ရွှီးရှောင် နိုင်ငံရေးသမား(များ) နှင့်
ပင်လုံစာချုပ် (Nyo Tun)
လူ့ဘောင်ပိတ်တခု(Closed Society) မှာ
လူတွေဟာ ဗဟိုချက်၊ အရင်း၊ မူလ(Origin) ဆိုတာကို ကိုင်စွဲပြီး ငြင်းခုံကြတယ်။
အထူးသဖြင့် နိုင်ငံရေးသမားတွေပေါ့။ လူ့ဘောင်မှာ ဖြစ်ပွားနေတဲ့ပြဿနာတွေဟာ
အရင်းမူလကနေယိုယွင်းလာခဲ့လို့၊ သွေဖီသွားလို့၊ ဗဟိုချက်မကြီးကနေ
ယိမ်းယိုင်သွားလို့ စသဖြင့် ၄င်းတို့ဟာ ထင်ယောင်စွဲမြင်ကြတယ်။
ထိုနိုင်ငံရေးသမားတွေအတွက်ကတော့ အရင်းမူလဟူသည် သစ္စာတရား ပါပဲ၊ အရင်းမူလသဘောကို
မထိန်းသိမ်းနိုင်လို့ မစောင့်ရှောက်နိုင်လို့ လူ့ဘောင်ဟာ မငြိမ်းချမ်းနိုင်ခဲ့ဘူးဆိုပြီး
-- ဗဟိုချက်မကနေ သွေဖီမှုကို ပြဿနာအားလုံးရဲ့ အကြောင်းရင်းခံအဖြစ် --
လက်ညိုးထိုးပြတတ်ကြပါတယ်။
အရင်းမူလသာလျှင် ပကတိသစ္စာဆိုတဲ့ဝါဒရေးရာမှာ
ထင်ရှားတာက ကျနော့်ရဲ့ Protectionism doctrine မှာ စတင်မိတ်ဆက်တင်ပြခဲ့တဲ့
Contrarian (ဝါ) စာချုပ်ဝါဒရှင်တွေ ဖြစ်ပါတယ်။ မူလမှာ ချုပ်ဆိုခဲ့တဲ့စာချုပ်ဟာ
ပကတိသစ္စာတရား ဖြစ်တယ်၊ အရင်းမူလ စာချုပ်တခုနဲ့ နိုင်ငံတော်(State)ကို ထူထောင်ခဲ့တယ်ပေါ့။
သည်တော့ လူ့ဘောင်မှာဖြစ်ပေါ်ရမယ့်အရာအားလုံးသည် မူလစာချုပ်မှာထည့်သွင်းဖော်ပြခဲ့တဲ့
အချက်အလက်တွေနဲ့ကိုက်ညီမှု ရှိရမယ်။ အဲသလို ကိုက်ညီမှုမရှိဘူးဆိုရင်
သစ္စာပျက်ယွင်းမှုဖြစ်သလို လူ့ဘောင်ဟာ ပျက်ယွင်းတိမ်ကော သွားမှာပဲလို့ အယူရှိကြတယ်။
တခု ပြောထားရမှာက အရင်းမူလ စာချုပ်ပုံသဏ္ဍန်ကို
လစ်ဘရယ်ဝါဒရဲ့ဖခင်ကြီးဖြစ်တဲ့ ဂျွန်လော့ စသူတို့က မူလပဋိဥာဉ်မှာပါတဲ့အတိုင်း
အစိုးရက ပြည်သူလူထုအပေါ်မှာ ပေးကိုပေးရမယ့်
လူ့အခွင့်အရေးများကိုသက်သေထူဖို့သုံးစွဲသလို အာဏာရှင်နိုင်ငံရေးသမားတွေကလဲ သူတို့ရဲ့အာဏာဆိုးကို
သက်သေထူနိုင်ဖို့အရေးအတွက် သုံးစွဲတတ်ကြလေ့ရှိပါတယ်။ တခြားသာဓကမကြည့်ပါနဲ့၊
ပင်လုံစာချုပ်အရ ဗမာပြည်ဟာ သည်နယ်မြေနယ်နိမိတ်အတိုင်း ထာဝရတည်ရှိနေရမယ်၊
တိုင်းရင်းသားတွေဟာ ဥမကွဲသိုက်မပျက် တစည်းတလုံးတည်း နေထိုင်ဖို့
သဘောတူခဲ့ကြတယ်လို့ဆိုပြီး စစ်အာဏာရှင်တွေဟာ တောက်လျှောက်ဆိုသလို ဝါဒဖြန့်ခဲ့ကြတယ်။
ခုခါမှာလည်း ၉၀% ကျော်သောဗမာပြည်သူတွေ သဘောတူထားခဲ့တဲ့အခြေခံဥပဒေဆိုတဲ့
စာချုပ်ကြီးကို အမြဲတစေပင် ပြည်သူအားလုံးက လေးစားလိုက်နာဖို့ လိုတယ်လို့
ပြောနေတာပဲမဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်လုံစာချုပ်ဟာ
တကယ်တမ်းအားဖြင့် ပြည်ထောင်စုစနစ် တည်ထောင်ဖို့အတွက်ဆို valid (သက်သေခိုင်မာ
ကြောင်း) ပြောဆိုလို့မရဘူးလို့ သိထားပါတယ်။ ဆယ်နှစ်ပြည့်လို့ မနေချင်ဘူးဆိုရင်
ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့အချက်ဟာ (စစ်အာဏာရှင် တွေလို မဖျောက်ထားဘူးဆို) ဘယ်သူကမှ
ငြင်းလို့မရတဲ့အချက်ပါ။ နောက်ပြီးတော့ ကမ္ဘာ့သမိုင်းတလျှောက်မှာ နိုင်ငံတော်အာဏာကို
ပြည်သူတွေကနေ တရားဝင်အသိအမှတ်ပြုဖို့အတွက် သဘာဝအခြေအနေလိုအပ်ချက်အတိုင်းချုပ်ဆိုတဲ့
စာချုပ်တခုဆိုတာ ပြင်ပလက်တွေ့ မှာ ဘယ်လူ့ဘောင်တခုမှာမှ မပေါ်ပေါက်ခဲ့ဖူးပါ။
ဒါကြောင့်လဲ မော်ဒန် contrarian ဝါဒရှင်တွေထဲမှာ အထင်ရှားဆုံးသောပုဂ္ဂိုလ်ဖြစ်တဲ့
ဂျွန်ရောစ်ဟာ စာချုပ်ဆိုတာကို စိတ်ကူးယဉ်ကာ
ဆင်ယင်ထားတဲ့အခင်းအကျင်းတခုတင်မှာပဲပြသတဲ့အနေနဲ့ သူ့ရဲ့ လူမှုသီအိုရီကို ထုတ်ဖော်ပြကြပါတယ်။
သူ့ရှေ့က လစ်ဘရယ်ဖခင်ကြီး ဂျွန်လော့တို့ဟာလဲ ထို့အတူပင် စိတ်ကူးအခင်းအကျင်းမှာပဲ
လူမှုစာချုပ် (social contract)သာချုပ်ဆိုခဲ့လျှင် ဘယ်လို အချက်အလက်တွေဟာ
မပါမဖြစ်ပါဝင်လာကြရမှာဖြစ်တယ်ဆိုပြီး အတွေးအခေါ်စမ်းသပ်ခန်းမှာတင် နမူနာစာချုပ်တခုကို
ချုပ်ဆိုပြခဲ့တာ ဖြစ်ပါတယ်။
သို့သော် အလွယ်လမ်းလိုက်ချင်တဲ့ နိုင်ငံရေးသမားတွေဟာ
အရင်းမူလ သဘာဝအတိုင်းဖြစ်ပေါ်ခဲ့ရတဲ့ ပင်ရင်းစာချုပ်ဟာ တကယ် တည်ရှိခဲ့တယ်ဆိုပြီး
သူတို့လိုသလို ဆွဲယူတတ်လေ့ရှိပါတယ်။ ကျနော် ရှေ့ဆုံးမှာပြောခဲ့သလို
လူ့ဘောင်ပိတ်တခုဟာ သူတို့လူ့ဘောင်မှာ ဘာမဆိုကို အစပြုခဲ့တဲ့ အရင်းမူလဗဟိုချက်မကြီးတခု
ရှိတယ်ဆိုပြီး ကိုင်စွဲယူကြပါတယ်၊ ၄င်း ဗဟိုချက်မကြီးဟာ အနော်ရထာမင်း
တည်ထားကိုးကွယ်ခဲ့တဲ့ ‘အရင်းမူလ ထေရဝါဒသာသနာကြီး’လို့ ဘာသာတရားတခု
ဖြစ်ချင်ဖြစ်မယ်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်လို့
လူပုဂ္ဂိုလ်တယောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ လွတ်လပ်ရေးရယူဖို့ချုပ်ဆိုခဲ့တဲ့
ပင်လုံစာချုပ်လို့ စက္ကူတရွက်လည်း ဖြစ်ရင်ဖြစ်မယ်။ ဗဟိုချက်မ(ဝါ)လူ့ဘောင်ရဲ့
အရင်းမူလသစ္စာတရားကို မညိုးမှိန် မပျောက်ပျက်စေဖို့
ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမယ်။ အဲသလို စောင့်ရှောက်ရမှန်းမသိတဲ့လူတွေဟာ
လူ့ဘောင်မှာ တန်းမဝင်တော့တဲ့၊ လူ့ဘောင်က လက်မခံထိုက်တဲ့ အောက်တန်းစား
ကလေကဝတွေပဲလို့ ၄င်းလူ့ဘောင်ပိတ်တခုက နိုင်ငံရေးသမားတွေဟာ သဲသဲထန်ထန်ကို
မှတ်ယူထားကြတယ်။
တကယ်က နိုင်ငံတော်နဲ့ ပြည်သူလူထုဆိုတဲ့အရာတွေဟာ
ပင်လုံစာချုပ်မတိုင်ခင်ကတည်းက ရှိပြီးသားတွေပါ။ ပင်လုံစာချုပ်ဟာ ဗမာပြည်အဖြစ်
နေထိုင်ပါ့မယ်လို့ အာမဘန္တေခံ ကတိပေးခဲ့တဲ့စာချုပ်မျိုးမဟုတ်ဘဲ လွတ်လပ်ရေးပေးဖို့ရန်
အင်္ဂလိပ်တွေကိုပြသဖို့ သက်သေထူခဲ့ရတဲ့ ကိရိယာတန်ဆာပလာသက်သက်သာ ဖြစ်ပါတယ်။ တကယ်က
အကြီးမားဆုံးစာချုပ်ဝါဒရှင်တွေ ကိုယ်တိုင်က ရိုးသားစွာ ဝန်ခံရေးသားခဲ့သလို၊
၎င်းတို့နှင့် ဆန့်ကျင်ဘက်ဝါဒရှင်အားလုံးတွေကလည်း သိကြတဲ့အတိုင်းပါပဲ
သဘာဝတရားအတိုင်း နိုင်ငံတော်ကို အရင်းမူလ တည်ထောင်ခဲ့တယ်ဆိုတဲ့ စာချုပ်ဆိုတာမျိုးဟာ
ဘယ်လူ့ဘောင်မှာမှ မထွန်းကားခဲ့ဖူးပါ။ အဓိကက သည်ပြဿနာဟာ ပင်လုံ စာချုပ်ချုပ်ခဲ့တဲ့
ဗိုလ်ချုပ်နဲ့တိုင်းရင်းသားတွေရဲ့လိုအပ်ချက်ကြောင့် မဟုတ်ပါ။ နိုင်ငံရေးသမားတွေဟာ
စာချုပ်အရ သူတို့အစိုးရတွေဟာ တရားဝင်တယ်လို့ စာချုပ်ကို သူတို့အာဏာကိုသက်သေခံဖို့ အသုံးပြုရာကနေ
ပြဿနာတွေဟာ မီးခိုးကြွက်လျှောက်လိုက်လာခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလဲပဲ စစ်အာဏာရှင်တွေလို
မျက်နှာပြောင်တိုက်ကာမပြောသည့်တိုင်အောင် စာချုပ်အရ ပြည်ထောင်စုဖြစ်တည် ဖို့ဟာ
တရားဝင်တယ်လို့ပြောချင်တဲ့အခါ -- ပင်လုံစာချုပ်လို့မပြောဘဲ ပင်လုံစိတ်ဓာတ်လို့
လှည့်ပြောပါတယ်။ သူမက ပင်လုံစိတ်ဓာတ် ဆိုတာကို အေးအတူပူအမျှနေထိုင်ကြဖို့
ဖြစ်ထွန်းကြတဲ့(သဘာဝအတိုင်းပေါ်ပေါက်ခဲ့တဲ့)စိတ်ဓာတ်လို့ (တဖက်လှည့်နဲ့)ဆိုချင်တာ
ဖြစ်ပေမယ့်လည်း စာချုပ်မှာပါဝင်တာက ဆယ်နှစ်နေရင် ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ --
တကယ်တမ်းအားဖြင့် ပင်လုံဟာ-- လက်တွေ့သဘော နိုင်ငံရေးစာချုပ်ကြီးသက်သက်ဖြစ်နေတော့ခါ
ဘယ်လိုမှ အမြီးအမောက်မတည့် ဖြစ်နေပါတယ်။ သူမလိုချင်တဲ့ဟာလေးကို အတင်းဆွဲယူပြီး
ဒါဟာ အရင်းမူလ ပြည်ထောင်စုစိတ်ဓာတ်လို့ အတင်းလုပ်နေတာပဲ ဖြစ်ပါတယ်။ အဲသလို
အတင်းဆွဲယူလို့ မကြာသေးမီကပင် တိုင်းရင်းသားတွေရဲ့ သဲသဲသန်သန်ကန့်ကွက်ခြင်းကိုလဲ
သူမ ခံခဲ့ရပြီးပါပြီ။
လက်ရှိဒီချုပ်အစိုးရအပါအဝင် ခေတ်အဆက်ဆက်
နိုင်ငံရေးသမားတွေဟာ အရင်းမူလ ဗဟိုချက်မကြီးတခုဟာ ရှိခဲ့တယ်ဆိုပြီး ပြည်သူကို
အတင်းပင် လက်ခံခိုင်းခဲ့ပါတယ်။ အဆိုးဆုံးကတော့ စစ်အာဏာရှင်တွေပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာလဲပဲ သူမလက်ထက်မှာ အတင်း အဓမ္မရယ်လို့ မဟုတ်ပေမယ့်လည်း
အရင်းမူလတခုဟာ လူ့ဘောင်ရဲ့သက်သေအဖြစ်ရှိတယ်ဆိုပြီး အတင်းဆွဲယူနေပါတယ်။ သို့သော်
စစ်အာဏာရှင်တွေနဲ့ ideology က တထပ်တည်းဖြစ်နေတာက ပြဿနာပါ။
ကျနော် မြင်မိတာကတော့ ခေတ်အဆက်ဆက်
ဗမာနိုင်ငံရေးသမားတွေဟာ အစိုးရရဲ့ အဓိကပင်မတာဝန်ဖြစ်တဲ့ လူတွေအားလုံးကို
တန်းတူညီမျှစောင့်ရှောက်ပါ့မယ်ဆိုတဲ့ဝန်ခံချက်ကတိကို လက်တွေ့အကောင်အထည်ဖော်ဖို့ရန်
ပျက်ကွက်ခဲ့ပါတယ်။ ဒါအစား သူတို့ဟာ အရင်းမူလပကတိ စာချုပ်ကြီးတခုကြောင့်မို့လို့
သူတို့ရဲ့အာဏာ၊ သူတို့တည်ထားချင်တဲ့လူ့ဘောင်တွေဟာ တရားဝင်တယ်လို့ အတင်းပင်
သက်သေခံဖို့ကြိုးစားကြပါတယ်၊ တိုင်းသူပြည်သားတွေကို နိုင်ငံတော်က
ကာကွယ်စောင့်ရှောက်ပေးဖို့ရန်ပျက်ကွက်နေခဲ့တဲ့ သူတို့ရဲ့ အာဏာဆိုးတွေကိုဖုံးကွယ်ထားဖို့
ကြိုးစားကြပါတယ်၊ သမိုင်းလမ်းကြောင်းကြီးဟာ မူလကဦးတည်ခဲ့အတိုင်းဆက်သွားနေဖို့သာလျှင်
သူတို့ရဲ့ တာဝန်ဖြစ်တယ်၊ ပင်လုံစိတ်ဓာတ်ကြီး အဓွန့်ရှည်ထွန်းကားဖို့သာလျှင်
သူတို့တာဝန်ဖြစ်တယ် စသဖြင့် လုပ်တတ်ကြပြီး တဖက်မှာ လူတန်းစား မညီမျှမှုတွေ၊
မတရားဖိနှိပ်မှုတွေကြောင့် မွဲပြာကျနေတဲ့ပြည်သူတွေရဲ့ငြိုငြင်မှုတွေကို
မျက်ကွယ်ပြုဖို့ကြိုးစားကြပါတယ်။
ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခါမှာ ဦးစောက
ဗိုလ်ချုပ်ကို အကြီးအကျယ်ကန့်ကွက်ပါတယ်၊ ဗိုလ်ချုပ်က “ဦးစော၊ ဆယ်နှစ်အတွင်းမှာ
ကျနော်တို့ ဟာ သူတို့အပေါ်မှာ ဘယ်လောက်ကောင်းသလဲဆိုတာကို ပြကြပါမယ်၊ သူတို့က
ခွဲမထွက်ချင်အောင် ကျနော်တို့ အကောင်းဆုံးလုပ်ပြ ကြပါမယ်၊ မပူပါနဲ့” ။
ဗိုလ်ချုပ်အတွက်ကတော့ မိမိတို့ဟာ ပြည်သူအပေါ်မှာ ဘယ်လောက်တောင် ကာကွယ်စောင့်ရှောက်မှုပေးနိုင်သလဲဆိုတဲ့ လက်တွေ့စွမ်းဆောင်ချက်(practical performance) ကသာ အဓိက ဖြစ်ပါတယ်။
ဗိုလ်ချုပ်အတွက်ကတော့ ပင်လုံစာချုပ်ဆိုတာဟာ အင်္ဂလိပ်ကိုပြဖို့ အလုပ်ဖြစ်ရုံသက်သေစာရွက်တရွက်ပါပဲ၊
နောက်မှာ အလုပ်တွေ အများကြီး ခါးတောင်းကြိုက်ပြီး လက်တွေ့အောင်မြင်သည် အထိ ကြိုးစားလုပ်ရမယ်ဆိုတာ ဗိုလ်ချုပ်က နားလည်တယ်။
အလုပ်တကယ်မလုပ်ချင်ဘဲ ‘ရွှီးရှောင်’
လုပ်ချင်ကြတဲ့ အခါ နိုင်ငံရေးသမားတွေဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်၊
သဘာဝအရင်းမူလ အတိုင်း ဖြစ်သင့်ကြပါလျက်နဲ့ လူတွေက မဖြစ်လာကြတာဆိုပြီး သူတို့ရဲ့
ပြည်သူအပေါ်မှာ တာဝန်ခံယူမှုမရှိတာတွေကို လွဲချတတ်ကြပါတယ်။ ကျနော်တို့ဆီမှာ
ပြည်ထောင်စုဝိဉာဉ်၊ ပင်လုံစိတ်ဓာတ် စတဲ့ ရွှီးရှောင်တွေအစား ပြည်သူအပေါ်မှာ
တင်းပြည့်ကျပ်ပြည့် တန်းတူညီမျှ ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာကို ဗိုလ်ချုပ်လို
မိမိကိုယ်ကို ပြည်သူတွေအပေါ်မှာ လက်တွေ့မျက်မြင်ထင်ရှား ခုပင်မဆိုင်း
လုပ်ပြနိုင်ရပါမယ်ဆိုတဲ့ခံယူချက် အသိအလင်းရှိတဲ့ လက်တွေ့နိုင်ငံရေးသမားတယောက်
လိုအပ်နေပါတယ်။
0 comments:
Post a Comment