Monday, February 18, 2019

(မီးပြရဲ့ကြမ္မာ) မျိုးမြင့်ချို

0 comments
(မီးပြရဲ့ကြမ္မာ)
ဟိုတပတ်က ရခိုင်မန်အောင်ကျွန်းဘက်တွင် သင်္ဘောတစီးမှောက်ပါသည်။ ၁၇ ဦး သေဆုံးပါသည်။ သေဆုံးသူများထဲတွင် ကျနော်နှင့် ညီအကိုဝမ်းကွဲတော်သူတဦးလည်း ပါသွားပါသည်။ မီးပြတိုက်ဝန်ထမ်းမို့ ပင်လယ်ပင်ကို သင်္ဘောဖြင့်ခရီးထွက်ရသည်မှာ သူ့အဖို့ သာမန်ကိစ္စဖြစ်ပါသည်။ မဆန်းတော့ပါ။ သို့သော်စိတ်ထိခိုက်စရာ ကောင်းပါသည်။ သူသည် အနေအထိုင်အလွန်ရိုးသားပြီး စိတ်ကောင်းရှိကာ ဝန်ထမ်းဘဝ ဘာနံမည်ပျက်မှမရှိသည့်အပြင် အငယ်တွေအပေါ် အလွန်ညှာသော သားကြီးသြရသဖြစ်ပါသည်။ အငယ်တွေ၏ မီးပြတိုက်နှယ် ဖြစ်ပါသည်။ သူ့အဖေ (ကျနော့်ဘကြီး)လည်း ပင်စင်ယူသည်အထိ မီးပြတိုက်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဝန်ထမ်းကောင်း ဆုတွေဘာတွေပင် ရခဲ့သူဖြစ်ပါသည်။ သူတို့တာဝန်ကြေပွန်မှုကြောင့် ရေကြောင်းခရီးသွားများ စိတ်လက်ချမ်းသာရသလို သင်္ဘောတွေ လှေတွေလည်း ဘေးရန်ကင်းခဲ့ကြမှာသေချာပါသည်။ မီးပြတိုက်အကြောင်း မီးပြတိုက်ဝန်ထမ်းတွေအကြောင်းပြောတိုင်း မီးပြ၊ မီးပြတိုက်၊ မီပြသင်္ဘော၊ မီးပြကျွန်းစတာတွေနှင့်စပ်သော ကျနော်ဖတ်ခဲ့ဖူးကြည့်ခဲ့ဖူးသည့် ဝတ္ထုတိုရှည်များ၊ ရုပ်ရှင်များ၊ မှတ်တမ်းကားများ၊ အဖြစ်အပျက်များကို သတိရရနေမိတတ်ပါသည်။

မီးပြတိုက်ဝန်ထမ်းများ အကျင့်မပျက် လဘ်မစားကြသည်မှာ စားစရာဂွင်နှင့် အပေါက်အလမ်းမရှိသောကြောင့်ဟုပြောသူ ပြောပါသည်။ ကျနော်ဖတ်ဖူးသည့်ဝတ္ထုတိုတပုဒ်ထဲတွင် မီးပြကျွန်းပေါ်မှာ တဦးတည်းနေရသည့်မီးပြသည် သူ့အတွက်နှင့် မီးမောင်းကြီးတွေအတွက် ကျွန်းလေးပေါ်တွင် လျှပ်စစ်ဓာတ်လိုပါသည်။ ထို့ကြောင် ဂျင်နရေတာတပ်ထားသည့် အင်ဂျင်စက်ရှိထားရပါသည်။ အင်ဂျင်စက်မှာ လောင်စာရှိမှ နိုးပါသည်။ ထို့အတွက် ဆီတွေလည်း လှောင်ထားရပါသည်။ မီးစက်မောင်းသည့်အခါ ဆီပိုဆီလျှံလေးများ (လုပ်တတ်လျှင်) ထွက်ပါသည်။ ဝတ္ထုထဲကဇာတ်လိုက်က ဘယ်သင်္ဘောမှလည်း ကျေက်ဆောင်မထိ စည်းတိမ်မတင် ဘေးမသီရန်မခရစေပဲ မီးစက်ကို ဆီစားသက်သာအောင်လုပ်ပြီး ပိုထွက်လာသည့်ဆီကလေးများကို ၆ လတကြိမ်လာသည့် ကျွန်းပတ်သင်္ဘောထံ ဆေးတံသောက်ဆေးနှင့် ယမကာလေးများဖြင့် လဲလှယ်ပါသည်။ ဤအတွက် စာရေးသူက ကရုဏာသက်အောင် မေတ္တာဓာတ်ဖြင့်ခြယ်မှုန်းသဖြင့် ဇာတ်လိုက်ကျော်မှာ အပြစ်တင်မခံရသည့်အပြင် အချစ်ပင်ခံရပါသည်။

မီးပြဝန်ထမ်းဘဝသည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟု ကျနော့်ဘကြီးကပြောဖူးပါသည်။ မိသားစုလိုက်နေခွင့်ရှိသော်လည်း ကလေးတွေပညာရေးအတွက် ဇနီးနှင့်သားသမီးများကိုခွဲကာ တကိုယ်ရည် ချက်ပြုတ်စားသောက် ဆောက်တည်နေထိုင်ရသည့်ဘဝ ဖြစ်ပါသည်။ ၆ လတကြိမ် ကျွန်းပတ်သင်္ဘောအလာကိုစောင့်ရင်း ရက်တွေကိုလက်ချိုးရေတွက်ရသည်မှာ တခါတခါကို တကမ္ဘာစာလောက် ကြာပါသည်။ အပျင်းဖြေစရာနှင့်သတင်းသိစရာဆို၍ ရေဒီယိုလေးသာ အားကိုးရှိပါသည်။ ကျွန်းပတ်သင်္ဘောလာလျှင် အိမ်ကထည့်ပေး လိုက်သည့် အခြောက်အခြမ်း အကြော်အလှော်လေးများ၊ ကလေးတွေလက်ရေးနှင့်စာများ၊ သာကြောင်းမာကြောင်းလေးများ၊ သာရေးနာရေးလေးများ၊ အမှတ်တရဓာတ်ပုံလေးများ၊ မိတ်ဆွေတွေထံမှ စာများ၊ သတင်းစာ၊ ဝတ္ထု၊ မဂ္ဂဇင်းစာစောင်များ၊ ဌာနကထွက်လာသည့်ရုံးလှည့်စာများ ညွှန်ကြားချက်များစသည်တို့ ရတတ်ပါသည်။ ထိုအရာတွေယူရင်း သင်္ဘောပေါ်သွားကာ လူတွေကိုကြည့်ရပါသည်။ နောက်ခြောက်လကြာမှ လူတွေကိုတခါမြင်ရမည်မို့ ၆ လစာ အဝကြည့်ထားရသည့်သဘောဖြစ်ပါသည်။ ထိုမျှပျင်းစရာကောင်းသည့် ဝန်ထမ်းဘဝမျိုးသည် ရှားပါးပါလိမ့်မည်။

တချိန်က ကျနော်တို့အား ပြစ်ဒဏ်ပေးသည်ဆိုကာ ရေချိုးမိလ္လာပင်မချပဲ ကြိုးတိုက်ကအခန်းများတွင် တနေ့ ၂၄ နာရီ ပိတ်လှောင်ထားစဉ်က ကျနော့်အခန်းဖော်မှာ ရန်ကုန်မြို့တော်ခန်းမ စစ်ဒေသ ၄ မှူး စစ်ဗိုလ်ကြီး၏ရုံးခန်းတွင်းဗုံးခွဲမှုဖြင့် ကြိုးအပေးခံထားရသော ဆေးတက္ကသိုလ်ကျောင်းသားဘဝမှ သေဒဏ်ကျအကျဉ်းသားဖြစ်နေသူဖြစ်ပါသည်။ ခင်မင်စရာကောင်းပြီး အနစ်နာခံတတ်သလို ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါသည်။ တနေ့ညနေ ထောင်ပိတ်သံချောင်းခေါက်အပြီးတွင် တခန်းကျော်လောက်မှ ဘယ်သူမှန်းမသိသည့်တယောက်က “ဟား… ပျင်းလိုက်တာကွာ” ဟု သန်းဝေသံကြီးနှင့် ငြီးတွားပါသည်။ ကျနော့်အခန်းဖော်ကချက်ခြင်းပင် “မီးပြတိုက်အစောင့် သွားလုပ်ကြည့်ပါလား” ဟု လှမ်းနောက်တာကို အကြောင်းတိုက်ဆိုင်လျှင် ပြန်ပြန်သိတရနေတတ်ပါသည်။ ထောင်ထဲမှာ ပြစ်ဒဏ်ကျနေသော်လည်း ကျနော်တို့မှာ မြင်စရာလူနှင့် ပြောစရာ စကားဖော်ရှိနေပါသေးသည်။

မနေ့မနက်က ထိုအကြောင်းတွေတွေးရင်း ကျနော်ထမင်းစားပွဲထိုင်တော့ အမေက ဧည့်ခန်းဆိုဖါပေါ်တွင်ထိုင်ရင်း ကျနော့်ညီမကို သူ့တူလေး နာရေးသတင်းမေးတာကို ကြားနေရပါသည်။ ညီမကလည်း သတင်းများတွင်သိရသလောက်နှင့် ရန်ကုန်က ကျန်ရစ်သူ မောင်နှမများထံမေးပြီးသိရသည်များကို အမေ့အား ခရေစေ့တွင်းကျပြောပြပါသည်။ ပြောသည့်အထဲတွင် ထိုအကိုသည် ယခုအခေါက် ပင်လယ်ခရီး မထွက်ခင်က မိသားစုညီအကိုမောင်နှမများကို ပင်လယ်ထွက်တာ ဒီတခေါက်နောက်ဆုံးပဲ နောက်မထွက်တော့ဘူးဟု ပြောသွားခဲ့သည် ဆိုပါသည်။ သူတို့လည်း ခါတိုင်းလည်း ထွက်နေကြမို့သိတ်တော့ ထွေထွေထူးထူးခံစားမှုရှိကြမည့်ပုံ မပေါ်ကြပါ။ သူ့အတွက်နောက်ဆုံးအခေါက် ပင်လယ်ထွက်ခြင်းသည် လူ့လောကမှ တခါတည်း အပြီးတိုင်ထွက်ဖို့မှန်း သူရော အခြားသူများပါ ကြိုမသိခဲ့ကြပါ။ သိလျှင် တမျိုးတမည်ဖြစ်ပါလိမ့်မည်။

ညီမစကားဆုံးတော့ အမေက “အေးလေ ဘယ်တတ်နိုင့်ပါ့မလဲ၊ သူ့မှာ ဒီအချိန် ဒီလိုသေဖို့ရှိတဲ့ကံကပါလာတာကိုး၊ အမာတော့ သူ့အတွက် တတ်နိုင်သလောက် ရွတ်တာဖတ်တာ ဆုတောင်းတာလုပ်ပါတယ်၊ လူ့ဘဝဆိုတာ ဒီလိုပါပဲ။ လူဟာ သူသေဖို့ရှိတဲ့အတိုင်းသေရတာပဲ၊ ဒို့ဆိုင်ရှေ့က မအုန်းကြင်တို့အမေဆို ဘယ်လောက်ဆန်းလဲ”ဟု ပြောကာ နေရာပြင်ထိုင်ပါသည်။
ကျနော် အမေ့စကားကိုကြားလိုသဖြင့် “မအုန်းကြင်အမေက ဘယ်လိုဖြစ်တာလဲ အမာ”ဟု စကားတောက်လိုက်ပါသည်။ “သူတို့နေတာက ပဲခူးဘက်ကပဲ သနပ္ပင်ဆိုလား မသိဘူး။ ရွာဘက်ပိုင်းလို့ပြောတယ်။ တနေ့ သူ့အဖေနဲ့အမေအိပ်နေတုန်း အခန်းထဲကို မြွေကဝင်လာပြီး အဝင်ပေါက်ဘက်အိပ်နေတဲ့ သူ့အမေကိုကျော်ပြီးမှ သူ့အမေကိုသွားပေါက်တာတဲ့၊ ပြီးတော့ မြွေက ကုတင်အောက်ကျသွားတာတဲ့။ အဲ့ဒါ သူ့အမေက သိသိခြင်းထပြီး သူ့အဖေကိုနှိုးပြီး သူ ပိုးထိသွားပြီလို့ပြောတယ်တဲ့။ သူ့အဖေက ဟုတ်ရဲ့လားကွာဆိုပြီး ကုတင်အောက်ကြည့်လိုက်တော့ မြွေက ကြမ်းပေါ်မှာ စန့်စန့်ကြီးတဲ့။ သေနေတာတဲ့။ ပြီးတော့ သူ့အမေက အဖေ့ကို စာရွက်ခဲတံတွေယူခိုင်းပြီး ကိုယ်ကပေးစရာရှိတာတွေ ကိုယ်ကရစရာရှိတာတွေ ပါးစပ်ကပြောပြီး လိုက်ရေးမှတ်ခိုင်းတယ်တဲ့။ သူတို့က အိမ်ဆိုင်တော်တော်ကြီးကြီး ဖွင့်ထားတာလေ။ အဲ့ဒါ သူ့အဖေကလည်း လိုက်ရေးမှတ်တယ်တဲ့။ နောက်တော့ ကလေးလည်း မွေးသွားသေးတယ်တဲ့၊ အသေလေးတဲ့”။

ကျနော်ကဖြတ်ပြီး “ဒါဆို သူ့မြွေကိုက်တော့ သူ့ကိုယ်ဝန်က နေ့စေ့လစေ့ကြီးပေါ့နော် အမာ၊ ကလေးကို ချက်ခြင်းမွေးတာဆိုတော့”ဟုမေးပါသည်။ အမေက “ဟုတ်မှာပေါ့ အမာလည်း သေချာမမှတ်မိတော့ဘူး။ မြွေကိုက်ပြီး ဘယ်လောက်ကြာမှမွေးမှန်း မသိဘူး၊ ဒါပေမယ့် အကြွေးစာရင်းတွေဘာတွေ လိုက်လက် မှတ်ခိုင်းနိုင်ပုံထောက်တော့ သူ့အမေဟာ တော်တော်သတိလည်းကောင်း သတ္တိလည်းကောင်းတယ် ပြောရမှာဘဲ၊ နောက်တော့ အသုဘကိစ္စတွေဘာတွေပြီးမှ ဆွမ်းသွပ်တော့ ရွာကဘုန်းတော်ကြီးက မိန့်တယ်တဲ့၊ လူမှာလည်း လူဆိပ်ရှိတယ်တဲ့၊ လူကိုကိုက်တဲ့မြွေဟာလည်း လူဆိပ်ပြန်သင့်ပြီး သေတာပဲတဲ့၊ အဲ့ဒီမြွေသေတာ ဒကာမကြီးရဲ့ လူဆိပ် သူ့သွားသင့်လို့ လို့ သူတို့ကိုပြန်ပြောတယ်တဲ့၊ အေးလေ တွေးကြည့်စမ်း၊ မြွေက အခန်းထဲလည်း ဝင်လာတယ်၊ လူကလည်း ၂ ယောက်ရှိတယ်၊ ရှိတဲ့အထဲမှာမှ နီးတဲ့လူကို ကျော်ခွပြီးမှ ဟိုဘက်ကလူကို သွားပေါက်ရတယ်ဆိုတော့၊ လူ့ကံကြမ္မာဟာဆန်းတယ်။ ဘုရားကလွဲလို့ ဘယ်သူမှ ကြိုမသိနိုင် မမြင်နိုင်ဘူး။ ဒါနဲ့ ဒီအချိန်မှာ ဒီလိုသေဖို့ရှိတဲ့လူဟာ ဒါနဲ့သေတာဘဲ၊ ဘာနဲ့မှတားမရဘူး”ပြောရင်း တွေတွေငေးငေးလေး ဖြစ်နေပါသည်။ ကွယ်လွန်သွားသည့် သူ့တူလေးအား လွမ်းဆွတ်နေပုံရ၏။ မျက်လုံးအိမ်တွင်တော့ မျက်ရည်ကြည်လေးများဝေ့လျှက်ရှိပါသည်။ ကျနော်လည်း စိတ်ထဲမကောင်းသလိုဖြစ်လာသဖြင့် “အမာ.. အောက်ထပ်က နည်းနည်းအေးသလိုပဲ အပေါ်တက်နေပါလား၊ အမာ့အခန်းက ကျနော့်အခန်းထက်တောင်နွေးသေး”ဆိုတော့ “အေးအေး..အမာလည်း နမားဇ်ဖတ်ချိန်ရောက်နေပြီ၊ ဝဇူရ်လုပ်ရဦးမယ်”ဟုပြောကာ အပေါ်ထပ်တက်သွားပါသည်။

ကျနော်ကတော့ မီးပြလုပ်သားများ၊ ကွယ်လွန်သွားသည့် ကျနော့်အကို၊ ဖတ်ဖူးသည့်ဝတ္ထုများ၊ ကြည့်ဖူးသည့်ရုပ်ရှင်များ၊ ဗမာကဗျာဆရာ တယောက်ရေးဖူးသည့် မီးပြတိုက်ကိုဝင်တိုက်သည့်သင်္ဘောအကြောင်း၊ ထောင်ထဲအတူနေရဲဘော်များနှင့် အမေပြောသည့် ဘယ်သူမှ ကြိုမသိနိုင်မမြင်နိုင်သော ဆန်းကျယ်သည်ဆိုသည့် လူ့ကံကြမ္မာအကြောင်းများနှင့် ချာချာလည်ကျန်ခဲ့ပါသည်။
မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၉)

0 comments:

Post a Comment