Friday, February 22, 2019

ကျွန်တော် ဘုံသမား ရေးသူ - မောင်နု (သခင်နု)

0 comments
ကျွန်တော် ဘုံသမား

ရေးသူ - မောင်နု (သခင်နု *1)
နေပါဦး ကိုစိန်၊ ခင်ဗျား ဘယ်လိုက ဘယ်နှယ် ဒီလို အဖြစ်မျိုး ရောက်လာတာလဲ
ဒါတွေပြောရင်တော့ ဆုံးမှာ မဟုတ်ဘူးဗျာ။ ဒီကနေ့ခင်ဗျားနဲ့ တိုင်ဝင်ချင်တဲ့ ကိစ္စတခု ရှိတယ်
ဟုတ်ကဲ့
မြန်မာပြည်မှာ လူဦးရေ ၁၄ သန်း ရှိတယ် မဟုတ်လား အဲဒီ ၁၄ သန်းထဲ လူတန်းစေ့အောင် မစားရတဲ့ လူဦးရေ ဘယ်လောက်ရှိမယ် ထင်သလဲ"
အင်း ဆိုစမ်းပါအုံး
ဒီ ၁၄ သန်း ထဲမှာ လူတန်းစေ့ အဝတ်မဝတ်ရတဲ့ လူဦးရေ ဘယ်လောက်ရှိမလဲ။ နာဖျား မကျန်းရှိလို့မှ လူတန်းစေ့ ဆေးဝါး မကုသရတဲ့ လူဦးရေ ဘယ်လောက်ရှိမလဲ။ ကျွန်တော့ ခန့်မှန်းခြေ အတိုင်းဆိုရင် ဒီလူစားတွေ အကုန်စုပေါင်းထားတဲ့ လူဦးရေဟာ အဖျင်းဆုံး ၁၂ သန်း လောက်တော့ ရှိမှာဘဲ။ *2
ဟုတ်ကဲ့ ဆက်စမ်းပါအုံး
လူဦးရေ ၁၄ သန်း ရှိတဲ့အနက် ၁၂ သန်း လောက် လူတွေ လူတန်းမစေ့ဘဲ နေရတာဟာ အစားအသောက် အဝတ်အစား ဆေးဝါးတွေကို ဝယ်နိုင်တဲ့ ပစ္စည်းအင်အား မြန်မာပြည်မှာ မရှိလို့လား။ ရှိပေတဲ့လဲ သည်ပစ္စည်းတွေကို ကျန် ၂ သန်း လောက်ရှိတဲ့ လူတစုက ချုတ်ချယ်သိမ်းပိုက်ထားလို့လား ဆိုတာ လေးလေးနက်နက်တွေးရမယ်။ အဲဒီလို လေးလေးနက်နက်တွေးလိုက်ရင် ထွက်လာတဲ့ အဖြေကတော့ လူ ၁၂ သန်း လူတန်းစေ့ မနေရတာဟာ ၂ သန်းလောက် လူစုက လူတန်းစေ့အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေကို လက်ဝါးကြီးအုပ်ထားလို့လားဘဲ ဆိုတာ ထွက်လာလိမ့်မယ်။ အဲဒီတော့ တခါထပ်ပြီး စဉ်းစားရလိမ့်အုံးမယ်။ ဒီတိုင်းပြည်အတွင်းမှာ ၂ -သန်းသော လူတစုက လူတန်းစေ့အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေကို ချုတ်ချယ်တဲ့ နည်းစံနစ်ဟာ မှန်သလား မှားသလားဆိုတာ ဆက်ပြီး စဉ်းစားရလိမ့်မယ်။ ဒီဟာကို ဆက်ပြီး စဉ်းစားလိုက်ရင် ဒီစံနစ်ဟာ မှားတယ်ဆိုတဲ့ အဖြေထွက်လာလိမ့်မယ်။ ဒီအဖြေရရင် ဒီမှားတဲ့ စံနစ်ကို ဘယ်လိုလုပ်ပြီး ပြင်ရမယ် ဆိုတာကို ဆက်ပြီး တွေးရလိမ့်မယ်။
လူ ၂-သန်းလောက်က လူ ၁၂-သန်းလောက်ကို လူတန်းမစေ့အောင် ချုတ်ချယ်ထားနိုင်တာဟာလဲ စင်စစ်သော လူ ၁၂ သန်းဟာ မစည်းလုံးမိသေးတာဟာဘဲ စင်စစ်သော ဒီလူ ၁၂-သန်းဟာ မသိနားမလည်ကြသေးလို့ဘဲ။ အဲဒီတော့ လူ ၁၂ သန်းလောက်ကို ၂ သန်းမျှလောက်သော လူတစုက လူတန်းမစေ့ရအောင် ချုတ်ချယ်ထားတဲ့ စံနစ်မှားကို မြန်မာပြည်က ပျောက်ကွယ်သွားအောင် လုပ်ကိုင်ကြရင် လူတန်းမစေ့တဲ့ လူ ၁၂ သန်း ကို သိနားလည်အောင် လုပ်ပေးကြရပေလိမ့်မယ်။
ဘာတွေ နားလည်အောင် လုပ်ပေးရမယ်ဆိုရင် ဒီလူ ၂ သန်းမှာရှိတဲ့ ပစ္စည်းတွေကို ခင်ဗျားတို့ကသာ ပေးရသောကြောင့် စင်စစ်မှာ ခင်ဗျားတို့သာလျှင် ဒီလူ ၂သန်း ချုတ်ချယ်သိမ်းပိုက်ထားသော ပစ္စည်းရှင်များ ဖြစ်ကြတယ်။ သို့ပေမဲ့ ခင်ဗျားတို့က မသိနားမလည်တဲ့အတွက် အလုပ်လုပ်ပေးရတော့ ခင်ဗျားတို့၊ စည်းစိမ်ခံစားစရာရှိတော့ သူတို့၊ ခင်ဗျားတို့မှာတော့ လူတန်းမစေ့တဲ့ ဘဝနဲ့ပဲ တင်းတိမ်မြဲ တင်းတိမ်နေကြရတာဘဲ။ ခင်ဗျားတို့ သိနားလည်လာတဲ့ တနေ့မှာ ခင်ဗျားတို့ စုရုံးမိကြပေလိမ့်မယ်။ အဲဒီလိုစုရုံးမိတဲ့နေ့မှာ သူတို့လက်ထဲရှိတဲ့ ပစ္စည်းတွေဟာ ခင်ဗျားတို့လက်ထဲရောက်လာလိမ့်မယ်။ သူတို့မော်ချင်တိုင်းမော် ပျော်ချင်တိုင်းပျော်နေတဲ့ ပစ္စည်းတွေဟာ ခင်ဗျားတို့ကိုယ်ကို ခင်ဗျားတို့ လူတန်းစေ့နေနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်ဟူသော အသိဉာဏ်များကို ဒီလူ ၁၂ သန်းစလုံးရဲ့ ဦးနှောက်ထဲ သံမှိုနဲ့ ရိုက်သွင်းထားသလိုနေအောင် လုပ်ပေးရလိမ့်မယ်။ အဲဒီလိုလုပ်ပေးပြီးတဲ့နေ့မှာ မှားနေတဲ့စနစ်ကြီးဟာ ကျွန်တော်တို့ပြည်မှ တပါတည်းပျောက်ကွယ်၍ သွားရမှာဘဲ၊
ကျွန်တော်ကတော့ သည်းမခံနိုင်ဘူး။ ကျွန်တော်မှန်တယ် ထင်တဲ့ဟာကို လုပ်တော့မှာဘဲ။ အဲဒါကိုနု ကူမလား၊ ကူနိုင်ပမလား။ ဒီကနေ့ ကိုနုတို့ကို ဒီကိုခေါ်လာတဲ့ အကြောင်းကတော့ ဒါပြောချင်လို့ဘဲ။ ဘယ်နဲ့လဲ ပါမယ် မဟုတ်လား။
ခင်ဗျားဟာ ရုရှားဘုံဝါဒဘဲ
ခင်ဗျား ယုံချင်လဲ ယုံတော့ ရုရှားပြည်နဲ့ ဘုံဝါဒအကြောင်းဆိုတာလဲ သတင်းစာထဲလောက်မှာသာ ဘတ်ဘူးတာဘဲ။ ကျုပ် ရုရှားပြည်မှာ ဘာဖြစ်နေတာကို ဂရုမစိုက်ဘူး။ ဗမာပြည်မှာ စံနစ်မှန်ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုသာ ဂရုစိုက်တယ်။
ကျွန်တော်လဲ ကွန်မြူနစ်ဇင်၊ ဆိုရှယ်လစ်ဇင်ဆိုတဲ့ ဝါဒတွေကို နံမည်လောက်သာ ကြားဘူးတာဘဲ။ သေသေချာချာတော့ မဘတ်ပါဘူး။ အင်း ... တခါတလေ ဘတ်ဘူးတဲ့ မိတ်ဆွေများက ပြန်ပြောတဲ့အခါ နဲနဲပါးပါး ကြားရပါရဲ့။ ဒီစာအုပ်တွေကို နည်းနည်းပါးပါးလောက်တော့ သဘောသိရအောင် ဘတ်ထားဘို့ မိတ်ဆွေများက ပြောကြပါရဲ့။ သို့ပေမဲ့ ကွန်မြူနစ်ဇင် ဆိုရှယ်လစ်ဇင်ဆိုတဲ့ဝါဒတွေဟာ ဘာသာတရားကို ပစ်ပယ်တယ်ဆိုတာ ကြားရတော့ ဒီစာအုပ်တွေကို ဘတ်ကို မဘတ်ရဲဘူးဗျ။ ဗုဒ္ဓဘာသာတရားတော်ဟာ တရားစစ်တရားမှန်ပေတဲ့ လူတိုင်းယုံကြည်နိုင်တဲ့ တရား မဟုတ်ဘူး။ ပါရမီရှိသူများသာ ယုံကြည်နိုင်တဲ့တရားဗျ။ ပါရမီကလေး ရှိလို ဒီဘဝမှာ လူဖြစ်ရတာတောင် လူရိုးရိုး မဖြစ်ဘဲ ဗုဒ္ဓဘာသာတရားတော်ကြီးကို ယုံကြည်သက်ဝင်တဲ့လူ ဖြစ်ရတာ၊ အဲဒီတော့ ဒီစာအုပ်တွေကို ဘတ်မိရင် ပုထုဇဉ်တို့ သဘောဆိုတာ အခက်သားဗျ၊ စိတ်ပြောင်းချင် ပြောင်းသွားမှာ အဲဒီလို ပြောင်းသွားရင် ပါရမီရှိလို့ တွေ့နေရတဲ့ ဗုဒ္ဓဘာသာကြီးကို စွန့်မိမှာ အကြောက်ကြီး ကြောက်ပြီး ၊ ဒီစာအုပ်တွေကို မဘတ်ဘဲ နေတာဘဲ။
ကဲဗျာ ဒါတွေထားပါတော့ ဒီဝါဒတွေကို ကျွန်တော်လဲ နားမလည်ပါဘူး။ ကျွန်တော်ပြောတဲ့ စံနစ်မှန်ဟာ မြန်မာပြည်မှာ တည်အောင် ကူမလား။
ဒီလိုရှိတယ်ဗျ၊ ဒီဓနရှင်တွေကလဲ ခင်ဗျားပြောသလိုဘဲ ဆိုးပါတယ်။ သို့ပေမဲ့ ဒီဓနရှင်တွေကို ပျက်စီးဘို့ကို လုပ်ဘို့ မပြောထားနဲ့၊ ဒင်းတို့ ပျက်စီးပါစေဆိုတဲ့ စိတ်ကိုတောင် မမွေးရဘူးလို့ ဘုရားကိုယ်တော်မြတ်ကြီး ဟောခဲ့တယ်။ အဲဒီတော့ ကိုစိန်ပြောတဲ့ စံနစ်မှန်ဆိုတာကို မြန်မာပြည်မှာ တည်အောင်လုပ်ရရင် ဘုရားကိုယ်တော်မြတ်ကြီးအလိုနှင့် ဆန့်ကျင်ဘက်ကျနေမှာဘဲ။
ကိုနုရေ ... ရှေမနေနဲ့ဗျာ။ ကျွန်တော်ပြောတဲ့ စံနစ်မှန်ကို ခင်ဗျားလုပ်မလား မလုပ်ဘူးလား။
မလုပ်ဘူး
ဘာဖြစ်လို့
ဘုရားအလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်လို့
ခင်ဗျားတို့ အတော်ကြပ်တဲ့လူဘဲ (ဒေါသနှင့်) ခင်ဗျား ဘယ်တော့မှ ဘုရားအလိုကို မဆန့်ကျင်ဘူးလား။ ဘုရားက အိမ်ထောင်ခြင်း၊ သားမွေးခြင်းဆိုတဲ့ ရွာသူတို့ရဲ့ အလုပ်ဟာ အင်မတန်ယုတ်တဲ့ တရားလို့ ဓမ္မစကြာထဲမှာ အတိအလင်း ဟောသေးတယ် - ဒီအလိုကို ဆန့်ကျင်ပြီး ခင်ဗျားတို့ မယားတွေ ယူတယ်၊ သားသမီးတွေ မွေးခဲ့ကြတယ်။ ခုသာ မွေးရုံမကဘူး၊ နောင်လဲ မွေးကြအုံးမှာဘဲ။ ဒီတော့ ခင်ဗျားတို့ဟာ ဘုရားအလိုတော်ကို ခုသာ မဟုတ်ဘူး၊ နောင်လဲ ဆန့်ကျင်မယ်ဆိုဒါ ဖြစ်မနေဘူးလား။ ဒီတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ လုပ်ချင်ဒါဆိုရင် ဘုရားအလိုတော်နဲ့ ဆန့်ကျင်ပေစေ လုပ်မယ်။ မကြိုက်တာဆိုရင် ဘုရားအလိုနဲ့ ဆန့်ကျင်လို့ မလုပ်ချင်ဘူးလို့ ဆင်ခြေဆင်လက်တွေ ပေးတယ်။ ကျွန်တော် မလုပ်ရဲဘူးလို့ ခပ်ရဲရဲပြောပါဗျ။ ဘုရားကိုယ်တော်မြတ်ကြီးကို လွှဲမချနေပါနဲ့။
လူ ၁၂ - သန်း ရဲ့ ဝဝစားရမှု၊ လူတန်းစေ့ အဝတ်ဝတ်ရမှု၊ အသက်ရှည်မှု၊ စိတ်ချမ်းသာမှုကို ခင်ဗျား လေးလေးနက်နက် စဉ်းစားပါ။
ဘုရားအလိုနဲ့ ရှေးဦးစွာ ဆန့်ကျင်တာကတော့ ခင်ဗျား ခုတင်က ပြောသွားတဲ့ ဘာဆိုလဲ ဓနရှင် ဟုတ်လား၊ အင်း အဲဒီ ဓနရှင်တွေဘဲ၊ ဘယ်လိုဆန့်ကျင်သလဲ သိလား၊ ဘုရားကိုယ်တော်မြတ်က လောဘ,ဒေါသ,မောဟတို့သည် သံသရာကြီးထဲတွင် ကျင်လည်အောင် လုပ်တတ်တဲ့ သဘောရှိလို့ ဒီမီးတွေကို သေအောင် သတ်နိုင်ရင် သတ်၊ မသတ်နိုင်သေးရင်လဲ ဒီမီးတွေကို ပါးနိုင်သလောက် ပါးရမယ်လို့ ဟောကြားပစ်ခဲ့တယ်။ ဒီဓနရှင်တွေက ဒါ ငါ့လယ်တွေ၊ ဒါ ငါပစ္စ္စည်းတွေဆိုပြီး လောဘမီးတွေကို ထင်းထိုးပေးနေကြတယ်။ လောဘဆိုတဲ့ အရင်းခံ တဏှာဟာ ကြီးလာပြီဆိုမှဖြင့် ဒေါသ,မောဟ ဆိုတဲ့ တဏှာတွေကော ရောက်မလာကြတော့ဘူးလား။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တဏှာမီးတွေကို သတ်ဘို့ဟောတယ်။ ဓနရှင်တွေက တဏှာမီးတွေကို မွှေးပေးနေတယ်။ စင်စစ်မှာ ဆိုရင် ဓနရှင်တွေသာ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေကြဒါ။
ဒီပစ္စည်းတွေကိုယူပြီး ဘုံပစ္စည်းလုပ်လိုက်ရင် ငါ့လယ် - ငါ့ငွေ - ငါ့ပစ္စည်း စွဲလမ်းစရာမရှိလို့ ထင်းမရှိတဲ့ မီးဟာ ငြိမ်းသွားရသလိုဘဲ၊ လောဘမီးရဲ့ ထင်းနဲ့ တူတဲ့ ငါ့ပစ္စည်း - ငါ့ငွေ-ငါ့လယ်တွေ မရှိရင် ဒီလောဘမီးတွေလဲ ငြိမ်းရမယ် မဟုတ်လား။ မငြိမ်းနိုင်သေးရင်လဲ မီးတောက်သေးရမယ် မဟုတ်လား။ ဒီတော့ ဘုံပစ္စည်းဖြစ်အောင် လုပ်ပေးနိုင်တဲ့ လူတွေဟာ ဘုရားအလိုတော်ကျ ဖြစ်အောင် လုပ်ပေးတဲ့လူ၊ ဘုံပစ္စည်းဖြစ်အောင် လုပ်ပေးတဲ့စံနစ်ဟာလဲ ဘုရားအလိုတော်ကျဖြစ်တဲ့ စံနစ်လို့ ဆိုရင် မှားမလား။
နောက်ပြီး အဘိဇ္ဈာဆိုတဲ့ စိတ်ကို မမွေးနဲ့ ဆိုတာ ဟုတ်ပါတယ်။ ခင်ဗျားကို ဥပမာတခုနဲ့ ပြမယ်။ ကျားကို မကြောက်ကြနဲ့လို့ မောင်းခတ်ထားတယ်။ သို့ပေမဲ့ မြို့ထဲမှာ ကျားတွေ လမ်းလျှောက်နေတာကို မြင်ရရင် မြင်ရတဲ့ လူတွေ မကြောက်ဘဲ နေမလား၊ ဒီကျားတွေကို ဖျောက်ဖျက်ပစ်လိုက်ရင် ကြောက်စရာကျားတွေ မရှိတဲ့အတွက် ကြောက်တဲ့လူတွေ ရှိကြအုံးမလား။ လူတယောက်ဟာ သိပ်ချမ်းသာနေတယ်။ လူတယောက်ဟာ သိပ်ဆင်းရဲနေတယ်။ ထုံးစံအတိုင်း ဆင်းရဲတဲ့လူက ချမ်းသာတဲ့လူအပေါ်မှာ အဘိဇ္ဈာစိတ်ထားဘဲ၊ ဒီအကောင့်ပစ္စည်းတွေ ငါဘဲရပါတော့ ဆိုတဲ့ စိတ်မွေးမှာဘဲ။ သို့ပေမဲ့ ဘုံပစ္စည်းလုပ်ပစ်လိုက်တဲ့အခါမှာ ဘယ်ဆင်းရဲသားလဲ မရှိ၊ ဘယ်ဓနရှင်လဲ မရှိလို့ ဘယ်အဘိဇ္ဈာစိတ်ကော ပေါ်နိုင်ပါအုံးမလား၊ အဘိဇ္ဈာစိတ်ပျောက်သွားတယ်ဆိုရင် လုံးလုံးမပျောက်တောင် နဲသွားတယ်ဆိုရင် ကျွန်တော် ပြောတဲ့စံနစ်ဟာ ဘုရားအလိုတော်ကျ စံနစ် မဖြစ်နိုင်ဘူးလား။ "
ချမ်းသာတယ် ဆင်းရဲတယ်ဆိုဒါတော့ ကုသိုလ်၏ ဖန်တီးမှုဘဲလို့ ဘုရားကိုယ်တော်မြတ်ကြီးဟ ဟောခဲ့တယ်။ ကိုစိန်ရဲ့ ဘဝသံသရာက ဒါနမျိုးစေ့ချခဲ့တာကြောင့် ယခုမျက်မှောက်မှာ လာပြီး ချမ်းသာကြရတာ၊ ဒီတော့ ယခုဘဝမှာ ဆင်းရဲကြရဆိုရင် ထိုဘဝသံသရာက ဒါနမျိုးစေ့ မချခဲ့လို့ဘဲ မဟုတ်လား။ ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော်လဲ ဆင်းရဲနေဒါဘဲ။ သို့ပေမဲ့ ကိုယ့်ဒါနမျိုးစေ့ မရှိလို ဆိုပြီး သည်းခံနိုင်တယ်။ နိဗ္ဗာန်မရသေးမီ ဘဝဆက်တိုင်း ချမ်းသာအောင်ဆိုပြီး ဒါနမျိုးစေ့ကို အခွင့်ရတိုင်း စိုက်ပျိုးတယ်။ နောက်ပြီးတော့ -
ကဲကဲ- နားလည်ပြီ ဒီလောက်ဆို တော်ပြီ ကိုနု ဆင်းရဲတာ ချမ်းသာတာ ကုသိုလ် အကုသိုလ်၏ ဖန်တီးမှုဘဲလို့ ဘုရားကိုယ်တော်မြတ်ကြီး ဟောတယ်ဆိုပြီး ခင်ဗျားပြောတယ် မဟုတ်လား။ ဒါကို ကျွန်တော်လဲ ယုံတယ်။ ငြင်းစရာ မရှိ။ ဘုရားက ဒါဘဲ ဟောပစ်ခဲ့သလား။ ဘုရားကိုယ်တော်မြတ်ကြီးက ဟေ့ သူဌေးတွေ၊ မင်းတို့ ချမ်းသာတာဟာ ဟိုဘဝက ဒါနမျိုးစေ့ချခဲ့လို့ဘဲ၊ ဒါကြောင့် မင်းတို့ ချခဲ့တဲ့ မျိုးစေ့ရဲ့ အသီးအနှံတွေကို မင်းတို့ မိန်မိန်ရှက်ရှက် သုံးနေကြတော့၊ ဆင်းရဲသားတွေကလဲ ဒါနမျိုးစေ့ မချခဲ့မိလို့ ဆင်းရဲရတာ ဖြစ်သမျှကိုဘဲ သည်းခံကြတော့လို့ ဒါဘဲဟောပစ်ခဲ့သလား။ ဒီကုသိုလ် အကုသိုလ်တွေကြောင့် သံသရာကြီးထဲမှာ လယ်ရတယ်။ ဒီသံသရာကြီးထဲမှာ လယ်ရလို့ ပဋိသန္ဓေနေခြင်း ဒုက္ခ၊ အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သေခြင်း ဒုက္ခ၊ ချစ်တဲ့လူတွေနဲ့ ကွဲရတဲ့ ဒုက္ခ၊ မချစ်တဲ့လူတွေနဲ့ ပေါင်းသင်းရတဲ့ ဒုက္ခ ဆိုတဲ့ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့ကြမယ်။ ဒီဒုက္ခတွေက လွတ်ချင်ရင် ဒီကုသိုလ် အကုသိုလ်တွေကို စွန့်နိုင်တဲ့ မဂ်တရားရအောင် အားထုတ်ကြ၊ ဒီလိုအားထုတ်မှသာ ငါဘုရား၏ အလိုတော်ဖြစ်တယ်လို့ကော ဘုရားကိုယ်တော်မြတ်ကြီး မဟောခဲ့ဘူးလား။
ဒီတော့ ကုသိုလ်ကြောင့် ချမ်းသာတယ်ဆိုတာဒင် ရပ်ထားပြီး ကုသိုလ်ကြောင့် ဒုက္ခတွေအမျိုးမျိုး တွေ့ရတယ်။ ဒီဒုက္ခတွေ မတွေ့အောင် ဒီကုသိုလ်ကိုလဲ စွန့်ရမယ်ဆိုတဲ့ အယူအထိ ဆက်မယူတာ သူဌေးတွေရဲ့ အလိုတော်ဗျ၊ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အလိုတော် မဟုတ်ဘူး။ ဓနရှင်အယူဝါဒဗျ။ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အယူဝါဒမဟုတ်ဘူး
စင်စစ်တော့ ဒီဓနရှင်တွေဆိုတာ ဘုရားကိုယ်တော်မြတ်ကြီး ဟောပစ်ခဲ့တဲ့ တရားတွေကို သူတို့ရဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ပစ်နေကြတာပဲ။ ဒါကြောင့် ကျွန်တော့လိုဘဲ ဘုံဝါဒကို နှစ်ခြိုက်နေတဲ့ လူတစုကတောင် ဘာသာတရားဆိုတာ ဘယ်ဘုရားရဲ့ ဘာသာတရားဖြစ်ဖြစ် သူဌေးတွေကိုသာ ကာကွယ်တဲ့ ဘာသာတရားဖြစ်လို့ လူအများစုဖြစ်တဲ့ ဆင်းရဲသားတွေ ချမ်းသာချင်ရင် ဘာသာတရားကို အကုန်ပယ်ရမယ်လို့ ပြောကြကုန်ပြီ။
အခု ဒီလောက်ဖြစ်နေရင် နောက်ဒီထက်ထိ ဆင်းရဲတဲ့ လူတွေက ဆင်းရဲငတ်ပြတ်ပြီး ချမ်းသာတဲ့ လူတွေကလဲ သိပ်နှိပ်ပြီး ချမ်းသာကုန်ကြရင် ရတနာသုံးပါးကို လူတွေဟာ ဒါထက် ပစ်ပယ်ကြလိမ့်အုံးမယ်။
စင်စစ်မှာတော့ ဘာသာတရားက ဓနရှင်တွေကို ကာကွယ်တာ မဟုတ်ဘူး။ ဓနရှင်တွေကသာ သူတို့ကို ကာကွယ်အောင် ဘာသာတရားကို အလွဲသုံးစားလုပ်တာ။ သည့်ပြင် ဘာသာတရားတွေကိုတော့ ကျွန်တော်လဲ နားမလယ်လို့ မပြောတတ်ဘူး။ ဗုဒ္ဓဘာသာတရားကိုတော့ ဓနရှင်တွေ အလွဲသုံးစားလုပ်နေတာ အမှန်ဘဲ။
အဲဒီတော့ ကိုနုက ဘုရားကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးတော်ဟာ အနန္တရှိတယ်ဆိုတာကို ခင်ဗျားယုံကြည်ရင် ဘုရားကိုယ်တော်မြတ်ကြီးကို ကျေးဇူးပြန်ဆပ် အကောင်းလုပ်ပါ။ ရတနာသုံးပါးကို ကြည်ညိုနေတဲ့ လူတွေ နည်းပါးအောင် ကိုယ်ကျိုးအတွက် ဘာသာတရားတော်ကြီးကို အလွဲသုံးစားလုပ်နေတဲ့ ဓနရှင်စံနစ်ကို အမြစ်ကပါ သုတ်သင်ပစ်ဘို့ဘဲ။
ရတရာသုံးပါးကို ကြည်ညိုနေတဲ့ လူတွေ နည်းပါးတယ်ဆိုတဲ့ စကားကို ပြောလို့ ရတနာသုံးပါးကို ကြည်ညိုနေပေတဲ့လဲ မဆည်းကပ်တဲ့ လူတွေရဲ့ အကြောင်းကို ပြောရအုံးမယ်။
အူမ,တောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ စကားကို ကြားဘူးတယ် မဟုတ်လား။ အဲဒီတော့ လူတွေဟာ ဒါလောက်ငတ်ပြတ်ပြီး တနေ့ထက် တနေ့ အလျင်မှီအောင် ရှာဖွေရ လုပ်ရ ကိုင်ရနဲ့ ရတနာသုံးပါးကို ဆည်းကပ်ဘို့ စိတ်နဲ့ လူနဲ့ အားပါအုံးမလားလို့ ငတ်လေ သာပြီး မအားလေဘဲ။ ကျွန်တော့ကို ကြည့်လေ။ ဒီအသက်နဲ့ ဒီကိုယ်မြဲအောင် တလုပ်တခဲ ရပါမဲ့အကြောင်း ဝီခေါ်နေအောင် ရှာနေရတော့ ရတနာသုံးပါးဆိုတာ ဘယ်အနားနေမှန်း မသိတာ ဘယ်လောက်ကြာပြီလဲဆိုတာ မပြောနိုင်တော့ဘူး။
လောကနီတိဆရာကလဲ ဆိုထားတယ် မဟုတ်လား။ စိတ်ချမ်းသာမှ ကောင်းမှုပြုနိုင်မယ်လို့ ဒီငတ်နေတဲ့ လူတွေဟာ ဘယ်မှာသွားပြီး စိတ်ချမ်းသာနိုင်ပါ့အုံးမလဲ။ စိတ်မချမ်းသာကြရင် ဘုရားကိုယ်တော်မြတ်ကြီး အလိုတော်ကျဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်နိုင်ပါအုံးမလဲ။
ကျွန်တော်ပြောတာ မှန်မမှန်ကို ဘယ်မှာမှ သွားကြည့်မနေနဲ့။ ဥပုသ်သီတင်းနေ့ ကျောင်းတို့ ဇရပ်တို့မှာ လိုက်ကြည့်၊ ကြည့်ပြီးတော့ ရှေ့မှီနောက်မှီ လူကြီးတွေကို မေး၊ တရာမေးရင် တရာလုံးက ရှေ့ကလောက် ဥပုသ်ဇရပ်တွေမှာ လူတွေ မစည်ဘူးလို့ ပြောလိမ့်မယ်။ ဒါ ဘာဖြစ်လို့လဲ။ ရှေ့က လူတွေဟာ စားနိုင်သောက်နိုင် ချောင်ချောင်ချိချိ ဆိုတော့ တရားအားထုတ်ဘို့ စိတ်လဲ အားတယ်၊ လူလဲ အားတယ်၊ ခုအခါဆိုတော့ တနေ့နဲ့ တနေ့ အလျင်မှီအောင် မသေရုံကလေး စားရအောင် ပြေးလွှားနေရတော့ ဘယ်မှာ စိတ်အားလူအား ရှိနိုင်ပါ့မလဲ။
ဒီတော့ ဓနရှင်စံနစ်ဟာ ဘယ်လောက်ဆိုးသလဲ ဆိုတာ ကိုနုတွေ့ပြီ မဟုတ်လား။အချို့လူတစုကို ဘာသာတရားကို ပစ်ပယ်အောင် ဒီ ဓနရှင်စံနစ်က လုပ်ခဲ့တယ်။ ကြည်ညိုနေတဲ့ လူများကိုလဲ ရတနာသုံးပါးကို မဆည်းကပ်အောင် ဒီဓနရှင်စံနစ်ကဘဲ လုပ်ပေးပြန်တယ် မဟုတ်လား။
ဘုံပစ္စည်းလုပ်လိုက်ရင်, အားလုံးလူတွေ လူတန်းစေ့ ဝတ်စား နေထိုင်ကြရလို့ အားလုံးလူတွေ စိတ်ချမ်းသာကြလိမ့်မယ်။ အားလုံးလူတွေ စိတ်ချမ်းသာကြတော့ ဒီလူတွေဟာ ရတနာသုံးပါးကို ဆည်းကပ်နိုင်ကြလိမ့်မယ်။
ခုနေအခါ စားရမဲ့သောက်ရမဲ့ ဖြစ်ကြလို့ လူတွေဟာ ခိုးဝှက်တိုက်ခိုက်ခြင်းဆိုတဲ့ အကုသိုလ် ဒုစရိုက်တွေကို ကျူးလွန်ကြရင် ဘုံပစ္စည်းလုပ်လိုက်တဲ့ အခါ ဘယ်သူ့ပစ္စည်းမှလဲ ခိုးစရာ တိုက်စရာမရှိတဲ့ အတွက် ခိုးမှု,တိုက်မှုဆိုတဲ့ ဒုစရိုက်တရားတွေလဲ တိုင်းပြည်အတွင်းမှာ ပပျောက်ကုန်ကြမှာဘဲ။
ဒီတော့ ဓနရှင်စံနစ်ရှိတဲ့ အတွက် လောဘမီး,ဒေါသမီး,မောဟမီးတွေ တဟုန်းဟုန်းတောက် ပြင်းလာတယ်။ အဘိဇ္ဈာစိတ်တွေ လွှမ်းမိုးနေတယ်။ ဘာသာတရားကို ပစ်ပယ်တဲ့ လူဦးရေတိုးလာတယ်။ ဘုရား,တရား,သံဃာ, ရတနာမြတ်သုံးပါးကို ကြည်ညိုပေတဲ့လဲ မဆည်းကပ်ကြတဲ့ လူတွေများလာတယ်။ တိုင်းပြည်အတွင်းမှာ စိတ်မချမ်းသာတဲ့ လူတွေ များမယ်။ ခိုးမှု တိုက်မှုဆိုတဲ့ ဒုစရိုက်တရားတွေ များလာရမယ်။
ဘုံစံနစ်ရှိရင် ဘာဖြစ်မလဲ၊ လောဘ,ဒေါသ,မောဟ မီးတွေ တခါထဲ ငြိမ်းမသွားတောင် မီးအားသေးရမယ်။ အဘိဇ္ဈာစိတ်တွေ တခါထဲ ကုန်မသွားတောင် အဘိဇ္ဈာစိတ်တွေ နည်းရမယ်။ ဘာသာတရားကို ကြည်ညိုတဲ့ လူဦးရေ တိုးလာမယ်လို့တော့ အမှန်မပြော နိုင်ဘူး။ သို့ပေမဲ့ ကြည်ညိုနေတဲ့ လူတိုင်းတော့ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ကြရလိမ့်မယ်။ ကိုယ့်ဝမ်းစာအတွက် အလုအယက် တိုက်ခိုက်ပြီး မစားရတဲ့ အတွက် တယောက်နဲ့ တယောက်ကိုလဲ ပိုမိုရင်းနှီး ချစ်ခင်လာကြလိမ့်မယ်။ ရန်အဖြစ် နဲမယ်။ လူတန်းစေ့ စားရသောက်ရလို့ လူတွေ ပိုပြီး စိတ်ချမ်းသာလာလိမ့်မယ်။ အလုအယက် အတိုက်အခိုက်ဆိုတဲ့ ဒုစရိုက်တွေလဲ တိုင်းပြည်အတွင်းမှာ နဲသွားလိမ့်မယ်။ "
ထိုအတွင်း အသက် ၇၀ - အရယ်လောက်ရှိသော အမေကြီးတဦး နှမ်းပစ်မုန့်များ ထည့်ထားသော ဘမ်းကို ရွက်၍ သူ့ကိုယ်ကို မနိုင်တနိုင်နှင့် သယ်ယူကာ လမ်းလျှောက်ရင်း နှမ်းပစ်- နှမ်းပစ်ဟု ဟစ်အော်သွားသံကို ကြားရလေ၏။ ကိုစိန်သည် ထိုအမေကြီးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် (သက်မချ၍) --
ကြည့်စမ်း - ကိုနု၊ ဒီသေခါနီး အမယ်ကြီးဟာ ထမင်းတလုပ်အတွက် သေပြေး - ရှင်ပြေး အလုပ်-လုပ်နေ ကြရသေးတယ်။ ဒီဓနရှင်တွေဟာ ကိုယ်သုံးနိုင်ဒါထက် ပိုနေတဲ့ ပစ္စည်းတွေကို မှိုတက်ခံပြီး လှောင်ထားတော့ ဒီလောက်အရွယ် အမယ်ကြီးတွေ အဘိုးကြီးတွေ လဲ အခုအထိ ပြေးလွှားနေရသေးတာပေါ့။ "
လှောင်ထားဆို ဒီလိုရှိသေးတာကိုး။ အသက်က ဘယ်လောက်အထိ နေကြရမယ်ဆိုဒါ မသိကြတော့ တသက်မှာ တင့်တင့်တယ်တယ် နေသွားနိုင်အောင် လှောင်ထားရတော့ ဒါဘဲ။ ဒါမှမကသေးဘူး၊ မိဘတွေ သေသွားပြန်ရင်လဲ သူတို့ရဲ့ သားသမီးတွေ တင့်တင့်တယ်တယ် နေထိုင်စားသောက်သွားနိုင်အောင် လှောင်ထားရတာဘဲ ကိုစိန်ရဲ့။
အဲဒါ ဒီလူတွေ မှားဒါဘဲ။ ချမ်းသာတဲ့လူတွေ သောက်သောက်လဲ ချမ်းသာရင်းက ကုန်းကောက်စရာ မရှိအောင် မွဲသွားကြဒါတွေ၊ ခင်ဗျားတို့ မျက်စိအောက်မှာ တပုံကြီး မဟုတ်လား။ သားသမီးဆိုဒါတော့ မပြောနဲ့လေ။ ပိုက်ဆံချမ်းသာတဲ့ မိဘတွေ သေပြီး သားသမီးတွေ ငတ်နေတာ ပြည့်လို့ မဟုတ်လား။ ဘုံပစ္စည်းစံနစ်ရှိနေရင် ငါ့ပစ္စည်း ပျက်စီးများသွားမလားလို့ ပူနေရတဲ့ သောကလဲ ပျောက်မယ်။ သူ့တသက် မဟုတ်ဘူး။ သူ့သားသမီး မြေးမြစ် တသက်ကို ရောက်ပစေ ဘုံစနစ်ရှိသ၍ ဘယ်သူမှ မစားရမှာ မစိုးရိမ်ရ၊ မဝတ်ရမှာ မစိုးရိမ်ရဘူး မဟုတ်လား။
အဲဒီတော့ ကိုနု - ခင်ဗျား ဘုံစံနစ်ကို သဘောကျပြီ မဟုတ်လား။ ဒီစံနစ် မြန်မာပြည်မှာ တည့်အောင် ကျွန်တော်တို့ လူစု လုပ်နေတယ်။ ခင်ဗျားရဲ့ အကူအညီလဲ လိုချင်တယ် ပေးမလား။
ဆင်းရဲသားတွေ ချမ်းသာအောင် လုပ်ပေးချင်တာနဲ့ ဓနရှင်တွေကို ဖျောက်ဖျက်ပစ်ရမယ်ဆိုတာ မတရားဘူး ထင်တယ် ကိုစိန်
ဆင်းရဲသားတွေ ချမ်းသာအောင် လုပ်ပေးချင်တာနဲ့ ဆိုတဲ့ စကားကို မသုံးပါနဲ့။ ခုပြောခဲ့တာတွေကိုလဲ ခင်ဗျားကြားခဲ့ပြီးပြီ။ ဒီတော့ ဆင်းရဲသားတွေချမ်းသာအောင် လုပ်ပေးချင်တာနဲ့ ဆိုတဲ့ စကားအစား လောကကြီးနဲ့ သာသနာတော်ကြီးရဲ့ အကျိုးစီးပွားအတွက် ဓနရှင်စံနစ်ကို ဖျောက်ဖျက်ပစ်ရမယ်ဆိုရင် ခင်ဗျားစကားဟာ သာပြီး မှန်မှာဘဲ။
တရားတယ် မတရားဘူးဆိုတာတော့ မပြောနဲ့။ ကျွန်တော်တို့ ဘုရားအလောင်းဟာ ဂဏန်းလက်မ ဖြစ်စဉ်က သူ့မိတ်ဆွေပုဏ္ဏားရဲ့ မျက်စေ့ကို စားချင်တဲ့ ကျီးကန်းနဲ့ ကျီးကန်းရဲ့ မိတ်ဆွေ မြွေရဲ့ လည်ပင်းတွေကိုတောင် လောကကြီး အကျိုးစီးပွားအတွက် ဖြတ်ပစ်လိုက်သေးတာ နိပါတ်တော်ထဲမှာ အထင်အရှားဘဲ မဟုတ်လား။ ကျီးကန်းနဲ့ မြွေရဲ့ လည်ပင်းကို ဖြတ်တာတော့ ကျီးကန်းနဲ့ မြွေရဲ့ ဘက်က ကြည့်ရင် မတရားဘူးပေါ့။ သို့ပေမဲ့ သူတို့ကို မသုတ်သင်လိုက်ရင် နောက်ကို လူတွေ တိရစ္ဆာန်ရဲ့ အကျိုးစီးပွားပျက်စီးအောင် ဒီကျီးနဲ့ ဒီမြွေ ၂ ကောင်ပေါင်းပြီး လုပ်နေမှာဘဲ မဟုတ်လား။ ဒီလိုလုပ်မှာစိုးလို့ ဘုရားအလောင်းကိုယ်တိုင်ဘဲ သုတ်သင်ပစ်လိုက်ရတယ် မဟုတ်လား။ နိပါတ်တော်ထဲမှာ ရှာရင် ဒါမျိုးတွေ ပြည့်နေမှာဘဲ။
အဲဒီတော့ ဆင်းရဲသားတွေ ချမ်းသာအောင် မလုပ်ချင်နေ လောကကြီးအတွင်းမှာ ခိုးမှု၊ တိုက်မှု ဒုစရိုက်တွေ ပပျောက်အောင် ခင်ဗျားမလုပ်ချင်ဘူးလား။ အဘိဇ္ဈာစိတ်တွေ ပါးကုန်အောင် မလုပ်ချင်ဘူးလား။ ကြည်ညိုသူတိုင်း ရတနာသုံးပါးကို ဆည်းကပ်နိုင်အောင် ခင်ဗျား မလုပ်ချင်ဘူးလား။ ဗြဟ္မစိုရ်တရားတွေ တလောကလုံး ပြန့်ပွားအောင် ခင်ဗျား မလုပ်ချင်ဘူးလား။ လောဘမီး-ဒေါသမီး-မောဟမီးတွေ ပါးရှားအောင် ခင်ဗျား လုပ်မပေးချင်ဘူးလား။
အဲဒါတွေ လုပ်ချင်ရင် ဘုံစံနစ်ကို လုပ်ပေတော့။ ဘုံစံနစ်ကလွဲလို့ ဒီလောကကြီးထဲမှာ ဒီဟာတွေကို လုပ်ပေးနိုင်တာ မရှိတော့ဘူး။ "
ကိုစိန်၏ စကားများသည် ကျွန်တော့အား စိတ်ဝင်စားရုံသာမက များစွာနှစ်သိမ့်စေ၏။ ဘုံဝါဒသည် ဘုရားဝါဒနှင့် ဆန့်ကျင်သည်ဟု ရှေးက ထင်ခဲ့မိသောကြောင့်၊ စစ်ဆေးခြင်း မပြုဘဲ ဘုံဝါဒကို ရှောင်ရှားခဲ့၏။ ယခုမူကား လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး သတ္တဝါတွေ၏ အကျိုးစီးပွားအတွက် ပါရမီဖြည့်ခဲ့ပြီး ကျေးဇူးတော်အနန္တနှင့် ပြည့်စုံတော်မူသည့် ဘုရားကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကို ဆပ်လိုလျှင် ဘုံဝါဒကို တည်မြဲအောင် လုပ်မှပင် ဖြစ်ရတော့မည်ဟု စိတ်ထဲ အတော်လှုပ်ရှားသွားလေသည်။ ဘုရားကိုယ်တော်မြတ်ကြီးသည် ၄၅ -ဝါ ပတ်လုံး သက္ကာယဒိဌိကို ပယ်ရန် ဟောပြောခဲ့၏။ ဘုံဝါဒသည် ထိုဒိဌိကို ပယ်ရန် ပဌမ စခမ်း ဖြစ်သည်ကို တွေ့ရ၏။
ကျွန်တော်၏ အယူအဆတို့မှာ တမျိုးပြောင်းလဲလာသည်ကိုလည်း အနည်းငယ်ခံစားစပြုလာလေ၏။
ကျွန်တော်၏ ရှေ့တွင်ရှိသော ခလေးအလောင်းသည်လည်း တစတစ ညိုမဲ၍ လာလေ၏။ ၎င်းကိုသင်္ဂြိုဟ်ရန်အတွက် ဘာမျှ ပြင်ဆင်ပြီးသည်ကို မတွေ့ရ၊ အလိုက်သိစွာ ကျွန်တော်တို့ စီးလာသော မော်တော်ကားသမားအား ခလေးထည့်ရန် သေတ္တာတလုံးနှင့် ကန်တော့ပွဲဝယ်ရန် ငွေပေးပြီး လွှတ်လိုက်ရလေ၏။
အတော်ကလေးကြာသောအခါ မှာလိုက်သော ပစ္စည်းများ အားလုံးရောက်လာသဖြင့် ကျွန်တော်တို့ စီးလာသော မော်တော်ကားပေါ်သို့ ကားမောင်းသမားကို တောင်းပန်၍ တင်ပြီး သုဿန်သို့ ပို့လိုက်ရလေ၏။
အားလုံးကိစ္စများ ပြီးစီး၍ အိမ်သို့ပြန်လာသောအခါ အခြားအလုပ်များကို ထိုနေ့အဘို့ မလုပ်နိုင်တော့ပဲ ကိုစိန်ပြောလိုက်သော စကားများကိုသာ အဖန်တလဲလဲ တွေးတော၍ နေလေတော့သတည်း။
မောင်နု
____________________
*1 ( စာရေးသူ သခင်နုသည် နဂါနီစာအုပ်အသင်းကို ထူထောင်ပြီး မာ့က်စ်ဝါဒ (ခ) ကွန်မြူနစ်ဆိုရှယ်လစ်ဇင်ကို ဗမာပြည်တွင် ကနဦး ဖြန့်ဝေသူများတွင် တဦးအပါအဝင်ဖြစ်သည်။ )
*2 ( ရှေးက ဗမာပြည် လူဦးရေ စုစုပေါင်း ၁၄ သန်း ရှိပြီး အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားဦးရေမှာ ၁၂ သန်း ရှိသည်။ ထိုအချိုးအစားအတိုင်း ၂၀၁၅ တွင် လူဦးရေ စုစုပေါင်း ၅၃ သန်း တွင် ၄၅ သန်းသည် အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားဦးရေ ဖြစ်သည်။ )

0 comments:

Post a Comment