Thursday, February 21, 2019

“အခါအမျိုးသားပြည်သူများ - ဝအမျိုးသားပြည်သူများရဲ့သမိုင်းဆိုင်ရာ တော်လှန်ရေးရုပ်ပုံလွှာ”

0 comments
“အခါအမျိုးသားပြည်သူများ - ဝအမျိုးသားပြည်သူများရဲ့သမိုင်းဆိုင်ရာ တော်လှန်ရေးရုပ်ပုံလွှာ”
(အပိုင်း-၂)
(ပြည်သူ့အာဏာဂျာနယ်)
ဝနယ်
ဝနယ်ရဲ့အတိတ်ဟာ အလွန်ရှုပ်ထွေးလှတယ်။ ဝနယ်နဲ့ပတ်သတ်လို့  ပြည်တွင်းပြည်ပက တစွန်းတစရေးသားချက်များမှာ နယ်ရိုင်းနယ်ကြမ်း ကြီးအဖြစ် သိမြင်ထားကြတယ်။ ဗမာပြည်လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် အင်္ဂလိပ်အစိုးရဖွဲ့စည်းပေးတဲ့ နယ်ခြားဒေသစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာဆိုရင် စာပေယဉ်ကျေးမှုမရှိတဲ့၊ ကြမ်းတမ်းလှတဲ့ ဝနယ်မှာ လွှတ်တော်ကိုယ်စားလှယ်တယောက် ရရှိရေးဟာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း တင်ပြထားတယ်။ ခရစ်ယန်သာသနာပြုတဦးရဲ့ အတွေ့အကြုံကို ပြန်လည်ဖောက်သယ်ချထားတဲ့ “အယ်လင်ဝင်နင်တန်’ရေး အေးမြတဲ့တောင်များပေါ်က ကျေးကျွန်များ“ဆိုတဲ့ စာအုပ်မှာ (Alan Winnington “ The Slaves of the cool mountains: East Germany”) ဝနယ်ကို အရိုင်းနယ်ကြီးအဖြစ် ဖေါ်ပြတားတယ်။

ဝနယ်ဟာ ဗမာပြည်အရှေ့မြောက်အရပ်က နယ်စွန်နယ်ဖျားမှာ တည်ရှိတယ်။ သံလွင်မြစ်အနောက်ခြမ်း သံလွင်မြစ်နဲ့တရုတ်ပြည်အကြား မြောက်ဘက်မှာ နမ့်တင်းချောင်း၊တောင်ဘက်မှာ နမ့်ခချောင်းတို့ကြားမှာ ဝနယ်တည်ရှိတယ်။ ယခင်မြေပုံဟောင်းမှာ ဝနယ်ကို မိုင်းလွန်းနယ်၊ ဝနယ်ဆိုပြီး ၂ နယ်ခွဲထားတယ်။ ဝနယ်ဟာ စတုရန်းကီလိုမီတာ တသောင်းကျော်ကျယ်ဝန်းပြီး ဝနယ်မြောက်ပိုင်းမှာ လူဦးရေ ၂ သိန်းကျော်၊ တောင်ပိုင်းမှာ ၁သိန်းနီးပါး၊ စုစုပေါင်း လူဦးရေ ၃သိန်းလောက်ရှိတယ်။ လူဦးရေ ၈ဝ% ကျော်ဟာ ဝအမျိုးသားများဖြစ်ကြပြီး ကျန်၂ဝ% နီးနီးဟာ လားဟူ၊ ရှမ်း၊ တရုပ်၊ ကချင်၊ လီရှော စတဲ့ အမျိုးသားများ ဖြစ်တယ်။

ဝနယ်မှာ ၁၉၆၉ ခုနှစ်ကစပြီး ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဟူစွမ်၊ စောက်ပါး၊ ခွန်းမာနဲ့ အိုက်ချင်းဒေသများမှာ အခြေခံစခမ်း ၄ခုကို ဖွင့်လှစ် ခဲ့တယ်။ ၁၉၇၁ မေလမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မိုင်းမောကို လွတ်မြောက်စေခဲ့တယ်။ အဲဒီတိုက်ပွဲအရှိန်နဲ့ဆက်ပြီး မြောက်ပိုင်းရဲ့ဒေသ အများအပြားကို လွတ်မြောက်စေခဲ့တယ်။ တဆက်တည်းပဲ ၂ လအတွင်း ဝနယ်တောင်ပိုင်းဒေသအများစုဟာ လွတ်မြောက်လာတယ်။

မလွတ်မြောက်သေးတဲ့ဒေသ အနည်းအပါးမှအပ ဝနယ်ရဲ့ ၉၅% လောက်ဟာ လွတ်မြောက်ခဲ့ပါပြီ။ ဝနယ်လွတ်မြောက်ရေးတိုက်ပွဲအတွင်မှာ စစ်အစိုးရကြေးစားတပ်၊ ကူမင်တန်တပ်နဲ့ ကာကွယ်ရေးတပ် စုစုပေါင်း ၄ဝဝဝ ကျော်ကို ချေမှုန်းသုတ်သင်ခဲ့ပြီး သူတို့ဆီက လက်နက်ကြီး ငယ်မျိုးစုံ (၂ဝဝဝ)ကျော်ကို သိမ်းပိုက်ရရှိခဲ့တယ်။ ဒီလိုမလွတ်မြောက်မီကတည်ရှိခဲ့တဲ့ ဝနယ်ပြည်သူတွေရဲ့ ငရဲခန်းများနဲ့ ဖြစ်ရပ်အထွေထွေကို အတိတ် သမိုင်းရုပ်ပုံကားချပ်တခုသဖွယ် တူးဆွမှတ်တမ်းတင်ကြည့်ကြပါစို့။

မလွတ်မြောက်ခင်က ဝနယ်ပြည်သူတွေရဲ့ လူ့အဖွဲ့အစည်းနှဲ့ လူနေမှုအဆင့်ဟာ ဗမာပြည်တိုင်းရင်းသားပြည်သူများထဲမှာ ခေတ်နောက် အကျဆုံး၊ အဆင်းရဲအမွဲတေဆုံး၊ အဆိုးရွားဆုံးအဆင့်မှာ တည်ရှိခဲ့တယ်။ ရှေးဘုံခေတ်ရဲ့နှောင်းပိုင်းလူမှုစနစ်ရဲ့ အကြွင်းအကျန်တွေ၊ ကျေးကျွန်စနစ်ရဲ့လက္ခဏာတွေနဲ့ ပဒေသရာဇ်သက်ဦးဆံပိုင်စနစ်တို့ ရောပြွန်းတည်ရှိခဲ့တယ်။ ဝနယ်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်က ဗမာပြည်မကြီးနဲ့ အဆက်ဖြတ်ကာ နယ်ချဲ့အစိုးရသီးသန့်အုပ်ချုပ်တဲ့ တောင်တန်းဒေသထဲမှာ ပါဝင်ခဲ့ပေမယ့် နယ်ချဲ့အုပ်ချုပ်ရေးအာဏာနဲ့ အလှမ်းဝေးလှတဲ့ ကင်းလွတ်ဒေသအဖြစ် တည်ရှိခဲ့တယ်။ ဗမာတပြည်လုံး အင်္ဂလိပ်ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်က လက်နက်ကိုင် ခုခံကြတဲ့ နယ်ချဲ့ဆန့်ကျင်ရေး ပဒေသရာဇ်ခေါင်းဆောင်တွေထဲမှာ ဝနယ်၊ လွယ်လင်းဒေသမှ စော်ဘွား နန်းခမ်းဦး (နော်ခမ်းဦး)ဟာ ထင်ရှားခဲ့တယ်။

ဝအမျိုးသားတွေဟာ အုပ်စုလိုက်နေထိုင်ကြတယ်။ မျိုးရိုးတူအုပ်စုပေါင်း ၃၆ အုပ်စု ကွဲခဲ့တယ်။ တအုပ်စုမှာ ရွာပေါင်း ၃ဝ မှ ၁ဝဝ အထိပါရှိပြီး လူဦးရေ ၅ဝဝဝ ကနေ ၁ဝဝဝဝ အထိရှိတယ်။ ဝအမျိုးသား ဘာသာစကားဟာ အခြေခံအားဖြင့် တူညီပေမယ့် တအုပ်စုနဲ့တအုပ်စုကြား ကူးလူးဆက်ဆံမှု မရှိသလောက် နည်းပါးတာနဲ့အမျှ ဘာသာစကားကွာဟမှုဟာ ကြီးမားလာခဲ့တယ်။ အုပ်စုချင်းတိုက်ပွဲများဟာ အလွန် ပြင်းထန်တယ်။ တအုပ်စုက အခြားတအုပ်စုကို တိုက်ခိုက်အနိုင်ရရင် ပစ္စည်းအားလုံးကို သိမ်းယူ၊ တရွာလုံးကို မီးရှို့၊ လူအားလုံးကိုသတ်၊ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ခေတ်ဟောင်းတုန်းက အုပ်စုတိုက်ပွဲတွေပြင်းထန်ခဲ့လို့ မြေသြဇာကောင်းတဲ့၊ စိုက်ပျိုးရေးလွယ်ကူ တဲ့နေရာတွေမှာ မနေရဲကြဘူး။ တိုက်ခိုက်ရေးအသာစီးရထားတဲ့ တောင်ထိပ်တွေ၊ သွားလာရေးခက်ခဲတဲ့နေရာတွေမှာပဲ နေကြတယ်။ ရေခပ်ဖို့တောင် ၂ နာရီ ၃ နာရီလောက် ဆင်းခပ်ကြရတယ်။ ဖြန့်ခွဲလို့လည်း မနေရဲကြဘူး။ အုပ်စုအလိုက် ရွာကြီးတွေဆောက်ပြီး နေကြရတယ်။
အုပ်စုခေါင်းဆောင်ဟာ သက်ဥိးဆံပိုင်ပဲ။ နတ်ဆရာက အုပ်စုခေါင်းကို အခါပေးရတယ်။ နတ်ဆရာရဲ့စကားကို ဘယ်သူမှ မလွန်ဆန်ရဲကြဘူး။ အယူသီးမှုနဲ့အစွဲအလန်းလည်း အလွန်ကြီးတယ်။ ဖမ်းဆီးခံရတဲ့ အခြားအုပ်စုကလူတွေဟာ ကျေးကျွန်တွေပဲ။ အလုပ်မျိုးစုံ ခိုင်းသမျှလုပ်ဖို့ပဲ။ ကျွန်တွေဟာ တောင်ယာတွေလည်း လုပ်ရတယ်၊ အိမ်အလုပ်တွေလည်း လုပ်ရတယ်။ ကလေးတွေကိုတော့ အရွယ်ရောက်အောင် မွေးမြူ ထားပြီး အရွယ်ရောက်တော့မှ ခေါင်းဖြတ်၊ နတ်တင်ခြင်းခံရတယ်။ ကလေးအမွှာမွေးရင် မိခင်ရောကလေးပါ ရွာပြင်ထုတ်ထားခံရတယ်။ ကလေးအရုပ်ဆိုးရင်၊ ကိုယ်အင်္ဂါချို့တဲ့ရင် သတ်ပစ်တယ်။ အမျိုးသမီးတွေဟာ ယောက်ကျားတွေနဲ့ တန်းတူအခွင့်အရေးလုံးဝမရဘူး။ မိန်းမတွေရဲ့ကိစ္စကို ယောက်ကျားတွေက ဘာမှလုပ်ပးစရာမလိုပေမယ့် ယောက်ကျားကိစ္စမှန်သမျှ မိန်းမရဲ့တာဝန်သာဖြစ်တယ်။ ကြိုက်တဲ့ မိန်းမကို ဆွဲမယ်၊ မကြိုက်တဲ့မိန်းမကို သတ်ပစ်မယ်။ ဒါဟာ အဆန်းမဟုတ်တော့ဘူး၊ ထုံးစံလို ဖြစ်နေခဲ့တယ်။

ခေါင်းဖြတ်တဲ့ရာဇဝင် ဘယ်တုန်းကစတင်ခဲ့သလဲ အတိအကျမသိရဘူး။ အချို့ပါးစပ်ပြောစကားများအရတော့ လွန်ခဲ့တဲ့ မျိုးဆက် ၁၅ ဆက် လောက်ကတည်းက စတင်ခဲ့တယ်လို့ ဆိုတယ်။ အခြေခံကတော့ ငတ်မွတ်ခေါင်းပါးမှုပါပဲ။ ဝနယ်အတွင်းပိုင်းဟာ အလွန်အေးပါတယ်။ တချို့ နေရာတွေ ရေခဲတယ်။ တောင်တန်းဒေသဖြစ်လို့ ရေခက်ခဲတယ်။ သဘာဝရာသီဥတု အခြေအနေလည်း မကောင်းဘူး။ ကပ်ဘေးများလည်း အကြိမ်ကြိမ် ဆိုက်ခဲ့ဖူးတယ်။ ရောဂါဘယလည်း အလွန်ထူပြောပါတယ်။ ကြောက်စရာကောင်းတဲ့ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ငှက်ဖျား ရောဂါဆိုးတို့ဒဏ်ကိုလည်း အလူးအလဲ ခံခဲ့ရတယ်။

ဝနယ်တနယ်လုံးမှာ ပြန့်ဒေသ အလွန်နည်းတယ်။ တောင်ပေါ်ဒေသမှာ စပါးစိုက်လို့ မကောင်းဘူး။ အများစု ပြောင်း စိုက်ခဲ့ကြတယ်။ ပေါက်ပြားနဲ့တူးဆွ စူးထိုးစိုက်တဲ့ ရွှေ့ပြောင်းတောင်ယာများကို ကာယအားနဲ့ တပင်တပန်းစိုက်ပျိုးကြရတယ်။ ခေါင်လှတဲ့ ဝနယ်အတွင်းပိုင်း တွေမှာ ထုပ်လုပ်ရေးကရိယာတွေဟာ သစ်သားချွန်၊ ဝါးချွန်၊ ကျောက်ချွန်တို့သာ ဖြစ်ခဲ့ကြတယ်။ အဝ်အစား ဝတ်စရာ မရှိဘူး၊ အရှက်လုံရုံပဲ ရှိခဲ့တယ်။ ဝမ်းစာစပါး တနှစ်လုံးမှ တလစာ၊ နှစ်လစာပဲ ရှိတယ်။ သစ်ဥသစ်ဖုများကို ကျိုချက်စားသောက်ကြရတယ်။ အုပ်စုလိုက် အမဲလိုက်၊ ညအခါ မီးပုံရှို့ကာ မီးပုံနားပျံလာတဲ့ ပလူကောင်၊ ပိုးမွှားကောင်များကို ဖမ်းစား၊ မြေကြီးခဲအနုတွေ တူးစား၊ ချောင်ကြိုချောင်ကြားမှာ ခရု၊ ယောက်သွားတွေ စုဝေးရှာဖွေစားသောက်ပြီး အသက်တချောင်းကို ခက်ခက်ခဲခဲ မွေးခဲ့ရတယ်။

ပါးစပ်ရာဇဝင်အရ မြေရှင်ကြီးတဦး (တချို့က ကူမင်တန်ဒလျှိုလို့လည်း ပြောကြတယ်) က ပြုတ်ထားတဲ့စပါးတွေကို လူထုကိုမျိုးအဖြစ်ပေးပြီး စပါးမပေါက်တော့ လူခေါင်းဖြတ် ယစ်ပူဇော်မှ စပါးပေါက်မယ်လို့ပြောကြောင်း၊ လူခေါင်းဖြတ် နတ်တင်ပြီးတဲ့အခါ စပါးမျိုးမှန်ကို ထုတ်ပေး တော့မှ စပါးပင်ပေါက်ခဲ့ကြောင်း ထိုစဉ်ကတည်းက ခေါင်းဖြတ်ခြင်းဓလေ့ ထွန်းကားခဲ့ကြောင်း ဆိုတယ်။

ဝနယ်မှာ ဘိန်းစိုက်ပျိုးမှုရာဇဝင် ဘယ်အခါက စခဲ့တယ်ဆိုတာလည်း အတိအကျ မသိရဘူး။ ဒါပေမဲ့ ဝနယ်ဘိန်းစိုက်ပျိုးမှုကို ကူမင်တန်တွေ က ချုပ်ကိုင်ထားခဲ့တယ်။ ဘိန်းခင်းတွေ ပင်ထောင် ဝယ်ထားတယ်။ ဘိန်းတပိဿာ ဆန်သုံးတင်းနှုန်းပဲပေးပြီး ပြန်ရောင်းတော့ ကျပ် ၁ဝဝဝ၊ ထိုင်းမှာ ကျပ် ၂ဝဝဝ၊ ၃ဝဝဝ အထိ ရခဲ့ကြတယ်။ ဝပြည်သူတွေ ဘိန်းစိုက်တာက ဆန်၊ဆားတို့နဲ့ လဲဖို့ပဲဖြစ်တယ်။ ဝနယ်မှာ ယခင်အတိတ် ဟောင်းက စပါးစိုက်ဖို့ ခက်တယ်။ ဘိန်းစိုက်လို့ လွယ်တယ်။ ဝနယ်ရဲ့အနိဌာရုံတွေဖြစ်ခဲ့တဲ့ ကျွန်ပြု၊ ကျွန်ရောင်း၊ ကျွန်ဝယ်မှု၊ လူခေါင်းဖြတ် နတ်တင်မှု၊ ဘိန်းနဲ့ ဆင်းရဲမွဲတေခေတ်နောက်ကျမှုတို့ဟာ ရာဇဝင်နဲ့ချီ ဖြစ်တည်လာခဲ့တဲ့ စနစ်ရဲ့ဒဏ်ရာဒဏ်ချက်များပါပဲ။

၁၉၇၁ လွတ်မြောက်စမှာ မော်လဲ့က ကျွန်ပိုင်ရှင်တဦးထံမှာ မိန်းမ ၆ ယောက်၊ ယောက်ကျား ၇ ယောက်၊ ကျွန် ၁၃ ယောက် တွေ့ရတယ်။ ကျွန် ၃ ယောက်ကို ဝက်တကောင်နဲ့လဲခဲ့တယ်လို့ သိရတယ်။ ကျွန်တွေကို တိရစ္ဆာန်တွေအတိုင်းပဲထားရှိပြီး ပြင်းပြင်းထန်ထန် ခိုင်းစေတယ်။ ကျွန်ဆိုတာ စကားပြောတတ်တဲ့ တိရစ္ဆာန်ပါပဲတဲ့။ လူတယောက်ဟာ ဝက်တကောင်လောက်မှ တန်ဖိုးမရှိတဘဝပါလား။ ဝက်စာနဲ့ကျွန်စာ ကွာခြားတာက ဝက်စာကို အချဉ်ဖောက်ကျွေးပြီး ကျွန်စာကို ပြုတ်ကျွေးတာပဲ ကွာခြားပါတယ်။ ဗလကောင်းကောင်းကျွန်တယောက်ကို ဒင်္ဂါး ၁ဝ ပြား (၄၅ဝ ကျပ်)၊ အမျိုးသမီးပိန်ပိန်တယောက် ဒင်္ဂါး ၆ ပြား (၁၅ဝ ကျပ်) လောက်ပေးပြီး ဈေးမှာဝယ်လို့ရတယ်။ စောက်ဖားမှာ အဖိုးကြီး တယောက် ကျွန်တယောက်ကို ဒင်္ဂါး ၁၆ ပြား (၄ဝဝ ကျပ်)နဲ့ ဝယ်တယ် ။ ၃၁ ပိသာထွက်တဲ့ ဝက်တကောင်ကို ဒင်္ဂါး ၃၆ ပြား (၉ဝဝ ကျပ်) ပေးရတယ်။ စောက်ဖားမှာပဲ အဖိုးကြီးတယောက်က ဒင်္ဂါး ၁၅ ပြား (၃၇၅ ကျပ်)နဲ့ဝယ်ထားတဲ့ ကျွန်မကလေးတယောက်ကို စော်ကားလို့ ကိုယ်ဝန်ကြီးနဲ့တွေ့ရတယ်။ ဒါပေမဲ့ ကျွန်ကို ကျွန်လိုပဲ ထားတယ်။ လွယ်လင်းကျွန်ပိုင်ရှင်တဦးဟာ သူ့ကျွန်ကျောပေါ်ကနေ မြင်းလိုစီးပြီး ခရီးထွက်တယ်။ လမ်းမှာ သားကောင်တွေ့လို့ ကျွန်ကိုစီးလျက်သား တူမီးသေနတ်နဲ့ပစ်တာ မထိဘဲလွဲချော်သွားတယ်။ ထမ်းထားတဲ့ကျွန် ငြိမ်ငြိမ်မနေဘဲလှုပ်ရှားလို့ လွဲချော်ရတယ်ဆိုပြီး ကျွန်ရဲ့ဦးခေါင်းကို သေနတ်ဒင်နဲ့ဆောင့်လို့ ထိပ်ဟက်တက်ကွဲသွားရတယ်။

ဝနယ် လွတ်မြောက်စမှာပဲ ဝမ်လင်းဒေသ၊ တိန်နန်းရွာရဲ့ ညောင်ပင်ကြီးအောက်မှာ လူဦးခေါင်းတွေတင်ထားတဲ့ တိုင်ပေါင်း ၇၂ တိုင် တွေ့ ရတယ်။ ဒီတိုင်တွေရဲ့ခြေရင်းမှာ လူဦးခေါင်းခွံတွေ၊ လူရိုးတွေနဲ့ မဆွေးသေးတဲ့ဆံပင်တွေဟာ ပုံနေပြီး အပုပ်နံ့တထောင်းထောင်းထနေတယ်။ တချို့ရွာတွေမှာ ဦးခေါင်းဖြတ်ပွဲကျင်းပတဲ့အခါမှာ နတ်ဆရာတီးလေ့ရှိတဲ့ သစ်ခေါင်းထွင်းထားတဲ့ မရဏသစ်လုံးကြီးတွေ ယခုတိုင်အောင် ရှိပါသေးတယ်။ လွယ်လင်း (နန်းခမ်းဦး)ကနေ ယင်းဖန်ခရီးဟာ ၅နာရီသာကြာပေမယ့် အရင်က ဒီခရီးဟာ ခေါင်းဖြတ်သမားတွေကြီးစိုးတဲ့ မရဏခရီးဖြစ်လို့ ဘယ်သူမှ မသွားရဲကြဘူး။ ခေါင်းဖြတ်ဖို့ ဖမ်းထား၊ ဝယ်ထားခံရတဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေ ဝနယ်တခွင်လုံးမှာ စုစုပေါင်း ၄ဝဝဝ ကျော်ရှိပြီး ဗမာပြည်ကွန်မြူနစ်ပါတီရောက်လာမှ အသက်ဘေးက လွတ်ခဲ့ရတယ်။ သူတို့ကလေးတွေကို မိဘမဲ့ကလေး ကျောင်းဖွင့်လှစ်ကာ ပညာသင်ပေး၊ကျွေးမွေးပြုစုထားလို့  ယခုအခါ ပါတီဝင်တွေ၊ တော်လှန်ရေးသမားတွေ၊ ပညာတတ်တွေ ဖြစ်ကုန်ပါပြီ။

ပါတီက ခေါင်းဖြတ်နတ်တင်တဲ့စနစ်ကို ပြင်းပြင်းထန်ထန်တားမြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဝမ်လင်နဲ့ယင်းဖန်ဒေသတွေမှာ လူကို အရှင် ခေါင်းမဖြတ် ပေမယ့် လူသေကို ခေါင်းဖြတ်နတ်တင်မှုတွေ ရှိခဲ့သေးတယ်။ ခေါင်းဖြတ်ခြင်းနဲ့မဆိုင်သော်လည်း ဝအမျိုးသားများရဲ့ ဓလေ့ဟောင်းတရပ်က အိမ်သားတဦးသေဆုံးရင် လနဲ့ ၊နှစ်နဲ့ချီပြီး မမြှုပ်ဘဲ ထားလေ့ရှိပါတယ်။ လူကြီးသူကြီးထဲကဆုံးရင် ပိုကြာတတ်သေးတယ်။ သေသူအတွက် ကျွဲ၊ နွား၊ ဝက်၊ ခွေး စသဖြင့် သတ်ပြီး မပူဇော်နိုင်ရင် သေသူဟာနောင်ဘဝအတွက် မကောင်းနိုင်ဘူးလို အယူရှိခဲ့တယ်။ ဆင်းရဲတော့ သားသတ်ဖို့ မတတ်နိုင်သေးရင် မသတ်နိုင်မချင်း မမြှုပ်သေးဘူး၊ အခေါင်းသွင်းပြီး အိမ်ပေါ်မှာပဲ အလောင်းကိုထားတော့ အပုပ်နံ့တလှိုင်လှိုင်နဲ့ ပေါ့။ ဒီဓလေ့ဟောင်းဟာလည်း ပါတီက ဖိဖိစီးစီးပညာပေးတားမြစ်လို့ ၈ဝ ခုနှစ်ဒီဘက်ပိုင်းမှာ မရှိသလောက် ကွယ်ပျောက်သွားပါတယ်။

အုပ်စုတိုက်ပွဲများဟာ ကြောက်ခမန်းလိလိ ပြင်းထန်ခဲ့တယ်။ အဓိကကတော့ အုပ်စုခေါင်းဆောင်ချင်း မသင့်မြတ်ကြလို့ တိုက်ကြတာပါ။ လူထုထဲမှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိပါဘူး။ အစိုးရအဆက်ဆက်ဟာ အုပ်စုခေါင်းတွေကိုကိုင်ပြီး အုပ်စုချင်းပဋိပက္ခကို အသုံးချခဲ့ ကြတယ်။ ဝနယ်ပြည်သူတွေ ဝါးအစည်းပြေသလို အကွဲကွဲအပြားပြားဖြစ်အောင်လုပ်ပြီး အုပ်စုတိုက်ပွဲများကို ကြီးထွားစေခဲ့တယ်။ ကူမင်တန် တွေကလည်း အုပ်စုခေါင်းဆောင်တွေကိုကိုင်ပြီး ဘိန်းကုန်ကူးကာ စီးပွားရေးအမြတ်ထုတ်ခဲ့ကြတယ်။ အုပ်စုချင်းကြားပဋိပက္ခတွေ တိုးပွား လာပြီး မြေယာလုတိုက်ပွဲတွေ ဖြစ်ကြတယ်။ ကြွယ်ဝတဲ့အုပ်စုက မြေယာပိုင်ဆိုင်မှု ပိုများလာတယ်။ အုပ်စုတစုရဲ့နယ်မြေအတွင်းမှာရှိတဲ့ တောင်ယာစိုက်ခင်းတွေဟာ အဲဒီအုပ်စုရဲ့ အုပ်စုခေါင်းကပိုင်တယ်။ သူတဦးတည်းက အုပ်စီးထားတယ်။ သာမန် ဝပြည်သူတွေမှာ အငတ်ငတ် အပြတ်ပြတ်ရှိပေမယ့် အုပ်စုခေါင်းဆောင်ရဲ့ စပါးကျီတွေမှာ ၃-၄ နှစ်က စပါးကိုတောင် ဝယ်လို့ရနေသေးတာ တွေ့ရတယ်။

နာမည်ကြီးအုပ်စုကြီး ၂ခုဖြစ်တဲ့ မန်တုန်မှ လုံခွာအုပ်စုနဲ့ လိမ်ဟော်မှ မွတ်လေ့အုပ်စုတို့တိုက်ကြတာ ၁၉၇၃ ခုနှစ်မှာ ပါတီကဖြေရှင်းပေးပြီးတဲ့ အထိနှစ်ပေါင်း ၃ဝ ကြာခဲ့တယ်။ လုံခွာရွာနဲ့ မွတ်လေ့ရွာအကြား ရှည်လျားကျဉ်းမြောင်းတဲ့တောင်တလုံးကို သူပိုင်ငါပိုင်လုနေတာကြာလှပြီ။ အင်္ဂလိပ်ခေတ်က တခြမ်းစီခွဲဝေပေးပြီး ဖြေရှင်းခဲ့ပေမယ့် မပြေလည်ခဲ့ဘူး။ ပါလီမန်အစိုးရလက်ထက်မှာလည်း ၂ ကြိမ် ဖြေရှင်းခဲ့ဖူးပေမယ့် တံစိုးလက်ဆောင်များ လာဘ်ထိုးရတာသာ အဖတ်တင်တယ်၊ မပြေလည်ခဲ့ဘူး။ ၁၉၆၉ ခုနှစ်မှာ ဒီအုပ်စုကြီးနှစ်ခုဟာ အပြင်းအထန် တိုက်ကြ ပြန်တယ်။ အုပ်စုချင်းတိုက်ကြလို့ရွာတွေမီးလောင်ပြာကျရတာ အခါခါ၊ သေကြေပျက်စီးမှုတွေလည်း မနည်းလှတော့ဘူး။ ဒီနယ်ဟာ မိုင်းမော ရဲ့အနောက်ဖက် ၁၄-၅ မိုင်လောက်အကွာမှာ ရှိပါတယ်။ မွတ်လေ့အုပ်စုကစစ်ရှုံးလို့ တံစိုးလက်ဆောင်ပိုပေးပြီး စစ်ကူတောင်းပြန်တယ်။ ကြေးစားတပ်က နှစ်ဘက်ခွတုတ်နေပေမယ့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ဘူး။ ဒီလိုနဲ့ အုပ်စု ၂ ခုစလုံး ရွှေချောင်းတွေ၊ ဒင်္ဂါးတွေ၊ ဘိန်းတွေ၊အစားအသောက်တွေ လာဘ်ထိုးရတာနဲ့ဖြူကာပြာကာ ကျခဲ့ကြရတော့တယ်။ စုစုပေါင်းဒင်္ဂါး ၃ဝဝဝ လောက် ကုန်ကျ ခဲ့ရတယ်။

လွတ်မြောက်လာခဲ့ပြီးနောက် ၁၉၇၃ ခုနှစ်ထဲမှာ ပါတီက ပြသနာကို ကိုင်တွယ်ဖြေရှင်းခဲ့ရတယ်။ အုပ်စုခေါင်း ၂ ယောက်ကို လူထုရှေ့မှာ လူတန်းစားအရဖွင့်ချကာ လူထုတိုက်ပွဲဆင်ခဲ့တယ်။ လူထုကို ပညာပေးခဲ့တယ်။ ဒါဟာ လူထုချင်းပြသနာမဟုတ်ဘဲ အဓိက အုပ်စုခေါင်း ဆောင် (၂)ဦးရဲ့ပြသနာသာဖြစ်လို့ နှစ်ဘက်လူထုရဲ့ချစ်ခင်သွေးစည်းမှုဟာ ပြန်လည်ဖွံဖြိုးလာခဲ့တယ်။ ပြသနာလည်းပြေလည်သွားခဲ့တယ်။
၁၉၇၂ ခုနှစ်ကုန်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီက အမိန့်လေးရပ်ထုတ်ပြန်ပြီး ဝနယ်ရဲ့ ခေတ်ဟောင်းကအမွေဆိုးများကို ပြင်းပြင်းထန်ထန် တားမြစ်ပိတ်ပင်ခဲ့တယ်။

၁။ လူခေါင်းဖြတ် နတ်တင်တာမလုပ်ရ။
၂။ အုပ်စုတိုက်ပွဲ မလုပ်ရ၊ စလုပ်သူကို သေဒဏ်။
၃။ ကျွန်များမထားရ၊ လူအရောင်းအဝယ် မလုပ်ရ၊ ရှိတဲ့ကျွန်တွေကို လွှတ်ပစ်ရမယ်၊ ဒါမှမဟုတ် ပါတီကိုအပ်ရမယ်။
၎။ လုပ်အား အလကား မခိုင်းရ၊ ခိုင်းရင် လုပ်ခပေးရမယ်ဆိုတဲ့ အမိန့်လေးရပ်ထုတ်ခဲ့တယ်။
မိုင်းမောမှာ ခေါင်းဖြတ်သူရဲကောင်းဆိုသူကို ဈေးထဲမှာ သေဒဏ်ပေးလိုက်တယ်။ ဝနယ်တနယ်လုံးမှာ လူတန်းစားတိုက်ပွဲဆင်ပြီး လူထုအပေါ် သွေးကြွေးချွေးကြေးရှိသူမျုားကို အရေးယူအပြစ်ပေးခဲ့တယ်။ ဝနယ်မှာ အုပ်စု ၃၆ အုပ်စု ရှိတဲ့အနက် ၃၄ အုပ်စုကို လွတ်မြောက်စေခဲ့ပြီး အဲဒီ အထဲက အုပ်စုခေါင်း ၇ ဦးဟာ မိမိတို့အမှားကို လူထုရှေ့မှောက်မှာ ဖွင့်ဟဝန်ခံကာ ပြည်သူ့တပ်မတော်နဲ့ လာရောက်ပူးပေါင်းခဲ့တယ်။ အနည်းစု အုပ်စုခေါင်းတွေက စစ်အစိုးရအုပ်စိုးထားတဲ့ ဒေသဖြူသို့ ထွက်ပြေးကြတယ်။ ကျန်အုပ်စုခေါင်းတွေဟာ အမျိုးမျိုးပညာပေးလို့မရ၊ မိမိတို့ရဲ့လူထုအပေါ်ဗိုလ်ကျသွေးစုပ်တဲ့လုပ်ရပ်များကို မပြုပြင်တဲ့အောက်မှာ ဝပြည်သူတွေနဲ့ပြည်သူ့တပ်မတော်ရဲ့ ဒါဏ်ခတ်အပြစ်ပေးခြင်း ခံကြရတယ်။

နန်ပုံ၊ နားဝေး၊ နမ့်ဖန်၊မိုင်းမော၊ဟိုပန် စတဲ့ဒေသတွေမှာ သီးစားခစနစ်ရှိတယ်။ သီးထွက်ရဲ့တဝက်ကို လယ်ရှင်ကိုပေးရတယ်။ ပန်ဆန်းဒေသ တွေမှာတော့ ပဒေသရာဇ်စော်ဘွား၊ရွာစား၊ ရွာဆော်များရဲ့သြဇာအာဏာဟာ ကြွင်းကျန်တည်ရှိနေသေးတယ်။ ကြွယ်ဝတဲ့သူ မြေယာပိုင်ဆိုင်မှု ပိုများတယ်။ လယ်တွေကို ကြွေးနဲ့သိမ်းတာ၊ အာဏာနဲ့သိမ်းတာ၊ သိမ်းဝယ်တာလုပ်ပြီး ချုပ်ကိုင်လာကြတယ်။ စပါးတိုး၊ငွေတိုး၊ ပင်ထောင်စနစ် များလည်း ထွန်းကားတယ်။ နှစ်ထပ်တိုးဖြစ်လို့ ပြန်မဆပ်နိုင်ကြတော့တာတွေ များတယ်။ အခွန်ပဏ္ဍာဆက်သရတဲ့စနစ်၊ ဘုံလယ်မြေကို ချုပ်ကိုင်ချယ်လှယ်သွေးစုတ်တဲ့ စနစ်များရှိခဲ့တယ်။

စစ်အစိုးရကြေးစားတပ်၊ ကူမင်တန်တပ်ကြွင်းတပ်ကျန်များနဲ့ ကာကွယ်ရေးလို့ခေါ်တဲ့ စစ်အစိုးရဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့များဟာ ယင်းဖန်၊ မိုင်းမော၊စောက်ဖါး၊ ပန်ယန်း၊ ပန်ဆန်းတို့မှာ အမြီးချင်းချိတ် လိမ်ထားတဲ့ ခွေးအသုံးကောင်လို တပ်စွဲထားကြတယ်။ လူထုဟာ ဒီဖေါက်ပြန်ရေးတပ်များကို အစဉ်အမြဲ ဆက်ကြေးပေးနေရတယ်။ အထမ်းလိုက်ရတယ်၊ ခိုင်းသမျှအကုန်လုပ်ပေးရတယ်။ တနှစ်ကို တအိမ် ငွေဒင်္ဂါး ၇ ပြား၊ ဆန် ၃ပုံး၊ ဘိန်းတပိသာ၊ ကြက်၊ ဝက်၊ ကျွဲ၊ နွား၊ ထင်း၊ဝါး၊ သက်ကယ် အစုံပါပဲ။ ကြားဖြတ်ဆက်ကြေးများလည်း ရှိသေးတယ်။ လက်နက်ခဲယမ်းဖိုး၊ အဝတ်အစားဖိုး စသဖြင့် ဖြစ်တယ်။

လူမျိုးရေးပဋိပက္ခလည်း ပြင်းထန်တယ်။ အခုလို အဖိနှိပ်၊အလုယက်၊ အစော်ကားခံနေရတဲ့ဘဝက လွတ်မြောက်ရေးအတွက်ဆိုပြီး လူမျိုး အလိုက် ပုန်ကန်မှုအဖွဲ့အစည်းတွေ ပေါ်လာတယ်။ ဝအမျိုးသားထဲက ဗိုလ်မောင်အဖွဲ့၊ မဟာစန်းအဖွဲ့၊ လားဟူအမျိုးသားထဲက ဗိုလ်ကြာလှ အဖွဲ့စသဖြင့် ဖြစ်တယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေဟာ ဝိဇ္ဖာနည်းကျမှန်ကန်တဲ့ အတွေးအခေါ်လမ်းညွှန်မှုလည်း မရှိ၊ မှန်ကန်တဲ့ ခေါင်းဆောင်မှု အဖွဲ့အစည်းလည်း မရှိ၊ မှန်ကန်တဲ့ အခြေခံလမ်းစဉ်၊လုပ်ငန်းစဉ်များလည်း မရှိလေတော့ အချို့ဟာ ကိုယ့်အမျိုးသားကိုယ်ပြန်ဖိနှိပ်တဲ့ အဖွဲ့ အစည်းတွေ ဖြစ်ခဲ့ရတယ်။ မိမိအမျိုးသားလွတ်မြောက်ရေးအတွက် မဆောင်ကျဉ်းနိုင်ရုံမက လူထုမှာဗူးလေးရာဖရုံဆင့်ဆိုသလို ဖြစ်ခဲ့ရတယ်။

ဒီအဖွဲ့အစည်းတွေဟာ ဝနယ်ပြည်သူတွေအပေါ် ကူမင်တန်ကာကွယ်ရေးနဲ့ ကြေးစားတပ်နည်းတူ ကြီးလေးတဲ့ဆက်ကြေးများကို ကောက်ခံရုံ တင်မက မထင်ရင်မထင်သလို လုပ်ခဲ့ကြတယ်။ ဝနယ်ပြည်သူတွေရဲ့ အတိတ်ဘဝမှာ မိမိတို့လုပ်သလောက် အကျိုးမခံစားရပါဘူး။ ဆင်းဆင်း ရဲရဲ၊ ပင်ပင်ပန်းပန်းလုပ်ကြရပြီး လုပ်အားရဲ့အများပိုင်း ၈ဝ% လောက်ဟာ သွေးစုတ်လုယက်ခြင်း ခံခဲ့ရတယ်။ အရာအားလုံးကို မျက်စိသူငယ် နားသူငယ်နဲ့ ကြောက်ကြောက်ရွံရွံဖြစ်ခဲ့ရပါတယ်။

ခုချိန်မှာတော့ ဝ နယ်လွတ်မြောက်လာတာ ၁၆ နှစ်ကျော် ၁၇ နှစ်လောက်ရှိလာပါပြီ။ တချိန်က ကျေးကျွန်တွေဟာ အခုတော့ အရှင်သခင်တွေ ဖြစ်လာပါပြီ။ အတိတ်ကဖြစ်ရပ်တွေဟာ ပုံပြင်သဖွယ်ကျန်ခဲ့ပါပြီ။ ဒီလိုအဖြစ်ဆိုးတွေကို နှောင်းလူငယ်တွေဟာ သက်ကြီး ရွယ်အိုများက လွမ်းဆွတ်ကြေကွဲစွာ ပြန်လည်ပြောပြမှ ကြားသိကြရတော့တယ်။ လွတ်မြောက်ပြီးတဲ့နောက် ဝနယ်ဟာ တဟုန်ထိုး ပြောင်းလဲ လာခဲ့တယ်။ အစဉ်အလာဟောင်း၊ ထုံးစံဓလေ့ဟောင်းများ တိမ်ကောပျောက်ကွယ်သလို သစ်လွင်တဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ဝနယ်ဟာ ယခင်ကနဲ့မတူ တသွေးတမွေးနဲ့ ရှေ့ကို ဖြစ်ပေါ်တိုးပွားနေပြီဖြစ်တယ်။ အတိတ်ဖြစ်ရပ်များဟာ အနီးခေတ်သမိုင်း ပုံကားချပ်တရပ်အဖြစ် ဗမာပြည်ရဲ့သမိုင်းကွက်လပ်တခုကို ဂွင်းဆက်ချိတ်ဆက်ကြည့်ခြင်းမျှသာ ဖြစ်ပါတယ်။

(၁၉၈၈ ခုနှစ် မတ်လထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် ၂ မှ ကူးယူဖော်ပြပါသည်) ဒီမြင့်သစ်ပေ့ဂ်ျကနေတဆင့် ကူးယူဖော်ပြတာဖြစ်ပါတယ်

0 comments:

Post a Comment