Monday, February 18, 2019

(ပြင်မရတဲ့အခါ မပြင်ကြတော့ပါ) မျိုးမြင့်ချို

0 comments

(ပြင်မရတဲ့အခါ မပြင်ကြတော့ပါ) မျိုးမြင့်ချို
တွန်းတွန်းထိုးထိုးနဲ့ ပခုံးစောင်းတိုက်နည်း NLD တင်တဲ့ ပြင်ရေးလိုင်းက အောင်သွားမလား။ သူ့နည်းအတိုင်း ကော်မတီဖွဲ့တာ ပြင်မယ့်အချက်တွေ ဆွေးနွေးညှိနှိုင်းတာ၊ ဒေသအသီးက လွှတ်တော်ပြင်ပအင်အားစုတွေနဲ့ ထီးလိုမင်းလိုဖြစ်အောင် လုပ်နိုင်တာတွေအပါအဝင် အစစအရာရာ အကုန်အစင်ပြေချောမွေ့တယ်ထား လွှတ်တော်ထဲမဲခွဲကြတဲ့အချိန် တကယ့်ပွဲကြီးပွဲကောင်းရောက်တဲ့အခါ ဆင်ပြောင်ကြီး အမြီးကျမှတစ်လေမလားတွေးတော့ လက်ရှိအချက်အလက် အခြေအနေနဲ့တွက်ဆရရင် ကျိန်းသေပေါက် တစ်မယ်မြင်ပါတယ်။ ၇၅ ရာခိုင်နှုန်းအထက်ရမှဖြစ်မယ်ဆိုထားတာကိုး။

နိုင်ငံရေးအရကျောရရုံကြံတဲ့ ကုလားအုပ်ခေါင်းလျှိုနည်းလို့ဆိုတဲ့ ကြံ့ဖွံ့လိုင်းပဲလိုက်သွားကြမလားက ခုထိ မရေရာသေးပါ။ အဲ့ဒီနည်းအတိုင်း ဦးသိန်းစိန်ခေတ်ကလည်း လုပ်ခဲ့ပြီးပါပြီ။ လုပ်မရပါ။ သူတို့ဟာသူတို့ ပြန်ကန့်သတ်ထားတဲ့ အကန့်အသတ်တွေကြား ထူးခတ်မိသွားတာပါ။ ကျန်တဲ့လူတွေကတော့ ဆင်ယဉ်နဲ့အများခံရပြီး ကျုံးသွင်းခံကြရတာပါ။ ၁ဝ၉ ဦးကော်မတီ၊ ၃၂ ဦး ကော်မတီဆိုလားတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာပါ။ ဒါဆိုဒီနည်းကရော အလုပ်ဖြစ်မလားဆိုတော့လည်း လက်ရှိအခြေအနေ လက်ရှိအချက်အလက်တွေကနေ ထောက်ချင့်ရင် မဖြစ်နိုင်ပါလို့ ဆိုရမယ်ထင်ပါတယ်။ ဒါလည်း ၇၅ ရာခိုင်နှုန်းအထက်ရမှဖြစ်မယ်ဆိုတာနဲ့ တိုးမိမှာကိုး။

ည်း ၂ နည်းလုံးက အရေးကြီးတဲ့ပုဒ်မကြီး ၁ဝ၄ ခုဆိုလား အဲ့ဒါတွေကို ယောင်လို့တောင်ပြင်မရပါ။ မရတာက ပြင်နည်းအတိတ်စိမ်း ပေးထားတဲ့ ၄၃၆ ကို ပြင်မရလို့ကို ကျန်တာတွေပြင်မရတာပါ။ ဆိုတော့ ဖွဲ့စည်းပုံဟာ စစ်အုပ်စုအတွက်ရော လူမျိုးစုံလူထုကြီးအတွက်ပါ အခက်ဖြစ်နေတာပါ။ ကျပ်တည်းနေတာပါ။ ကျနော်တို့အတွက်တင် မဟုတ်ပါ။ စစ်အုပ်စုကိုယ်၌က သူတို့အတွက် မပြင်မဖြစ် ပြင်ကိုပြင်ရမယ့် အခြေအနေရောက်လာခဲ့ရင်တောင် ၄၃၆ နည်းအတိုင်းပြင်လို့ကို မရပါ။ အကျပ်အတည်းက သူ့ဘကမှပါရှိနေတော့ ၂ ဘက်လုံးအတွက် ရှိနေတာပါ။

ဆင်ပြောင်ကြီးကလည်း ခုက နှာမောင်းဖျားလေးနဲ့ တို့ကြည့်မယ်ရွယ်ရုံရှိသေး ကန်တဲ့ကောင်၊ ကလန်တဲ့ကောင်၊ ကလော်တဲ့ကောင်၊ ကလန့်တဲ့ကောင်၊ ကန့်လန့်တိုက်တဲ့ကောင်နဲ့ ကော်မတီဖွဲ့ရေးတောင် ခုထိ မပီပြင်သေးပါ။ ကြံ့ဖွံ့လိုင်းကုလားအုပ်နည်းကလည်း တကောင်လုံး ရွက်ဖျဉ်တဲထဲရောက်ဖို့နေနေသာသာ နှာဖျားလေးဝင်ပါရစေကနေ မတက်မှာမို့ မျှော်လင့်စရာတော့ ဘာမှမရှိပါ။ ဒါပေမယ့် စစ်တပ်နဲ့ပင်းပြီး ရိုက်တာမို့ အဆိုတင်တာမှာရော တကယ်လို့မဲခွဲဆုံးဖြတ်ခဲ့ရင်ရော စစ်အမတ်တွေမဲကတော့ သေချာပေါက်ရနိုင်ပါတယ်။

သူတို့ပြင်မယ့်ဟာကလည်း ၂၆၁ နဲ့ ၂၈၈ လောက်လို ဗဟိုအစိုးရရဲ့ပါဝါနဲ့ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချမယ့်ဟာဖြစ်နေလို့ စစ်အုပ်စုကလည်း ကြိုက်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး(အစိုးရ)နဲ့ တရားဥပဒေပြုရေး(လွှတ်တော်)ရဲ့ အဆင့်နေရာတိုင်းမှာ သူတို့လူတွေ စီးထားပြီးမို့ သိတ်ပူပန်စရာမလိုတဲ့ အနေအထားဖြစ်နေလို့ပါ။ ပိုင်လောက်ပြီဆိုတဲ့နေရာတိုင်းမှာ နည်းနည်းချင်းပက်ပေးထားပြီး ပွဲဆူခိုင်း ထားမှာပါ။ ထွေအုပ်ကို ဝန်ကြီးဌာနအသစ်တခုဖွင့်ခိုင်းပြီး သူတို့လက်ထဲ တဘက်လှည့်နဲ့ပြန်ကဲ့ယူသွားတာကိုကြည့်ပါ။

ဝန်ချုပ်တွေကို အများစုအနိုင်ရသူကခန့်လို့ဆိုတာက ကောင်းပါတယ်။ တကယ့်ဖက်ဒရယ်လ်မှာတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ဒေသန္တရ အစိုးရတွေကြား အာဏာခွဲဝေကျင့်သုံးတာ အာဏာချိန်ခွင်လျှာညှိတာဖြစ်လို့ ကောင်းပါတယ်။

ဒါပေမယ့် ခု သူတို့လှမ်းတဲ့ခြေလှမ်းက သံသယဖြစ်စရာပါ။ ဘာလို့လဲဆိုတော့ ဖက်ဒရယ်လ်ဆီရှေးရှူလိုတာထက် သူတို့လူအနည်းစုသာပါတဲ့ အရပ်သားဗဟိုအစိုးရနဲ့ လူမျိုးစုဒီမိုကရေစီအင်အားစုတွေကြားမှာ မသင့်မမြတ်ဖြစ်ကြရင် ရန်တိုက်ပေးရ ပိုလွယ်မယ့်ဂွင် ဖန်တီးတာလားက တွေးစရာပါ။

အဲ့ဒီ ဝန်ချုပ်တွေကို နိုင်သူခန့်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေကို လူထုရွေးတို့ဆိုတာတွေက လုပ်ချင်တယ်ဆို ဦးသိန်းစိန်ဇာတ်စီးထားချိန် ကတည်းက လုပ်မယ်ဆိုလုပ်လို့ရသလို လုပ်ရလည်း လွယ်ပါတယ်။ မလုပ်ခဲ့ပါ။ ခုမှ လုပ်မယ်ဆို ထပွဲ့လှန့်တာက ဖျာခင်းဖို့ပါ။ သွေးရိုးသားရိုး မဟုတ်ဘူးလို့ မြင်ပါတယ်။ သူတို့လူတွေချည်း စီးမထားနိုင်တာရယ်၊ မဝေးတဲ့အနာဂတ် Near Future မှာ ရယ်က သူတို့တွေ ဘယ်နည်းနဲ့မှာ အာဏာနား စီးစီးပိုးပိုးမရှိနိုင်တာမို့ ခုမှ အဲ့ဒီအပြင်ကိစ္စကို ကောက်ကာငင်ကာ ချောင်ထဲကဆွဲထုတ်ဖုန်သုတ်တင်လာတာလို့ မြင်ပါတယ်။

ထားပါတော့လေ။ ကျနော့်အမြင်မှာတော့ လက်ရှိအခြေအနေ လက်ရှိအချက်အလက် လက်ရှိပေးထားချက်တွေကနေ လွှတ်တော်တွင်းနည်း သက်သက်နဲ့ အရေးကြီးပုဒ်မတွေကို ပြင်ဆင်လို့ရတန်ကောင်းရဲ့လို့ မတွေးကောင်းဘူးထင်ပါတယ်။ ခုကတော့ ပြင်လို့ရလေမလား တွေးနေ ကြချိန်မို့ အတွေးတွေအနည်မထိုင်နိုင်သေးတာ၊ အတွေးတွေ ကတိမ်းကပါးဖြစ်နေသေးလို့ ထင်ပါတယ်။ ပြင်မရတော့မယ့်အချိန်ကြ ဘယ်သူမှ ပြင်ရမယ်လို့ ပြောကြတော့မယ် မဟုတ်ပါ။ ဖျက်ပြီး အသစ်ရေးဆွဲရေးဘက်လှည့်လာကြမှာပါ။


လွှတ်တော်တွင်းလွှတ်တော်ပ၊ (သူတို့ပြောတဲ့) ဥပဒေတွင်းနည်းနဲ့ ကျနော်တို့ယုံတဲ့လူထုနည်း ၂ ခုလုံးပေါင်းစပ်ပြီး ဒီ ပြင်မရတဲ့ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အသစ်ဆွဲရေးက လက်တွေ့ကျသလို ဖြစ်ရမယ့်ကိစ္စလည်းဖြစ်ပါတယ်။ ဒါက ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့အဆုံးသတ်ရည်မှန်းချက်ပါ။ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယား၊ စစ်လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကြီးတခုလုံး အပြီးတိုင်ဖျက်သိမ်းရေးက ကျနော်တို့အားလုံးရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။

မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၉)

0 comments:

Post a Comment