လမ်းပေါ်ကလူတစ်ယောက်ပြောချင်တာများ ကိုတာ(ဒု)လောကနတ်ဆွေးနွေးပွဲ
''ရတနာရွှေဂူမှ ကသရာဇာခြင်္သေ့မင်းထွက်လေလျှင်၊ ကာင်းကင်ဆင်ပျံနှင့်တွေ့၍၊ အစာဖြစ်သောတိမ်ညွန့်များကြောင့် ခိုက်ရန်ဖြစ်ကြသဖြင့်၊ ဆင်ပျံဦးကင်းကို ခြင်္သေ့နင်းလျက် နှာမောင်းကိုစုတ်သည်တွင် လောကနတ်သည်ရန်နှစ်ဦးကိုမြင်လေ၏။ လောကနတ်သည် ခြေတွင်စည်းစုပ်တီးလျက်၊ သီချင်းသီ၍၊ကခုန်ရွှင်မြူးပြ၏။ ဆင်ပျံနှင့်ခြင်္သေ့တို့သည်အသံ (အကနှင့်ကဗျာ) ၏သာယာညက်ညော တင့်တယ်လှသည်ကို နာခံကြ၍ရန်ငြိမ်းကြလေသတည်း” (ဇေယသင်္ခယာရေးရွှေဘုံနိဒါန်း)
၁။ ဒေးဗစ်ဘွမ်းဆိုတဲ့ပညာရှိကOn Dialogue ဆိုတဲ့စာအုပ်မှာယခုလိုဆိုတယ်။ ဆွေးနွေးပွဲဆိုတာ နေရာကလွတ်လပ်ရတယ်။ အဆင့်ကတန်းတူရတယ်။ (Free space and equal status are vital prerequisites.) ဒါတွေက ဆက်သွယ်ဖလှယ်မှုနဲ့ယုံကြည်မှုတွေရအောင် အင်မတန်အရေးကြီးတဲ့လိုအပ်ချက်တွေ။
နောက်ထပ်အရေးကြီးတဲ့ အခြေခံအချက်ကြီးကလည်း စုပေါင်းပြီးရရှိလာတဲ့အတွေးအခေါ်ဟာ တဦးတယောက်ချင်းအတွေးအခေါ်ထက် အားကောင်းတာ။
***၂။ လောကနတ်တရားဆွေးနွေးပွဲများဆိုတာ ရှိခဲ့ဖူးတယ်။ ၁၉၇၄ခုနှစ်ဧပြီလကစပြီး ပန်းဆိုးတန်းက လောကနတ်ဆိုင်ခန်းမှာလုပ်ခဲ့တယ်။ ဦးဆောင်တက်ရောက်သူတွေကတော့ ဗိုလ်မှူးကြီးဟောင်း ဓမ္မ္မိကဘသန်း၊ ဦးသော်ဇင်၊ ဆရာပါရဂူ၊ ဒေါက်တာသင်းသင်း၊ စက်ရှင်မင်းကြီးဟောင်း ဦးစောလွင်၊ ဟင်္သတမြို့ဒုတိယပခန်းဆရာတော် ရှင်သြဿဓစသည်ဖြင့်ပဲ။ မေတ္တာနှင့်သစ္စာတရားအကြောင်း ရင်ဖွင့်နှီးနှောကြသတဲ့။ သူတို့ဘယ်လိုနှီးနှောကြသတုန်း။
ပြီးခဲ့တဲ့သြဂုတ်လမှာ ဘာသာပေါင်းစုံကဆရာကြီးများ တွေ့ဆုံနှီးနှောကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ကိုရင်တာတက်ရတယ်။ မတက်မီမှာ ဆွေးနွေးပွဲအောင်မြင်စေချင်တဲ့ စေတနာမွန်မွန်မြတ်မြတ်ရှေ့ထားပြီး (ဦး)ကြည်မောင်ဋ္ဌေးက လောကနတ်တရားဆွေးနွေးပွဲအကြောင်း စာတရွက်ပေးလာတယ်။ လောကနတ်ဆွေးနွေးပွဲဆိုတာက ယခုလို။
လောကနတ်ဆိုင်ခန်း- တရားနှီးနှောပွဲ
အချီး
က။။ ခင်မင်ရင်းနှီးစွာ တဦးကိုတဦးအလေးအမြတ်ထားသော ဓမ္မ္မမိတ်ဆွေတစုသည် ရန်ကုန်မြို့ပန်းဆိုးတန်းအမှတ်(၆၂) ရှိ လောကနတ်ဆိုင်ခန်း၌ ၁၉၇၄ ခုနှစ်ဧပြီလမှစ၍ ရက်သတ္တပတ်နှစ်ပတ်လျှင်တကြိမ် တွေ့ဆုံကာ မေတ္တာနှင့်သစ္စာတရားအကြောင်းကို ရင်ဖွင့်၍နှီးနှောလေ့ရှိကြသည်။ ဤသို့ တရားနှီးနှောဖလှယ်ရန် လာကြသောပုဂ္ဂိုလ်အများစုမှာ အခါအားလျော်စွာ တရားလမ်းစဉ်အမျိုးမျိုးကို အတော်အတန် အထိုက်အလျောက် လေ့လာထားပြီးသူများဖြစ်ကြသော်လည်း၊ တရားလေ့လာဆဲဖြစ်သော သို့မဟုတ် လေ့လာလိုသော သားချင်းမိတ်ဆွေများနှင့် ဘာသာအယူမရှိငြားလည်း တရားဓမ္မ္မကို ဗဟုသုတအနေဖြင့် ဆည်းပူးလိုသောမိတ်ဆွေများကိုပါ လူမျိုး၊ ဘာသာ၊ ဂိုဏ်းဃန၊ အဆင့်အတန်း၊ အသက်အရွယ်၊ ကျား-မမရွေး မိမိတို့နှင့်အတူ တရားနှီးနှောပွဲ့ ဖိတ်ခေါ်လာလေ့ရှိကြပါသည်။
ခ။။ ဤတရားနှီးနှောဝိုင်းသည် သာသနာရေးအသင်းအပင်း အဖွဲ့အစည်း ဂိုဏ်းဃနတခု မဟုတ်ပါ။ နောက်နောင်မည်သည့်အခါ၌မျှလည်း အသင်းအပင်းအဖွဲ့အစည်း ဂိုဏ်းဃနတခုဖြစ်လာအောင် တည်ထောင်ရန် ရည်ရွယ်ချက်လည်းမရှိကြပါ။
ဦးတည်ချက်
ဂ။။ ခေတ်အမျိုးမျိုး လူအမျိုးမျိုးဒေသအမျိုးမျိုး၌ အမှန်တရားကို ထိုးထွင်းသိမြင်ကြသော ပညာယှိများသည် ရှေးရှေးတွင်လည်းရှိခဲ့ကြသည်။ ယခုလည်းရှိနေကြသည်။ နောက်နောင်လည်း ပေါ်ထွန်းလိမ့်ဦးမည်တည်း။ ယင်းပညာယှိမျိုးတို့၏ အဆုံးအမများကို လေ့လာသုံးသပ်ကြလျှင် အမှန်တရားသိမြင်ရေး ပညာဉာဏ်ကို လူဝတ်ကြောင်အဖြစ်နှင့်ပင်ရရှိပြီး ဤယခုဘဝကို လွတ်လပ်ချမ်းမြေ့ပြည့်စုံစွာ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ကြီးနေသွားနိုင်သည်။ ထိုအသိပညာဉာဏ်ကို ကိုယ်လည်းမပန်း စိတ်လည်းမနွမ်းစေရဘဲ ချမ်းသာကိုချမ်းသာစွာရှာဖွေသည့် ဉာဏ်လမ်းစဉ်ဖြင့်လည်း ရရောက်နိုင်သည်ဟူသော အခြေခံအယူမှန်ရှိကြသည့် ဤဓမ္မ္မမိတ်ဆွေများသည် အမှန်တရားသိမြင်ရေးသာလျှင် လူ့ဘ၀၏ပဓါနအကျဆုံးကိစ္စဖြစ်သည်ဟု နားလည်ထားကြပါသည်။
ဃ။။ ထို့ကြောင့်ပင် လောကနတ်ဆိုင်ခန်း- တရားနှီးနှောပွဲ၏ တခုတည်းသောဦးတည်ချက်ကို“အခါအားလျော်စွာတွေ့ဆုံကြပြီးလျှင် မိမိတို့လေ့လာ နားလည် သဘောပေါက်ထားသော တရားဓမ္မ္မအမျိုးမျိုးကို စာသိတွေးတောကြံဆသိမျိုး သက်သက်ဖြင့်မဟုတ်မူဘဲ ဘ၀အတွေ့အကြုံ ကိုယ်တိုင်လက်တွေ့ဉာဏ်သိမျိုးဖြင့် ရိုးသားရင်းနှီးစွာ ပွင့်လင်းသိမ်မွေ့စွာ လွတ်လပ်ရဲဝံ့စွာ နှီးနှောဖလှယ်ခြင်းပြုလျက် ဉာဏ်မပွင့်သေးသူများကိုလည်း အသိဉာဏ်ပွင့်လာအောင်၊ တရားသိပြီးသူများကိုလည်း ထုတ်ဖော်ဟောပြောရာ၌ ကြည်လင်ပြတ်သားလာအောင် တဦးကိုတဦး ရိုင်းပင်းကူညီရန်သာဟူရွေ့သတ်မှတ်ပြဌာန်းကြပါသည်။

လုပ်ထုံးလုပ်နည်းများ
င။။ မိမိတို့လေ့လာဖူးသည့် ကျမ်းကိုးကျမ်းကားများကိုသာ ဆုပ်ကိုင်ကာ အချေအတင်ပြောဆိုငြင်းခုံ၍ အနိုင်ယူလိုခြင်းဖြင့်သာ ပြီးဆုံးသွားကြသည့် တရားဆွေးနွေးပွဲမျိုးအဖြစ်သို့ တစစတဖြေးဖြေး ကျဆင်းဆုတ်ယုတ်သွားပြီးလျှင် မူလဦးတည်ချက် ပျောက်ဆုံးသွားမည့်အန္တရာယ်မျိုးကို နှီးနှောပွဲဓမ္မ္မမိတ်ဆွေအပေါင်းက မပေါ်ပေါက်စေလိုသောဆန္ဒရှိကြသည်ဖြစ်၍ နှီးနှောပွဲပြုလုပ်သည့် အခါတိုင်း အောက်တွင်ဖော်ပြထားသော လုပ်ထုံးလုပ်နည်းများနှင့်လျော်ညီစွာသာ ပြုလုပ်ဆောင်ရွက်သင့်သည်ဟု နှီးနှောပွဲဝင်အပေါင်းက သိရှိနားလည်ထားကြပါသည်။
(၁) လူမျိုးအစွဲ၊ အယူဘာသာအစွဲ၊ ဂိုဏ်းဃနအစွဲ၊ အဆင့်အတန်းအစွဲ၊ ဒေသအစွဲ၊ ရှေးရိုး အစဉ်အလာအစွဲ၊ ဆရာအစွဲ၊ စာအစွဲ၊ စကားအစွဲစသော တယူသန်တဘက်သတ်အစွဲများမှ ကျွတ်လွတ်နိုင်သမျှ ကျွတ်လွတ်နိုင်အောင် ကြိုးစားဆင်ခြင်ကြစတမ်း။ တရားနှီးနှောဝိုင်းတွင် တရားဓမ္မ္မမှလွဲ၍ အခြားဘာအကြောင်းမျှ မဆွေးနွေးကြစတမ်း။
(၂) တရားတင်ပြသူများက ပါဠိနှင့်အင်္ဂလိပ်စကားအပါအ၀င် နိုင်ငံခြားစကားများကို မသုံးမဖြစ်သော အခါများနှင့် လိုအပ်သောအခါများ၌သာ အသုံးပြုလျက် မိမိကိုယ်တိုင်၏နှုတ်-အာ-လျှာတွေ့ စကားအသုံးအနှုန်းများဖြင့် မိမိတင်ပြလိုသည်များကို စာသိသက်သက်ဖြင့်မဟုတ်ဘဲ ကိုယ်သိ ကိုယ်မြင် သဘောပေါက်အတွေ့အကြုံများဖြင့်သာ တင်ပြကြစတမ်း။
ပါဠိ အင်္ဂလိပ်ကျမ်းဂန် အကိုးအကားအထောက်အထားများ လိုအပ်သောအခါတွင်လည်း ပါဠိ အင်္ဂလိပ်စသည်တို့ကို လုံးစေ့ပါဒ်စေ့ ရွတ်ဖတ်မနေဘဲ ယင်းသို့ပါရှိသော ကျမ်းသုတ်များကိုသာ ညွှန်းလိုက်ကြစတမ်း။ နှီးနှောဝိုင်း၏သဘာပတိက သတ်မှတ်ပေးသောအချိန်အတွင်း ပြီးစီးအောင်လည်း တိုတိုကျဉ်းကျဉ်း လိုရင်းမိအောင်တင်ပြကြစတမ်း။ အချက်အလက် အမြောက်အမြားကိုမပြောဘဲ အနည်းငယ်ကိုသာ ရှင်းရှင်းလင်းလင်း စကားကလနားသတ်ဖြင့် ပြောဆိုကြစတမ်း။
(၃) နာကြားသောသူများကလည်း မိမိတို့စိတ်သန္တာန်ကို လွတ်လွတ်လပ်လပ် ဟင်းလင်းဖွင့်လျက် နာကြားစတမ်း။ ပညတ်ပြောထူ- သစ္စာဟူ- မှန်မူတခုတည်း။ ပညတ်ပြောမထူ- တရားဟူ- သိမူတခုတည်းဟူသော နှလုံးသွင်းဖြင့် တင်ပြသူ၏ စကားလုံးပညတ်များကို ဂရုထားသည်ထက် သူဆိုလိုညွှန်ပြသော ပရမတ်များကိုသာ သိဖို့မိဖို့ပို၍ ဂရုထားကြစတမ်း။
(၄) တင်ပြသောတရားများကို မကြေမလည်၍ ထပ်မံမေးမြန်းလိုသူများကလည်း တင်ပြသူကို စစ်ဆေးစမ်းသပ်ကာ ပညာပြိုင်လိုသောရည်ရွယ်ချက်မျိုးဖြင့် မဟုတ်ဘဲ သန့်စင်သောစေတနာဖြင့် ရိုးသားစွာသာ မပြေမလည်သောအချက်ကိုသာ စုံစမ်းမေးမြန်းကြစတမ်း။ မေးမြန်းကြရာတွင်လည်း တင်ပြသောဝါဒစကားများနှင့် သင့်မြတ်လျော်ကန်စွာသာ စုံစမ်းမေးမြန်းကြစတမ်း။ တင်ပြသောတရားများကို နှစ်ခြိုက်၍လည်းကောင်း၊ သို့ည်းမဟုတ် အကြိမ်ကြိမ်မေးမြန်း၍ အကြိမ်ကြိမ်ဖြေရှင်းသည့်တိုင်အောင် မကြေမလည် ဖြစ်မြဲဖြစ်နေသေး၍လည်းကောင်း၊ အားမလိုအားမရ မချင့်မရဲဖြစ်နေသေးလျှင်၊ ထိုအချက်ကိုမှတ်သားထားပြီး (အခြားသူတပါးများအား ငဲ့ညှာသောအားဖြင့် မေးမြန်းပြောဆိုခွင့်ပေးရန်လည်း ရှိနေသောကြောင့်) နှီးနှောဝိုင်းတွင် ဆက်လက်မေးမြန်းဆွေးနွေးခြင်း မပြုတော့ဘဲ သက်ဆိုင်သူနှင့်ချိန်းဆိုကာသာ အပြင်ပ၌ အသေးစိတ် ဆက်လက်ဆွေးနွေး ဝေဖန်ခြင်းပြုကြစတမ်း။ သက်ဆိုင်သူကလည်း စေတနာရှေ့ထား၍ စိတ်ရှည်လက်ရှည် ဆွေးနွေးခွင့်ပေးစတမ်း။ သူနှင့်မပြီးခဲ့သော် ပိုမိုတတ်ကျွမ်းသော ဆရာသမားများထံ ပို့ဆောင်ပေးကြစတမ်း။ တင်ပြသောတရားကို ဆွေးနွေးသယောင်နှင့် မိမိသိမြင်သောတရားကို ဝင်ရောက်မဟောပြောမိရန်အထူး သတိထားကြစတမ်း၊ မိမိသိမြင်ထားသောတရားကို ဟောပြောတင်ပြလိုပါက နောက်တပတ် နှီးနှောပွဲတွင် တင်ပြနိုင်ခွင့်ကို သဘာပတိထံတောင်းဆိုကြစတမ်း။
(၅) အကယ်၍ တဦးဦးက တရားပေါ်လွင်ရေးအတွက် စေတနာမပါဘဲ စိုက်လိုက်မတ်တတ် ပြောမှားဆိုမှားရှိခဲ့သော် ခွင့်လွှတ်သည်းခံကြစတမ်း။ နှီးနှောဝိုင်းတိုင်း၊ နှီးနှောဝိုင်းတိုင်းကို ရယ်ရယ်မောမောဖြင့်သာပြီးစီး ရုတ်သိမ်းကြစတမ်း။
(၆) နှီးနှောဝိုင်းသဘာပတိ၏ ကွပ်ကဲထိန်းကျောင်းပေးခြင်းကိုလည်း ပရိသတ်အပေါင်းက ခွန်းတုံ့မပြန် လိုက်နာကြစတမ်း အကယ်၍ တဦးဦးကသတိလစ်ပြီး ဤလုပ်ထုံးလုပ်နည်းများ၏ ဘောင်စည်းအပြင်သို့ ရောက်သွားသည့်တိုင်အောင် သဘာပတိက ကွပ်ကဲထိန်းကျောင်းရန် သတိလွတ်နေခဲ့သော် ပရိသတ်အချင်းချင်းလည်း သတိပေးကြစတမ်း။
လက်ခံအတည်ပြုခြင်း
စ။။ လောကနတ်ဆိုင်ခန်း- တရားနှီးနှောပွဲလာ ပရိသတ်အပေါင်းသည် အထက်အဆိုပါ ဦးတည်ချက်နှင့်လုပ်ထုံးလုပ်နည်းများကို ၁၉၇၄ခုနှစ်၊ ဇူလိုင်လ၂၁ရက် တနင်္ဂနွေနေ့တွင်ပြုလုပ်သော(၁ဝ) ကြိမ်မြောက် နှီးနှောပွဲ၌ လက်ခံအတည်ပြုကြပါသည်။
***သူ့ဟာက အတုယူစရာပဲ။ နှီးနှောပွဲဆိုတာ ဒီလိုလုပ်ကြရမယ်။ ဟိုခေတ်ကတည်းက ရှေးလူကြီးတွေဟာ စည်းကမ်းနည်းလမ်းနဲ့ လုပ်ခဲ့ကြတယ်။ ခုခေတ် ငြိမ်းချမ်းရေးစည်းဝေးပွဲတွေကို ဘယ်လိုလုပ်ကြမလဲ စဉ်းစားကြရမယ်ထင်တယ်။ ကမ္ဘာ့ကဖေးနည်းလမ်း(World Café) အနာဂတ်ဆီ လမ်းရှာခြင်း(Future Search) စတဲ့နည်းလမ်းတွေ ရှိတယ်။ စကားတွေများပြီး အကျိုးမပြီးမဖြစ်ရအောင်ပေါ့။ တန်းတူရည်တူဖြစ်ရေးကို လုပ်ကြတယ်။ ကိုယ်ကချည်း ပြောတာမျိုးကမဟုတ်ဘူးရယ်။ လောကနတ်တရားဆွေးနွေးပွဲကတော့ အထက်ပါအတိုင်းလုပ်ခဲ့ကြတယ်။

0 comments:
Post a Comment