Wednesday, February 27, 2019

“အောက်ဆီဂျင်ပြတ်သွားတဲ့ နဂါး” တာရာမင်းဝေ

0 comments
“ အောက်ဆီဂျင်ပြတ်သွားတဲ့ နဂါး ” တာရာမင်းဝေ
၁၈၇၈ နိုဝင်ဘာ စတုတ္ထပတ်
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တရားခုံရုံးတစ်ခု
လန်ဒန်မြို့သည် ကမ္ဘာပေါ်တွင် မြူနှင်းအထူထပ်ဆုံးမြို့ဟုသိမှတ်ခဲ့ရဖူး၏။ သိမှတ်ဖူးသည့်အတိုင်း မှန်ကန်စွာပင် မြူနှင်းတို့ကအုံပျညိုလွင် ... ။ တရားရုံးတစ်ခုမှ ကြားနာသူ လူပရိတ်သတ်များထဲတွင် တစ်ယောက်အပါအ၀င်အဖြစ် ကျွန်တော်ရောက်ရှိနေခဲ့ခြင်းဖြစ်သည် ။
ထူးခြားဆန်းကြယ်သောမှုခင်းတစ်ရပ်ဖြစ်၍ ကြွရောက်ကြားနာသော မြို့မိမြို့ဖများ၏ ရင်ထဲမှာပင်လျှင် စိတ်အမောတို့ ငွေ့ငွေ့တည်သည်။ ကျွန်တော်ကိုတော့ မည်သူကမျှ အမှုမထား ၊၊ ကျွန်တော်ကလည်း မျက်နှာရှေ့မှ မြူနှင်းပါးပါးကိုသာ ဘာရယ်မဟုတ်ပဲ ငေးမောနေမိပါသည် ။ မကြာမှီ အမှုကို စစစ်ကြတော့မည် ၊၊

ဤအမှုကို စတင်မွေးဖွားလာသူကတော့ ပညာတတ်သုခမိန်ကြီးတစ်ဦးပဲ ဖြစ်ပါသည် ။ ပုရောဟိတ်ဆန်သောဥပဓိရုပ်မျိုးဖြင့် ခန့်ညားထည်ဝါလှသူဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်မှ အနုပညာပါမောက္ခလည်းဖြစ်သည် ။

သူက ဂျိမ်းဝှစ်စလာ (James Abott Mc Neil Whisler) ၏ ပန်းချီကား၊ ပန်းချီလက်ရာများကို ဝေဖန်သည် ။ ရိုးရိုးဝေဖန်ခြင်းမဟုတ်ဘဲ ကလောင်လေလည်သလို ဝေဖန်ခြင်းဖြစ်၍ တစ်ဖက်မှ တုံ့ပြန်အရေးဆိုရင်း ဤအမှုအခင်းပေါ်ပေါက်လာခြင်းဖြစ်သည် ။
“ ... စိတ်ထဲမှာ ထင်ရာမြင်ရာဆေးတွေ လျှောက်ပတ်ထားတဲ့ ပန်းချီကားဖြစ်တယ်။ အမှိုက်သရိုက်သက်သက်ပါပဲ။ ဒီလို ပန်းချီကားမျိုးဖြစ်ဖို့ ၁၅ မိနစ်လောက်ပဲ အချိန်လိုမယ်၊ ပန်းချီကားလို့တောင် မခေါ်ထိုက်ပါဘူး ။ ပန်းချီဆရာရဲ့ ကျပ်မပြည့်တဲ့ဘ၀င်ကိုင်မှုဟာ ရည်ရွယ်ချက်ရှိရှိ လိမ်လည်မှုဆီရောက်လုရောက်ခင်ပါပဲ”
အဲဒီလိုဝေဖန်သူက ကမ္ဘာကျော်ဝေဖန်ရေးဆရာကြီး ဂျွန်ရပ်စကင်(John Ruskin) ပါပဲ။ ဒီပန်းချီကား၊ ဒီပန်းချီဆရာနဲ့ပတ်သက်ပြီး သူ့ဝေဖန်ချက်တွေက လိုအပ်တာထက် ပိုပြီးကြမ်းတယ်။ တင်ပြပေးရတဲ့ စကားလုံးတွေကတောင် လျှာထွက်မတတ် ပင်ပန်းခဲ့ကြရတယ်။ ၀ှစ်စလာဘက်က ရင်နာမယ်ဆိုရင်လည်း နာစရာပါပဲ။

ဟိုဟိုသည်သည် ကျွန်တော် လျှောက်တွေးနေမိချိန်မှာပဲ အမှုစစ်ဆေးမှုကို စတင်ပါပြီ ။ ပန်းချီဆရာ ၀ှစ်စလာဟာ အရပ်ငါးပေ လေးလက်မလောက်ရှိတဲ့ လူပုလေးပါ၊ ရုပ်ရည်ကလည်း သာမာန်အနေအထားလောက်ပဲမို့ ခန့်ညားထည်ဝါမှု မရှိပါဘူး။ အခုရှေ့နေချုပ်က သူ့ကိုမေးခွန်းတွေ မေးပါမယ် သူက ဖြေရပါမယ် ။
“တော်ဝင်အကယ်ဒမီကို ကျွန်တော့်ပန်းချီကားတွေ ပို့ခဲ့ဖူးပါတယ်။ အပယ်ခံရတာချည်းပါပဲ ... ”
ပန်းချီဆရာဝှစ်စလာက ခံစားချက်အပြည့်နဲ့ပြောပြနေတာပါ ။
ကျွန်တော် နားလည်စာနာမိပါတယ် ။
“ပြင်သစ်က မိုနေးတို့အုပ်စုလည်း ဒီလိုပဲ တော်ဝင်အသင်းရဲ့ပစ်ပယ်မှုကို ခံခဲ့ရတာပါပဲ။ ရေနွားဆိုရင် ပန်းချီကျောင်းကတောင် အထုတ်ခံရဖူးတယ် ”
“ဂရောဗီနာပြခန်းမှာတင်ခဲ့တဲ့ ကျွန်တော်ရဲ့ပန်းချီကားဟာ ကရီမုန်တံတားမှာ ညအချိန် မီးပန်းဖောက်တာကို ရေးဆွဲထားတာပါ ။ အနုပညာဆန်ဆန်ပါပဲ ”
ကျွန်တော့်အာရုံထဲမှာ မြူနှင်းတွေကြားထဲက လှေကြီးတစ်စီးကို ပြေးမြင်မိတယ်။ အဲဒီလှေကြီးထဲမှာ အခန်းဖွဲ့ပြီး ပန်းချီဆရာမိုနေးဟာ မြစ်ရေပေါ်ကျနေတဲ့အလင်းရောင်အမျိုးမျိုးကို ပန်းချီရေးဆွဲခဲ့ဖူးတယ်။ အခု ၀ှစ်စလာလည်း အဲဒီလိုပဲနေမှာပေါ့ ။ ကျွန်တော်ကတော့ အားပေးမိတယ်။ (အဲဒါကလွဲရင် ဘာမှလည်း မတတ်နိုင်ပါဘူး)
“အဲဒီပန်းချီကားကို ဂီနီ ရွှေဒင်္ဂါး ၂၀၀ လို့ ဈေးတပ်ထားတာများတယ်လို့ အပြောမခံရနိုင်ဘူးလား”
“ပြောလာနိုင်ပါတယ်”
“ဒီပန်းချီကားကို ဆွဲတာ ဘယ်နှစ်ရက် ကြာလဲ”
“တစ်ရက်ပေါ့ ဟိုဖြည့် ဒီဖြည့်နဲ့ဆိုရင် နှစ်ရက်ပေါ့ ... ”
#နှစ်ရက်ကလေး လုပ်ရတာကို ဂီနီ ရွှေဒင်္ဂါး ၂၀၀ တောင်းတယ်ပေါ့ #
#ဟင့်အင်း ... နှစ်ရက်လုပ်ခဆိုပြီးတောင်းတာ မဟုတ်ပါဘူး ၊ တစ်ဘ၀လုံးဆည်းပူးခဲ့ရတဲ့ ကျွန်တော့်ပညာအတွက် တောင်းတာပါ#
အမှုကို လာရောက်နားထောင်သူများထံမှ လက်ခုပ်သံ ဝေါခနဲထွက်လာသည် ။ ထိုသို့ လက်ခုပ်တီး သြဘာပေးသူများထဲတွင် ကျွန်တော်လည်း အပါအ၀င်ဖြစ်ခဲ့၏ ။

သူ့ဘာသာ ပန်းချီကားတစ်ချပ်ကို နှစ်ရက်မဟုတ်၊ နှစ်နာရီတည်းဆွဲဆွဲ တစ်ရက်မဟုတ်၊ တစ်နာရီထဲ ဆွဲဆွဲ ဘာဖြစ်လဲ ... ။ သူ့ရဲ့အနုပညာစိတ်ပိုင်းဆိုင်ရာ ဗိုင်းရပ်စ် Artistic Mental Virus နိုးကြားနေရင် ဘာမဆိုဖြစ်တယ်။ Action Painting တွေဆို ဘယ့်နှယ်လုပ်မလဲ။ ထိုအတိုင်း ကျွန်တော်က တရစ်ဝဲ၀ဲ တွေးနေမိသည် ။
“ဘက်တာဆီတံတားနားက မြစ်ရေပြင်ပေါ် လရောင်ထိုးကျတာကိုလည်း ကျွန်တော်ဆွဲလိုက်တယ်၊ တံတားကိုပုံတူဆွဲတာ မဟုတ်ပါဘူး။ လရောင်ရဲ့အလင်းပြန်မှုကို ဆွဲတာပါ။ တချို့တွေ ခံစားလို့ရနိုင်ပေမယ့် တချို့တွေ ခံစားလို့ရမှာ မဟုတ်ပါဘူး။ အရောင်တွေရဲ့ပေါင်းစပ်မှုရစ်သမ်ကို ကျွန်တော်တင်ပြချင်တာပါ ... ”
သမရိုးကျပန်းချီရေးဟန်ကိုပုန်ကန်သော ပန်းချီဆရာအချို့ရှိခဲ့ဖူးသည်။ ထိုထဲက အချို့သည် ဒြပ်ထုကို အဓိကမထားပဲ တစ်ချိန်နှင့်တစ်ချိန် တဖျပ်ဖျပ်ပြောင်းလဲပြေးလွှားနေသောအလင်းရောင်ကို မိအောင်ဖမ်း ဆွဲတတ်ကြသည်။ Impressionist များဟု ချိုးနှိမ်ခေါ်ဝေါ် ခံခဲ့ရ၏။ သူတို့ကိုယ်တိုင်ကလည်း ထိုအမည်ကိုပဲ လက်ခံယူခဲ့ကြ၏။ ၀ှစ်စလာသည် အင်ပရက်ရှင်းနစ်ပန်းချီဆရာတစ်ယောက်ပင်။
“ခင်ဗျားရဲ့ပန်းချီပညာဟာ ဘ၀နဲ့ရင်းခဲ့ရတာလို့ ဆိုတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ပန်းချီကားကို ဘာမှလည်း မဟုတ်ပါဘူးကွာလို့ဆိုကြတာမျိုးကို ကြုံဖူးပါသလား”
“ကြုံဖူးပါတယ် ၊ အဲဒီလို ကောက်ချက်ချတာတွေကို ကြားဖူးပါတယ်။ ဥပမာ မစ္စတာရပ်စ်ကင်ပေါ့”

ကျွန်တော်ငိုင်တွေနေမိသည်။ မစ္စတာရပ်စ်ကင်ကိုလည်း အပြစ်ကြီးပြော၍ မရနိုင်။
#ဝေဖန်ရေးသမားရဲ့ တာဝန်ဟာ အနုပညာလက်ရာကောင်းနဲ့ အနုပညာလက်ရာဆိုးကို ခွဲခြားပေးဖို့ပါပဲ။
အနုပညာလက်ရာဆိုးတွေကို ပြည်သူရှေ့မှောက် မရောက်အောင် တားမြစ်ပေးဖို့ပဲ ...
“လေးစားလောက်တဲ့ဝေဖန်ရေးဆိုတာ ဥပဒေအတိုင်းပါပဲ။ အကြင်နာတရား ထားတယ်ဆိုပေမယ့်လည်း တခါတခါတော့ မာကျောရပါတယ်”
ရပ်စ်ကင်၏ အယူအဆများဖြစ်ပါသည် ။ သူ့ဘက်က သူ မှန်ကန်ပါလိမ့်မည်။ သို့သော် အနုပညာသည် အနုပညာသာ ဖြစ်ပါသည်။ ထိုကြောင့် ....မစ္စတာ ၀ှစ်စလာ ခင်ဗျားဟာ ဘ၀တစ်လျှောက်လုံးကို ပန်းချီအနုပညာထဲမှာပဲ နစ်မြုပ်နေခဲ့တယ်လို့ဆိုတယ်။ အခု ခင်ဗျားပန်းချီကားရဲ့အလှတရားကို ကျုပ်မြင်လာအောင် လုပ်ပေးမလား၊ လုပ်ပေးနိုင်မလား ..
ရုံးတော်တစ်ခုလုံး ငြိမ်သက်သွားသည်။ ၀ှစ်စလာကလည်း အတော်ကြာသည်အထိ ချင့်ချိန်စဉ်းစားနေသည်။ မည်သူကမှ အသံမထွက်ကြ။ ၀ှစ်စလာက သူ့ပန်းချီကားကို ကြည့်လိုက်၊ ရှေ့နေဘက်ကိုကြည့်လိုက်နှင့် တစ်စုံတစ်ရာကို တွေးနေသည်။ ထို့နောက်မှာမှ ပြတ်သားသောလေသံဖြင့် “လုပ်မပေးနိုင်ပါဘူး ... ဂီတသမားတစ်ယောက်က သူ့ရဲ့ဂီတသံစဉ်တွေကို နားပင်းနေသူတစ်ယောက်ရဲ့ အာရုံထဲဝင်အောင် လုပ်လို့ မရသလိုပါပဲ”
လက်ခုပ်သံတွေ ဝေါခနဲထွက်လာသည်။ လက်ဖ၀ါးတွေ နီရဲကျိန်းစပ်သည်အထိ ကျွန်တော်လည်း လက်ခုပ်တီးခဲ့မိသည်။ အချို့ကတော့ နားမလည်ကြ။ ကျွန်တော်တို့ကိုပင် ရိုင်းပျသလို ကြည့်ကြသည်။ စစ်ဆေးမေးမြန်းချက်တွေက ကုန်ပါပြီ။ ခဏအကြာမှာ တရားသူကြီးက စီရင်ချက်ချ၏ ။
“ရပ်စကင်က ၀ှစ်စလာကို နစ်နာကြေးအဖြစ် ငွေတစ်ကျပ်ပေးစေ၊ ရုံးစရိတ်ကို ၀ှစ်စလာက ကျခံစေ ...”
သွားပါလေရော ...
“ခြင်္သေ့နဲ့ကျားနဲ့ကိုက်ကြတာတဲ့ တော်ရေ ”
ရပ်ကွက်ထဲက ခေါက်မုန့်သည်ကြီးဆိုလျှင် ထိုသို့ပင် ပြောမည်ထင်ပါသည်။ ပြောမည်ဆိုလျှင်လည်း ပြောစရာပါ။ အမှုရှုံးသွားသည့်အတွက် ရပ်စကင်က နာမည်ပျက်သွားပါသည်။ (တွေးမိလျှင် ရယ်ချင်သည်။ သူများကို မှိုချိုးမျှစ်ချိုး ပြောသွားသည်ကိုး) အောက်စဖိုဒ့်တက္ကသိုလ်မှ အနုပညာပါမောက္ခဟူသောရာထူးကို စွန့်လွှတ်လိုက်ရသည်။ ဝေဖန်စာတွေကိုလည်း မရေးနိုင်တော့။ ၀ှစ်စလာခမျာလည်း အိမ်အပါအ၀င် ပိုင်ဆိုင်သမျှပစ္စည်းအားလုံးကို ရောင်းချလိုက်ရသည်။ (ဘာမှကို မရှိတော့ဘူး ၊ တစ်ပြားမှကို မရှိတော့ဘူး)
ထိုတရားရုံးမှ အပြန် ....စာရေးဆရာ ဖရန့်ဟဲရစ် (Frank Harris) နှင့် ကျွန်တော်တွေ့သည်။ သူလည်း ကျွန်တော့်လိုပဲ စိတ်မကောင်းဖြစ်နေသည် ။

“တို့ အင်္ဂလန်တရားရုံးတွေဟာ ဒီလို သိမ်မွေ့နက်နဲတဲ့အနုပညာကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းမရှိပါဘူး၊ ဒီကိစ္စကြီးကလည်း မဖြစ်သင့်ဘူး ”

ကျွန်တော်မတုံ့ပြန်မိပါ ။ ခရစ်နှစ် ၂၀၀၄ ရန်ကုန်မြို့တော်ဆီ ကိုယ့်ဘာသာကိုယ် ပြန်လာနေရပါသည်။
ကြိုးဝိုင်းချင်းမတူ၍ ဘယ်လိုထိုးထိုး ဘယ်သူမှ မလဲပါ။ ကိုယ့်ဘာသာ အမောဖောက်ကြတာပဲ ရှိပါသည်။ နဂါးတွေလည်း ပင်လယ်ထဲမှာရေငုပ်ရင်း အောက်ဆီဂျင်ကုန်တတ်သလားဟု ကျွန်တော်စဉ်းစားသည်။ ရယ်စရာ ကြုံရသေး၏ ။
တာရာမင်းဝေ
ဆရာတာရာမင်းဝေ၏ အလံမထူခဲ့သောလက်များ စာအုပ် စာနှာ ၉၃-၉၉ မှ တစ်ဆင့်ကူးယူ ရေးသားပြန်လည်မျှဝေပါသည်

0 comments:

Post a Comment