တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက်
ပြည်ချစ်ဝါဒလမ်းစဉ် (၃)
(ဂ) ပြည်တွင်းအခြေအနေ
စစ်အေးခေတ်အတွင်း စစ်အာဏာသိမ်းပွဲနှစ်ကြိမ်
(၁၉၅၈ နှင့် ၁၉၆၂) ဖြစ်ခဲ့သည်။ (၁၉၅၈)အာဏာသိမ်းပွဲမှာ အာဏာသိမ်းပွဲစစ်စစ် မဟုတ်၊ အာဏာကို
အကျပ်ကိုင်တောင်းခြင်း ဖြစ်သည်။ ပါလီမန်နည်းနှင့်လည်း အာဏာလွှဲခဲ့ခြင်းဖြစ်၍ ပြည်ပမှ
အမှတ်ထင်ထင်ရှိသူနည်းသည်။ တုံ့ပြန်မှုလည်း မရှိခဲ့။ အနောက်ကမ္ဘာက နေဝင်းအစိုးရအပေါ် မျှော်လင့်ချက်ပင်
ထားခဲ့သည်။ ဦးနုမှာ “နုမူ”များချမှတ်ပြီး လက်ဝဲလမ်းစဉ်ဖြင့် ကစားခဲ့သူဖြစ်သည်။ ကြားနေရေး
လုပ်ခဲ့သူ၊ တရုတ်နှင့်နီးစပ်ပြီး နယ်နိမိတ်ကိစ္စ ပြေလည်အောင်လုပ်နေသူဖြစ်၍ ဦးနုထက်
ဗိုလ်နေဝင်း အပေါ် မျှော်လင့်ချက်ထားသည်။ အာဏာသိမ်းစစ်အုပ်စုတွင် ဗိုလ်မောင်မောင်တို့လို
အမေရိကန်နှင့်ပူးပေါင်းလိုသူများလည်းရှိနေသည်။ ဗိုလ်မောင်မောင်တို့သည် တရုတ်-ဗမာနယ်နိမိတ်သတ်မှတ်ရေးတွင်
ဦးကျော်ငြိမ်းကဲ့သို့ တင်းမာသူများလည်းဖြစ်သည်။ ဦးနု၏ “တာတေစနေသား”စာအုပ်တွင်၊ ဦးကျော်ငြိမ်းက
ဘုရင့်နောင်ခေတ် စည်းကြောင်းအတိုင်း သတ်မှတ်ရေးပြောကြောင်း၊ သူကပယ်ချကြောင်း ရေးသည်ကို
ဖတ်ရသည်။ ဗိုလ်မောင်မောင်နှင့် စစ်ဗိုလ်တစုကလည်း ဦးကျော်ငြိမ်းလိုပင်ပြောကြသည်။ သူတို့ထဲကတယောက်က
တရုတ် ကွန်မြူနစ်လိုချင်သမျှ ခင်ဗျားတို့ဗမာကွန်မြူနစ်တွေက တောင်းတိုင်းပေးလိုက်မှာပဲဟုဆိုသည်။
ဗမာပြည်ကွန်မြူနစ်များသည် ပြည်ချစ်ဝါဒ အရာတွင် ဗိုလ်မောင်မောင်တို့ထက်သာပါသည်။ ထိုစဉ်က
သူ့ဧည့်ရိပ်သာတွင် အမေရိကန်စစ်သံမှူးရှိနေပါသည်။ အမေရိကန်အကြိုက် ပြောခြင်း ဖြစ်ပါသည်။
“ဗမာက ဘုရင့်နောင်စည်းကြောင်းပြောလျှင် တရုတ်က
ကူဗလိုင်ခန်စည်းကြောင်းပြောနိုင်သည်။ ထိုသို့ပြောနေလျှင် မည်သည့်အခါမျှမပြီးနိုင်”
ဟု ကွန်မြူနစ်များကတုံ့ပြန်ပါသည်။ မပြီးစီးလျှင် အမေရိကန် မုချဝင်မည်ဟုလည်း ပြောလိုက်ရသည်။
ဖီမော်၊ ဂေါ်လံ၊ ကန်ဖန် ကိစ္စနှင့် ပတ်သက်ပြီး ဦးဇန်ထားဆင်က သေနတ်ကိုင်ပြီး တိုက်မလိုလိုပြောခြင်းမှာ
ဗိုလ်မောင်မောင်တို့အားကိုးနှင့် ပြောခြင်း ဖြစ်သည်။
ဦးနု၊ ဦးဗဆွေတို့လုပ်ထားသည်မှာ နယ်နိမိတ်သတ်မှတ်ရေး
ပြီးသလောက်ဖြစ်နေ၍ တကြောင်း၊ အာဏာသိမ်းစစ်အစိုးရစစ်စစ် မဟုတ်ဘဲ အိမ်စောင့်အစိုးရဖြစ်နေသဖြင့်
ပြင်နိုင်သည့်အာဏာ မရှိသောကြောင့်တကြောင်း၊ ဗိုလ်နေဝင်းက သမိုင်းတွင်မည့်အလုပ် လုပ်ခဲ့ချင်၍
တကြောင်း လက်မှတ်ထိုးပွဲဖြစ်ခဲ့သည်။ နိုင်ငံတကာကစိတ်ဝင်စားသည်မှာ ဤကိစ္စသာရှိသည်။ နိုင်ငံတကာဆိုသည်မှာလည်း
ဗမာပြည်အရေး စိတ်ဝင်စားသူအနည်းစုကိုဆိုလိုခြင်း ဖြစ်သည်။
(၁၉၆၂)ခုနှစ် ဒုတိယ စစ်အုပ်စုအာဏာသိမ်းပွဲတွင်လည်း
နိုင်ငံတကာတုံ့ပြန်မှု မရှိပါ။ ကျူးဘားဒုံးပျံအရေးအခင်းတွင် စူပါပါဝါများ အလုပ်များ
နေသည်။ အခြားသူများက တတိယကမ္ဘာစစ်ဖြစ်မည်လောဟု စိတ်စောနေကြသည်။ အိန္ဒိယနှင့်တရုတ်ကလည်း
တိဗက်အရေး၊ နယ်စပ် အရေးဖြင့်အလုပ်ရှုပ်နေကြသည်။ အမေရိကန်ကလည်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပြောသည့်ခေတ်
မဟုတ်သေး။ တောင်ဗီယက်နမ်တွင် သွေးထွက်သံယို အာဏာသိမ်းပွဲလုပ်ရန် ကြံစည်နေသည်။ အာဏာသိမ်းပွဲတွေကိုအားပေးနေချိန်
ဖြစ်သည်။ ပြဿနာမရှိ။ ဆိုဗီယက်ကလည်း နေဝင်းတို့က တရုတ်ပြည်ကိုရန်လုပ်၍ ကျေနပ်သည်။
မဆလခေတ်တွင် ဗမာပြည်အရေးပါဝင်လာသည့်လူသစ်မှာ
မြောက်ကိုရီးယား ဖြစ်သည်။ ပါတီချင်း သဝဏ်လွှာတွေပေးသည်အထိ တက်လာပြီးမှ အာဇာနည်ဗိမာန်ဗုံးခွဲသည့်အရေးကြောင့်
အဆက်ပြတ်သွားသည်။ ဗမာပြည်အရေးစိတ်ဝင်စားနေကျ ဂျပန်နှင့်လည်း ပုံမှန်ပင် ရှိခဲ့သည်။
“ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး”လုပ်ရင်း ဂျပန်အပေါ် စီးပွားရေး၊ ဘဏ္ဍာရေးအရ မှီခိုရမှုကြီးလာသည်။
နိုင်ငံတကာက (အားလုံး မဟုတ်ပါ၊ အတော်များများက) စိတ်ဝင်စားသည့်အရေးမှာ LDC “ဖွံ့ဖြိုးမှု
အနည်းဆုံးနိုင်ငံ”အဖြစ် လျှောက်လွှာတင်သော အခါ ဖြစ်သည်။ LDC ရသွားသောအခါ ပုံမှန်ပြန်ဖြစ်သွားပြန်သည်။
(၁၉၅၈)သည် လည်းကောင်း၊ (၁၉၆၂)သည်လည်းကောင်း
နိုင်ငံတကာတွင် မည်သည့်ဂယက်မျှ မထခဲ့။ စစ်အေးခေတ်တွင် ဖြစ်ရိုးဖြစ်စဉ်မျှ သာဟု သဘောထားကြသည်။
နဂိုကတည်းက ဗမာပြည်အရေးကိုစိတ်ဝင်စားသူက နည်းပါသည်။ ထိုင်း၊ မလေး၊ စင်္ကာပူတို့ကလည်း
“အနီ ဒီလှိုင်း” ကိုတားနေသည့် တံတိုင်းအဖြစ် ဗမာပြည်ကိုမြင်နေကြ၍၊ ဗမာပြည်စစ်အစိုးရကို
စိတ်ချသည်။ ထိုင်းကတော့ မှောင်ခိုဈေးကွက် အပိုင်ရထားသဖြင့် သာ၍ကျေနပ်သည်။ မဆလအစိုးရကလည်း
မှောင်ခိုစီးပွားရေးကို မဆလဆိုရှယ်လစ်စီးပွားရေး၏ အထောက်အကူဟု သဘောထားပြီး ကျေနပ်သည်။
နှစ်ဘက်ကျေနပ်နေသဖြင့် နယ်စပ်မှလူမျိုးစုလက်နက်ကိုင်အင်အားစုများ မှောင်ခိုလမ်းတွင်ဂိတ်ဖွင့်ပြီး
ဂိတ်ကြေးယူနေသည်ကို ဂရုမပြုပါ။ ပြဿနာလည်း မပေါ်ပါ။ နားလည်မှုအပြည့်ရှိကြပါသည်။
(၁၉၅၈)ပထမစစ်အုပ်စု၊ (၁၉၆၂) ဒုတိယစစ်အုပ်စုလက်ထက်တွင်
နိုင်ငံတကာတွင် ဂယက်မထ၊ အိမ်နီးချင်းနှင့်လည်း ပြဿနာမပေါ်သည်မှာ စစ်အေးခေတ် ကမ္ဘာ့စနစ်ကြောင့်
ဖြစ်ပါသည်။ အာဏာသိမ်းသည်ကို ဗွေမယူသည့်ခေတ်ဖြစ်ပါသည်။ စစ်တပ်ကအာဏာသိမ်း၊ လူသတ်တဲ့ ကိစ္စမျိုး
ငိုဒင်ဇင် (၁၉၆၃)၊ အာယန်ဒေး (၁၉၇၃)တို့အပေါ်လုပ်ခဲ့ပါသည်။ အာဏာသိမ်းပြီးထောင်ချသော ဗိုလ်နေဝင်းလုပ်ရပ်က
သိမ်မွေ့သည် ဟု သဘောထားပါလိမ့်မည်။ မဆလ ဆိုရှယ်လစ်တော်လှန်ရေးကိုလည်း ဟန်ပြအတုသာဖြစ်ကြောင်း
အမေရိကန်သိပါလိမ့်မည်။
ဗီယက်နမ်စစ် တိုးချဲ့ရေးကအရေးကြီးနေ၍ ဗမာပြည်တွင်ဘာဖြစ်ဖြစ်
ဂရုပြုမည်မဟုတ်ပါ။ တရုတ်ပြည်သို့ ကစ်ဆင်ဂျာလျှို့ဝှက်ခရီး (၁၉၇၁)၊ နစ်ဆင်၏တရားဝင်ခရီး
(၁၉၇၂)ပြီးသောအခါတွင်ကား ဗမာပြည်အရေးသည် အမေရိကန်အစီအစဉ်တွင် နောက်တန်းသို့ ရောက်သည်ထက်
ရောက်သွားပါသည်။ (၁၉၈၈)တတိယအာဏာသိမ်းပွဲတွင်ကား ဗမာပြည်အရေး ရှေ့တန်းသို့ ပြန်ရောက်လာသည်။
စစ်အေးခေတ် မုချပြီးဆုံး တော့မည့်အချိန်သို့ ရောက်ခဲ့ပြီး၊ (၁၉၈၉)တွင် လုံးဝပြီးဆုံးသွားခဲ့သည်။
အမေရိကန်၏အစီအစဉ်တွင် ဗမာပြည်ကိစ္စကရှေ့တန်းရောက်လာ သည်။ သူ၏စဉ်းစားမှုသည်လည်း (၁၈ဝ)ဒီဂရီလှည့်သွားသည်။
ဗမာပြည်စစ်အစိုးရကို တရုတ်နောက်လိုက်အဖြစ်
ပုံဖော်တော့သည်။ ထိုင်း- ဗမာအရေးတွင် ထိုင်းနောက်က အမေရိကန်က ကူညီ၊ ဗမာပြည် စစ်အစိုးရနောက်တွင်တရုတ်ပြည်ကိုထားကာ
ကြားခံကိုယ်စားလှယ်ဖြင့်တိုက်သောစစ် ဗမာပြည်ထဲတွင် နွှဲချင်သည်။ သို့သော် သူ့အကြံ လူသိတာသာ
အဖတ်တင်သည်။ စစ်တပွဲ မဖြစ်ခဲ့။ “ထိုင်း-ဗမာအရေး”မှာ ခါတော်မီဖန်တီးသည့်အရေးအခင်းဖြစ်သည်။
အမေရိကန်က ဝင် အသုံးချလိုခြင်းသာဖြစ်သည်။ စတင်ဖန်တီးသူ မဟုတ်ပေ။ စတင်ဖန်တီးသူ မည်သူနည်း။
“NLD နဲ့ SPDC” အပေးအယူလုပ်စေ့စပ်သွားလျှင်
တက်လမ်းပိတ်သွားမည်ကိုစိုးရိမ်သော စတုတ္ထမျိုးဆက်စစ်အုပ်စုအဖြစ် ထွက်လာချင်သူများဖြစ်သည်။“NLD
နဲ့ SPDC” (တတိယမျိုးဆက် စစ်အုပ်စု) တို့က ဒီမိုကရေစီအခြေခံကိုချသွားခဲ့လျှင် စတုတ္ထမျိုးဆက်အတွက်
စစ်အစိုးရတက်လုပ်ရန်အခွင့်အရေး ပိတ်သွားမည်ကို စိုးရိမ် ကြသည်။ စတုတ္ထမျိုးဆက်စစ်အုပ်စုဝင်များ
မည်သူတွေဖြစ်သနည်း။ တာဝန်ထမ်းဆောင်ဆဲ ထိပ်ပိုင်းစစ်ဗိုလ်ကြီးများဖြစ်ကြသည်ဟုသာ ပြောနိုင်သည်။
ထို့ထက်တိတိကျကျ မပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမျိုးသည် ကြုံကြိုက်တိုက်ဆိုင်မှုနှင့်ဆိုင်၍
ဖြစ်ပါသည်။
မဆလသာ(၁၉၇၄ - ၇၅)အုံကြွမှုကြောင့်ပြိုကျလျှင်
ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်တင်ဦး တယောက်မှ
တတိယမျိုးဆက်စစ်အုပ်စုဝင် ဖြစ်မလာနိုင်ပါ။ ထိုစဉ်က သူတို့မှာ စစ်တပ်၏ထိပ်ပိုင်း မရောက်ကြသေးပါ။
(၁၉၈၈)ကျမှ မဆလပြို၍၊ သူတို့ လည်း ထိပ်သီးများဖြစ်နေ၍ပါလာကြခြင်း ဖြစ်ပါသည်။ နောက်တခု
အတိအကျနီးနီးပြောနိုင်သည်မှာ စတုတ္ထစစ်အုပ်စုသည်(၁၉၆၂)ဒုတိယ မျိုးဆက် စစ်အုပ်စုကဲ့သို့လုပ်မှရမည်ဟု
ပြောနိုင်ပါသည်။ (၁၉၆၂ )စစ်အုပ်စုတွင် ဗိုလ်နေဝင်းနှင့်ဗိုလ်အောင်ကြီးသာ ပထမမျိုးဆက်ထဲမှပါလာ
ပါသည်။ ကျန်လူများ လူသစ်ဖြစ်ပါသည်။ ယခုလည်း တတိယစစ်အုပ်စု SPDC ထဲမှ တယောက်နှစ်ယောက်
စတုတ္ထစစ်အုပ်စုတွင်ပါနေရ ပါ လိမ့်မည်။ မည်သူတွေပါမည်နည်း။ ဗိုလ်နေဝင်းနေရာတက်လာမည့်
(နံပါတ်ဝမ်း)တဦးဖြစ်ပါလိမ့်မည်။ နံပါတ်ဝမ်းကလည်း ဗိုလ်နေဝင်းလိုပင် အပြိုင်အဆိုင်များကို
အပြတ်ရှင်းရပါလိမ့်မည်။ ဗိုလ်နေဝင်းလိုနိုင်ငံရေးအရင်းအနှီးနှင့် နိုင်ငံရေးအမှီမရှိသူများဖြစ်ကြ၍
စစ်တပ်တွင်း မီးသေရန် ခက်ပါလိမ့်မည်။
ခပ်စောစောကပင် ကွန်မြူနစ်များတွင် တိုင်းပြည်အတွက်
စိုးရိမ်မှုတခုရှိဖူးပါသည်။ ထိုစိုးရိမ်မှုမှာ စစ်တပ်အာဏာသိမ်းပွဲနှင့် တန်ပြန်အာဏာ
သိမ်းပွဲများ၏ခေတ်၊ ဒေသန္တရစစ်ဘုရင်များ ခေတ်တခေတ် ပေါ်လာလေမလားဟုစိုးရိမ်ခြင်း ဖြစ်ပါသည်။
NLD ကို အပြီးအပိုင်ဖျက်သိမ်းလိုက် ပြီဟုလည်းကောင်း၊ (၁၉၉ဝ) ရွေးကောက်ပွဲမှာ SLORC
နှင့် SPDC တို့ လုပ်ခဲ့ခြင်းဖြစ်၍ စတုတ္ထစစ်အုပ်စုက တာဝန်မယူဟုလည်းကောင်း ကြေညာကာ အာဏာသိမ်းမည်ကို
စိုးရိမ်ခြင်းဖြစ်ပါသည်။
အတွေ့အကြုံများသော တစည စစ်ဗိုလ်(ငြိမ်း)များကမူ
တိတိလင်းလင်းပင် ထိုသို့မလုပ်ရန် လျှို့ဝှက်မဟုတ်သော “လျှို့ဝှက်” ပေးစာဖြင့် ကန့်ကွက်ထားပါသည်။
တစည စစ်ဗိုလ်(ငြိမ်း)များမှာ ဒုတိယမျိုးဆက်စစ်အုပ်စုဝင်များ ဖြစ်ပါသည်။ သူတို့က တပ်ပြိုကွဲလိမ့်မည်ဟု
ဟောကိန်းထုတ်ပါသည်။
ပ နှင့် ဒု စစ်အုပ်စုမျိုးဆက် ဗိုလ်အောင်ကြီးကလည်း
တပ်အခြေအနေမကောင်းကြောင်း အမေရိကန်ထွက်ပြီး ပြောထားပါသည်။ သူတို့သည် ဤကဲ့သို့သောစကားကို
အချက်အလက်မရှိဘဲပြောကြမည် မဟုတ်ပါ။ သို့သော် တတိယစစ်အုပ်စုက ဗိုလ်အောင်ကြီး၊ ဗိုလ်သာကျော်တို့
မနာလို၍ပြောခြင်းဖြစ်သည်ဟု ထင်ပုံရသည်။ သူတို့လက်ထက်က မလုပ်နိုင်ခဲ့တာတွေ တို့ SLORC
နှင့် SPDC က လုပ်နိုင်လို့မနာလိုတာပဲဟု ထင်ရန်အကြောင်းရှိပါသည်။
(၁၉၈၈)ခုနှစ်တွင် အာဏာသိမ်းခဲ့သူများ (၁၉၈၉)တွင်
စစ်အေးခေတ်ကုန်ဆုံးခြင်းနှင့်တိုးပါသည်။ ထိုအခါတွင် စစ်အေးခေတ်ပြီးဆုံးခြင်း၏ အကျိုးကျေးဇူးကို
အလိုအလျောက်ခံစားရပါသည်။ “ငြိမ်းအဖွဲ့”ဟူသည်များ အလျှိုအလျှိုပေါ်ပါသည်။ အကျိုးကျေးဇူးနှင့်အတူ
အန္တရာယ် လည်း ကပ်ပါခဲ့သည်ကိုတော့ သူတို့စစ်အုပ်စု သိခဲ့ပုံမပေါ်ပါ။ အန္တရာယ်ကား စစ်အေးခေတ်တွင်အနိုင်ရလိုက်ပြီဟု
ထင်ယောင်မှားနေသော အမေရိကန်နှင့် ထိပ်တိုက်တိုးရခြင်းဖြစ်သည်။
စစ်အေးခေတ်အတွင်းက တရုတ်ပြည်မှာ အမေရိကန်နှင့်လက်တွဲဖက်ဖြစ်ခဲ့သည်။
(၁၉၇၁ - ၇၂)တို့တွင် ကစ်ဆင်ဂျာ၊ နစ်ဆင်တို့ခရီးမှ စခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ တရုတ်ကွန်မြူနစ်တို့က
“တရုတ်ပြည်ချစ်ဝါဒ”အရ လုပ်လိုက်ခြင်းဖြစ်သည်။ (၁၉၈၉)ရောက်သောအခါ ဆိုဗီယက်နှင့် အရှေ့ဥရောပတို့ပြိုကွဲသကဲ့သို့
တရုတ်ပြည်က မပြိုကွဲခဲ့။ မူကြီး (၄)ချက်အပေါ် ကြံ့ကြံ့ခိုင်ရပ်တည်နေသည်။
မူကြီး (၄)ချက်မှာ - ဆိုရှယ်လစ်လမ်းကြောင်းအတိုင်းချီတက်ရေး၊
ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်ကျင့်သုံးရေး၊ ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုကို ထိန်းသိမ်းရေးနှင့်
မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်စွဲကိုင်ရေးတို့ ဖြစ်သည်။
0 comments:
Post a Comment