"ဓားတောင်၊ မီးပင်လယ်နှင့်
မြသန်းတင့် "(ဒုတိယပိုင်း-ဇာတ်သိမ်း)
ရေးသူ-ထက်မြက်
ဆရာမြသည် ဘဝတူချင်း အနစ်နာခံသူ ဖြစ်သည်။
ကျွန်တော် လေးစားကြည်ညိုသူမျးထဲတွင် သူ့အား ပိုမိုလေးစားရသည်မှာ ထိုပုဂ္ဂိုလ်များ ထက်
သူက ပိုမို အနစ်နာခံခဲ့သောကြောင့် ဖြစ်သည်။ လွှဆွဲလျင် သူက ကျွန်တော်တို့ထက်
အသက်ကြီးခြင်း၊ မျက်မှန်ထူတပ်ပြီး အမြင်အာရုံ နည်းခြင်းတို့ကြောင့် သူ့ကို
ဘာမျှမလုပ်ဖို့ အတင်းတားသော်လည်း သူလက်မခံ။ ကျွန်တော်တို့နှင့် တန်းတူ လွှဆွဲသည်။ ကျန်းမာရေးကောင်း
သူဖြစ်၍ ကျွန်တော်တို့ထက် ပိုလုပ်သည်။ သူ့အသက်အရွယ် လူကြီးများထက် သူက
ပိုအလုပ်လုပ်သည်ကိုကား မည်သူ မျှ ငြင်းနိုင်လိမ့်မည် မဟုတ်ပေ။
ကျွန်တော်တို့ ထမင်းစားသည့်အခါ
နှစ်ယောက်ကို ဟင်းတခွက်(ဝေခြင်းလွယ်ရအောင် နှစ်ယောက်တခွက်ထည့်ပေးခြင်း ဖြစ်ပါသည်)
စားကြသည်။ တတ်နိုင်သမျှ ဟင်းတုံး အသေးအကြီး မျှထည့်ထားသည်။ ဆရာမြသည် ဟင်းခွက်ထဲမှဟင်းကို
သူစားရမည့်အချိုးထက် အမြဲလျှော့စားသည်။ အတူစားသည့် ရဲဘော်ကို ပိုစားစေသည်။
အတူစားသူကလည်း မစားဘဲ သူ့ကိုဦးစားပေးပိုထည့်လျှင် သူ လက်မခံ။
အတင်းထည့်ပေးလျှင်လည်း ထမင်းကို အမြန်စား၍ သူ ထသွားတတ်သည်။ ကျွန်တော်တို့နှင့်
နေခဲ့ရသည့်ကာလတွင် ဆေးလိပ် (၂)လိပ် ဆိုလျင်လည်း သူ (၂)လိပ်ပဲ သောက်သည်။ ပဲလှော် (၁ဝ)စေ့ဆိုလျင်လည်း
ထို့ထက် လျှော့စားပါသည်။ ပိုင်ဆိုင်မှုအတွက် ဆရာမြ လောဘ တက်သည်ကို
ကျွန်တော်မတွေ့ဘူးပါ။ အသက် ငယ်ငယ်ကြီးကြီး သိမ်သိမ်မွေ့မွေ့ လေးလေးစားစား
ဆက်ဆံသည်။ ချစ်စရာအကောင်းဆုံးမှာ တဖက်သားပြောစကားကို လေးလေးနက်နက်နားထောင်ခြင်း
ဖြစ်သည်။ သူသိပြီးသားအကြောင်းအရာဖြစ်လျင်လည်း သူ ဂရုစိုက်ပြီး နားထောင်သည်။
စာရေးဆရာအတော်များများ အထူးသဖြင့် အသက်ကြီးသောစာရေးဆရာကြီးများ သည် လူငယ်များကို
စကားတော်တော် ပြောသည်။ (အရွယ်လွန်ရောဂါတခုလည်း ဖြစ်နိုင်ပါသည်) သူတို့မောမှ အားရမှ
တဖက်လူကို စကားပြောခွင့်ပေးသည်။ ဆရာမြသည် ထိုသူ များထဲတွင် မပါပါ။ စကားဝိုင်းတခုတွင်
ဘက်ညီသောအဖော်တဦး ဖြစ်သည်။ နားလည်းထောင်သည်။ ပြောစရာရှိသည်ကိုလည်း ပြောသည်။ စကားပြောလောဘမကြီး၊
စကားအများဆုံးပြောခြင်းဖြင့် ဝိုင်းသားများကို အနိုင်မကျင့်ပေ။ ဆရာမြကို
လောဘမကြီးဟုဆိုသော်လည်း သူ လောဘတက်လွန်းသည်ကို ကျွန်တော် အတူနေစဉ်ကတွေ့ခဲ့ရသည်။
ထိုအရာများမှာ စာဖတ်လောဘကြီးခြင်းနှင့် စာရေးလောဘကြီးခြင်းပင် ဖြစ်ပါသည်။
သူမျက်စိ ဘာကြောင့်မှုန်ရသလဲဟု ကျွန်တော်က
မေးဖူးသည်။
'စာဖတ်များလွန်းလို့ပေါ့ဗျ၊
ဂျပန်ခေတ်တုန်းကဆိုရင် ရေနဆီမီးခွက်နဲ့ ဖတ်တယ်။ မီးခွက်နားကပ်ပြီး ဖတ်ရင်းနဲ့
မျက်စိမှုန်လာရတာပဲ' ဟု ဆရာမြက ပြန်ဖြေခဲ့ပါသည်။ ကိုကိုးကျွန်းသို့ ဒုတိယအကြိမ်ရောက်ချိန်၌
သူ့မျက်လုံးများမှာ ဆိုးသထက် ဆိုးလာသည်။ ၁၉၅၈ ခုနှစ်က ကိုကိုးကျွန်းသို့ ပထမအကြိမ်
သူရောက်သည်။ ထိုအချိန်က သူ့မျက်လုံးများ ယခုလောက် မဆိုးသေး။ ပထမတုန်းက သူနှင့်အတူနေခဲ့ရသော
ယခု ဒုတိယအကြိမ်တွင်လည်းအတူနေခဲ့ရသော လေထီးဦးအုန်းမောင်နှင့် ဦးဖေအောင်တို့က
ပြောပါသည်။ မိမိတို့၏ မိသားစုများထံ တလ တကြိမ် ကျွန်တော်တို့ စာရေးကြပါသည်။ ကျွန်တော်တို့
စာများကို ဦးမြသန်းအားပေးဖတ်ကြသလို သူ့စာများကိုလည်း ကျွန်တော်တို့အား
ပေးဖတ်ပါသည်။ သူ့မျက်စိမှုန်လာခြင်းနှင့်ပတ်သက်ပြီး သူရေးထားသည်ကို ကျွန်တော်
ယခုတိုင် မှတ်မိနေပါသည်။ 'မောင့်မျက်လုံးတွေက မှုန်သထက်မှုန်လာတယ်။ ကြည့်ရတာ
အားမရတော့ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မျက်စိလုံးဝ မမြင်ရတော့လို့
စာမရေးနိုင်ရင်လည်း ဘေဘီ တို့ကို တယောထိုးပြီး မောင် ကျွေးနိုင်ပါတယ်'
ဆရာမြ တယောထိုးတတ်သည်ကို သူနှင့်ရင်းနှီးသူတိုင်းပင်
သိကြပါသည်။ ကျွန်တော်က ကိုယ်တိုင် မြင်ဖူးသည်။ လသာသော ညတည ကျွန်တော်တို့အဆောင်၏
နောက်ဘက် လရောင်ဖြာကျနေသော ပြတင်းပေါက်တွင် တယောက်တည်းထိုင်ပြီး ဆရာမြ
တယောထိုးနေသည်။ တယောသံကြားတုန်းကတော့ သူမှန်းမသိ။ တယောထိုးသင်နေသော
မောင်မြသောင်းတို့လိုလူများ၏ လက်သံမျိုး မဟုတ်။ အချွဲအနွဲ့များဖြင့် တုန်ယင်လှိုက်လှဲစွာ
ထွက်ပေါ်လာသောတယောသံကြောင့် စာဖတ်နေရာမှ တချက်တချက် သီချင်းစာသားကိုပါ လိုက်ဆိုသံကြားရသည်။
ထိုအခါကျမှ ဆရာမြမှန်းသိရပြီး နောက်ဘက်သို့ အသာလေး ကျွန်တော်လျှောက်လာခဲ့ပါသည်။
ဆရာမြ တယောကို ပိုင်ပိုင်နိုင်နိုင် ထိုးတတ်မှန်း ထိုအခါကျမှသိရသည်။
လူတယောက်၏ဘဝသည် သူဖြတ်သန်းခဲ့ရသော
သမိုင်း၏ရိုက်ခတ်ချက်ကို ခံရသည်။ ထိုရိုက်ခတ်ခံရသောသမိုင်းကိုပင် ထိုလူက ပါဝင်
ရေးဆွဲသွားတတ်ပေသည်။ ဆရာမြသန်းတင့်က အသက် (၁၄)နှစ်သားကစပြီး နိုင်ငံရေးနယ်သို့ ဝင်ရောက်ခဲ့၏။
၁၉၄၃ ခုနှစ်တွင် အာရှ လူငယ်အဖွဲ့သို့ ဆရာမြ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ကလေးသာသာအရွယ်
အသက် (၁၄) နှစ်၊ (၁၅) နှစ်လောက်ကပင် ဖက်ဆစ်တော်လှန် ရေးသမားတဦး ဖြစ်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလပ်စည်းများတွင် ဆရာမြ တာဝန်ယူခဲ့လေသည်။ နောက်
လွတ်လပ်ရေး တိုက်ပွဲတွင် နယ်ချဲ့အောက်မှ လွတ်မြောက်ရေးအတွက် အသက်
(၁၆)နှစ်အရွယ်တွင် ခြေစုံပစ်၍ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်များကို
မောင်းထုတ်လိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သော်လည်း ဗြိတိသျှနယ်ချဲ့သမားများသည်
သူ၏ ဘိုးဘွားပိုင် အမွေ ပစ္စည်းတခုအဖြစ်သဘောထားကာ မြန်မာနိုင်ငံကို ဆက်လက်
ကျွန်ပြုခဲ့ပြန်သည်။ မြန်မာတော်လှန်ရေးသမားများကလည်း ဖက်ဆစ်ဂျပန်နှင့် ဖက်ဆစ်ဝါဒကို
တိုက်ထုတ်လိုက်ရပြီးနောက် နယ်ချဲ့သမားကို ထပ်မံတိုက်ထုတ်ရန်၊ လွတ်လပ်ရေးရယူရန်အတွက်
ပြင်ဆင်ခဲ့ကြ၏။
ဆရာမြသန်းတင့်သည် အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်၊
မန္တလေးခရိုင်တွင်လည်းကောင်း၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် လည်းကောင်း၊
အချိန်ပြည့်တာဝန်ယူရင်း မြင်းခြံခရိုင်ကွန်မြူနစ်ပါတီကိုလည်းတည်ထောင်ကာ
ခရိုင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့လေ သည်။ 'လယ်သမားများ သီးစားခ မပေးရေးတိုက်ပွဲ၊
လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲ'
စသော လယ်သမားတိုက်ပွဲများကို 'အက်ကူးသခင်သိန်းဖေ'နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည်။
ထိုသို့ မြင်းခြံခရိုင်တွင် တာဝန်ယူနေစဉ် ရှင်မတောင်ဓားပြဂိုဏ်းကြီးအကြောင်း
သူ့ကိုယ်တွေ့အဖြစ်အပျက်အား ကျွန်တော့်ကို ပြောပြခဲ့လေသည်။
ထိုနေ့မနက်က ကျွန်တော်တို့
အရှေ့ဘက်ကမ်းတွင် လမ်းမလျှောက်ဖြစ်ပါ။ အိပ်ရာထ နောက်ကျသဖြင့် နံနက် (၆)
နာရီလောက်မှ လမ်း လျှောက် ထွက်ကြပါတယ်။ နီးနီးနားနား အနောက်ဘက်ကမ်း၊
အလယ်ရွာဘက်သို့ နှစ်ယောက်သား လျှောက်ခဲ့ကြလေသည်။ အနောက် ဘက်ကမ်းသည်
အရှေ့ဘက်ကမ်းလို သဲသောင်ပြင်ကြီး မရှိပေ။ တောင်ကုန်းမြေပြင်ရှိပြီး ကမ်းခြေမှာလည်း
ကျောက် စွယ်များ၊ ကျောက်ပြင် ကြီးများသာ ရှိသည်။ တောင်ကိုဖြတ်ပြီး
တောင်နှင့်မြောက် ကားလမ်းရှိ၏။ ကျွန်တော်တို့သည် ကားလမ်းအတိုင်း လျှောက်ခဲ့ပါသည်။
ဘေး တဘက်တွင် တောင်နံရံ၊ တဘက်၌ချောက်၊ ထိုမှလွန်လျှင် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို
တွေ့ရသည်။ သစ်ရွက်များပေါ်တွင် နှင်းရည်စက်လေးများ တင်ကျန်နေပြီး၊ ဆောင်းဝင်စဖြစ်၍
ပင်လယ်မှဖြတ်တိုက်လာသောလေအေးကြောင့် အနွေးအင်္ကျီများကို ဆွဲစေ့လိုက် ကြ၏။ တောင်ထိပ်
သစ်ပင်ပေါ်မှ ငှက်ကလေးများ၏တေးဆိုသံကို ကြားနေရသည်။
"ဦးမြသန်း..ဟစ်ခ်ျကော့ရဲ့
တူကက်ခ်ျအေသ်ဖ် (To Cath a Theif) ကြည့်ဖူးလား"
"ကြည့်ဖူးပါတယ်၊ ဘာဖြစ်လို့လဲ"
"ဒီနေရာကနေ ပင်လယ်ကိုလှမ်းမြင်ရတော့ အဲဒီကားထဲက မွန်တီကာလိုမြင်ကွင်းနဲ့ မတူဘူးလားလို့"
"ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ဒီက ပိုလှတယ်။ ပိုပြီးလည်းသာယာတယ်။ ပိုပြီးလည်း အေးချမ်းတာပေါ့။ မွန်တီကာလိုကတော့ ကားလမ်းနဲ့၊ ကမ်းစပ် မှာ သင်္ဘောတွေနဲ့ဆိုတော့ ဒီလောက်မသာယာဘူးလို့ ပြောတာပါ။ တောင်ပေါ်ကနေကြည့်ရတဲ့ မြင်ကွင်းဟာ အပေါ်စီးကကြည့်ရတော့ သာမန်ထက် လှနေတာပါပဲ။ မန္တလေးတောင်ပေါ်က မြင်ကွင်း၊ ပုပ္ပါးတောင်က မြင်ကွင်းတွေလည်း သူ့ဒေသနဲ့သူ လှနေတာပေါ့ဗျာ"
"တောင်ဆိုလို့၊ ဦးမြသန်း တရုတ်ပြည်ရောက်တော့ ကျင်ကန်းတောင်ကို သွားခဲ့သေးလား"
"ကျင်ကန်းတောင်တော့ မရောက်ခဲ့ပါဘူး၊ ငယ်ငယ်တုန်းက ရှင်မတောင်တော့ ရောက်ခဲ့ဖူးပါတယ်"
"ဗျာ"
"ဟုတ်တယ်၊ တရုတ်ပြည်မှာ ဂျပန်ကျူးကျော်ကာလနဲ့ ကူမင်တန်အုပ်စိုးမှုကာလတွေမှာဆိုရင် ဓားပြတွေအလွန်သောင်းကျန်းခဲ့တယ်။ လူအင် အား၊ လက်နက်အင်အားကောင်းကောင်းနဲ့ ဓားပြဂိုဏ်းကြီးတွေဟာ နိုင်ငံအနှံ့မှာလိုလို ရှိနေခဲ့တယ်။ အထူးသဖြင့် တောတောင်ထူထပ်ပြီး ပုန်းခိုလို့ကောင်းတဲ့ ကျင်ကန်းတောင်လိုနေရာမျိုးတဝိုက်မှာ ဓားပြတွေသောင်းကျန်းခဲ့တာပေါ့။ တိုင်းပြည်အုပ်ချုပ်ရေးကလည်း မတည်ငြိမ်၊ ပြည်သူတွေရဲ့ စီးပွါးရေးကလည်းအလွန်ကျပ်တည်းနေတဲ့အခါမျိုးမှာ သူခိုးဓားပြတွေ မင်းမူပေါများလာတတ်တာ ဓမ္မတာပဲလေ။ အဲဒီ ဓားပြ တွေနဲ့ ဓားပြဂိုဏ်းကြီးတွေကို တရုတ်ကွန်မြူနစ်ပါတီက ကေဒါတွေလွှတ်ပြီး စည်းရုံးခဲ့တယ်ဗျ။ တချို့ကေဒါတွေဆိုရင် ဓားပြတွေကို စည်းရုံး ရင်း ဓားပြတွေကသတ်ပစ်တာ ခံလိုက်ကြရတယ်။ ခေါင်းမာပြီးဆိုးသွမ်းတဲ့ ရက်စက်လွန်းတဲ့ဓားပြဂိုဏ်းကြီးတွေကျတော့ ပါတီက တပ်နဲ့ တိုက်ခိုက်ချေမှုန်းပစ်ရတယ်။ စီးပွါးရေးစနစ်ကြောင့် ဓားပြဖြစ်ရတယ်ဆိုတဲ့အခြေခံကိုနားလည်ထားတော့ ဓားပြဂိုဏ်းအများစုဟာ တော်လှန် ရေးထဲပါလာပြီး ဂျပန်ကို တော်လှန်ခဲ့ကြတယ်။ ကူမင်တန်တွေကို တော်လှန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ ကြပါတယ်"
"ကြည့်ဖူးပါတယ်၊ ဘာဖြစ်လို့လဲ"
"ဒီနေရာကနေ ပင်လယ်ကိုလှမ်းမြင်ရတော့ အဲဒီကားထဲက မွန်တီကာလိုမြင်ကွင်းနဲ့ မတူဘူးလားလို့"
"ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ဒီက ပိုလှတယ်။ ပိုပြီးလည်းသာယာတယ်။ ပိုပြီးလည်း အေးချမ်းတာပေါ့။ မွန်တီကာလိုကတော့ ကားလမ်းနဲ့၊ ကမ်းစပ် မှာ သင်္ဘောတွေနဲ့ဆိုတော့ ဒီလောက်မသာယာဘူးလို့ ပြောတာပါ။ တောင်ပေါ်ကနေကြည့်ရတဲ့ မြင်ကွင်းဟာ အပေါ်စီးကကြည့်ရတော့ သာမန်ထက် လှနေတာပါပဲ။ မန္တလေးတောင်ပေါ်က မြင်ကွင်း၊ ပုပ္ပါးတောင်က မြင်ကွင်းတွေလည်း သူ့ဒေသနဲ့သူ လှနေတာပေါ့ဗျာ"
"တောင်ဆိုလို့၊ ဦးမြသန်း တရုတ်ပြည်ရောက်တော့ ကျင်ကန်းတောင်ကို သွားခဲ့သေးလား"
"ကျင်ကန်းတောင်တော့ မရောက်ခဲ့ပါဘူး၊ ငယ်ငယ်တုန်းက ရှင်မတောင်တော့ ရောက်ခဲ့ဖူးပါတယ်"
"ဗျာ"
"ဟုတ်တယ်၊ တရုတ်ပြည်မှာ ဂျပန်ကျူးကျော်ကာလနဲ့ ကူမင်တန်အုပ်စိုးမှုကာလတွေမှာဆိုရင် ဓားပြတွေအလွန်သောင်းကျန်းခဲ့တယ်။ လူအင် အား၊ လက်နက်အင်အားကောင်းကောင်းနဲ့ ဓားပြဂိုဏ်းကြီးတွေဟာ နိုင်ငံအနှံ့မှာလိုလို ရှိနေခဲ့တယ်။ အထူးသဖြင့် တောတောင်ထူထပ်ပြီး ပုန်းခိုလို့ကောင်းတဲ့ ကျင်ကန်းတောင်လိုနေရာမျိုးတဝိုက်မှာ ဓားပြတွေသောင်းကျန်းခဲ့တာပေါ့။ တိုင်းပြည်အုပ်ချုပ်ရေးကလည်း မတည်ငြိမ်၊ ပြည်သူတွေရဲ့ စီးပွါးရေးကလည်းအလွန်ကျပ်တည်းနေတဲ့အခါမျိုးမှာ သူခိုးဓားပြတွေ မင်းမူပေါများလာတတ်တာ ဓမ္မတာပဲလေ။ အဲဒီ ဓားပြ တွေနဲ့ ဓားပြဂိုဏ်းကြီးတွေကို တရုတ်ကွန်မြူနစ်ပါတီက ကေဒါတွေလွှတ်ပြီး စည်းရုံးခဲ့တယ်ဗျ။ တချို့ကေဒါတွေဆိုရင် ဓားပြတွေကို စည်းရုံး ရင်း ဓားပြတွေကသတ်ပစ်တာ ခံလိုက်ကြရတယ်။ ခေါင်းမာပြီးဆိုးသွမ်းတဲ့ ရက်စက်လွန်းတဲ့ဓားပြဂိုဏ်းကြီးတွေကျတော့ ပါတီက တပ်နဲ့ တိုက်ခိုက်ချေမှုန်းပစ်ရတယ်။ စီးပွါးရေးစနစ်ကြောင့် ဓားပြဖြစ်ရတယ်ဆိုတဲ့အခြေခံကိုနားလည်ထားတော့ ဓားပြဂိုဏ်းအများစုဟာ တော်လှန် ရေးထဲပါလာပြီး ဂျပန်ကို တော်လှန်ခဲ့ကြတယ်။ ကူမင်တန်တွေကို တော်လှန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ ကြပါတယ်"
ကျွန်တော်တို့သည် လမ်းလျှောက်ရင်းမှ
တောင်တဆစ်ချိုးကွေ့ရှိ ကျောက်တုံးကြီးတတုံးပေါ်တွင် ထိုင်နားနေခြင်းဖြစ်သည်။
ဦးမြသန်းက ပင်လယ်ဘက် မျှော်ငေးကြည့်နေ၏။ သူသည် တစုံတရာကို အမှတ်ရတွေးတောနေပုံရသည်။
ပင်လယ်ပြင်မှာ ငြိမ်သက်ပြီး လှိုင်းကြက်ခွပ် ကလေးများသာ ပြေးနေ၏။ မနက်ခင်းနေရောင်ကြောင့်
ရေပြာပြာမှာ တလက်လက်တောက်နေသည်။ ကျောက်ပြင်ကြီးပေါ်တွင် ကျောက်နက် တုံးကြီးနှစ်တုံးကို
သေတ္တာကြီးနှစ်လုံးထောင်ထားသလို အထင်းသားမြင်နေရသည်။ ထို ကျောက်တုံးကြီးနှစ်လုံးမှာ
ဆယ့်နှစ်ပေခန့်မြင့်ပြီး၊ တလုံးနှင့်တလုံး နှစ်ပေခန့်သာခြားကာ
ကျောက်သားပြင်ကြီးတွင် ထီးထီးကြီး တည်ရှိနေကြသည်။ နှစ်ခုစလုံး အမြင့် တဆယ့်နှစ်ပေ၊
အနံ ခြောက်ပေ၊ ထု သုံးပေခန့် ရှိပေလိမ့်မည်။ ကျွန်တော်တို့က ကျောက်ညီနောင်ဟု
အမည်ပေးထားလေသည်။ ညနေတိုင်း ကျောက်ညီနောင် ထိပ်သို့ တက်ပြီး ကျွန်တော်တို့ ဆေးလိပ်သောက်ကြ၊
စကားပြောကြသည်။ ဒုတိယကမ္ဘာစစ်ကာလနှင့် စစ်ပြီးကာလများတွင် အုပ်ချုပ်ရေး စနစ်
တည်ငြိမ်မှုမရှိခြင်း၊ စပ်ကူးမတ်ကူးအချိန်ဖြစ်နေခြင်းကြောင့် ဓားပြသူခိုး
ထကြွခဲ့သည်။ မြစ်ဝကျွန်းပေါ်ဘက်၌ ဖျာပုံ၊ ဒေးဒရဲတွင် လသာ သန်းမောင်တို့၊
ငသိုင်းချောင်းတွင် ဆင်ဖိုးထွန်းတို့မှာ နာမည်ကြီးဓားပြများဖြစ်သည်။
တောမီးလောင်ချိန်တွင် တောကြောင်များ လက်ခမောင်း ခတ်နေခြင်းပင်။
"ရှင်မတောင်ဆိုတာ ပခုက္ကူခရိုင်ထဲမှာ
ရှိတယ်ဗျ။ ခင်ဗျားတို့ကြားဖူးတဲ့ ရှင်မတောင်သနပ်ခါးဆိုတာ အဲဒီနယ်ကထွက်တဲ့
သနပ်ခါးကို အစွဲပြု ခေါ်တာပေါ့လေ။ ဒီဒေသတွေမှာက သနပ်ခါးပင်ပေါ်တယ်။ သနပ်ခါးတို့၊
သန်းတို့၊ ဒဟတ်တို့၊ ထနောင်း၊ တမာတို့ပေါက်တဲ့ ဒေသတွေပါ။ ရှင်မတောင်ဆိုတာ
သိပ်မြင့်တဲ့တောင်ကြီးတလုံး မဟုတ်ဘူး။ ခပ်နိမ့်နိမ့်တောင်လေးပါ။ ကျွန်တော်တို့
မနက်ပိုင်းတက်တဲ့ ဘန်ကာတောင် ထက်တော့ မြင့်တာပေါ့ဗျာ။ တောင်ခြေမှာ သနပ်ခါးတော၊
တောင်ပေါ်မှာလဲ သနပ်ခါးပင်ရှိပါတယ်။ အဲဒီတုန်းက ဒီဒေသမှာ ဓားပြတွေ ပေါတယ်ဗျ။
ပခုက္ကူတင် မဟုတ်ပါဘူးလေ။ ကျန်ဒေသတွေမှာလည်း ဓားပြတွေသောင်းကျန်းနေတာပါပဲ။
ကျောက်ပန်းတောင်း ပေါက်စတို့၊ နွားထိုးကြီးမောင်ကျော်တို့၊ ရှင်မတောင်ခင်မောင်တို့
စတဲ့ဓားပြဂိုဏ်းတွေဟာ အင်နဲ့အားနဲ့ထကြွနေကြပါတယ်။ အင်အားအကောင်းဆုံး ကတော့
ရှင်မတောင်ခင်မောင်ဂိုဏ်းပါ။ ဓားပြအင်အား (၁ဝဝ)ကျော်လောက် ရှိတယ်။ ဓားပြသူခိုးတွေ
သောင်းကျန်းလွန်းတော့ ရပ်ရွာမှာ နေထိုင်သူတွေအဖို့ လုံခြုံမှုမရှိတော့ဘူး။
လူထုအတွက် လုံခြုံမှုမရှိဘူးဆိုရင်တော်လှန်ရေးအတွက်လည်း ပြည်သူကိုစည်းရုံးဖို့
အခက်အခဲ ရှိတာပေါ့။ တကယ်တော့ ဓားပြတိုက် လုယက်တယ်ဆိုတာဟာ အလုပ်အကိုင်မရှိဘဲ
စီးပွါးရေးကျပ်တည်းလို့ဆိုတာကို တရားအဖြစ်လက်ခံ
ပေမယ့် ဓားပြလုပ်ကြတာကို ကျွန်တော်တို့ ခွင့်မပြုနိုင်၊ အားလည်းမပေးဘူး။ ဘာကြောင့်လဲဆိုတော့
ဓားပြတိုက်တယ်ဆိုတာ သူတပါပစ္စည်း၊ ငွေကြေးဥစ္စာကို အနိုင်ကျင့်လုယက်ယူတာပဲ၊ သူတပါး
လုပ်အားနဲ့ရထားတာ တခြား ဘာနည်းနဲ့ ရရပေါ့ဗျာ။ အဲဒီ သူတပါးရဲ့ပစ္စည်းဥစ္စာကို
လက်နက်နဲ့ ဗိုလ်ကျလုယူတာမျိုးကို အယူအဆအရကို ကျွန်တော်တို့ကဆန့်ကျင်ရမှာဘဲ။
ဒါကြောင့် ဒီဓားပြတွေကို (တစ်) စည်းရုံးမယ်၊ (နှစ်) စည်းရုံးမရရင် တိုက်ခိုက်ပြီးပြစ်ဒဏ်ပေးရမယ်လို့
ဆုံးဖြတ်လိုက်ပါတယ်။"
"ရဲဘော်တယောက်ကို ရှင်မတောင်
ဓားပြဂိုဏ်းစည်းရုံဖို့ လွှတ်လိုက်တယ်။ ဒီရဲဘော်က ကျောင်းသားအရွယ် ခပ်ငယ်ငယ်ပဲ။
လွယ်အိပ်တလုံး နဲ့ ဓားပြသောင်းကျန်းတဲ့ ရှင်မတောင်ဘက်ကို သူတယောက်တည်း
ထွက်ခဲ့တာပေါ့။ ဓားပြတွေကလည်း သူ့ကိုတွေ့တော့ဖမ်းစစ်တယ်။ ဘယ်က ကောင်လဲ၊
ဘာလာလုပ်လဲပေါ့။ သူကလည်း ခရီးသွားပါလို့ ပြောတယ်။ ဒါပေမယ့် သူ့ပုံပန်းက လယ်သမား၊
ကိုင်းသမားနဲ့လည်း မတူဘူး၊ တောရုပ်လည်းမပေါက်၊ မြို့သားပုံ ခပ်နုနုလူငယ်လေးဆိုတော့
မယုံသင်္ကာဖြစ်ပြီး ဖမ်းလိုက်တယ်၊ ရှင်မတောင်ထိပ်မှာ စခန်းချ ထားတဲ့ ဓားပြခေါင်းဆောင်
ရှိရာခေါ်သွားတာပေါ့။ ဓားပြခေါင်းဆောင်က အရပ်ကောင်းကောင်း၊ အလုံးအဖန်ကလည်း
ခပ်တောင့်တောင့်ဗျ၊ အသားကလည်းဖြူတယ်။ မျက်နှာက တည်တည်ကြည်ကြည်ပဲ။ စကားပြောတဲ့အခါမှာလည်း
ခပ်အေးအေးပဲ ပြောတယ်။ ဓားပြနဲ့မတူဘူး။ ပွဲစားကြီးတယောက်နဲ့တူတယ်။ အစကတော့
ဒီရဲဘော်ကို သတင်းပေးလား၊ လူဆိုးထိန်းလားလို့ ထင်တာပေါ့။ နောက်မှ နိုင်ငံရေးသမား
တယောက်၊ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေသူ ကျောင်းသားခေါင်းဆောင်တယောက်ဆိုတာ
သိသွားတော့ ရင်းရင်းနှီးနှီး ဖြစ်သွားကြ တယ်။ လူဆိုးခေါင်းဆောင်ကလည်း
သူ့အကြောင်းကိုပြောပြတယ်။ အရင်ကတော့ အလွန်ရိုးသားတဲ့လူ၊ ကောင်းရောင်းကောင်းဝယ်
လုပ်ကိုင် စားသောက်နေရင်းက သူကြီးအနိုင်ကျင့်ခံရ၊ မြေရှင်က အကြွေးနဲ့လယ်သိမ်း၊
မိန်းမက မီးတွင်းထဲမှာ ကလေးရောအမေပါသေ။ ဒီအခါ နာကျည်းပြီး ဓားပြဖြစ်သွားရတာပဲ။
ဒီလိုနဲ့ ရဲဘော်လေးက ဓားပြခေါင်းဆောင်နဲ့ တောင်ပေါ်မှာ အတူနေ၊ အတူစားပြီး
တပါတ်လောက်နေခဲ့ တယ်။ ဓားပြဘဝကို စွန့်လွှတ်ဖို့ဖျောင်းဖျတယ်။
အင်္ဂလိပ်နယ်ချဲ့သမားနဲ့ အရင်းရှင်စနစ်ကြောင့် မြန်မာပြည်သူတွေ ဆင်းရဲနေရတဲ့အကြောင်း
ကို ရှင်းပြတယ်။ မြေရှင်ပဒေသရာဇ်စနစ်ကိုသာ ချေမှုန်းပစ်နိုင်ရင်၊ နယ်ချဲ့စနစ်နဲ့အရင်းရှင်စနစ်ကို
ဖယ်ရှားပစ်နိုင်ရင် ဓားပြ၊ သူခိုးစတဲ့ စီးပွါး ရေးကြောင့် ပေါ်ပေါက်လာရတဲ့ဒုစရိုက်တွေ
ပပျောက်သွားလိမ့်မယ်လို့ ပြောပြတယ်။ ဒီလိုနဲ့ ရှင်မတောင်ဂိုဏ်းဟာ ဓားပြတိုက်တာတွေ
လျော့ လာတယ်၊ နောက်ဆုံး ဓားပြဂိုဏ်းကြီးကိုဖျက်လိုက်ပြီး နယ်ချဲ့ဆန့်ကျင်ရေး
တော်လှန်ရေးသမားတွေ ဖြစ်လာကြတယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမဲ့
ဓားပြခေါင်းဆောင်ဆိုရင် ရန်သူကို ရွပ်ရွပ်ချွံချွံတိုက်ရင်းနဲ့ တော်လှန်ရေးမှာ
ကျဆုံးသွားခဲ့ပါတယ်။ ဝတ္ထုရေးဖို့ ကောင်းတယ်ဗျ။ ကျွန်တော်ပြောချင်တာက
တရုတ်ပြည်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဓားပြဂိုဏ်းတွေရှိသလို
ကျွန်တော်တို့ဆီမှာ လည်း ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးမှာ ဓားပြဂိုဏ်းတွေ၊ ဓားပြတွေလည်း ပါဝင် တိုက်ခိုက်ခဲ့ဖူးတယ်လို့
ပြောချင်တာပါ"
"အဲဒီ ရှင်မတောင်ဓားပြဂိုဏ်းကိုစည်းရုံးဖို့
တာဝန်ပေးခံရတဲ့ရဲဘော်က ဘယ်သူလဲ၊ ဦးမြသန်းလား"
ကျွန်တော့်မေးခွန်းကို ဆရာမြက မဖြေ။
ကျွန်တော်ကလည်း သူ မကြိုက်ဘူးထင်၍ ထပ်မမေးတော့။ သို့သော်
ဓားပြခေါင်းဆောင်နှင့်တွေ့ခဲ့ပုံ၊ ဓားပြခေါင်းဆောင်၏ပုံပန်းသဏ္ဌန်ကို အသေးစိတ်
ပြောပြနေပုံ၊ ဆွေးနွေးကြပုံတို့ကို ကိုယ်တိုင်ကြုံရသလို ဆရာမြက ပြောနေသဖြင့်
သူပဲဟု ကောက်ချက်ချခဲ့သည်။ ထိုအကြောင်းကို ဘဝတက္ကသိုလ်မှ ခွဲခွါကြသည်အထိ၊ လူ့ဘဝမှ
ခွဲခွါသွားသည်အထိ ကျွန်တော်တို့ မပြောဖြစ်ကြ တော့ပါ။ ထိုနေ့မနက်က ကျွန်တော်တို့သည်
အလယ်ရွာထိ လမ်းလျှောက်ဖြစ်ခဲ့ကြသည်။ တောင်အဆင်း ပြန့်ပြူးသောမြေညီလမ်း၏ အောက် တွင်
အားပါးတရ စကားပြောခဲ့ကြသည်။ တောင်တွေ၊ ကားလမ်းတွေနှင့် ပင်လယ်ရှုခင်းကိုမြင်ရသောအခါ
ကျွန်တော်က ရုပ်ရှင်ကားထဲရှိ မွန်တီကာလိုကို သတိရရှိသော်လည်း သူက
တရုတ်ပြည်တော်လှန်ရေး၏ ဘူမိနက်သန် ကျင်ကန်းတောင်တန်းကို လွမ်းဆွတ်နေခဲ့သည်။
ကျွန်တော်တို့ လမ်းလျှောက်ခဲ့ကြသော
တောင်ကြော၊ တောဝန်း၊ သဲသောင်ပြင်၊ အုန်းပင်တန်းတို့ကြားတွင် သူ၏နှလုံးသဲပွတ်ဖြစ်သော
'ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်' သည် အမြုတေခဲ့ပါသည်။ ထိုဒေသတွင်
သံချောင်းတို့၊ မွေးဖွားခဲ့သည်။ သံချောင်းတို့ အသက် စွန့်ခဲ့ကြသည်။ ကိုနန္ဒာတို့၊
ကိုရဲမြင့်တို့ ကျင်လည်ခဲ့ကြသည်။ လွတ်မြောက်ခဲ့ကြသည်။ ဆရာမြ၏သံချောင်းသည်
ထိုပင်လယ်ပြင်တွင် ကျန်ရစ် ခဲ့သည်။ ယခုအခါ သူချစ်သော သံချောင်းတို့နှင့်အတူ
ဆရာမြသည်လည်း စွန့်လွှတ်သူများ၏ ဘုံဗိမာန်တွင် အတူရှိနေပါလိမ့်မည်။
လွန်ခဲ့သော (၂၇)နှစ်က ဦးမြသန်းပြောခဲ့ဖူးသော
ရှင်မတောင်ဓားပြဂိုဏ်းကြီးအကြောင်းသည် ကျွန်တော့်မှတ်ဥာဏ်ထဲတွင် မတင်မကျ ကျန် နေခဲ့ရာမှ
ဦးမြသန်းကွယ်လွန်သွားသည့်အခါ ပြောစရာစကား ဖြစ်လာခဲ့ပါသည်။ ပခုက္ကူသားဆရာမြနှင့်
မြင်းခြံခရိုင် ကွန်မြူနစ်ပါတီ၊ ခရိုင် ကော်မတီ၊ ရှင်မတောင်ဓားပြဂိုဏ်းကိုစည်းရုံးခဲ့သူမှာ
ဆရာမြ ဟုတ် မဟုတ်။ ပခုက္ကူခရိုင်မှ ကျောင်းသားရဲဘော်တယောက်က ဘာကြောင့်
မြင်းခြံခရိုင်သို့ရောက်ရှိသွားပြီး ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ ဗြိတိသျှလက်အောက်မှ
လွတ်မြောက်ရေးတိုက်ပွဲများ ပြုလုပ်ခဲ့သနည်း။
ထိုအကြောင်းများကို ထိုအချိန်က မြင်းခြံခရိုင်တွင်
ဆရာမြနှင့်အတူတာဝန်ယူခဲ့သော ဆရာမှိုင်းနှင့် တွေ့ခဲ့ရပါသည်။
"ကိုမြသန်းက ပခုက္ကူ
မြိုင်ကနေကျွန်တော်တို့မြင်းခြံမှာ တာဝန်လာယူပါတယ်။ ပခုက္ကူကနေ မြင်းခြံလာပြီး တာဝန်ယူရတာလည်း
အဲဒီတုန်း က သူ့ဒေသဆိုင်ရာအခြေအနေတွေကြောင့်ပဲ။ တချို့ဆို မန္တလေးသွားကြ၊
မိတ္ထီလာသွားကြနဲ့ နယ်မြေခွဲပြီးတာဝန်ယူကြတာပါ။ သက်ဆိုင်ရာ ဖဆပလအဖွဲ့ချုပ်နဲ့ပါတီတွေက
သတ်မှတ်တဲ့အတိုင်း သွားကြရတာပါ။ ကျွန်တော်တို့ဆီရောက်လာတော့ အက်တူးသခင်အုန်းဖေရဲ့
ခေါင်း ဆောင်မှုအောက်မှာ လုပ်ကြပါတယ်။ ရှင်မတောင်ဂိုဏ်းကို သခင်အုန်းဖေက ကိုမြကိုပဲတာဝန်ပေးပြီး
စည်းရုံးခိုင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုမြသန်းက သဘောတရားပိုင်တယ်။
ကျွန်တော်တို့ မြင်းခြံခရိုင် ဆိတ်ထိန်းရွာမှာ ပထမဆုံးဖွင့်တဲ့ နိုင်ငံရေးသင်တန်းမှာ
သင်တန်းဆရာက ကိုမြသန်းပဲ။ အဲဒီတုန်းက သူ့အသက်ကရှိလှ (၁၆) နှစ်ပေါ့။ ဒါပေမယ့် သူက
စာသိတ်ဖတ်တယ်။ ညဆိုလည်း မီးခွက်နားကပ်ပြီး စာဖတ်တာပဲ။ မျက်မှန်ကထူထူ၊ လူကလည်းငယ်ငယ်ဆိုတော့
ကျွန်တော်တို့က သူ့ကို ဂျိုရှီမြသန်းလို့ ခေါ်ကြ တယ်။ (ဂျိုရှီဆိုသည်မှာ
အိန္ဒိယကွန်မြူနစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး ဂျိုရှီကို ဆိုလိုသည်) အနေအထိုင်ကလည်း
သိတ်ရိုးသားတယ်။ ရှိတဲ့ အဝတ်နှစ်စုံလောက်ကိုပဲ အလဲအလှယ်နဲ့ဝတ်တယ်။ အစားအသောက်ကျတော့
ထန်းလျက်နဲ့ပဲ ထမင်းစားတာဗျ။ အဝတ်နဲ့အစားကို အလွန်ခြိုးခြံနိုင်တဲ့သူပါ။ သူ
သင်တန်းပေးတော့ သူ့သင်တန်းမှာ ကျွန်တော်လည်းတက်ခဲ့တယ်။ အိန်ဂျယ်ရဲ့ အိမ်ထောင်မှု၊
ပုဂ္ဂလိကပစ္စည်းနဲ့ လူတန်းစားတို့ရဲ့ မူလအစ Origin of Family, Private Properties
and the Class ဆိုတဲ့ ကျမ်းကို သူက သင်ပေးပါတယ်။ အဲဒီတုန်းက ဓားပြတွေကလည်း
တိုက်လိုက်တာ တခြိမ်းခြိမ်းပဲ။ ဓားပြတွေ ဓားပြဂိုဏ်းတွေကလည်း ပေါပေါ့။ ဒီတော့
ဓားပြရန်ကို ထိတ်ထိတ်လန့်လန့် ဖြစ်နေတဲ့အချိန်မှာ လူထုကိုစည်းရုံးဖို့အတွက် လူထုဘဝလုံခြုံရေးကို
ဦးစားပေးလုပ်ဆောင်ရမယ်လို့ ပါတီက ဆုံးဖြတ်တယ်။ နယ်ချဲ့သမားနဲ့ အလိုတော်ရိတွေကိုလည်း
ကြောက်ရ၊ ဓားပြကိုလည်းကြောက်ရနဲ့ ကျီးလန့်စာစားဖြစ်နေရတဲ့အချိန်မှာ လူထုကိုစည်းရုံးဖို့ဆိုတာ
အခက်အခဲ တွေ့နိုင်တယ် မဟုတ်လား။ ဒီတော့ လွတ်လပ်ရေးတိုက်ပွဲအတွက်
အင်အားလည်းတိုးအောင်၊ လူထုဘဝကိုလုံခြုံအောင်ဖန်တီးပြီး လူထုကို စည်းရုံးနိုင်အောင်၊
ကိုမြသန်းလို သဘောတရားလည်းရှိ၊ စွန့်လွှတ်စွန့်စားရဲသူလည်းဖြစ်တဲ့ သူ့ကို တာဝန်ပေးလိုက်တာပါပဲ။"
ဟု ဆရာမှိုင်းက စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။ ဆရာမြသည် သူ့အကြောင်းကို အမွှမ်းတင်၍
ပြောလေ့မရှိပါ။ သူတပါးအကြောင်းကိုလည်း နာမည်ကို ဖော်မပြောပါ။ တော်လှန်ရေးကာလက
လူမှုရေးအထင်လွဲပြီး အချင်းချင်းအသတ်ခံရသော တော်လှန်ရေးသမား သခင်ကြီးတဦးအကြောင်း
သူ ပြောဖူးသည်။ ရင်နင့်စရာအဖြစ်အပျက်တခုအဖြစ်နှင့်သာ မှတ်သားလိုက်ရသည်။ မည်သူမည်ဝါမှန်း
မသိခဲ့ပါ။ အခြားပုဂ္ဂိုလ်များကို မေးကြည့်မှ မည်သူမှန်းသိရတော့သည်။
ယခု ဆရာမြသန်းတင့် မရှိတော့ပြီ။
လူမရှိတော့သော်လည်း သူ့စာများကား ရှိနေဆဲ။ သူ့အယူအဆ၊ သူ့နိုင်ငံရေး၊ သူ့သမိုင်း၊
သူ့ဂုဏ်သိက္ခာ များက ရှင်သန်ကျန်ရှိနေဆဲပင်။ ကျွန်တော်သည် ဆရာမြကို စာပေနယ်တွင်
စာပေအရသိကျွမ်းရင်းနှီးရသည်မဟုတ်ဘဲ နိုင်ငံရေးနယ်တွင် ကျွမ်းဝင်ပြီး ဘဝတက္ကသိုလ်နှင့်ကိုကိုးကျွန်းတွင်
ရင်းနှီးခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရင်းနှီးမှုအရ သူ့ကို 'ခင်ဗျား၊
ဦးမြသန်း' ဟုခေါ်ဝေါ်မိ သည်များရှိပါသည်။ သူအား လေးစားချစ်ခင်ကြသောစာဖတ်သူများနှင့်
သူ့စာပေမိတ်ဆွေများအဖို့ ထိုအခေါ်အဝေါ်များကို နားကလော နိုင်ပါသည်။ ထို့အတွက်
ကျွန်တော့်အားခွင့်လွှတ်ကြပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။
ယခု ဆရာမြသန်းတင့် မရှိတော့ပြီ။
လူမရှိတော့သော်လည်း ရှင်သန်နေသော သူ့စာများရှိဆဲ။ ထို့ကြောင့် သူနှင့်ရင်းနှီးခဲ့သော
နိုင်ငံရေးနယ်၊ စာပေနယ်၊ ငြိမ်းချမ်းရေးနယ် စသည့် နယ်ပယ်အသီးသီးမှ ရဲဘော်များနှင့်မိတ်ဆွေများ၏
သူ့အကြောင်းမှတ်တမ်းတင်ထားခြင်းကို ယခုကဲ့သို့ စာအုပ် တအုပ် ထုတ်ဝေလိုက်ခြင်းအားဖြင့်
ကျွန်တော်ဝမ်းသာဂုဏ်ယူမိပါသည်။ ယခု စာအုပ်တအုပ်လောက်နှင့် မကျေနပ်ကြသေးဘဲ သူနှင့် ပတ်သက်သော
အထိမ်းအမှတ်၊ ဆုများကိုလည်း မပြတ်ပြုလုပ်ကြဖို့ အလေးအနက်တိုက်တွန်းလိုပါသည်။
ထက်မြက်
[စာပဒေသာဥယျဉ်မှူးကြီး မြသန်းတင့်
အမှတ်တရ၊ ပ-အကြိမ်၊ ၂ဝဝဝပြည့်နှစ်၊ ယနေ့မန္တလေး စာအုပ်တိုက်]
[ထက်မြက်ရဲ့ သူတို့ ကိုးယောက် စာအုပ်၊ ၂ဝဝ၅
စက်တင်ဘာလ၊ ပထမအကြိမ်ပုံနှိပ်ခြင်း၊ မှ ကူးယူဖော်ပြပါတယ်]
0 comments:
Post a Comment