Saturday, February 16, 2019

(နောက်မှပေါ်တဲ့အတွေး) မျိုးမြင့်ချို

0 comments
(နောက်မှပေါ်တဲ့အတွေး)

ရောက်ရောက်ခြင်း ဟယ်လိုဘာညာပြီးတာနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး မေးခွန်းတွေ မြားမိုးရွာသလိုမေးတယ်။ အာပေါက်အောင် ဖြေရတယ်။ တယောက်တည်းအခန်းထဲမှာ ကွန်ပြူတာနဲ့ထားခဲ့ပြီး ပရိုဂရမ်ကို အွန်ပေးသွားပြီး Test Question တွေဖြေရတယ်။ Evaluation လုပ်ဖို့ မေးခွန်းတွေလည်းမနည်းဘူး။ ကိုယ်တိုင်ဖြေပြီး အဖြေတွေသွင်းပေးရတယ်။ နှုတ်အဖြေတွေ စက်ဖြေတွေစစ်ဆေးပြီးတော့ လောလောဆယ်တော့ စိတ်အခြေအနေက မဆိုးပါဘူးတဲ့။ ဘာမဆိုးတာလဲတော့ မသိဘူး။ တိုးလည်းတိုးတက်တယ်တဲ့။ ဘယ်လို တိုးတက်တာလဲတော့ မသိဘူး။ ထားပါတော့။ ပြီးတော့ စိတ်ရောဂါနဲ့ပတ်သက်လို့ သောက်လက်စဆေးတွေထဲကတချို့ကို ဆေးပြောင်း၊ တချို့ကို ဆေးချိန်ပြောင်း၊ တချို့ကို အကြိမ်ရေပြောင်းတယ်။ အမှန်တွေချည်း ဖြေခဲ့ပြောခဲ့ပေမယ့် ကိုယ်သာ အလွဲတွေသုံးပြီးဖြေမိ ပြောမိရင် သူ့အကဲဖြတ်ချက်က ဘာတွေထွက်လာမလဲမသိဘူးလို့တွေးမိလိုက်သေးတယ်။

နောက်တော့ အရင်တပတ်က ဓာတ်ခွဲခန်းသွားသွေးစစ်ဆီးစစ်အဖြေတွေကို စခရင်န်မှာထိုးပြပြီး ရေပက်မဝင်အောင်ပြောတော့ မှာတော့တာပါပဲ။ သွေးစစ်အဖြေအရ ကျန်တာ အကုန်ကောင်းတယ် သွေးတွင်းအဆီ(ကိုလက်စထြော)တော့ နည်းနည်းများတယ်တဲ့။ နည်းနည်းလည်း များတာ မကောင်းဘူးတဲ့။ အစားအသောက် ဆင်ခြင်ပါတဲ့။ မပြေးနိုင်မလွှားနိုင် မတ်တပ် ကြာကြာမရပ်နိုင်တာမို့ အနည်းဆုံး ထိုင်ရက် အိပ်ရက် ပက်လက် မှောက်ရက် ငုတ်တုတ်ပုံစံတွေနဲ့ အကြောအခြင်လျှော့တာ ကြွက်သား လှုပ်လှုပ်ကစားပေးတာတွေလုပ်ပါတဲ့။ ခြေသလုံးက Fleshy part (ခြေသလုံးကြွက်သားနောက်ဘက်ပိုင်း)ကို လက်ဖမိုးနဲ့ ခတ်ဖွဖွလေးဖိပေး ပွတ်ချေချေပေးပါတဲ့။ လေ့ကျင်ခန်း မှန်မှန်လုပ်ပါတဲ့။ ချွေးမထွက်တဲ့နေ့ မရှိပါစေနဲ့တဲ့။ နဖူးကချွေး ခြေမကျရတဲ့အကြောင်းတွေပြောပြဦးမလား တွေးသေးတာ။ နားမှ လည်ပါ့မလားထင်ပြီး မပြောခဲ့မိဘူး။

Yes, i will follow your instruction လို့ပြောပြီး အက်စပရင်န် ၈၁ မီလီဂရမ် တနေ့တလုံးသောက်နေတာ ၄ နှစ်လောက်ရှိနေပြီ အဲ့ဒါဆက်သောက်ရမလားဆိုတော့ ရယ်ပြီး ခုထိပေါ်နေတဲ့ဆေးသိပ္ပံ အလိုရပြောရရင်တော့ အသက်ရှည်နေသေးသရွေ့သောက်ပေါ့တဲ့။ အသီးအရွက် အသီးအနှံများများစား၊ ငါးများများစား၊ ဂျပန်တွေ အသက်ရှည်တာကြည့်တဲ့။ ခုလည်း စားနေပါတယ်။ အဆီအဆိမ့်အချို ပြည့်ဝဆီဆိုတာမျိုး အစားနည်းပါတယ်။ အသားတောင် အဆီလွတ်အသား အစားများပါတယ်ဆိုတော့ ကောင်းတယ်တဲ့။ အဆီများများစားချင်ခဲ့ပေမယ့် ကံကောင်းလို့ အရိုးတခြားအသားမဖြစ်ခဲ့တာတော့ သူလည်း သိနိုင်မယ်မဟုတ်ပါဘူး တွေးမိလိုက်သေးတယ်။

Broccoli (ပန်းဂေါ်ဇီအစိမ်းရောင်)များများစားပါတဲ့။ ထောပတ်သီးလည်း စားပါ နို့မပါဘဲဖျော်သောက်တဲ့။ နို့တော့သောက်ရမယ် ဒါပေမယ့် မလိုင်ထုတ်ပြီးသား အဆီထုတ်ပြီးသားနို့ပဲ သောက်ရမယ်တဲ့။ အချိုတော့ တတ်နိုင်သလောက်လျှော့ပြီး လိမ္မော်သီး ပန်းသီး သံပုရာရည် လိုင်မ်းဂျူးစ်စတဲ့ အချဉ်များများပိုစားပါတဲ့ စုံနေတာပဲ။ ဘဝမှာ အချဉ်ဖမ်းခံခဲ့ဖူးတဲ့အချိန်တွေအကြောင်း ပြန်တွေးတော့ လူတွေကိုတောင် စိတ်အချဉ်ပေါက်မိလိုက်သေးတယ်။

သူပြောတာတွေ နားထောင်နေရင်း ကိုယ်က ငါးနုသန်းလေးတွေကို ငရုပ်သီးလေး ရှမ်းနံနံလေးအုပ်ပြီး ဆီပြန်ရေကျန်လေးချက်ထားတာရယ်၊ ဂုံမင်းဟင်းခါးလေးရယ်၊ ခရမ်းချဉ်သီးမီးဖုတ် ငါးမီးဖုတ်တွေချေထည့် ငရုပ်သီးစိမ်းထောင်းထည့်ပြီး ပျစ်နေအောင်ဖျော်ထားတဲ့ သုံးဦးစပ် ငါးပိရည်ကျိုလေးနဲ့ ဟင်းဂလာချဉ်ဖတ်လေးနဲ့ တို့တက်မြှုပ်မြှက်ပြီး စားချင်တဲ့ဆီ စိတ်ကရောက်နေတယ်။ ဒါနဲ့ ကိုယ့်ဘာသာ သွားရည်သိမ်းပြီး လျှာသပ်ပြီး တံတွေးမျိုမိတော့ သူက အချဉ်အကြောင်းပြောရင် လူတွေ ပါးစောင်မှာ လျှာရည်စိမ့်ကြတာချည်းပဲတဲ့။ ကိုယ်ကလည်း ကိုယ့်ကိစ္စနဲ့ကို တံတွေးမျိုလျှာသပ်တာ သူကလည်း သူ့အချဉ်ကြောင့် ကိုယ်သွားရည်ကျတယ်ထင်နဲ့ ပြန်တော့ပြောမနေတော့ပါဘူး။ သူ့အထင်အထင်အတိုင်း ရှိပါစေတော့သဘောနဲ့ပြုံးပြတော့ မင်မင်းကြီးမက ပြောတွင်းဆိုတွင်း ငါတောင် သွားရည်ကျချင်တယ်ဆိုပြီး လုပ်နေတော့ ရယ်မိတယ်။

အသက်ရှည်ဖို့နဲ့မပြီးဘူး ကျန်းမာနေမှဖြစ်မှာဆိုတော့ ဘယ်ရမလဲ ကိုယ်ကလည်း လူတွေကိုဗမာလိုဆုပေးရင် "အသက်ရှည်သမျှ ကျန်းမာစေဗျ"လို့ပေးတယ်လို့ပြောတော့ ကောင်းတယ် အဲ့ဒါမှန်တယ်။ မသေချင်းကျန်းမာနေဖို့ အရေးကြီးတယ်ဆိုပြီး နှမ်းလာဖြူးသေးတယ် မယ်ဘေသဇ္ဇမ က။ ခုတောင် အသက်က မနည်းရှည်နေပြီပဲ ဆိုတဲ့အထိတော့ ပြန်ရှင်းပြမိတယ်။ မဆိုးပါဘူး ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော ပေါ့ပါ့ပါးပါးနဲ့ တလတကြိမ် ဆရာဝန်ပုံမှန်တွေ့တဲ့ကိစ္စပြီးသွားတယ်။
နောက်ချင်စိတ်နဲ့ မရှည်လည်းဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောမိတော့မလို့။ တော်သေးတာ မပြောဖြစ်လို့။ သူ့စေတနာ သရော်မော်ကား မလုပ်မိခဲ့တာအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ကျေးဇူးတင်မိသေးတယ်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၉

0 comments:

Post a Comment