(စကားနောက်က တရားများ)
ဗမာစကားမှာ သေနတ်နဲ့ပစ်သတ်ခံရတယ်၊
သေနတ်မှန်လို့ သေတယ်၊ ကျည်မတော်တဆထွက်လို့ မှန်ပြီးသေတယ်။
စသည်ဖြင့်ရှိပြီးသားပါခင်ဗျား။ သေနတ်ကျည်ဆန်မှန်လို့သေတယ်ဆိုတာကတော့
ဆန်းသလိုလိုရှိပါတယ်။
ဗုံးစတွေ
ဗုံးဆန်တွေမှန်လို့သေတယ်ဆိုတာက ရှင်းတယ်။ ဗုံးက ကိုယ့်နားလာကျတယ် ဒါမှမဟုတ်
ကိုယ့်ကို အစတွေမှန်နိုင်လောက်တဲ့အကွာအဝေးမှာ လာကျတယ်။ ကွဲတယ်။ အစတွေ
ကိုယ့်လာမှန်တယ်။ သေတယ်။ ဒါတောင် ဗုံးထိလို့သေတယ်လို့ ယေဘုယျပြောကြတယ်။
ဗုံးစမှန်လို့ ဗုံးကျည်ထိလို့သေတယ်လို့လည်း ပိုအသေးစိတ်လိုလို့
နေရာအလိုက်ပြောကြတာရှိပါတယ်။ တရားရုံးတို့ မှုခင်းဆိုင်ရာဆေးပညာတို့
စတဲ့နယ်ပယ်တွေမှာဖြစ်မယ်ထင်ပါတယ်။
ရခိုင်က အေအေနဲ့ဖြစ်တဲ့တိုက်ပွဲမှာ
စစ်တပ်ကပစ်လိုက်လို့ မျက်နှာကိုသေနတ်မှန်ပြီး ကလေးမလေးတယောက် ဆုံးပါတယ်။ ဒါကို
သေနတ်ကျည်ဆန်မှန်လို့သေတယ်လို့သုံးတာက အဲ့မတိုင်မီလေးမှာ လက်နက်ကြီးတွေပစ်တယ်
ကျတယ်၊ ဒါပေမဲ့သေတာက လက်နက်ကြီးကြောင့် မဟုတ်ဘူး သေနတ်မှန်လို့သေတာ။ ဒါလောက်ကိုပဲ
ထင်းစေ့ချင်လို့ ခွဲပြီးပြောတာဆို ကိစ္စမရှိဘူးထင်ပါတယ်။
ခုဖြစ်နေတာက အဲ့ဒီသေနတ်က
ဘယ်သူကပစ်တဲ့သေနတ်လဲ အဲ့ဒီကျည်က ဘယ်ပြောင်းကထွက်တဲ့ကျည်လဲကို သေချာမပြောတော့ပဲ
“သေနတ်ကျည်ဆန်မှန်လို့သေ“ဆိုပြီး လုံးရိုက်ပြီး ပြဿနာကို
ထွေးပစ်လိုက်သလိုဖြစ်နေတဲ့အပြင် ဘယ်ကလာမှန်းမသိတဲ့ သေနတ်ကျည်ဆန်လာမှန်ပြီး
နေရင်းထိုင်ရင်းသေသွားရသလိုမျိုးအထိ ရောက်သွားပါတယ်။ ဒေသခံတွေရော
ကျန်ရစ်သူတွေရဲ့အပြောမှာရော စစ်တပ်ကပစ်လိုက်တဲ့သေနတ်မှန်လို့သေတယ်ဆိုတာ
အထင်အရှားရှိနေပါလျှက် ပြောနေပါလျှက် ကြားနေသိနေပါလျှက် “တိုက်ပွဲဖြစ်ပွားရာတွင်
သေနတ်ကျည်ဆန်မှန်လို့သေ“လို့ဆိုတော့ သတင်းမီဒီယာတွေနဲ့လူတွေရဲ့
သမာသမတ်ကျမှုနဲ့အဂတိလိုက်မှုကို ဆန်းစစ်ဆင်ခြင်စရာဖြစ်လာပါတယ်။
စစ်ပြေးဒုက္ခသည်ဆိုတဲ့စကားက
ရှိပြီးသားဖြစ်ပါတယ်။ စစ်ပြေးဒုက္ခသည်လို့ကြားလိုက်တာနဲ့ လူတွေစိတ်ထဲ
စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခဆိုးတွေအမျိုးမျိုးကြုံပြီး နေရပ်ရင်းကို
အိုးအိမ်ကိုစွန့်ခွာ ခြေဦးတည့်ရာ ပြေးမိပြေးရာ
အသက်လုပြေးလာကြရသူတွေကိုပြောတာမှန်း လူတိုင်းနားလည်သိမြင် သဘောပေါက်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအဖြစ်
ဖက်ဆစ်တွေစစ်ဦးဘီလူးနဲ့ ဗမာပြည်ထဲဝင်လာတော့ ဗြိတိသျှဘုရင်ခံအစိုးရ အိန္ဒိယ၊
ဆင်းမလားကိုပြေးပါတယ်။ ဒါကို စစ်ပြေးအစိုးရလို့ သုံးပါတယ်။ စစ်ရိပ်သန်းလာလို့
ဟိန္ဒူအမျိုးသားတွေ အိန္ဒိယပြန်တော့ စစ်ရှောင်သူများလို့သုံးပါတယ်။
စစ်အတွင်းပြန်ပြေးကြတော့ စစ်ပြေးဒုက္ခသည်တွေလို့ သုံးပါတယ်။ စစ်သားမဟုတ်တဲ့ဂျပန်တွေ
စစ်ကြီးအပြီး ဂျပန်ပြန်တော့လည်း မာစတာကြီးကပြည်တော်ပြန်လို့ သုံးပါတယ်။
နေဝင်းအာဏာသိမ်းပြီး ပြည်သူပိုင်သိမ်းတော့ပြန်တဲ့ တရုတ်ကုလားစသူတွေကို
ပြည်တော်ပြန်တွေလို့သုံးပါတယ်။ ဒီနေရာမှာ ရှောင်တယ်နဲ့ပြေးတယ်ဆိုတာကို
သူ့နေရာနဲ့သူ အံကျအောင်သုံးကြတာသတိထားမိနိုင်ကြမှာပါ။
ကချင်မှာ
ရခိုင်မှာစတဲ့လူမျိုးစုဒေသတွေမှာ စစ်တပ်နဲ့ အခြားလက်နက်ကိုင်အင်အားစုတွေ
တိုက်ပွဲတွေဖြစ်ကြတော့ ရွာသူရွာသား အရပ်သူအရပ်သားတွေ ခွေးပြေးဝက်ပြေး
ပြေးကြရပါတယ်။ ကြိုပြီး ရှောင်လာတဲ့လူတွေလည်း ရှိနိုင်ပါတယ်။ အများစုကတော့
စစ်မဖြစ်ခင်က ထွက်လာကြသူတွေမဟုတ်ပါဘူး။ ရှောင်လာတဲ့သူတွေမဟုတ်ပါဘူး။ သေလုမြောပါး
ဘေးလွတ်ရာ ထွက်ပြေးလာကြသူတွေပါ။ ဒီနေရာမှာလည်း ညွှန်းချင်တာက စစ်ကြောင့်
ခွက်လွတ်လက်လွတ်ပြေးလာရသူတွေကိုဖြစ်ပေမယ့် လုံးရိုက်ပြီး
စစ်ရှောင်ဒုက္ခသည်များဆိုပြီးပြောတော့ သတင်းမီဒီယာတွေနဲ့လူတွေရဲ့
သမာသမတ်ကျမှုနဲ့အဂတိလိုက်မှုကို ဆန်းစစ်ဆင်ခြင်စရာဖြစ်လာပါတယ်။
လူတွေ အစိုးရကို အာဏာပိုင်ကို
အခြေအနေအဖြစ်အပျက်တရပ်ကို အလိုမကျတဲ့အခါ မိမိလို့လိုအင်ဆန္ဒ(ကြိုက်မကြိုက်)ကို
ထုတ်ဖော်ပြသကြပါတယ်။ တယောက်ထဲလည်းဖြစ်ချင်ဖြစ်မယ် အများနဲ့လည်းဖြစ်ချင်ဖြစ်မယ်။
ဒါကိုဆန္ဒပြတယ်လို့ ယေဘုယျပြောပါတယ်။
များသောအားဖြင့်
ကြိုက်တာကိုထုတ်ဖော်ပြသတာဆို ထောက်ခံပွဲလို့ပြောပြီး မကြိုက်လို့ မကျေနပ်လို့
ထုတ်ဖော်ပြသတာကို ဆန္ဒပြတယ် ဒါမှမဟုတ် ဆန့်ကျင်ပွဲလုပ်တယ်လို့ ပြောကြပါတယ်။
ပိုအသေးစိတ်လိုလို့ ထောက်ခံဆန္ဒပြပွဲနဲ့ ကန့်ကွက်ဆန္ဒပြပွဲလို့လည်း
ခွဲခွဲထင်ထင်ပြောလေ့လည်းရှိပါတယ်။ အနက်၊ အဓိပ္ပါယ်နဲ့ သဘောသွားတွေဟာ ဆိုလိုရင်းကို
ဒုတ်ဒုတ်ထိသလို မျက်စေ့ထဲလည်း ကွက်ကွက်ကွင်းကွင်းမြင်ပါတယ်။ ထောက်ခံပွဲတွေကတော့
ထားပါတော့။ လူတွေရဲ့တကယ့်အလိုအရ ထောက်ခံတာရှိသလို အာဏာပိုင်တွေရဲ့ နည်းမျိုးစုံ
စည်းရုံးသိမ်းသွင်း အကြပ်ကိုင် ခြိမ်းခြောက် မက်လုံးပေး လှည့်ဖျားတာတွေကြောင့်လည်း
ဖြစ်ပါတယ်။ ဆန္ဒပြတာမှာလည်း ဒါမျိုးတွေရှိပါတယ် လုံးလုံးမရှိဘူးလို့တော့
ပြောလို့မရပါ။
ဒါပေမယ့် ဆန္ဒပြတယ်ဆိုကတည်း သူ့မှာ
မကျေနပ်ချက် လိုအပ်ချက်တခုခုတော့ ရှိကိုရှိနေပြီဆိုတာ တွေးလို့ရပါတယ်။ ကလေးတယောက်
နို့ဆာလို့ အော်ဟင်ငိုယိုပြီဆို ဒီကောင်တော့ ဆန္ဒပြနေပြီလို့ ပြောတာမျိုးမှာ။
ယေဘုယျကတော့ မကျေနပ်လို့ လှုပ်ရှားပြသလာပြီဆို ဆန္ဒပြတယ်လို့ပြောပါတယ်။
ထွက်စေ့ချင်တဲ့ရလဒ် အဆိုးအကောင်းသဘောပေါ် တည်ပြောတာထက်
လုပ်နေတဲ့လုပ်ရပ်အပေါ်ပြောတာမျိုးဖြစ်ပါတယ်။
ဒီနေရာမှာပြောစရာက လူတွေမကျေနပ်လို့
လိုအင်တခုခုရှိနေလို့ အစုရွယ်ရွယ်လတ်လတ်တွေနဲ့ လမ်းပေါ်ထွက်လာပြီဆို
ဆန္ဒပြတယ်လို့အပြောနည်းပြီး “ဆန္ဒဖော်ထုတ်တယ်“ဆိုတဲ့ အသုံးအနှုန်းကို ဒီဘက်ခေတ်မှာ
အတော်လေးကို ဖော်ထုတ်သုံးစွဲလာကြတာပါ။ ဆန္ဒပြတာဟာ ဆန္ဒပြတာအဖြစ် ဗမာစကားမှာ ရှိနှင့်ပြီးသားပါ။
စကားလုံးအနက်ကို အကောင်းဆိုးနဲ့ပြောလိုတာထက် ပြုနေတဲ့အပြုအမူကိုပြောတာ ဖြစ်ပါတယ်။
အဆိုးမြင်သဘော မပါဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာလည်း ဆန္ဒပြတာကို
ဆန္ဒဖော်ထုတ်တယ်ဆိုပြီး သုံးစွဲပြောဆိုတာ မတွင် တွင်အောင်လုပ်နေတာမှာ
သတင်းမီဒီယာတွေနဲ့လူတွေရဲ့ သမာသမတ်ကျမှုနဲ့အဂတိတရားကို
ဆန်းစစ်ခြင်ခြင်ဖို့လိုမယ်ထင်ပါတယ်။
ဟယ်ရီတန်သေတာကို
သေနတ်မှန်လို့သေတယ်လို့ပြောမယ်ဆို ပြောလို့ရဦးတောင် ၈၈
အာဏာသိမ်းတဲ့နေ့မှာကျဆုံးသွားတဲ့ မဝင်းမော်ဦးလေးကို
သေနတ်မှန်လို့သေတယ်လို့ပြောမရဘူး ထင်ပါတယ်။
စစ်ကြောင့်ပေမယ့် ပြေးချိန်လွှားချိန်လေးရလို့
တိုက်ပွဲဖြစ်မှာကြိုသိလို့ ထွက်ပြေးလာရသူတွေကို စစ်ရှောင်သူတွေလို့ဆိုချင်ဦးတောင်
တိုက်ပွဲတွေကြားကနေ ခြေဦးတည့်ရာ အသက်လုပြေးလာရတဲ့လူတွေကို စစ်ရှောင်တွေလို့ပြောတာ
မမှန်ဘူးထင်ပါတယ်။
ဆန့်ကျင်တာ/ထောက်ခံတာကိုဖော်ပြဖို့
လက်မှတ်တွေလိုက်ကောက်ယူစုဆောင်းတာ စတစ်ကာကမ်ပိန်းတွေလုပ်တာ
တိုင်စာမှာစုပေါင်းလက်မှတ်ထိုးတာ စတာတွေကို
ဆန္ဒဖော်ထုတ်တယ်လို့ပြောလို့ဖြစ်ဦးတောင် မြစ်ဆုံဆည်ဆောက်မှာမလိုလားလို့
လမ်းပေါ်ထွက်လာကြတာကို ဆန္ဒဖော်ထုတ်တယ်လို့သုံးတာကတော့ ဟန်မကျဘူးထင်ပါတယ်။
ဒါတွေဟာလည်း
စကားနောက်ကတရားတွေဘဲမဟုတ်ပါလား ခင်ဗျား။
မျိုးမြင့်ချို (ေဖော္ဝါရီ ၂၃၊ ၂ဝ၁၉ )
0 comments:
Post a Comment