Monday, February 11, 2019

(နေရစ်ခဲ့မလား အတူလိုက်ခဲ့မလား) မျိုးမြင့်ချို

0 comments
(နေရစ်ခဲ့မလား အတူလိုက်ခဲ့မလား)
ဖွဲ့စည်းပုံပြင်ရေးကြိုဆိုထောက်ခံပွဲတွေတော့ လူထုက ကိုယ့်အသိနဲ့ကိုယ် လုပ်ဆောင်ပါဝင်လာကြတာတွေ စိတ်လာနေပါတယ်။ အရင့်အရင်ပွဲတွေမှာလို “NLD တွေအနေနဲ့ ဒါတွေမှာ ဒီပွဲတွေမှာ ဝင်မပါရဘူး“လို့ ပါတီတွင်းတရားဝင် အမိန့်ထုတ်ထားတာတော့ ခုထိမကြားရသေးပါဘူး။ သူတို့မပါပါဘူးလို့ ခါးခါးသီးသီး ငြင်းကြဆန်ကြတာတွေလည်း မကြားမိသေးပါဘူး။ NLD တွေအနေနဲ့လုပ်တယ် ဒါမှမဟုတ် NLD တွေအဖြစ်နဲ့ဝင်ပါတယ်လို့လည်း တရားဝင် အတိအလင်းထုတ်ပြန်ပြောသံဆိုသံ မကြားမိသေးပါဘူး။ ပါတော့ပါနေကြတယ်လို့တော့ ကြားရပါတယ်။


ဘာနိုင်ငံရေးရာထူး ဘာအခွင့်ထူးမှ ရမထား ယူမထားတဲ့ သာမန်ပါတီဝင်အောက်ခြေထုကတော့ မပါနဲ့ဆိုလည်း ပါဖြစ်အောင်ပါကြမှာပဲ။ ပါလည်းပါကြတာပါပဲ။ သူတို့က ပါတီဝင်တွေဆိုပေမယ့် လူထုလူတန်းစားထဲက အောက်ခြေအလွှာ အဖိနှိပ်အခံရဆုံးအလွှာ ဘဝအနာဆုံးအလွှာတွေမဟုတ်လား။
သူတို့ဟာ ပါတီဝင်တွေဆိုပေမယ့် သူတို့ဟာ လူထုတွေဖြစ်တယ်။ သူတို့ဟာ အောက်ခြေပါတီဝင်ထုဖြစ်တဲ့အလျှောက် ပါတီအပေါ် ခေါင်းဆောင်အပေါ် ပါတီဦးဆောင်မှုအပေါ် တကယ်ယုံယုံကြည်ကြည် နှစ်နှစ်ကာကာရှိသူတွေဖြစ်တယ်။ အခွင့်အရေးသမားတွေ အချောင်သမားတွေ သာကူးတွေမဟုတ်ကြဘူး။

ဒေါ်စုအပေါ် လူပုဂ္ဂိုလ်အရ တသမတ်ကိုးစား ချစ်ခင်မြတ်နိုးမှုနဲ့ စိုက်လိုက်မတ်တပ် ယုံယုံရဲရဲလိုက်ပါလာခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ နိစ္စဓူဝလူထုဘဝထဲက လူထုရဲ့အစိတ်အပိုင်းတွေလည်းဖြစ်ပါတယ်။
သူတို့ကို NLD ထိပ်ပိုင်းက (အကြောင်းအမျိုးမျိုးပြပြီး) ထိန်းချုပ်ကန့်သတ်တာလုပ်လည်း ထိရောက်မှုက ဘာမှပြောပလောက်မယ် မထင်ပါဘူး။ သူတို့ဟာ စစ်အာဏာရှင်စနစ်ကပေးတဲ့ လူမှုဒုက္ခတွေကို တိုက်ရိုက်ခါးစည်း ခံနေရသူတွေဖြစ်ပါတယ်။

သူတို့ဟာ မခံနိုင်တော့တဲ့အဆုံး သူတို့လွတ်မြောက်ဖို့အတွက် သူတို့ကိုယ်တိုင် တိုက်ပွဲထဲဝင်လာပြီး ခေါင်းဆောင်မှုဟောင်းဟာ သူတို့တိုက်ပွဲနဲ့ အလုပ်မဖြစ်တော့ရင်၊ အဟပ်မမိတော့ရင်၊ ခေါင်းဆောင်မှုဟောင်းဟာ သူတို့ဘဝတွေအတွက် ကိုယ်စားပြုနေတယ်လို့ မမြင်တော့ လက်မခံတော့ရင်၊ ခေါင်းဆောင်မှုဟောင်းကို တိုက်ချဖယ်ရှားပြီး တိုက်ပွဲထဲက ခေါင်းဆောင်သစ်နဲ့ ဦးဆောင်မှုသစ်ကို သူတို့ကိုယ်တိုင် ရှာဖွေကြံဆောင် ရွေးချယ်လာကြပါလိမ့်မယ်။
ကျနော်တို့ လွှတ်တော်ပြင်ပနည်း လူထုနည်းနဲ့သာ ဖွဲ့စည်းပုံပြင်ရေးက အသစ်ရေးဆွဲရေးက အလုပ်ဖြစ်မယ်လို့ တွေးမှတ် ယုံကြည်ယူဆသူတွေအနေနဲ့ ခု တစတစ လူထုပါဝင်လာတဲ့ အရှိန်ရရလာတဲ့ ထောက်ခံပွဲတွေမှာ လူထုနဲ့အတူ ပါနေလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ပါလည်း ပါအပ်တဲ့ကိစ္စလို့မြင်ပါတယ်။

အဲ့ဒီကမှတဆင့် လွှတ်တော်ပြင်ပ လူထုနည်းနဲ့ပြင်ရေး၊ အဲ့ဒီကတဆင့် လူထုနည်းနဲ့ဖျက်သိမ်းရေး အသစ်ပြန်ရေးဆွဲရေးအထိ တလှမ်းချင်းမြှင့်တင်ရင်း လူထုကိုဆောင်ကျဉ်းသွားရလိမ့်မယ်လို့ တွေးမိပါတယ်။

ရနေတဲ့ မသဒ္ဓါရေစာဒီမိုကရေစီ အခွင့်အလမ်းလေးကိုဆုပ်ကိုင်ပြီး ပေးထားတဲ့ဘောင်ထဲဝင် ဂွင်ကို ဖြည်းဖြည်းချင်းချဲ့ယူပြီး တွန်းတွန်းထိုးထိုး လုပ်သွားလို့ရနိုင်မယ်လို့လည်းမြင်ပြီး အဘိယာစကာလုပ်တာ ဖြစ်ပါတယ်။

အင်အားစုတွေ ဒီ့ထက်မကစုပြီး ပေါင်းစည်းမိသွားရင် လွှတ်တော်တွင်းကလူတွေ ငြိမ်နေလို့မရတော့ပါဘူး။ လှုပ်ကို လှုပ်လာရတော့မှာပါ။ စစ်အုပ်စုကတော့ အဲ့သလိုဖြစ်မလာအောင် ရတဲ့နည်းဖြစ်တဲ့နည်းနဲ့ ကျားကုပ်ကျားခဲကာကွယ်မှာသေချာပါတယ်။ နောက်ဆုံးမရတေ့ရင် ကျားနာခဲ ခဲပြီး မီးကုန်ယမ်းကို ကြမ်းပြရမ်းပြလိမ့်မယ်လို့ တွေးမိပါတယ်။

ကျနော်တို့ စုစည်းမိကြဖို့လိုပါတယ်။ လွှတ်တော်တွင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလူထုထောက်ခံပွဲကနေ လူထုနည်းနဲ့ဖွဲ့စည်းပုံဖျက်သိမ်းရေး အဲ့ဒီကမှတဆင့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်လ်ပြည်ထောင်စုအရေး၊ ပြည်တွင်းစစ်ရပ်စဲရေးငြိမ်းချမ်းရေး၊ လူမျိုးစုအားလုံးတန်းတူရည်တူသွေးစည်းညီညွတ်ရေးတွေအထိ တိုက်ပွဲဟာရောက်ရင်လည်းရောက်သွားနိုင်ပါတယ်။ ရောက်သွားအောင်လည်း အခြေအနေပေါ်မူတည်ပြီး လုပ်သွားကြမယ်လို့ မျှော်လင့်အားထားမိပါတယ်။

ကျနော့်အနေနဲ့လည်း ဒီဘက်ကနေပြီး ဒီဘက်ကလူတွေ(အမေရိကန်တွေအပါအဝင်ကို) တတ်နိုင်သလောက် ရေးတာသားတာ ပြောတာဆိုတာ ဖြန့်ချိပေးတာအနေနဲ့ ပါဝင်ပါ့မယ်။ အထဲကလုပ်နေသူတွေကိုလည်း ရုပ်ဝတ္ထုအနေနဲ့ ပါဝင်အားဖြည့်ကူညီပေးတာတွေ တပိုင်တနိုင်လုပ်ပါ့မယ်။
ခုချိန်ထိ NLD အနေနဲ့ ဘာသိဘာသာ အင်းမလုပ်အဲမလုပ် နေနေလို့ရသေးပေမယ့် ခုထက်ပို စုဖွဲ့အင်အားကြီးထွားလာရင် တခုခု ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးလာရပါလိမ့်မယ်။ လူထုနဲ့အတူရပ်မလား လူတစုနဲ့အတူနေခဲ့မလားဆိုတာကိုပါ။

ခုလောလောဆယ်တော့ NLD ထိပ်ပိုင်းအနေနဲ့ အရိပ်အခြေ အလားအလာကို တွက်ချက်စောင့်ကြည့်နေပုံပေါ်ပါတယ်။ လစ်ဘရယ်လ်ဝါဒီတို့ထုံးစံအတိုင်း နိုင်ခြေရှိတော့မှ မြင်တော့မှကူးလာလည်း ကြိုဆိုလက်ခံရမှာပါ။ ခု မပါသေးတာကိုလည်း သူ့ရွေးလမ်းထဲ သူပိတ်နေ၊ သူ့ဒုက္ခနဲ့သူရှိနေ၊ သူတိုးဝင်ဖန်တီးတဲ့အကျပ်အတည်းထဲ သူရောက်နေတယ်လို့သဘောထားပြီး ဖေးဖေးမမ မဟုတ်တောင် စာနာနားလည်မှုပေးနိုင်တယ်ဆို ကောင်းမယ်ထင်ပါတယ်။

ရထားကတော့ ထွက်မှာပါ။ ဘယ်အချိန်ကျမှ ဘယ်လောက်အရှိန်နဲ့ ဘယ်လောက်ပြင်းပြင်း ဆောင့်ထွက်သွားမလဲကတော့ လူထုဘက်(မိမိဘက်) အုပ်စိုးသူဘက်၊ နိုင်ငံတကာအခြေအနေဘက်တွေအပေါ် တည်ပါလိမ့်မယ်။
ရထားက ထွက်ပါလိမ့်မယ်။ နေရစ်ခဲ့မလား အတူလိုက်ခဲ့မလားက မိမိဘာသာ ယတိပြတ်ဆုံးဖြတ်ရပါလိမ့်မယ်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉

0 comments:

Post a Comment