ရှင့် မိုက်ကရိုစကုတ် အောက်က ငှက်ဖျားပိုးကလေးတွေ ဆီက ငွေနှစ်သိန်းလောက် ခဏ ချေးလို့ကော မရနိုင်ဘူးလား”
ထိုနေရာမှ ဖေဖေ ဝုန်းခနဲ ထရပ်သည်။ မေမေ့ကို ကြည့်သော အကြည့်၌ မီးနီတွေ ဝင်းလက်သည်။ နှုတ်ခမ်းထောင့်များ သိသိသာသာ တုန်လှုပ်နေ၏။
“မင်း ... မင်း တရားလွန်လာ ပြီနော်၊ အခုလောက်ထိ စော်ကား လာဖို့တော့ မကောင်းဘူး၊ မင်းလဲ ပညာတတ် တစ်ယောက်ပဲ၊ သုတေသနသမား တစ်ယောက်ရဲ့ ဘဝကို နားလည်ဖို့တော့ ကောင်းတယ်၊ ငါ့မှာ ပိုက်ဆံများများ ရှာတတ်တဲ့ အရည်အချင်း မရှိဘူး ဆိုတာ ငါ ဝန်ခံတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်မဝင်စားလို့၊ ပိုက်ဆံထက် စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်မျိုးကို လုပ်နေရလို့၊ ပိုက်ဆံ တစ်ခုတည်းအတွက် ငါ အချိန် မပေးနိုင်ဘူး၊ အဲဒါ ငါ့ အားနည်းချက်လို့ ဆိုချင်ဆို၊ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဘာဖြစ်လို့ စော်ကားချင်ရတာလဲ”
“ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အားနည်းချက်ကြီးကြောင့် ကျွန်မတို့ မိသားစု ဘဝ ဒုက္ခ ရောက်ရလို့ပေါ့”
“ကိုယ့်ထက် အခြေအနေ ဆိုးတဲ့ သူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါကွာ”
“အိုး ... လူဆိုတာဟာ ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှင့်၊ ဒီမယ် ကျွန်မတို့ ဒုက္ခဟာ ဖြစ်သင့် ဖြစ်အပ်တဲ့ ဒုက္ခမျိုး မဟုတ်ဘူး၊ တမင်သက်သက်ကို ဒုက္ခခံနေရတဲ့ ဘဝ၊ ကျိန်စာသင့်နေတဲ့ ဒုက္ခ၊ သိရဲ့လား”
ဖေဖေ အသက်ရှူ မြန်နေသည်။ နဖူးပြင်နှင့် နှာခေါင်းဖျား၌ ချွေးသီးများ စို့လျက်။ ခဏကြာသော် ကုလားထိုင် ပေါ်သို့ ဝုန်းခနဲ ပြန်ထိုင်လိုက်သည်၊ ထို့နောက် အံတစ်ချက် ကြိတ်လိုက်သည်။
“ဒီလောက်လဲ ပူစရာ မရှိပါဘူး၊ မြို့သစ်မှာ နေရာရနိုင်သားပဲ”
ထိုစကားကို ဖေဖေက မနည်း အားယူ၍ ပြောလိုက်၏။
“ရှင်ပဲ အစက မယူချင်ဘူးဆို၊ စိတ်မဝင်စားဘူးဆို”
“အခု ယူမယ်လေ၊ ပြန်လျှောက်လိုက်မယ်”
“ဘယ်က ငွေနဲ့ အိမ်ဆောက်မှာလဲ”
ဖေဖေ ခေတ္တမျှ တွေဝေနေ၏။ ပြီးမှ အသက်တစ်ချက် ရှိုက်ကာ-
“ဝန်ထမ်းချေးငွေ ရှိသားပဲ၊ ချေးလိုက်ရုံပေါ့”
မေမေ ခေါင်းယမ်းသည်။
“ရှင့် အစီအစဉ်ကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မ အစီအစဉ်ကို ပြောမယ်။ ကျွန်မ အစီအစဉ်က နေရာပြောင်းဖို့တင် မဟုတ်ဘူး၊ ဘဝပါ ပြောင်းရမှာ”
“ဘာလဲ၊ အဲဒါ”
“ကျွန်မတို့ မိသားစု မုံရွာကို ပြောင်းမယ်”
“ဘာ ...”
“မနေ့က မေမေ့ဆီက စာ လာတယ်၊ သမီးတို့ အဆင်မပြေရင် မုံရွာကို ပြန်လာကြပါတဲ့၊ မုံရွာမှာ ကျွန်မ နာမည်နဲ့ အိမ်တစ်လုံး ရှိတယ်၊ ခြံဝင်းလဲ ကျယ်တယ်၊ ပွဲရုံ လုပ်ရင် ရတယ်၊ မေမေတို့နဲ့ တွဲပြီး ပွဲရုံ ဖွင့်မယ်”
“ဒါဖြင့် ငါက ...”
“မုံရွာ ဆေးရုံကို ပြောင်းရအောင် ကြိုးစားပေါ့၊ မလွယ်ရင်လဲ ထွက်ပစ်လိုက်ပေါ့၊ မုံရွာမှာ ဘာလုပ်စားစား ရတယ်”
“ဟေ့ ... ငါက ဆရာဝန်ကွ”
မေမေက တစ်ချက် ရယ်၏။
“ဘာဖြစ်သလဲ၊ ရှင် ဆရာဝန် ဆိုရင် ဆေးခန်းကလေး ဟန်မပျက် ဖွင့်ပေါ့။ တစ်ဖက်ကတော့ စီးပွါးရေး လုပ်ရမှာပဲ။ ရှင်ကလဲ မိုက်ကရိုစကုပ် ကြည့်နေရတာနဲ့ အပြင်ကို မကြည့်အားတော့ဘူး ထင်ပါရဲ့။ ဒီမယ် အာလူးကြော် ရောင်းတဲ့ ဆရာဝန်၊ သစ်ခွဲစက် ထောင်တဲ့ ဆရာဝန်၊ အုတ်, သဲ, ကျောက် ကန်ထရိုက် ဆရာဝန်၊ အိမ်, ကား, ဆိုင်ကယ်ပွဲစား ဆရာဝန်၊ အို ... အများကြီးပဲ ကြီးပွါးနေကြတာ၊ ရှင်လဲ တစ်ခုခု လုပ်ပေါ့”
“ဒီမယ် မိမိခင်၊ ငှက်ဖျား သုတေသနကို ဇောက်ချပြီး လုပ်ချင်လွန်းလို့ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာ မင်းအသိ”
“သိတယ်လေ၊ သိလို့လဲ အခု ထွက်ခိုင်း နေတာပေါ့။ ဒီမယ် မောင်၊ ကျွန်မနဲ့ မောင် နှစ်ယောက်တည်း ဆိုရင် ကျွန်မ မောင့်ကို ပါရမီ ဖြည့်နိုင်ပါတယ်။ ကလေးတွေ ရှိသေးတယ် မောင်၊ ကျွန်မတို့ ကိုယ့်ဘဝကိုယ် မပိုင်ကြတော့ဘူးလေ၊ ဘာမဆို သူတို့ ဘဝကို ရှေ့တန်းတင်ပြီး စဉ်းစား ကြရမှာပဲ။ ကဲ ... အချက်နှစ်ချက် ကျွန်မ တင်ပြပြီးပြီ၊ မောင့်အနေနဲ့ တစ်ခုခု ဆုံးဖြတ်ဖို့ပဲ ရှိတော့တယ်။ လူသားအားလုံး ကောင်းကျိုးထက် လောလောဆယ် မိသားစု ကောင်းကျိုး ဆိုတဲ့ လမ်းကို မောင် ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်”
မေမေသည် ထိုင်ရာမှ ထကာ အိမ်ခန်းဆီသို့ လျှောက်သွားသည်။ အခန်းဝ အရောက်တွင် ဖေဖေ့ဘက် ပြန်၍ လှည့်လိုက်၏။
“ဘာဖြစ်လို့ ငရဲကြီး ခံရဲသလဲ သိရဲ့လား မောင်၊ ကျွန်မက မိခင် တစ်ယောက် ဖြစ်နေလို့ပေါ့”
ဖေဖေသည် အိပ်ခန်းတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသော မေမေ့ကို မှုန်ရီစွာ ငေးကြည့်နေရင်း ကျန်ရစ်ခဲ့၏။
ညသည် တိတ်ဆိတ်စွာ ရွေ့လျားလျက် ရှိသည်။
စက္ကန့်များကမူ အရေးတကြီး ပြေးလွှားနေဆဲ။
ဖေဖေသည် ဧည့်ခန်းတွင်း ကုလားထိုင်ပေါ်၌ ခေါင်းငိုက်စိုက် ချကာ ငြိမ်သက် နေလေသည်။
အနီးအနား အိမ်တစ်အိမ်ဆီမှ မြန်မာပိုင်း အစီအစဉ် ပြီးဆုံးသွားသည့် တီးလုံးသံကို ကြားရသည်။
အပြင်ဘက်၌ လေထန်နေဆဲ။
ဖေဖေသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်၏။ မျက်လုံးများ နီရဲနေသည်။ ထိုမျက်လုံးများသည် နံရံပေါ်ရှိ မှန်ဘောင်သွင်း စက္ကူချပ် ပေါ်သို့ ရောက်ရှိသွားသည်။ စာရွက် ထိပ်ပိုင်းရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ တံဆိပ် အမှတ်အသားကို ဖေဖေ့ နေရာမှပင် ထင်ရှားစွာ မြင်နိုင်သည်။
ဖေဖေသည် နေရာမှ ဖြုတ်ခနဲ ထကာ မှန်ဘောင်သွင်း စာရွက်ရှေ့ တည့်တည့်သို့ သွားရောက်၍ ရပ်သည်။ စာရွက်ကို စူးစိုက်၍ ကြည့်သည်။ စာရွက်တွင် ပါရှိသော စာသားများကို တစ်လုံးချင်း ဖတ်ရှု နေသည့်နှယ် ဖေဖေ့ နှုတ်ခမ်းများက တရွရွ လှုပ်နေသည်။ မကြာခင် အသံ တဖြည်းဖြည်း ကျယ်လာ၏။
“ကိုင်း ... ဘယ့်နှယ်ရှိစ၊ ဘာ တတ်နိုင်သေးလဲ၊ ဘာ ပြောချင်သေးလဲ၊ ခင်ဗျားတို့ ဘာပြောချင်ကြ သေးလဲ”
ဖေဖေသည် စာရွက်ပေါ်က စာကြောင်းများ အတိုင်း မှန်သားပြင်ပေါ်မှ အသာအယာ ပွတ်သပ်နေလေသည်။ ဖေဖေ့ အသံသည် တဖြည်းဖြည်း တိုးညှင်းသွား ပြန်သည်။ နှုတ်ခမ်းများကတော့ တရွရွလှုပ်ဆဲ။
အိမ်ရှေ့တံခါးသည် အသံမမြည်ဘဲ ပွင့်ဟ၍ လာသည်။ သားလတ်သည် စွေ့ခနဲ ဝင်လာကာ တံခါးကို ပြန်စေ့လိုက်သည်။ သူ့ကို ကျောပေးလျက် နံရံပေါ်မှ မှန်ဘောင်သွင်း စက္ကူချပ်ကို စူးစိုက် ငေးမော နေလေသော ဖခင် ဖြစ်သူအား မြင်လိုက်သောအခါ အသာ ကိုယ်ရှိန် သတ်လိုက်သည်။ ထို့နောက် တံခါးဝမှ နေ၍ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ဖခင်ကို ကြည့်နေလေသည်။ ကြည့်နေရင်းနှင့် သားလတ် မျက်နှာ ပြုံးလာသည်။
ဖေဖေသည် မှန်သားပြင်ကို ပွတ်သပ်နေရာမှ နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။ မျက်နှာ အမူအရာက တဖြည်းဖြည်း ပြောင်းလာသည်။ “သုတေသနသမား တစ်ယောက်ဆိုတာ ဒါပဲလားဗျာ” ဟု တီးတိုး ရွတ်ဆိုသည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။
တံခါးဝမှ သားလတ်က ဖခင်နည်းတူ ခေါင်းယမ်း၏။
ဖေဖေ ခါးထောက်လိုက်သည်။
သားလတ်ကလည်း ခါးထောက်၏။
ဖေဖေသည် စာရွက်ကို ငြိုးသူရန်ဘက်သဖွယ် ကြည့်နေသည်။
သားလတ်သည် ဖခင်ကို ပြုံး၍ ကြည့်နေသည်။
ခဏကြာသော် ဖေဖေသည် နေရာမှ ချာခနဲ လှည့်ထွက် လိုက်သည်။ ထိုအခါ တံခါးဝ၌ ခါးထောက်၍ ပြုံးနေသော သားလတ်နှင့် မျက်နှာချင်း ဆိုင်မိသွား၏။ သားလတ်က ခါးပေါ်မှ လက်ကို အမြန်ချ၍ “ဖေဖေ” ဟု ခေါ်လိုက်သည်။ ဖေဖေသည် မျက်နှာထားကို ပြန်လည် ပြင်ဆင်လိုက်၏။
“သားလတ်၊ စာမကျက်ဘဲ ဗီဒီယို သွားကြည့်နေတယ်ဆို”
“ဟုတ်တယ် ဖေဖေ၊ အရမ်း အရမ်း ကောင်းတဲ့ ကားပဲ ဖေဖေရာ၊ အော်ပရေးရှင်း ဒေးဘရိတ် တဲ့၊ လူငယ်ကလေး ငါးယောက်နဲ့ နာဇီတွေနဲ့ ချကြတာ ...”
“နာဇီတွေ သေသွားရောလား”
“ဟင့်အင်း လူငယ် လေးယောက်လုံး သေသွားတယ်၊ ဟို တစ်ယောက်က သစ္စာဖောက်လို့၊ သူက မိန်းမရော ကလေးရော ရသွားတော့ သစ္စာဖောက်တာပေါ့”
ဖေဖေသည် သားလတ်ကို အလန့်တကြား ကြည့်လိုက်၏။
“နောက်ဆုံး အခန်းက အကောင်းဆုံးပဲ၊ သစ္စာဖောက်တဲ့ ကောင်က လိုက်ပြလို့ သူတို့ ပုန်းခိုနေတဲ့ ဘုရားရှိခိုးကျောင်းကြီးကို နာဇီတွေ ဝိုင်းမိသွားတယ်၊ သူတို့ကလည်း ပြန်ချတာပဲ၊ နောက်ဆုံး ကောင်လေး နှစ်ယောက်ပဲ ကျန်တယ်၊ မြေအောက် အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေကြတာ နာဇီတွေက အဲဒီ အခန်းလေးထဲကို အပြင်ကနေ ရေတွေ သွင်းထည့် လိုက်တာ ဖေဖေရာ၊ ကောင်လေး နှစ်ယောက် လည်ပင်းအထိ ရေတွေ တက်လာတယ်၊ အဲဒီမှာ နာဇီတွေက ခိုင်းလို့ သစ္စာဖောက်ကလည်း သူ့ အဖော်တွေကို လက်နက်ချဖို့ အော်ပြောရတယ်၊ ဘယ်ချမလဲ၊ ဟိုနှစ်ယောက်က တစ်ယောက် ခေါင်း တစ်ယောက် သေနတ်နဲ့ တေ့ပြီး ဝမ်းတူးသရီးဆို မောင်းကို ဖြုတ်ချကြတာ၊ သေနတ်သံလဲ ကြားရော သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ- ”
“သားလတ် ...”
ဖေဖေ့ အသံသည် မာကျောစွာ ထွက်ပေါ်လာ၏။
“နောက်ကို ဒီလို ဇာတ်ကားမျိုးတွေ မကြည့်ရဘူး၊ သွား စာကျက်ချေ၊ ရှစ်တန်းဟာ အရေးကြီးတယ် ဆိုတာ မသိဘူးလား”
သားလတ်သည် အတွင်းခန်းသို့ ခုန်ပေါက်၍ ပြေးသွား၏။
“မင်း အစ်ကိုကော ဘယ်သွားလဲ”
“လဘက်ရည်ဆိုင်မှာ၊ ကဗျာ စာမူခ ရလို့တဲ့၊ သူ့ သူငယ်ချင်းတွေကို လဘက်ရည် တိုက်နေတယ်၊ သားလဲ ဝင်သောက်ခဲ့ သေးတယ်”
“ဘာ ... သူက ကဗျာ ရေးတယ်”
“ဒီလမှ စ ပါတာ တဲ့၊ ဘယ် မဂ္ဂဇင်း ဆိုလား”
ဖေဖေသည် အတန်ကြာ ငေးငိုင်နေသည်။ ထို့နောက် မှန်ဘောင်သွင်း စက္ကူ ရှိရာသို့ သွားပြန်သည်။ စာရွက်ကို မော့ကြည့်ပြီး တီးတိုး ပြောလိုက်သည်။
“ကြားကြရဲ့လား၊ ကျုပ်သားက ရုပ်ရှင်ထဲက သစ္စာဖောက်ကို မုန်းနေတယ်၊ အခု သူ့အဖေက ကိုယ်မြတ်နိုးတဲ့ အလုပ်ကို သစ္စာဖောက်ရမယ့် အခြေအနေ ဖြစ်နေတယ်၊ ခင်ဗျားတို့ ဘာပြောချင်ကြ သေးလဲ”
ထို့နောက် ဖေဖေသည် ကုလားထိုင် ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည်။
ဖေဖေ ထိုင်လိုက်သည်နှင့် အိမ်ရှေ့တံခါးသည် ပွင့်ဟ၍ လာပြန်ကာ သားကြီး ဝင်လာလေသည်။
“ဟင် ... ဖေဖေ မအိပ်သေးဘူးလား၊ ညီလေးကော ပြန်ရောက်ပြီလား”
“ဩ ... ကဗျာဆရာကြီး၊ ကြွပါဦး ခင်ဗျား”
သားကြီးသည် ဖခင်အနီးသို့ တိုးရွေ့လာကာ မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ဝင်ထိုင်သည်။
“သား လက်ထဲက စာအုပ်က သားကဗျာ ပါတဲ့ မဂ္ဂဇင်းလား”
“ဟုတ်တယ် ဖေဖေ၊ ညီလေးက ပြောထားပြီ ထင်တယ်”
“ဖေဖေ့ကို ပြစမ်း”
သားကြီးသည် အသင့် ညှပ်ထားသော နေရာကို ဖွင့်ကာ လှမ်းပေးလိုက်သည်။ ဖေဖေက စာအုပ်ကို မီးရောင်အောက်တွင် ထောင်ပြီး မျက်လုံးများကို မှေးကာ အသံထွက်၍ ဖတ်လိုက်သည်။
“ဆီပူအိုးမှ ခုန်ချကြသူများ”
ဖေဖေသည် စာအုပ်ပေါ်မှ ကျော်၍ သားကြီးကို ကြည့်လိုက်သည်။ သားကြီးက ဖခင်ကို ပြုံးပြ၏။ ဖေဖေက ဆက်၍ ရွတ်ဖတ်၏။
“နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ်
ဘာအရေးလဲ
လာ ... ခုန်ချကြမယ် အမှောင်ထဲ
မသိမှုရဲ့ ချောက်ထဲမှာ
ငါတို့ ... အသစ် တစ်ခုကို တွေ့ရှိမှာ အသေအချာ”
ဖေဖေသည် စာအုပ်ကို ပြန်ချလိုက်၏။
“ဒါ- သား ရေးတာပေါ့”
“ဆက်ဖတ်လေ ဖေဖေ၊ အခုဟာက ပြင်သစ် ကဗျာဆရာ ဘော်ဒလဲရဲ့ ကဗျာတစ်ပုဒ်ကို ယူသုံး ထားတာ၊ သား ရေးတာကို ဆက်ဖတ်ပါ”
“ဒီလောက်ဆို လုံလောက်ပြီ၊ ဒါ ဘာမဂ္ဂဇင်းလဲ”
“... တဲ့၊ ဒီလ ပင်လယ်ကွေ့ စစ်ပွဲ ဆောင်းပါး တော်တော် ကောင်းတယ်၊ ဖတ်ကြည့်စမ်းပါ ဖေဖေ၊ ဒါနဲ့ ကမ္ဘာစစ် နောက်တစ်ခုများ ထပ်ဖြစ်ဦးမလား၊ ဖေဖေ ဘယ်လို ထင်လဲ”
“စစ်ကတော့ ဖြစ်မှာပဲ”
“သေချာရဲ့လား ဖေဖေ”
“သေချာတယ်”
“ဘယ်သူနဲ့ ဘယ်သူ ဖြစ်ကြမှာလဲ”
“ဖေဖေနဲ့ သားပေါ့၊ သား ကဗျာတွေ ဆက်ရေးနေရင် ဖေဖေနဲ့ စစ်ဖြစ်မှာပဲ”
သားကြီးသည် ဖခင်ကို နားမလည်စွာ ကြည့်သည်။
“ဖေဖေ ဘယ်လို ဖြစ်တာလဲ”
“ဘယ်လို ဖြစ်တာလဲ ဆိုတော့ သားကို ကဗျာဆရာ မဖြစ်စေချင်တာပဲ”
သားကြီးသည် ဖခင်ကို အတန်ကြာ စူးစိုက် ကြည့်နေ၏။
“ဒါဖြင့် ဖေဖေက ဘာ ဖြစ်စေချင်လို့လဲ”
“ဘာမှ မဖြစ်စေချင်တော့ဘူး။ သားကို သာမန်လူ တစ်ယောက်ပဲ ဖြစ်စေချင်တယ်၊ ပညာသင် စီးပွါးရှာ၊ အိမ်ထောင်ပြု စီးပွါးရှာ၊ မျိုးဆက်ဖြန့် စီးပွါးပိုရှာ - ရှာ - ရှာ၊ အချိန်တန်တော့ အသာကလေး သေသွား၊ ဒီလို ဘဝမျိုးက side effect နည်းတယ်၊ အပို အန္တရာယ် နည်းတယ်ပေါ့ကွာ”
“မစိမ်းပင်ရဲ့ ကဗျာတစ်ပုဒ် ရှိတယ် ဖေဖေ၊ 'အတ္တမဲ့မာနဖြင့် ဘဝကိုထုဆစ်၊ ခေတ်ကိုထမ်းပိုး၊ ရိုးသား၏ ရဲရင့်စွာ' တဲ့၊ သားက အတ္တကို အနာဂတ် ပို့ထားချင်တာ”
“နားထောင်လို့ ကောင်းလိုက်တာ သားရာ၊ ရင်ထဲမှာ နာလိုက်တာ”
“သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ”
“သား ထင်လို့ပါ၊ မရှိပါဘူး၊ ဖေဖေလဲ ဟိုတုန်းက ဒီလိုပဲ ထင်ခဲ့ဖူးတယ်”
“ရှိကို ရှိရမယ် ဖေဖေ၊ ပြီးတော့ သားဟာ လူငယ်တစ်ယောက်”
“ဖေဖေလဲ လူငယ် ဖြစ်ခဲ့ဖူးတာပေါ့”
သားကြီးသည် နှုတ်ခမ်းကို ကိုက်၍ အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် အသက်ကို ပြင်းပြင်း ရှူလိုက်သည်။
“ဒါဖြင့်- ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား”
“ဘာကွ”
နေရာမှ ဖေဖေ ဝုန်းခနဲ ခုန်ထသည်။ ကုလားထိုင်သည် နောက်သို့ လဲပြို သွား၏။ “ပြန်မေးစမ်း- ပြန်မေးစမ်း”
“ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား”
ဖေဖေသည် သားကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ဖေဖေ့ မျက်နှာပေါ်၌ အရိပ်မျိုးစုံတို့ ဖြတ်သန်း နေကြသည်။
“ကြောက်စရာ အကောင်းဆုံး မေးခွန်းကို သား မေးလိုက်တာပဲ၊ ဒါပေမယ့် ဖေဖေ့ အတွက်တော့ ကြောက်စရာ မဟုတ်ပါဘူး၊ ဟေ့- ဒီမှာ သား”
ဖေဖေသည် စားပွဲကို ကွေ့ပတ်ကာ နံရံပေါ်မှ မှန်ဘောင်သွင်း စာရွက်ရှေ့သို့ သွား၍ ရပ်သည်။
“ဖေဖေ ဒီလို ငယ်ခဲ့ဖူးတယ်”
မှန်သားပြင်ကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်၍ ပြသည်။
“မြင်ရဲ့လား- ဖေဖေ ဟောဒီလို ငယ်ခဲ့ဖူးတယ်ကွ”
ဖေဖေသည် မှန်ချပ်ကို ညာဘက် လက်သီးနှင့် တအားကုန် ပစ်ထိုးလိုက်၏။
မှန်သားပြင် ကွဲကြေသံ၊ မှန်စများ ကြမ်းပြင်သို့ လွင့်ကျသံများသည် နားကြောစိမ့်ဖွယ် ပေါ်ထွက်လာသည်။ ဖေဖေ့ လက်မှာ သွေးတွေ ရဲခနဲ ဖြာသည်။
“ဖေဖေ ...”
သားကြီးသည် ကုလားထိုင်ကို တွန်းဖယ်ပစ်ကာ ဖခင်ထံ တဟုန်ထိုး ပြေးသွား၏။
ဖေဖေသည် ကြမ်းပြင်ပေါ် ကျနေသည့် မှန်ကွဲစများ ကြားမှ စာရွက်ကို ကောက်ယူလိုက်သည်။
“ဒီမှာလေ ဖေဖေ ငယ်ခဲ့ဖူးတာ”
စာရွက်ကို ဗြင်းခနဲ ဆွဲဆုပ်လိုက်ချိန်တွင် သားကြီးသည် ဖေဖေ့အနီးသို့ ရောက်သွားပြီ ဖြစ်သည်။ ဆူဆူညံညံ အသံပလံ များကြောင့် မေမေနှင့် သားလတ်တို့သည် ဧည့်ခန်းထဲသို့ ပြေးထွက်လာကြ၏။
“ဟဲ့ ဟဲ့ ... ဘယ်လို ဖြစ်ကြတာလဲ၊ အို ... မောင့် လက်မှာ သွေးတွေ- ဘုရား ဘုရား ...”
“ဖေဖေ ...”
ဖေဖေသည် သားကြီးကို အေးချမ်းစွာ ကြည့်လိုက်သည်။
“ဒါပါပဲ- သား၊ တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စား ပါလေနဲ့”
ထို့နောက် ဖေဖေသည် အိမ်တွင်းခန်း ဆီသို့ တည်ငြိမ်စွာ လျှောက်သွားလေသည်။
----------------
မောင်သစ်ဆင်း
ဟန်သစ်၊ ဇွန်၊ ၁၉၉၁။
July Ko Ko ဆီမှယူတာဖြစ်ပါတယ်

0 comments:
Post a Comment