စစ်တပ်ကိုဖြိုခွဲမှ ဆောင်းပါးအတွက် ပြန်လည်ဖြေကြားချက်။ ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ
ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေပါ။ စစ်အာဏာရှင်ဟာ စစ်တပ်ကို
လက်ကိုင်တုတ်အဖြစ် အသုံးချပြီး တတိုင်းတပြည်လုံးမှာရှိတဲ့
လူမျိုးပေါင်းစုံပြည်သူတွေကို သတ်ဖြတ်နှိပ်စက်ခဲ့တာ၊ နှိပ်စက်နေတာဟာ
တကယ့်ဖြစ်ရပ်ပဲ။ တကယ့်လက်တွေ့ပဲ။ အဲဒါဟာလည်း မျက်စိစုံမှိတ်ပြီး
မသိချင်ယောင်ဆောင်နေလို့မရတဲ့ အမှန်တရားပဲ။ စစ်တပ်က ဖိနှိပ်တယ်ဆိုတာ
တိုင်းရင်းသားမို့ လူမျိုးမတူလို့၊ ဘာသာမတူလို့ ဖိနှိပ်တယ်လို့လည်း
မထင်ပါနဲ့။ စစ်အာဏာရှင်နဲ့ စစ်တပ်အဖို့ရာ ဖိနှိပ်တဲ့နေရာမှာ လူမျိုး၊ ဘာသာ
မခွဲခြားပါဘူး။ သူ့အာဏာကို ခြိမ်းခြောက်သူမှန်သမျှကို ဖိနှိပ်တာ၊
သတ်ဖြတ်တာပါပဲ။
တိုင်းရင်းသားတွေနေရာမှာဆိုရင် ချောင်ကျလို့ လူမြင်ကွင်းမဟုတ်လို့ ဥပဒေမဲ့သတ်ဖြတ်တာတွေ၊ မုဒိန်းကျင့်တာတွေ၊ ဘာသာမတူလူမျိုးမတူတာကို လက်နက်သဖွယ်အသုံးပြုပြီး နှိမ်နင်းဖိနှိပ်တာတွေ ပိုလုပ်ပါတယ်။ ဒါပေမယ့် ဗမာကိုတော့ လူမျိုးတူချင်းမို့ သက်ညှာထားတယ်လို့များ မထင်ကြပါနဲ့။ ဇူလိုင် ၇ ရက်မှာ တိုင်းပြည်ရဲ့ အညွန့်အဖူးရင်သွေးတွေ၊ ကျောင်းသားတွေကို ရာနဲ့ချီသတ်ခဲ့တဲ့အထဲမှာ အများစုက သူတို့နဲ့ လူမျိုးတူ ဗမာတွေပါ။ ၈၈ အရေးအခင်းမှာ အများဆုံးသွေးမြေကျခဲ့ရတဲ့ ရန်ကုန်နဲ့ စစ်ကိုင်းက ပြည်သူတွေဟာ အများစုက ဗမာတွေပါ။ သူတို့အာဏာကို ခြိမ်းခြောက်လာတယ်လို့ ခံစားရရင် ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုမှ သတ်ဖို့ ဖြတ်ဖို့ ဝန်မလေးတာဟာ စစ်အာဏာရှင်တွေနဲ့ စစ်တပ်ပါ။
ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ။ ဗမာပြည်မှာ စစ်တပ်ဟာ မင်းမဲ့လူသတ်သမားတွေပါ။ အဲဒီစစ်တပ်ကို ချော့မြူသိမ်းသွင်းတဲ့နည်းတွေ၊ ဖြောင်းဖျ နားချတဲ့နည်းတွေ၊ တရားဓမ္မပြသဆုံးမတဲ့နည်းတွေ၊ စိတ်ထားပြောင်းလဲအောင်လုပ်တဲ့နည်းတွေ အဲဒီနည်းလမ်းတွေအားလုံးဟာ စိတ်ကူးယဉ်တာတွေသာဖြစ်တယ်။ ကျားကိုသာ ဥပုသ်စောင့် သင်ပေးလို့ရချင်ရလိမ့်မယ်။ ဒီစစ်တပ်ကို အဲဒီနည်းတွေနဲ့ ပြောင်းလဲယူလို့မရ။ ဖြိုခွဲဖျက်ဆီးတဲ့နည်းနဲ့သာ သူတို့လုပ်နေတဲ့ ဒုစရိုက်မှုကို နှိမ်နင်းလို့ရမယ်။ ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေပါ။ ကြိုက်လို့စစ်တပ်စိုးမိုးမှုအောက်မှာပဲ နေချင်ကြတယ် ဆိုရင်လည်း သဘောပါ။ မကြိုက်တဲ့သူတွေကလည်း မကြိုက်တဲ့အတိုင်း တုန့်ပြန်ပါလိမ့်မယ်။
တုန့်ပြန်ပုံနှစ်မျိုး
စစ်တပ်ကိုဖြိုခွဲမှ ဒီမိုကရေစီရမယ်လို့ ကျနော်ကပြောတော့ တုန့်ပြန်ပုံနှစ်မျိုး ပေါ်ထွက်လာတာကို သတိထားမိပါတယ်။ တမျိုးကတော့ ဒါများ အခုမှလာပြောနေရသေးတယ်။ လူတိုင်းသိပြီးသား မဟုတ်လား။ ပြောချင်းပြောရင် ဘယ်လို ဖြိုခွဲမလဲဆိုတာကို ပြောပါလားဆိုတဲ့သူမျိုးက တမျိုးပါ။ နောက်တမျိုးကတော့ မကြားဝံ့မနာသာ စကားကို ကြားလိုက်ရသလိုမျိုး အမလေးဘုရားဘုရားဆိုပြီး ဘုရားတတဲ့ လူမျိုးပါ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး ဒါမျိုးစကားတွေနဲ့ ဝေးရာမှာသာ နေချင်ပါတယ်ဆိုတဲ့ လူမျိုးတွေပါ။ သွေးချောင်းစီးမယ့် စကားမျိုးကို ပြောရက်လေခြင်းရယ်လို့လည်း အဲဒီအမျိုးအစားလူတွေက အပြစ်တင်ကြပါတယ်။
ဘာ့ကြောင့်ခုမှပြန်ပြောနေရသလဲ
အဲဒီတုန့်ပြန်မှုနှစ်မျိုးစလုံးကို ကျနော်ပြန်ဖြေပါရစေ။ ပထမအမျိုးအစားက ကျနော်နဲ့ သဘောထား နီးစပ်သူတွေပါ။ ဒါများအခုမှ လာပြောနေရသလားဆိုတဲ့သူတွေပါ။ ဘာ့ကြောင့် အခုပြန်ပြောနေရသလဲဆိုတော့ ၈၈ အရေးအခင်းပြီးကာစ အခြေအနေမျိုးနဲ့ မတူလို့ပါ။ ၈၈ ပြီးကာစလောက်က ဆိုရင် ဒီစစ်တပ်မရှိမှ ငါတို့တိုင်းပြည်အေးချမ်းမယ်ဆိုတာကို လူတိုင်း သဘောပေါက်ကြပါတယ်။ ဒီစစ်တပ်မရှိမှ ဒီမိုကရေစီရမယ်ဆိုတာကို လူတိုင်း သဘောပေါက်ကြပါတယ်။ ဒါကလည်း ၈၈ လူထုအရေးအခင်းကြီးက သင်ကြားပို့ချပေးလိုက်တဲ့ လက်တွေ့သင်ခန်းစာပါ။ သာမန်အချိန်မျိုးမှာ ငါးနှစ် ဆယ်နှစ်လေ့လာသင်ယူရတဲ့ကိစ္စမျိုးတွေကို ၈၈ လူထုအရေးအခင်းကြီးလို အရေးတော်ပုံကြီးက လပိုင်းနဲ့ သင်ကြားပေးနိုင်ပါတယ်။ ကျောင်းခန်းထဲက စာအုပ်စာတန်းမှာ နှစ်ပေါင်းများစွာရှာဖွေလေ့လာရမယ့် အရာတွေကို အဲသလို လူထု အရေး တော်ပုံကြီးက တခဏနဲ့ သင်ပေးတတ်ပါတယ်။
ဒါ့ကြောင့် ၈၈ အရေးအခင်းကြီးပြီးကာစတုန်းက စစ်တပ်နဲ့ ပတ်သက်ရင် လူတိုင်းမှန်မှန်ကန်ကန် နားလည်ပါတယ်။ အဲဒါကြောင့်လည်း လူထုရဲ့တော်လှန်ရေးစိတ်ဓာတ်ကို စစ်အာဏာရှင်တွေက ကြောက်လွန်းလို့ ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ကျင်းပပေးပြီး နှစ်သိမ့်ခဲ့တာပါ။ ဒီနေရာမှာ တခုဖြတ်ပြောချင်တာက ကျနော့်နိုင်ငံရေးက ၈၈ ကနေကို တက်မလာသေးဘူးလို့ ပြောတဲ့သူ တယောက်ရှိလို့ ကြုံတုန်းပြောချင်ပါတယ်။ ကျနော့်နိုင်ငံရေးအမြင်က ၈၈ အဆင့်အတန်းလို့ ပြောရင် တနည်းအားဖြင့် မှန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တခုပြောချင်တာက ဒီနေ့ခေတ်နိုင်ငံရေး အဆင့်အတန်း ဟာ ၈၈ တုန်းက နိုင်ငံရေးအဆင့်အတန်းထက် အများကြီးနိမ့်ကျနေတယ်။ ဒီနေ့ခေတ်ရဲ့ နိုင်ငံရေးဒီရေဟာ ၈၈ တုန်းကထက် အများကြီးနိမ့်ကျနေတယ်။ ၈၈ တုန်းက အခုလို တွေဝေယိမ်းယိုင်မှုမျိုးမရှိဘူး။ အခုလို ဟိုဟာ ကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုးသဘောထားမျိုးမရှိဘူး။ အခုလို စစ်တပ်က လိမ္မာလာမှာပါ။ ယဉ်ကျေးလာဦးမှာပါ။ ဆုံးမလို့ရဦးမှာပါဆိုတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ မရှိဘူး။ စစ်အာဏာရှင်တွေ လိမ်တာကို နားယောင်မှုတွေ အင်မတန်ကိုနည်းတယ်။
ဒေါက်တာမောင်မောင်က ရွေးကောက်ပွဲလုပ်ပေးပါမယ်၊ ကျောင်းသားသမဂ္ဂကို အတူတူအုတ်မြစ်ချကြရအောင်ပါလို့ ပြောတဲ့အချိန်မှာ အဲဒီစကားကို ဘယ်သူမှ မယုံဘူး။ တဖက်ကလူထုကို သတ်ဖြတ်နှိမ်နင်းဖို့ ပြင်ဆင်နေချိန်မှာ တခြားတဖက်က ချော့မော့ချွေးသိပ်ပြီး အချိန်ဆွဲနေ တာပဲဆိုတာ အားလုံးသိတယ်။ အားလုံးနားလည်တယ်။ အားလုံးနောကြေနေတယ်။ ဒီနေ့ခေတ်က အဲသလို မဟုတ်ဘူး။ အဲဒီတုန်းက ဒေါက်တာမောင်မောင်ပြောတုန်းက လက်မခံလိုက်မိတာမှားတယ်ကွာလို့တောင် ပြန်တမ်းတနေတဲ့သူတွေ တပုံတခေါင်းရှိတယ်။ အဲသလို ပြန်တမ်းတတဲ့သူတွေဟာ အဲဒီတုန်းက အရွယ်မရောက်ကြသေးသူတွေ မမွေးကြသေးသူတွေက ပိုများတယ်။ တ
ကယ်တော့ အဲဒါဟာ စစ်အာဏာရှင်တွေ အမြဲတန်း လုပ်နေကျ လုပ်နည်းလုပ်ဟန်ပဲ။ မကြာသေးခင်ကပဲ အဲသလိုနည်းနဲ့ ခပ်ဆင်ဆင်အလုပ်တခုကို လုပ်သွားသေးတယ်။ ကျောင်းသားတွေ ချီတက်ဆန္ဒပြကြတော့ ဗိုလ်အောင်မင်း လုပ်သွားတဲ့နည်း။ ဘာမှ ဆွေးနွေးမနေဘူး။ အားလုံးသဘောတူတယ်။ အကုန်လိုက်လျောမယ်။ ချီတက်ဆန္ဒပြတာကိုသာ ချက်ချင်းရပ်ဆိုတဲ့နည်း။ ရုတ်တရက်ကြည့်လိုက်ရင် ဟုတ်သလိုလိုပဲ။ ဒါပေမယ့် အဲသလိုပြောနေတဲ့အချိန်မှာ လွှတ်တော်ထဲရောက်လာရင် အကုန်ဆီးပြီးပယ်ချမယ်ဆိုတာ တခါတည်း သူတို့ စိတ်ကူးပြီးသား။ တခါတည်း ပြင်ဆင်ပြီးသား။ နောက်ဆုံး ဘယ်လိုမှ လှည့်စားလို့မရတော့လည်း ရိုက်နှက်ဖြိုခွဲပစ်လိုက်တာပဲ။
နောက်တခုက စစ်တပ်ဖြိုခွဲရေးကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်း။ အဲဒီမေးခွန်းအတွက်ကတော့ အသေးစိတ်တွေကို တခြားနည်းနဲ့ ကျနော် ဆက်ပြောပါမယ်။ ဒါပေမယ့် အခုဒီနေရာမှာ ပြောလို့ရသလောက် ပြောချင်တာ တခုက လူထုလှုပ်ရှားမှုကြီးတခု တော်လှန်ရေးကြီးတခု၊ ခေတ်ပြောင်း စနစ်ပြောင်း အရေးအခင်းကြီးတခုမှာ ပထမဆုံးနဲ့ အခြေခံအကျဆုံးလိုအပ်ချက်က လူထု သဘောထားပါ။ လူထုရဲ့သဘောတူညီမှု (consensus) ပါ။ ဆိုလိုတာက ဒီစစ်တပ်ကို ဖြိုခွဲနိုင်မှသာ ဒီမိုကရေစီရမယ်ဆိုတာကို လူထုအများက လက်ခံယုံကြည်လာပြီး ပူးပေါင်းဆောင်ရွက် ဖို့က ပထမဆုံးလိုအပ်ချက်၊ အခြေခံအကျဆုံးလိုအပ်ချက်ပါ။ ဒီတော့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေတခုကတော့ အခုကျနော်ပြောနေတာတွေဟာ ပထမခြေလှမ်းကို လှမ်းနေတာပါပဲ ဆိုတဲ့ အဖြေဖြစ်ပါတယ်။ ကျန်တဲ့သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
မကြားလိုပါဆိုသူများအတွက်
စစ်တပ်ကိုဖြိုခွဲပါဆိုတဲ့စကားကို မကြားလိုပါ ဆိုတဲ့သူတွေအတွက် အခုပြောပါမယ်။ မကြားလိုပါ ဆိုသူတွေထဲမှာ ပထမတမျိုးကတော့ စစ်အာဏာရှင်စနစ်ရဲ့ ကောင်းမှုနဲ့ အကျိုးစီးပွားဖြစ်ထွန်းနေကြသူတွေပါ။ အဲဒီလူတွေကိုတော့ ပြန်ပြောစရာမလိုဘူးလို့ ယူဆတဲ့အတွက် မပြောတော့ဘူး။ နောက်တမျိုးကတော့ သွေးထွက်သံယိုဖြစ်မှာတွေကို ကြောက်လို့ပါ။ သွေးချောင်းစီးမှာတွေကို ကြောက်လို့ပါ။ စစ်တပ်ကို သွားပြီး ရန်မစပါနဲ့။ စစ်တပ်က သေနတ်နဲ့ပစ်မှာ ကြောက်လို့ပါ ဆိုသူတွေအတွက်ပါ။ လွှတ်တော်ကြီးထဲကနေ ငြိမ်းငြိမ်းချမ်းချမ်းလုပ်ကြရအောင်ပါ ဆိုသူတွေအတွက်ပါ။
ပထမဆုံးက သွေးထွက်သံယိုတွေ ဖြစ်မှာစိုးလို့ စစ်တပ်ကို သွားမစပါနဲ့ဆိုတဲ့စကားအတွက် အရင်ပြန်ဖြေချင်ပါတယ်။ ၈၈ လိုသွေးချောင်းစီးတာမျိုးမြင်ချင်လို့ ဒီလိုစကားပြောတာလားလို့ အဲသလိုလူတွေက ဆိုကြပါတယ်။ နည်းနည်းပြန်စဉ်းစားကြည့်ပါ။ ၈၈ နောက်ပိုင်း နှစ်အစိတ်အတွင်းမှာရော သွေးချောင်းမစီးခဲ့လို့လားဆိုတာကို။ တိုင်းရင်းသားဒေသတွေမှာ နေ့စဉ်နဲ့အမျှ သွေးချောင်းစီးနေတာတွေကို သူတို့ မသိလေရော့သလား။ ဒါမှမဟုတ် အဲသလိုနေ့စဉ်နဲ့အမျှ သွေးချောင်းစီးတဲ့အထဲမှာ သူ့မိသားစု၊ သူ့ဆွေ သူ့မျိုးမပါသေးလို့ အဲသလိုပြောတာ ဖြစ်ပါလိမ့်မယ်။ ကချင်ပြည်နယ်လို၊ ရှမ်းပြည်လို ပဋိပက္ခပြင်းထန်တဲ့ တိုင်းရင်းသားဒေသတွေမှာ သွေးချောင်းပိုစီးပါတယ်။ အပြစ်မဲ့သာမန်ပြည်သူတွေကို သတ်ဖြတ်တာရော၊ လုယက်တာရော၊ မုဒိန်းကျင့်တာရော၊ ရွာမီးရှို့တာတွေရောခံကြရပါတယ်။ နှစ်ဖက်မြှုပ်ထားတဲ့ မိုင်းတွေမိပြီး သေတာတွေ ပြတ်တာတွေလည်း ဖြစ်ကြပါတယ်။
တချိန်က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား၊ ကယန်းပြည်နယ်တွေမှာ ပဋိပက္ခပြင်းထန်စဉ်ကလည်း အဲဒီက ပြည်သူတွေ ဆိုးဆိုးဝါးဝါး ခံစားကြရပါတယ်။ ဗမာလူမျိုးတွေနဲ့ သိပ်မဝေးတဲ့ တောင်ငူတို့ ပဲခူးတို့နားပတ်ဝန်းကျင်အထိတောင် ပဋိပက္ခအရှိန် ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီနှစ်တွေအတွင်းမှာ သွေးချောင်းစီးခဲ့တာတွေက ၈၈ အရေးအခင်းမှာထက် အဆပေါင်းများစွာပိုပါတယ်။ ပဋိပက္ခသိပ်မပြင်းထန်တဲ့ ချင်းပြည်နယ်လိုနေရာ၊ ရခိုင်ပြည်နယ်လို နေရာမျိုးမှာရော ငြိမ်းချမ်းနေတယ်ထင်ပါသလား။ အဲဒီပြည်နယ်တွေကိုလည်း ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်တာ မြင်မကောင်း၊ ကြားမကောင်းပါဘူး။ ငတ်လိုက်ပြတ်လိုက်တာ၊ ဆင်းရဲလိုက်တာ၊ ခေတ်နောက်ကျလိုက်တာများ စစ်ဖြစ်တာနဲ့ မသွေမကွာ ဆိုးဝါးတာပါပဲ။
နာဂစ်မှာ မသေသင့်ပဲ လူတွေ သိန်းချီသေခဲ့ရတာတွေကရော ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးက တောတွေပြုန်း၊ တောင်တွေပြုန်းပြီး သဘာဝပတ်ဝန်းကျင်ကြီးပျက်စီးအောင် ဖျက်ဆီးခဲ့လို့ပဲ မဟုတ်လား။ နာဂစ်မုန်တိုင်းကြီး တိုက်ပါတော့မယ်၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပါလို့ စစ်အာဏာရှင်တွေဆီကို ပညာရှင်တွေက သွားရောက် သတင်းပို့တဲ့အချိန်မှာ အခြေခံဥပဒေဆန္ဒခံယူပွဲပျက်မှာစိုးလို့ ဒီသတင်းမထုတ်ပြန်ဖို့တားခဲ့တာ၊ ဘာမှ ကြိုတင် ပြင်ဆင်မှု မလုပ်ခဲ့တာကြောင့် လူတွေ သေသင့်တာထက် အများကြီးပိုသေခဲ့ရတာဟာ စစ်အာဏာရှင်စနစ် ကြောင့် သေကြရတာပဲ မဟုတ်ဘူးလား။
အဲဒါတွေဟာ သွေးချောင်းစီးတာမဟုတ်လို့ ဘာတွေလဲ။ ကိုယ့်အိမ်ကိုယ့်ယာ အေးချမ်းနေလို့ တနိုင်ငံလုံးအေးချမ်းနေတယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ မျက်စိဖွင့်ကြည့်ပါ။ ရဲရဲကြည့်ပါ။ သဲခွေးတွေလို တွင်းထဲအောင်းပြီး လောကကြီးတခုလုံးဟာ အမှောင်ထုကြီးပါလား။ လောကကြီးမှာ ဘာမှ ဖြစ်ပျက် မနေပါလားရယ်လို့ မျက်စိမှိတ်ငြင်းနေလို့ မရပါဘူး။
သွေးထွက်သံယိုနည်းကို ဘယ်သူမှ မကြိုက်ပါဘူး။ ဘယ်သူမှ မဖြစ်ချင်ပါဘူး။ ကျနော်လည်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ကိုယ်မမြင်တဲ့နေရာတွေမှာ သွေးကတစိမ့်စိမ့်ယိုစီးပြီး သွေးထွက်လွန်သေဆုံးတော့မယ့် မြန်မာပြည်ကြီးအတွက် ခုခံကာကွယ်တိုက်ခိုက်ရင်း လက်မှာ ဓားရှသွားမှာကို ကြောက်နေလို့ မဖြစ်ဘူး။ ငြိမ်းချမ်းတဲ့နည်း၊ အနုနည်းကို အမြဲတန်း ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ ဒါပေမယ့် ဓားနဲ့ပဲလာခုတ်နေပစေ၊ တုတ်နဲ့ပဲ လာရိုက်နေပစေ ငါတို့ကတော့ ငြိမ်းချမ်းတဲ့နည်းကလွဲပြီး တခြားနည်း ဘယ်တော့မှ မလုပ်ဘူးလို့ တရားသေ မကိုင်စွဲသင့်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်မထားသင့်ဘူး။ အဲသလို ဘောင်ခတ်ထားရင် ဘောင်ခတ်ထားတဲ့သူပဲ နစ်နာမယ်။ ဆုံးရှုံးမယ်။ ကျားကကိုယ့်ကို ကိုက်ဖို့ပြေးလာရင် မေတ္တာသုတ်ရွတ်ပြီး ကာကွယ်လို့ မရဘူး။ ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်ပြီး ကာကွယ်ရတယ်။ ကျားကကိုယ့်ရှေ့ရောက်မလာသေးလို့ မေတ္တာသုတ်ရွတ်ကြည့်ချင်သပဆိုရင် ရွတ်ပါ။ စမ်းကြည့်ပါ။ မတားပါဘူး။ ဒါပေမယ့် မေတ္တာသုတ်ရွတ်တဲ့နည်း တနည်းကိုပဲ ကျင့်သုံးရမယ်၊ တခြားနည်းမသုံးရလို့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထုတ်ထားရင်တော့ အဲဒါဟာ ကိုယ့်ကိုယ်ကိုယ် သေဒဏ်ချမှတ်တာနဲ့ မခြားဘူးလို့ ဆိုချင်ပါတယ်။ ကျားက ကိုယ့်အနားရောက်လာပြီ ကိုက်တော့မယ်ဆိုရင်တော့ မေတ္တာသုတ်ကိုခဏချထားပြီး ဓားကိုသာကောက်ကိုင်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။
လွှတ်တော်နည်းနဲ့ အလုပ်မဖြစ်နိုင်ဘူးလား
မဖြစ်နိုင်တော့ဘူးလို့ပဲ ပြောရလိမ့်မယ်။ လွှတ်တော်တွင်မက အစိုးရတခြမ်းတပဲ့ကို ရထားတာတောင် အလုပ်ဖြစ်မယ့်ပုံ မမြင်တော့လို့ အခုလို ပြောနေတာ ဖြစ်ပါတယ်။ လွှတ်တော်နည်း၊ အစိုးရထဲမှာ ပါဝင် ဆောင်ရွက်တဲ့နည်းတွေကို မလုပ်ပါနဲ့လို့ မပြောပါဘူး။ လုပ်ပါ။ လုပ်လို့ရပါတယ်။ ဒါပေမယ့် လွှတ်တော်ပက လုပ်နေတဲ့သူတွေကို ရန်မရှာပါနဲ့၊ ပူးပေါင်းပါလို့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက NLD ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် မရပါဘူး။ NLD ခေါင်းဆောင်ပိုင်းဟာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေရဲ့ကမ်းလာတဲ့လက်ကို ပုတ်ချခဲ့ပါတယ်။ စစ်တပ်ဖက်ကိုသာ သူတို့လက်ကို ကမ်းခဲ့ပါတယ်။
တကယ်ဆို အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူလူထုကြီးတရပ်လုံးနဲ့သာ NLD က ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီအချိန်ဟာ သိပ်ကောင်းတဲ့အချိန်ပါ။ သိပ်ကောင်းတဲ့အခွင့်အရေးပါ။ ဒီအချိန်မှာ NLD သာသတ္တိရှိရှိ ပြတ်ပြတ်သားသားနဲ့ ဦးဆောင်ပြီး ပြည်သူလူထုရဲ့ အင်အားကို အသုံးပြုမယ်ဆိုရင် အခုချိန်ဟာ ဒီမိုကရေစီရရမယ့် အချိန်ပါ။ အခွင့်ကောင်းများစွာ လက်ဝယ်ပိုင်ပိုင် ရရှိထားတဲ့အခြေအနေပါ။ ပြည်သူလူထုရဲ့ အင်အားနဲ့ ဖိအားပေးဆောင်ရွက်မယ်ဆိုရင် စစ်အာဏာရှင်တွေနဲ့ စစ်တပ်ကို ခွဲထုတ်ပြီး စစ်တပ်ကို ကိုယ့်ဖက်ပါလာအောင်တောင် လုပ်နိုင်တဲ့ အခွင့်အလမ်းမျိုးရှိတဲ့အချိန်ပါ။ နှစ်ပေါင်းအစိတ်အတွင်းမှာ တကြိမ်တခါသာ ပေါ်ပေါက်တဲ့ အခွင့်အရေးပါ။ ဒါပေမယ့် NLD စီအီးစီတွေဟာ အတွေးအခေါ်မှောက်မှားနေပြီ။ စစ်အာဏာရှင်တွေကို ဖျက်ဆီးချေမွပြီး စစ်တပ်ကို ကိုယ့်ဖက်ပါလာအောင် သိမ်းသွင်းဖို့ ယောင်လို့တောင် စိတ်မကူးတော့ဘူး။ စိတ်ကူးလည်း မကူးရဲတော့ဘူး။ စစ်အာဏာရှင်တွေကို ချော့မော့ဖျောင်းဖျပြီး ရသလောက်အာဏာနဲ့ပဲ ရောင့်ရဲတင်းတိမ်ဖို့သာ စိတ်ကူးနေတော့တယ်။ တတိုင်းတပြည်လုံးဒီမိုကရေစီရနိုင်မယ့် အခွင့်အလမ်းကြီးရှိနေပါရက်နဲ့ အဲဒါကို မယုံကြည်နိုင်တော့ပဲ တမတ်သား၊ တမူးသားအာဏာလေးလောက်ကို လက်လွှတ်ဆုံးရှုံးသွားမှာကိုသာ အသေအလဲကြောက်နေကြတယ်။
လွှတ်တော်နည်းဟာ လူထုနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အလုပ်ဖြစ်အောင် လုပ်လို့ရတယ်။ ဒါပေမယ့် NLD စီအီးစီတွေဖျက်ဆီးလို့ အဲဒီနည်းဟာ ပျက်သွားပြီလို့သာ ဝမ်းနည်းစွာ ပြောရပါတော့မယ်။ ခေတ်တိုင်းခေတ်တိုင်းမှာ အာဏာရှင်တွေက လူထုကို ဖိနှိပ်ထားလို့ရတယ်ဆိုတာဟာ အဲသလို ဖိနှိပ်တာဟာ လိုအပ်တယ်လို့ အဖိနှိပ်ခံတွေကိုယ်တိုင်က လက်ခံနေသေးလို့သာ ဖိနှိပ်လို့ရတာဖြစ်ပါတယ်။ ကျွန်ခေတ်မှာ ကျွန်တွေကို ဖိနှိပ်ထားလို့ရတာဟာ ကျွန်ပိုင်ရှင်တွေရှိမှ အသက်ရှင်သန်နိုင်မယ်လို့ ကျွန်တွေထဲမှာ ယုံကြည်ယူဆသူတွေအများအပြားရှိနေခဲ့လို့ပါ။ မြေကျွန်တွေကို မြေရှင်တွေက ဖိနှိပ်ထားလို့ရနေတာဟာ မြေရှင်တွေနဲ့ ပဒေသရာဇ်တွေဟာ ဘုန်းရှင်ကံရှင် တန်ခိုးရှင်တွေ အုပ်ချုပ်ခွင့်ရှိသူတွေ မြေကိုအလိုလိုပိုင်ဆိုင်ခွင့်ရှိသူတွေလို့ အအုပ်ချုပ်ခံတွေကိုယ်တိုင်က လက်ခံထားကြလို့ပါ။
အဖိနှိပ်ခံအတွေးအခေါ်ကို မချေဖျက်နိုင်သေးရင်၊ ဖိနှိပ်သူတွေအတွက် အခွင့်သာနေဦးမှာပဲ။ စစ်တပ်ကိုဖြိုခွဲမှ ဒီမိုကရေစီရမယ်ဆိုတဲ့ အတွေးအခေါ်ကို လက်မခံနိုင်သေးရင် စစ်တပ်ကိုအသုံးပြုပြီးဖိနှိပ်တဲ့ စစ်အာဏာရှင် စနစ် ဆက်လက်ရှင်သန်နေဦးမှာပဲ။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း

0 comments:
Post a Comment