Thursday, February 7, 2019

“ကယားသမိုင်း သိအောင်လုပ်ပြီးမှ ဗိုလ်ချုပ်ရုပ်တုကို လက်ခံချင်”

0 comments
“ကယားသမိုင်း သိအောင်လုပ်ပြီးမှ ဗိုလ်ချုပ်ရုပ်တုကို လက်ခံချင်”
- ကယားသမိုင်းဆိုတာကြောင့် “နေရှင်နယ် ဦးမြင့်” စီစဉ်ရေးသားသည် ဆိုတဲ့ “ကရင်နီပြည်တွင်းရေး” ဆိုတဲ့ စာအုပ်ကလေးထဲက အချက် တချို့ဖော်ပြချင်ပါတယ်။ ဒီစာအုပ်ငယ်လေးထဲမှာ “ကရင်နီ”ကနေ “ကယား” ဆိုတဲ့ အခေါ်အဝေါ်ကို ဘာကြောင့် ပြောင်းလဲ ရသလဲဆိုတာကို “ဦးစိန်” က အချက်အလက်တွေနဲ့ တင်ပြထားချက်လည်းပါရှိပါတယ်။

(ရန်ကုန်မြို့၊သုဓမ္မဝတီစာပုံနှိပ်တိုက်၊ ၅၅ စစ်ကဲမောင်ခိုင်လမ်း၊ ၁၃၁၂ ခု၊ အဘိုး ၈ ပဲ) လို့ ဖော်ပြထားပါတယ်။
“၈ ပဲ တန်စာအုပ်ကလေးက ဖော်ပြတဲ့ သမိုင်းအချက်အလက်” လို့များ ဆိုရင် ရမလားတော့ မသိပါဘူး။
အဲဒီစာအုပ်ကလေး စာမျက်နှာ ၁၅ မှာ အခုလိုဖော်ပြထားပါတယ် ( မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြလိုက်ပါတယ်)

လွှတ်တော်တက်ရန် စေလွှတ်ခြင်း
- မြန်မာပြည်သို့ နောက်ဆုံး ရောက်လာသော မစ္စတာဘော့တွမ်လီကော်မရှင် ဘိတ်ခေါ်ချက်အရ၊ ကရင်နီဝန်ထောက် စောထောရီထံသို့ ဘိတ်ကြားစာရောက်သောအခါ နယ်သူနယ်သားလူထုများကို အသိမပေး အကြောင်းမကြားဘဲ၊ ကရင်နီနယ် ဝန်ထောက်စောထာခို၊ စောဂီးလ်ဗတ် ကရာစူး၊ စောရွှေတို့က ပူးပေါင်းကြံစည်၍ ဦးဘီနှင့် စောသိန်းတို့ကိုရွေးချယ်ပြီးလျှင် ရန်ကုန်မြို့သို့ စေလွှတ်ရန် စီမံကြပါသည်။
ထိုကဲ့သို့ နယ်သူနယ်သားများက အလျင်းမကျေနပ် မခံမရပ်နိုင်ကြသည့်အတွက် လွယ်ကော်မြို့တွင် အစည်းအဝေးကြီး ပြုလုပ်၍ စောသိန်ကို ပြန်လည်ခေါ်ယူပြီးလျှင် နယ်သူနယ်သားများ မကျေနပ်ကြောင်းပြောရာတွင် စောသိန်းက ကတိပြုသည်မျာ၊ မေမြို့ ရီးစဝီလျှံ စုံစမ်းရေး ကော်မရှင်သို့တင်သွင်းသော စာပါအတိုင်း ကျွန်တော် ဆောင်ရွက်ပါမည်။ အကယ်၍ အကြောင်းမညီညွတ်ခဲ့ပါလျှင် လူကြီးများထံသို့ လာရောက်အကြောင်းစုံ ပြန်ကြားပါမည်၊ လူကြီးများ သဘောတူညီသောအချက်များကို ရရှိမှသာလျှင် ဆောင်ရွက်လာပါမည်။ ယခု ကျွန်တော်ပြောဆိုသောစကားကို ဖောက်ဖျက်ကျူးလွန်ခဲ့ပါသော်၊ ကျွန်တော်ကို လူထုဆန္ဒအရ အပြစ်ဒဏ်ပေးသမျှခံယူပါမည်ဟု ရဲဝံ့စွာပင် လူထုရှေ့တွင် ကတိပြုသည့်အတွက်၊ စောသိန်း၏ ဝန်ခံစကားကို ယုံကြည်ကြသဖြင့် မြန်မာပြည်သို့ စောသိန်းအား စေလွှတ်ရန် သဘော တူညီလိုက်ကြပါသည်။ (စာမျက်နှာ ၁၅ - ၁၆)

လွတ်တော်မတက်ဘဲ ပြန်လာခြင်း
- မြန်မာပြည်သို့ ဦးဘီနှင့် စောသိန်းရောက်သောအခါ လူထုရှေ့တွင် မိမိတို့ဝန်ခံစကားအတိုင်း မတည်ကြည်ကြသင့် အပြင်၊ တိုင်းပြည်ပြု လွှတ်တော်သို့လည်း တက်ရောက်ခြင်းမပြုဘဲ ဘုရင်ခံနှင့်သာလျှင်သွားတွေ့ဆုံပြီး ကရင်နီနယ်သို့ပြန်လာကြသည်။ ကရင်နီနယ်သို့ ရောက်သောအခါ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့စွဲဖြင့် ဦးဘီနှင့်စောသိန်း နှစ်ဦးလက်မှတ်ထိုး၍ မြန်မာပြည်နှင့် မပူးပေါင်းရန် တိုက်တွန်း နှိုးဆော်သောကြေညာစာတမ်း တခုထုတ်ဝေကြသည်။ (စာမျက်နှာ ၁၆ - ၁၇)
(၎င်းစာတမ်းကို စာမျက်နှာ ၁၇ -၁၈ -၁၉ မှာဖော်ပြထား)

ဒီနေရာမှာ ဒီအဖြစ်အပျက်နဲ့စပ်လျဉ်းပြီး ဦးထွန်းမြင့်(တောင်ကြီး) ရေးသားခဲ့တဲ့ “ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့်အုတ်တစ်ချပ်” စာအုပ်၊ စာမျက်နှာ(စာမျက်နှာ ၄၆၃ -၄၆၄ -၄၆၅)မှာဖော်ပြထားတဲ့ အချက်အလက်တချို့နဲ့ နှိုင်းယှဉ်ဖတ်ရှုနိုင်ရန် မူရင်းအတိုင်း ကောက်နုတ် ဖော်ပြပါရစေ

- အခုနောက်ဆုံးကျွန်တော်ဖော်ပြချင်တာကတော့ ကရင်နီနယ်ကိစ္စဖြစ်ပါ တယ်၊ကရင်နီခေါင်းဆောင်အများစုဟာ “အင်ဒီပင်းဒင့်” မှိုင်းမိခဲ့ တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါဟာလည်း နယ်ချဲ့အစီအမံ နယ်ချဲ့ပယောဂလို့ ဆိုခဲ့ပါတယ်။ ရီစ်ဝီလျှံ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့ နယ်စပ်ဒေသစုံစမ်းရေးကော်မတီမှာ ကရင်နီခေါင်းဆောင်တွေဟာ ဗမာအမျိုးသားများအပေါ် မယုံကြည်ကြောင်း၊ မြန်မာပြည်မနဲ့ပူးပေါင်းရေး၊ မပူးပေါင်းရေးကိစ္စအတွက် ဖြစ်ပေါ်လာမယ့်အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရဦးမယ်ဖြစ်ကြောင်း၊ တိုင်းပြည်ပြုလွှတ်တော်ကိုတော့ တောင်တန်းသား ဦးစီးညီညွတ်ရေးအဖွဲ့ချုပ်အနေနဲ့ပါဝင်မယ်ဆိုရင် ကရင်နီကလည်းပါဝင်မယ်ဖြစ်ကြောင်း အစစ်ခံသွားပါတယ်။ ဒါကြောင့် စုံစမ်းရေးကကော်မတီက ကရင်နီနယ်များအတွက် ကိုယ်စားလှယ်နှစ်ဦးကို တိုင်းပြည်ပြုလွှတ်တော်ကိုစေလွှတ်ဖို့ ထောက်ခံခဲ့ပါတယ်။

- ကိုယ်စားလှယ်နှစ်ဦးအဖြစ် ဦးစောသိန်းနဲ့ ဦးဘီဘူးရယ်ကို ကနဦးရွေး ချယ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ရန်ကုန်အထိတော့ ဆင်း လာပါတယ်။ ဒါပေမဲ့ တိုင်းပြည်ပြုလွှတ်တော်ညီလာခံကိုတော့ မတက်ခဲ့ကြပါ။ ဦးစောသိန်းဟာ ကျွန်တော်တို့ဆီတော့ လာတွေ့ပါတယ်။
- “ကရင်နီနယ်တွေဟာ အင်ဒီပင်းဒင့်ရပြီးသား၊ ဒါကြောင့် ကျုပ်တို့ ကရင်နီတွေက သခင်၊ ခင်ဗျားတို့ ရှမ်း၊ ဗမာတွေက ကျွန်ပဲရှိသေးတယ်။ ခင်ဗျားတို့ သခင်ဖြစ်လာတော့မှ ကျုပ်တို့လာစကားပြောမယ်”
- ကိုစောသိန်းဟာ ပြောင်သလိုပြက်သလို ပြောသွားပါတယ်။ သူတို့ နယ်ချဲ့ပယောဂ အကြီးအကျယ်ဝင်နေတာ ထင်ရှားပါတယ်။ မျက်နှာဖြူ အရာရှိတွေကသာ တစ်ခွန်းတည်းပြောလိုက်ပါ။ ဦးစောသိန်းနဲ့ ဦးဘီဘူးရယ်တို့ဟာ ငြင်းဆန်နေကြမှာ မဟုတ်ဘူး။ ရန်ကုန်ထိတောင် ဆင်းလာပြီးမှတော့ ညီလာခံ (၄- ၅) ရက်လည်ပတ်ပြီး လွိုင်ကော်ပြန် သွားကြပါတယ်။
- နယ်ချဲ့ကိုယ်စားလှယ်တွေဟာတိုင်းပြည်ပြုလွှတ်တော်အတွင်းမှာ နယ်စပ်ဒေသကိုယ်စားလှယ်များ အထူးသဖြင့် စော်ဘွားများကို မျက်ခြည် မပြတ်စောင့်ကြည့်နေခဲ့ပါတယ်။ ဖြစ်တဲ့နည်းနဲ့ သွေးထိုးသွေးမြှောက်လုပ် ခဲ့ပါတယ်။
- ကျွန်တော်တို့ ရှမ်းပြည်ဆိုင်ရာကိစ္စတွေဟာ ကာလအတန်ကြာအောင် လိပ်ခဲတည်းလည်းဖြစ်ခဲ့တဲ့အကြောင်း အထက်မှာဖော်ပြခဲ့ပြီးပါပြီ။ ဗမာခေါင်းဆောင်တွေ အလျှော့ပေးလိုက်လျောမှုကြောင့် ကချင်ကိုယ်စားလှယ်တွေနဲ့ စေ့စပ်ပြေလည်သွားတဲ့နောက်ပိုင်း၊ ရှမ်းပြည်ကိစ္စမှာ ကျွန်တော်တို့ ရပလ က လက်မြှောက်အရှုံးပေးလိုက်တဲ့နောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း၊ကရင်ပြည်နယ်ဆိုပြီး မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နယ်စပ်ဒေသကဏ္ဍအသီးသီး အောင်မြင်စွာရေးဆွဲနိုင်လာတဲ့အခါ ကရင်နီကိစ္စတစ်ခုတည်းပဲ ကျန်နေပါတော့တယ်။ အဲဒီအခါမှာ နယ်ချဲ့ဟာ နယ်စပ်ဒေသသွေးခွဲရေးကိစ္စကို လုံးဝလက်လွှတ်လိုက်တော့တာပါပဲ။ တကယ်လို့ ကျွန်တော်တို့ ရှမ်းပြည်က ကျန်နေသေးရင် ရှမ်းပြည်နဲ့ကရင်နီနယ်ပေါင်းပြီး ခြေကုပ်စခန်းလုပ်လို့ ဖြစ်နိုင်သေးတယ် မဟုတ်လား။ အခုတော့ ရှမ်းပြည်လည်း လက်လွှတ်လိုက်ရတော့ ကရင်နီနယ်ကွက်ကွက်ကလေးနဲ့ သူတို့အတွက် ဘာမှ အကျိုးမရှိတော့ဘူး မဟုတ်လား။ ဒါကြောင့် နယ်ချဲ့ဟာ ကရင်နီခေါင်းဆောင်တွေကို ဖိအားပေးလာကြရပါတယ်။

- စက်တင်ဘာ (၁၆) ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြည်ပြုလွှတ်တော် ညီလာခံမှာ ဦးစောသိန်းနဲ့ဦးဘီဘူးရယ်နှစ်ယောက်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ဖယ်ရှားလိုက်ပါတယ်။
- စက်တင်ဘာလ (၂၂)နေ့မှာကျင်းပတဲ့ လွှတ်တော်ညီလာခံမှာ အသစ်ရွေးချယ်ခံရတဲ့ ကရင်နီကိုယ်စားလှယ်များဖြစ်တဲ့ ဦးစိန်နဲ့ ဦးစောမြလေးတို့က တက်ရောက်လာကြပါတယ်။
- နောက်တစ်ရက် စက်တင်ဘာ (၂၃)ရက်နေ့ လွှတ်တော်ညီလာခံမှာ ကရင်နီပြည်နယ်အုပ်ချုပ်ရေးစည်းမျဉ်းအခန်းကဏ္ဍကို တင်သွင်း အတည်ပြု လိုက်ပါတယ်။ အဲဒါပဲကြည့်တော့၊ နယ်ချဲ့ကအလျှော့ပေးလိုက်တဲ့နောက်မှာ ကရင်နီနယ်ကိစ္စဟာချောချော မောမောနဲ့ချက်ချင်း ပြီးစီးသွားပါတယ်။
- ဒီလိုနဲ့ပဲ နယ်စပ်ဒေသတစ်ခုလုံးဟာ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအထဲမှာ အပြည့်အစုံ ပါဝင်လာပါတယ်တော့တယ်။ စက်တင်ဘာလ (၂၄)ရက်နေ့မှာ အချောဆွဲထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းပြည်ပြုလွှတ်တော်ညီလာခံက တညီတညွတ် တည်းလက်ခံအတည်ပြုလိုက်ပါတယ်။ (စာမျက်နှာ ၄၆၃ -၄၆၄ -၄၆၅)
- ဒီခေါင်းစီးက (BBC) မြန်မာဝက်ဆိုဒ်မှာ (၆-၂-၂၀၁၉) ရက်နေ့က ဖော်ပြထားတဲ့ ခေါင်းစီးဖြစ်ပါတယ်။
BBC - ဖော်ပြချက် အပြည့်အစုံ ( https://www.bbc.com/burmese/burma-47124348)

0 comments:

Post a Comment