Wednesday, February 6, 2019

နှလုံးစိတ်ဝမ်း ကြည်လန်းရလေပြီ(ဆင်ဖြူကျွန်းအောင်သိန်း)

0 comments
နှလုံးစိတ်ဝမ်း ကြည်လန်းရလေပြီ(ဆင်ဖြူကျွန်းအောင်သိန်း)
ရိုးပြတ်ငုတ်များသည် မြေကြီးထဲသို့ လျှိုးဝင်သွားကြလေ၏ ။ ပြောင်လက်သောလင်ပန်းများသည် ညီညာတိရိသော ရိုးပြတ်တောထဲမှာ ပြေးလွှားလျက်ရှိသည် ။ လင်ပန်းများက ထိုးလှန်ပစ်ခဲ့သည့် မြေစိုင်ခဲများတစ်လျှောက်တွင်ကား ဆက်ရက်ခေါင်းညိုနှင့် ဆက်ရက်ဖြူများက ဆူညံစွာ ရန်ဖြစ်နေကြ၏ ။
ဦးဆေးရိုးသည် ဆက်ရက်အုပ်ကိုကြည့်ကာ ပျော်သလိုလိုဖြစ်သွား၏ ။ အစာကို လုသူက လု ၊ ဆူညံစွာ အော်သူက အော် ၊ ထိုးဆိတ်သူက ထိုးဆိတ်နှင့် ။
“ဟုတ်ပေ့ကွာ ၊ အေးအေး ကြိတ်လိုက်စမ်း ၊ ဟား ဟား ဟား အဲ ဟုတ်ပြီ အဲ ”
ဆက်ရက်ညိုနှစ်ကောင်သည် မန်ကျည်းပင်ထက်၌ လယ်ပျက်မခန်း ရန်ဖြစ်ကြသည် ။ အနိုင်အထက် ထိုးဆိတ်ကြသည် ။ ထိုးရင်းဆိတ်ရင်း မြေကြီးပေါ်သို့ ဝုန်းခနဲ လိမ့်ကျကြ၏ ။ သို့တိုင်အောင် အထိုးအဆိတ် မရပ်သေး ။ ခပ်ကြီးကြီးအကောင်က သူ့အောက်သေးသောအကောင်၏အတောင်ကို တက်နင်းထား၏ ။ ထွန်စက်က သူတို့ဆီသို့ ဦးတည်မောင်းနှင်လာသည် ။ ပက်လက်လန်သည့်အကောင်က လန်တုန်း၊ ဆိတ်သည့်အကောင်က ဆိတ်တုန်း ။ သို့သော် နှစ်ကောင်လုံး ဆူဆူညံညံရန်စကားတွေ အော်ဟစ်ပြောဆိုနေကြတုန်း။ သည်အတိုင်းဆိုလျှင် သည်နှစ်ကောင်တော့ ထွန်သွားကြားတွင် ခုတ်ပြီးထစ်ပြီးဖြစ်မည်မုချဟု ဦးဆေးရိုးက ထင်သည် ။

ထင်သည့်အတိုင်း ထွန်စက်အောက်ရောက်သွားကာ ထွန်သွားတွေ သူတို့အနားရောက်လာမှ ထွန်သွားကြားကတစ်ကောင် ၊ စက်အောက်ကတစ်ကောင် ပျံပြေးကြသဖြင့် ဦးဆေးရိုးက သွားကျိုး မည်းမည်း ကြဲကြဲကြီးများပေါ်လာအောင် တအံ့တသြ ရေရွတ်ရယ်မောခြင်းဖြစ်လေ၏ ။

ကွင်းအဆုံးဆီသို့ ဦးဆေးရိုး မျှော်ကြည့်သည် ။ မှုန်ယဲ့ယဲ့မြင်ကွင်းသည် ပြာယောင်ယောင် မှောင်ရီရီတည်း။ သို့သော် သေသေချာချာကြည့်သောအခါ နီရဲသော လက်ပံဖူးများကိုမြင်ရသည် ။ သြော် နွေပေါက်တော့မှာပါကလား ။ နွေစုတ်တံ ဆေးမတင်မီ ဆောင်းပန်းချီကားမှာ အိုမင်းစုတ်ပြတ်လာချေပြီ ။ မပီယိုင်နဲ့သောဆောင်းသည် သူ့ကိုယ်ကိုယ် မနိုင်တော့ ။ မြောက်ပြန်လေအေးချည်း မသွေးနိုင် ၊ တောင်လေက ဝင်၍နှောက်သည် ။ ဆောင်းလေဖြစ်နေပါသေးလျက် ရွက်ဝါကြွေသည် ။ လေပွေက ဆော့သည် ။ ဤနှယ် ဆောင်းမပီ နွေမကျကာလ၌ ဦးဆေးရိုးတို့၏တလင်းများတွင် ကောက်လှိုင်းဆိုင်များ မပြတ်သေး ။ ကောက်ပြန့်များပြန့်ဆဲ ၊ နယ်ဖတ်ဆဲ။ သည်ကြားမှ ဝါစိုက်ရန်အတွက် တစ်ဖက်ကလည်း ကြိုးပမ်းပြင်ဆင်ကြရသည် ။ ယနေ့ ဦးဆေးရိုး၏လယ်ကို ထွန်စက်ဖြင့် ခုတ်မောင်ပေးမည့်အလှည့် ဖြစ်သည့်အတွက် ရေနွေးကြမ်း၊ မုန့်ပေါင်းနှင့် ငါးပေါင်းကြော်စသည်များယူဆောင်၍ လယ်ပြင်သို့ စောစောလာခဲ့ရသည် ။

ဆည်မြောင်းဌာနမှ လွှတ်ပေးသောမြောင်းရေသည် ၄၊ ၅ ရက်အတွင်း ဝါစိုက်လယ်များအတွက် ရောက်လာတော့မည်။ လယ်သမားတွေ အလှည့်ကျရေသွင်းကြ၊ စိုက်ကြ၊ ကြဲကြ။ မကြာမီ ဝါပင် သန်သန်ထွားထွားတွေက ငွေပွင့်ငွေဆုပ်တွေ ပေါက်ပွင့်ကာ ဝါဒိုင်မှ ငွေတွေရတော့မည် ။ သို့ရာတွင် ဦးဆေးရိုးကတော့ တက်တက်ကြွကြွမရှိ ။ အသက် ၅၀ ကျော်အဘိုးကြီးမို့ နှေးကွေးလေးလံသော ပုံမျိုးမဟုတ် ။ တက်ကြွမှုမရှိသော လေးကန်ဖင့်နွှဲမှုသာ။ ဝါဒိုင်မှ ရမည့်ငွေတွေထက် ဆက်ရက်တွေ ရန်ဖြစ်တာကိုသာ စိတ်ဝင်စားနေသော ဦးဆေးရိုး ။

“ဗျို့ ဦးဆေးရိုး ”
မေးသံကြားမှ ဦးဆေးရိုး အငေးအမောရပ်သည် ။ အသံရှင်ကိုလှမ်းကြည့်သည် ။ ထွန်စက်မောင်းသော ရဲဘော်ပေတည်း ။
“စက်ပျက်သွားပြီဗျို့”
“ဟေ ဟုတ်လား ၊ ငါလည်း ပြောမှပဲ သတိထားမိတော့တယ် ”
ဦးဆေးရိုးက ထွန်စက်ဆီသို့ တနဲ့နဲ့လျှောက်လာကာ
“ငါ ဘာလုပ်ပေးရမလဲ ၊ စခန်းသွားပြီး အကြောင်းကြားပေးရမလား”ဟု အေးစက်စက်လေသံဖြင့် မေး၏။
“ကိစ္စမရှိပါဘူး ။ အချိန်လည်း သိပ်ရှိတော့တာမှ မဟုတ်ဘဲ ၊ ကျွန်တော်ပဲ သွားလိုက်ပါ့မယ်”
“အေး အေး ”
လယ်ပြင်တစ်ဝန်းဝယ် တိတ်ဆိတ်သွားသည် ။ ရန်ဖြစ်သော ဆက်ရက်များလည်း မရှိတော့ပြီ ။


မထင်မှတ်ဘဲ ထွက်ပေါ်လာသောသေနတ်သံကြောင့် ဦးဆေးရိုးမှာ ထိုင်လုထိုင်ခင်အခြေအနေမှ ခါးကို ဆန့်ခနဲ မတ်လိုက်မိလေတော့၏ ။
“ဟ ဘာလဲ ၊ ဘယ်ကလဲ ”
ဦးဆေးရိုးကသာ မျက်ကလဲဆန်ပျာ ဖြစ်သွားသည် ။ ဒေါ်ကျီးဒန်ကတော့ အိုးအပုတ်မပျက် ။ အခြောက်မလွန်မီ လိုရာပုံဖြစ်အောင်ပုတ်ရမည့်အိုးကို လက်ခတ်ဖြင့် တစ်ချက်ပြီးတစ်ချက်ပုတ်နေ၏။
“ညည်းလည်း မသိဘူးလား၊ ဘယ်ကသေနတ်သံက နေ့လယ်ကြောင်တောင်ကြီးမှာ” ဒေါ်ကျီးဒန် လက်ခတ်ကို ရေအင်တုံထဲသို့ထိုးနှစ်လိုက်ကာ မော့ကြည့်သည်။ ဦးဆေးရိုးသည် ပြူးတူးကြောင်တောင် ဟိုကြည့်သည်ကြည့် ။
“တော့်နှယ်တော်၊ ကနေ့ ဘုန်းကြီးပျံကျောင်းချဆိုတာ မသိတော့ဘူးလား။ တစ်ရွာလုံးတိတ်နေတာပဲ။ တော့်မြေးတွေ ဘုန်းကြီးပျံသွားမယ်၊ ပိုက်ဆံပေးဆိုတာနဲ့ တစ်ယောက် ငါးပြားစီ ပေးလိုက်ရပါကော”
ဘုန်းကြီးပျံကျောင်းချဆိုသည်မှာ အလောင်းကို ကျောင်းပေါ်မှချ၍ စံကျောင်းပေါ်သို့ပို့ဆောင်ခြင်းကိုခေါ်၏ ။ စံကျောင်းသို့အပို့တွင် ဆင်ဖြင့်တင်သည်။ အရပ်ရပ်အနယ်နယ်မှလာသောပြာဿာဒ်များကလည်း တင်သည်။ ထိုသို့ တင်ရာချရာ၌ အချိန်စေ့ကြောင်းအချက်ပေးရာတွင် သေနတ်ဖောက်၍အချက်ပေးခြင်း ဖြစ်ပေသည်။

ဒေါ်ကျီးဒန်၏ အဖြေကိုကြားမှ ဦးဆေးရိုးမှာ ကြမ်းပေါ်သို့ မောဟိုက်စွာထိုင်ချနိုင်၏။
“အင်း ဘုန်းကြီးသေတော့ ရွာကြေသတဲ့ ကျီးဒန်ရေ့၊ တယ်မှန်ပါကလား”
“ကိုယ်ကြည်ညိုကိုယ်ကိုးကွယ်တဲ့ ကိုယ့်ဘုန်းကြီး ပျံတော်မူတာပဲတော်ရေ့၊ နောက်ဆုံးပူဇော်ခြင်းအနေနဲ့ ပူဇော်ရတာကို ရွာကြေသလေး ဘာလေးနဲ့”
မိမိသောက်ပြီးနောက် ဘေးမှာချထားသော ပြောင်းဖူးဖက်ဆေးလိပ်တိုကို ဆေးခွံခွက်နှင့်တွဲလျက် ဦးဆေးရိုးဘက်သို့ရွေ့ပေးရင်း ဒေါ်ကျီးဒန်က ဆို၏ ။
“ဟုတ်ပါတယ် ၊ ဒါကြောင့်လည်း အန္တိမဈာပနလို့ ခေါ်ကြတာပေါ့ ။ ဒါပေသည့်အေ တစ်ကျပ်တတ်နိုင်သူက တစ်ဆယ်ထည့်ပြီးလှူရတဲ့ကုသိုလ်ကို ညည်းပဲစဉ်းစားကြည့်ပါ။ ငွေကြေးကျပ်တည်းတိုင်း“ တစ်ဆယ်မထည့်လိုက်မိရင်ကောင်းသား၊ ကောင်းသား”နဲ့နောင်တရရင် ကုသိုလ်ရပါဦးမလားဟာ”
“ဒါတော့ ဒါပေါ့ တော်ရဲ့”
“အဲဒါဖြင့် မိမိပြုပြီးတဲ့ကုသိုလ်အဖို့ကို တွေးလေ ကြည်ညိုလေလေ၊ ကြည်ညိုလေလေ ဝမ်းမြောက် ကုသိုလ်ရလေလေဆိုတာ ဘယ်မှာရှိတော့မလဲဟ အင်း”
စကားပြောရ၍ ရင်မောသောကြောင့်လား၊ စိတ်ဆောင်၍ မောသောကြောင့်လား ဦးဆေးရိုးက “အင်း ” ခနဲမြည်ကာ နောက်ဖေးဘက်ချောင်းပြင်ဆီသို့ ငေးကြောင်ကြည့်၏။ လွင်သောကောင်းကင်နှင့် ရိုးပြိုင်းညှာမဲ့သောတောတန်း၊ ဝှေ့ယမ်းသော လေသရမ်း ။ စင်စစ်မူ ပါးစပ်ဖြင့်ဆက်မပြောလိုတော့၍ ဦးဆေးရိုးက စိတ်အမျှင်ဖြင့် ဘုန်းကြီးပျံသို့သွယ်ဆက်နေမိခြင်းဖြစ်၏။ ဘုန်းကြီးပျံ ကျောင်းချဆိုသည်မှာ ကျောင်းထုတ်ဖြစ်သော နောက်ဆုံးနေ့လောက် မစည်ကားသေး။ ကျောင်းထုတ်နေ့တွင်မှ ပြာဿာဒ်တိုင်းသည် အားရအောင် ကစားပူဇော်ကြ၏။ ဘုန်းကြီးပျံသို့ လာသောလူတွေ ၊ ဈေးဆိုင်ကနားတွေနဲ့ ရှုပ်ထွေးသည်၊ စည်ကားသည်။ ဤသည့်နောက်ပိုင်းတွင်ကား စုစုပေါင်းတန်ဖိုး သောင်းချီ၍ရှိသော ပြာဿာဒ်များ၊ တလားလောင်တိုက်ဆင်နှင့် နတ်လမ်းစံကျောင်း နာရီစင်များသည် ပြာဘဝသို့ ပြောင်းကြရပေတော့မည် ။
“သြော် နှမြောစရာကောင်းလိုက်တာ”
“ဘာတော့် ဘာ”
ဒေါ်ကျီးဒန်က အထိတ်တလန့်မေးလိုက်သဖြင့် ဦးဆေးရိုး မျက်လုံးပြူးသွား၏ ။ ဒေါ်ကျီးဒန်ကို ကြည့်၏။
“ဘာနှမြောတာလဲ”
“ဘယ်က ဘာကို ဘယ်သူက နှမြောလို့လဲဟ”
“တော်ပဲပြောတာပဲ ”

ဦးဆေးရိုးက နှုတ်မှယောင်ရွတ်မိသည်ကို ဒေါ်ကျီးဒန်ပြောမှသိကာ ယဲ့ယဲ့ပြုံးသည်။
“ဘာနှမြောတာလဲ၊ ဘာပြုံးတာလဲ”
“သည်လိုပါအေ၊ ငါ ဘုရားရဲ့မျက်နှာကို ဖူးနေတာထက် ငါ ဘုရားရဲ့အလိုတော်ကျဆုံးမမှုတွေကို လိုက်နာကျင့်သုံးတာကမှမှန်ကန်တယ်လို့ ပုဏ္ဏားတစ်ပါးကို ဘုရားဟောခဲ့ဖူးသတဲ့၊ အခုလဲ”

ဒေါ်ကျီးဒန်က စကားတံရှည်ပြီဟုရိပ်မိသဖြင့် ပုတ်လက်စအိုးကို ပေါင်ပေါ်မှချ၍ မခြောက်သွေ့စေရန် အဝတ်စုတ်နှင့် အုပ်ထားလိုက်၏ ။
“အခုလည်း တို့ဆရာတော်ဘုရားက ဝိပဿနာကိုယ်တော်ဆိုတော့ သူပျံလွန်တော်မမူခင်က ပြခဲ့တဲ့တရားတွေကို ကြိုးစားအားထုတ်ကြတာ၊ တစ်ရွာတည်းသားချင်း ညီညွတ်ကြဖို့ဆုံးမသွားတာတွေကို တစ်သဝေမတိမ်း လိုက်နာတာ။ အများရဲ့ခေါင်းကို နင်းပြီး ကိုယ်ကျိုးမရှာဖို့ ဟောကြားခဲ့တာတွေ။ ဒါတွေကို လိုက်နာတာက နှစ်သောင်းကုန် သုံးသောင်းကုန် ဈာပနကျင်းပတာထက် အနှစ်သာရမရှိပေဘူးလား”
“ကြီးကျယ်လိုက်တာတော် ၊ ဘုန်းကြီးပျံလုပ်တဲ့ဟာပဲ ငရဲကြီးတော့မလိုလို”
“ငရဲကြီးတယ် မပြောရပါကလာအေ၊ အခုကြည့် စက္ကူဆင်ကနှစ်ကောင်၊ အဲ သင်ဖြူးနဲ့လုပ်ထားတဲ့ ဆင်တစ်ကောင်ပါသေးလို့ တော်တာပေါ့ ။ ဘုန်းကြီးပျံလည်းပြီးရော သင်ဖြူးဆင်က ဖျက်ပြီး အသုံးချလို့ရသေးတယ်။ ကျန်တဲ့ ကျားပြာဿဒ်တို့၊ ပုဏ္ဏက ပြာဿဒ်တို့၊ ရိုးရိုးပြာဿာဒ်နဲ့ လောင်တိုက်ဆိုတာတွေကတော့ မီးစာပါပဲ အေရယ်”
“ဒါလား ၊ တော် နှမြောတယ်ဆိုတာ”
“ဒါပေါ့အေ့ ၊ အဲဒီဟာတွေကိုသာ မီးရှို့မပစ်ဘဲ ရေစုပ်စက် ဝယ်လိုက်ရရင်”
“ရပါလိမ့်မယ်၊ ရေစုပ်စက်ကြီး”
“ဥပမာပြောတာဟဲ့၊ ကောက်ရိတ် ကောက်ခြွေစက် ဝယ်မလား ၊ ဒိုင်နယ်ဆေးပေးခန်းဆောက်မလား၊ အဲဒါထက် အကျိုးရှိတာတွေ အများကြီးပါအေ”
ဦးဆေးရိုး၏ စိတ်ကူးကို ဒေါ်ကျီးဒန် ဘဝင်မခွေ့ပါ ။ မျက်စောင်းတစ်ချက်ထိုးကာ အိုးကိုပြန်လည်ပုတ်၏။ အိုးပုတ်သံ လှိုင်လှိုင်မြိုင်မြိုင်က ရောနှောပျံဝဲသွားသည်။ ဒေါ်ကျီးဒန်သည် အိုးများကို တစ်လုံးပြီးတစ်လုံး ဆက်၍ပုတ်နေရာ ဦးဆေးရိုးက အလိုက်သိစွာဖြင့် ပုတ်ရန်အိုးများကို အနားသို့ယူပေးပြီး ပုတ်ပြီးသားအိုးများကို အပြင်သို့ထုတ်၍ နေလှန်း၏။ နေသည် ခြစ်ခြစ်တောက်ပူနေကာ ရွာအိုသည် နေပူအောက်၌ ငြိမ်သက်နေပေသည် ။

ဖုန်လုံးကြီးတစ်ခုသည် စက်သံတစ်ညံညံဖြင့် ရွာထဲသို့ ဝင်လာ၏ ။
ဦးဆေးရိုးမှာ ဖုန်လုံးကြီးကို မှေးစင်းသောမျက်လုံးများဖြင့် လှမ်းကြည့်သည်။ ဖုန်လုံးကြီးက နီး၍ နီး၍ လာ၏။ နောက်မှ ကျန်ခဲ့သောဖုန်တန်းသည် တဖြည်းဖြည်း ပြန့်ကား၍သွားသည် ။ ဤနည်းဖြင့် ရွာတွင်း ရွာဘေးရှိ အရာဝတ္ထုအားလုံးမှာ ဖုန်လူးနေပေ၏။
“သြော် မောင်မြင့်တို့လယ်မှာ ကနေ့ ထွန်စက်ချတာကိုး”
ထွန်စက်က မောင်မြင့်တို့အိမ်ရှေ့မှာ ရပ်သည်။ စက်ရပ်သော်လည်း ဖုန်လုံးက ရပ်မသွား ၊ ပွပြီး လိပ်ပြီး လွင့်တက်နေ၏ ။
“မိမြရေ ထမင်းပြင်ပါဟေ့၊ စက်ပြန်လာပြီ”
ယခုထက်ထိ လူလုံးမကွဲသေး။ ဖုန်လုံးထဲက ထွက်လာသော အသံဖြစ်သည် ။
“ပြင်ထားပြီးပြီတော်ရေ့၊ လက်ဆေးပြီး စားရုံပဲ”
ဤသည်က အိမ်ထဲမှ မယ်မြ၏အသံ ။
“ဟောဒီမှာ ရဲဘော်ကြီးကို ခေါ်ပါဟေ့ ၊ ငါတလင်းထဲ သွားလိုက်ဦးမယ်”
ဖုန်လုံး တဖြည်းဖြည်း ပြယ်သွား၏ ။ တစ်ယောက်မှာမူ ဦးဆေးရိုးထံသို့ရောက်လာသည် ။
“ဦးဆေးရိုး စားပြီပြီးလား”
“အေးကွာ၊ ငါတော့ ဆာတာနဲ့ စားပြီးပြီ ။ ငါ့စက်က လူ စက်ပျက်တာနဲ့ ကျန်နေခဲ့တယ်။ ခုထက်ထိ ငါ့လူ ထမင်းစားရအောင်မလာတာနဲ့ ထွက်မျှော်နေတာ ”
“မျှော်မနေနဲ့ ဦးဆေးရိုး” မောင်မြင့်က ပြောရင်း ကပ်လာ၏ ။

“ကျုပ်တို့နဲ့ လမ်းမှာတွေ့တယ်။ ခင်ဗျား စက်က လူလေ၊ အရှေ့ရွာမှာ သာမြိုင်တို့လယ်ကလည်း စက်ချတာကိုးဗျ ၊ အဲဒီမှာ ဝင်စားနေလေရဲ့”
“ ဟုတ်မှ နောက်ပါ ကမြင်းမသား"
“ဟား ဟား ဟား ၊ အကောင်းလည်း ပြောရသေး ၊ အဆဲလည်း ခံရသေး”
အဆဲခံရသူက ရယ်မောတော့ ဦးဆေးရိုးကလည်း မချိုမချဉ်ပြုံးကာ အကြောင်းပြရ၏။
“မင်းက အကောင်းပြောတာ ဟုတ်မှကိုးကွ၊ အကောင်းပြောတာ မဟုတ်ဘဲနဲ့ ငါကယုံရင် ချောက်ကျမှာ”
“ဘုရားစူးရစေရဲ့၊ သွားလေရာ အိမ်ထောင်ကျရစေရဲ့၊ မြင်သမျှ လူတိုင်းက ချစ်ခင်ရစေရဲ့၊ တကယ်ပြောတာပါ ၊ အဟုတ်ပြောတာပါ”
ဦးဆေးရိုးမှာ မောင်မြင့်နှင့် ရောနှောရယ်မောကာနေရာမှခွာလာသည်။ မောင်မြင့်ကလည်း သူနှင့် ပါလာ၏ ။
“အေးနော် ငါက မင့်စကားကိုယုံပြီး အခု တလင်းထဲသွားတော့မှာ”
“တလင်းထဲကို ဟုတ်လား”
“မောင်မြင့်က ဦးဆေးရိုးအား စိုက်ကြည့်ကာ အံ့သြသံဖြင့်မေးသည် ။
“ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ”
“ဘာသွားလုပ်မှာလည်း ဦးဆေးရိုးရဲ့”
“ဟာ ခက်တော့တာပဲ ၊ ဒီကောင်ဟာ တလင်းထဲမှာ မင့်ဘိုးအေ ကောက်လှိုင်းတွေရော၊ ကောက်ပြန့်ရော ရှိနေသေးတယ်ဟ ၊ တစ်နေကုန် တစ်နေခန်းပစ်ထားရင် နွားတွေ ဝင်စားကုန်မှာပေါ့ဟာ”မောင်မြင့်က ရယ်မောလိုက်၏ ။
“ဟော ဆဲပြန်ပြီ ဟဲ ဟဲ ၊ တစ်နေ့မြန်နေ့ကလည်း ဦးဆေးရိုးပြောတာ မေ့သွားပြီလား၊ ဒီတလင်းကို လာလည်း မလာချင်၊ စပါးတွေကို နယ်လည်းမနယ်ချင်တော့ပါဘူးဆို”
ဦးဆေးရိုး ငိုင်ကျသွားသည်။ ခြေထောက်တစ်ဝိုက်တွင် လှုပ်ရှားထွက်ပေါ်နေသောဖုန်ခိုးများကို ခြေသုံးလေးလှမ်း ရှောင်မိသည့်တိုင်အောင် ငုံ့ကြည့်လိုက်ပါလာပြီးမှ မသက်မသာပြော၏ ။
“သိလျက်သားနဲ့ မခနဲ့ပါနဲ့ မောင်မြင့်ရာ ။ ရာကျော် ရာကျော်နဲ့ ဓာတ်မြေသြဇာ နိုင်းချင်းထည့်ရတာကွ။ ရာကျော်လက်စွဲစာအုပ်ထဲမှာ တစ်ယောက်လုပ်ကွက်ကို ရာကျော်သုံးဧကပဲလုပ်မှ ခြေနိုင်လက်နိုင် ရှိတယ်လို့ ဆိုထားသားပဲကွ” မောင်မြင့်က ပျော်စေပျက်စေသဘောဖြင့် အနောက်လွန်ပြီဟု သိပါသည်။ ပြောရင်း ပြောရင်း ဦးဆေးရိုး ဝမ်းနည်းသံပါလာခြင်းအတွက် သူစိတ်မကောင်း။
သိပါသည်။ မောင်မြင့်လည်း သိပါသည် ။ အတူတကွလည်း ခံစားရပါသည်။ ချည်မျှင်ရှည်ဝါ ခေတ်စားစ သုံးနှစ်လောက်သာ သူတို့တစ်တွေ မြတ်စွန်းခဲ့ကြ၊ အကျိုးရှိခဲ့ကြ၏။ ဝါရှုံးလျှင် နှမ်းစိုက်ပါတော့လား။ မှန်သည်။ ဆီဈေးကလည်း ခေါင်ခိုက်နေ၏။ သို့သော် ဦးဆေးရိုးတို့မောင်မြင့်တို့ နှမ်းမကြဲရဲပါ။ ထို့ပြင် ဝါရှုံးသူများမှာ ရာကျော်နှင့် ကြုံကြရပြန်သည်။ ငွေကို အရည်ဖျော်ပြီးစိုက်ရသော ရာကျော်ကလေး သုံးဧကနှင့် စရိတ်မကြီးသော စိတ်ကြိုက်စပါးဖြစ်စေ၊ အခြားပင်ဖြစ်စေဆိုလျှင် ဟုတ်သေး၏။ ယခုသော် ရာကျော်မှ ရာကျော်၊ ပြီးတော့ ရှုံးပြန်၊ မောင်မြင့်ရော ဦးဆေးရိုးပါ ရှုံ့မဲ့နေတော့သည်။ ဤသည်ကို အတူတကွခံစားရသောမောင်မြင့်က သဘောပေါက်သည်နှင့်အမျှ စိတ်မကောင်း ။

“ဟုတ်ပါတယ် ဦးဆေးရိုးရာ ၊ ကျုပ် အနောက်လွန်သွားတယ်။ လွှင့်ပစ်ကာမှ လွှင့်ပစ်ရရော ဘယ်သူမဆို ကိုယ့်ချွေးနှဲစာလေးကို တွယ်ကပ်ကြတာပါပဲ”
“မလုပ်နဲ့ မောင်၊ မမိရင်တော်ရဲ့၊ မိရင် မသက်သာဘူးနော် ။ ငါတော့ မလုပ်ရဲဘူးကွာ”
“ကျုပ်လည်း မလုပ်ရဲပါဘူး။ ဒါပေမဲ့ လုပ်ရဲတဲ့ဖိုးထောင်တို့ မနှစ်တုန်းက နားလည်မှုနဲ့ နှမ်းတစ်ပြည်ကျ ကြဲလိုက်တာ ငွေနှစ်ရာလောက်လည်း သုံးရသေး၊ ဆီလည်းသုံးရသေး”
“အင်း”
ဦးဆေးရိုးသည် ပါးစပ်ပြင်ကာ သွားရည် သိမ်းလိုက်မိသည် ။ ဆီကလေး ခပ်ဝေ့ဝေ့စားခဲ့ရဖူးသော ဟင်းခွက်ကို မြင်ယောင်လာ၏ ။
“အေးလေ၊ လယ်သမားနေ့ကိုသွားမယ့် တို့ဆီကကိုယ်စားလှယ်တွေ ဒီအကြောင်းကို ပြောကြကောင်းပါရဲ့”

ဦးဆေးရိုးက ခပ်ညည်းညည်းပြောကာ သူ၏တလင်းဘက်သို့ ခွဲထွက်လာခဲ့သည်။ သူ့တလင်းကား နွားပင်တိုး၍မရအောင် ကင်ပွန်းခါးဆူးများ ထူထပ်စွာကာရံထားသော အဝန်းအဝိုင်းပေတည်း။

“အင်း လူလည်း မစားရဘဲနဲ့ တင်လာတဲ့ကြွေးတွေက မနည်းပါကလား ၊ အင်း ဘုရား ဘုရား”
ဦးဆေးရိုးသည် နယ်ဖတ်ဆဲ ကောက်ပြန့်ကြီးကိုငိုင်ကြည့်နေရာက ညည်းတွား၏။ စပါးထုသည် အမှော်တွေရောနေပေမယ့် အားရလောက်အောင် မထူပါကလား။ ကျန်နေသော ကောက်လှိုင်းပုံကလည်း ပြောပလောက်အောင် ထွက်စရာမရှိစသည်ဖြင့် ဦးဆေးရိုးတွက်သည်။ သားရေလျော့သော အိုးစည်ထုသံလိုလို ဗျပ်ခွက်ကို ရေပေါ်မှောက်ပြီးဆောင့်သလိုလို အိုးပုတ်သံများ ရွာခရိုးကိုကျော်၍ ပျံလာ၏။ လက်ခတ်သံကိုချင့်ရသည်မှာ ဒေါ်ကျီးဒန်၏ လက်သံပေတကား။
“အင်း အိုးကလေး တစ်ဖက်က လုပ်နေလို့သာ”
ယင်းအတွေးနှင့်အတူ ရွာပေါ်သို့မျှော်ကြည့်မိပုံမှာ ရည်ရွယ်ချက်အမဲ့သားနှင့်။
ရွာပေါ်တွင်လည်း မှိုင်းတွဲ့နေ၏။ နွမ်းမွဲသော မြူအိုလား၊ လေကျမည့် အရိပ်အယောင်လား။ အပင်များမှာလည်း ခက်ရွက်ကြဲ၍ ဖုန်အလူးလူးနှင့် ညည်းငွေ့စရာ ။
“ဘ ရှိတယ်ဟေ့ ဘ ဘ”ရှေ့ဆုံးမှ ခေါင်းဆောင်ကာ ဝင်လာသူမှာ ထွန်ရ၊ ချောစိန်တို့၏သား မောင်ကိုကြီး ဖြစ်လေ၏ ။
“ဘ ရေ ဘ”
“ဘ ပိုက်ချပ်ပေး”
“ဘ ပွဲတွားမယ်”
မောင်ကိုကြီး၏ နောက်မှကပ်ပါလာသော ပရိသတ်မှာ မနည်းပေ။ စုစုပေါင်း ၇ယောက် ဖြစ်သည်။
“ဟ ဟ နည်းနည်းနောနော ပရိသတ်ပါကလား၊ သားတို့သမီးတို့ ဘုန်းကြီးပျံက ပြန်လာတာလား”
ဦးဆေးရိုးရင်မှ ညည်းငွေ့မှိုင်းမှုန်ခြင်းတို့ ရုတ်ခြည်းပျောက်သွားရလေ၏။

ဘညိန်း၏သားငယ်ကို သမီးကြီးမေကြည်က မနိုင်မနင်းချီလာသလို ချောစိန်၏သားကြီး မောင်ကိုကြီးကလည်း အငယ်ဆုံးကို တွဲတီတွဲပိုးချီထားကာ အဝတ်လတ်လတ်ကလေးတွေနှင့်ဖြစ်၏။ ချောစိန်၏သားတွေရော၊ ဘညိန်း၏ သားငယ်ပါ “ပပ”အော်ကာ ဦးဆေးရိုးကို ဖက်တက်ကြသည်။
“ဟဲ့ နှပ်တွေပါကလား ၊ ဟင်း ဒီကောင်ကလည်း ပါးစပ်မှာ ဖုန်တွေပေလို့ပါလား”
“ဘ ပိုက်ချပ်ပေး”
ဘညိန်း၏သား ခင်မောင်လှက လက်ဝါးဖြန့်သလို ချောစိန်၏သမီး ခင်ခင်ကြီးကလည်း တောင်းခံ၏။ ထိုအခါ အကြီးဆုံးနှစ်ယောက်လွဲ၍ ကျန်ကလေး အားလုံးက လက်ဝါးဖြန့်သည်။
“ဘမှာ အင်္ကျီတောင် မပါဘူး ၊ ဘယ်လိုလုပ်ပြီး ပိုက်ဆံပါမလဲ၊ ဘရဲ့ နို့ကိုပဲ စို့ကြ”
“ဘရဲ့နို့က ရွံစရာကြီး”
ချောစိန်၏သမီး ခင်ခင်ကြီးအောက်ဖြစ်သော ခင်မေထွေးက ရှုံ့မဲ့ပြရာ၊ ခင်မေထွေး၏အောက်ဖြစ်သော မောင်ထွေးက အကြီးတွေကိုတုပကာ ရွံပါတယ်သဘောဖြင့် တံတွေးထွေးရာ ဘိုးအေ၏ရင်ဘတ်ကို ပေကျံကုန်လေ၏ ။
“ဟား ဟား ဟား ဘကို တံတွေးနဲ့ ထွေးရသလားကွ ၊ တယ်နောက်တဲ့ကောင်ပဲ ဟဲ ဟဲ”
မြေး ၇ ယောက်၏အလယ်တွင် သွားကျိုးပါးကျိုးဖြင့်ရယ်မောနေသော ဦးဆေးရိုး၏သွင်ပြင်မှာ စပါးရှုံးခြင်း၊ ဝါရှုံးခြင်းတို့ကြောင့် စိတ်ဓာတ်ကျနေသောဦးဆေးရိုး မဟုတ်တော့ပြီ ။
“ဘ ပိုက်ချံပေး”
“ဘယ်လိုလဲကွ ၊ မင်းတို့ဟာက ပိုက်ဆံချည်းတောင်းနေတာပဲ ၊ မင်းတို့အမေကြီးဆီက ငါးပြားစီ တောင်းသွားကြပြီ မဟုတ်လား”
“ဒါဖြင့် ဘုန်းကြီးပျံကို ဘ လိုက်ပို့”
“ဟ သားတို့သမီးတို့ ပြန်ခဲ့ပြီ မဟုတ်လား”
“အင်း ကျန်ခဲ့ပြီ”
မောင်ထွေးက ခေါင်းညိတ်ဖြေရာ ခင်မေထွေးက အလျင်အမြန်ဖြေရှင်းသည်။
“မဟုတ်ဘူး ဘရဲ့၊ သွားကို မသွားရသေးဘူး”
“ဟာ မင်းတို့ဟာက တစ်ယောက်ကပြန်ခဲ့ပြီ၊ တစ်ယောက်က မသွားရသေးဘူး ၊ ဘာလဲကွ”
ဦးဆေးရိုးခေါင်းရှုပ်သွား၏ ။ ဖြူဖွေးနေသည့်ဆံထုံးတော်ကြီးသပြေသီးကို ကုတ်လိုက်ရာ ဖွာခနဲပြေကျ လာ၏။ ပြေကျသောဆံပင်ကို မြေးမကြီးကထုံးပေးရင်း ပြောသည်။
“မနက်တုန်းက အမေကြီးဆီသွားပြီး ပိုက်ဆံတောင်းတယ် ဘရဲ့၊ အိမ်ကလူကြီးတွေ လိုက်ပို့မလိုလိုနဲ့ တစောင့်စောင့်နဲ့နေရတာ၊ အဖေလည်း မအားဘူး၊ အမေလည်း မအားဘူး၊ ဒွေးလေး ချောစိန်တို့လည်း သည်လိုပဲ မအားဘူး”
“လိုက်ပို့နော် ဘ”

မြေးတစ်ယောက်က ညာပခုံးကိုလာဆွဲလျှင် နောက်တစ်ယောက်က ဘယ်ပခုံးကို သိုင်း၏။ နောက်တစ်ယောက်ကလည်း လည်ပင်းကိုဖက်ကာ အခြားတစ်ယောက်က ခါးကိုဆွဲသည်။
“ထပါ ဘရယ်၊ လိုက်ပို့ပါ”
“ဘမှာ အင်္ကျီမပါဘူးကွ၊ ကိုယ်ချည်းတုံးကြီး လိုက်လာရင် ရှက်စရာကြီး”
အမှန်က ဦးဆေးရိုးသည် ဘုန်းကြီးပျံသို့မလိုက်လိုသဖြင့် သွယ်ဝိုက်အကြောင်းပြလိုက်ခြင်းဖြစ်သည်။ သို့သော် မြေးအကြီးက နောက်မှဝှက်ယူလာသောအင်္ကျီကို ထုတ်ပြလိုက်သောအခါ ငြင်း၍မရတော့။
“အမေကြီးက ပြောလိုက်တယ် ဘရဲ့၊ မင်းတို့ဘ တလင်းထဲမှာရှိတယ်။ သူ့ကိုလိုက်ပို့ခိုင်းဆိုပြီး အင်္ကျီပါ တစ်ခါတည်း ပေးလိုက်တာဗျာ ဟား ဟား ဟား”မောင်ကိုကြီးနှင့်အတူ ကလေးများက ရယ်ကြ၏ ။ ကလေးတွေ မြေးတွေနှင့်အတူ ဦးဆေးရိုး ရယ်မောရတော့သည်။ ကလေးတွေသည် တလင်းခရိုးတွင်ပိတ်ဆို့သောတံခါးကို ကူညီပိတ်ကြ၏။ လှည်းလမ်းကြောင်း၌ ကကြခုန်ကြ၏။ သူတို့ ခုန်ကြ ကကြသဖြင့် ဖုန်လုံးထလာသည်။ သို့သော် ဖုန်လုံးထဲကမြေးတွေကို ဦးဆေးရိုးမြင်ရ၏။ မြင်နေရ၏။
ဖုန်လုံးကွယ်ပါလျက်မြင်နေရသော မြေးတို့၏ အရွှင်အလန်း အကြည်အမွေ့သည်လည်း ဘက ပို ကူးစက်ချေပြီ။ စင်စစ် နှလုံးစိတ်ဝမ်းညစ်ညူးနေသော ဘခမျာ မြေးတို့ကြောင့် ကြည်သာရွှင်မွေ့ရချေသည်။
“ဟော ဆိုင်းသံကြားရပြီ၊ လာပါ ဘရဲ့၊ မြန်မြန်လာပါ ဘရဲ့”

မြေးတို့သည် ပျော်စရာရွှင်စရာစုံသော ဘုန်းကြီးပျံပွဲခင်းသာဆီသို့ ဘအား တွန်းထိုးခေါ်ဆောင်ကြလေ၏။
စာမျက်နှာ (၁၀၆၂-၁၀၆၈)
ထပ်မံဖြည့်စွက်ထားသော
ကိုဆေးရိုး
ဝတ္ထုတိုပေါင်းချုပ်
၂၀၁၃၊ သြဂုတ်လ၊ ပထမအကြိမ်၊ အုပ်ရေ ၅၀၀
စိတ်ကူးချိုချိုစာပေမှ ထုတ်ဝေသည်။

0 comments:

Post a Comment