Thursday, February 7, 2019

တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ် (၆)

0 comments
တိုင်းပြည်နှင့်ပြည်သူကိုအလုပ်အကျွေးပြုရေးအတွက် ပြည်ချစ်ဝါဒလမ်းစဉ် (၆)

(ဃ) (ဗကပ) ၏ လုပ်ငန်းအရပ်ရပ်။
(၁)  တပ်ပေါင်းစုလုပ်ငန်း။
(၂)  အလုပ်သမားရေးရာလုပ်ငန်း။
(၃)  လယ်သမားရေးရာလုပ်ငန်း။
(၄)  ကျောင်းသားလူငယ်ရေးရာလုပ်ငန်း။
(၅)  အမျိုးသားအရင်းရှင်နှင့်ပတ်သက်သည့်လုပ်ငန်း။
(၆)  သီးခြားပြဿနာများအပေါ် အမြင်နှင့်သဘောထား။

(င)  နိဂုံး။
နိုင်ငံတကာ့ဝါဒီများဖြစ်သောကွန်မြူနစ်များသည် ပြည်ချစ်ဝါဒကို တိုင်းပြည်ပျက်သုဉ်းမည့်အန္တရာယ်ကြုံတွေ့ရတိုင်း ကိုင်စွဲပါသည်။
ဆိုရှယ်လစ် ကွန်မြူနစ်လောကထူထောင်ရေးမှာ ကွန်မြူနစ်များ၏ နောက်ဆုံးပန်းတိုင်ဖြစ်ပါသည်။ သို့သော် တိုင်းပြည်မရှိလျှင် ဘာလောကမှ မတည်ဆောက်နိုင်ကြောင်း ကွန်မြူနစ်များ ကောင်းကောင်းသိပါသည်။ ထို့ကြောင့် တိုင်းပြည်မပြိုကွဲရေး၊ မပျက်သုဉ်းရေးကို လုပ်ဆောင်မည် ဟု သန္နိဌာန်ချဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

‘ငယ်သော်လှ၏’ဟု ကြွေးကြော်ပြီး ကမ္ဘာအနှံ့ဖြန့်ကြက်သွေးစုပ်ရန် ဌာနခွဲအမြောက်အမြားခွဲဖြန့်ပစ်နေသူများသည် ‘ကြီးသော်မြတ်၏’ဟု မကြွေးကြော်ဘဲ အရင်းအနှီးကြီးအောင် လုပ်နေကြပါသည်။ ဘယ်ဘဏ်ကြီးတွေပေါင်းလိုက်ကြပြီ၊ ဘယ်လုပ်ငန်းကြီးတွေပေါင်းလိုက်ကြပြီ ဆိုသောသတင်းများ မကြာခဏ ကြားနေရပါသည်။ အရင်းအနှီး ဒေါ်လာဘီလျံပေါင်း မည်မျှရှိသည်ဟုလည်းပြောကြပါသည်။ ဤသည်မှာ စီးပွားရေးဘက်မှ လက်ဝါးကြီးအုပ်နိုင်ရေးကို ရည်ရွယ်ပါသည်။

နိုင်ငံရေးဘက်တွင်လည်း ‘ငယ်သော်ကောင်း၏’ဆိုပြီး တိုင်းပြည်ကိုအစိတ်စိတ် ခွဲပစ်နေကြပါသည်။ နောင်တွင် မည်မျှခွဲပစ်ကြဦးမည်ကို မပြောနိုင်ပါ။ အက်သံပေးနေသည်များကို ကြားနေရပါသည်။ ကမ္ဘာကြီးတွင် တိုင်းပြည်ပေါင်း (၂ဝဝဝ) ရှိရေး ပြောသံကိုပင်ကြားရပါသည်။ ငယ်ငယ်တွေများမှ ဗိုလ်ကြီးတဗိုလ်တည်း ဗိုလ်ကျနိုင်သည့်ကမ္ဘာဖြစ်မည် မဟုတ်ပါလော။

ကွန်မြူနစ်များသည် ကြွက်မနိုင်ကျီမီးရှို့သည့်အလုပ် မည်သည့်အခါမျှလုပ်မည် မဟုတ်ပါ။ ကြွက်ကိုသာနှိမ်နင်းပြီး ကျီကိုအကောင်းပကတိ ရှိအောင်လုပ်ကြပါမည်။ ကြွက်ကို မနှိမ်နင်းနိုင်သေးလျှင် ချုပ်နှောင်ထားရန် ကြိုးစားပါမည်။ “ပြည်ထောင်စု”ဟုအမည်ခံထားပြီး တကယ်က တပြည်ထောင်စနစ်ဖြင့် လူမျိုးစုများကိုဖိနှိပ်နေခြင်းဖြစ်ကြောင်းကို ကွန်မြူနစ်များကောင်းကောင်းသိပါသည်။

(၁၉၄၈)ကတည်းက ကွန်မြူနစ်များက တန်းတူရေးနှင့်သွေးစည်းရေးပြောခဲ့ပါသည်။ “ခွဲမထွက်နဲ့ တန်းတူရေးအတွက်တိုက်ပွဲဝင်”ဟု လှုံ့ဆော် ခဲ့ပါသည်။

လူ့အခွင့်အရေးဗန်းပြပြီး ကျူးကျော်မည့်လေသံများပေးနေသည်ကို ကြားရပါသည်။ လူ့အခွင့်အရေးသည် ဒီမိုကရေစီလိုပင် ကိုယ့်ဘာသာ တိုက်ယူမှရမည့်အရာ ဖြစ်ပါသည်။ မည်သည့်တန်ခိုးရှင်ကမျှ ပေး၍မရပါ။ လူမျိုးတမျိုး၏လူ့အခွင့်အရေးကို ဘယ်သမ္မတမှ မပေးနိုင်ပါ။ ဝန်ကြီးရာထူးတော့ ပေးနိုင်ပါသည်။ အမေရိကန်သမ္မတက လူမည်းဝန်ကြီးများခန့်ထားရုံဖြင့် အမေရိကန်လူမည်းများအားလုံး လူ့အခွင့်အရေး ရသွားခြင်း မဟုတ်ပါ။

ကွန်မြူနစ်ဝါဒနှင့်ပြည်ချစ်ဝါဒသည် မိတ်ဖက်တစုံ ဖြစ်ပါသည်။ ပဋိပက္ခတစုံ မဟုတ်ပါ။ ပဲရစ်ဘုံအဖွဲ့သည် လူမှုရေးသမ္မတနိုင်ငံထူတောင် ရေးကို “ပြည်ချစ်ဝါဒ”ဖြင့်တွဲ၍ လုပ်ခဲ့ပါသည်။ ဓနရှင်လူတန်းစားကသာ ရန်သူပရပ်ရှားစစ်တပ်နှင့်ပေါင်းပြီး ဘုံအဖွဲ့ကိုနှိမ်ခဲ့ခြင်းဖြစ်ပါသည်။ ဘုံအဖွဲ့က ရန်သူနှင့်မပေါင်းပါ။

ရုရှားတွင် အောက်တိုဘာတော်လှန်ရေးအပြီး နယ်ချဲ့ပေါင်းစုံဝိုင်းဝန်းတိုက်ခိုက်သည်ကို ပြည်ချစ်ဝါဒဖြင့် ခုခံအနိုင်ယူခြင်း ဖြစ်ပါသည်။ ဝိုင်းဝန်းတိုက်ခိုက်သူများတွင် နယ်ချဲ့သမားများချည်းပါသည် မဟုတ်ပါ။ ပိုလန်နှင့်ချက်တို့လည်း ပါပါသည်။ (တိုင်းပြည်အနေနှင့် အနိမ့်ပိုင်း ကြုံလျှင် ခပ်သေးသေးကလည်း ဝင်ပြီးအမြတ်ထုတ်တတ်ကြောင်းသတိပြုရန် ရေးပါသည်) တရုတ်ကွန်မြူနစ်များ ဆုတ်စစ်ဆင်လာခဲ့ရာမှ ပြည်ချစ်ဝါဒဖြင့် ဂျပန်ခုခံရေးစစ် ဆင်ပါသည်။ (၁၉၄၉)အောင်ပွဲအတွက်(၁၉၃၇)ကတိုက်ခဲ့ခြင်းဟု ဆိုနိုင်ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း ပြည်ချစ်ဝါဒဖြင့်ပင် မထင်မရှားအစုကလေးဘဝမှ ဂုဏ်ရောင်ပြောင်သောပါတီအဖြစ်တိုးပွားလာခြင်း ဖြစ်ပါသည်။ ရေမြင့်မှကြာတင့်ပါသည်။ ရေမရှိလျှင် ကြာမရှိနိုင်ပါ။

ရဲဘော်တို့ - ပြည်ချစ်ဝါဒဖြင့် တိုင်းပြည်ကို စစ်အုပ်စုလက်မှ ကယ်တင်ကြ။
-  ကမ္ဘာ့စနစ်သစ်လွန်ပွဲကို မျက်ခြည်မပြတ်စေနှင့်၊ မျက်ခြည်ပြတ်လျှင် တိုင်းပြည်ပြိုကွဲပျက်သုဉ်းမည်။ အမြော်အမြင်ရှိရှိ တိုင်းပြည်ကို ကယ်တင်ကြ။
-  ပြည်ချစ်ဝါဒ အဓွန့်ရှည်ပါစေ။
ရက်စွဲ - ၂ဝဝ၁ ခုနှစ်၊ ဇွန်လ။
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ

0 comments:

Post a Comment