Saturday, February 23, 2019

အာဒိကပ္ပ မင်းတရားထွက်စေဗျား (မောင်ထင်)

0 comments
အာဒိကပ္ပ မင်းတရားထွက်စေဗျား
ကျက်သရေဆိုသည် ဖြိုးဝေသည်ထက် ဖြိုးဝေလာသည့်အခါ အတော်ကြောက်စရာ ကောင်းသည်။ အထူးသဖြင့် အာဒိကပ္ပရွာကလေးအဖို့ ထိုစကား အလွန်မှန်သည်။ အာဒိကပ္ပရွာကို ဦးသမ္မတအုပ်ချုပ်ပုံမှာ အလွန်ကျေနပ်ဖွယ် ကောင်းနေသည်။ ထို့ကြောင့် အာဒိကပ္ပရွာကလေး၌ အိမ်ခြေနှင့် လူဦးရေ တိုးလာသောအခါ ပဒေသာပင်ခင်းများ၏ မြေဧကသာလျှင် လျော့သွားသည်မဟုတ်သေး။ ထိုပဒေသာပင်တို့မှာ ယခင်ကလို ပေါက်နေကျမပေါက်ဘဲ အင်တင်တင် ခံနေသည်။ အာဒိကပ္ပရွာဝယ် အိမ်နှင့်မြေယာများတိုးလေလေ၊ စကြဝဋ္ဌာတောင်ကုန်း၏ ပဒေသာပင်ခင်းဧရိယာလျော့လေလေ ဖြစ်သည်။ ဧရိယာလျော့လေလေ၊ ပဒေသာပင်ပေါက်ချိန်တန်လျက်နှင့် မပေါက်လေလေ ဖြစ်သည်။ ထို့ကြောင့် အာဒိကပ္ပရွာသူရွာသားတို့ သာယာဝပြောကာ ကျက်သရေတိုး၍လာလေလေ၊ ပို၍ ပင်ပန်းလာလေလေ ဖြစ်၏။

အကြောင်းမှာမူ ယခင်ပဒေသာပင်မှ အလိုလိုသီးသော အစားအစာ၊ အဝတ်၊ အသုံးအဆောင်တို့ကို လွယ်လင့်တကူရယူနေရာမှ သီးချိန်တန် မသီး၊ ပွင့်ချိန်တန် မပွင့်သောကြောင့် အာဒိကပ္ပရွာသူ ရွာသားတို့မှာ လက်လုပ်လက်စားအဖြစ်ဖြင့် ကုန်း၍လုပ်ကြရသောကြောင့်ဖြစ်သည်။ အာဒိကပ္ပရွာသူရွာသားတို့၏ နဖူးမှချွေးသည် ခြေမသို့ကျကာမှ မုယောစပါးအပင် ပေါက်လေတော့သည်။
ကျွန်တော် ဘုန်းကြီးကျောင်းသားဘဝက "ပြိတ္တာတို့မျက်ရည် မြေသို့မကျကောင်း" ဟူသော စကားပုံပြက်ချော်ချော်တစ်ခုကို မှတ်သားခဲ့ဖူးပါသည်။ သို့သော် အာဒိကပ္ပစာပေသမိုင်းတို့တွင်တွေ့ရသော အာဒိကပ္ပရွာသားတို့၏ "နဖူးမှချွေး ခြေမသို့ မကျကောင်း" ဟူသောစကားစဉ်မှာ ပြက်ချော်ချော်စကားစဉ် မဟုတ်ပါ။ စာအုပ်ကြီးအတိုင်း ရေးသားထားခဲ့သော အာဒိကပ္ပသမိုင်းနှင့်စာပေတို့ကို လှန်လှောရှာဖွေ မွှေနှောက်ကြည့်ရာတွင်မှ ထိုစကားစဉ်သည် ပြက်ချော်ချော်မဟုတ်ဘဲ အတည်ပေါက်ပြောသော စကားစဉ်ဖြစ်ကြောင်း ကျွန်တော် သဘောပေါက်မိလေတော့သည်။

"ချွေးမြေကျအောင် လုပ်ရတဲ့နောက် ဘယ်ကောင်းတော့မှာလဲ"ဤစကားသည် ကျွန်တော်၏စကားမဟုတ်ပါ။ ဦးသမ္မတကြီး၏မယားပါသားက ပြောလိုက်သမျှတို့ကို မှတ်တမ်းများမှထုတ်နုတ်၍ ကျွန်တော် ယခုတိုင်းပြည်သို့ တင်ပြလိုက်သည့်စကား ဖြစ်ပါသည်။
ဤစကားသည် လေးလည်း လေး၏။ နက်လည်း နက်၏။ အဓိပ္ပါယ်လည်း ပြည့်ဝ၏။ အဘယ်ကြောင့်ဆိုသော် ဦးသမ္မကြီး၏မယားပါသား မောင်နန်းလူသည် မိမိအပိုင်စားရသော မြေကွက်တို့ကို ပေါက်တူးဖြင့်ဆွရင်း ထိုစကားရပ်တို့ကို တဖွဖွရွတ်ဆိုသောကြောင့် ဖြစ်ပါသည်။
သူသည် ပေါက်တူးတစ်ချက်ပေါက်လိုက်ရင်း ဦးသမ္မတ၏နန်းတော်ဦးကို မျှော်လိုက်ရင်း၊ ပါးစပ်မှ ဖြစ်တောက်ဖြစ်တောက်နှင့် ရေရွတ်လိုက်ရင်း။
"တောက်... ရိုင်းလိုက်လေကွာ၊ ငါ့ပထွေး သမ္မတက နန်းတော်ဦးမှာထိုင်ပြီး ကွမ်းဝါးနေတယ်။ ဇိမ်ပဲ။ ငါကတော့ ပေါက်လိုက်ရတဲ့ ပေါက်တူး၊ နဖူးချွေးတွေ တောက် တောက် တောက် တောက်"

ဩော်... နေပါဦး။ သည်နေရာမှာ ဦးသမ္မတကြီး နန်းတော်ဦးမှာထိုင်ရပုံကို အရင်ပြောပြမှ အဆီအငေါ်တည့်လိမ့်မည်ထင့်။ ကျွန်တော်ကား စီကာပတ်ကုံးပြောတတ်သူ မဟုတ်ပါ။ ကျွန်တော်မှတ်မိသမျှ ခြေဦးတည့်ရာ ပြန်ပြောရခြင်းဖြစ်ပါသည်။ စင်စစ် ဦးသမ္မတကြီးကို ခေါင်သူကြီးအဖြစ် အာဒိကပ္ပရွာသားတို့က တင်မြှောက်လိုက်လျှင် လိုက်ခြင်း၊ နန်းဦးပြသာဒ် အဆင်သင့်ပေါ်လာသည် မဟုတ်ပါ။ ဦးသမ္မတကြီးမှာ မူလက ရိုးရိုးကုပ်ကုပ်နှင့် တဲပုတ်ပေါ်တွင်နေထိုင်ခဲ့သူမျှသာ ဖြစ်ပါသည်။
သို့သော် လင်ကွာ မယားကွာ အမှုများအတွက် ကွမ်းဖိုးပေးကြသူများလည်း ရှိပါသည်။ ထိုအမှုသည် အမှုနိုင်ပါမည့်အရေး လက်ဖက်တစ်ရိုးကို လာဘ်တင်သူများလည်း ရှိပါသည်။ ရပ်ရွာလုံခြုံရေးအတွက် ညည၌ ကင်းလှည့်ချထားရန်အလို့ငှါ မိမိတို့လုပ်ခင်းမှရသောပစ္စည်းတို့ကို ဆယ်ဖို့တစ်ဖို့ခိုင်ကြေး ပေးသူများလည်း ရှိပါသည်။ ယင်းတို့မှ ဦးသမ္မတကြီး၏ တရားမျှတမှု၊ ဖြောင့်မတ်တော်မှန်မှု၊ အမြော်အမြင်ကြီးမှု၊ ပိုင်းခြားဝေဖန်၍ ဆုံးဖြတ်တတ်မှုတို့အတွက် ဥာဏ်ပူဇော်ခ ပေးကြသူများဖြစ်ပါသည်။
အဲ-သို့ပေမယ့် ဦးသမ္မတကြီးက ဘယ်လောက်ကောင်းကောင်း၊ ဟောသည်မိန်းမကြီးကြောင့် ခွကျတယ်။
ရာဇဝင်ဆရာတို့က အာဒိကပ္ပအကြောင်းတို့ကို ရေးသားပြုစုရာတွင် အထက်ပါအတိုင်း မှတ်ချက်ချကြပါသည်။

အဘယ်ကြောင့်ဆိုသော် အဘိုးကြီးက ဘယ်လောက်ကောင်းကောင်း အမယ်ကြီး အနောက်ဖေးတံခါးကို အမြဲဖွင့်ပြီး လာဘ်လာဘကို လိုသည်ထက်ပိုရအောင် စုခြင်းကြောင့်ဖြစ်သည်။ လာဘ်လာဘရွှင်လေလေ ပို၍လိုချင်လေလေ ပို၍လိုလေလေ အဆောင်အယောင်အသိုင်းအဝိုင်းများကို ချဲ့လေလေ။

ဤအတောအတွင်း အလုပ်လက်မဲ့ဖြစ်နေသော ကန်ထရိုက်တာတစ်စုနှင့် ဦးသမ္မတကြီးကတော်တို့ ဘုရားပွဲတစ်ခုတွင် စကားလက်ဆုံကျကြရာမှ နန်းတော်တစ်ဆောင်ဆောက်ရန် စီမံကိန်းတစ်ရပ် ပေါ်လာခဲ့လေသည်။ စင်စစ် ဤအလုပ်လက်မဲ့ကန်ထရိုက်တာကြီးနှင့် ဦးသမ္မတကတော်တို့ စကားလက်ဆုံမကျမီပင်လျှင်၊ ဦးသမ္မတကြီးအား "အဓိပတိ အရှင်မင်းကြီး၊ နိဂ္ဂဟ ပဂ္ဂဟတရားနှင့်အညီ မင်းပြုတော်မူပါ" ဟူ၍ တောင်စဉ်ရေမရတို့ကို ရွတ်ဖတ်သရဇ္စုယ်ပြုကာ ဦးသမ္မတကြီးကို အူကြောင်ကြောင်ဖြစ်အောင် သူ၏ဇနီးမှတစ်ဆင့်မြှောက်ပင့်နေကြသော လူကြီးလူကောင်းတစ်စုသည် အာဒိကပ္ပရွာထိပ်တွင် ရှိနှင့်နေကြပြီ။

ထိုသူတို့၏အကြံသည် မခေပါ။ ရွေးကောက်တင်မြှောက်သော ရှေးစနစ်တို့ကို တော်လှန်၍ လက်သင့်ရာ စားတော်ခေါ်စနစ်တို့ကို ဖန်တီးခြင်းအားဖြင့် မြေကိုတူးဆွရသော ချွေး ခြေမ ကျ လုပ်ငန်းကိုစွန့်ကာ ဦးသမ္မတကြီးအနား၌နေ၍ ထွေးခံတော်ကိုင်ရာထူးကိုယူပြီးလျှင် ဘုန်းတော်ဘွဲ့များ စပ်ဆိုနေခြင်းသည် သက်သောင့်သက်သာရှိလှသည်မဟုတ်လော။ ထို့ကြောင့် ဦးသမ္မတကတော်၏ "ရလေလိုလေ အိုတစ္ဆေ" ဟူသော ဆန်းသစ်စအတွေးအခေါ်တို့ကို အဆိုပါသက်သောင့်သက်သာနေလိုကြသော အခွင့်ကောင်းယူလိုသူတစ်စုတို့က မြှောက်ထိုးပင့်ကော်လုပ်လိုက်လေသော်၊ အာဒိကပ္ပရွာဦး၌ နန်းတော်ကြီးသည် တပြောင်ပြောင်ထွန်းပေါ်၍လာလေသည်။ လက်ဖက်အုပ်ကိုင်ရာထူး၊ အကြမ်းအိုးကိုင်ရာထူး၊ ထွေးခံကိုင်ရာထူးစသော တာဝန်မြားမြောင်လှသည့် ရာထူးလက်ကိုင်မှူးတော် မတ်တော်များ ဖြစ်ကြလေ၏။

သို့ပါသော်လည်း ဦးသမ္မတမှာ တရားမင်းဖြစ်သောကြောင့် အာဒိကပ္ပရွာကြီးသည် ကြက်ပျံမကျ စည်ကားတိုးတက်လာလေသည်။ လူထုသည် နေပူကျဲကျဲ၌ ချွေးတလုံးလုံးနှင့်အထူး ကျေနပ်နေလေပြီ။ ဘဏ်ဖောက်မှု၊ ငွေတိုက်ဖောက်မှု၊ ပြန်ပေးမှု၊ မြို့သိမ်းပွဲ၊ ရွာသိမ်းပွဲဟူ၍ အလျင်းမရှိချေ။ ထိုခေတ်က ထိုကိစ္စတို့ကို ကြားမျှပင် မကြားစဖူး အဟောသုခံ၊၊ အလိုလေးလေး အင်မတန်မှ ချမ်းသာလှပါကလား။
နန်းတော်တွင်း၌ အစိုးရလုပ်စရာ ဘာအလုပ်မျှမရှိ ပျင်းရိဖွယ်ပင် ဖြစ်တော့သည်။
ထိုအခါ မှူးကြီးမတ်ရာတို့စိတ်ကူးသည် အလွန်ယဉ်သည်ထက် ယဉ်၍လာလေသည်။
ထိုစိတ်ကူးမှာ ငဆိုဝ်းက လူကျင့်လူကြံကြံလိုက်သော စိတ်ကူးထက်ပိုယဉ်သည်။
ထို့ကြောင့် မှူးကြီးမတ်ရာ သေနာပတိတို့သည် ယခုခေတ် ကျွန်ုပ်တို့နိုင်ငံ၌ ခါးပိုက်ဆောင်များထားသည့် နည်းပရိယာယ်များကိုမှီး၍ ခါးပိုက်ဆောင်ထားလိုစိတ် ဖြစ်ပေါ်လာကြသည်ဟူ၍စာကဆို၏။ ကျွန်တော်ကဆိုသည် မဟုတ်ပါ။

သို့သော် ကျွန်တော်တို့နှင့်ကွာသောအချက်ကား ကျွန်တော်တို့က ခါးပိုက်ဆောင်ဟုဆိုလျှင် အပျော်ထမ်းသောလက်နက်ကိုင်အဖွဲ့အစည်းများကို တွေးမိသည်။ သူတို့ကမူ ခါးပိုက်ဆောင်ဟုဆိုလိုက်လျှင် မယားငယ်ကို သတိရသည်။
မှူးကြီးမတ်ရာတို့ ခါးပိုက်ဆောင်မယား အပိုထားလိုသော် သိကြားမင်း မယားလေးယောက်အထိ ယူသည့်ထုံးတမ်းစဉ်လာကို ဦးသမ္မတကြီးအား သူ၏မယားကြီးမသိအောင် တိတ်တိတ်အစီရင်ခံစာ တင်သွင်းကြလေသည်။
ထို့ကြောင့် ယခုအခါ ဦးသမ္မတကြီးမှာ လူထုဆန္ဒကိုမဆန့်ကျင်သောဘဝသို့ လက်ရောက်ရသောကြောင့် မောင်နန်းလူ၏မိခင်ကို သိမ်းပိုက်ရသောဟူ၏။ သနားစရာ။
သည့်နောက်တွင် မှူးကြီးမတ်ရာ သေနာပတိတို့က နတ်ကောင်းနတ်မြတ်တို့၏ နည်းနိဿယအတိုင်း လက်ဝဲငါးရာ လက်ယာငါးရာခြံရံ၍ တင့်တယ်စွာစံနေတော်မူပါမည့်အကြောင်း တုပ်ကွရိုကျိုးလက်စုံမိုး၍ ရှိခိုးသံတော်ဦးတင်ကြသေး၏။
"ငါအသက်ကြီးပဟဲ့ တတ်နိုင်ဘူး" ဟူ၍ ဦးသမ္မတကြီးက အမိန့်တော်မြတ် မှတ်တော်မူသောအခါမှ ဤရန်ကြိမ်းလေတော့သတည်း။

သို့ရာတွင် လက်ညိုးညွှန်ရာ ရေဖြစ်သည်ဟူ၍လည်းကောင်း၊ ဒီရေကို ရပ်တန့်ရန် အမိန့်ပေးနိုင်သည်ဟူ၍ လည်းကောင်း၊ နှုတ်ခွန်းတော်ချွေသမျှ ဖြစ်စေသတည်းဟူ၍လည်းကောင်း၊ ရေမြေကိုစောင့်ရှောက်သော မဟီပါလောဖြစ်သည်ဟူ၍လည်းကောင်း၊ ရေမြေ့ရှင်ပထဝိပတ္တိ ဖြစ်သည်ဟူ၍လည်းကောင်း၊ အသက်ဦးဆံပိုင်သော ဘဝရှင်မင်းတရားဖြစ်သည်ဟူ၍လည်းကောင်း၊ ဦးသမ္မတကြီး သူ့ဥစ္စာသူဣနြေ္ဒရရ စည်းကမ်းတကျနေသည်ကို အူကြောင်ကြောင်ဖြစ်အောင် ဝိုင်း၍ မြှောက်စားကြလေရာ၊ တရားတပေါင်တို့ကိုဆုံးဖြတ်ရာ၌ မှားသည်လည်းရှိ မှန်သည်လည်းရှိ ဖြစ်လာခဲ့လေ၏။ သို့သော် ကပ္ပါးရပ်စားတို့က ဘုရင်လုပ်သမျှ အမှန်ချည်းပင်ဟူသော နိုင်ငံရေးအဘိဓမ္မာတို့ကို ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်တို့မှ အဆီအနှစ်ထုတ်၍ အဋ္ဌကထာ၊ ဋီကာ၊ အနုလက်သန်းတို့ကို ပိဏ္ဍတ္ထ၊ အဝယဝတ္ထသဘောဖြင့်ဖွင့်ဆိုပြလိုက်လေရာ ဦးသမ္မတကြီးအား ရွေးကောက်တင်မြှောက်လိုက်သော လူထုသည် ဦးသမ္မတကြီးထံမှ ဖဲကြဉ်လေသတည်း။

ဤသည်မှစ၍ မင်းကတခြား၊ မိဖုရား၊ မောင်းမမိဿံအခြွေအရံတို့က တခြား၊ မှူးကြီးမတ်ရာ သေနာပတိတို့ကတခြား၊ သူဋ္ဌေးသူကြွယ် ကုန်သွယ်လယ်လုပ်တို့ကတခြား၊ ဆင်းရဲသူဆင်းရဲသားတို့က တခြား၊ အားလုံးသောလူတန်းစား အသီးသီးတို့သည် အာဒိကပ္ပရွာ၌ ကြမ်းတပြေးတည်းနေထိုင်ရင်းမှ မယ်တစ်ရွာမောင်တစ်မြို့ဆိုသောအခြေသို့ ဆိုက်ရောက်ကြကုန်၏။ အာဒိကပ္ပရာဇဝင်သစ်ကို ပြုစုကြကုန်သော နှောင်းလူသုခမိန်တို့က ဤသဘောကို ကင်းကွာသောသဘောဟူ၍ ပုဒ်စောဒနာပြုကြ၏။ ကျွန်တော်ကား သူတို့၏ရာဇဝင်များကို နားမလည်။ သို့သော် စာအုပ်ကြီးများထဲတွင် ဦးသမ္မတကြီး၏ မယားပါသား မောင်နန်းလူသည် သူ၏ ပထွေးအနားသို့ မကပ်ရတော့ဟူ၍ ရေးသားထားသည်ကို ဖတ်ခဲ့ရဖူးပါသည်။ ပထွေးနားမကပ်ရလေလေ၊ မယားပါသားက စိတ်ဆိုးမာန်ဆိုးဖြင့် မြေကိုပေါက်လေလေ၊ မြေကိုပေါက်ရသည့်အခါတိုင်း နဖူးမှချွေး ခြေမသို့ကျသည်ရှိသော်၊ မောင်နန်းလူသည် သူနှင့်ဓာတ်သဘာဝချင်းတူသူ နဖူး ချွေးခြေမ ကျသူများနှင့် စည်းရုံးမှုကို ပြုလုပ်နိုင်ခဲ့သည်ဟူသတတ်။

ကျွန်တော်သည် အာဒိကပ္ပသမိုင်းကို လေ့လာသုံးသပ်သည်တွင်မှ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတို့၏ ရှေးကျသောအဖြစ်ကို တွေးမိလေတော့သည်။ အကြောင်းမူကား ကျွန်တော်တို့ နိုင်ငံသားတို့သည် ဒီမိုကရေစီအစဉ်အလာကို စောင့်စားကြသောအားဖြင့် နိုင်ငံတစ်နိုင်ငံလုံးအရေးနှင့်ကြုံလာလျှင် ပန်းခြံတစ်ခုခု၌ လူစုကာကြွေးကြော်သံတို့ကို အသက်အောင့်၍ ခုနစ်အုပ်မန်းကြသည်။
အာဒိကပ္ပရွာသားတို့ကား ခေတ်မီလှပေသည်။ လူစုပြီးသည့်နောက် လူထုကို နောက်ဆွယ်တွင် အရောင်ပြထားကာ၊ မိမိနှင့်သဘောတူရာ တစ်ဦးနှစ်ဦးနှင့် စတိလောက်ဆွေးနွေးပြီးလျှင်၊ မိမိမှန်သည်ထင်ရာကို ကာယကံမြောက်ဇွတ်လုပ်သော အရည်အချင်းရှိကြ၏။
ထိုအရည်အချင်းကို အတင်းအဓမ္မအသုံးချလိုက်သောအခါ ဦးသမ္မတကြီး၏ မယားပါသား မောင်နန်းလူသည် ဦးသမ္မတကြီး၏နန်းတော်ကို ဝိုင်းမိလေသည်။

အာဒိကပ္ပရာဇဝင် အစောင်စောင်တို့က မောင်နန်းလူသည် ဦးသမ္မတကြီးအား နန်းဦး၌ သန်လျက်နှင့်ရွယ်ရာ ဦးသမ္မတကြီးက "မင့်အမေမျက်နှာထောက်ပြီး အသက်တော့ချမ်းသာပေးပါကွယ်၊ မင်းမကျေနပ်ရင် ငါဘုန်းကြီးဝတ်ပါမယ်"ဟုဆိုကြောင်း အခိုင်အမာပြသည်။ သို့သော် ထိုထိုသော ရာဇဝင်တို့ထက်ပို၍ ခိုင်မာသော အာဒိကပ္ပကျောင်းသုံးရာဇဝင်တို့၌ကား မဟာသမ္မတကို သတ်ရိုးထုံးစံမရှိဟူ၍ မှူးကြီးမတ်ရာ သေနာပတိ ကပ္ပါးတို့က အဆုံးအဖြတ်ပေးသောကြောင့်၊ မောင်နန်းလူသည် ဦးသမ္မတကြီးကို တောရကျောင်း၌ ကိုရင်ကြီးအလုပ်ခိုင်းသည်ဟု မူကွဲရှိလေသည်။ အာဒိကပ္ပရွာ အနောက်ဘက် တောင်ကုန်းတစ်ခုပေါ်တွင်တည်ရှိသော ရွာကျောင်းဘုန်းတော်ကြီး၏ ငှက်ပစ်အရာ၌လိမ္မာကျွမ်းကျင်သော သုတေသီပုဂ္ဂိုလ်ဘုန်းကြီးကျောင်းသားများ၏အလို၌ ဤသို့မောင်နန်းလူက ပြုမူလိုက်ခြင်းကို "ရိုက်ရာလုပ်ကြံမှုကြီး"ဟု ခေါ်ဆိုအပ်ကြောင်း ဖွင့်ဆိုပြကြကုန်၏။ ကျွန်တော်တို့နိုင်ငံတော်သုံးဝေါဟာရနှင့် မြန်မာဆန်ဆန်အဓိပ္ပါယ်ပြန်ကြည့်လျှင် "ကူးဒီးတာ"ဟု ခေါ်ရလေမလားမဆိုနိုင်။
မည်သို့ပင်ခေါ်ခေါ် အာဒိကပ္ပရွာနိုင်ငံရေးသမားတို့၏ ပထမဆုံးဖခင်ဖြစ်သော မောင်နန်းလူသည် ဦးသမ္မတကြီးအား နန်းတော်မှကန်ချနိုင်ခဲ့လေပြီ။ ဤကား အာဒိကပ္ပရွာ၏ တရွေ့ရွေ့တိုးတက်လာပုံအစဉ်ကို ပြဆိုရာဖြစ်သတည်း။

ဦးသမ္မတကြီး ကိုရင်ဝတ်ပြီးနောက် ငယ်မည်မောင်နန်းလူခေါ် သီရိတြိဘုဝနာဒိတြာ ပဝရမဟာဓမ္မရာဇာ မင်းတရားကြီးသည် အာဒိကပ္ပရွာကြီးကို စည်ထီးနှင့် ခရိုင်စိုးမိုးပိုင်သကာ ရှင်ဘုရင်စော် နံလာပြန်လေသည်။

ဤမှစ၍ အာဒိကပ္ပ၏ ရာဇဝင်အဆစ်အပိုင်းမှာ အလွန်အမှတ်ရ ခက်လာပါသည်။ သီရိ-လ-ရာဇာ မင်းတရားကြီးသည် ကြံဖော်ကြံဖက် မြောက်မြားစွာတို့ဖြင့် ပြုပြင်ပြောင်းလဲရေးကြီးတစ်ရပ်ကို တည်ဆောက်ရသောကြောင့် သူ၏မြောက်မြားလှစွာသော ကြံဖော်တို့၏အမည်ကို မော်ကွန်းတင်ရာ၌ အမည်တွေကများ၊ ရာထူးတွေက ဝေ၍မလောက်ဖြစ်သောကြောင့် အမှတ်အသားများမှာ ကပေါက်ချိကပေါက်ချာ နိုင်လာပါသည်။ ထို့ကြောင့် ဤခေတ်ရာဇဝင်မှတ်တမ်းတစ်စောင်လုံးမှာ နော်ထင်ကျော်ရထာ၊ သုဓမ္မာသီရိ၊ သူရိယအနန္တ၊ ဝဏ္ဏမင်းခေါင်၊ ဘုန်းရောင်နေမျိုး၊ သတိုးသွားချည်ပြန်ချည်၊ စည်သူမဟာ အစရှိသည့် သုံးကျိပ်သုံးယောက်သောရဲဘော်တို့နှင့်အတူတကွ ယင်းတို့၏ လက်ပါးစေရံရွေဘော်တို့ကို မြို့စားရွာစားပေးသည့်အခမ်းအနားမှတ်တမ်းများမျှသာ ဖြစ်ချေသည်။ ထိုမြို့၊ ထိုရွာ၊ ထိုရာထူး၊ ထိုရာခံတို့ကိုချီးမြှောက်ရာ၌ စိတ်တိုင်းမကျဖြစ်၍ ထီးပြိုင်နန်းပြိုင်တည်ထောင်မည် တကဲကဲရှိသည်တို့ကြောင့် ဂေဇက်ဝင်ပြန်တမ်းတို့တွင် နှစ်ဆယ့်လေးနာရီလျှင် နှစ်ကြိမ်ကျ ရာထူးအပြောင်းအလဲလုပ်ရသဖြင့်၊ မော်ကွန်းတင်ဆရာတို့မှာ အချိန်ပိုအလုပ်လုပ်ကြရသောကြောင့် အတော်ပင်ညည်းတွားကြသည်ဟု အဆိုရှိသည်။ သို့ရာတွင် ဆန္ဒပြခြင်း၊ ထိုင်သပိတ်မှောက်ခြင်းတို့ကိုမူ မှတ်တမ်းအစောင်စောင်၌ ရှာမတွေ့ချေ။ ရှာတွေ့နိုင်ဖို့်လည်း ခက်သည်။ အကြောင်းမှာမူ သီရိတြိ-လ-ရာဇာ မင်းတရားကြီးသည် လူပါးကြီးဖြစ်သည်။ သူနန်းတက်သည်နှင့်တစ်ပြိုင်နက် ကိုယ်ရံတော်ဗိုလ်မှူးတို့ကို လေးရှစ်စင်းကိုင်၍ လက်ဝဲရံလက်ယာရံ စောင့်ရှောက်စေသည်။ ကိုယ်ရံတော်တပ်ကို လျှပ်စစ်စီမံကိန်းနှင့် ချဲ့ထွင်လေရာ စစ်တပ်မဟာကြီးများ အာဒိကပ္ပလမ်းခွတွင် တင်းကြမ်းပြည့်ဖြစ်သောဟူ၏။
သို့သော် ထိုစစ်တပ်ထဲတွင် သူနှင့်တကယ့်ကြံဖော်ကြံဖက် ဘဝတူဖြစ်သော ချွေးခြေမ ကျသူတို့ မပါပါ။ ထုံးစံအတိုင်း ရောင်တော်ပြန်နှင့်ရောလွှတ်သူတစ်စုတို့သည်သာလျှင် အရေးတော်ပုံကြီးတစ်ရပ်ကို တည်ဆောက်သူအဖြစ်ဖြင့် အခွင့်အရေးဆိုကြပါသည်။ သို့နှင့်လည်း တကယ့်ကြံဖက်တို့က ဘာမျှစောဒက မတက်ဘဲလုပ်ရင်းစွဲဖြစ်သော ချွေးခြေမကျ လုပ်ငန်းကြီးပင်လျှင် ဆက်လက်လုပ်ကြလေသောကြောင့် စပါးဆန်ရေတို့မှာ လောက်လောက်ငှငှ ထွက်သည်။ ထို့ကြောင့် လူထု၏ပါးစပ်မှာ ထမင်းရည်မပြတ်ရွှဲရွှဲစိုစိုနှင့် ဝဝဖြိုးဖြိုးရှိပေသည်။

သို့သော် ကိုယ်ခန္ဓာက ဝပါလျက်နှင့် စိတ်ဆန္ဒမပြည့်ဝသူတို့၏ကျေနပ်မှုရအောင် အဆိုပါ သီရိတြိ-လ-ရာဇာ မင်းတရားကြီးစီစဉ်ရသည့်လုပ်ငန်းမှာ အလွန်ကြီးကျယ်လှပါပေသည်။ ဦးစွာပထမ စစ်တပ် ဖွဲ့စည်းပြီးနောက်၊ သီရိတြိ-လ-ရာဇာမင်းတရားကြီးသည် နေမင်းမှ တိုက်ရိုက်ဆင်းသက်လာသလိုလို၊ နတ်ပေး၍အာဏာရသယောင်ယောင်၊ လက်နက်စကြာသခင်ဘဝရှင်ဖြစ်သည့်အလား၊ ဘုရင်တို့ဘုန်း မိုးသို့ချုန်းသည့်သဖွယ် မိမိကိုယ်ကို မိမိသိဒ္ဓိတင်ရလေသည်။ ထိုသိဒ္ဓိတင်အခမ်းအနားကို ယခင်သမ္မတကြီးအားသစ္စာတော်ခံခဲ့သူ မှူးကြီးမတ်ရာတို့ကပင်လျှင် ကြီးကြပ်စီစဉ်ပေးရာ၊ သီရိတြိ-လ-ရာဇာမင်းတရားကြီး အထူးသဘောတော်ကျသောကြောင့် ရဲဘော်သုံးကျိပ်သုံးယောက်တို့အချင်းချင်း တုတ်တစ်ပြက်ဓားတစ်ပြက်ဖြစ်ကြသည်ဟု စာဆိုရှိသည်။ သို့သော် ဟိုမြို့ကို မင်းက အပိုင်စား၊ ဒီထန်းတောကို မင်းက အပိုင်ယူ၊ ဟောသည်လယ်ကို မင်းက ကံကျွေးချ၊ ဟောဟိုယာကို မင်းက အုပ်စီး၊ ဟောဟိုအကောက်ကို မင်းက စား စသည်ဖြင့် ရှင်ဘုရင်အသစ်က စနစ်တကျစီမံခန့်ခွဲလိုက်သည်တွင်၊ အရေးတော်ပုံတစ်ရပ်မှ ရသမျှအမြတ်ကလေးနှင့်ပင် အားလုံးကကျေနပ်တင်းတိမ် လိုက်ကြရတော့သည်။
သို့နှင့်လည်း တစ်ချက်တစ်ချက်၌ မြို့စား၊ ရွာစား၊ ပဒေသရာဇ်ရပ်ကွက်မှ စီခနဲညံခနဲ အသံများ ကြားသေးသည်။ သည်အသံတွေတိတ်အောင် မည်သို့စီမံပါမည်နည်း။

စီမံဖို့ လွယ်ပါ၏။ သင်းတို့အားလုံးလူတွေချည်းမဟုတ်လား၊ ငဆိုဝ်း၏ နမူနာအတိုင်း လူကိုလူကဲ့သို့ ကျင့်ခိုင်းလျှင် ငြိမ်ကျသွားတတ်သည်။ ထိုနိုင်ငံရေး အမြော်အမြင်ဖြင့် သီရိတြိ-လ-ရာဇာမင်းတရားကြီးသည် မကျေနပ်သံထွက်လာတိုင်းလိုလိုပင် သူ့နှမများကို ပဒေသရာဇ်တို့အားပေးလေသည်။ မလောက်သောအခါများ၌ နှမအငှါးနှင့် နှမအရေခြုံများကိုပေးသည်ဟုလည်း အဆိုရှိပေသည်။
ကျွန်တော်သည် အာဒိကပ္ပရွာကျောင်း အသီးသီးတို့၏ပေစာ၊ မင်စာ၊ ကျောက်စာ စသည်တို့တွင် ကြံဖော်ကြံဖက်တို့ တောခိုသောအမှတ်အသားကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစုံစမ်းခဲ့ပါသည်။ သို့သော် ကျွန်တော်တို့နိုင်ငံနှင့်ကွာသောအချက်မှာ ကျွန်တော်တို့နိုင်ငံကဲ့သို့ တောခိုသောဓလေ့ မထွန်းကားခဲ့ခြင်းဖြစ်သည်။ ဤအချက်ကား အာဒိကပ္ပရွာသားတို့ ခေတ်နောက်ပြန်ဆွဲသည်ဟု ကဲ့ရဲ့စရာပင် ဖြစ်တော့၏။ ကျွန်တော်တို့နိုင်ငံ၌ ဖထီး၊ ဖထီးဟု လောကွတ်လုပ်နေရသည့်အထဲမှ တောခိုကြသူများရှိခဲ့သည်။ သို့သော် အာဒိကပ္ပရွာသမိုင်း၌ ရှင်ဘုရင်လုပ်သူက `ယောက်ဖ၊ ယောက်ဖ´ဟု ခေါ်ကာ အရေးပေးနေသည့်ကြားထဲမှ တောမခိုဘဲ ပြင်းထန်စွာရှုတ်ချဖွယ်ဖြစ်၏။
ဤသို့လျှင် ပဒေသရာဇ်ယောက်ဖများခြံရံလျက် သီရိတြိ-လ-ရာဇာမင်းတရားကြီးသည် အာဒိကပ္ပရွာကြီး၏ ခေတ်သစ်ကို တည်ထောင်လေသတည်း။

ထိုခေတ်၌ တိုးတက်မှုများဖြစ်ထွန်းလေရကား တောင်သူလယ်သမား၊ အလုပ်သမားနှင့် ဆင်းရဲသားအပေါင်းတို့မှာ ယခင်ကထက် ထမ်းပိုးရှစ်ဆတိုး၍ မြေကိုတူး စိုက်ပျိုးလုပ်ကိုင်ကြရလေသောကြောင့် ရွှေမိုးငွေမိုးများပင် ရွာသောဟူ၏။
ထို့ကြောင့် တန်ဆောင်များ ပြဿဒ်များထွန်းကားလာလေသည်။ အထူးသဖြင့် သုံးမြှောင့်ထိပ်ချွန် ကျောက်သားအထိမ်းအမှတ်များ၊ မယားသေ၍လွမ်းဆွတ်သောအထိမ်းအမှတ် သချိင်္ိုင်းနန်းတော်များ၊ ငှက်ပစ်ထွက်ရာ အထိမ်းအမှတ်ကျောက်တိုင်ကြီးများ၊ ကျေးကျွန်များစွာကိုပိုင်ကြောင်း ဂုဏ်ယူရသော ကြေးရုပ်ကြီးများ၊ ခေါင်းလောင်းကြီးများ၊ အဆောက်အဉ်ီးကြီးများမှာ အာဒိကပ္ပရပ်ကွက်အသီးသီးတို့တွင် ကောင်းကင်သို့ ငွားငွားစွင့်စွင့် မားမားမြင်ြ့မင့် ထိုး၍ ထွက်နေသည်။ ထိုအထိမ်းအမှတ် အဆောက်အဦးတို့ များပြားလာသည်နှင့်အမျှ ချွေးသည် ခြေမပေါ်သို့ တောက်-တောက်-တောက်နှင့် တောက်ခေါက်ကာ တစ်စက် တစ်စက်ကျနေလေသည်။ လူထု၏ချွေး ခြေမသို့ ကျသည်နှင့်အမျှ ကောင်းကင်ပြာမှ ရွှေမိုး ငွေမိုးတို့သည်လည်း အာဒိကပ္ပရွာသူရွာသားတို့၏ထိပ်ကို ခဏခဏ မှန်သဖြင့် အာဒိကပ္ပရွာကြီးမှာ ပျော်စရာချည်းသာဖြစ်သည်ဟု ဆိုကြကုန်သည်။

ဆင်သံ၊ မြင်းသံ၊ လှည်းသံများဖြင့်လည်းကောင်း၊ စားလှည့်ကုန်၊ သောက်လှည့်ကုန်၊ အိပ်လှည့်ကုန်ဟူသော အသံများဖြင့်လည်းကောင်း၊ ဇွန်းသံ၊ ခက်ရင်းသံ၊ ပုလင်းသံများဖြင့်လည်းကောင်း၊ စည်ကားသိုက်မြိုက်လာအောင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ မောင်နန်းလူက စီမံကိန်းအရပ်ရပ်တို့ဖြင့် အာဒိကပ္ပရွာကြီးကို ပြုပြင်မွမ်းမံလိုက်ရာ "မဟာသမ္မတကြီးမှ တိုက်ရိုက်ဆင်းသက်လာသော အာဒိစ္စဝံသမျိုး၊ ရိုးနွယ်လာသီရိတြိ-လ-ရာဇာမင်းတရားကြီး၏လက်ထက်တော်၌ အာဒိကပ္ပရွာကြီး၏ ကျက်သရေမှာ ဖြိုးဝေ၍ လာပေသည်" ဟု နန်းတွင်းရာဇဝင်ဆရာတို့က မော်ကွန်းတင်ကြပြန်သတည်း။

0 comments:

Post a Comment