Sunday, February 17, 2019

တိုင်းပြည်ကြေမွပျက်စီးအောင်လုပ်နေတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွေးအခေါ်ပဲ(ဇော်ဝင်း)

0 comments
တိုင်းပြည်ကြေမွပျက်စီးအောင်လုပ်နေတာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွေးအခေါ်ပဲ
“စစ်အုပ်စုက ကြောက်နေတယ်။ စစ်အုပ်စုက ကြောက်လာရင် ပြည်သူကို ဖိနှိပ်တယ်။ အတိုက်အခံကို ဖိနှိပ်တယ်။ ရမ်းကားတယ်။ ရက်စက်တယ်။ အဲဒါကြောင့် စစ်အုပ်စု၊ စစ်အာဏာရှင်တွေ မကြောက်အောင် အာမခံရမယ်။ ဒီလိုနည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရမယ်”ဆိုတဲ့ အတွေးအခေါ်ခေတ်စားခဲ့ဖူးတယ်။ အခုလည်း တချို့က အဲသလို တွေးတောပြောဆိုလာတာကို ကြားရပြန်တယ်။

အခုလည်း “စစ်အာဏာရှင်တွေ ကြောက်နေပြီ။ သူတို့ အဲသလိုကြောက်ရင် ရမ်းကားလိမ့်မယ်။ သူတို့မကြောက်အောင် ချော့ရမယ်။ သူတို့ယုံအောင် မိမိတို့ဟာ သူတို့ရဲ့ရန်သူမဟုတ်ပါဘူးဆိုတာ ယုံကြည်လာအောင် ယုံကြည်မှုတည်ဆောက်ရမယ်။ အဲသလိုယုံကြည်မှုတည်ဆောက်နိုင်မှ စစ်အုပ်စု စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းအလုပ်လုပ်နိုင်မယ်။ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းနိုင်မှ မြန်မာ့နိုင်ငံရေးအဖြေရှာလို့ ရလိမ့်မယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကို ထိပ်တိုက်မတွေ့ပါနဲ့။ မှားလိမ့်မယ်။ စစ်တပ်ဟာ ပေးထားချက်ဖြစ်တယ်။ လက်မခံလို့ မရဘူး။ အဲဒီပေးထားချက်ကိုလက်ခံပြီးမှ အဲဒီပေးထားချက်အပေါ်မှာ အကောင်းဆုံးဘာလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။”

အဲသလိုမျိုးပြောလေ့ရှိတယ်။ အဲဒီအတွေးအခေါ်တွေကို အများဆုံးဖြန့်ဖြူးရောင်းချနေတာကတော့ ကိုကျော်ဝင်းပါ။ စာရေးဆရာ ကျော်ဝင်းပါ။ အမေရိကန် ဝါဒဖြန့်ချိရေးစာအုပ်တွေ ဘာသာပြန်နေတဲ့ ကိုကျော်ဝင်းပါ။ ကျောင်းသားသမဂ္ဂကိုအပုပ်ချတဲ့စာအုပ်ရေးခဲ့တဲ့ ကိုကျော်ဝင်းပါ။ ဗကပသစ္စာဖောက် ဘခက်ရဲ့တပည့်ပါလို့ ရဲရဲကြီးဖြောင့်ချက်ပေးခဲ့သူ ကိုကျော်ဝင်းပါ။ ကိုကျော်ဝင်းက ဘခက်ဆီတပည့်ခံတယ်။ ကျန်ဗကပသစ္စာဖောက်တော်တော်များများကလည်း ကိုကျော်ဝင်းဆီမှာ ထပ်ဆင့်တပည့်ခံကြပြန်တယ်။ တနေ့က အာရ်အက်ဖ်အေမှာ ကိုမြအေး၊ ကိုသန်းစိုးနိုင်တို့ပါတဲ့ဆွေးနွေးခန်းမှာ “၂၀၀၈ အခြေခံဥပဒေကို ဖျက်ပြီး အသစ်ရေးဖို့ဆိုတာကတော့ မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေတာပဲ” လို့ ကိုသန်းစိုးနိုင်ကပြောသွားသေးတယ်။ ကိုကျော်ဝင်းလက်အောက်မှာ အတွေးအခေါ်တစုံလုံး တပည့်ခံလိုက်တာထင်ရှားတယ်။

စစ်အုပ်စုက ပြည်သူလူထုကို အမြဲကြောက်ပါတယ်။ ပြည်သူလူထုကို သူတို့ အကြောက်ဆုံးပါပဲ။ သူတို့ကြောက်စရာဆိုလို့လည်း ပြည်သူလူထုပဲရှိပါတယ်။ ပြည်သူလူထုကိုကြောက်တော့ ပြည်သူလူထုကို နိုးကြားလာအောင်လုပ်ပေးတဲ့သူတွေကိုလည်း ရွံကြောက်ကြီးကြောက်ပါတယ်။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေ အကြောက်သည်းထန်လာရင် ပြည်သူလူထုကိုဖိနှိပ်တတ်တာ၊ နှိပ်စက်ညှဉ်းပမ်းတတ်တာကလည်း အမှန်ပါပဲ။ “ဒါပေမယ့် စစ်အုပ်စု၊ စစ်အာဏာရှင်တွေ အဲသလို ကြောက်နေတဲ့အကြောက်တရားကို ကုစားပေးခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးထွက်ပေါက်ရမယ်၊ ဝင်းဝင်းစစ်ကျူရေးရှင်းဖြစ်မယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရမယ်၊ အားလုံးကောင်းသွားမယ်” ဆိုတာတော့ မဟုတ်ပါဘူး။

အဲသလို အတွေးအခေါ်ကို တွင်တွင်ကြီး ဖြန့်ချိရောင်းချခဲ့သူကတော့ သင့်ဘဝတင်မောင်သန်းပါ။ သင့်ဘဝ တင်မောင်သန်းက စစ်ဗိုလ်ချုပ်ကြီးတွေ ဘာတွေကြောက်နေသလဲဆိုတာကို နှစ်ပေါင်း တော်တော်ကြာဆန်းစစ်ဖူးပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ကြောက်စိတ်ကိုပျောက်အောင် ကတိပေးနိုင်ရင် အာမခံနိုင်ရင် မြန်မာ့နိုင်ငံရေးဟာ သားရွှေအိုးထမ်းတော့မှာပဲလို့လည်း သူထင်မြင်ခဲ့ဖူးပါတယ်။ ကိုကျော်ဝင်းတို့ ကိုတင်မောင်သန်းတို့ ကိုတာတို့ကိုကြည့်ပြီးပြောရရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ မြန်မာပြည်သူတွေရဲ့ မျက်စိကို သဲနဲ့ အများဆုံးပက်ခဲ့တဲ့လူတွေဟာ မုံရွာသားတွေပါလားလို့တောင် ဆိုရမလိုဖြစ်နေတယ်။ မုံရွာအပေါ်မှာ နည်းနည်းရင့်သီးသလိုဖြစ်သွားတာခွင့်လွှတ်ပါ။ မုံရွာသား လူကြီးလူကောင်းများ၊ အစစ်အမှန်တော်လှန်ရေးသမားများကို အားနာပါရဲ့။

ဒါပေမယ့် သူ့ချည်းသာလောဆိုရင် အီးဂရက်စ်နဲ့ပါဘုရားလို့ အမတ်ကြီးဦးပေါ်ဦးက ဖြေလိမ့်မယ် ထင်တယ်။ အီးဂရက်စ်တို့ ဗဟုတို့ အောင်နိုင်ဦးတို့ ဇော်ဦးတို့ မင်းဇော်ဦးတို့ သူတို့တတွေလည်း အဲဒီအတွေးအခေါ်ကို ဝိုင်းဝန်းအားဖြည့်ကြတယ်။ သူတို့အားလုံးပေါင်းမှ တစုံလုံးပြည့်တယ်လို့ ဆိုရပါလိမ့်မယ်။

အီးဂရက်စ်က နေဝင်းမောင်စောစောစီးစီးကွယ်လွန်သွားတာ တိုင်းပြည်အတွက် ဘာပဲဖြစ်ဖြစ် တော်တော်သက်သာရာရတယ်လို့ အောက်မေ့မိတယ်။ ဒါပေမယ့် သူ့အမွေကို ဦးလှမောင်ရွှေက ဆက်ခံတယ်။ အခုငြိမ်းချမ်းရေးလမ်းစဉ်ဟာ သူ့လက်ချက်တော်တော်များများပါတယ်။ နောက်ထပ် နေဝင်းမောင်ရဲ့အမွေအဖြစ်နဲ့ သည်ဗွိုက်စ်ကို ချန်ထားခဲ့တယ်။ သည်ဗွိုက်စ်ဟာ ပြည်သူလူထုရဲ့ မျက်စိကို သဲနဲ့တောက်လျှောက်ပက်နေတယ်။ ကျောင်းသားတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေကို ဒုက္ခမရောက်ရောက်အောင် ချောက်တွန်းရေးသားခဲ့ဖူးတယ်။ ဘာသာရေးအစွန်းရောက်အမြင် ဖြန့်ဝေတယ်။ စစ်အုပ်စုနဲ့ ကလူ၏သို့ မြူ၏သို့လုပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်အုပ်စုဟာ ကြောက်နေတယ်လို့ အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ စောစောက အတွေးအခေါ်တွေတစုံလုံးကို သူက မျက်စိမှိတ်လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အမှာရေးပြီး သူ့ပါတီဝင်တွေလေ့လာဖို့ ဘာသာပြန်ထုတ်ဝေတဲ့ ဟင့်အင်းကိုကျော်ဖြတ်ခြင်းဟာလည်း စောစောက အတွေးအခေါ်တွေနဲ့ တသားတည်းတထပ်တည်းပဲ။

“တစ်ဖက်သူကို သဘောပေါက်အောင် လုပ်ပါ။ ဒူးထောက်အောင် မလုပ်ပါနဲ့” ဆိုတဲ့ ပညာသားပါတဲ့ နည်းတွေကို အဲဒီစာအုပ်ထဲမှာ သူတွေ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမှာမှာ ဆိုထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ပြီးနောက်မှာ အဲဒါတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွေးအခေါ်တွေကနေ လက်တွေ့လုပ်ငန်းစဉ်တွေဖြစ်လာတယ်။ စစ်အာဏာရှင်တွေ အထင်မမှားရေး၊ စစ်အာဏာရှင်တွေနဲ့ယုံကြည်မှုတည်ဆောက်ရေး၊ စစ်အာဏာရှင်တွေနဲ့ချစ်ခင်ရင်းနှီးရေးတွေဟာ သူတို့လမ်းစဉ်တခုလုံးရဲ့ အခရာဖြစ်လာတယ်။ သူတို့ရဲ့ သမ္မာကျမ်းစာဖြစ်လာတယ်။ အလုပ်သမားတွေကိုဆော်လည်း စစ်အာဏာရှင်တွေနဲ့ အခင်မင်တော့ အပျက်မခံဘူး။ တိုင်းရင်းသားတွေကိုသတ်လည်း စစ်အာဏာရှင်တွေနဲ့တော့ အခင်မင်အပျက်မခံဘူး။ လယ်သမားတွေရဲ့ မြေကိုသိမ်းလည်း စစ်အာဏာရှင်တွေနဲ့တော့ အခင်မင်အပျက်မခံဘူး။ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ရွာတွေမီးရှို့တဲ့ စစ်ရာဇဝတ်မှုတွေလုပ်တာတောင် စစ်အာဏာရှင်တွေနဲ့တော့ အခင်မင်အပျက်မခံခဲ့ဘူး။ တစ်ဖက်သူကို သဘောပေါက်အောင်လုပ်၊ ဒူးထောက်အောင် မလုပ်နဲ့ဆိုတဲ့လမ်းစဉ်ကို ကျင့်သုံးရင်ကျင့်သုံးရင်းနဲ့ နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ဒူးထောက်ရတဲ့ ဘဝကိုရောက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်က “စစ်အုပ်စုကြောက်နေတယ်”လို့ ပြောတယ်။ အဲဒီအတွေးအခေါ်ကိုလက်ခံပြီး ဆက်လက်စဉ်းစားလိုက်တဲ့အခါ သူရလာတဲ့ နောက်ဆက်တွဲအတွေးအခေါ်က “စစ်အုပ်စု အကြောက်ပြေရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်လာမှာပဲ။ သူတို့နဲ့လက်တွဲမှာပဲ။ ဒါဆိုတိုင်းပြည်ကောင်းလာမှာပဲ”လို့ တွေးလာတယ်။ နောက်ထပ် ဘယ်လို ထပ်ဆက်စပ်စဉ်းစားသလဲဆိုတော့”စစ်အုပ်စုပိုကြောက်စေမယ့်အရာတွေ မလုပ်နဲ့” ဆိုတာ ဖြစ်လာတယ်။ “စစ်အုပ်စု မကြောက်အောင် သူတို့ကို အပြစ်ပြောတာတွေလည်း ရှောင်” ဆိုတဲ့ အဆင့်အထိဆက်ပြီး အတွေးအခေါ်က တိုးတက်လာတယ်။ နောက်ဆုံးတော့ “စစ်အုပ်စုနဲ့အတူ တူ အိုင်စီစီကို အတူတက်ရ တက်ရ” ဆိုတာမျိုးအထိရောက်လာတယ်။

ဒါဟာ စိတ်ဝါဒ အတွေးအခေါ်ရဲ့ မပြီးဆုံးနိုင်တဲ့ ဆိုးကျိုးပဲ။ နိုင်ငံရေးစနစ်ကြီးတခုလုံး မှားယွင်းချွတ်ခြုံကျနေတာကို လူတချို့ရဲ့အတွေးအခေါ်ကိုပြုပြင်ပေးရင် ကောင်းလာမှာပါလို့တွေးခေါ်တာ အင်မတန်အစွန်းရောက်တဲ့ စိတ်ဝါဒပါပဲ။

စစ်အုပ်စုက လူထုကို ကြောက်တာမှန်တယ်။ ဒါပေမယ့် တကယ့်အနှစ်သာရက သူတို့အုပ်စု၊ သူတို့ အတန်းအစား၊ သူတို့လူတန်းစားရဲ့အကျိုးစီးပွားကို အသက်ပေးကာကွယ်နေတာက အဓိကပဲ။ စစ်အာဏာရှင်၊ စစ်တပ်၊ စစ်အခြေခံဥပဒေ၊ စစ်တပ်ပိုင်စီးပွားရေး၊ စစ်အာဏာရှင်ဆွေတော်မျိုးတော်တွေရဲ့ စီးပွားရေး၊ ခရိုနီတွေရဲ့စီးပွားရေး၊ စစ်တပ်ကချန်ရစ်မွေးမြူထားတဲ ဗျူရိုကရက်ယန္တရား အဲဒါတွေ အားလုံးပေါင်းဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်။ အဲဒါတွေအားလုံးကို သူတို့ သေနတ်နဲ့ အကာအကွယ်ပေးနေတယ်။ အဲဒါတွေ ရှင်သန်ရေးအတွက် အာဏာကိုအသုံးပြုပြီး သူတို့ အလုပ်လုပ်နေကြတယ်။ အဲဒီအရာတွေအားလုံးကို မဖျက်ဆီးနိုင်သမျှ ဘယ်သူအရွေးကောက်ခံရ၊ ခံရ၊ ဘယ်သူသမ္မတဖြစ်ဖြစ် စစ်အာဏာရှင်စနစ် ဘယ်တော့မှ မပျက်စီးဘူး။

အဲသလို အခြေအနေမျိုးမှာ စစ်အာဏာရှင်တွေကို ကြောက်စိတ်နည်းသွားအောင်လုပ်ပေးရင် သူတို့ဟာ ပိုသောင်းကျန်လာဖို့သာရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက စစ်ပြန်တွေ၊ စစ်တပ်က လက်သပ်မွေးထားတဲ့ ဘာသာရေးအစွန်းရောက်တွေ၊ ကြံ့ဖွတ်တွေ၊ တစညတွေအားလုံးပေါင်းပြီး သေသေချာချာစည်းရုံးပြီး ဆူးလေတဝိုက်မှာ သောင်းကျန်းသွားတာကိုကြည့်။ အဲဒါအစပဲရှိသေးတယ်။ ပိုဆိုးတာတွေ လုပ်ကြလိမ့်ဦးမယ်။ သူတို့ကြောက်စိတ်နည်းအောင် ချော့မြူကစားနေရင် အဲဒီထက်သောင်းကျန်းလာဦးမယ်လို့သာမှတ်ပေတော့။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း
(မေဒေးအတွက် ရေးတဲ့ဆောင်းပါးဖြစ်ပါတယ်။ မေဒေးစာမျက်နှာ စတင်ဖွင့်လှစ်ကာစမှာ အခုလိုရေးသားပေးတာကို ကျေးဇူးအထူးတင်ပါတယ်။)

0 comments:

Post a Comment